← Chapters

ဆရာချန်း

Vol. 1 Ch. 92

ဆရာချန်း

Vol. 1 Ch. 92

ထို့နောက်တွင် ချူကျိုးမြို့ရှိ လူငယ်များနှင့် ချင်းရွှေမြို့ရှိ လူငယ်များ မောင်းနှင်သော ကားတန်းကြီးသည် ရေကန်တစ်ထောင် အပန်းဖြေစခန်း ရှိရာသို့ တည့်တည့်မတ်မတ် သွားကြတော့သည်။

ရေကန်တစ်ထောင် အပန်းဖြေ စခန်းသည် ခြွင်းချက်မရှိ ကြည်လင်နေသော ကန်ထဲရှိ ရေကြောင့် ကျော်ကြားသည်။ ထိုကန်မှ ထွက်သော မဟူရာ ပုစွန်ထုပ်များကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ ရေ၏ ကြည်လင် သန့်ရှင်းမှုအား မပျက်စီးလို၍ ထိုနေရာ အနီးတဝိုက်၌ စက်ရုံများ မတည်ဆောက်ရန် အစိုးရက ပိတ်ပင်ထားသည်။

ရေကန်တဝိုက် သန့်ရှင်း သန့်ပြန့်မှုကြောင့် ကမ္ဘာလှည့် ခရီးသည်များ အုပ်စုဖွဲ့၍ လာရောက် တတ်ကြသည်။ ကားတန်းကြီး အပန်းဖြေစခန်း၏ ကားပါကင်သို့ ရောက်သည်နှင့် ဝင်ပေါက်၌ အသင့် စောင့်နေသော လူတစ်ယောက်အား တွေ့လိုက်ရသည်။

"အစ်ကိုလျှိုရာ ... ဒီလိုကြီး တကူးတက ထွက်ကြိုဖို့ မလိုပါဘူးဗျာ"

လူငယ်သည် ကားပေါ်မှ ဆင်းလျှင်ဆင်းချင်း ဝင်ပေါက်တွင် ရပ်နေသော လျှိုထန်းဆီသို့ အပြေးသွားကား ကပ်ဖားယပ်ဖား အပြုံးမျိုးဖြင့် နှုတ်ဆက်လိုက်သည်။

"ဒါချူကျိုးမြို့က မင်းရဲ့ သူငယ်ချင်းတွေ မလား ကျောက်ရှန်"

လူငယ်၏ အမည်ကား ကျောက်ရှန်ဖြစ်ပြီး ဝင်ပေါက်တွင် စောင့်နေသူကား လျှိုထန်းဖြစ်သည်။

ဦးလေးနှင့် တူကား ချွတ်စွပ် ထားသကဲ့သို့ ဆင်တူပြီး လျှိုထန်းသည်လည်း လျှိုကောတုန်းကဲ့သို့ ထိပ်ပြောင်သည်။ လျှိုကောတုန်း အသေးစားလေး အလား ထင်ရသည်။

ကျောက်ရှန်လည်း အလျင်အမြန်ပဲ အားလုံးအား လျှိုထန်းနှင့် မိတ်ဆက်ပေးလိုက်သည်။

လျှိုထန်းသည် အသက်နှစ်ဆယ် ဝန်းကျင်သာ ရှိသေးသော်လည်း သူ၏ အမူအရာများက ရှိရင်းစွဲ အသက်ထက် ရင့်ကျက်လို့ နေသည်။ ကျောက်ရှန်က ယန်ချောင်နှင့် မော့ဟယ်တို့အား မိတ်ဆက် ပေးချိန်တွင် လျှိထန်းက ဖျတ်ခနဲ တစ်ချက်သာ ကြည့်ပြီး တစ်စက္ကန့်ပင် မကြာပေ။ လီရီချန်းအား မိတ်ဆက် ပေးချိန်တွင်တော့ သူက အသိအမှတ်ပြုရုံ ခေါင်းတစ်ချက် ညိတ်ပြပြီး ချူမင်ဟွေ့၏ အလှည့် ရောက်မှ ပြုံးသည်။

"တွေ့ရတာ ဝမ်းသာပါတယ် အားလုံး အထဲကိုကြွပါ"

ကျောက်ရှန်သည် ကျန်သော လူများအား မိတ်ဆက်ပေးရန် ပြင်သော်လည်း လျှိုထန်းက စိတ်ဝင်စားခြင်း အလျဉ်းမရှိဘဲ စကားအား ဖြတ်ချလိုက်သည်။ လျှိုထန်းသည် ကျန်းထန်ချိုးနှင့် ချန်းဖန်အား သတိပြုမိပုံပင် မရပေ။

မျှော်လင့်တကြီး စောင့်စားနေသော ကျန်းထန်ချိုးနှင့် ရှောင်ချန်တို့၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ကိုးရိုးကားရား အေးခဲသွားသည်။ သို့သော်လည်း လျှိုထန်းကား သူတို့နှင့် ဝေးကွာလှသော အဆင့်အတန်း တစ်ခုတွင် ရှိသူဖြစ်ရာ သူတို့က စောဒက မတက်ဝံ့ဘဲ တိတ်ဆိတ်စွာ နေခြင်းက အကောင်းဆုံး ဖြစ်သည်။

လျှိုထန်း၏ ဦးဆောင်မှု နောက်မှ မိနစ် အနည်းငယ်ခန့် လမ်းလျှောက်ပြီးနောက် အပန်းဖြေစခန်း တစ်ခုလုံးအား အပေါ်စီးမှ မြင်နိုင်သော ရှုထောင့်သို့ ရောက်ရှိလာသည်။

"အရမ်းလှတာပဲ ဒီက အပြင်အဆင်တွေက မသိရင် ဘာလီကျွန်းကို ရောက်နေတဲ့အတိုင်းပဲ"

ကျန့်ယွီမုန့်က ချီးကျူးလိုက်သည်။

ကျန်းချူယန်နှင့် ရှုယုံဖေးတို့၏ မျက်လုံးလေး များသည်ပင် ကြယ်များကဲ့သို့ တဖိတ်ဖိတ် လက်နေကြသည်။ အပန်းဖြေစခန်း အတွင်းရှိ မြင်ကွင်းသည် အပူပိုင်းဒေသရှိ ကမ်းခြေ တစ်ခုကဲ့သို့ ဖြစ်ပြီး လက်ဝါး သစ်ပင်များ၊ အဖြူရောင်သဲများ၊ ဘီကီနီမလေးများနှင့် ခပ်လန်းလန်း ကောင်လေးများ တို့ဖြင့် အလွန် စိတ်ကူး ယဉ်ချင်စဖွယ် လှပနေသည်။

လျှိုထန်းသည် လူအုပ်ရှေ့မှ ဦးဆောင်ကာ လမ်းပြနေရင်း ဝံ့ကြွားစွာ ပြောလာသည်။

"ကျုပ်တို့ အပန်းဖြေစခန်းရဲ့ တစ်ဝက်က ကုန်းပေါ်မှာ ဆောက်ထားပြီး တစ်ဝက်က ရေပေါ်မှာလေ အပန်းဖြေစခန်းမှာ ဇိမ်ခံ ရေပေါ်ဘန်ဂလို အမျိုးအစား ၁၂မျိုး ရှိပြီးတော့ အဓိက အပြင်အဆင် ၅၇မျိုး ရှိတယ် အခန်းတိုင်း ဘန်ဂလိုတိုင်းမှာ on call ဝန်ဆောင်မှုတွေ ရှိတဲ့အတွက် ၂၄နာရီ ဝန်ဆောင်မှု ပေးနိုင်တယ် ဒါအပြင် အခန်းနဲ့ တွဲလျက် ရေပူစမ်းလည်း ရှိသလို အများသုံး ရေပူစမ်းလည်း လုပ်ပေးထားတယ် ဒါက ဆောင်းတွင်း အတွက် အထူး အဆင်ပြေတယ် အစားအစာပိုင်းမှာ ဆိုရင်လည်း ဩစတျေးလျ ကျောက်ပုစွန်၊ ငါးဥဆားနယ်၊ အီတလီမှိုဟင်း၊ ဂျပန်တူနာ  ... ဧည့်သည်တွေ အလိုရှိတာ ဘာမဆို ရတယ် "

လျှိုထန်း ရှင်းပြလျက်ရှိသော အထူး ဝန်ဆောင်မှုများ အကြောင်း နားထောင်ရင်း မိန်းကလေးများ၏ မျက်လုံးများမှာ အရောင် တောက်လာကြသည်။ ယောက်ျားလေးများပင် စိတ်လှုပ်ရှား မိကြသည်။

"အစ်ကိုလျှို ဒီအပန်းဖြေစခန်း အတွက် ငွေတွေ အများကြီး ရင်းနှီးထားရမယ် ထင်တယ်"

လီရီချန်းက သူ၏ မျက်မှန်အား ပင့်တင်ရင်း ဂရုတစိုက် မေးလိုက်သည်။

"ကနဦး မ တည်ငွေကတော့ ယွမ်သန်းတစ်ရာ့ နှစ်ဆယ်ပါပဲ နောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ သန်းနှစ်ရာ ဖြစ်သွားတယ်"

"ဒါက အရမ်း အထင်ကြီးစရာ ကောင်းတဲ့ ပမာဏပဲ ဒီအပန်းဖြေ စခန်းနဲ့ ယှဉ်ရင် ချူကျိုးမြို့က ကျိုးထျန်ဟောက် ဆောက်ထားတဲ့ ဟာတွေက မဖြစ်စလောက်ပဲ"

မော့ဟယ်သည်လည်း ဝင်ရောက် ပြောဆိုလာသည်။

"ကျိုးထျန်‌ဟောက်လို့ ပြောလိုက်တာလား အဲဒီကောင်က ဝေ့မိသားစုရဲ့ နောက်လိုက်ခွေး တစ်ကောင်ပါပဲ"

လျှိုထန်းက ကျိုးထျန်ဟောက်၏ မကောင်းကြောင်းများ ဆက်လက် အပုပ်ချတော့မည့် ဆဲဆဲတွင်ပဲ တစ်စုံတစ်ရာအား သတိရသွားပြီး ကပျာကယာ ခေါင်းစဉ် ပြောင်းလိုက်သည်။

"စိတ်မရှိပါနဲ့ ကျုပ်မှာ တချို့ ကိစ္စလေးတွေ ရှိနေသေးလို့ နေ့လည်စာ စားချိန်မှပဲ ထပ်တွေ့ကြတာပေါ့"

ထို့နောက် လျှိုထန်းသည် ကျန်ခဲ့သော လူစုအား နှုတ်ဆက် စကားပင် မဆိုနိုင်ဘဲ တစ်နေရာသို့ အလျင်အမြန် ထွက်ခွာသွားသည်။

လျှိုထန်း ထွက်ခွာသွားသည်နှင့် ချူကျိုးမြို့မှ အုပ်စုသည် လျှိုထန်းမှာ မည်မျှ အထင်ကြီးစရာ ကောင်းကြောင်း ပြောဆို နေကြတော့သည်။

"လျှိုထန်းက ချင်းရွှေမြို့ရဲ့ လူငယ်တွေထဲမှာ နံပါတ်တစ် ဖြစ်နေတာ မထူးဆန်းတော့ပါဘူး"

လီရီချန်းက ရေရွတ်လိုက်သည်။

ရှောင်ချန်က တိတ်ဆိတ်နေပြီး ခေါင်းငုံ့ထားသည်။ သူမ တွေးနေသည့် အရာများအား မည်သူကမှ သိနိုင်မည် မဟုတ်ပါ။ ထို့နောက်တွင် လူငယ်လေးများသည် ကိုယ်စီ အခန်းများသို့ သွားရောက်ကြပြီး အထုပ်အပိုးများ နေရာချကာ စားသောက်ခန်း၌ ပြန်လည် လူစုကြသည်။ ချန်းဖန် တစ်ယောက် စားသောက်ခန်းသို့ ရောက်ရောက်ချင်းတွင်ပဲ ကျန်းထန်ချိုးက ပြောလာသည်။

"လျှိုထန်းက ဘာသဘောလဲ ငါတို့ကို အပြင်အဆင် အညံ့ဆုံး အခန်းတွေ ပေးတယ်"

"ဘာတွေ ဖြစ်ရပြန်ပြီလဲ"

ချန်းဖန်က မေးသည်။

ကျန်းထန်ချိုးက လက်မခံနိုင်စွာ ခေါင်းယမ်းရင်း..။

"ငါ စစ်ကြည့် ပြီးသွားပြီ ဒီ‌နေရာမှာ VIPအခန်း ၁၂ ခန်းရှိပြီးတော့ အကောင်းဆုံး အခန်း ၅၇ခန်း ရှိတယ် ချူမင်ဟွေ့နဲ့ လီရီချန်းက VIP အခန်းတွေကို ရကြတယ် မင်းနဲ့ငါက လွဲရင် ကျန်တဲ့သူတွေလည်း အရည်အသွေး ကောင်းတဲ့ အခန်းတွေ ရတယ် မင်းနဲ့ငါ့ကို နေရာချပေးထားတဲ့ အခန်းတွေက ဒီအပန်းဖြေစခန်း တစ်ခုလုံးမှာ အညံ့ဆုံး အခန်းတွေကွ"

သူ၏ အခန်းနံပါတ်မှာ ၅၆ ဖြစ်ကြောင်း အမှတ် ရသွားသောကြောင့် ချန်းဖန်လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ကျန်းထန်ချိုးက အထွန့် တက်လာပြန်သည်။

"ငါ့အခန်းနံပါတ်က ၅၇ အခန်းနံပါတ် သေးလေလေ အခန်းက ကောင်းလေလေပဲ နံပါတ် ၅၀ကျော်က အခန်းတွေက ဝန်ဆောင်မှု အညံ့ဆုံး အခန်းတွေကွ"

"အလကား တည်းရတာပဲကွာ ထားလိုက်ပါတော့"

ချန်းဖန်က ခေါင်းယမ်းရင်း ပြောလိုက်သည်။

သို့သော်လည်း ကျန်းထန်ချိုး၏ မျက်နှာမှာ ရှုံ့မဲ့နေဆဲ ဖြစ်သည်။ သူက ရှောင်ချန်နှင့် ခရီးအတူတူ ထွက်လာနိုင်သော်လည်း နေရသည့်အခန်းမှာ အစုတ်တကာ့ အစုတ်ဆုံး ဖြစ်နေလေရာ မည်သို့ စိတ်ချမ်းသာ နိုင်ပါမည်နည်း။ အများသူငါက ဧည့်ခန်း တွဲလျက်ပါသော စပါယ်ရှယ် အခန်းများ၌ တည်းနေရချိန်တွင် သူ့ကောင်မလေးကတော့ ငေး၍ အားကျနေရသည်။

စားသောက်ခန်း၌ လူစုံသောအခါ လူတိုင်းက ၎င်းတို့ နေရသော အခန်းမှာ မည်မျှ အဆင့်မြင့်ကြောင့် စတင် ကြွားဝါးကြတော့သည်။ လီရီချန်းက သူရရှိသော နံပါတ်၁၁ VIPခန်းအား ကျန်းချူယန်ထံ ပေးသော်လည်း ကျန်းချူယန်က ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်။

ရှောင်ချန်သည် ထောင့်တစ်နေရာတွင် ထိုင်နေရင်း မကျေနပ်မှုနှင့် မနာလိုမှုတို့က သူမ၏ ကိုယ်တွင်း၌ တလှိုက်လှိုက် လောင်မြိုက် နေကြသည်။ အခြားသော စုံတွဲများက အဆင့်မြင့် အခန်းများတွင် နေကြရပြီး အချို့ အခန်းများဆိုလျှင် ကိုယ်ပိုင် ရေပူစမ်းပင် ပါလိုက်သေးသည်။ သူမမှာတော့ အဆင့်နိမ့် အခန်းလေးတွင် နေနေရပြီး အများသုံး ရေပူစမ်းအား သုံးနေရသည်။

သူမသည် ခပ်လှမ်းလှမ်းရှိ လီရီချန်း၊ ချူမင်ဟွေ့၊ ယန်ချောင် အစရှိသည့် လူငယ်လေးများအား လှမ်းကြည့်မိပြီး သူမ၏ ရည်းစား ကျန်းထန်ချိုးနှင့် ယခုထက်ထိ သူမအား စကားတစ်ခွန်းမျှပင် မပြောပါသော စိတ်ပျက်စရာ ချန်းဖန်အား တစ်လှည့် ပြန်ကြည့်မိသည်။ ကွာခြားချက်ကား မိုးနှင့်မြေ မကပေ။ သူမအနေနှင့် အကူအညီမဲ့စွာ ခေါင်းယမ်းနေရုံသာ တတ်နိုင်တော့သည်။

ကျန်းထန်ချိုးသည် ရှောင်ချန်၏ စိတ်သောက ရောက်နေမှုအား သတိ ထားမိသောကြောင့် ချန်းဖန်အား ဆွဲခေါ်ကာ ရှောင်ချန် အကြိုက်ဆုံးသော ကျောက်ပုစွန်များ ယူရန် အစားအသောက်တန်းသို့ လျှောက်လာခဲ့သည်။

၎င်းတို့ နှစ်ယောက် အစားအသောက်တန်း ဘက်သို့ သွားနေသည့် အချိန်တွင်ပဲ စားသောက်ခန်းသို့ လျှိုထန်း ရောက်ရှိလာသည်။

"အားလုံးပဲ အခန်းတွေကို ကျေနပ်မှု ရှိကြရဲ့လား အစစ အရာရာ အဆင်ပြေကြတယ် မလား"

လျှိုထန်းက မေးသည်။

"ကျေနပ်မှု ရှိတာထက် ပိုပါတယ် ကျေးဇူးအများကြီး တင်ပါတယ် အစ်ကိုလျှို"

ယန်ချောင်က အပြုံးတစ်ခုနှင့် ပြန်ပြောလိုက်သည်။

လျှိုထန်းသည်ကား ယန်ချောင်းအား အသိအမှတ် ပြုပုံမရ၊ ချူမင်ဟွေ့ကိုသာ တည့်တည့်မတ်မတ် ကြည့်လို့နေသည်။

ဤလူအုပ်စုအတွင်း၌ ချူမင်ဟွေ့ တစ်ယောက်သာ သူ၏ အချိန်ပေးရမှုနှင့် ထိုက်တန်သည်ဟု လျှိုထန်းက ယူဆထားသည်။ ကျောက်ရှန်အား မျက်နှာသာ ပေးရခြင်းမှာလည်း ချူမင်ဟွေ့အား တွေ့လို၍ ဖြစ်သည်။

ချူမင်ဟွေ့သည် လက်ရှိတွင် ထန်လုံ အဖွဲ့အစည်း၏ အရန် တပ်ဖွဲ့ဝင်သာ ဖြစ်သော်လည်း တရားဝင် အဖွဲ့သား ဖြစ်သွားပါက စစ်တပ်ထဲ၌ သူ၏ အဆင့်သည် ဗိုလ်ကြီး အဆင့်ခန့် ရှိပေမည်။ ထန်လုံ အဖွဲ့ဝင်များသည် အဖွဲ့မှ အနားယူသည်နှင့် စစ်တပ်ထဲ၌ အရေးပါ အရာရောက်သော ဗိုလ်ချုပ်ကြီးများ ဖြစ်လာကြသည်မှာ အစဉ်အလာ ဖြစ်သည်။ ချူမင်ဟွေ့လည်း ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"အစ်ကိုလျှိုရဲ့ စီစဉ်မှု‌တွေကို တကယ်ပဲ ကျေနပ်မှု ရှိပါတယ် ကျေးဇူးတင်ပါတယ် အစ်ကိုလျှို"

"မင်းက ဒီလို ပြောလာမှတော့ ကျုပ်လည်း စိတ်သက်သာရာ ရသွားပါပြီ"

အပြုံးကြီးတစ်ခုက လျှိုထန်း၏ မျက်နှာပေါ်၌ နေရာယူလာသည်။

လူတိုင်း စားပွဲ၌ နေရာယူပြီးနောက် ဟင်းပွဲများစွာ ရောက်ရှိလာသည်။ လူတိုင်းက စားသောက်ရင်း အချင်းချင်း စကားစမြည် ပြောလျက် ရှိကြရာ မကြာမီတွင် ခေါင်းစဉ်က ကျန်းပေ့ဒေသ အတွင်းရှိ လတ်တလော ဖြစ်ရပ်များအကြောင်း ရောက်ရှိသွားသည်။

"နောက်တစ်ပတ်ထဲမှာ တတိယ သခင်ကြီးဝေ့က ချူကျိုးမြို့မှာရှိတဲ့ သူဌေးကြီးတွေ အကုန်လုံးကို စုစည်းကြဖို့ ဖိတ်ထားတယ်တဲ့ ကြည့်ရတာ လျှို့ဝှက် ဆန်းကြယ်တဲ့ ဆရာချန်းက နောက်တစ်ကြိမ် ပြန်ပေါ်လာတော့မယ် ထင်တယ်"

လူငယ်တစ်ယောက်က စကားစလိုက်သည်။

"အမှန်ပဲ"

လီရီချန်းက ခေါင်းညိတ်ရင်း ယန်ချောင်ထံ တစ်ချက် လှမ်းကြည့်လိုက်သည်။

"အစည်းအဝေးက ယန်ချောင့်အဖေရဲ့ ဟိုတယ်မှာ လုပ်မှာတဲ့လေ"

"ဟုတ်လား"

လီရီချန်း၏ စကားကြောင့် ချင်ရွှေမြို့ရှိ လူငယ်များက ယန်ချောင့်အား လေးစားစွာဖြင့် လှမ်းကြည့် လိုက်ကြသည်။

"အာ ... ကျုပ်မှတ်မိပြီ ညီလေးယန်ရဲ့ အဖေက ချူကျိုးမြို့မှာ ကြယ်ငါးပွင့် ဟိုတယ်တစ်ခုကို ဦးစီးနေတာပဲ စောစောက လျစ်လျူရှုသလို ဖြစ်သွားရင် စိတ်မရှိပါနဲ့ဗျာ"

လျှိုထန်းက မတ်တတ်ရပ်၍ ဝိုင်တစ်ခွက်နှင့် တောင်းပန်လိုက်သည်။

ယန်ချောင်လည်း ဝိုင်ခွက်ကို ကိုင်ကာ အလျင်အမြန် မတ်တတ်ရပ်လိုက်ရသည်။

"မဟုတ်တာဗျာ ကျွန်တော့် မိသားစုက ဟိုတယ်လေး တစ်ခု ဖွင့်ထားရုံပါပဲ အစ်ကိုလျှိုတို့ မိသားစု လုပ်ငန်းနဲ့ မယှဉ်သာပါဘူး"

"သခင်လေးထန်း ကျွန်မတို့ကို ဆရာချန်း ဆိုတဲ့ လူအကြောင်း ပြောပြပေးပါလား"

မိတ်ကပ်ထူထူနှင့် အမျိုးသမီး တစ်ယောက်က ပြောလာသည်။

"ဟုတ်တယ် သခင်လေးထန်း သခင်လေးက တံခွန်စိုက်ပွဲမှာ ရှိနေခဲ့တာဆိုတော့ ဆရာချန်းကို မြင်ဖူးတယ်မလား"

အခြား‌ လူငယ် တစ်ယောက်က ပြောလိုက်ပြန်သည်။

"အစ်ကိုလျှို ကျွန်တော်တို့ကို ပြောမပြချင်ဘူးလား"

ကျောက်ရှန်ပင် ဆရာချန်း ဆိုသူအကြောင်း ပိုပြီး သိချင်လာသည်။

ကျန်းချူယန်သည်လည်း စားလက်စတူအား ချ၍ လျှိုထန်းအား မျှော်လင့်တကြီး ကြည့်လာသည်။

လူတိုင်းက ဆရာချန်းအကြောင်း ကြားဖူးကြသော်လည်း ဘယ်သူကမှ ဆရာချန်း၏ သရုပ်မှန်အား မသိကြပါ။

"ဟား ... ဟား.."

လျှိုထန်းက ဝိုင်ခွက်ကိုချရင်း ရယ်လိုက်သည်။

"သိုင်းပညာ တံခွန်စိုက်ပွဲတုန်းက ကျုပ်က ဦးလေးနဲ့အတူ လိုက်သွားခဲ့တာလေ ဒါကြောင့် ဆရာချန်းကို မြင်ဖူးခဲ့တယ်"

"သူ့ပုံစံက ဘယ်လိုလဲဟင်"

ကျန့်ယွီမုန့်က စိတ်အားထက်သန်စွာ မေးလိုက်သည်။

"သူက တော်တော်ငယ်တယ် အသက်က ကျုပ်တို့နဲ့ မတိမ်းမယိမ်းလောက်ပဲ ရှိမယ် အရပ်အမောင်း အနေတော်နဲ့ အရမ်း ကြည့်ကောင်းတဲ့ ရုပ်ရည်ရှိတယ်"

လျှိုထန်းက ဖြည်းညင်းစွာ ပြောသည်။

အားလုံးက ‌ကြားလိုက် ရသည်ကြောင့် ကြောင်အ သွားကြသည်။ ဆရာချန်းသည် ငယ်ရွယ်ကြောင်း ကြားထား ကြသော်လည်း သူတို့က သုံးဆယ်ကျော်ခန့်တော့ ရှိမည်ဟု ထင်ခဲ့ကြသည်။

"မယုံနိုင်စရာပဲ လူတစ်ယောက်က အသက်နှစ်ဆယ် ပတ်လည်မှာ ဒီလောက်တောင် အစွမ်း ထက်နေပြီလား" လို့ရှောင်ရှောင်က ပင့်သက် ရှိုက်မိသည်။

"ချီးကျူးစရာပဲ သူက တက္ကသိုလ်ပြီးစ အရွယ်လောက်ပဲ ရှိသေးပေမဲ့ ကျန်းပေ့ဒေသက အင်အား အကြီးဆုံး လူတွေနဲ့ တန်းတူ ကျော်ကြားနေပြီ"

ကျန်းချူယန်က ရေရွတ်မိသည်။

ရုတ်တရက် သူမက ချန်းဖန်အကြောင်း တွေးမိသွားသည်။ ချန်းဖန်သာ ဆရာချန်း ဖြစ်နေပါက သူမသည် လီရီချန်းအား ချက်ချင်းပင် စွန့်ပယ် ပစ်နိုင်ပေသည်။

"ဒါပေမဲ့ ဒါက မဖြစ်နိုင်တာကြီးလေ"

သူမက စိတ်ပျက်စွာ ပြောရင်း သက်ပြင်းချမိသည်။

"ဆရာချန်း"

ထိုနာမည်ကြောင့် ချူမင်ဟွေ့၏ စိတ်ဝင်စားမှုများပင် မြင့်တက်လာသည်။

သူသည် ဤအသက်အရွယ်၌ ထန်လုံ အဖွဲ့အစည်းအား ဝင်ခွင့်ရခဲ့သဖြင့် ကျန်းပေ့ဒေသ၌ အကျော်ကြားဆုံး လူငယ် ဖြစ်ရမည်ဟု ထင်မှတ် ထားခဲ့သည်။ သို့သော် ဆရာချန်းဆိုသည့် လူငယ်၏ စွမ်းဆောင်မှုက သူတတ်နိုင်သည်ထက် များစွာ ကျော်လွန်နေသည်။

"အား ... အစ်ကိုလျှိုက ဆရာချန်းကို လူချင်း တွေ့ခွင့်ရတာ ကံကောင်း လိုက်တာနော်"

ကျန့်ယွီမုန့်သည် သူမ ရင်ဘတ်လေးအား ဖိရင်း အလွန် အားကျ‌နေဟန်ဖြင့် ပြောလိုက်သည်။

"သေစမ်း ဆရာချန်းသာ ငါ့ကောင်‌လေး ဖြစ်ခဲ့ရင် အခုလို ဆိုးဆိုးရွားရွား ဆက်ဆံခံရမှာ မဟုတ်ဘူး"

ရှောင်ချန်သည် သူမ၏ လက်ရှိ ရည်းစားဖြစ်သော ကျန်းထန်ချိုးအား စိတ်ပျက်နေပြီ ဖြစ်သည်။

ရုတ်တရက် ဆရာချန်းဟူသော အမည်ကား သူမအတွက် အလွန် ရင်းနှီး လွန်းနေသလို ခံစားရသည်။ သို့သော် ဘယ်နေရာတွင် ကြားဖူးခဲ့မှန်း သူမ စဉ်းစားမရချေ။

"နေပါဦး  ... အရင်က ငါ ဒီနာမည်ကို ဘယ်နေရာမှာ ကြားဖူးပါလိမ့်"

ရှောင်ချန်က ညည်းညူလိုက်သည်။

"ဆရာချန်းက ဒီလောက် ငယ်တဲ့ အသက်အရွယ်မှာ ဒီလို အောင်မြင်မှုမျိုး ရအောင် ဘယ်လောက်တောင် ကြိုးစားခဲ့ပါလိမ့်"

လီရီချန်းသည်လည်း ငယ်ရွယ်သော ဆရာချန်း၏ စွမ်းဆောင်မှုများကြောင့် အံ့ဩလွန်းစွာ ချီးကျူးမိသည်။

"အင်း ဆရာချန်းရဲ့ အစွမ်းက မင်းတို့အားလုံး အစွမ်းကုန် တွေးနိုင်တာထက်ကို ပိုတယ်"

လျှိုထန်းက အလွန်‌ လေးစားနေသော အပြုံးတစ်ခုဖြင့် ဆက်ပြောသည်။

"အဲနေ့က ကျုပ်ဦးလေးနဲ့ လိုက်သွားမိတာ တကယ် မှန်သွားတယ် ဆရာချန်းလို လူမျိုးကို တွေ့ခွင့်ရခဲ့ ... ခဲ့ ... "

ရုတ်တရက် လျှိုထန်းသည် အစားအသောက်တန်းမှ စားသောက်ခန်းထဲသို့ ပြန်ဝင်လာသော ချန်းဖန်နှင့် ကျန်းထန်ချိုးအား မြင်လိုက်ရသည်။ ဆက်ပြောမည့် သူ၏ စကားလုံးများမှာ လည်ချောင်းထဲ၌ အေးခဲသွားပြီး ပါးစပ် အဟောင်းသားဖြင့် စကား မဆက်နိုင်တော့။

"ချန်း ... ချန်း ... ချန်း"

တူညီသော စကားလုံး တစ်လုံးတည်းအား အထစ်ထစ် အငေါ့ငေါ့ ရေရွတ်မိနေပြီးနောက် လျှိုထန်းသည် စကားပြောခြင်းအား လုံးလုံးလျားလျား ရပ်တန့်ပစ်လိုက်သည်။

***

All Chapters