← Chapters

မင်းအဖေ ခေါ်နေတယ်

Vol. 1 Ch. 96

မင်းအဖေ ခေါ်နေတယ်

Vol. 1 Ch. 96

ဝေ့ကျီပင်း၏ မှတ်ချက်ကြောင့် ရှုယုံဖေး၏ မျက်နှာမှာ အေးစက်သွားကာ အော်လိုက်သည်။

"ဝေ့ကျီပင်း လျှောက်ပြောနေတာတွေ ရပ်လိုက်တော့...."

ဝေ့ကျီပင်းက မဲ့ပြုံး ပြုံးလိုက်ပြီး ဆက်မပြောတော့ပေ။

ရှုယုံဖေးသည် တတိယ သခင်ကြီးပင် မယှဉ်နိုင်သော ရှုအောင်း၏ သမီးဖြစ်သည်။ ဝေ့ကျီပင်းကလည်း ဒါကို သိသည်။ သူက နာမည်ဆိုးဖြင့် ကျော်ကြားသော်လည်း နောက်ခံ မိသားစု မရှိသည့် သူ့ထက် အားနည်းသော လူများကိုသာ ရွေး၍ အနိုင်ကျင့် တတ်ခြင်း ဖြစ်သည်။

'ဟမ့်.... ရှုအောင်းရဲ့ သမီး ဆိုတော့ရော ဘာဖြစ်လဲ......... ငါသာ ဆရာချန်းနဲ့ မိတ်ဆွေ ဖွဲ့နိုင်ခဲ့ရင် ရှုအောင်းကိုတောင် ဂရုစိုက်စရာ မလိုတော့ဘူး'

ဝေ့ကျီပင်းက တွေးလိုက်တာ ဖြစ်သည်။ သူ့ဖခင်က သူ့အား ကျင်းမြို့တော်မှ ပြန်ခေါ် ထားသည်ကလည်း ဆရာချန်းနှင့် မိတ်ဆက် ပေးရန် မဟုတ်ပါလား။

သားအဖနှစ်ဦးက သိပ်မတည့်ကြသော်လည်း တတိယ သခင်ကြီးက သားဖြစ်သူအား အခွင့်အရေး တချို့ ပေးချင်သေးပုံ ရသည်။

ဝေ့ကျီပင်းသည် ချန်းဖန်အား တည့်တည့် စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်းက ငါ့အစ်မနဲ့ သိတယ်ဆို.... ငါ့အစ်မက မင်းကို ယွင်ဝူတောင်ထိပ်က စံအိမ်ကိုတောင် ပေးထားတယ် ဆိုပဲ ကြည့်ရတာ ငါ့အဘိုးတော့ အရူးလုပ်ခံလိုက်ရပြီ ထင်တယ်"

"ဟင်.... အဲဒီစံအိမ်က တတိယ သခင်ကြီးဝေ့ ပိုင်တာ မဟုတ်ဘူးလား...."

ကျန့်ယွီမုန့်က ဝင်မေးသည်။

"မင်းတို့ မသိကြလို့ပါ ဒီစံအိမ်ကို ငါ့အဖေက အဘိုးဆီ လွှဲပေးထားတာ ကြာပြီ ငါ့အမက အဘိုးဆီမှာ တောင်းပန်ပြီး စံအိမ်ကို တောင်းထားတာ ဖြစ်ရမယ်။ ဒါပေမဲ့ ဒီလိုမျိုး အပြင် လူတစ်ယောက်ကို ပြီးစလွယ် ပေးပစ်လိုက်ရအောင် ငါ့အစ်မက တုံးအ နေလိမ့်မယ်လို့ ငါလုံးဝ ထင်မထားခဲ့ဘူး"

ဝေ့ကျီပင်းက ညည်းညူလိုက်သည်။

ထိုစံအိမ်သည် ချူကျိုး တစ်မြို့လုံးတွင် ဈေးအကြီးဆုံး ဖြစ်ပြီး ဝေ့ကျီပင်း ကိုယ်တိုင်လည်း မျက်စိ ကျခဲ့ဖူးသည်။ သို့သော် သူ့ဖခင်က ထိုစံအိမ်အား အဘိုးဝေ့သို့ ပေးခဲ့ရာ သူ့အနေနှင့် တောင်းခွင့်မသာခဲ့ပေ။

'ဝေ့ကျီချင်းက စံအိမ်ကို အဘိုးဆီကနေ တောင်းပြီး အပြင်လူကို ပေးပစ်ရဲတယ်။ အဘိုးနဲ့ ပြန်တိုင်ပြောရမယ်....'

ဝေ့ကျီပင်းက စိတ်ထဲတွင် တေးမှတ် ထားလိုက်သည်။

တတိယ သခင်ကြီးနှင့် ချန်းဖန်အကြားတွင် မည်သည့် ပတ်သက်မှုမှ မရှိသည်ကို အတည်ပြုပြီးနောက် လီရီချန်းနှင့် ချူမင်ဟွေ့တို့က စိတ်သက်သာရာ ရသွားသည်။

"မင်းက ငါ့အစ်မရဲ့ ကာကွယ်မှုအောက်မှာ ရှိနေတယ် ဆိုမှတော့ ဒီတကြိမ်တော့ လွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ ငါ့အစ်မကို အဘိုးက အပြစ်ပေးတဲ့အခါ မင်းဘာလုပ်မလဲ စောင့်ကြည့်နေမယ်"

ဝေ့ကျီချင်းသည် လှောင်ပြုံး တစ်ခုနှင့် ချန်းဖန်အား ပြောလိုက်သည်။

ကျန့်ယွီမုန့်နှင့် အခြား လူငယ်များသည်လည်း ချန်းဖန်အား ကြိတ်၍ လှောင်ပြောင် နေကြသည်။

ဟန်ယွင်သည်တော့ အဖြစ်အပျက်အား စောင့်ကြည့်ရင်း ခေါင်းသာ ယမ်းမိသည်။ တတိယ သခင်ကြီး ကိုယ်တိုင်ပင်လျှင် ချန်းဖန်အား လေးလေးစားစား ဆက်ဆံရသည်က သူမမျက်မြင် ဖြစ်သည်။ သို့သော် ယခုမူ မောက်မာလှသော ဝေ့သခင်လေးက မဆင်မခြင် ပြုမူနေသည်။

"ဂရုစိုက်ပြီး နေပေတော့ ငတုံး သခင်လေးရေ.... မင်းသာ ဆရာချန်းကို စော်ကားမိရင် မင်းအဖေတောင် ကယ်နိုင်မှာ မဟုတ်ဘူး"

ဟန်ယွင်က တီးတိုး ရေရွတ်လိုက်သည်။

ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ် နေခဲ့သော ချန်းဖန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

"မင်းအဖေတောင် ငါ့ရှေ့မှာ ဒီလိုလေသံနဲ့ မပြောရဲဘူး မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ...."

ချန်းဖန်၏ စကားများက အနီးတစ်ဝိုက်ရှိ လူစုအား ဆွံ့အ သွားစေသည်။

ကျန့်ယွီမုန့်က ချန်းဖန်အား စိတ်ပျက်စွာ ကြည့်သည်။ ဤအကောင်ကား ဝေ့သခင်လေးအား ထိုသို့ ပြောရဲသည်။ ဝေ့သခင်လေးသည် စိတ်မထင်လျှင် မထင်သည့် အတိုင်း ပြုမူတတ်သူ ဖြစ်ပြီး ယခုချက်ချင်း ချန်းဖန်၏ မျက်နှာ ချောချောအား ဖျက်ဆီးပစ်ရန်ပင် တုံ့ဆိုင်းနေမည် မဟုတ်ပါ။

ကျန်းချူယန်သည်လည်း စိတ်မသက်မသာ ဖြစ်သွားရသည်။ ချန်းဖန်သည် တတိယ သခင်ကြီး၏ သားဖြစ်သူအား ဤကဲ့သို့ ရန်စရဲသည်ကို ကြည့်လျှင် ချန်းဖန်နှင့် တတိယ သခင်ကြီးကြား၌ ကောင်းမွန်သော ဆက်ဆံရေး မရှိနိုင်ပါ။ ကျန်းချူယန်သည် ဖြစ်နိုင်လျှင် ချန်းဖန်၏ ပါးစပ်အား တိပ်နှင့်ပင် ပိတ်ထားလိုက်ချင်သည်။

'တစ်စက္ကန့်လောက် ပါးစပ်လေး ပိတ်ထားလို့ မရဘူးလား.... ဘာလို့ ကိုယ့်သေတွင်း ကိုယ်တူးချင်နေတာလဲ....'

လီရီချန်းက လက်ပိုက်လျက် ချန်းဖန် ဒုက္ခရောက်မည့် အချိန်အား ပီတိ တဖွားဖွားနှင့် ကြည့်နေသည်။ သူက ဝေ့ကျီပင်းအား ချန်းဖန်ဆီသို့ ခေါ်လာစဉ် ကတည်းက ထိုနှစ်ယောက် တွေ့လိုက်သည်နှင့် လောင်စာအား မီးရှို့ ပေးလိုက်သလို ပေါက်ကွဲလိမ့်မည်မှန်း ကြိုသိခဲ့သည်။

ဝေ့ကျီပင်း၏ မျက်လုံးများက အေးစက်လို့နေသည်။

"မင်းက ငါ့ကို ဒီလို လေသံနဲ့ ပြောရဲတယ်.... ငါ့ရဲ့ သည်းခံနိုင်စွမ်းကို လာမစမ်းသပ်နဲ့ ငါ့အမ လာမကယ်နိုင်ခင် ငါမင်းကို တစ်ခုခု လုပ်ပစ်မိလိမ့်မယ် ငါသာ ဆန္ဒရှိရင် မင်းကို အခု ဒီနေရာမှာပင် တစစီ ဖြစ်သွားအောင် လုပ်လိုက်လို့ရတယ်"

"တကယ်လား.... ကြိုးစားကြည့်လေ"

ချန်းဖန်က ပြုံး၍ ပြောလိုက်သည်။

ဝေ့ကျီပင်း၏ မျက်နှာမှာ အရုပ်ဆိုးလောက်အောင် ရှုံ့မဲ့သွားသည်။ ချူကျိုးမြို့တွင် နေခဲ့သမျှ ကာလပတ်လုံး ဘယ်သူကမှ သူ့အား ထိုသို့ ရန်မစရဲခဲ့ပေ။

ထို့နောက် သူက ချန်းဖန်အား အံကြိတ်ကာ ကြည့်ရင်း...။

"ကောင်းတယ်.... ငါ ချူကျိုးမြို့က ထွက်သွားတာ နှစ်နှစ်တောင် မပြည့်သေးဘူး ဒီက လူတချို့က ဝေ့ကျီပင်းက ဘယ်လို လူမျိုးလဲ ဆိုတာ မေ့သွားကြပုံပဲ"

ရန်ပွဲတစ်ခု၏ အရိပ်အယောင်ကို ခံစားမိသဖြင့် ကျန်းချူယန် မျက်နှာပျက်သွားသည်။

"သခင်လေးဝေ့ အခုချိန်က သခင်လေးရဲ့ အဖေအတွက် အတိမ်းအစောင်း ဖြစ်လို့မရတဲ့ အခြေအနေပါ တကယ်လို့ ဒီနေ့ ညစာစားပွဲသာ အဆင်ပြေ‌ပြေနဲ့ ပြီးမသွားဘူး ဆိုရင် သခင်လေးရဲ့ အဖေအတွက် မကောင်းနိုင်ဘူး"

လီရီချန်းက အလျင်အမြန် ဝင်ရောက် ဖျန်ဖြေ လိုက်သည်။

ဝေ့ကျီပင်းသည် ခေါင်းမာ၍ စဉ်းစားဉာဏ်မရှိ‌သော သခင်လေးတယောက် ဖြစ်ပြီး ဒေါသအလျောက် ချန်းဖန်နှင့် ပြဿနာ အကြီးအကျယ် ဖြစ်ပေလိမ့်မည်။ တတိယ သခင်ကြီးဝေ့သည် ဤညစာစားပွဲ၏ စီစဉ်သူ ဖြစ်နေသောကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ရပ်၏ လက်သည်မှာ သားဖြစ်သူ ဖြစ်ကြောင်း သိသွားလျှင် ဝေ့ကျီပင်းအတွက် လွယ်မည် မဟုတ်။

လီရီချန်းက ဆက်ပြောလာသည်။

"ချန်းဖန်... မင်းက အရူးပဲ.... သခင်လေးဝေ့ကို ဒီလို ဆက်ဆံရလား.... ဒါက တတိယ သခင်ကြီးကိုပါ လေးစားမှု မရှိတာနဲ့ အတူတူပဲ.... အခုချက်ချင်း ပြန်တောင်းပန်...."

"ဟုတ်တယ် ချန်းဖန် တောင်းပန်လိုက်ပါ"

ကျန်းချူယန် ကလည်း ဝင်ပြောလာသည်။

ကျန်းချူယန် တွေးသည်မှာ ချန်းဖန်နှင့် ဝေ့ကျီချင်းတို့က မည်မျှ ရင်းနှီးနေပါစေ၊ ဝေ့ကျီပင်းကား ဝေ့ကျီချင်း၏ မောင်ဖြစ်သည်။ အ‌ဓိက ကျသည့် အချိန်များတွင် သွေးက ရေထက် ပျစ်သည်။ ချန်းဖန်က ဝေ့ကျီပင်းနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

"ကောင်လေး.... ငါမင်းကို နောက်ဆုံး အခွင့်‌အရေး ပေးမယ် အခုချက်ချင်း ငါ့ကို ပြန်တောင်းပန်ရင် ဒီကိစ္စကို မရှိခဲ့သလို သဘောထားပေးမယ်"

ဝေ့ကျီပင်းက ချန်းဖန်အား မမှိတ်မသုန် စိုက်ကြည့်ရင်း သွားကြားထဲမှ ထွက်သော လေသံနှင့် ပြောသည်။

ချန်းဖန်သည် ဒေါသ ထွက်နေသော ဝေ့ကျီပင်းအား လုံးလုံးလျားလျား လျစ်လျူရှု ထားသည့်အလား မတုန်မလှုပ် ရှိနေဆဲ။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။

"ကောင်းပြီလေ ငါလည်း မင်းကို နောက်ဆုံး အခွင့်အရေး ပေးမယ် အခုချက်ချင်း ဒူးထောက်ပြီး ငါ့ကို ပြန်တောင်းပန်၊ မဟုတ်ရင်တော့ မင်းရဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်"

ချန်းဖန်၏ စကားများကို ကြားသော် ဝေ့ကျီချင်း၏ မျက်လုံးများမှာ ဒေါသကြောင့် မီးပွင့်တော့မတတ် နီရဲသွားသည်။ အနီးအနားရှိ လူများသည်လည်း အံ့ဩလွန်း၍ ရုပ်သေ ဖြစ်သွားကြပြီး ယန်ချောင်နှင့် ကျန့်ယွီမုန့်တို့သည် မယုံကြည်နိုင်စွာ ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။

ရှုယုံဖေးပင်လျှင် ဘာလုပ်ရမှန်း မသိစွာ ဘေးကျပ်နံကျပ် ဖြစ်သွားသည်။

"အစ်ကိုချန်း ဘာလို့ အရမ်း ခေါင်းမာရတာလဲ...."

ကျန်းချူယန် တစ်ယောက်သာ တည်တည်ငြိမ်ငြိမ် ရှိနေသည်။ သို့သော် သူမ၏ မျက်လုံးများထဲတွင် စိတ်ပျက်မှုများအား အတိုင်းသား မြင်နေရသည်။

ရုတ်တရက် သူမက အပန်းဖြေစခန်းတွင် ချန်းဖန် ပြောခဲ့သည့် စကားများအား အမှတ်ရ သွားသည်။ လုံးဝ မဖြစ်နိုင်မှန်း ထင်ရှား နေပါလျက်နှင့် ချန်းဖန်က သူ့ကိုယ်သူ ဆရာချန်း ဟူ၍ပင် ပြောလိုက်သေး၏။ ချန်းဖန်၏ ဆင်ခြင်တုံတရား မရှိမှုနှင့် မိုက်မဲမှုတို့ကား အလွန် ဆိုးရွားလှသည်။

ဝေ့ကျီပင်းက ဒေါသတကြီးနှင့် ချန်းဖန်အား ခုန်အုပ်တော့မည့် ဆဲဆဲတွင် ချူမင်ဟွေ့က ဝင်ဆွဲရင်း သတိပေးလာသည်။

"အစ်ကိုဝေ့ အခုက အချိန်ကောင်း မဟုတ်သေးဘူး။ သူ့ကို ခဏ လွှတ်ထားလိုက်ပါ။ အခုနေသာ ညစာစားပွဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားရင် တတိယ သခင်ကြီးက အစ်ကိုဝေ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး"

ထို့နောက် ချူမင်ဟွေ့သည် ချန်းဖန်အား အေးစက်စွာ လှမ်းကြည့်လိုက်ရင်း...။

"ငတုံးကောင်.... မင်းက ဘာကောင်မလို့လဲ.... သတ္တိရှိရင် ဟိုတယ်အပြင် ရောက်တဲ့အခါ မျှမျှတတ ပြိုင်ကြတာပေါ့။ မင်းကို ခေါင်းမထောင်နိုင်အောင် တက်နင်းပြမယ်...."

ထန်လုံ အဖွဲ့အစည်း၏ ယာယီ တပ်ဖွဲ့ဝင် တစ်ယောက် အနေနှင့် ချူမင်ဟွေ့က သူ၏ ခန္ဓာကိုယ် သန်စွမ်းမှုနှင့် တိုက်ခိုက်နိုင်စွမ်း အပေါ် အလွန် ယုံကြည်မှုရှိသည်။

"မင်းက...."

ချန်းဖန် နှာခေါင်း ရှုံ့လိုက်သည်။

"နှစ်တစ်သန်း ကြာရင်တောင် ဖြစ်လာမှာ မဟုတ်ဘူး"

"ငါလည်း ချူမင်ဟွေ့ဘက်က ပါမယ်"

လီရီချန်းလည်း ဒေါသအား ဆက်မထိန်း ထားနိုင်တော့ဘဲ ဝင်ရောက် ပြော‌ဆိုလိုက်သည်။

"မလုံလောက်သေးဘူး"

"ငါရောပဲ ချူမင်ဟွေ့ ဘက်က ပါမယ်"

ဝေ့ကျီပင်းက ကြေညာလိုက်သည်။

"အားနည်းလွန်းတယ်...."

ချန်းဖန်က သဘောမတူကြောင်း ပြသရန် ခေါင်းယမ်း လိုက်သည်။

လူတိုင်းက ချန်းဖန်၏ မောက်မာလှသော စကားများကြောင့် ပို၍ စိတ်ပျက်လာ‌ကြပြီး နောက်ဆက်တွဲ ဖြစ်လာမည့် ကိစ္စများမှာ သိပ်ပြီး အခြေအနေ မကောင်းလှကြောင်း ခန့်မှန်းမိကြသည်။

"ဟုတ်လား.... ငါဆိုရင်ရော ဘယ်လိုလဲ...."

ရုတ်တရက် အသံတစ်သံက အနောက်ဘက်မှ ထွက်ပေါ်လာသည်။

လူတိုင်းက အလျင်အမြန်ပဲ နောက်သို့ လှည့်ကြည့်လိုက်ကြသည်တွင် သားသားနားနား လူငယ်တစ်စုအား ‌တွေ့လိုက်ရသည်။ အုပ်စု၏ ခေါင်းဆောင်မှာ ဆယ်ကျော်သက် လူငယ်လေး တစ်ယောက် ဖြစ်သည်။

"ဝမ့်ကျွင်း.... သူက ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ...."

ဘေးလူ တစ်ယောက်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"သူက ဘယ်သူလဲ...."

ခန်းမထောင့်၌ ဖြစ်ပွားနေသော လူငယ်များ၏ ပဍိပက္ခအား လူအများက စိတ်ဝင်တစား အကဲခတ် နေကြသည်။ ထိုအကဲခတ် နေသူများထဲတွင် အများစုက ချူကျိုးမြို့က မဟုတ်ပေ။

"ဝမ့်မိသားစုက သခင်လေးလေ သူ့အဘိုးက တက္ကသိုလ် တစ်ခုကို ဦးစီး ဖွင့်လှစ်ထားတယ် သူ့အဖေက အစိုးရဘက်မှာ အရေးပါတဲ့ ရာထူးကြီးပိုင်းကလေ သူ့ဦးလေးကတော့ ကျန်းပေ့ဒေသမှာ အချမ်းသာဆုံး သူဌေးကြီး ရှန်းရုန်ဟွာပဲ"

တစ်ယောက်က ပင့်သက်ရှိုက်၍ ဝင်ရှင်းပြလိုက်သည်။

"ဝမ်ရုန် လုပ်ငန်းစုရဲ့ ပိုင်ဆိုင်မှုတွေမှာ ဝမ့်မိသားစုက ရှယ်ယာတွေလည်း ပါတယ်လေ"

"ဒါဆို သူက ရှန်းရုန်ဟွာရဲ့ တူပေါ့...."

ချူကျိုးမြို့ခံ မဟုတ်သူများက ကြားလိုက်ရသည်ကြောင့် ရှောခ့်ရသွားကြသည်။

ပြိုင်ဘက်များစွာ‌‌ ပေါ်ထွက်လာသော်လည်း ချန်းဖန်က စိတ်ဝင်စားပုံမရ။

"မလုံလောက်သေးဘူး"

အလွန် မောက်မာလှသော စကားများ ချန်းဖန်၏ ပါးစပ်မှ ထွက်လာသည်ကို ကြားလိုက်ရသောအခါ လူတိုင်းက သက်ပြင်းသာ ချလိုက်မိကြသည်။

ထိုလူငယ်လေးကား ချူမင်ဟွေ့၊ လီရီချန်းနှင့် ဝေ့ကျီပင်းတို့အား ရန်စရသည်မှာ အားမရ၍ ဝမ့်ကျွင်းကိုပင် ရန်စနေသည်။ လူအများစုက ချန်းဖန်တစ်ယောက် ထျန်ရှန်း ဟိုတယ်မှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ပါ့မလား ဆိုတာကိုပင် သံသဃ ဝင်မိသည်။

"ဟား... ဟား... လီရီချန်းပြောတာ မှန်တယ် မင်းက အသားလွတ် မောက်မာနေတဲ့ ကောင်ပဲ"

ဝမ့်ကျွင်းက ရယ်ကာ ပြောလာသည်။ သူက ချန်းဖန်အား ငနုံငအ တယောက်ကား ကြည့်သကဲ့သို့ ကြည့်လိုက်သည်။ ချန်းဖန်တွင် ဝေ့ကျီချင်း၏ ကျောထောက် နောက်ခံ ရှိသည်ဟု သူက ကြားထားသော်လည်း ထိုကောင်လေးကား အဆုံးသတ်ကို မတွေးတောဘဲ အခြားသူ၏ အကူအညီဖြင့် အသားလွတ် မောက်မာနေသည်။

ကျန်းချူယန်သည် ချန်းဖန်အား ကူညီရန် အတွေးကို လက်လွှတ်လိုက်ကာ မျက်လုံးများ မှိတ်လိုက်မိသည်။ ရှုယုံဖေးသည်လည်း ကျန်းချူယန်၏ နောက်၌ စိုးရိမ်စွာ မတ်တတ်ရပ်ရင်း ချန်းဖန်အား ကူညီရန် သူမအဖေအား သွားခေါ်ဖို့ပင် စဉ်းစားမိသည်။

ဝေ့ကျီပင်း၏ မျက်လုံးများက အလွန် အေးစက်နေပြီး အချိန်မရွေး ချန်းဖန်အား ထထိုးတော့မည့် ပုံစံနှင့် ဖြစ်သည်။

ရုတ်တရက် ချန်းဖန်၏ ဖုန်းက မြည်လာခဲ့သည်။

"ဘာလဲ.... အကူအညီတွေ ဘာတွေ ခေါ်မလို့လား...."

ဝေ့ကျီပင်းက အထင်သေးစွာ ပြောလာသည်။

"တစ်ခါတည်း မင်းသူငယ်ချင်းကို အသေအချာ မှာလိုက်ဦး အကူအညီ များများ ခေါ်ခဲ့ဖို့"

ချန်းဖန်သည် ဖုန်း၏ မျက်နှာပြင်အား ကြည့်လိုက်သည်တွင် ပေါ်နေသော နာမည်ကြောင့် အနည်းငယ် ရယ်ချင်သွားသည်။ ထို့နောက် သူက ဝေ့ကျီပင်းအား ကြည့်ကာ အတည်အတံ့ ပြောလိုက်သည်။

"အခု ငါ့ကို ဖုန်းခေါ်နေတာက မင်းအဖေ"

***

All Chapters