ဟူတုန်းပြည်နယ်ရဲ့ ထန်ယွမ်ချင်
Vol. 1 Ch. 88
"ထိုင်ကြလေ"
ချန်းဖန်၏ စကားကြောင့် တတိယ သခင်ကြီး၊ ကျိုးထျန်ဟောက်နှင့် ဆရာကောတို့သည် ထိုင်ခုံ တစ်လုံးစီ ရှာပြီး ထိုင်လိုက်ကြသည်။ ကျန်သည့်လူများက မတ်တတ် ရပ်နေကြသည်။
"ဆရာချန်း ချင်ရန်နယ်မြို့လေးမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေ အကုန်လုံးကို ကျုပ်တို့ ကြားပြီးပါပြီ အားလုံးက ဆရာချန်းနဲ့ တွေ့ချင်နေကြတယ်"
တတိယ သခင်ကြီးက ရိုသေ လေးစားမှု အပြည့်နှင့် ပြောသည်။ သူ့ရှေ့တွင် ရှိနေသော ဆယ်ကျော်သက်လေးက ချူကျိုးမြို့ရှိ သာမန် အစွမ်းထက်သော ဖိုက်တာလေး မဟုတ်တော့ပါ။ ကျန်းပေ့ဒေသ တစ်ခုလုံးတွင် အစွမ်းအထက်ဆုံးသော ကျင့်ကြံသူ ဖြစ်သည်။
ကျန်းပေ့ဒေသ တစ်ခုလုံးရှိ သူဌေးကြီးများ အားလုံးက ဆရာချန်း၏ လက်အောက်သို့ ရောက်ရှိသွားပြီ ဖြစ်ပြီး အချို့က ဆရာချန်းအား ဟူတုန်းပြည်နယ်၏ ထန်ယွမ်ချင်နှင့်ပင် နှိုင်းယှဉ် နေကြသည်။
"အင်း ကျွန်တော်လည်း သူတို့နဲ့ တွေ့မှာပါ"
ချန်းဖန်က ဖြည်းညင်းစွာ ပြောသည်။
"ဆရာချန်းရဲ့ ကာကွယ်မှုအောက်မှာ ရှိနေသ၍ ထန်ယွမ်ချင်ကို ကြောက်နေစရာ မလိုတော့ဘူး"
ကျိုးထျန်ဟောက်က သူ့ပေါင်တစ်ဖက်အား သူ့ဘာသာ ရိုက်ရင်း ပြောသည်။
"ထန်ယွမ်ချင်"
ထိုနာမည်အား မကြာခဏ ကြားနေရသည်မို့ ချန်းဖန်က မျက်ခုံးပင့်ကာ ပြန်မေးမိသည်။
"ဆရာချန်း ပေါ်မလာခင်ကဆိုရင် ထန်ယွမ်ချင်က ဟူတုန်းပြည်နယ် တစ်ခုလုံးကို လက်ဝါးကြီး အုပ်ပ်ထားတာလေ"
ကျိုးထျန်ဟောက် ရှင်းပြသည်။
"သူက ကျင်းမြို့တော်မှာ အခိုင်အမာ ခြေကုပ်ယူထားပြီး တခြားမြို့တွေကိုပါ နယ်ချဲ့ချင်နေတာ အဆိုးဆုံးကတော့ ကျန်းပေ့ဒေသ တစ်ခုလုံးကို လက်ဝါးကြီး အုပ်ချင်နေတာပဲ ဒါကြောင့် မကြာခင်မှာပဲ ကျုပ်တို့က ထိပ်တိုက် တွေ့ရတော့မှာ"
"သူက အဲဒီလောက်တောင် စွမ်းအား ကြီးတယ်လား"
ချန်းဖန်က အနည်းငယ် အံ့ဩသွားသည်။
"ပြောရရင် ခင်ဗျားမှာ ဝေ့မိသားစုရဲ့ ထောက်ပံ့မှု ရှိတယ် ရှုအောင်းမှာလည်း သူ့ယောက္ခမရဲ့ ကာကွယ်မှု ရှိတယ် ကျန်တဲ့ သူဌေးတွေ အကုန်လုံးမှာ အင်အားကြီးတဲ့ နောက်ခံ တစ်ခုစီတော့ ရှိကြတာပဲ အဲဒါတောင် ထန်ယွမ်ချင်က ခင်ဗျားတို့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်လား"
"ဟုတ်တယ် အမှန်ပါပဲ ကျုပ်တို့အားလုံးက တစ်စုတစ်စည်းတည်း ထိန်းချုပ်ပေးမဲ့ ခေါင်းဆောင် တစ်ယောက် လိုနေတာပါ"
ကျိုးထျန်ဟောက်က မသက်မသာ ပြုံး၍ ပြောသည်။
ရှုအောင်း၊ ထိပ်ပြောင်ကြီးလျှို၊ ကျိုးထျန်ဟောက် အားလုံးတို့သည် ၎င်းတို့ ကိုယ်ပိုင် နယ်နိမိတ်များ၌ ကိုယ်ပိုင်အင်အား အသီးသီးစီ ရှိကြသည်။
သို့သော်လည်း ထိုလူများသည် အင်အားကြီး သူဌေးကြီးများ ဖြစ်ကြသည့် အလျောက် ၎င်းတို့၏ အာဏာများအား အခြားသူများနှင့် ဝေမျှရန် ဆန္ဒ မရှိကြပါ။ ထိုသို့သော စည်းလုံးမှု မရှိခြင်းကပင် ထန်ယွမ်ချင်နှင့် ရင်ဆိုင်ရာ၌ အားနည်းချက် တစ်ခု ဖြစ်လာခဲ့သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ထန်ယွမ်ချင်က အမြော်အမြင် ရှိပြီး ဦးဆောင်နိုင်စွမ်း ရှိတဲ့ ခေါင်းဆောင် တစ်ယောက်ပဲလေ"
ထန်မိသားစုသည် ဟူတုန်းပြည်နယ်တွင် အမြစ်တွယ်နေသည်မှာ ကြာပြီဖြစ်သည်။ ထန်ယွမ်ချင်၏ အဘိုးဖြစ်သူသည် တစ်ချိန်က တရုတ်ပြည်၏ နောက်ဆုံးသော မင်းဆက်အား ပုန်ကန်ရာ၌ လူကြီးမင်းဆွန်းနှင့်အတူ လက်တွဲ ပါဝင်ခဲ့ပြီး တရုတ်ပြည်အား ဂျပန်တို့ နယ်ချဲ့ခဲ့စဉ်ကလည်း တော်လှန်ရေး တပ်မတော်၌ စစ်ဦးစီးတစ်ယောက် ဖြစ်ခဲ့သည်။ လွတ်လပ်ရေး ရပြီးသည့် အချိန်မှစ၍ ထန်မိသားစုသည် ဟူတုန်းပြည်နယ်တွင် အင်အားကြီး မိသားစုများထဲမှ တစ်စု ဖြစ်လာခဲ့သည်။
"ထန်ယွမ်ချင်က လိမ္မာပါးနပ်မှု ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပဲ ဒီနှစ်တွေအတွင်း သူက ဟူတုန်းပြည်နယ်မှာ အင်အား စုစည်းပြီး သူ့လက်အောက်ကို ခိုဝင်မလာတဲ့ မိသားစုတွေကို တဖြည်းဖြည်းချင်း ရှင်းထုတ်ခဲ့တယ် "
ကျိုးထျန်ဟောက်က တင်းမာနေသော မျက်နှာနှင့် ပြောလာသည်။
"ထန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေက စီးပွားရေး နယ်ပယ် အသီးသီးမှာ ရှိတယ် ဆိုပေမဲ့ သူတို့ရဲ့ အဓိက ဝင်ငွေကတော့ ပို့ဆောင် ဆက်သွယ်ရေး နယ်ပယ်က လာတယ် ဟူတုန်းပြည်နယ်မှာ ရှိတဲ့ ကုန်တင်သင်္ဘော၊ ခရီးသည်တင် သင်္ဘော၊ အပျော်စီး သင်္ဘော အားလုံးနီးပါးက ထန်မိသားစု အပိုင်ပဲ ထန်ယွမ်ချင်မှာက လူအင်အား အခိုင်အမာ ရှိရုံတင် မကဘူး ငွေကြေးအင်အားလည်း တောင့်တင်းတယ် ဟူတုန်းပြည်နယ်က အချမ်းသာဆုံး သူတောင် သူ့ကို သတိထား ဆက်ဆံရတယ် ဆရာချန်း သိုင်းပညာ တံခွန်စိုက်ပွဲမှာ တွေ့ခဲ့ရတဲ့ မမလေးလု ကိုယ်စား တက်ရောက်ပေးတဲ့ ကျန်းကျိုးမြို့က သခင်ကြီးဝူဆိုတဲ့ လူကလည်း ထန်ယွမ်ချင်ရဲ့ ဘက်တော်သား တစ်ယောက်ပဲ"
ကျိုးထျန်ဟောက်က သက်ပြင်းချသည်။ သူ၏ မျက်နှာ တပြင်လုံး ၌ မခံမရပ်နိုင် ဖြစ်ခြင်းနှင့် ဒေါသတို့က နေရာယူထားသည်။
ချန်းဖန်လည်း ခေါင်းညိတ်မိသည်။
ကြားရသည့် စကားများအရ ဆိုလျှင် ထန်ယွမ်ချင် ဆိုသူသည် ကျိုးထျန်ဟောက် ကဲ့သို့သော သာမန်သူဌေးများ ယှဉ်ပြိုင်နိုင်သော သူ မဟုတ်ပါချေ။
ဆရာကောက စိတ်သောက ရောက်နေသော မျက်နှာနှင့် ဝင်ပြောလာသည်။
"ဒီရက်ပိုင်းမှာ ထွက်လာတဲ့ သတင်းတချို့ကို အကိုကျိုး မကြားသေးဘူး ထင်တယ်"
"ဘာသတင်းလဲ"
ကျိုးထျန်ဟောက်လည်း နားမလည်စွာနှင့် ပြန်မေးလိုက်သည်။
ချန်းဖန်လည်း ဆရာကော ပြောမည်ကို နားစွင့်နေလိုက်သည်။
"ထန်မိသားစုက ကျော်ကြားတဲ့ သိုင်းပညာ မိသားစုကြီး ဆိုပေမဲ့ လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း အရမ်း ထူးချွန်တဲ့ သိုင်းပညာရှင် တစ်ယောက်တော့ ထွက်ပေါ်မလာသေးဘူး ဒါပေမဲ့ လူတွေ သိပ်မသိကြတာက ထန်ယွမ်ချင်နဲ့ သူ့အဖေကိုယ်တိုင်က အားကောင်းတဲ့ အတွင်းအား ပညာရှင်တွေ ဖြစ်တယ် ဆိုတာပဲ"
"ဒါက ပိုပြီး အရေးကြီးသွားပြီ"
ချန်းဖန်က ခေါင်းညိတ်ရင်း ပြောသည်။
ငွေကြေးနှင့် အင်အားဆိုသည့် အရာများက ဂုဏ်ပုဒ်များသာ ဖြစ်သော်လည်း လူကိုယ်တိုင်၏ ခွန်အားကတော့ အရာရာကို အဆုံးအဖြတ် ပေးနိုင်စွမ်း ရှိသည်။
ကျိုးထျန်ဟောက်က ကြိုးစား ပြုံးလိုက်ရင်း ပြောသည်။
"တောင်းပန်ပါတယ် ကျုပ်က သိုင်းပညာ နယ်ပယ်အကြောင်း သိပ်နားမလည်လို့ပါ ဒါပေမဲ့ ထန်ယွမ်ချင်ရဲ့ သိုင်းစွမ်းရည် အကြောင်းတော့ ကြားဖူးတယ် ရှုအောင်းအတွက် အလုပ် လုပ်ပေးနေတဲ့ အဘိုးကြီးကုတောင် ထန်ယွမ်ချင်နဲ့ တိုက်ခိုက်ပြီး ရှုံးခဲ့ရတယ်တဲ့"
ဆရာကောက ခေါင်းယမ်းသည်။
"ဒီအတွက်က စိတ်ပူစရာ မလိုပါဘူး ကျုပ်တို့မှာ ဆရာချန်း ရှိတယ်"
ထို့နောက် ဆရာကောသည် ချန်းဖန်အား 'ကျုပ်က ဆရာချန်းရဲ့ အမာခံ ပရိတ်သတ်ပါ' ဟူသော အပြုံးကြီးနှင့် လှမ်းကြည့်လာသည်။
ဆရာချန်း၏ နတ်ဘုရားကဲ့သို့ အစွမ်း ထက်ပုံများအား ထည့်မတွက်လျှင်ပင် ဤအသက် အရွယ်နှင့် ထိုအဆင့်သို့ ရောက်ရှိနေခြင်းက အလွန် အံ့ဩဖွယ် ကောင်းလှပြီ ဖြစ်သည်။ ထန်ယွမ်ချင်သည် အမှန်တကယ် ပါးနပ်သောသူ ဖြစ်ပါက ချန်းဖန်ကဲ့သို့ မှန်းဆရ ခက်သော ပြိုင်ဘက်နှင့် မတိုက်ခိုက်ခင် နှစ်ခါ ပြန်စဉ်းစား ပေလိမ့်မည်။
"အမှန်ပဲ ဆရာချန်းနဲ့သာ ဆိုရင် ထန်ယွမ်ချင် အကြောင်း စိတ်ပူနေစရာ မလိုတော့ဘူး"
ကျိုးထျန်ဟောက်က လှိုက်လှိုက်လှဲလှဲ ပြုံးလျက် ပြောသည်။
တတိယသခင်ကြီးကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။ သူက သိုင်းပညာ တံခွန်စိုက်ပွဲရှိ ချန်းဖန်၏ အစွမ်းပြမှုများနှင့် လွဲချော်သွားခဲ့သော်လည်း ကျိုးထျန်ဟောက်၏ ပြောပြချက်များ အရ အားလုံး သိထားပြီး ဖြစ်သည်။
ချန်းဖန်က ပြုံးရုံသာပြုံးပြီး ဘာမှ ဆက်မပြောပေ။
သူက အစကတည်းကပင် ထန်ယွမ်ချင်အား အရေးတယူ စိုးရိမ်ခြင်းမရှိပေ။ လက်ရှိ သူ၏ စွမ်းအားနှင့်ဆိုလျှင် လဲ့ချန်းကျွယ်ကဲ့သို့ အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ပင် သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။
ချန်းဖန်သည် ဒဏ်ရာများ သက်သာကာစ ဖြစ်သော ကောဝေ့အား မေးလိုက်သည်။
"ဟုန်ဂိုဏ်းအကြောင်း ဘာကြားသေးလဲ"
ကောဝေ့က ဦးညွှတ်ရင်း ပြန်ဖြေသည်။
"ဆရာချန်း ... ကျုပ်ရဲ့ ပြည်ပက ဂိုဏ်းတူ အကိုတွေ ပြောတာတော့ လဲ့ချန်းကျွယ်က သူ့တပည့်ရဲ့ ရှုံးနိမ့်မှုအပေါ် ဘာမှ ထူးထူးခြားခြား မတုံ့ပြန်ဘူးတဲ့ ဒါပေမဲ့ တခြား ဟုန်ဂိုဏ်းသားတွေကတော့ လင်းညီအကိုအတွက် လက်စားချေမယ်လို့ ပြောနေကြတယ် ဆိုပဲ ကျုံးဟိုင်မြို့က ကျုပ်ရဲ့ မိတ်ဆွေတွေ ပြောတာတော့ သူတို့ပိုင်နက်မှာ ဟုန်ဂိုဏ်းကလူတွေ လှုပ်ရှားနေတာ တွေ့ရတယ်တဲ့ လောလောဆယ်တော့ လူအရေအတွက် နည်းသေးပေမဲ့ နောက်ပိုင်း ထပ်ပြီး စိမ့်ဝင်လာလောက်တယ် ကျုပ်စိုးရိမ်တာက သူတို့ရဲ့ ပစ်မှတ်က ဆရာချန်း ဖြစ်နေမှာကိုပဲ"
သူက စက္ကန့်ပိုင်းမျှ ရပ်သွားပြီးနောက် ဆက်ပြောသည်။
"လင်းဟူနဲ့ တိုက်ပွဲ ပြီးတဲ့နောက် ကျန်းပေ့ဒေသ တစ်ခုလုံးက သိုင်းပညာရှင်တွေ အများကြီးက ဆရာချန်းကို အရိုအသေ ပေးချင်နေကြတယ်"
"ကျွန်တော့်မှာ အချိန်မရှိဘူး"
ချန်းဖန်က ခေါင်းယမ်းသည်။
ထိုသိုင်းပညာရှင် အများစုမှာ ကောဝေ့လောက်သာ အစွမ်းထက်သူများ ဖြစ်လောက်သည်။ ပြောရလျှင် ထိုလူများမှာ သူ့အနေနှင့် အာရုံစိုက်ရန် အားနည်းလွန်းလှသည်။
ချန်းဖန် စိတ်မဝင်စားသည်ကို မြင်ရတော့ ဆရာကောလည်း ဆက်၍ မတိုက်တွန်းတော့ပေ။
ပြောရလျှင် ချန်းဖန်၏ ရုတ်တရက် ပေါ်ထွက်လာမှုက သိုင်းပညာရှင်တို့အကြား တော်တော်လေး လှုပ်ခတ် သွားစေခဲ့တာ ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်မားသော သိုင်းပညာများက ဆရာချန်းဟူသော လူငယ် ပါရမီရှင်လေး၏ အစွမ်းမှာ ကြားရသည့်အတိုင်း ဟုတ်၊မဟုတ်ကို လက်တည့် စမ်းလိုကြသည်။
သိုင်းပညာ တံခွန်စိုက်ပွဲနေ့က ချန်းဖန်၏ အစွမ်းအား ကိုယ်တွေ့ မြင်လိုက်ရသော နယ်ပယ်အသီးသီးမှ သိုင်းပညာရှင်များသည် ချန်းဖန်နောက်သို့ တကောက်ကောက် လိုက်၍ ဆရာတင်လို ကြသော်လည်း ပြိုင်ပွဲနေ့ ပြီးကတည်းက ပျောက်ခြင်းမလှ ပျောက်သွားသော ချန်းဖန်ကြောင့် လက်လျော့ လိုက်ကြရသည်။
ချန်းဖန်သည် သူ့အရှေ့မှ ဧည့်သည်တစ်စု ကျန်းပေ့ဒေသတစ်ခုလုံး စုစည်းရေး အစည်းအဝေး အတွက် အချိန်၊ နေရာများ ဆွေးနွေး နေကြသည်ကို ကြည့်သာ နေလိုက်သည်။
ကျန်းပေ့ဒေသသည် ပြည်နယ်၏ မြောက်ဘက်ခြမ်းတွင် တည်ရှိပြီး ထန်မိသားစုက ပြည်နယ်၏ တောင်ဘက်ခြမ်းတွင် အလွန် တန်ခိုးထွားသည်။ ကျန်းပေ့ဒေသသည် မြေနေရာအားဖြင့် ကျယ်ဝန်းသော်လည်း သူဌေးများ အချင်းချင်း မညီညွတ်မှုကြောင့် စီးပွားရေး ဈေးကွက်က တောင်ပိုင်းလောက် မခိုင်မာပေ။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ကျန်းပေ့ဒေသအား စုစည်းပြီး တပေါင်းတည်း အုပ်ချုပ်နိုင်ပါက ကျန်းပေ့ဒေသသည် ဟူတုန်းပြည်နယ် တစ်ခုလုံးအား အုပ်စိုးနိုင်သွားပေလိမ့်မည်။
'တကယ်လို့ ဆရာချန်းသာ ကျန်းပေ့ဒေသကို အုပ်စိုးမယ်ဆိုရင် စီမံခန့်ခွဲတဲ့ နေရာမှာ ကျိန်းသေပေါက် ငါ့ကိုလိုမှာပဲ အဲဒီအခါကျရင် ငါက ကျန်းပေ့ဒေသ တစ်ခုလုံးမှာ အင်အားအကြီးဆုံး သူဌေး ဖြစ်လာလိမ့်မယ်'
ထိုသို့အတွေးနှင့် ကျိုးထျန်ဟောက်သည် အလွန် ကျေနပ်သွား၏။ အရင်တုန်းက သူသည် ကျန်းပေ့ဒေသ တစ်ခုလုံးတွင် အားအနည်းဆုံး ဖြစ်ပြီး သူ့အား ဝေ့မိသားစု၏ နောက်လိုက်ခွေး ဟူ၍ သဘောထားကာ ဘယ်သူကမှ အဖက်မလုပ်ခဲ့ကြ။ ယခုမူ သူ့အတွက် အခွင့်အရေးတစ်ရပ် ရောက်ရှိလာပြီ ဖြစ်သည်။
ထိုအချိန်တွင် တတိယသခင်ကြီးဝေ့သည်လည်း သူ့အတွေးနှင့်သူ သာယာနေသည်။
'အဖေက ငါ့ကို အမြဲ အထင်သေးခဲ့တယ် အခုတော့ ငါကလည်း အသုံးမကျတဲ့သူ မဟုတ်ဘူးဆိုတာ ပြနိုင်တော့မယ် ငါ့အစ်ကိုတွေက ငါ့ထက်ပိုပြီ ထက်မြက်တော့ရော ဘာဖြစ်လဲ သူတို့က ဆရာချန်းနဲ့ မသိဘူး ငါက ဆရာချန်းနဲ့ သိတယ် ဆရာချန်းသာ ကျန်းပေ့ဒေသရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာတဲ့အခါ နိုင်ငံရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး နားလည်တဲ့ အကြံပေးတစ်ယောက် လိုမှာပဲ အဲနေရာအတွက် ငါ့ထက် သင့်တော်တဲ့သူ ဘယ်သူမှ မရှိဘူး အဲဒီအချိန်ကျရင် ဖြစ်ပျက်သွားမဲ့ ငါ့အစ်ကိုတွေရဲ့ မျက်နှာကို မြင်ချင်စမ်းပါပေ့'
သို့နှင့် ကိုယ်စီ အတွေးများစွာဖြင့် ပိုမို တက်ကြွလာကြပြီး သာမန် အစည်းအဝေးလေး တစ်ခုမှသည် ညစာစားပွဲ၊ ညစာစားပွဲမှသည် အကျယ်တဝင့် လူရာပေါင်းများစွာ တက်ရောက်စေမည့် ညီလာခံ တစ်ခုအဖြစ် မပြီးနိုင် မစီးနိုင် ဆွေးနွေးနေကြတော့သည်။
ချန်းဖန်သည် တစ်ချိန်လုံးတွင် စကားတစ်ခွန်း မဆိုဘဲ တိတ်ဆိတ်နေသော်လည်း ထိုလူများ၏ အတွေးတို့အား ရိပ်စားမိပေသည်။
'သူတို့က ကြုံလာမဲ့ အခက်အခဲတွေကို ပေါ့ပေါ့တန်တန် ထင်နေတာပဲ'
ချန်းဖန်က ခေါင်းယမ်းမိသည်။
သိုင်းပညာ စွမ်းရည် တစ်ခုတည်းနှင့် ကျန်းပေ့ဒေသအား စုစည်း၍ မရသည်ကို သူသိသည်။ ကျန်းပေ့ဒေသအတွင်းရှိ သူဌေးအားလုံးသည် ငွေကြေး၊ အာဏာဟူသော စစ်တလင်းတွင် ရက်စက်ကြမ်းကြုတ်သော စစ်သည်တော်များသဖွယ် ဖြစ်ကြသည်။ ထိုလူအားလုံးအား တစ်စုတစ်စည်းတည်း ပေါင်းစည်းနိုင်ရန်မှာ ထင်သလောက် မလွယ်ပါချေ။
အကယ်၍ သူသာ သာမန် သေမျိုးတစ်ယောက် ဆိုပါက ကျန်းပေ့ဒေသအား စုစည်းရန် ဆယ်နှစ်ခန့် အချိန်ပေး ကြိုးစားလိမ့်မည် ဖြစ်သော်လည်း လက်ရှိ ချန်းဖန်သည် ထိုကိစ္စများအား အချိန်မပေးနိုင်သလို စိတ်လည်း မဝင်စားပေ။
'သူတို့ အားလုံးမှာလည်း ကိုယ်ပိုင် အကြံအစည်တွေနဲ့ ချည်းပဲ တစ်ယောက်မှ ယုံရတာ မဟုတ်ဘူး ဒါပေမဲ့လည်း ဘာဖြစ်လဲ ငါ့မှာသာ လုံလောက်တဲ့ စွမ်းအား ရှိနေသ၍ ငါ့ကို ဆန့်ကျင်လာသမျှ လူတွေကို ဖိခြေပစ်လို့ ရတယ်'
ထိုသို့အတွေးနှင့် ချန်းဖန်သည် မျက်လုံးများအား မှိတ်လိုက်ပြီး သူ့အရှေ့ရှိ ငြင်းခုံနေသော လူတစ်စုအား အာရုံမစိုက်တော့ပေ။
***