ညစားစားပွဲ စတင်ခြင်း
Vol. 1 Ch. 95
ညစာ စားပွဲနေ့တွင် ချူကျိူးမြို့လေးသည် ယခင်က မကြုံစဖူး ရုတ်ရုတ်သဲသဲ စုစုရုံးရုံးဖြင့် သက်ဝင် လှုပ်ရှားနေခဲ့သည်။
ထိုအထဲတွင် ချင်းရွှေမြို့၊ ထျန်းဟယ်မြို့၊ ကျန်းကျိုးမြို့၊ ဟိုင်ကျိုးမြို့နှင့် တုန်းကျန်းမြို့တို့မှ အသီးသီးသော စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ရမည် ဖြစ်စည်။ အလွန် စည်ကားနေသော အခြေအနေက ချန်းဖန် မျှော်မှန်းထား သည်ထက်ပင် ပိုနေသေးသည်။
ချန်းဖန် ထျန်ရှန်း ဟိုတယ်၏ အပေါက်ဝသို့ ရောက်သောအခါ မြောက်များလှစွာသော တန်ဖိုးကြီး ကားများ ပါကင် ထိုးထားသည်ကို တွေ့လိုက်ရသည်။ Mercedes S, Audi A8, BMW 7, Lexus LS, Porsche 911 အစရှိသဖြင့် အမျိုးအစား စုံလင်လှသည်။
ဈေးအနည်းဆုံးသော ကားပင်လျှင် ယွမ်တစ်သန်းခန့် တန်သည်။ ကားလိုင်စင် နံပါတ်များအရ ကြည့်ရလျှင် ဟူတုန်းပြည်နယ် အပြင်ဘက်ရှိ သူဌေးကြီးများပင် ညစာစားပွဲသို့ တက်ရောက်ကြောင်း သိနိုင်သည်။
"ဘုရားရေ… ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ"
ဟိုတယ်အပြင်ဘက်ရှိ လူတစ်ယောက်က ပြောလိုက်သည်။
"မဟုတ်မှလွဲ... ငါတို့မြို့ကို သူဌေးရှန်း ပြန်ရောက်နေတာများလား.... ဒီလောက်များတဲ့ သူဌေးတွေ အခုလို စုရုံးနေတာမျိုး တစ်ခါမှ မကြုံဖူးဘူး"
နောက်ထပ်တစ်ယောက်က မေးစေ့အား ပွတ်ရင်း ခန့်မှန်းလိုက်သည်။
ထိုနှစ်ယောက်အနီးမှ ဖြတ်သွားသော ကျန့်ယွီမုန့်က နှာခေါင်း ရှုံ့ရင်း ရေရွတ် လိုက်သည်။
"ဘာမှ နားမလည်တဲ့ တောသားတွေ...."
မည်သို့ပင်ဆိုစေ ညစာစားပွဲ အကြောင်း ကြိုတင် သတင်းရထားသော သူမသည်ပင် လက်တွေ့၌ ရောက်ရှိလာသည့် လူပမာဏကြောင့် အံ့ဩရသည်။ ဤညစာစားပွဲ၌ တက်ရောက်ကြသော သူဌေးကြီးများ၏ အဆင့်အတန်းနှင့် ပမာဏကား သူမ မျှော်မှန်း ထားသည်ထက် ကျော်လွန် နေခဲ့သည်။
"ယန်ယန် ကြည့်ရတာ ငါတို့တော့ ဆရာချန်းရဲ့ လွှမ်းမိုးနိုင်စွမ်းကို လျှော့တွက်မိပုံပဲ"
ကျန်းချူယန်မှာ ပြန်မဖြေအားသေး၊ အံ့ဩမှုကြောင့် မှင်တက်နေဆဲ ရှိသည်။ ရှူယုံဖေးကတော့ တိတ်ဆိတ်နေသည်။
သူမ၏ မသိစိတ်၌ အတွေးလေး တစ်ခု ပေါ်လာခဲ့သည်။ ဆရာချန်း ဆိုသူက ကျန်းပေ့ဒေသ၏ အချမ်းသာဆုံး ရှန်းရုန်ဟွာထက်ပင် ပို၍ လွှမ်းမိုးနိုင်စွမ်း ရှိနေသလို ခံစားရသည်။
"မုန့်မုန့် ရောက်လာပြီလား.... ကိုယ် အဖေ့ဆီကနေ ဖိတ်စာ အပို တချို့ အတင်း တောင်းပန်ပြီး တောင်းထားတယ်"
ယန်ချောင်က ဟိုတယ် ဝင်ပေါက်မှနေ၍ ကျန့်ယွီမုန့်တို့အား လက်ဝှေ့ ယမ်းပြလိုက်ရင်း ပြောသည်။
"ထျန်ရှန်းဟိုတယ်ရဲ့ အဓိက ခန်းမက ဒီလောက်ကျယ်တာ လူတစ်ထောင် လောက်တော့ အသာလေး ဆန့်တယ် မဟုတ်ဘူးလား...."
ကျန့်ယွီမုန့်က နှုတ်ခမ်းဆူ၍ ပြောသည်။ သူမ ဆိုလိုချင်သည်က လက်မှတ်လိုလို့လား ဟူ၍။
"မမလေးမုန့်မုန့်ရယ် .... ဒီဟာက သာမန် ညစာစားပွဲလေး မဟုတ်ဘူးလေ"
ယန်ချောင်က မသက်မသာ ပြုံး၍ ရှင်းပြသည်။
"ဒီပွဲကို ကျန်းပေ့ဒေသမှာ ရှိတဲ့ သူဌေးတွေ အကုန်လုံးထဲက တစ်ဝက်ကျော်လောက် တက်ကြတယ်။ တခြားဒေသက သူဌေးတွေကို ထားလိုက်ဦး အဆိုးဆုံးကတော့ သူဌေးအများစုက ဖိတ်စာမရှိဘဲ လာကြတာပဲ အဖေ့အနေနဲ့ အဲဒီ့ သူဌေးတွေကို အတင်းအကျပ် တားဖို့ကလည်း အဆင်မပြေလှဘူး။ အဲဒါနဲ့ အဖေက ဒီကိစ္စကို ဖြေရှင်းဖို့ တတိယ သခင်ကြီးကို မေးတော့ တတိယ သခင်ကြီး ပြောတာက အနည်းဆုံး ယွမ်သန်းတရာ ပိုင်ဆိုင်မှု ရှိတဲ့သူတွေကိုပဲ ဝင်ခွင့် ပြုရမယ်တဲ့လေ"
"သန်းတစ်ရာ...."
ကျန့်ယွီမုန့် ရှောခ့်ရသွားသည်။ သူမ မိသားစု၏ ပိုင်ဆိုင်မှုကို ပြန်တွက်ကြည့် မိသောအခါ သူမကိုယ်သူမ ဤဟိုတယ် အတွင်းရှိ လူများထဲတွင် အဆင်းရဲဆုံး ဟုပင် ခံစားမိသွားသည်။
"အထဲကို ဝင်ကြရအောင်"
ကျန်းချူယန်က ဆော်ဩ လိုက်သည်။
သူမတို့က ဟိုတယ်ထဲသို့ ဝင်ခဲ့ကြသည်တွင် နေရာတိုင်း၌ မြို့အသီးသီးမှ သူဌေးကြီးများက မြှောက်လုံး ပင့်လုံးများနှင့် အချင်းချင်း နှုတ်ဆက် နေကြသည်ကို တွေ့လိုက်ရသည်။
"သူဌေးကျန်း တွေ့ရတာ ဝမ်းသာတယ်ဗျာ.... လွန်ခဲ့တဲ့ရက်က ခင်ဗျား ကျင်းမြို့တော်မှာ ယွမ်သန်းရာချီတန်တဲ့ မြေနေရာ တစ်ခု ဝယ်ခဲ့တယ်ဆို ဟုတ်လား...."
"အမှန်ပဲ ဒါက ဆရာချန်း စီစဉ်တဲ့ပွဲလေ ကျုပ်အနေနဲ့ ဝယ်ဖို့ လိုတာပေါ့.... ကျုပ်ဆိုလိုတာကို ခင်ဗျား နားလည်ပါတယ်။ သူဌေးရှု ခင်ဗျားရဲ့ ကုမ္ပဏီလည်း တရားဝင် ဖွင့်လှစ်တော့မယ်ဆို ဒါဖြင့်ရင် ခင်ဗျားက စီအီးအို ဖြစ်တော့မှာပေါ့ ကြိုပြီး ဂုဏ်ပြုပါတယ်ဗျာ...."
"ဒီနေ့ခေတ်ကြီးမှာ ကုမ္ပဏီလေး တစ်ခုက ဘာမှ မဟုတ်ပါဘူး ကျုပ်က အခုမှ အခြေစတည်မှာ ဆိုတော့ ခင်ဗျားရဲ့ လုပ်ငန်းတွေနဲ့ ယှဉ်ရင် ကျုပ်ကုမ္ပဏီက ပဲစေ့သာသာပါပဲ ဟား... ဟား... "
"ဒီနေရာကြီးက ငါနဲ့ လုံးဝ မသက်ဆိုင် သလိုတောင် ခံစားလာမိတယ်"
ကျန့်ယွီမုန့်က မျက်မှောင်ကျုံ့ရင်း ညည်းညူလိုက်သည်။
"ဒါက စီးပွားရေး လောကက ထိပ်တန်း သူဌေးတွေရဲ့ စုစည်းတဲ့ ပွဲကြီးလေ ထောင့်တနေရာကို သွားပြီး အေးအေးဆေးဆေး စောင့်ကြည့် နေကြတာပေါ့ ငါတို့အလှည့်က နောင်ဆယ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆယ် ကြာရင် ရောက်လာလိမ့်မယ်"
ကျန်းချူယန်က တည်ငြိမ်စွာ ပြောသည်။
သို့နှင့် ဆယ်ကျော်သက် တစ်စုသည် ဘူဖေးစားပွဲသို့ သွားကာ တစ်ခုခု စားရင်း အခြေအနေကို စောင့်ကြည့် နေကြသည်။
"ယန်ယန် ... လီရီချန်းနဲ့ ချူမင်ဟွေ့တို့လည်း ဒီပွဲကို လာတယ် ...."
ကျန့်ယွီမုန့်သည် ကျန်းချူယန်၏ လက်မောင်းအား ဆွဲရင်း ဝင်ပေါက်သို့ ညွှန်ပြလိုက်သည်။
"သူတို့က ဘယ်လို ဝင်ခွင့်ရတာလဲ...."
ရှုယုံဖေးက မေးသည်။
"သူတို့ ငါ့ကို မက်ဆေ့ခ်ျ ပို့ထားတာတော့ ဝေ့ကျီပင်းနဲ့ အတူ လိုက်လာခဲ့မယ်တဲ့"
ကျန့်ယွီမုန့်က ပြန်ဖြေသည်။
"ဝေ့ကျီပင်း.... သခင်လေးဝေ့က ပြန်ရောက်နေပြီလား...."
ကျန်းချူယန် မျက်မှောင်ကျုံ့လိုက်သည်။ ဝေ့ကျီပင်းကာ သတင်းဆိုးဖြင့် ကျော်ကြားသော ဝေ့မိသားစုမှ သခင်လေး ဖြစ်သည်။ သူ့ကျေးဇူးကြောင့်ပင် ဝေ့မိသားစု၏ ဂုဏ်သတင်း ထိခိုက် ရသည်မှာလည်း အခါခါပင်။ အနှီ သခင်လေးဝေ့သည် ရိုင်းစိုင်း၊ မောက်မာပြီး အလွန် ရန်လိုတတ်သည်။ သူနှင့် နှိုင်းယှဉ်ရသော် လီရီချန်းနှင့် ချူမင်ဟွေ့တို့အား ယဉ်ကျေးသော အမျိုးကောင်း သားလေးများ အဖြစ် ယူဆနိုင်သည်။
"သူတင် မဟုတ်သေးဘူး ဝမ့်ကျွင်းပါ ပြန်လာတယ် အခုဆို ငါတို့မှာ ရှန်းကျွင်းဝမ် တစ်ယောက်ပဲ လိုတော့တယ်"
ကျန့်ယွီမုန့်က စိတ်လှုပ်ရှားစွာ ပြောသည်။
ကျန်းချူယန်မှယ မနှစ်မြို့စွာ ခေါင်းသာ ယမ်းမိသည်။
ဝမ့်ကျွင်းသည် ဝေ့ကျီပင်းလောက် နာမည်ဆိုး မရှိသော်လည်း သိပ်ထူးလှသည်တော့ မဟြတ်။ ဒီပုပ်ထဲက ဒီပဲများသာ။
ချန်းဖန်သည် ခန်းမဝင်ပေါက်သို့ ရောက်သောအခါ အနည်းငယ်တော့ အံ့အား သင့်သွားသည်။ ခန်းမ အတွင်းတွင်ကား မြို့အသီးသီးမှ သူဌေးများသည် သူခန့်မှန်း ထားသည်ထက် ပိုနေခဲ့သည်။ ဒါတောင် အချိန်က စောသေး၍ အချို့လူများက မရောက်ကြသေး။ ခန်းမ တစ်ဝက်ခန့်က လွတ်နေသေးသည်။
လွန်ခဲ့သော ရက်အနည်းက အပန်းဖြေ စခန်းတွင် သူနှင့် လာတွေ့သော လျှိုကောတုန်း၏ စိတ်လှုပ်ရှား နေသည့် မျက်နှာကြီးအား ပြန်မြင်ယောင် မိသည်။ ကြည့်ရသည်မှာ လျှိုကောတုန်းသည် ကောင်းကင်ရေစင် အကြောင်း သိထားပြီး ဖြစ်ပုံရသည်။ 'ကောင်းကင်ရေစင်' ဆိုသည်မှာ ဝိညာဉ်ချီရေအား ခေါ်ဝေါ်ခြင်း ဖြစ်သည်။ သူက ဝိညာဉ်ချီရေ ဟူသော နာမည်ဖြင့် မရောင်းချ လိုသောကြောင့် တတိယသခင်ကြီးမှ 'ကောင်းကင်ရေစင်' ဟူ၍ ခေါ်ဝေါ်ရန် အကြံပေးခဲ့ခြင်း ဖြစ်သည်။
ချန်းဖန်သည် ဖိတ်စာအား အပေါက်စောင့်များ ထံတွင် စစ်ဆေးခံပြီးနောက် ခန်းမထဲသို့ ဝင်လာခဲ့သည်။
"သခင်လေးချန်း… မတွေ့ရတာ ကြာပြီနော်...."
ရုတ်တရက် မိန်းမ တစ်ယောက်က နှုတ်ဆက်လာသည်။ သူမကား ယန်ယွင်ဖြစ်သည်။
"အင်း မတွေ့တာကြာပြီ"
ချန်းဖန်လည်း ခေါင်းညိတ် ပြ၍ ပြန်လည် နှုတ်ဆက်လိုက်သည်။
"အဘိုးကြီး ကျန်းနဲ့အတူ လာတာလား...."
"ဟုတ်တယ် အဘိုးကျန်းက ရှင်ကိုယ်တိုင် ဒီညစာစားပွဲကို စီစဉ်တယ်လို့ သိရကတည်းက မဖြစ်မနေ လာဖို့ ဆုံးဖြတ်လိုက်တာပဲ"
ဟန်ယွင်သည် သူမ၏ ခန္ဓာကိုယ် အလှအား ကောင်းစွာ ပေါ်လွင်စေသော အနီရောင် ဝတ်စုံအား ဝတ်ဆင်ထားပြီး ဖဲပြားတစ်ခုဖြင့် ဆံပင်များကို စုသိမ်း ထုံးဖွဲ့ထားသောကြောင့် ကျက်သရေရှိစွာ လှပလို့နေသည်။
သူမသည် သုံးလလုံးလုံး ပျောက်ကွယ်နေသည့် သူမရှေ့ရှိ လူငယ်လေးအား ရတနာ တစ်ပါးသဖွယ် စိုက်ကြည့်လို့ နေသည်။ နောင်တ တချို့နှင့် ပျော်ရွှင်မှုတို့က သူမနှလုံးသားထဲ ရောယှက်လို့ နေသည်။
သူမက ချန်းဖန်အား ဆွဲဆောင်နိုင်မှု မရှိခဲ့ခြင်းအပေါ် နောင်တရနေတာ ဖြစ်ပြီး ထိုလူငယ်လေးအား ပြန်တွေ့ရတော့လည်း ဝမ်းသာမိသည်။ မတွေ့ရသည့် လအနည်းငယ် အတွင်း ထိုလူငယ်လေးက ကျန်းပေ့ဒေသတွင် အာဏာ အရှိဆုံး သူပင် ဖြစ်လာခဲ့သည်။
ယခုဆိုလျှင် ချန်းဖန်ကား အဘိုးကြီး ကျန်းထက်ပင် ပို၍ လွှမ်းမိုးနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ချန်းဖန်အနားသို့ တစ်လှမ်းချင်း တိုးလာရင်း ဟန်ယွင်၏ မျက်လုံးများက ဆောင်းဦးတွင် ပထမဆုံး ဖူးပွင့်သော ပန်းများကဲ့သို့ ရွှန်းစိုနေခဲ့သည်။
ချန်းဖန်သည် အလွန်အမင်း စိတ်မသက်မသာ ဖြစ်မှုအား ခံစားနေရပြီး တဖြည်းဖြည်း နီးကပ်လာသော မိန်းမလှလေးအား တွန်းထုတ်လိုက်ကာ နောက်သို့ ဆုတ်လိုက်သည်။
"အစ်မယန်.... အစ်ကိုချန်း...."
ရှုယုံဖေးသည် ငိုမဲ့မဲ့လေး ဖြစ်သွားပြီး သူမ မျက်နှာအား လက်ဖြင့် အုပ်လိုက်သည်။ ရှုယုံဖေး၏ ဘေးတွင်တော့ ကျန်းချူယန်၊ ကျန့်ယွီမုန့်၊ လီရီချန်း၊ ချူမင်ဟွေ့နှင့် အခြားသော သူငယ်ချင်းများ ရှိနေကြသည်။
ဟန်ယွင်သည်လည်း ရုတ်တရက် မှင်တက် သွားပြီးနောက် ချန်းဖန်အား ချန်ရစ်ကာ ထိုအုပ်စုထံသို့ လျှောက်သွား လိုက်သည်။
"ယန်ယန် မုန့်မုန့် ဖေးဖေး ... အားလုံး ဒီကို ရောက်နေကြတာလား...."
"ကျွန်မတို့က ဆရာချန်းရဲ့ ပုံစံကို တွေ့ဖူးချင်လို့လေ ချင်းရွှေမြို့က လျှိုထန်း ပြောတာတော့ ဆရာချန်းက အသက် နှစ်ဆယ်ဝန်းကျင်လောက်ပဲ ရှိတယ်တဲ့"
ယန်ယွင်သည် နားလည်ရခက်စွာ ပြုံးလိုက်ပြီး ချန်းဖန်အား တိတ်တဆိတ် လှမ်းကြည့် လိုက်သည်။
ထိုအချိန်တွင်ပဲ မောက်မာလှသော အသံတစ်သံက ထွက်ပေါ်လာသည်။
"မင်းက ချန်းဖန်လား...."
ချန်းဖန်လည်း လှည့်ကြည့် လိုက်သည်တွင် သူ့အား အလိုမကျစွာ ကြည့်နေသော လူငယ်လေး တစ်ယောက်အား မြင်လိုက်ရသည်။
"မင်းက...."
ချန်းဖန်က မျက်မှောင်ကျုံ့ရင်း မေးလိုက်သည်။
"မင်းက ငါ့ကိုမသိဘူး"
လူငယ်၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေး သွားပြီးနောက် ပြောသည်။
"ငါ့နာမည်က ဝေ့ကျီပင်း ငါ့အဘိုးက ဝေ့ဖူ၊ ငါ့အဖေက ဝေ့ချန်ဖုန်း၊ ငါ့ဝမ်းကွဲအမက ဝေ့ကျီချင်းပဲ"
ဝေ့ချန်ဖုန်း ဆိုသည်ကား တတိယ သခင်ကြီးဝေ့ ဖြစ်သည်။ တတိယ သခင်ကြီးတွင် နာမည် နှစ်မျိုးရှိပြီး ဝေ့ဆန်းယဲ့ ဆိုသည်က ငယ်မည် ဖြစ်ကာ ဝေ့ချန်ဖုန်း ကတော့ အများသိ အမည် ဖြစ်သည်။
"ငါဘယ်သူလဲ ဆိုတာ အခု သိပြီလား...."
"စိတ်မရှိပါနဲ့ သခင်လေးဝေ့ ချန်းဖန်က ချူကျိုးမြို့ကို ရောက်တာ မကြာသေးဘူးလေ သူက စီကျွေး မြို့နယ်လေးက လာတာ ဒါ့ကြောင့် သခင်လေးဝေ့ကို မသိတာနေမယ်"
လီရီချန်းက ဝင်ရောက် ရှင်းပြလိုက်သည်။
"ဪ စီကျွေးမြို့နယ်ကလား.... "
ဝေ့ကျီပင်းက အထင်သေးစွာ ပြုံးလိုက်သည်။
"ဟိုတလောကလည်း ဝူကျွင်းကျဲ့လို့ ခေါ်တဲ့ စီကျွေးမြို့နယ်က တောသား တစ်ယောက်က ငါနဲ့ မိတ်ဆွေဖွဲ့ချင်လို့ ကြိုးစား လာသေးတယ်။ ငါသူ့ကို ဝက်ခြေထောက်နဲ့ လုပ်ထားတဲ့ အသားညှပ် ပေါင်မုန့်တစ်ခု ပေးပြီး မောင်းထုတ်လိုက်တယ်" [T/N– သူတောင်းစားလို ဆက်ဆံလိုက်တဲ့ သဘော ဆိုလိုတာ။]
"ငါက တောသားတွေနဲ့ အပေါင်းအသင်း မလုပ်ဘူး အော်ဂလီဆန်စရာ ကောင်းတယ်"
ချန်းဖန်၏ မျက်လုံးများက စက္ကန့်ပိုင်း အတွင်း အေးစက်သွားသည်။
ဝူကျွင်းကျဲ့သည် စီကျွေးမြို့နယ်ရှိ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်၏ သားဖြစ်ပြီး ချန်းဖန် ငယ်စဉ်က သိကျွမ်းခဲ့သော သဘောကောင်းသည့် သူငယ်ချင်းလည်း ဖြစ်သည်။
ချန်းဖန်သည် ဝိုင်တခွက် ယူကာ မော့သောက် လိုက်သည်။ သူ၏ အမူအရာမှာ ပကတိ တည်ငြိမ် အေးဆေးလျက် ရှိသော်လည်း အမျိုးအမည် မသိသော အေးစက်ခြင်း တစ်မျိုးက လေထုထဲ၌ ဖုံးလွှမ်း သွားသည်။
***