လက်ဝါးထဲမှ ဟွမ်းလုံနန်းတော်....
Vol. 25 Ch. 383
" နန်းတော်သခင်မ ကျုပ်တို့ အင်မော်တယ်ဘုရင်တစ်ယောက်ကို ဘယ်တုန်းက ဆန့်ကျင်မိလို့လဲ။ "
" ဟုတ်တယ် နန်းတော်သခင်မ။ တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ။ "
" အင်မော်တယ်ဘုရင်ဆိုတာ ဘယ်လိုတည်ရှိမှုမျိုးလဲ။ သူက ဘာလို့ ကျုပ်တို့လို ပုရွက်ဆိတ်တွေကို အရေးတယူလုပ်နေတာလဲ။ "
နဂါးမျိုးနွယ်ဝင်များက ဟွမ်းလုံနန်းတော်သခင်မကို ကြည့်လိုက်ကြသည်။ သူတို့က နန်းတော်ထဲတွင် ပိတ်မိနေပြီး အပြင်မထွက်နိုင်သော်လည်း ဆက်သွယ်မှုတော့ ပြုလုပ်နိုင်လေသည်။
ဟွမ်းလုံနန်းတော်သခင်မ၏ မျက်နှာကလည်း မည်းမှောင်နေပြီး ကြောက်လန့်နေသော နဂါးမျိုးနွယ်ဝင်များကို ကြည့်လိုက်သည်။ သူမကလည်း တစ်စုံတစ်ခုကို နက်ရှိုင်းစွာ စဉ်းစားနေသည်။
ဟွမ်းလုံနန်းတော်က ဘယ်တုန်းက အင်မော်တယ်ဘုရင်တစ်ယောက်ကို ဆန့်ကျင်ခဲ့မိတာလဲ။
ဟွမ်းလုံနန်းတော်က အာဏာရှင်ဆန်စွာ ပြုမူသော်လည်း သူတို့၏ အခြေအနေကို ကောင်းစွာ သိလေသည်။ နောက်ကွယ်တွင် အင်မော်တယ်ဘုရင်တစ်ယောက်၏ အထောက်အပံ့ ရနိုင်သူများကို ထိပါးခဲ့ခြင်းမရှိပေ။
" ဘယ်အင်မော်တယ်ဘုရင်လဲ။ " ဟွမ်းလုံနန်းတော်သခင်မက ကြောက်ရွံ့နေသော်လည်း အဓိပ္ပါယ်မရှိသည်ကို နားလည်လေသည်။
အင်မော်တယ်ဘုရင်က သတ်ချင်လျှင် သူတို့အားလုံး တစ်ယောက်မှ အသက်ရှင်နိုင်မည်မဟုတ်ပေ။
" ဟမ် " ဟွမ်းလုံနန်းတော်သခင်မက အပြင်ဘက်သို့ မော့ကြည့်လိုက်သည်။
သူမက သူတို့အပေါ်တွင် လွှမ်းမိုးထားသော ကြီးမားသည့် ပုံရိပ်ကြီးကို မြင်လိုက်ရသည်။ မိုင်သန်းချီကျယ်ဝန်းသော ဟွမ်းလုံနန်းတော်က ထိုပုံရိပ် လက်ဝါး၏ ဆယ်ပုံတစ်ပုံလောက်သာ ရှိလေသည်။
" အဲ့ဒါက ငါ့ရဲ့ ဟွမ်းလုံနန်းတော်ကို တိုက်ခိုက်ခဲ့တဲ့ အင်မော်တယ်ဘုရင်ဖြစ်ရမယ်။ " ဟွမ်းလုံနန်းတော်သခင်မက တွေးလိုက်သည်။
အခြားနဂါးမျိုးနွယ်ဝင်များက လင်းယွမ်ကို မြင်တွေ့ခဲ့ကြသော်လည်း အလွန်နီးကပ်နေသောကြောင့် အပြည့်အဝ မမြင်နိုင်ဘဲ အင်မော်တယ်ဘုရင်က လူအသွင်ရှိသည်ကို သိနိုင်ခဲ့ကြသည်။
" အရှင်အင်မော်တယ်ဘုရင် ဟွမ်းလုံနန်းတော်က လက်နက်ချဖို့ ဆန္ဒရှိပါတယ်။ " ဟွမ်းလုံနန်းတော်သခင်မက ရိုသေစွာ ပြောလိုက်သည်။ ဟွမ်းလုံနန်းတော်၏ ကံကြမ္မာက သူမ၏ ရှေ့မှ အင်မော်တယ်ဘုရင်၏ ဆန္ဒအပေါ်တွင် မူတည်လေသည်။
" လက်နက်ချမှာလား။ " လင်းယွမ်က ပြုံးလိုက်သည်။ ထို့နောက် သူက ဘေးမှ ကန်ချင်းအင်မော်တယ်ကို ကြည့်လိုက်သည်။ " မင်းဘယ်လိုထင်လဲ။ "
" ကျွန်တော်က ဘယ်လိုထင်ရမှာလဲ။ " ကန်ချင်းအင်မော်တယ်က ကြောက်ရွံ့တုန်လှုပ်နေပြီး လင်းယွမ်က သူ့ကို ဘာကြောင့်မေးမှန်း မသိပေ။
" အဲ့ဒါ..." ဟွမ်းလုံနန်းတော်သခင်မက ဘေးသို့ ကြည့်လိုက်သောအခါ ကန်ချင်းအင်မော်တယ်ကို မြင်လိုက်ရသည်။
ကန်ချင်းအက်မော်တယ်၏ ပုံရိပ်က ကြီးမားသော်လည်း အနည်းငယ် ဝေးကွာကြောင့် အပြည့်အဝ မြင်လိုက်ရသည်။
" အဲ့ဒါ ကန်ချင်းလား။ " ဟွမ်းလုံနန်းတော်သခင်မ၏ စိတ်က အေးခဲသွားသည်။
တာအိုအင်မော်တယ်ဂိုဏ်းနှင့် ဟွမ်းလုံနန်းတော်တို့က နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သောကြောင့် ဟွမ်းလုံနန်းတော်သခင်မနှင့် ကန်ချင်းအင်မော်တယ်တို့ကလည်း အချင်းချင်း သိကြလေသည်။
ဟွမ်းလုံနန်းတော်သခင်မက စိတ်ပျက်သွား၏။ သူတို့က နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပြီး သူတို့၏ အင်အားစုများမှ အသက်ပေါင်းများစွာ သေဆုံးခဲ့ရလေသည်။ ယခု ဟွမ်းလုံနန်းတော်က ကန်ချင်းအင်မော်တယ်၏ လက်ထဲသို့ ကျရောက်သွားသောကြောင့် ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာမည်မဟုတ်ပေ။
" ထားလိုက်တော့ ငါပဲဆုံးဖြတ်မယ်။ " ကန်ချင်းအင်မော်တယ်က မဝံ့မရဲ ဖြစ်နေသည်ကို လင်းယွမ်က သတိထားမိပြီး သူ၏ အတွေးများက လှုပ်ရှားသွားသည်။
သူ၏ လက်ဝါးထဲမှ ဟွမ်းလုံနန်းတော်က စတင်ပြိုကွဲလာပြီး သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ အားလုံးက မူလရင်းမြစ် အဆီအနှစ်များအဖြစ် ပြောင်းလဲသွားကြသည်။ နောက်ဆုံး လင်းယွမ်၏ လက်ထဲတွင် လက်မအရွယ် အဆီအနှစ်ဆေးလုံးတစ်လုံး ပေါ်လာသည်။
လင်းယွမ်အတွက် ဟွမ်းလုံနန်းတော်၊ အင်မော်တယ်ဘုရင်တစ်ဝက်အဆင့် နန်းတော်သခင်မနှင့် အစစ်အမှန်အင်မော်တယ် နဂါးမျိုးနွယ်ဝင်အားလုံးမှ ထုတ်ယူထားသော အဆီအနှစ်ဆေးလုံးက အကျိုးသက်ရောက်မှု နည်းလေသည်။
ကန်ချင်းအင်မော်တာ်က ဆုံးဖြတ်ချက်ချရန် မရဲသော်လည်း လင်းယွမ်က သူ၏ ရည်ရွယ်ချက်ကို ခံစားမိလေသည်။ အနာဂတ်အန္တရာယ်ကို ဖယ်ရှားပစ်ရန် ဖြစ်သည်။
ထို့အပြင် ဟွမ်းလုံနန်းတော်က ကျွင်းတုန်ကျင်းကို ဒဏ်ရာရစေခဲ့ပြီး တာအိုပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းခြင်းကို ကျရှုံးစေခဲ့သည်။ ထို့ကြောင့် လင်းယွမ်က ဟွမ်းလုံနန်းတော်ကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။
" ဟွမ်လုံနန်းတော်..... ပျောက်ကွယ်သွားပြီ..." ကန်ချင်းအင်မော်တယ်က တွေဝေစွာ ကြည့်နေသည်။
သူက စာနာသနားသောကြောင့်မဟုတ်ဘဲ နှစ်ပေါင်းများစွာ အမွေအနှစ်ရှိသော ဟွမ်းလုံနန်းတော်က ထိုကဲ့သို့ ရုတ်တရက် အဆုံးသတ်သွားသောကြောင့် ဖြစ်သည်။
" သိုင်းဘိုးဘေးရဲ့ စွမ်းအားက...." ကန်ချင်းအင်မော်တယ်က လင်းယွမ်ကို ခိုးကြည့်ပြီး တုန်ယင်သွားမိသည်။
အင်မော်တယ်ဘုရင်တစ်ပါးက လင်းယွမ်ကဲ့သို့ ဟွမ်းလုံနန်းတော်ကို ဖျက်ဆီးနိုင်လေသည်။ တာအိုအင်မော်တယ်ဂိုဏ်းမှ အင်မော်တယ်ဘုရင်များအကြောင်း မှတ်တမ်းများမှ ထိုအချက်ကို ထောက်ခံနိုင်လေသည်။
သို့သော် ထိုအင်မော်တယ်ဘုရင်က ဟွမ်းလုံနန်းတော်၏ အနီးတွင် ရှိရန် လိုအပ်လေသည်။ ထိုသို့ နီးကပ်နေမှသာ အင်မော်တယ်ဘုရင်၏ စွမ်းအားကို အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်သည်။
အကွာအဝေး ပိုဝေးသည်နှင့် တိုက်ခိုက်မှုက စွမ်းအားများ ပျံ့နှံ့သွားနိုင်လေသည်။ သို့သော် လင်းယွမ်က နယ်မြေနှစ်ခုကြား အကွာအဝေးကို လျစ်လျူရှုပြီး ဟွမ်းလုံနန်းတော်ကို ဆွဲယူခဲ့ခြင်းဖြစ်သည်။
၎င်းက ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရကို သိမြင်ပြီး လေဟာနယ်ကို နက်နဲစွာ ကျွမ်းကျင်ထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လင်းယွမ်က သာမန်အင်မော်တယ်ဘုရင်တစ်ယောက်ထက် ပို၍ သာလွန်သည်မှာ သေချာလေသည်။
လင်းယွမ်က သိုင်းဘုရားကျောင်းထဲမှ မထွက်ဘဲ ဟွမ်းလုံနန်းတော်အား ဖျက်ဆီးခဲ့သည်ကိုတော့ နန်းတော်သခင်မက သိမသွားခဲ့ပေ။ သို့သော် ကန်ချင်းအင်မော်တယ်က အားလုံးကို တွေ့မြင်ခဲ့ရလေသည်။ လင်းယွမ်က လေထဲသို့ အသာအယာ ဖမ်းဆုပ်ရုံဖြင့် ကျိုးကျန်းနယ်မြေမှ ဟွမ်းလုံနန်းတော်ကို ဖမ်းယူခဲ့လေသည်။
" အရင်ကတွေ့ခဲ့တဲ့ လူငယ်လေးက အင်မော်တယ်ဘုရင်ဖြစ်လာတဲ့အပြင် အင်မော်တယ်ဘုရင်တွေထဲမှာလည်း အဆင့်မြင့်တဲ့လူတစ်ယောက်ဖြစ်နေပြီ။ " ကန်ချင်းအင်မော်တယ်က လင်းယွမ်အား မည်သို့ဖော်ပြရမည်ကို မသိတော့ပေ။
" ဟွမ်းလုံနန်းတော် ဖျက်ဆီးခံရတဲ့ ကိစ္စနဲ့ ပက်သက်ပြီး အမှန်အတိုင်း ပြောလိုက်ပါ။ " လင်းယွမ်က ပြောလိုက်သည်။
ထိုစကား၏ အဓိပ္ပါယ်မှာ ဟွမ်းလုံနန်းတော်ကို ဖျက်ဆီးခဲ့သော အင်မော်တယ်ဘုရင်က သိုင်းဘိုးဘေးဖြစ်သည်ကို ဖုံးကွယ်ထားရန် မလိုကြောင်း ပြောခြင်းဖြစ်သည်။
ထိုဆုံးဖြတ်ချက်ကို လင်းယွမ်က သေချာစဉ်းစားပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူ၏ လက်ရှိခွန်အားဖြင့် သူ့ကိုသူ ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ သူ၏ အစွမ်းအစအချို့ကို ထုတ်ပြခြင်းက အကျိုးကျေးဇူးများစွာ ရှိလေသည်။
တစ်ခုမှာ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို လူများစွာ ကျင့်ကြံလာစေရန်ဖြစ်သည်။ အမြင့်ဆုံး အစစ်အမှန်အင်မော်တယ်အဆင့်သို့ ရောက်နိုင်သော ကျင့်ကြံခြင်းစနစ်နှင့် အင်မော်တယ်ဘုရင်အဆင့် ရောက်နိုင်သော ကျင့်ကြံခြင်းစနစ်တို့က နှိုင်းယှဉ်စရာပင်မလိုပေ။ သို့သော် သိုင်းဘိုးဘေးဖြစ်သော လင်းယွမ်က အင်မော်တယ်ဘုရင်နှင့် အဆင့်တူသော စွမ်းအားကို ထုတ်ပြလိုက်သည်နှင့် သိုင်းတာအိုလမ်းစဉ်ကလည်း ကောင်းကင်သို့ တက်လှမ်းရာ လမ်းစဉ်တစ်ခုဖြစ်သည်ကို နားလည်သွားကြပေလိမ့်မည်။
ဒုတိယအချက်မှာ လင်းယွမ်က စိတ်ဝိညာဉ်ကမ္ဘာရှိ ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်များနှင့် ဆက်သွယ်လိုခဲ့သော်လည်း အင်မော်တယ်ဘုရင်များကို ရှာတွေ့ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် လင်းယွမ်က သူ၏ စွမ်းအားကို ထုတ်ဖော်ပြီး အင်မော်တယ်ဘုရင်များကို ဆွဲဆောင်လိုက်ခြင်းဖြစ်သည်။
" ဟုတ်ကဲ့ပါ။ " ကန်ချင်းအင်မော်တယ်က ရိုသေစွာ ပြောလိုက်သည်။ သတင်းတစ်ခုဖြန့်ခြင်းက တာအိုအင်မော်တယ်ဂိုဏ်းအတွက် ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပေ။
ဟွမ်းလုံနန်းတော်ပျက်ဆီးခြင်းက တုန်ယွင်တာအိုပြည်နယ်တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ပြီး အနီးရှိပြည်နယ်အချို့ပင် တုန်လှုပ်သွားကြလေသည်။ ဟွမ်းလုံနန်းတော်က ကြီးမားသော လွှမ်းမိုးမှုရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
အမှန်တွင် ဟွမ်းလုံနန်းတော်က ကောင်းကင်ရေအနှစ်သာရကို ရခဲ့လျှင်တောင် ပြည်နယ်တစ်ခု၏ အဓိကအင်အားစုများနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။ ထိုသို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည့် အကြောင်းရင်းမှာ ဟွမ်းလုံနန်းတော်ကို ဖျက်ဆီးခဲ့သူက ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
" တကယ် ဘယ်အင်မော်တယ်ဘုရင်ကများ တိုက်ခိုက်ခဲ့တာလဲ။ "
" ငါလည်း သိချင်နေတာ။ အင်မော်တယ်ဘုရင်က စကားတစ်ခွန်းပြောလိုက်ရင်တောင် ဟွမ်းလုံနန်းတော်က သူတို့ကိုသူတို့ ဖျက်ဆီးပစ်ရလိမ့်မယ်။ ဒါကို ဘာလို့ အင်မော်တယ်ဘုရင်က ကိုယ်တိုင် လှုပ်ရှားခဲ့တာလဲ။ "
" တုန်ယွင်တာအိုပြည်နယ်မှာ နောက်ထပ် အင်မော်တယ်ဘုရင်တစ်ယောက် ထွက်ပေါ်လာပြန်ပြီ။ "
၎င်းက အင်မော်တယ်ဘုရင်နှင့် ပက်သက်သော ကိစ္စဖြစ်၏။ တာအိုပေါင်းစည်းခြင်းအဆင့် အထွတ်အထိပ် အစစ်အမှန်အင်မော်တယ်များက ပြည်နည်အမျိုးမျိုးကို ဖြတ်သန်းသွားလာလျှင်တောင် အင်မော်တယ်ဘုရင် တစ်ယောက်နှစ်ယောက်ကိုပင် တွေ့မြင်နိုင်ရန် ခက်ခဲလေသည်။
အင်အားစုများစွာက ထူးဆန်းသော အင်မော်တယ်ဘုရင်၏ မူလဇာစ်မြစ်ကို ဆွေးနွေးနေကြစဉ် ရွှမ်ဝမ်တယ်မြေမှ တာအိုအင်မော်တယ်ဂိုဏ်းဟု အမည်ရှိသော အင်အားစုတစ်ခုက ဟွမ်းလုံနန်းတော်ကို ဖျက်ဆီးခဲ့သော အင်မော်တယ်ဘုရင်မှာ သိုင်းဘုရားကျောင်း၏ ဘိုးဘေးဖြစ်သည်ကို လူသိရှင်ကြား ကြေညာခဲ့သည်။ ထိုသတင်းက မုန်တိုင်းသဖွယ် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
" သိုင်းဘုရားကျောင်းရဲ့ ဘိုးဘေးလား။ သူတို့က ရုပ်ခန္ဓာကို ပိုအာရုံစိုက်တဲ့ ကျင့်ကြံခြင်းစနစ်မဟုတ်လား။ အစွမ်းထက်ဆုံးက အစစ်အမှန်အင်မော်တယ်နဲ့ပဲ နှိုင်းယှဉ်နိုင်တယ်။ အဲ့လိုကျင့်ကြံခြင်းစနစ်က အင်မော်တယ်ဘုရင်တစ်ယောက် ထွက်ပေါ်လာတာလား။ "