← Chapters

ထန်လုံ အဖွဲ့အစည်း

Vol. 1 Ch. 91

ထန်လုံ အဖွဲ့အစည်း

Vol. 1 Ch. 91

စနေနေ့မနက်၌ ခရီးထွက်မည့် လူစု ကျောင်းတွင် လူစုကြသည်။

ထိုလူစုတွင် ချန်းဖန်၊ ရှုယုံဖေးနှင့် ကျန်းချူယန် တို့တင်မဟုတ်၊ ကျန့်ယွီမုန့်၊ ယန်ချောင်၊ ကျန်းထန်ချိုး၊ ရှောင်ချန်၊ လီရီချန်း၊ လို့ရှောင်ရှောင်၊ မော့ဟယ် တို့ပါ ပါဝင်သည်။ နောက်ဆုံး ရောက်လာသူမှာ အစိမ်းရောင် ဂျစ်ကားတစီးအား မောင်းနှင်လာသော ချူမင်ဟွေ့ဖြစ်သည်။

"နင့်မှာ ချမ်းသာတဲ့ သူငယ်ချင်းတွေ အများကြီး ရှိတာပဲ"

ရှောင်ချန်က ကျန်ထန်းချိုး၏ ပခုံးပေါ်၌ ခေါင်းမှီထားရင်း ခပ်တိုးတိုး ပြောသည်။ သူမ၏ မျက်လုံးများက တဖိတ်ဖိတ် လက်နေသည်။

လီရီချန်း၊ ယန်ချောင်နှင့် ချူမင်ဟွေ့တို့သည် ချူကျိုးမြို့တွင် ကျော်ကြားသော လူငယ်လေးများ ဖြစ်ပြီး ကျန်းချူယန်နှင့် ရှုယုံဖေးတို့သည်လည်း ကျော်ကြားကြသည်။

ရှောင်ချန်သည် အိုင်ဗွီ အထက်တန်း ကျောင်းထွက် မဟုတ်သော်လည်း လီရီချန်းနှင့် ချူမင်ဟွေ့တို့၏ အမည်အား ကြားဖူးထားသည်။ လီရီချန်းနှင့် ချူမင်ဟွေ့တို့သည် ချူကျိုးမြို့၏ စစ်မှန်သော လူချမ်းသာလေးများ ဖြစ်ကြပြီး စီနီယာ အစ်ကိုချီနှင့် ကျန်းထန်ချိုးတို့ကား ထိုနှစ်ယောက်နှင့် မယှဉ်နိုင်ပေ။

"အမှန်ပဲ ချန်းဖန်က ကျော်ကြားတဲ့ လူတွေ အများကြီးနဲ့ သိနေလိမ့်မယ်လို့ ကျွန်တော်လည်း ထင်မထားဘူး"

ကျန်းထန်ချိုးက စိတ်မကြည်တော့ သလိုပင် ခံစားရသည်။

"လူလည်း စုံပြီဆိုတော့ သွားကြရအောင်"

ချူမင်ဟွေ့က အေးစက်စက် ပြောသည်။

ချန်းဖန်သည် ချူမင်‌ဟွေ့နှင့် မဆုံဖြစ်သည်မှာ သုံးလခန့်သာ ရှိသေးသော်လည်း ထိုသုံးလအတွင်း ချူမင်ဟွေ့က ပို၍ စိတ်မရှည်ဘဲ ရန်လိုတတ်သော ပုံစံ ဖြစ်လာသည်ဟု ခံစားရသည်။

"လူတိုင်း အဆင်သင့် ဖြစ်ကြပြီလား"

လီရီချန်းက မေးသည်။

"ရေကန်တစ်ထောင် အပန်းဖြေစခန်း ပိုင်ရှင်နဲ့သိတဲ့ သူငယ်ချင်း တစ်ယောက်ကို ငါဆက်သွယ် ထားတယ်" ချူမင်ဟွေ့က ပြောလိုက်သည်။

"ကောင်းတာပေါ့"

ထို့နောက်တွင် လူဆယ့်တစ်ယောက် အုပ်စုအား ကားသုံးစီး ခွဲလိုက်ကြသည်။

လီရီချန်းက သူ၏ အူဒီကားလေးအား မော့ဟယ်ကို မောင်းစေပြီး သူကိုယ်တိုင်ကတော့ ချူမင်ဟွေ့၏ ဂျစ်ကားအတွင်း ဝင်လိုက်သည်။ ချန်းဖန်အကြောင်း ချူမင်ဟွေ့နှင့် နှစ်ယောက်တည်း စကားပြောလို၍ ဖြစ်သည်။

"ကြည့်ရတာ ငါ ချန်းဖန်ကို လျော့တွက် မိသွားပုံပဲ" လီရီချန်းက သက်ပြင်းချရင်း ဆိုသည်။

"ဘာတွေ ဖြစ်နေလို့လဲ" ချူမင်ဟွေ့က ပေါ့ပေါ့ပါးပါး မေးလာသည်။

"သူနဲ့ ဝေ့မိသားစုကြားက ပတ်သက်မှုက ငါတို့ ထင်သလောက် မရိုးရှင်းဘူး"

လီရီချန်း၏ မျက်နှာက တည်ကြည် လေးနက်လို့နေသည်။

"တတိယ သခင်ကြီးဝေ့က ယွင်ဝူတောင်ထိပ်က စံအိမ်ကို ချန်းဖန်ဆီ အလကား ပေးထားတယ် "

"ဘယ်လို"

အံ့ဩမှုက ချူမင်ဟွေ့၏ မျက်နှာပေါ်  ဖြတ်ပြေးသွားသည်။

"မင်းပြောတာတာ တစ်မြို့လုံးရဲ့ နံပါတ်တစ်စံအိမ်"

"အင်း ဒီရက်ပိုင်း ငါ ချန်းဖန်ရဲ့ နောက်ကြောင်းကို နည်းနည်း စုံစမ်းကြည့်တော့ သူ့အဖေက စီကျွေးမြို့နယ်လေးက အစိုးရရုံးမှာ လုပ်တယ် သူ့အမေကတော့ ကျုံးဟိုင်မြို့မှာ အိမ်ခြံမြေ ကုမ္ပဏီတစ်ခုကို ဦးစီးနေတယ် ဒါပဲ တွေ့တယ် ထူးထူးခြားခြား ဘာမှမရှိဘူး"

လီရီချန်းသည် ကားဒက်ရှ်ဘုတ်ပေါ်  လက်ဖြင့် တဒေါက်ဒေါက် ခေါက်ရင်း တွေးဆဆ ပြောသည်။

"တကယ်လို့ ငါမသိသေးတာ တစ်ခုခု ရှိမယ် ဆိုရင်လည်း သူ့အမေနဲ့ ပတ်သက်တဲ့ဟာပဲ နေမယ် သူ့အမေနဲ့ တတိယသခင်ကြီးဝေ့က စီးပွားရေးပါတနာတွေ ဖြစ်နိုင်တယ် ဒီကောင်က သူ့မိသားစု နောက်ခံကို ကြောင်လက်သည်း ဖွက်သလို တစ်ချိန်လုံး ဖုံးကွယ်ထားတာပဲ"

"အဲဒီတော့လည်း ဘာဖြစ်လဲကွာ" ချူမင်ဟွေ့က အလေးအနက် မထားဟန်ဖြင့် ပြောသည်။

"မိသားစုနောက်ခံက အကူအညီ ဖြစ်တယ် ဆိုပေမဲ့လည်း အဓိကကျတာက ကာယကံရှင်ရဲ့ အရည်အချင်းပဲလေ"

"မှန်တယ်"

လီရီချန်းက ခဏမျှ တွေးနေပြီးနောက် ပြုံးကာ ထောက်ခံလိုက်သည်။

"အဲဒီကောင်ရဲ့ စာမေးပွဲအမှတ်တွေက စုတ်ပြတ်နေတဲ့အပြင် လူကလည်း အရည်အချင်းရှိပုံ မပေါ်ဘူး ဒါကြောင့်ပဲ ကျရှုံးရလိမ့်မယ်"

ထို့နောက် လီရီချန်းက ချူမင်ဟွေ့ဘက် လှည့်ကာ မေးလိုက်သည်။

"ဒါနဲ့ မင်း ထန်လုံ အဖွဲ့အစည်းမှာ အမှုထမ်း ရတော့မယ်ဆို"

"သတင်းပျံ့တာက ငါထင်တာထက်တောင် မြန်နေပါလား"

ချူမင်ဟွေ့၏ ခပ်တည်တည် မျက်နှာသည် အပြုံးတစ်ခုနှင့်အတူ အနည်းငယ် ပျော့ပျောင်းသွားပြီး ပြန်ဖြေသည်။

"ဟား ... ဟား ... "

မနာလိုမှုအား ဖုံးကွယ်ရန် လီရီချန်းက ခပ်ဟဟ ရယ်‌မော လိုက်ရသည်။

လီရီချန်းနှင့် ချူမင်ဟွေ့သည် ငယ်စဉ်ကတည်းက သိခဲ့သူများ ဖြစ်ပြီး အမြဲလိုလို ဘက်ပေါင်းစုံ၌ ချူမင်ဟွေ့က လီရီချန်းထက် နှာတစ်ဖျား သာခဲ့သည်။ ယခု လီရီချန်းက အနည်းငယ် စိတ်ဓာတ်ကျသလို ခံစားနေရပြီး ချန်းဖန်ကဲ့သို့ ပြိုင်ဘက် ၀.တစ်ယောက် ပေါ်လာသောအခါ သူ၏ စိတ်အခြေအနေက ပိုမို ဆိုးရွားသွားသည်။

နှစ်နာရီအတွင်း ကားသုံးစီးက ချင်းရွှေမြို့သို့ ရောက်ရှိလာသည်။

[ချင်းရွှေမြို့ = သန့်ရှင်း ရေကြည်မြို့။ ဖတ်ရ လွယ်စေရန် ဖင်းရင် အသံထွက်နှင့်သာ ရေးလိုက်သည်။]

မကြာမီတွင် ၎င်းတို့သည် တန်ဖိုးကြီး ကားများ တန်းစီ ရပ်ထားသော လမ်းသွယ်လေး တစ်ခုထဲသို့ ရောက်ရှိလာသည်။

"ဟိုမှာ ကြည့် ကြည့် Lamborghini, Maserati, BMW730 ဘုရားရေ တန်ဖိုးကြီး ကားတွေ ချည်းပဲ"

ရှောင်ချန်သည် ကားပြတင်းပေါက်မှ တစ်ဆင့် လှမ်းကြည့်ရင်း မနေနိုင်စွာ ရေရွတ်မိသည်။ ဤမျှ တန်ဖိုးကြီးသော ကားများအား ပေါပေါသောသော တွေ့မြင်ရခြင်းက သူမအား အလွန် စိတ်လှုပ်ရှား စေသည်။ သူမသည် အလယ် အလတ်တန်းစား မိသားစုမှ သမီး တစ်ယောက်သာ ဖြစ်ရာ ထိုကဲ့သို့သော ကားများ မစီးနိုင်ပေ။ ယခု မြင်နေ‌ရသော ကားများကား ချင်းရွှေမြို့ရှိ သခင်လေး၊ မမလေးများ၏ ကားများ ဖြစ်ပေသည်။

ချူမင်ဟွေ့ ကားအတွင်းမှ ထွက်လိုက်သည်နှင့် စောင့်ကြိုနေသော လူစု၏ ခေါင်းဆောင်မှာ ခြေလှမ်းကျဲကျဲ လျှောက်လာပြီး ချူမင်ဟွေ့၏ ရင်ဘတ်သို့ လက်သီးဖြင့် ဖွဖွထိုးကာ ပြောသည်။

"ဟေး သားကြီး ငါက မင်းကို လေ့ကျင့်ရေး ဆင်းရင်း သေနေပြီလို့ ထင်တာ ဟား ... ဟား.."

"ငါအခုထိ မသေသေးဘူး"

ချူမင်ဟွေ့က အေးစက်စက် ပြန်ပြောလိုက်သည်။

ထိုလူက ချူမင်ဟွေ့၏ အမူအရာ ကင်းမဲ့မှုအား စိတ်ထဲထားဟန် မရဘဲ တဟားဟားရယ်ရင်း လက်ပင်းကို ဖက်ကာ အနောက်ဘက်ရှိ လူစုနှင့် မိတ်ဆက် ပေးလိုက်သည်။

"ဒါက ချူကျိုးမြို့က ငါရဲ့ညီအစ်ကို ချူမင်ဟွေ့တဲ့ သူက မကြာသေးခင်ကမှ ထန်လုံ အဖွဲ့အစည်းကို ဝင်ခွင့် ရထားတာလေ"

"တကယ်ကြီးလား"

"သူက ဘယ်နနှစ်မို့လဲ ထန်လုံ အဖွဲ့အစည်းကိုတောင် ဝင်ခွင့်ရနေပြီတဲ့လား"

"ချီး ထန်လုံ အဖွဲ့အစည်းရဲ့ အဖွဲ့သား တစ်ယောက်ကို အပြင်မှာ တွေ့ခွင့် ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး"

ထိုလူငယ်၏ မိတ်ဆက်‌ ပေးမှုကြောင့် လူစုအတွင်း ဆူပွက်သွားသည်။ အားလုံးက မယုံကြည်နိုင်စွာဖြင့် ချူမင်ဟွေ့ထံ လှမ်းကြည့် လာကြပြီး ဆွဲဆောင်မှုရှိသော မိန်းကလေး တချို့က ချူမင်ဟွေ့အား စိတ်ဝင်တစား အကဲခတ်နေကြသည်။

"ရှောင်ချိုး ထန်လုံ အဖွဲ့အစည်းဆိုတာ ဘာကြီးလဲ"

ရှောင်ချန်က နားမလည်သောကြောင့် မေးလာသည်။

ကျန်းထန်ချိုး ပြန်မဖြေနိုင်ခင်တွင် လီရီချန်းက ဝင်ဖြေလာသည်။

"မင်းတို့ သိချင်မှ သိလိမ့်မယ် စစ်တပ်ရဲ့ အဓိကတပ်ရင်း တစ်ခုစီမှာ အထူးဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ ရှိကြတယ် အဲဒီ အဖွဲ့အစည်းတွေမှာ အရင်ဆုံး အရန်တပ်ဖွဲ့ဝင် တစ်ထောင်ကျော်လောက် အကြမ်းဖျင်း ပါဝင်တယ် ပြီးရင်တော့ အဲဒီ လူတစ်ထောင်ကျော် ထဲကမှ အကောင်းတကာ့ အကောင်းဆုံး တိုက်ခိုက်ရေး သမားတွေကို ရွေးထုတ်ပြီး အထူး အဖွဲ့အစည်းအဖြစ် ပြန်ဖွဲ့တယ် တရုတ်ပြည်မှာ အဲဒီလို အဖွဲ့အစည်းတွေ အများကြီး ရှိတဲ့ အထဲကမှ ကျင်းမြို့‌တော်မှာရှိတဲ့ အထူး အဖွဲ့အစည်းကိုတော့ ထန်လုံ အဖွဲ့အစည်းလို့ ခေါ်တယ်"

"ဘုရားရေ"

ရှောင်ချန်သည် အံ့အားသင့်စွာနှင့် သူမပါးစပ်အား လက်ဖြင့်အုပ်ကာ ရေရွတ်မိသည်။

ကျန်းချူယန်နှင့် ရှုယုံဖေးပင်လျှင် ချူမင်ဟွေ့၏ အရည်အချင်းအား အသိအမှတ် ပြုကြရသည်။ သို့သော် သူမတို့ နှစ်ယောက်က ရိုးသားသော စိတ်ဖြင့် လေးစား ချီးကျူး မိခြင်းသာ ဖြစ်ပြီး ရှုပ်ထွေးသော ခံစားချက်များ မပါဝင်ပေ။

'ဘာပဲဖြစ်ဖြစ် အစ်ကိုချန်းက ချူမင်ဟွေ့ထက် သာမှာ အမှန်ပဲ အရင်ကဆို အဖေက ချူမင်ဟွေ့ကို အရမ်း သဘောကျတာ အခုတော့ အစ်ကိုချန်းကသာ ငါ့အတွက် အသင့်တော်ဆုံးလို့ ပြောတယ် သေချာတာက အစ်ကိုချန်းက အားလုံးထက် တော်တဲ့သူ မို့လို့ပဲ'

ထိုသို့အတွေးနှင့် ရှုယုံဖေးသည် ချန်းဖန်ဘက်သို့ တစ်ချက် ခိုးကြည့်မိသည်။

"ငါက အခုမှ အရန် တပ်ဖွဲ့ဝင်ပဲ ရှိပါသေးတယ် တရားဝင် အဖွဲ့သား မဟုတ်သေးဘူး"

ချူမင်ဟွေ့က မျက်နှာသေနှင့် ပြောသည်။

ထန်လုံ အဖွဲ့အစည်း၏ လူစစ်ထုတ်မှုမှာ မည်မျှ တင်းကျပ်ကြောင်း လူတိုင်းလည်း သိကြသည်။ ချူမင်ဟွေ့၏ နှိမ့်ချသော စကားကြောင့် ကျန်လူများက ပေါ်ပေါ်ထင်ထင် ဆက်၍ ချီးကျူးခြင်း မပြုတော့ပေ။

"အရန်တပ်ဖွဲ့ဝင် ဆိုတာကတင် အရမ်းကြီးတဲ့ စွမ်းဆောင်မှုကြီး ဖြစ်နေတုန်းပဲ"

ချူမင်ဟွေ့အား ဖက်ထားသော လူငယ်က ပြောလိုက်တာ ဖြစ်သည်။

"စကားပြောတာ ရပ်ပြီး ‌ပျော်စရာလေးတွေ လုပ်ကြရအောင်"

"အပန်းဖြေစခန်းမှာ အခြေအနေ ဘယ်လိုလဲ အကုန်လုံးကို ဂရုတစိုက် စီစဉ်ထားတယ် မလား"

ချူမင်ဟွေ့က လူငယ်၏ လက်များအား တွန်းထုတ်ရင်း မေးလိုက်သည်။

"မေးရက်တယ်ကွာ ဒီတစ်ခေါက်မှာ ငါက လျှိုကောတုန်းရဲ့ တူဆီကနေတောင် အကူအညီ တောင်းထားရတာကို"

လူငယ်က ခပ်တိုးတိုး ‌ပြန်ဖြေသည်။

နှစ်ယောက်သားသည် စကားပြောရင်း ချူကျိုးမြို့ရှိ အုပ်စုနားသို့ ရောက်ရှိလာသည်။

ကျန်းချူယန်တို့ မိန်းကလေး အုပ်စုက ထိုနှစ်ယောက်၏ စကားဝိုင်းအား နားစွန်နားဖျား ကြားလိုက်ရသည်။ ကျန့်ယွီမုန့်က မေးလာသည်။

"လျှိုကောတုန်းက ဘယ်သူလဲ" ဗဟုသုတ နှံ့စပ်သော လီရီချန်းက ဖြေပေးသည်။

"လျှိုကောတုန်းဆိုတာ ချင်းရွှေမြို့က သူဌေးကြီး တစ်ယောက်ပဲ ထိပ်ပြောင်ကြီးလျှိုလို့ လူသိများတယ်"

"‌ဟေး"

ချူမင်ဟွေ့နှင့် စကားပြောနေသော လူငယ်က သတိပေးလာသည်။

"မင်းတို့ ချင်းရွှေမြို့မှာ ရှိနေတုန်း အဲဒီလို မ‌ခေါ်ကြနဲ့ဟ လျှိုကောတုန်းက သူ့ကို ထိပ်ပြောင်ကြီးလို့ ခေါ်ရင် မကြိုက်ဘူး"

"အာ သိပြီ အဲဒီထိပ်ပြောင်က နှာဘူးကြီးလို့ နာမည်ကြီးတယ်"

ကျန့်ယွီမုန့်က သတိတရ ရေရွတ်လိုက်သည်။

ထိပ်ပြောင်ကြီးလျှို၏ မကောင်းသတင်းများက အနယ်နယ် အရပ်ရပ်သို့ ပျံ့နှံ့နေကြသည်။ ကောလဟာလများ အရ ထိပ်ပြောင်ကြီးလျှို၌ မယား အယောက် တစ်ရာခန့် ရှိသည်ဟု ဆိုကြသည်။

"ထိပ်ပြောင်ကြီးလျှိုကို မင်း ကြောက်ရတာလား"

ချူမင်ဟွေ့က မျက်မှောင်ကြုတ်ရင်း လူငယ်အား မေးသည်။

"သူက ငါ့အဖေအတွက်တောင် ခေါင်းကိုက်စရာပဲ သတိတော့ ပေးထား ပါရစေကွာ ရာဇဝင်အိုးကို တုတ်နဲ့ သွားမထိုးကြပါနဲ့"

လူငယ်က မသက်မသာ ပြုံးလျက် ပြောသည်။

"လျှိုထန်းက သူ့ရဲ့ တူ‌တော်တယ် ဒါပေမဲ့ လျှိုကောတုန်းမှာ မိန်းမတွေသာ များတာ ဆက်ခံသူက မရှိဘူး ဒီတော့ လျှိုထန်းက သူ့ရဲ့ သားအရင်းလိုပဲ အဲဒါကြောင့် မင်းတို့ လျှိုထန်းရှေ့မှာ စကားပြောရင် နည်းနည်း ဆင်ခြင်ဖို့ လိုမယ်"

လူငယ်က စေတနာနှင့် သတိပေးခြင်း ဖြစ်သောကြောင့် အားလုံးက သဘောတူသည့် အနေနှင့် ခေါင်းညိတ် လိုက်ကြသည်။

ထိပ်ပြောင်ကြီးလျှိုသည် တတိယ သခင်ကြီးဝေ့နှင့် တူညီသော အင်အားရှိသည်။ လီရီချန်းတို့ အားလုံးသည် ချူကျိုးမြို့ရှိ ချမ်းသာသော မိသားစုများမှ ဖြစ်ကြသော်လည်း ထိပ်ပြောင်ကြီးလျှို၏ ပိုင်နက် အတွင်းတွင်တော့ ဆင်ဆင်ခြင်ခြင် နေသင့်‌ပေသည်။

အားလုံး ကားရပ်ထားရာ နေရာသို့ ပြန်လာကြရင်း လူငယ်က ချူမင်ဟွေ့အား ကပ်မေးလိုက်သည်။

"အလှဆုံး ကောင်မလေး နှစ်ယောက်ထဲမှာ မင်းလိုက်နေတာ ဘယ်တစ်ယောက်လဲ"

"အရပ် ပိုရှည်တဲ့ တစ်ယောက်"

ချူမင်ဟွေ့က ပြန်ဖြေသည်။

"သေစမ်း ကောင်မလေးက အိန်ဂျလီနာဂျိုလီလို အဆစ်အပေါက်မျိုးဟ မင်းကတော့ ရွေးတတ်ချက်ပဲ"

လူငယ်က အားကျစွာ ပြောသည်။

"သူ ကားပေါ်က ဆင်းလာတုန်းကဆို ငါ ငေးကနဲတောင် ဖြစ်သွားတယ် မင်းလိုက်နေတဲ့သူသာ မဟုတ်ရင် ငါတကယ် လိုက်မှာ"

"သူက ရှုအောင်းရဲ့ သမီးနော် မင်းလိုက်ရဲတာ သေချာလို့လား"

ချူမင်ဟွေ့က ပြုံးရင်း မေးလိုက်သည်။

"ဘယ်ရှုအောင်းလဲ"

လူငယ်က ဇဝေဇဝါ ဖြစ်ဟန်နှင့် မေးသည်။

"ရှုအောင်း ဘယ်နှစ်ယောက်ရှိတာ မင်းကြားဖူးလဲ"

ချူမင်ဟွေ့သည် မေးခွန်းအား မေးခွန်းနှင့် တုံ့ပြန်လိုက်သည်။

ချူမင်ဟွေ့၏ အတည်ပြုသလို အပြောကြောင့် လူငယ်၏ မျက်နှာမှာ လေးနက်သွားသည်။ သူသိသည့် ရှုအောင်းဆို၍ တစ်ယောက်သာ ရှိသည်။ ဟိုင်တုန်းမှ ရှုအောင်း။ ထိုသူကား ဆရာချန်း ပေါ်ထွက် မလာခင်အတွင်း ကျန်းပေ့ဒေသ တစ်ခုလုံး၌ အာဏာ အရှိဆုံး ဖြစ်သည်မှာ သံသယ ရှိစရာပင် မလိုပေ။ ထိပ်ပြောင်ကြီးလျှိုနှင့် ချင်းရွှေမြို့ရှိ သူဌေး အားလုံးတို့ကား ရှုအောင်းနှင့် မနှိုင်းသာပါ။

ခဏကြာပြီးနောက် လူငယ်က မပီမပြင် ပြုံးရင်း မေးလိုက်သည်။

"ကောင်မလေးရဲ့ ဘေးကကောင်က မဟုတ်မှလွဲရော ချန်းဖန်"

"ဘင်ဂို အမှန်ပဲ"

ချန်းဖန်၏ အမည်အား ကြားလိုက်ရသည်နှင့် မနှစ်မြို့ဖွယ် မှတ်ဉာဏ်တို့က  ချုမင်ဟွေ့အား ဒေါသဖြစ်စေသည်။ အပြင်ပန်းတွင် ဂရုမစိုက် သယောင် ပြုနေသော်လည်း အမှန်တွင်တော့ ရှုယုံဖေးနှင့် ချန်းဖန်တို့ နီးကပ်နေသည်ကို မြင်တိုင်း မီးခဲ ဖင်ခု ထိုင်မိသည့်နှယ် ဖြစ်နေသည်မှာ သူကိုယ်သူသာ သိသည်။

"ဟား ဟား ... ငါ့အကိုရဲ့ ကောင်မလေးနားကို ကပ်ရဲ‌တယ် ဆိုမှတော့ သေချင်နေတာပဲ"

လူငယ်က သူ့ရင်ဘတ် သူပုတ်လျက် ပြောလိုက်သည်။

"ချင်းရွှေက ငါ့ပိုင်နက်ပါ သူ့ကို မင်းအစား သင်ခန်းစာ ပေးပေးမယ်"

အေးစက်၍ အကြံအစည် ကြီးသော အပြုံးတစ်ခုက လူငယ်၏ မျက်နှာပေါ်၌ ဖြစ်ပေါ်လာသည်။

***

All Chapters