← Chapters

အားလပ်ရက် မတိုင်မီ ခရီး

Vol. 1 Ch. 90

အားလပ်ရက် မတိုင်မီ ခရီး

Vol. 1 Ch. 90

သူ၏ စီးပွားရေး အစီအစဉ်ကြီးအား လူတိုင်း နားလည်စေရန် တတိယသခင်ကြီးသည် အတော်ကြာကြာ ရှင်းပြလိုက်ရသည်။ အကျိုးအမြတ် အများစုက ချန်းဖန်ဆီသို့သာ ရောက်ရှိမည် ဖြစ်သော်လည်း ကျန်သည့် တစ်စိတ်တစ်ပိုင်းကပင် မနည်းလှပါချေ။

"ဆရာချန်း ဝိညာဉ်ချီရေကို ရောင်းမယ်မလား"

တတိယသခင်ကြီးက အရဲစွန့်၍ မေးလိုက်သည်။

ဤနေရာတွင် ရှိနေသူများ အားလုံးထဲတွင် ဝိညာဉ်ချီရေအား ရောင်းချ‌ရန် သင့်တော်သော မိသားစုနောက်ခံ ရှိသူက တတိယ သခင်ကြီးဝေ့ တစ်ယောက်သာ ရှိသည်။ သာမန် သူဌေးတစ်ယောက်ကသာ ဝိညာဉ်ချီရေ တစ်ပုလင်းအား ယွမ်တစ်သိန်းနှင့် ရောင်းပါက လူလိမ်ဟု ထင်မှတ်ပြီး ဝိုင်းရိုက်ခံရပေလိမ့်မည်။

"ကျုပ် ရောင်းလို့ရတဲ့ အကျိုးအမြတ် တစ်ဝက်ကို မယူပါဘူး ၂၀ရာခိုင်နှုန်းဆို လုံလောက်ပါပြီ ဒါမှမဟုတ် ၁၀ရာခိုင်နှုန်းဆိုလည်း ဖြစ်ပါတယ်"

တစ်နှစ်ထက်တစ်နှစ် တိုးပွားလာမည့် ပိုက်ဆံများအား မြင်ယောင်ရင်း တတိယသခင်ကြီး၏ မျက်နှာက နွေဦးတွင် ပန်းများပွင့်သကဲ့သို့ ရွှင်လန်းလာသည်။

"ဝိညာဉ်ချီရေကို ခင်ဗျားကတစ်ဆင့် ဝယ်သူတွေဆီ ရောင်းမယ်လို့ ကျွန်တော် ပြောမိလား"

ချန်းဖန်က တည်ငြိမ်စွာ မေးလိုက်သည်။

"သူမဟုတ်ဘူးလား"

လူတိုင်းကလည်း ချန်းဖန် စကားကြောင့် အံ့ဩသွားကြသည်။

"ဘာလို့လဲ ကျုပ်တို့ နှစ်ယောက်လုံး အကျိုးအမြတ် ရနိုင်တယ်လေ"

တတိယသခင်ကြီးသည် လောဘအား မဖုံးကွယ်နိုင်တော့ဘဲ အလောတကြီး ပြန်မေးမိသည်။

"ဆရာချန်း ကျုပ်နဲ့ ကျုပ်ရဲ့ ဖန့်ရှန်းလုပ်ငန်းစုကိုသာ တာဝန်ပေးလိုက်ပါ ဆရာချန်းလက်ထဲကို အမြတ်ရဲ့ ၈၀ရာခိုင်နှုန်း ဒါမှမဟုတ် ၉၀ရာခိုင်နှုန်း ရောက်လာစေရပါမယ် ဒါက ရေကို ရွှေအဖြစ် ပြောင်းလဲနိုင်မဲ့ အခွင့်အရေးလေ ဘယ်လုပ်ငန်းကများ ဒါထက် အကျိုးအမြတ် ရနိုင်ဦးမှာလဲ"

"ဟုတ်ပါတယ် ဟုတ်ပါတယ်"

ကျိုးထျန်ဟောက်ကလည်း အလျင်အမြန် ဝင်ပြောလာသည်။

"ကျွန်တော့် အတွက် ပိုက်ဆံမလိုဘူး"

လူတိုင်း အံ့ဩနေစဉ်တွင် ချန်းဖန်က စကားဆက်သည်။

"အမှန်ကို ပြောရရင် ကျွန်တော့်မှာ ဒီရေကို ရောင်းဖို့ အစီအစဉ် ရှိပြီးသား ဒါပေမဲ့ ရောင်းချဖို့ မူပိုင်ခွင့်ကိုတော့ တတိယသခင်ကြီး တစ်ယောက်တည်းကို ပေးထားမှာ မဟုတ်ဘူး ကျန်းပေ့ဒေသ တစ်ခုလုံးမှာရှိတဲ့ လူတွေအားလုံးကို မျှတတဲ့ ဝေစုရှယ်ယာတစ်ခု ပေးမယ်"

"လူတိုင်းကို ဝေစုခွဲပေးမယ်"

တတိယသခင်ကြီးဝေ့က သိလိုစွာ မေးသည်။

"ကျန်းပေ့ဒေသ တစ်ခုလုံးကို စုစည်းချင်တဲ့ ခင်ဗျားတို့ရဲ့ အတွေးတွေကို ကျွန်တော်သိတယ် ဒါပေမဲ့ ခင်ဗျားတို့က လူတွေကို လျော့တွက်လွန်းနေတယ် စီမံခန့်ခွဲတဲ့ နေရာမှာ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခု ရှိတယ် အဲဒါက ချော့တစ်ခါ ခြောက်တစ်လှည့် သိမ်းသွင်းခြင်းပဲ အဲဒီအတွက် ကျန်းပေ့ဒေသ တစ်ခုလုံးက လူတွေရဲ့ သစ္စာရှိမှုကို ရဖို့ ငါးစာ လိုတယ်"

"ဒါက ... "

လူတိုင်းသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြပြီး ဘာပြောရမည် မသိ ဖြစ်သွားကြသည်။

"ဝိညာဉ်ချီရေက အားလုံးအတွက် ငါးစာပဲ"

ချန်းဖန်က ပြောသည်။

ရှုအောင်းနှင့် ထိပ်ပြောင်ကြီးလျှို ကဲ့သို့သော ဝါရင့်မြွေခွေးအိုကြီးများ၏ အကြွင်းမဲ့ သစ္စာစောင့်သိခြင်းကို ရရှိရန်ကား မလွယ်ပါချေ။ သို့သော်လည်း တစ်နှစ်လျှင် ယွမ်သန်းရာချီသော အကျိုးအမြတ်နှင့် ဆိုပါက ကွဲပြား သွားပေလိမ့်မည်။ ဝိညာဉ်ချီ‌ရေသည် အလွန် အင်အားစိုက်ထုတ်၍ အရောင်းမြှင့်တင်ရန် မလိုဘဲ ဈေးကွက်အတွင်း တင်သွင်းလိုက်ရုံနှင့် အကျိုးအမြတ် ရမည့် ကုန်ပစ္စည်းမျိုး ဖြစ်သည်။

"ဒါပေါ့ ဝိညာဉ်ချီရေကို အလကားပေးမှာတော့ ဘယ်ဟုတ်မလဲ သူတို့အနေနဲ့ အကျိုးအမြတ်ရဲ့ တစ်ဝက်တိတိကို ကျွန်တော့်ကို ပေးရမယ် သူတို့ရဲ့ ဝေစုရတဲ့ ဝိညာဉ်ချီရေကို ရောင်းပဲရောင်းရောင်း လွှင့်ပဲပစ်ပစ် ဂရုမစိုက်ဘူး သူတို့အနေနဲ့ ကျွန်တော့်အပေါ် သစ္စာရှိရင် ဝေစုပိုရမယ် ကျွန်တော့်ကို အာခံရဲရင်တော့ သူတို့ ရေတစ်စက်တောင် ရမှာမဟုတ်ဘူး"

ချန်းဖန်၏ အစီအစဉ်အား ကြားရပြီးနောက် တတိယသခင်ကြီးဝေ့၏ ကျောရိုးတလျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။ ချန်းဖန်၏ ရည်မှန်းချက်ကား သူမျှော်မှန်းထားသည်ထက် သာလွန်နေပေသည်။ ချန်းဖန်သည် ဝိညာဉ်ချီရေအား ပိုက်ဆံရှာရန် သုံးခြင်း မဟုတ်၊ လူများအား သူ့လက်အောက်သို့ သိမ်းသွင်းရန် သုံးခြင်း ဖြစ်သည်။

များပြားလှသော အမြတ်ငွေများက စီးပွားရေး လုပ်ငန်းရှင်များအတွက် မျက်နှာလွှဲရန် ခက်ခဲလွန်းလှသည်။ ကျန်းပေ့ဒေသအတွင်းရှိ သူဌေးများတွင်သာ ရောင်းချခွင့် ရှိနေသောကြောင့် ဝိညာဉ်ချီရေ၏ တန်ဖိုးက တိုးမြင့်လာလိမ့်မည်။

နောက်ပိုင်းတွင် အနယ်နယ် အရပ်ရပ်ရှိ သူဌေးများက ဝိညာဉ်ချီရေအတွက် ကျန်းပေ့ဒေသသို့ လက်ယှက်ထိုး၍ ရောက်လာပေလိမ့်မည်။ ကျန်းပေ့ဒေသ၏ စီးပွားရေးဈေးကွက်ကလည်း တဟုန်တိုး ကျယ်ပြန့်လာလိမ့်မည်။ ကျန်းပေ့ဒေသရှိ စီးပွားရေး လုပ်ငန်းရှင်‌များသည် မိမိတို့၏ လက်ရှိ အခြေအနေအား ထိန်းသိမ်းထားရန် ချန်းဖန်နှင့် ဝိညာဉ်ချီရေအား အပြင်းအထန် ကာကွယ်လာလိမ့်မည်။ ထိုအခါ ချန်းဖန်၏ ရန်သူများအတွက်လည်း ကျော်ဖြတ်၍ မရသော အဟန့်အတားတစ်ခု ဖြစ်လာပေမည်။

"ဒါပေမဲ့ ... ဒီလိုလုပ်ဖို့ လိုလို့လား"

တတိယ သခင်ကြီးဝေ့က မျက်မှောင်ကြုတ်၍ မေးလာသည်။

တတိယသခင်ကြီးဝေ့၏ စိတ်ကူးထဲတွင်မူ ဖြစ်သင့်သည်က ဈေးကွက်အတွင်း တဖြည်းဖြည်းချင်း ထိုးဖောက်သွားရန် ဖြစ်သည်။ ကျန်းပေ့ဒေသ တစ်ခုလုံးအား အသိပေးပြီး ဝေစုတစ်ခုစီ ခွဲပေးရန် စောလွန်းသည်ဟု ထင်သည်။

အကျိုးအမြတ်၏ တစ်ဝက်တိတိ ဆိုသည်က မည်သူ့အတွက်မဆို များလွန်းလှသည်။ ထိုလူများထံမှ သစ္စာရှိမှုအား အချိန်တိုအတွင်း ရယူနိုင်သော်လည်း ကြာလာလျှင် လောဘကြောင့် သစ္စာဖောက်မှုများ ရှိလာနိုင်သည်။

"ငြင်းခုံနေတာ တော်လောက်ပြီ ကျွန်တော် ဆုံးဖြတ်ပြီးသွားပြီ"

ချန်းဖန်က ဖြည်းညင်းစွာ ပြောရင်း မတ်တတ်ရပ်လိုက်သည်။

"ကျန်းပေ့ဒေသက သူဌေးတွေကို စုစည်းပြီး ဝိညာဉ်ချီရေ ခွဲဝေဖို့အတွက် ခင်ဗျားကို လက်လွှဲလိုက်မယ် ခင်ဗျားမှာ အခွင့်အရေးက တစ်ခါပဲ ရှိတယ် ဒီတော့ မကျရှုံးပါစေနဲ့"

"ကောင်းပါပြီ"

တတိယသခင်ကြီးဝေ့က ဦးညွှတ်၍ ပြန်ပြောလိုက်သည်။

သို့နှင့် တတိယသခင်ကြီးတို့ လူစုလည်း ချန်းဖန်အား နှုတ်ဆက်၍ ပြန်လည် ထွက်ခွာလာကြသည်။

စံအိမ် တံခါးမကြီးအား ဖြတ်ပြီးသည်တွင် တတိယသခင်ကြီး၏ ပုံစံမှာ တစ်စုံတစ်ခုအား အလေးအနက် စဉ်းစားနေဟန် ရသောကြောင့် ကျိုးထျန်ဟောက်က မေးလိုက်သည်။

"ဘာဖြစ်လို့လဲ တတိယသခင်ကြီး"

"ငါတို့အနေနဲ့ အများကြီး အကျိုးအမြတ် မရနိုင်တော့ဘူးလေ ဒါက အရမ်းကြီးတော့ ကိစ္စမရှိပါဘူး ကျန်းပေ့ဒေသမှာ ငါ့ရဲ့ နောက်လိုက် ခွေးတွေ အများကြီး ရှိပါသေးတယ် ဒါပေမဲ့ ဒီနည်းလမ်းကြီးက ပုံမှန် ပိုက်ဆံရှာတဲ့ နည်းလမ်းနဲ့ ကွဲထွက်နေသလို ခံစားနေရတယ် မဟုတ်ဘူးလား နေဦး"

တတိယ သခင်ကြီးက ခေါင်းယမ်းကာ တီးတိုး ရေရွတ် လိုက်ပြန်သည်။

"အရမ်း မြန်လွန်းနေတယ်"

"ဘာက အရမ်း မြန်နေလို့လဲ"

ကျိုးထျန်ဟောက် နားမလည်စွာ ပြန်မေးမိသည်။

တတိယသခင်ကြီးက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"အမှန်ဆိုရင် ငါတို့အနေနဲ့ ဈေးကွက်ကို ချုပ်ကိုင်ဖို့က ငါးနှစ်အတွင်း ဒါမှမဟုတ် သုံးနှစ်အတွင်း လုပ်လို့ရတာပဲလေ ဒါပေမဲ့ ဆရာချန်းက အမြန်ဆုံးနည်းကို သုံးပြီး ဈေးကွက်ကို ထိုးဖောက်ချင်နေတာ မသိရင် မနက်ဖြန်‌ဆိုတာ မရှိတော့တဲ့ အတိုင်းပဲ ဒါမှမဟုတ် ဆရာချန်းက နောက်နှစ်ဝက်အတွင်းမှာ အရမ်း အင်အားကြီးတဲ့ ရန်သူကို ရင်ဆိုင်ရမှာမို့လို့ ကြိုတင် ပြင်ဆင်နေတာများလား"

တတိယသခင်ကြီး၏ မျက်လုံးများက ဖျတ်ခနဲ အရောင်လက်သွားသည်။

"ဒါပေမဲ့ ဘယ်သူလဲ ကျန်းပေ့ဒေသ တစ်ခုလုံးမှာ ဘယ်သူကများ ဆရာချန်းကို ခြိမ်းခြောက်နိုင်စွမ်းရှိ  ... ရှိ.."

ပြောနေရင်း ရုတ်တရက် နာမည်တစ်ခုက တတိယသခင်ကြီး၏ အတွေးထဲသို့ ရောက်ရှိလာသည်။ ထိုလူ၏ နာမည်အား တွေးမိခြင်းကြောင့် တတိယသခင်ကြီးသည် နေရာတွင်ပင် တောင့်ခဲသွားတော့သည်။ အကယ်၍ ဆရာချန်း ပစ်မှတ်ထားနေသော လူမှာ အမှန်ပင် ထိုသူ ဆိုပါက နောင်နှစ်ဝက်အတွင်း ကျန်းပေ့ဒေသ တစ်ခုလုံး ဖရိုဖရဲ ဖြစ်ရပ်များ ဖြစ်ရပေလိမ့်မည်။ အကြောင်းမူကား တတိယသခင်ကြီး တွေးမိလိုက်သော လူမှာ ကျန်းပေ့ဒေသ တစ်ခုလုံးတွင် အချမ်းသာဆုံးလူ ဖြစ်နေသောကြောင့်ပင်။

စံအိမ်အတွင်း၌မူ ချန်းဖန်သည် တတိယထပ် လေသာဆောင်၌ ထိုင်ခုံတစ်လုံးနှင့် ထိုင်နေပြီး သူ၏ လက်ချောင်းများက ဘေးရှိ စားပွဲအား တဒေါက်ဒေါက် ခေါက်နေခဲ့သည်။

ဝိညာဉ်ချီရေ ထွက်ပေါ်လာမှုက ကျန်းပေ့ဒေသ တစ်ခုလုံးအား လှုပ်ခတ်သွားစေမည် မှန်သော်လည်း ထိုအရာက ပရိယာယ် တစ်ခုမျှသာ ဖြစ်သည်။ သူ့တွင် မရေမတွက်နိုင်သော လှည့်ကွက်များစွာ ရှိနေသေးသည်။

'ရှန်းကျွင်းဝမ် မင်း အသင့်ပြင်ထားဖို့ မျှော်လင့်ပါတယ် နှစ်ဝက်နီးပါး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီးတဲ့နောက် မင်းကို ဘယ်လို ရှင်းထုတ်ရမလဲ ဆိုတာ တွေးဖို့ အချိန် ရောက်လာပြီ '

အတွေးနှင့်အတူ ချန်းဖန်၏ နှုတ်ခမ်းပါးများက အေးစက်စွာ တွန့်ကွေးသွားကြသည်။

"အတိတ်ဘဝမှာတုန်းက မင်းကငါ့ကို ရစရာ မရှိအောင် နင်းခြေပစ်ခဲ့တယ် အခု ငါပြန်လာပြီ တူညီတဲ့ နာကျင်မှုတွေ မင်းကို ပြန်ပေးမယ် သေချာတာပေါ့ ငါ့ရဲ့ လက်စားချေမှုကြီးကို မင်း အရမ်းအားကိုးတဲ့ မင်းတို့ မိသားစုရဲ့ လုပ်ငန်းစုကြီးကနေ စရတာပေါ့"

ချန်းဖန်သည် ၂၀၀၇ခုနစ် ဇန်နဝါရီ လလယ်တွင် ပြန်လည် မွေးဖွားခဲ့ခြင်း ဖြစ်ပြီး ယခုမူ စာသင်နှစ် ပထမနှစ်ဝက်မှာ ကုန်ဆုံးလုပြီ ဖြစ်သည်။

နောက်ပိုင်း အချိန်များတွင် ချန်းဖန်သည် သာမန် ကျောင်းသားများကဲ့သို့ ကျောင်းပုံမှန်တက်သည်။ အန်တီထန်သည်လည်း ချန်းဖန်၏ စံအိမ်သို့ အလည်လာ၍ ညအိပ်လေ့ရှိသည်။ အန်တီထန် လာအိပ်သည့် ညတိုင်းတွင် ချန်းဖန်သည် အန်တီထန် အိပ်ပျော်သွားသည်နှင့် ဝိညာဉ် စုဆောင်းခြင်း အစီအရင်အား အသက်သွင်းပေးသည်။

ထို့ကြောင့် အန်တီထန်သည် စံအိမ်တွင် လာအိပ်ပြီး နိုးလာသည့် မနက်တိုင်းတွင် ထူးထူးခြားခြား အားအင် ပြည့်ဖြိုးနေသည်ကို ခံစားရသည်။ သို့သော်လည်း သူမက ယွင်ဝူတောင်၏ ပတ်ဝန်းကျင် အနေအထားကြောင့် ဟူ၍သာ ထင်နေခဲ့ပြီး ချန်းဖန်အား ထွေထွေထူးထူး မေးမနေခဲ့ပေ။

ကျန်းချူယန်သည် ချန်းဖန်နှင့် လမ်းတွင် ဆုံသည့်အခါတိုင်း တစ်ခုခု ပြောလိုသည့်ဟန် ရှိသော်လည်း နောက်ဆုံးတွင် ဘာမှ ပြောမလာခဲ့။ သူမက စံအိမ်နှင့် ဝေ့မိသားစုအကြောင်း မေးချင်နေကြောင်း ချန်းဖန်သိသည်။ သူလည်း သူမနှင့် အလိုက်အထိုက်သာ နေပေးလိုက်သည်။

ဆောင်းတွင်းသို့ ရောက်လာသောကြောင့် ကျောင်းသားတိုင်းက အားလပ်ရက်တွင် ခရီးထွက်မည့် အကြံအစည်များနှင့် တက်ကြွနေကြသည်။ နောက်ဆုံး စာမေးပွဲက မပြီးဆုံးသေးသော်လည်း ပထမအစမ်း ပြီးသွားပြီ ဖြစ်ရာ ဆရာမများကလည်း အများကြီး ပိတ်ပင် မနေတော့ပေ။

ထိုနေ့ အတန်းပြီးချိန်၌ ကျန်းချူယန်နှင့် ရှုယုံဖေးတို့ ချန်းဖန်ဆီသို့ ရောက်လာကြသည်။

"ခရီးသွားဖို့"

ကြားလိုက်ရသည်ကြောင့် ချန်းဖန်လည်း အံ့အားသင့်သွားသည်။

"အင်းလေ ဆောင်းရာသီ ‌ကျောင်းပိတ်ရက် ရောက်ဖို့ တစ်ပတ်ပဲ လိုတော့တာ လူတိုင်းက ဇာတိ‌မြို့ကို ပြန်ကြတော့မှာ ဒါပြီးရင် နောက်နှစ် ရောက်တဲ့အထိ ငါတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ကြရတော့ဘူးလေ"

ရှုယုံဖေးက ချိုသာသော အသံလေးနှင့် ပြောလာသည်။

"မင်းတို့ ဘယ်သွားကြမလို့လဲ ငါရော လိုက်လို့ ရမလား"

ကျန်းထန်ချိုးက မျှော်လင့်တကြီး ဝင်မေးသည်။

"ငါကြားတာက ချင်းရွှေမြို့မှာ အပန်းဖြေစခန်း တစ်ခု အသစ်ဖွင့်တယ်တဲ့ အဲဒီကို သွားမလားလို့"

ရှုယုံဖေးက အသနားခံနေသော မျက်နှာလေးနှင့် အားလုံးအား ကြည့်သည်။

"ကောင်းတယ် ငါလည်း ကြားမိတယ် အဲဒီ အပန်းဖြေစခန်း ဆောက်တုန်းကဆိုရင် ယွမ်သန်းရာနဲ့ချီပြီး ကုန်ထားတာတဲ့ အတွင်းပိုင်း အပြင်အဆင်က ရူး‌လောက်စရာ ဖြစ်နေမှာ အသေအချာပဲ"

ကျန်းထန်ချိုးက ပြောသည်။

"ငါ့ကောင်မလေး ရှောင်ချန်က အဲဒီမှာ တစ်ပတ်လောက် သွားနေချင်နေတာ ဒါပေမဲ့ တစ်ပတ်စာ စရိတ်က ငါ့အတွက် ဈေးကြီးလွန်းနေလို့ ဘာပဲဖြစ်ဖြစ် သွားရအောင်ကွာ ချန်းဖန် တစ်ပတ် မဟုတ်တောင် သုံးလေးရက်လောက်တော့ နေလို့ ရပါတယ်"

"ကောင်းပြီလေ"

ရှုယုံဖေး၏ မျှော်လင့်နေသော မျက်နှာလေးအား မြင်ရသောအခါ ချန်းဖန်က သဘောတူ လိုက်သည်။ မဟုတ်လျှင်တောင် သူမအား နှုတ်မဆက်ဘဲ သုံးလခန့် ပျောက်သွားခြင်းအတွက် အပြစ်ရှိသလို ခံစားနေရ၍ ဖြစ်သည်။

"အရမ်း ကောင်းတယ်"

ချန်းဖန်၏ သဘောတူညီမှုကို ကြားရသော် ရှုယုံဖေးက ကလေးလေး တစ်ယောက်အလား အလွန် ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။

ကျန်းချူယန်သည် ချန်းဖန်နှင့် ရှုယုံဖေးတို့အား ရပ်ကြည့်နေရင်း သဝန်တိုမှု တစွန်းတစက သူမ၏ နှလုံးသားထဲ၌ ဖြစ်ပေါ်လာသည်။

"ဟမ့် တစ်နေ့မှာ နင် ပြန်ပြီး ပေးဆပ်ရအောင် လုပ်ပြမယ်"

တီးတိုး ရေရွတ်ပြီးနောက် သူမက နှာခေါင်းရှုံ့လိုက်သည်။

***

All Chapters