← Chapters

ချန်းဖန် နင်ကဘယ်သူလဲ

Vol. 1 Ch. 94

ချန်းဖန် နင်ကဘယ်သူလဲ

Vol. 1 Ch. 94

ချန်းဖန်သည် ရှောင်ချန်အား သတိပေးရခြင်းမှာ ကျန်းထန်ချိုး၏ ကံကြမ္မာအား ပြောင်းလဲရန် ဖြစ်သည်။ ကျန်းထန်ချိုး၏ ရှောင်ချန်အား အသည်းအသန် ဖြစ်နေပုံကြောင့် ချန်းဖန်က ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်။ အကယ်၍ ရှောင်ချန်သာ အနည်းငယ် ဦးနှောက်ရှိပါက အတိတ်ဘဝက ကဲ့သို့ တူညီသော အမှားအား နောက်တစ်ကြိမ် ကျူးလွန်လိမ့်မည် မဟုတ်ပေ။

နေ့လယ်၌ မယုံကြည်နိုင် ဖြစ်နေသော မျက်လုံးပေါင်း များစွာက အခန်းနံပါတ် ၅၇မှ အခန်းနံပါတ်၁ VIPခန်းသို့ ပြောင်းရွေ့သွားသော ချန်းဖန်အား ကြည့်နေကြသည်။ ကျန်းထန်ချိုးပင်လျှင် အခန်းနံပါတ် ၆သို့ ပြောင်းရွှေ့သွားရသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

‌အဖြစ်အပျက်ကြောင့် ကျောက်ရှန်မှာ ဆွံ့အနေရသည်။ သူက ချူမင်ဟွေ့အား စိတ်အချဉ် ပေါက်စွာ ကြည့်၍ မေးမိသည်။

"အဲကောင်က ဘာနောက်ခံမှ မရှိဘူး ဆိုတာ သေချာပါတယ်နော်"

အခန်း နံပါတ်၁ကား လျှိုကောတုန်းအတွက် သီးသန့်ထားသော အခန်းဖြစ်ပြီး မည်သည့် ဧည့်သည်ကိုမှ ထိုအခန်းတွင် ပေးနေလေ့ မရှိပါ။ ကျောက်ရှန်သည် ချန်းဖန်အား ယနေ့ညတွင် ပညာပေးရန် ဆုံးဖြတ် ထားခဲ့သော်လည်း ယခု ဖြစ်ရပ်ကြောင့် တုံ့ဆိုင်း သွားရသည်။

ချူမင်ဟွေ့သည်လည်း ယခုကဲ့သို့ ဖြစ်လာမည်ဟု မျှော်လင့် မထားသောကြောင့် မျက်မှောင်ကြုတ်မိသည်။

လီရီချန်း တစ်ယောက်တည်းသာ တည်ငြိမ်နေသည်။ သူက ပြောသည်။

"အားလုံး ရှင်းလင်းသွားပြီ နေ့လည်စာ စားချိန်တုန်းက လျှိုထန်းရဲ့ ပုံစံက လုံးလုံးလျားလျား ပြောင်းလဲသွားတယ်လို့ ခံစားနေရတာ မထူးဆန်းတော့ဘူး သူက ချန်းဖန်ရဲ့ သရုပ်မှန်ကို ကျိန်းသေ သိရမယ်"

"မင်းပြောတာ တတိယ သခင်ကြီးဝေ့နဲ့ ပတ်သက်တယ်လို့လား"

ချူမင်ဟွေ့က မေးသည်။

လီရီချန်းသည် အခန်းထဲ၌ လက်နှစ်ဖက်ကို ကျောနောက်တွင် ချိတ်လျက် ဟိုဖက်သည်ဖက် လျှောက်လို့နေသည်။

"ငါမသိဘူး ဒါပေမဲ့ လျှိုကောတုန်းရဲ့ ချမ်းသာမှုက တတိယ သခင်ကြီးဝေ့နဲ့ အတူတူလောက်ပဲ ဒီလိုဆိုရင် လျှိုထန်းကလည်း ချန်းဖန်အပေါ် ဒီလောက်ထိ မျက်နှာသာပေးဖို့ မလိုဘူး ချန်းဖန်က တတိယသခင်ကြီးဝေ့နဲ့ သိရုံတင် မကဘဲ ဒုတိယ သခင်ကြီးဝေ့ ဒါမှမဟုတ် ပထမ သခင်ကြီးဝေ့နဲ့ပါ သိနေတာ ဖြစ်ရမယ်"

"ဝေ့မိသားစု တစ်ခုလုံး"

ကျောက်ရှန်က ပင့်သက် ရှိုက်မိသည်။

ဝေ့မိသားစုတွင် တတိယ သခင်ကြီးဝေ့၏ အဆင့်အတန်းနှင့် ကျန်သခင်ကြီး နှစ်ယောက်၏ အဆင့်အတန်းမှာ မိုးနှင့်မြေလို ကွာခြားသည်။

ပထမသခင်ကြီးနှင့် ဒုတိယသခင်ကြီးတို့မှာ ဝေ့မိသားစု၏ ကြီးမားသော ဂုဏ်ပုဒ်နှင့် အမှန်တကယ် ကိုက်ညီသူများ ဖြစ်ကြပြီး ညီအစ်ကို နှစ်ယောက်ပေါင်း၏ အင်အားသည် ကျန်းပေ့ ဒေသတွင် ယှဉ်ပြိုင်နိုင်သူ မရှိသလောက်ပင် ဖြစ်သည်။

"ငါတို့ ... ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်တာ ကောင်းမယ် ထင်တယ်"

ကျောက်ရှန်က ချီတုံချတုံဖြင့် ပြောလာသည်။

"အရမ်း မကြောက်ပါနဲ့ ဒီကိစ္စကို အသေအချာ သိရအောင် စုံစမ်းပြီးမှ ဆုံးဖြတ်လည်း နောက်မကျသေးပါဘူး"

"ကောင်းပြီလေ"

ချူမင်ဟွေ့ကလည်း သဘောတူလိုက်သည်။

"ဝေ့ကျီပင်းက နောက်တစ်ပတ်ထဲမှာ ကျင်းမြို့တော်ကနေ ပြန်လာလိမ့်မယ် ငါ သူ့ကိုလည်း မေးကြည့်ရမယ်"

"ဝေ့ကျီပင်း"

ဝေ့ကျီပင်းသည်ကား အလွန် အ‌ပေါင်းအသင်း မက်၍ ထိန်းမနိုင် သိမ်းမရ ဖြစ်နေသော ကောင်ဆိုးလေး ဖြစ်သည်။ ထို့ကြောင့် သူ့ဖခင် တတိယ သခင်ကြီးဝေ့က သူ့ ဦးလေးရှိရာ ကျင်းမြို့တော်သို့ ပို့ထားခြင်း ဖြစ်သည်။

"သခင်လေးဝေ့လည်း ပြန်လာပြီ ဆိုတော့ ပိုအဆင်ပြေ သွားတာပေါ့"

လီရီချန်း၏ မျက်လုံးများက အရောင် လက်သွားသည်။

"ရှန်းကျွင်းဝမ်ရော ပြန်လာဖို့ မျှော်လင့်မိတယ် ဝမ့်ကျွင်းပါ ပါလာရင် အကောင်းဆုံးပဲ"

"ဝေ့ကျီပင်း ရှန်းကျွင်းဝမ် ဝမ့်ကျွင်း"

ကျောက်ရှန် ပင့်သက် ရှိုက်လိုက်မိသည်။ ထိုလူငယ်လေးများက ကျန်းပေ့ဒေသတွင် လျှိုထန်းထက် မလျော့သော လွှမ်းမိုးနိုင်စွမ်း ရှိသည့် သခင်လေးများ ဖြစ်ကြသည်။

'ချန်းဖန်ရဲ့ နေ့ရက်ကောင်းလေးတွေက အဆုံးသတ်တော့မှာပါ'

ကျောက်ရှန်က အားရစွာ တွေးလိုက်မိသည်။

"ဘုရားရေ ဒီအခန်းက ချူမင်ဟွေ့ရဲ့ အခန်း ထက်တောင် ပိုမိုက်သေးတယ်"

ကျန့်ယွီမုန့်က မနာလိုစွာ ရေရွတ်မိသည်။ ကျန့်ယွီမုန့်၊ ရှုယုံဖေးနှင့် ကျန်းချူယန်တို့က ချန်းဖန်၏ အခန်းသို့ အလည် ရောက်နေကြခြင်း ဖြစ်သည်။ ရှောင်ချန်နှင့် ကျန်းထန်ချိုးတို့လည်း ရှိနေကြသည်။

ရှုယုံဖေးက အခန်း၏ သားနားမှုကြောင့် အံ့ဩစွာဖြင့် သူမပါးစပ်အား လက်လေးဖြင့် အုပ်ထားမိသည်။

ရှောင်ချန်၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားသည်။ သူမက ချန်းဖန်၏ သရုပ်မှန်ကို ဤကလေးတသိုက်အား ပြောပြရန် စိတ်ကူး မရှိပေ။ ကျန်းထန်ချိုးပင်လျှင် ချန်းဖန်၏ သူငယ်ချင်း ဖြစ်နေရုံလေးနှင့် လီရီချန်းနှင့် ချူမင်ဟွေ့တို့ထက် သာလွန်သော အခန်းအား ရရှိခဲ့သည်။

ကျန်းချူယန်သည် မိန်းကလေးများ၏ စကားဝိုင်းအတွင်းသို့ ဝင်မပါပေ။ သူမက လက်ဖက်ရည် တခွက်အား ကိုင်ရင်း လသာဆောင်တွင် ဘက်သို့ ထွက်လာခဲ့သည်။ လသာ‌ဆောင်တွင် ချန်းဖန်သည် ကြိမ်ကုလားထိုင် တစ်လုံးပေါ်၌ မျက်လုံးများ မှိတ်လျက် ထိုင်နေခဲ့သည်။

"အခု ငါ့ကို အမှန်အတိုင်း ပြောပြနိုင်မလား"

ကျန်းချူယန်သည် ခုံလွတ်တစ်လုံးတွင် ထိုင်လိုက်ပြီး ခပ်ပြတ်ပြတ် မေးသည်။

"ဘာကို အမှန်အတိုင်းလဲ"

ချန်းဖန်၏ လေသံက အလွန် ပျင်းရိနေဟန် ရသည်။

"အကုန်လုံးပဲ နင် ချူကျိုးမြို့ကို စရောက်လာတုန်းက နင့်အဖေက သာမန် ဝန်ထမ်းလေး၊ နင့်အမေကတော့ လုပ်ငန်း သေးသေးလေး တစ်ခု လုပ်တယ်လို့ ပြောခဲ့တယ် အခုရော ငါက ယုံနေဦးမယ်လို့ နင် ထင်နေတာလား ... ချူကျိုး မြို့မှာတုန်းက တစ်မြို့လုံးရဲ့ အကောင်းဆုံး အိမ်မှာ နေတယ် အခု ချင်းရွှေမြို့ကို ရောက်တော့လည်း အပန်းဖြေ စခန်းရဲ့ အကောင်းဆုံး အခန်းကို ရတယ် နင်ရဲ့ သရုပ်မှန်ကိုသာ ပြောပြစမ်းပါ ငါက ငတုံး မဟုတ်ဘူးနော်"

"ဘာလို့ ငါက မင်းကို အမှန်အတိုင်း ပြောပြဖို့ လိုတာလဲ"

ချန်းဖန်က မျက်လုံးများ ဖွင့်လာရင်း အေးစက်စွာ မေးသည်။

"ငါတို့က သူငယ်ချင်းတွေလည်း မဟုတ်ဘူး သိတယ်ဆိုရုံ အဆင့်ပဲလေ ထပ်ပြောရရင် ငါအမှန်အတိုင်း ပြောတောင် မင်းယုံမှာ မဟုတ်ဘူး"

"ပြောကြည့်"

ကျန်းချူယန်၏ မျက်နှာက တင်းမာလာသည်။

"ငါက ဆရာချန်းပဲ ငါက ဝေ့မိသားစုခေါင်းဆောင်ရဲ့ နာတာရှည် ရောဂါတစ်ခုကို ကုသပေးခဲ့တယ် ငါက ဟုန်ဂိုဏ်းက လာတဲ့ လင်းဟူကို အနိုင်ယူခဲ့ပြီး ထျန်းဟယ်မြို့က ရှင်းကျုံးကို သတ်ခဲ့တယ် ငါက ချီတောင်တန်း‌ကြားက ယင်နဂါးကြီးကို သတ်ခဲ့ပြီးတော့ တုန်းတူမြို့မှာ ညိုးနွမ်း ခြောက်သွေ့နေတဲ့ ပီအိုနီပင်တွေကို ပြန်ရှင်လာအောင် လုပ်ပေးခဲ့တယ် "

ချန်းဖန်က ဤအတောအတွင်း သူလုပ်ခဲ့သမျှ အရာအားလုံးအား တန်းစီ ရွတ်ပြရင်း ကျန်းချူယန်အား စိုက်ကြည့်လိုက်သည်။

"ဒါက ဝေ့မိသားစု အနေနဲ့ ငါ့ကို စံအိမ် လက်ဆောင်ပေးတဲ့ အပြင် တတိယ သခင်ကြီးနဲ့ ဝေ့ကျီချင်းရဲ့ လေးစားမှုကို ရတဲ့ အချက်ပဲ ဘယ်လိုလဲ ငါ့ရဲ့ ရှင်းပြချက်နဲ့ ပတ်သက်ပြီး ကျေနပ်မှု ရှိရဲ့လား"

ချန်းဖန် စကားပြောနေစဉ် အတွင်း ကျန်းချုယန်၏ မျက်နှာမှာ အရောင်မျိုးစုံ ပြောင်းလျက် ရှိသည်။ နောက်ဆုံးတွင်တော့ ကျန်းချူယန်၏ မျက်နှာမှာ နီရဲသွားပြီး ဒေါသတကြီး အော်လိုက်လေသည်။

"ချန်းဖန် ဒီတစ်ခေါက်တော့ နင်ငါ့ကို မလိမ်လောက်ပါဘူးလို့ မျှော်လင့်ထားတာ ထပ်ပြီး စိတ်ပျက်ရပြန်ပြီ"

ကျန်းချူယန်က ဒေါသအား ဆက်ထိန်း မထားနိုင်တော့ပုံ ရသည်။

"တတိယသခင်ကြီးဝေ့နဲ့ လျှိုထန်းက နင့်ကို အလကားနေရင်း အလကား မျက်နှာသာ ပေးနေတယ်များ ထင်နေလား ငါသာ နင့်နေရာမှာဆိုရင် သူတို့ရဲ့ အကူအညီကို ဘယ်လို ပြန်ပေးဆပ်ရမလဲ ဆိုတာ တွေးနေလောက်ပြီ ဝေ့ကျီချင်းက တကယ်ပဲ နင်နဲ့ မိတ်ဆွေ ဖြစ်ချင်တယ်လို့ ထင်နေတာလား နင့်မှာ နည်းနည်းပါးပါး တိုက်ခိုက်တတ်တာက လွဲရင် ဘာကောင်းကွက်များ ရှိလို့လဲ လျှိုထန်းက ဘယ်လိုလူလဲ ဆိုတာရော နင်မသိဘူးလား"

ကျန်းချူယန်၏ လေသံက အလွန် မာထန်နေပြီး ချန်းဖန်၏ ပေါ့ပေါ့တန်တန် နေနေသည့် ပုံစံကြောင့် အလွန် စိတ်ပျက်နေပုံ ရသည်။

"လျှိုမိသားစုရဲ့ လက်ထဲမှာ မရေမတွက်နိုင်တဲ့ လူတွေရဲ့ အသက်တွေ ရှိနေပြီးသား သူတို့အတွက် လူတစ်ယောက်ရဲ့ အသက်ဆိုတာ ဘာမှ မဟုတ်ဘူး တကယ်လို့ သူတို့သာ နင်က သူတို့အတွက် ဘာမှ အသုံးမဝင်ဘူး ဆိုတာ နားလည်သွားတဲ့ တနေ့ကျရင် နင့်ကို တစ်ခုခု လုပ်မပစ်ဘူးလို့ မပြောနိုင်ဘူး"

ကျန်းချူယန်သည် ငယ်ရွယ်သေးသော်လည်း သူမဖခင်က သူမအား 'ကျင်းခယ်'၏ ပုံပြင်အား ပြောပြရင်း လောကတွင် အလကားရသည့် အရာဟူ၍ မရှိကြောင်း အမြဲ ဆုံးမတတ်သည်။

လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ခန့်က ကျော်ကြားသော စစ်သည်တော် ကျင်းခယ်သည် ယန်ဘုရင်၏ ကျေးဇူးကြောင့် ချစ်သူနှင့် ပေါင်းဖက်ခွင့် ရခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ကျင်းခယ်သည် ယန်ဘုရင်၏ ကျေးဇူးကိုဆပ်ရန် အတွက် ချင်ဘုရင်အား လုပ်ကြံ သတ်ဖြတ်ရမည့် လျှို့ဝှက် အစီအစဉ်တွင် ကျရှုံးမည်မှန်း သိသိနှင့် ပါဝင်ခဲ့ပြီး အသက် အ‌သေခံခဲ့သည်။

ယခု ကျန်းချူယန်က ဒဏ္ဍာရီ ပုံပြင်များသည် လက်တွေ့ ဘဝတွင်လည်း ရှိတတ်ကြောင်း လက်ခံလာမိသလို ခံစားရသည်။ ချန်းဖန်သည် ဝေ့မိသားစု၏ ထောင်ချောက်အတွင်းသို့ တဖြည်းဖြည်း သက်ဆင်းနေပြီး အမှန်တကယ် ထောင်ချောက်မှန်း သိသည့် အချိန်တွင် ရုန်းထွက်ရန် နောက်ကျနေမည်ကို သူမက စိုးရိမ်မိ၏။

ချန်းဖန်သည် ထိုင်နေရာမှ မတ်တတ် ရပ်လိုက်ပြီး ဒေါသထွက်နေသော ကျန်းချူယန်အား မျက်နှာသေနှင့် ကြည့်လိုက်သည်။ ထို့နောက် သူက ပြောသည်။

"ကျန်းချူယန် ... လူတစ်ယောက်၏ အပြုအမူတွေကို မင်းရဲ့ကိုယ်ပိုင် အတွေး တစ်ခုတည်းနဲ့ မဆုံးဖြတ်နဲ့လို့ အရင်ကလည်း ငါ သတိပေးဖူးပါတယ် မင်းက ဘာမှ မသိဘူး ငါ့ရဲ့ ရည်ရွယ်ချက် အစစ်ကိုလည်း မင်းအနေနဲ့ ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ဘူး"

"ကောင်းတယ် အရမ်းကောင်းတယ် နင့်စကားတွေ မောက်မာသလို အလုပ်နဲ့လည်း သက်သေ ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ကျန်းချူယန်သည် ဒေါသတကြီးနှင့် လှည့်ထွက် သွားတော့သည်။ သူမက ချန်းဖန်အား စေတနာနှင့် သတိပေးလို ခဲ့သော်လည်း ချန်းဖန်ကတော့ သူမအား ခွေးရူးတစ်ကောင် ကဲ့သို့ပင် ပြန်ကိုက်‌လိုက်သေး၏။

"ဆရာချန်း ဟုတ်လား ရူးနေတဲ့ သူမှပဲ နင်ပြောတာကို ယုံမယ်"

ကျန်းချူယန်က နှာခေါင်းရှုံ့လျက် ရေရွတ် လိုက်သည်။

ဝုန်းဒိုင်းကြဲလျက် ထွက်သွားသော ကျန်းချူယန်အား ကြည့်၍ ချန်းဖန် တစ်ယောက် ခေါင်းသာ ယမ်းမိသည်။

"ငါအမှန်အတိုင်း ပြောပြရင်တောင် မင်းယုံမှာ မဟုတ်ဘူးလို့ ငါပြောခဲ့သားပဲ ဘာလို့များ ငါ့ဆီကို လာပြီး အချိန်ဖြုန်းချင် နေရတာလဲ"

ချန်းဖန်က သက်ပြင်း ချမိသည်။ ချူကျိုးမြို့မှ အုပ်စုသည် အပန်းဖြေ စခန်း‌၌ နောက်ထပ် တရက်ခန့် အချိန် ဖြုန်းပြီးနောက် ပြန်လည် ထွက်ခွာ လာခဲ့ကြသည်။

အပြန်ခရီးတွင် ကျန်းချူယန်နှင့် လီရီချန်းတို့မှာ မျက်နှာ မကောင်းသလောက် ကျန်းထန်ချိုး ကတော့ လေလေး တချွန်ချွန်နှင့် အလွန် အူမြူးနေဟန် ရသည်။

ရှောင်ချန်က သူ့အား အရင်ကထက် ပိုပြီး ဂရုစိုက်လာသည့် အပြင် ယခု ခရီး၌ အလွန် ‌ပျော်ရွှင်ခဲ့ရကြောင်း ပြောသဖြင့် ကျန်းထန်ချိုးလည်း ကျေနပ်နေတာ ဖြစ်သည်။

နောက်ဆုံး စာမေးပွဲကြီးက ရက်အနည်းငယ် အတွင်း ကျရောက်လာခဲ့ပြီး စီယင်းရှာက အဆင့်တစ် နေရာအား အမှတ်များစွာနှင့် အောင်မြင်ခဲ့သည်။ ချန်းဖန်သည်တော့ သာမန် အဆင့်ဖြင့်သာ အောင်သည်ဆိုရုံ အောင်ခဲ့သည်။

ချန်းဖန်သည် ထျန်ရှန်းဟိုတယ်၌ ပြုလုပ်မည့် ညစာစားပွဲသို့ တက်ရောက်ရန် ချူကျိုးမြို့တွင် ရက်အနည်းငယ် ဆက်နေခဲ့သည်။ ပြီးလျှင်တော့ သူက စီကျွေးသို့ ပြန်ရန် တွေးထားသည်။

" ပြန်လည် မွေးဖွားလာပြီးတည်းက ငါ့မိဘတွေနဲ့ တစ်ကြိမ်တောင် မတွေ့ရသေးဘူး"

ချန်းဖန်က ရေရွတ်လိုက်သည်။

၂၀၀၈ခုနစ်၊ ဇန်နဝါရီလ ၂၇ရက်နေ့တွင် ကျန်းပေ့ဒေသ တစ်ခုလုံးရှိ အာဏာရှင် သူဌေးကြီးများ အားလုံးတို့သည် ညစာ စားပွဲ ခန်းမ၌ စုစည်းကြသည်။ ထျန်းရှန်း ညစာစားပွဲ နေ့ကား နောက်ဆုံး ရောက်ရှိလာပြီ ဖြစ်သည်။

***

All Chapters