သမိုင်းမတိုင်မီခေတ်....
Vol. 25 Ch. 385
" အဲ့ဒီသိုင်းဘိုးဘေးက တကယ် အထွတ်အထိပ် အင်မော်တယ်ဘုရင်လား။ " ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက ဦးရေပြားများ ထုံကျဉ်သွားသော်လည်း စူးစမ်းလိုစိတ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။
အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာရန် တံခါးပိတ်ကျင့်ကြံရုံနှင့် မရဘဲ ပြင်ပလောကနှင့် ဆက်ဆံခြင်း၊ လျို့ဝှက်နယ်မြေများကို စွန့်စားသွားလာမှုများ လိုအပ်လေသည်။ ထို့ကြောင့် အထွတ်အထိပ် အင်မော်တယ်ဘုရင်များ၏ လမ်းကြောင်းကို လျို့ဝှက်ထားနိုင်မည်မဟုတ်ပေ။
သို့သော် ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက ဗဟုသုတ ကြွယ်ဝသော်လည်း သိုင်းတာအိုနှင့် ပက်သက်သော အထွတ်အထိပ် အင်မော်တယ်ဘုရင်အကြောင်းကို မကြားဖူးခဲ့ပေ။
" သမိုင်းမတိုင်မီခေတ်က မသေနိုင်တဲ့ သက်ရှိတစ်ယောက် ပြန်ပေါ်လာတာဖြစ်နိုင်မလား။ " ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက စိတ်ဝိညာဉ်ကမ္ဘာမှာ သမိုင်းကြောင်း ပြတ်တောက်မှုတစ်ခု ကြုံတွေ့ခဲ့ရသည်။ ပြတ်တောက်မှုမတိုင်မီခေတ်က သမိုင်းမတိုင်မီခေတ်ဖြစ်သည်။
စိတ်ဝိညာဉ်ကမ္ဘာ၏ သမိုင်းမတိုင်မီခေတ်က အလွန်ကြွယ်ဝတိုးတက်ခဲ့သည်ဟု ဆိုကြသည်။ အင်မော်တယ်ဘုရင်များက စကြာဝဠာထဲတွင် လှည့်ပတ်သွားလာခဲ့ကြသည်။ သို့သော် ပြင်းထန်သော ဖြစ်ရပ်တစ်ခုကြောင့် အင်မော်တယ်ဘုရင်များစွာ ကျဆုံးခဲ့ပြီး တာအိုပြည်နယ်သုံးထောင်ခေတ်သို့ ရောက်လာခြင်းဖြစ်သည်။
ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက လင်းယွမ်ကို သမိုင်းမတိုင်မီခေတ်မှ လာသည်ဟု ခန့်မှန်းလေသည်။ မဟုတ်လျှင် အထွတ်အထိပ်အင်မော်တယ်တစ်ယောက်က ရုတ်တရက် ထွက်ပေါ်လာနိုင်မည်မဟုတ်ပေ။
" ထွက်သွားတာကောင်းမယ်။ သမိုင်းမတိုင်မီခေတ်က တည်ရှိမှု ဖြစ်ဖြစ် မဖြစ်ဖြစ် အရမ်းနီးကပ်မနေတာ ပိုကောင်းတယ်။ " ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက အထွတ်အထိပ်အင်မော်တယ်ဘုရင်၏ အကျင့်စရိုက်ကို မသိမီ အကွာအဝေးကို ထိန်းသိမ်းထားရန် ဆုံးဖြတ်လိုက်သည်။
" ထွက်သွားမယ်။ " ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက ထွက်သွားရန် ပြင်လိုက်သည်။
သို့သော် ထိုခဏတွင် သူက နေရာတွင် တောင့်တင်းသွား၏။ အကြောင်းမှာ ပုံရိပ်တစ်ခုက မည်သည့်အချိန်ကမှန်းမသိ သူနှင့် မနီးမဝေးတွင် ရှိနေပြီး လက်နှစ်ဖက် နောက်ပစ်၍ ရပ်နေလေသည်။
" ဒါ သိုင်းဘိုးဘေးပဲ..." ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက ထိတ်လန့်သွားသည်။
သူ၏ အနီးသို့ သူမသိအောင် ချဉ်းကပ်နိုင်ခြင်းမှာ အဆင့်မြင့် အင်မော်တယ်ဘုရင်များပင် လုပ်နိုင်သောအရာမဟုတ်ပေ။ သို့သော် သိုင်းဘိုးဘေးက အလွယ်တကူ လုပ်နိုင်လေသည်။
" သိုင်းဘိုးဘေးကို နှုတ်ဆက်ပါတယ်။ " ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက လေးစားမှုအနည်းငယ်ဖြင့် ပြောလိုက်သည်။
သိုင်းဘိုးဘေးက ဤနေရာတွင် ပေါ်လာသောကြောင့် သူ၏ တည်ရှိမှုကို သိနေသည်မှာ ထင်ရှားလေသည်။
" အင်း..." လင်းယွမ်က ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲကို ကျေနပ်စွာ ကြည့်လိုက်သည်။
သူ၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ထုတ်ပြခဲ့ခြင်းမှာ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို မြှင့်တင်ရုံသာမက အခြားကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်များကို ဆွဲဆောင်ရန်လည်း ဖြစ်သည်။ ထိုသို့ဖြင့် သူက စိတ်ဝိညာဉ်ကမ္ဘာအကြောင်း ပို၍ သိနိုင်လေသည်။
စိတ်ဝိညာဉ်ကမ္ဘာက လွန်စွာ ကျယ်ပြောလှသည်။ တာအိုပြည်နယ်သုံးထောင်က ၎င်း၏ သေးငယ်သော အစိတ်အပိုင်းလေးမျှသာ ဖြစ်သည်။ အကယ်၍ လင်းယွမ်က ထိုအင်မော်တယ်ဘုရင်များကို ကိုယ်တိုင်ရှာဖွေရလျှင် အချိန်များစွာ ကုန်ဆုံးသွားပေလိမ့်မည်။
ထိုအစား သူ့ဆီသို့ လာအောင် ဆွဲဆောင်လိုက်ခြင်းက ပိုကောင်းလေသည်။ ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲ ချဉ်းကပ်လာချိန်တွင် သူက သတိပြုမိခဲ့သည်။ ထိုအကြီးအကဲက သူ၏ အော်ရာကို ကြည့်ရှုနေချိန်တွင် သူလည်း ထိုအကြီးအကဲကို လေ့လာနေခဲ့သည်။
ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက မည်သည့်နည်းလမ်းအား အသုံးပြုလိုက်သည်ကို မသိသော်လည်း ထိုခဏတွင် လင်းယွမ်က စောင့်ကြည့်ခံရသော ခံစားချက်ကို ရရှိခဲ့သည်။ သို့သော် ၎င်းက အပေါ်ယံသာဖြစ်ပြီး သူ၏ လျို့ဝှက်ချက်များကို မြင်နိုင်မည်မဟုတ်ပေ။
" သိုင်းဘိုးဘေးက ဘာကိစ္စများ ရှိလို့လဲမသိဘူး။ " ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက ပြောလိုက်သည်။
" ငါမင်းကို မေးခွန်းနည်းနည်း မေးချင်လို့ပါ။ " လင်းယွမ်က သာမန်အတိုင်း ပြောလိုက်သည်။
" မေးလို့ရပါတယ် သိုင်းဘိုးဘေး။ ကျုပ်သိသမျှ ဘာမှမထိန်ချန်ထားပါဘူး။ " ခရမ်းရောင်ဝတ်ရုံနှင့်အကြီးအကဲက စိတ်အေးသွား၏။
" ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်အများစုက ဘယ်ရောက်ကုန်တာလဲ။ " လင်းယွမ်က တိုက်ရိုက်မေးလိုက်သည်။
ယခုအချိန်ထိ အင်မော်တယ်ဘုရင်များ၏ ခြေရာများကို တာအိုပြည်နယ်သုံးထောင်တွင် ရှားရှားပါးပါး တွေ့မြင်ရပြီး တုန်ယွင်တာအိုပြည်နယ်တွင်သာမက အခြားတာအိုပြည်နယ်များတွင်လည်း အင်မော်တယ်ဘုရင်များ၏ အမွေအနှစ်များသာ ကျန်နေလေသည်။
အခြားတာအိုပြည်နယ်များတွင် အင်မော်တယ်ဘုရင်များအကြောင်း ကြားရသော်လည်း ထိုမျှသာဖြစ်သည်။ ဥပမာ ကျိုးကျန်းနယ်မြေက ကပ်ဘေးကျော်လွှားခြင်းအဆင့် နဂါးဘုရင်၏ အသွင်ပြောင်းလဲရာနေရာဖြစ်သည်ဟု ကောလဟာလများ ရှိလေသည်။
အင်မော်တယ်ဘုရင်များကိုမူ လင်းယွမ်က ယခုအချိန်ထိ မတွေ့ဖူးခဲ့ပေ။ ထိုအချက်က လင်းယွမ်ကို အံ့အားသင့်စေခဲ့သည်။ ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်များက ရှားပါးပြီး တစ်ခေတ်တစ်ယောက် ပေါ်ထွက်ရန် ခက်ခဲလျှင် သူတို့က သက်တမ်းရှည်ကြပြီး အချို့တော့ ကျန်နေမည်မှာ သေချာလေသည်။
" အင်မော်တယ်ဘုရင်တွေအားလုံး ဘယ်မှာလဲ။ " ထိုမေးခွန်းက အကြီးအကဲကို ပို၍ စိတ်လှုပ်ရှားသွားစေသည်။
လင်းယွမ်က သမိုင်းမတိုင်မီခေတ်မှ အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်သည်ကို သူက ပို၍ သေချာလာသည်။ မဟုတ်လျှင် သူက အခြေခံဗဟုသုတလေးတောင် မသိဘဲ နေမည်မဟုတ်ပေ။
ပုံမှန်အားဖြင့် ထိုမေးခွန်းကို မေးသူများမှာ အသစ်တက်လာသော အင်မော်တယ်ဘုရင်များဖြစ်ပြီး နောက်ခံမရှိသူများဖြစ်သည်။ အင်မော်တယ်ဘုရင်အဆင့် အဘိုးတစ်ယောက်ရှိနေလျှင် ထိုအကြောင်းကို မသိဘဲနေမည်မဟုတ်ပေ။
သို့သော် လင်းယွမ်က အသစ်တက်လာသော အင်မော်တယ်ဘုရင်တစ်ယောက်မဟုတ်သည်မှာ ရှင်းနေပြီး သူ၏ စွမ်းအားကို မတွေ့ရသေးသော်လည်း ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက လင်းယွမ်ကို အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့ပြီးဖြစ်သည်။
အထွတ်အထိပ် အင်မော်တယ်ဘုရင်၏ ခွန်အားကို ပိုင်ဆိုင်ထားပြီး ဤခေတ်မှ ကိစ္စများကို မသိသည်မှာ သမိုင်းမတိုင်မီခေတ်မှ ရှေးဟောင်းတည်ရှိမှုဖြစ်သည်မှာ ထင်ရှားနေသည်။
ထိုသို့တွေးပြီးနောက် ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက ပို၍ လေးစားလာခဲ့သည်။ သူက သမိုင်းမတိုင်မီခေတ်အကြောင်း သိပ်မသိသော်လည်း ကြောက်မက်ဖွယ်ရာ ဘေးဆိုးကြီးဖြစ်ပွားခဲ့ပြီး အထွတ်အထိပ်အင်မော်တယ် အချို့ပင် ကျဆုံးခဲ့ရသည်ကိုတော့ သိထားလေသည်။
ထိုခေတ်မှ အသက်ရှင်ကျန်ရစ်သော အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ယောက်က ထူးချွန်ထက်မြက်သည်မှာ ထင်ရှားနေသည်။
" သိုင်းဘိုးဘေး လက်ရှိခေတ် ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်တွေက နေရာနှစ်ခုမှာ နေထိုင်ကြပါတယ်။ " သူက ပြောလိုက်သည်။
" တစ်ခုက တာအိုပြည်နယ်သုံးထောင်ရဲ့ အပြင်ဘက်က မြေရိုင်းဒေသတွေပါ။ အဲ့ဒီနေရာက ပျက်ဆီးနေပြီး တာအိုပြည်နယ်သုံးထောင်လောက် မကောင်းပေမယ့် သမိုင်းမတိုင်မီခေတ်ရဲ့ ခြေရာလက်ရာတွေ ကျန်နေပါတယ်။ အဲ့ဒါတွေက ကျုပ်တို့ သာမန် အင်မော်တယ်ဘုရင်တွေအတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။ "
" တာအိုပြည်နယ်သုံးထောင်ရဲ့ အပြင်ဘက်က မြေရိုင်းဒေသတွေလား။ " လင်းယွမ်က တွေးလိုက်သည်။ သူက ယခင် သူ၏ မူလစိတ်ဝိညာဉ်ဖြင့် မြေရိုင်ဒေသကို လေ့လာခဲ့ဖူးသော်လည်း ထူးခြားမှုမတွေ့သဖြင့် လျစ်လျူရှုထားခဲ့သည်။
" ဒုတိယနေရာက ကောင်းကင်ကိုးခုပါ။ ဒါပေမယ့် ကျုပ်တို့ အင်မော်တယ်ဘုရင်တွေအတွက် ပဉ္စမကောင်းကင်ဘုံအထိ ထူးခြားတာသိပ်မရှိပါဘူး။ ပဉ္စမကောင်းကင်ဘုံကနေ အသုံးဝင်တာတွေ ရှိလာပေမယ့် ပဉ္စမကောင်းကင်ဘုံကို တက်ဖို့က ခက်ခဲတယ်။ အဆင့်မြင့်အင်မော်တယ်ဘုရင် ဒါမှမဟုတ် အထွတ်အထိပ် အင်မော်တယ်ဘုရင်တွေသာ တက်လှမ်းနိုင်ပါတယ်။ " ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက ပြောလိုက်သည်။
" ငါသိပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ထိုက်ယင်နှင့် ထိုက်ယန် မူလစိတ်ဝိညာဉ်တို့ကို ပေါင်းစပ်ထားသော ထိုက်ကျိမူလစိတ်ဝိညာဉ်က အဋ္ဌမအလွှာ တားဆီးမရသူနှင့် ယှည်နိုင်လေသည်။ ထိုအဆင့်က အထွတ်အထိပ်အင်မော်တယ်ဘုရင်အဆင့်လည်း ဖြစ်သည်။ သူက ပဉ္စမကောင်းကင်ဘုံကို တက်လှမ်းပြီးဖြစ်သော်လည်း အင်မော်တယ်ဘုရင်များကို ရှာတွေ့ခဲ့ခြင်းမရှိပေ။
သို့သော် လင်းယွမ်၏ ထိုက်ကျိမူလစိတ်ဝိညာဉ်က ပဉ္စမကောင်းကင်ဘုံ၏ အမျိုးမျိုးသော ဖြစ်ရပ်များနှင့် အံ့ဖွယ်များကို လေ့လာနေပြီး ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် သဘောပေါက်အောင် ကြိုးစားနေသောကြောင့် အင်မော်တယ်ဘုရင်များကို အထူးတလည် ရှာဖွေနေခြင်းမဟုတ်ပေ။
" နဝမကောင်းကင်ဘုံက သမိုင်းမတိုင်မီခေတ်ရဲ့ အဆုံးသတ်နဲ့ သက်ဆိုင်တဲ့ လျို့ဝှက်ချက်တွေ ရှိနေပြီး အထွတ်အထိပ် အင်မော်တယ်ဘုရင်တိုင်းက နဝမကောင်းကင်ဘုံကို တက်ရောက်လိုကြတယ်လို့ ပြောကြတယ်။ " ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက တစ်စုံတစ်ခုကို သတိရသွားပြီးပြောလိုက်သည်။
၎င်းကို ကြားလိုက်သော်လည်း လင်းယွမ်၏ အမူအရာက ပြောင်းလဲခြင်းမရှိပေ။ သူလည်း နဝမကောင်းကင်ဘုံနှင့် ပက်သက်သော ဒဏ္ဍာရီများကို ကြားဖူးလေသည်။
စိတ်ဝိညာဉ်ကမ္ဘာ၏ ကောင်းကင်ကိုးခုက တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန်အင်မော်တယ်များပင် ဝင်ရောက်နိုင်ပြီး လျို့ဝှက်ချက်တစ်ခု မဟုတ်ပေ။
ထို့နောက် လင်းယွမ်က အခြားမေးခွန်းအနည်းငယ်ကို ဆက်မေးခဲ့သည်။ အများအားဖြင့် သာမန်ဗဟုသုတနှင့် သက်ဆိုင်သော မေးခွန်းများသာ ဖြစ်သည်။
ယနေ့ခေတ်တွင် အင်မော်တယ်ဘုရင် ဘယ်နှစ်ယောက်ရှိလဲ။
ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက ပို၍ ကြောက်ရွံ့လာပြီး သူသိသမျှ အရာအားလုံးကို ပြောပြခဲ့သည်။
" နောက်ဆုံးတစ်ခု " လင်းယွမ်က ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲကို ကြည့်လိုက်သည်။
" ပြောပါ သိုင်းဘိုးဘေး။ " သူက ချက်ချင်းပြန်ဖြေလိုက်သည်။
" ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်တွေက ဖန်တီးခြင်းစွမ်းအားတစ်မျိုးစီကို ကိုင်စွဲထားကြတယ်လိုကြားဖူးတယ်။ မင်းမှာရော ဘယ်လိုဖန်တီးခြင်းစွမ်းအားမျိုး ရှိတာလဲ။ " လင်းယွမ်က မေးလိုက်သည်။