← Chapters

ရှောင်ချန် ရှော့ခ်ရသွားခြင်း

Vol. 1 Ch. 93

ရှောင်ချန် ရှော့ခ်ရသွားခြင်း

Vol. 1 Ch. 93

"မင်းတို့ ဘာတွေ ပြောနေကြတာလဲ"

ချန်းဖန်က ရှုယုံဖေး ဘေးရှိ ခုံလွတ် တစ်ခုတွင် ဝင်ထိုင်လိုက်ရင်း ထုံထိုင်းနေသော လျှိုထန်းအား လှမ်းကြည့်လိုက်သည်။

"အစ်ကိုချန်း နောက်ဆုံးတော့ ပြန်လာပြီပေါ့"

ရှုယုံဖေးက အားတက်သရော ပြောသည်။

"အစ်ကိုလျှိုက ဆရာချန်းအကြောင်း ပြောပြနေတာ သူပြောတာက ဆရာချန်းက အသက်နှစ်ဆယ် ဝန်းကျင်ပဲ ရှိသေးတယ်တဲ့ ညီမတို့ထက် အများကြီး အသက် မကြီးလောက် သေးဘူးတဲ့ တွေးကြည့် ကြည့်ပါဦး သူက အခုမှ အသက် နှစ်ဆယ်လောက်ပဲ ရှိသေးတယ် ညီမအဖေ ထက်တောင် ပိုပြီး အာဏာရှိနေပြီ သူဘယ်လိုများ လုပ်ခဲ့ပါလိမ့်"

ချန်းဖန်သည် ရှုယုံဖေး၏ ဆံပင်လေးများအား ချစ်စနိုး ဆွဲဖွရင်း ညီမလေး တစ်ယောက်ကို ချော့နေသည့်နှယ် ပြောလိုက်သည်။

"ဆရာချန်းက ဘယ်လောက်ပဲ အစွမ်းထက်ထက် သာမန်လူ တစ်ယောက်ပဲလေ ဖေးဖေးကတော့ အနာဂတ်မှာ အရမ်း အောင်မြင်တဲ့ မင်းသမီး ဖြစ်လာမှာ ဖေးဖေးက ပိုတော်တယ် တကယ်"

"အာ ... ညီမကို ကလေးလေး တစ်ယောက်လို ဆက်ဆံနေတာ ရပ်ပေးလို့ ရမလား တကယ်ပါပဲ ကလေး မဟုတ်ပါဘူးဆို"

ရှုယုံဖေးက ကြောင်ပေါက်စလေး တစ်ကောင် မာန်ဖီနေသကဲ့သို့ နှုတ်ခမ်းဆူ၍ အထွန့် တက်လိုက်သည်။ လျှိုထန်း၏ သူငယ်ချင်း တစ်ယောက်က ချန်းဖန်၏ စကားအား ကြားသော် အထင်သေးစွာ နှာခေါင်း ရှုံ့လိုက်ရင်း..။

"ဆရာချန်းရဲ့ လွှမ်းမိုးနိုင်စွမ်းက ကျန်းပေ့ဒေသ တစ်ခုလုံးကို ပျံ့နှံ့နေပြီ ဘီလီယမ်နဲ့ ချီတဲ့ ပိုက်ဆံ‌တွေကို စိတ်ရှိသလို သုံးပစ်နိုင်တဲ့ အနေအထားပဲ ဒါကို သာမန် မင်းသ‌မီး တစ်ယောက်က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"

ထိုလူက ခေါင်းယမ်းရင်း ဆက်ပြောလိုက်သည်။

"မင်းတို့လို လူတွေက ဆရာချန်းရဲ့ အင်အားကို ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး သာမန် မင်းသမီး တစ်ယောက် မပြောနဲ့ တကယ်လို့ ဆရာချန်းကသာ ဖျော်ဖြေရေး နယ်ပယ်မှာ ရင်းနှီး မြုပ်နှံချင်တယ် ဆိုရင် ကုမ္ပဏီတွေ အကုန်လုံးက ဆရာချန်း အတွက် လမ်းခင်း ပေးကြလိမ့်မယ် မင်းက ဒါကို နားမလည် နိုင်လောက်အောင် တုံးအနေတယ် ဆိုရင် ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လေး နေလိုက်"

ထိုလူငယ်သည် လျှိုထန်းနှင့် ပါလာသော အဖော်ဖြစ်ပြီး ဤဧည့်သည် အုပ်စုထဲ၌ ချန်းဖန်သည် အနိမ့်ပါးဆုံး ဖြစ်ကြောင်း ခန့်မှန်းမိသောကြောင့် ထိုသို့ ပြင်းပြင်းထန်ထန် ပြောရဲခြင်း ဖြစ်သည်။

"ရှင်"

ရှုယုံဖေးနှင့် ကျန်းထန်ချိုးတို့က ထိုလူ၏ ရိုင်းစိုင်းသော မှတ်ချက်များကြောင့် ဒေါသ ထွက်သွားကြသည်။ ကျန်းထန်ချိုးက တစ်ခုခု ပြောတော့မည့် ဆဲဆဲတွင် ရုတ်တရက် ကျယ်လောင်သော ပါးရိုက်သံကြီးအား ကြားလိုက်ရသည်။

"ဖောင်း"

လျှိုထန်းသော ထိုင်ခုံမှ ခုန်ထ၍ ချန်းဖန်အား ရိုင်းစိုင်းစွာ ပြောခဲ့သော လူငယ်အား ပါးရိုက် လိုက်ခြင်း ဖြစ်သည်။

"သခင်လေးထန်း"

လူငယ်သည် မပြောမဆို အရိုက် ခံလိုက်ရခြင်းကြောင့် ကြောင်အသွားပြီး ဘာအတွက်ကြောင့် လျှိုထန်းမှာ ဤမျှ ဒေါသထွက်သွားပြီး သူ့အား ထရိုက်ရသည်ကိုပင် နားမလည်နိုင်ပါ။

"မင်းရဲ့ ရိုင်းစိုင်းမှုတွေကို ငါသည်းခံလာတာ တော်တော်ကြာပြီ အခုချက်ချင်း ဆရာ ... အဲ အစ်ကိုချန်းကို တောင်းပန်လိုက်စမ်း"

သူ့အဖော် လူငယ်အား အပြစ်ပေးနေရင်း လျှိုထန်း၏ အတွင်းစိတ် ထဲတွင်တော့ ကြောက်ရွံ့မှုကြောင့် ကမ္ဘာပျက်နေပြီ ဖြစ်သည်။ ဆရာချန်းက သူ့အား မသိကောင်း မသိနိုင်သော်လည်း သူကတော့ ဆရာချန်းအား ကောင်းကောင်း မှတ်မိပေသည်။

သိုင်းပညာ တံခွန်စိုက်ပွဲ အတွင်း လျှိုထန်းသည် ဦးလေးဖြစ်သူ အနောက်တွင် တစ်ချိန်လုံး ရပ်နေခဲ့ပြီး လင်းဟူအား သုံးကွက်တည်းဖြင့် အနိုင်ယူကာ ရှင်းကျုံးအား တစ်ချက်တည်းနှင့် သတ်ပစ်ခဲ့သော ဆရာချန်း၏ စွမ်း‌ဆောင်မှုများအား ရှင်းရှင်းလင်းလင်းကို မှတ်မိနေသေးသည်။

ထိုဖြစ်ရပ်မှာ အလွန် ကြည့်ကောင်းလှသလို ကျောချမ်းဖွယ်လည်း ကောင်းသောကြောင့် လျှိုထန်း၏ စိတ်ထဲ၌ တက်တူး ထိုးထားသကဲ့သို့ စွဲမြဲနေခဲ့သည်။

"သူ့ရဲ့ ရိုင်းပျမှုအတွက် ကျုပ်က အစား တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ အစ်ကိုချန်း"

လျှိုထန်းသည် သူ၏ အဖော်အား အများရှေ့တွင် ပြင်းထန်စွာ အပြစ် ပေးပြီးနောက် ချက်ချင်းပင် ချန်းဖန်ဘက်သို့ လှည့်ကာ တောင်းပန်လိုက်သည်။

လျှိုထန်း၏ ရုတ်တရက်ကြီး ၃၆၀ ဒီဂရီ ပြောင်းလဲသွားမှုကြောင့် လူတိုင်း ဆွံ့အသွားကြသည်။

ချန်းဖန်သည် ချူမင်ဟွေ့တို့ လူစုနှင့် ပါလာသော သာမန် ကောင်လေး တစ်ယောက်သာ ဖြစ်သည်။ လျှိုထန်းအနေနှင့် ထိုမျှအထိ လေးစားပြနေဖို့ လိုပါရဲ့လား။

'ဖြစ်နိုင်တာက အစ်ကိုလျှိုက အစ်ကိုချူနဲ့ ရင်းနှီးမှုတစ်ခု တည်ဆောက်ချင်လို့ အစ်ကိုချူနဲ့ ပါလာသမျှ လူတွေအပေါ် အရမ်း ကောင်းပြနေတာလား'

ကျောက်ရှန်သည်ပင် လျှိုထန်း၏ ပြောင်းလဲသွားမှုအား အဖြေ မထုတ်နိုင်ဘဲ တွေးမိတွေးရာ တွေးလိုက်သည်။

ချန်းဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ လျှိုထန်းအား လှမ်းကြည့်လိုက်သည်။ ထိုအပြုံးကပင် လျှိုထန်းအား သေလုမတတ် ကြောက်ရွံ့ သွားစေပြီး ဒူးများပင် တုန်ယင် လာသည်။ ထို့နောက် ချန်းဖန်က လက်ဝှေ့ယမ်းလျက် ပြဿနာအား စိတ်ထဲ မထားကြောင်း ပြောလိုက်သည်။

လျှိုထန်းလည်း စိတ်သက်သာရာ ရသွားပြီး ထိုင်ခုံ၌ ပြန်ထိုင်လိုက်သည်။ နောက်ပိုင်းတွင် လျှိုထန်း၏ အမူအရာမှာ ချန်းဖန် ရောက်မလာခင်ကကဲ့သို့ အေးစက်စက် ဖြစ်မနေတော့ဘဲ ချူကျိုးမြို့ရှိ ဧည့်သည့်များအား ဖော်ရွေလွန်းမက ဖော်ရွေနေပြီး ပြုံးလွန်း၍ သွားများ အအေးပက်မည်ကိုပင် စိုးရိမ်ရသည်။

လျှိုထန်း၏ ထူးဆန်းသော ပုံစံကြောင့် ချင်းရွှေမြို့ခံ လူငယ်လေးများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။ အခြားမြို့မှ လာသော ဧည့်သည်များအား လျှိုထန်းတစ်ယောက် ဤမျှလောက် ဖော်ရွေနေခြင်းအား သူတို့အားလုံး တစ်ခါမှ မကြုံဖူးခဲ့ပါ။

တစ်စုံတစ်ရာ လွဲချော်နေသည်ကို လီရီချန်းနှင့် ကျန်းချူယန်တို့က အလျင်အမြန် သတိ ပြုမိလိုက်သည်။ အပန်းဖြေစခန်း ဝင်ပေါက်တွင် ကျောက်ရှန် မိတ်ဆက် ပေးခဲ့သူများထဲ ချန်းဖန် မပါဝင်ဘဲ လျှိုထန်းက ချန်းဖန်၏ မျိုးရိုးနာမည်အား မည်သို့ သိနေသနည်း။

ကျန်းချူယန်က တိတ်ဆိတ်စွာသာ ဆက်၍ စားနေရင်း ချန်းဖန်အား တစ်ချက် ခိုးကြည့်လိုက်သည်။ စက္ကန့်နှင့်အမျှ သူမ၏ သံသယများက ပိုမို ကြီးထွားလာနေပြီး လျှိုထန်း စိတ်ပြောင်း သွားရခြင်း၏ အဓိက အကြောင်းအရင်းမှာ ချန်းဖန်သာ ဖြစ်ရမည်ဟု ထင်နေမိသည်။

"အားလုံးပဲ စိတ်မရှိကြပါနဲ့ ကျုပ်မှာ ကိစ္စတချို့ ရှိနေသေးလို့ အရင် သွားခွင့်ပြုပါဦး အေးအေးဆေးဆေး စားနှင့်ကြပါ"

လျှိုထန်းသည် ချန်းဖန်နှင့် တစ်စားပွဲတည်း ထိုင်စား နေရခြင်းကြောင့် စားသတိ၊ ပြောသတိ၊ ဆိုသတိနှင့် နေနေရသည်မှာ အလွန် စိတ်မသက်မသာ ဖြစ်ရ၍ စားပွဲမှ မြန်မြန် ထလာလိုက်သည်။

ခဏမျှ ကြာပြီးနောက် ချန်းဖန်သည်လည်း စားနေသည်ကို လက်စသတ်ကာ စားပွဲမှ ထလာခဲ့သည်။ ကျန်လူများက သတိမထားမိသော်လည်း ကျန်းချူယန်သည် ထွက်ခွာသွားသော ချန်းဖန်၏ ကျောပြင်အား ကြည့်ရင်း လေးလေးနက်နက် တွေးနေမိသည်။

ချန်းဖန်သည် စားသောက်ခန်းဘက်မှ ထွက်လာပြီး ဥယျာဉ်ခြံအတွင်းရှိ နားနေဆောင်လေး ဘက်သို့ လျှောက်လာ လိုက်သည်။ မျှော်မှန်းထားသည့် အတိုင်းပင် နားနေဆောင် အတွင်း၌ အသင့်စောင့်နေသော လူတစ်ယောက် ရှိနေသည်။

ချန်းဖန် လျှောက်လာသည်ကို မြင်သောအခါ နားနေဆောင် အတွင်းရှိ လူမှာ ကပျာကယာ ထွက်လာပြီး လေးလေးစားစား ဦးညွတ်ကာ ပြောလေသည်။

"ဆရာချန်း ကျုပ်တို့ အပန်းဖြေစခန်းကို လာမဲ့အကြောင်း ဘာလို့ ကြိုတင် အကြောင်း မကြားတာလဲဗျာ အခုတော့ အားနာစရာတွေ ဖြစ်ကုန်ရပြီ"

"ကျွန်တော့်ကို သိတယ်လား"

ချန်းဖန်က တည်ငြိမ်စွာ မေးလိုက်သည်။

"သိုင်းပညာ တံခွန်စိုက်ပွဲနေ့က ကျုပ်ဦးလေးနဲ့ အတူ ကျုပ်လည်း ရှိနေခဲ့ပါတယ် အဲဒါကြောင့် ဆရာချန်းကို ကျုပ်ကိုယ်တိုင် မြင်ခွင့်ရခဲ့တာပါ"

"ဪ သိပြီ"

ထို့နောက် ချန်းဖန်က ပြုံးရင်း..။

"ခင်ဗျားက ကျွန်တော့်ကို သိနေမှတော့ ခုနတုန်းက စားပွဲမှာ ကျွန်တော် ဘယ်သူဆိုတာ ဘာလို့ မပြောလိုက်တာလဲ"

ရာသီဥတုက ဆောင်းရာသီ ဖြစ်သော်လည်း ချန်းဖန် တစ်ခါ ပြုံးလိုက်တိုင်း လျှိုထန်းမှာ ဇောချွေး ပြန်နေရသည်။

"ဆရာချန်းရဲ့ သရုပ်မှန်ကို ဘယ်သူ့ကိုမှ မသိစေချင်သေးဘူးလို့ ကျုပ်ထင်တယ် အဲဒါကြောင့် ကျုပ်က အစ မဖော်ရဲတာပါ"

ချန်းဖန်အား ဆရာချန်းဟု မခေါ်လိုက်မိခင် သေချာ ပြန်စဉ်းစား မိသောကြောင့် လျှိုထန်းက သူ့ဦးနှောက်လေးအား ရွှေချထားချင်စိတ်ပင် ပေါက်သွားရသည်။ ကံသီပေလို့ပေါ့။

လျှိုထန်းသည် ချူကျိုးမြို့ရှိ ဧည့်သည်အုပ်စုအား သေချာ အကဲခတ်မိချိန်တွင် ချန်းဖန်က ခေါင်းဆောင် မဟုတ်ကြောင်း တွေ့ရသည်။ ထို့အပြင် အပန်းဖြေစခန်းသို့ ချန်းဖန် လာရောက်မည့် အကြောင်း သူရော၊ သူ့ဦးလေးပါ သတင်း မရကြ။ ထိုအချက်များအား တွက်ချက် ကြည့်ရသော် ချန်းဖန်သည် အပန်းဖြေ စခန်းသို့ သူရောက်ရှိနေကြောင်း ဘယ်သူ့ကိုမှ မသိစေချင်ပုံ ရသည်။

ရုတ်တရက် လျှိုထန်းက ရှုယုံဖေးအား ချစ်စနိုးဖြင့် စနောက်နေသော ချန်းဖန်၏ ပုံရိပ်အား အမှတ်ရသွားသည်။

'ဆရာချန်းက သူ့ကောင်မလေးနဲ့ အတူ ခရီး ထွက်လာတာပဲ ဖြစ်ရမယ် ဒီအချိန်မှာ ဆရာချန်းက ဘယ်လိုလုပ် အနှောင့်ယှက် ခံချင်ပါ့မလဲ တကယ်လို့ ငါသာ စကားပြော မှားပြီး ဆရာချန်းကို ဒေါသ ထွက်စေခဲ့ရင် ငါ့ဦးလေးတောင် ကယ်နိုင်မှာ မဟုတ်တော့ဘူး'

ထိုသို့အတွေးနှင့် လျှိုထန်းသည် ညစာစားပွဲ၌ သူ မည်မျှ ကံကောင်းသွားကြောင်း သိလာရသည်။

ချန်းဖန်က ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ပြောမနေတော့ပေ။

ချန်းဖန်သည် ထိုကလေးတစ်စုမှ သူ၏ သရုပ်မှန်အား သိသွားမည်ကို သိပ်စိတ်ပူ လှသည်တော့ မဟုတ်။ သို့သော်လည်း မသိသေးသ၍တော့ သူ့အနေနှင့် နားငြီး သက်သာမည် ဖြစ်သည်။

"ဆရာချန်း ကျုပ်ဦးလေးကို ဆရာချန်း ရောက်နေတဲ့အကြောင်း အသိပေးလိုက်ရမလား"

လျှိုထန်းက ဂရုတစိုက် မေးလိုက်သည်။

"လျှိုကောတုန်း"

ချန်းဖန်က ခဏမျှ တွေးပြီးနောက် ခေါင်းညိတ် လိုက်သည်။

"ကောင်းပြီလေ သူ့ကို ဒီကိုလာခဲ့ဖို့ ပြောလိုက်"

"ဟုတ်ကဲ့ ကောင်းပါပြီ"

လျှိုထန်းက သူ့ဦးလေးအား အကြောင်းကြားရန် အပြေးအလွှား ထွက်သွားမည် ပြုပြီးမှ တစ်စုံတစ်ရာအား သတိရသွားကာ ကပျာကယာ ပြန်လှည့်လာသည်။

"ဆရာချန်း အစောပိုင်းက ဆရာချန်းကို ပေးထားတဲ့ အခန်းအတွက် တောင်းပန်ပါတယ် ဆရာချန်း ရောက်လာမယ်မှန်း ကြိုမသိလို့ပါ နံပါတ်၁ VIPခန်းကို ဆရာချန်းအတွက် ပြင်ဆင် ခိုင်းလိုက်ပါ့မယ် ဆရာချန်းကို အပန်းဖြေစခန်းက အညံ့ဆုံး အခန်းမှာ နေရာ ချထားပေးမှန်းသာ ကျုပ်ဦးလေး သိသွားရင် ကျုပ်ကို သတ်လိမ့်မယ်"

"ကောင်းပြီလေ"

ချန်းဖန်က ခေါင်းညိတ်ရင်း..။

"ကျွန်တော့် သူငယ်ချင်း ကျန်းထန်ချိုး အတွက်ပါ အခန်းကောင်းကောင်း တစ်ခု ပြင်ထားလိုက်ပါ"

"ကိစ္စမရှိပါဘူး လုံးဝကို ကိစ္စမရှိပါဘူး"

ချန်းဖန်သည် အပန်းဖြေစခန်း တစ်ခုလုံးအား တောင်းလာလျှင်ပင် သူက ငြင်းရဲမည် မဟုတ်ရာ အခန်း တစ်ခန်းလောက်ကား ဘာမှ မဟုတ်ပေ။

အဆုံးတွင်တော့ ထိုလူငယ်လေးကား ကျော်ကြားသော ဆရာချန်း ဖြစ်သည်။ အကယ်၍ သူတို့သာ ဆရာချန်းအား စိတ်ကျေနပ်စေပါက ဆရာချန်းထံမှ သိုင်းလေး တစ်ကွက်၊ နှစ်ကွက်ခန့် သင်ပေးလာလျှင်လည်း မဆိုးပေ။

ထိုသို့အတွေးနှင့် လျှိုထန်း၏ ခြေလှမ်းများက ပိုမို တက်ကြွလာသည်။ လျှိုထန်း ထွက်သွားသည့်နောက် ချန်းဖန်က လက်နှစ်ဖက်အား နောက်ပစ်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။

"မင်း အခု ထွက်လာလို့ ရပြီ"

နားနေဆောင်၏ သစ်လုံးတိုင် တစ်ခု နောက်မှ လူတစ်ယောက် ထွက်ပေါ်လာသည်။ ထိုလူကား အခြားမဟုတ်။ ကျန်းထန်ချိုး၏ ကောင်မလေး ရှောင်ချန်ဖြစ်သည်။

ရှောင်ချန်သည် စိတ်ခံစားမှု မျိုးစုံ ရောထွေးနေသော မျက်လုံးများနှင့် ချန်းဖန်အား ကြည့်လာသည်။

"နင်က ဆရာချန်း"

"ခုန စကားဝိုင်းကို ကြားပြီးပြီ မဟုတ်ဘူးလား"

ချန်းဖန်က မျက်နှာသေနှင့် ပြန်မေးလိုက်သည်။

ရှောင်ချန်သည် ချန်းဖန်၏ အေးစက်စက် အသံထဲရှိ အေးစက်မှုအား သတိထားမိသောကြောင့် ခြေတစ်လှမ်း ဆုတ်မိသွားသည်။

သူမသည် စားပွဲဝိုင်းတွင်တည်းက လူတိုင်းလိုလို၏ အခန်းများမှာ သူမအခန်းထက် သာနေခြင်းအပေါ် အလွန် မကျေမနပ် ဖြစ်နေခဲ့သည်။ လျှိုထန်း စားပွဲမှ ထသွားသည်ကို မြင်သည်နှင့် သူမလည်း အသာ ထလိုက်လာခဲ့သည်။ သူမက လျှိုထန်း နောက်သို့ လိုက်လာခဲ့ခြင်းမှာ လျှိုထန်းအား ဆွဲဆောင်ပြီး ပိုကောင်းသော အခန်းတစ်ခုသို့ ပြောင်းပေးစေရန် ပြောဖို့ ကြံထားခဲ့သည်။

လျှိုထန်းက သူမအား စွဲလန်း သွားလျှင်လည်း မကောင်းတာတော့ မဟုတ်။ လျှိုထန်းသည်ကား ချင်းရွှေမြို့ လူငယ်မျိုးဆက်တွင် နံပါတ်တစ် ဖြစ်သည်။

သို့သော်လည်း မထင်မှတ်ထားဘဲ ရူးလောက်စရာ လျှို့ဝှက်ချက်ကြီး တစ်ခုအား သူမ သိရှိခဲ့ရသည်။ လျှိုကောတုန်း၏တူ လျှိုထန်းပင်လျှင် ချန်းဖန်အား အစေခံ တစ်ဦးကဲ့သို့ ရိုကျိုးစွာ ဆက်ဆံနေရသည်။

ထိုနှစ်ဦး၏ စကားများကို နားထောင်ပြီးနောက် ‌ရှောင်ချန်သည် 'ဆရာချန်း'ဟူသော ဝေါဟာရအား မည်သည့်နေရာတွင် ကြားဖူးကြောင်း မှတ်မိသွားပြီ ဖြစ်သည်။ လွန်ခဲ့သော သုံးလက CoCoဘားတွင် ကျိုးထျန်ဟောက်၏ ‌လက်အောက်ငယ်သား တစ်ယောက်သည် ချန်းဖန်အား 'ဆရာချန်း'ဟု ခေါ်ခဲ့သည်ကို သူမ ကြားဖူးခဲ့တာ ဖြစ်သည်။

အကြောင်းအရာများ အားလုံးအား ဆက်စပ် တွေးတောပြီးနောက် ရှောင်ချန်သည် ထိတ်လန့်မှုကြောင့် စတင် တုန်ယင်လာသည်။ ကျန်းထန်ချိုး၏ အရင်းနှီးဆုံး အတန်းဖော်၊ တစ်ချိန်က သူမ အမှိုက်ဟု ထင်ခဲ့သူက ကျန်းပေ့ဒေသ တစ်ခုလုံးတွင် ကျော်ကြားနေသော ဆရာချန်းတဲ့လား။

သူမသည် ချန်းဖန်အား ကြည့်ရင်း ပြောစရာ စကားတို့ ပျောက်ရှလို့နေသည်။

ချန်းဖန်သည် သာမန် တီရှပ်တစ်ထည်နှင့် ဂျင်းပင်န်ကိုသာ ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး သူ၏ ချောမောလွန်းသော ရုပ်ရည်ကြောင့်သာ မဟုတ်ပါက ယန်ချောင်၊ လီရီချန်း၊ ချူမင်ဟွေ့တို့နှင့် ယှဉ်နိုင်မည်ပင် မဟုတ်။

သို့သော် ထိုသာမန် ဆန်လွန်းသည်ဟု ထင်ရသော လူငယ်လေးသည် ဘယ်သောအခါမှ ထင်ထင်ပေါ်ပေါ် မနေတတ် သော်လည်း ကျန်းပေ့ဒေသ တစ်ခုလုံး၏ အာဏာသည်တော့ ထိုလူငယ်လေး၏ လက်ဝါးအောက်သို့ ရောက်ရှိနေခဲ့သည်။

"ငါက နင်ထင်သလောက် မငယ်တော့ပါဘူး ဘာလုပ်ရမယ် ဆိုတာ ငါသိပါတယ်"

ရှောင်ချန်က တုန်ယင်နေသော အသံနှင့် ပြောသည်။

"ကျန်းထန်ချိုးရဲ့ သူငယ်ချင်းက ဒီလို လွှမ်းမိုးနိုင်စွမ်း ရှိတဲ့သူမျိုး ဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး မလား"

ချန်းဖန်က အေးစက်စက် ပြုံး၍ မေးလိုက်သည်။ ချန်းဖန်၏ အသံထဲရှိ လှောင်ပြောင်လိုသော အငွေ့အသက်တို့ကို ခံစားမိသောကြောင့် ရှောင်ချန်က ခေါင်းငုံ့လိုက်မိသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရှောင်ချန်သည် ချန်းဖန်၏ အသံအား ကြားလိုက်ရသည်။

"ကျန်းထန်ချိုးက ငါ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပဲ သူ့ကို မနာကျင်ရစေနဲ့"

"ဟုတ်ကဲ့"

ရှောင်ချန်က ကြောက်လန့်စွာနှင့် အလျင်အမြန် ပြန်ဖြေလိုက်သည်။

အတန်ကြာသည် အထိ ဘာသံမှ မကြားရတော့သောကြောင့် ရှောင်ချန်က ခေါင်းမော့ ကြည့်မိသည်တွင် ချန်းဖန်အား မတွေ့ရတော့ပေ။

"ချန်းဖန် ... ဆရာချန်း ... နင်က ငါ့ကို ရှောင်ချိုးနဲ့ အတူရှိဖို့ ခွင့်ပြုပေးတယ်လား"

ရှောင်ချန်က တီးတိုး ရေရွတ်မိသည်။

သူမသည် အစပိုင်းတွင် အစ်ကိုချီနှင့် တွဲနေခဲ့သော်လည်း အစ်ကိုချီက သူမအား ပလစ် သွားသောကြောင့် ကျန်းထန်ချိုးနှင့် အပြင်းပြေ ခဏတဖြုတ် တွဲနေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူမက မထင်မှတ်ဘဲ ကျောက်ခဲများကြားမှ စိန်တစ်ပွင့်အား ရှာတွေ့ခဲ့သည်။

"လီရီချန်းနဲ့ ချူမင်ဟွေ့တို့ ဆိုတာ ဘာမှ မဟုတ်သေးဘူး ဆရာချန်းကမှ တကယ့်လူပဲ ဆရာချန်းရဲ့ အရင်းနှီးဆုံး သူငယ်ချင်း တစ်ယောက် အနေနဲ့ ကျန်းထန်ချိုးရဲ့ အနာဂတ်ကလည်း တောက်ပနေမှာ အမှန်ပဲ"

ထို့နောက်တွင် ရှောင်ချန်၏ မျက်လုံးများသည် ဆုံးဖြတ်ချက် တစ်ခုနှင့်အတူ တလက်လက် တောက်ပလာတော့သည်။

***

All Chapters