လူတိုင်းမှာ သူတို့အတွက် ကံအကောင်းဆုံးနေ့ဆိုတာ ရှိတတ်ကြတယ်
Vol. 1 Ch. 97
"ဘာ...."
ဝေ့ကျီပင်းသည် စက္ကန့်ပိုင်းမျှ ကြောင်သွားပြီးနောက် ချန်းဖန်က သူ့အား အရူးလုပ်သည်ဟု ယူဆကာ အလွန် ဒေါသ ထွက်သွားသည်။ ဝေ့ကျီပင်း၏ မျက်နှာမှာ အလွန် အရုပ်ဆိုးသွားပြီး ဒေါသတကြီးနှင့် ချန်းဖန်အား ထိုးရန် ရွယ်လိုက်သည်။
ထိုအချိန်တွင် ခန်းမဝင်ပေါက်၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
"သူတို့တွေ လာနေကြပြီလား...."
"ဟိုမှာ... တတိယ သခင်ကြီးဝေ့၊ ရှုအောင်း၊ လျှိုကောတုန်း၊ ဆရာချန်းက ဘယ်မှာလဲ.... ဘယ်တစ်ယောက်က ဆရာချန်းလဲ...."
"ဆရာချန်းကိုလည်း မတွေ့ဘူး.... ဒီပွဲကို မလာတာများလား...."
ကျန်းပေ့ဒေသ၏ သူဌေးကြီးများ တစ်စုတစ်စည်းတည်း ရောက်ရှိလာမှုက လူတိုင်းလိုလို၏ အာရုံအား အလျင်အမြန်ပဲ ရရှိသွားသည်။ ဆယ်ကျော်သက်လေးများ၏ ရန်ပွဲထက်စာလျှင် သူဌေးကြီးများကသာ ယနေ့ ညစာစားပွဲ၏ အဓိက ဖြစ်သည်။
ဝေ့ကျီပင်းသည် လက်သီးအား ပြန်ရုတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ကာ ချန်းဖန်အား အသေသတ်လိုနေသော အကြည့်မျိုးဖြင့် ကြည့်လာသည်။
"ဒီကိစ္စက ဒီမှာတင် မပြီးသေးဘူး နောက်မှ ဆက်ရှင်းတာပေါ့...."
ထို့နောက် ဝေ့ကျီပင်းသည် ချန်းဖန်နှင့် ဝေးရာသို့ ထွက်ခွာသွားသည်။
ချူမင်ဟွေ့သည်လည်း မျက်မှောင်ကျုံ့လျက် ဝေ့ကျီပင်းနောက်သို့ လိုက်ပါသွားသည်။ ဝမ့်ကျွင်းက နှုတ်ခမ်းတွန့်ရုံ ပြုံးကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"မင်းက ဝေ့ကျီပင်းလို လူကို ရန်စရဲမှတော့ မင်းအတွက် ဆုတောင်း ပေးလိုက်ပါတယ်"
ဝမ့်ကျွင်းသည်လည်း ထွက်ခွာသွားသည်။ ဝေ့ကျီပင်းနှင့် ချန်းဖန်အကြားရှိ ပဍိပက္ခမှာ ဝမ့်ကျွင်းအတွက် လုံးဝ အရေးမပါပေ။ ဝမ့်ကျွင်း၏ ညစားစားပွဲ တက်ရခြင်း အကြောင်းအရင်းကား ကျန်းပေ့ဒေသ တစ်ခုလုံး၏ အနာဂတ်နှင့် သက်ဆိုင်သည်။ ဝမ့်ကျွင်းကား မူလကပင် အလွန် မျှော်မှန်းချက် ကြီးသူ ဖြစ်သည်။
လီရီချန်းသည်လည်း မျက်မှန်ကို ဟန်ပါပါ ပင့်တင်လိုက်ရင်း ခပ်လှမ်းလှမ်းသို့ ထွက်ခွာသွားသည်။ လက်တွင် သွေးတစ်စက်မှ မစွန်းခဲ့သော်လည်း သူက ရည်ရွယ်ချက်အား ပြည့်မြောက် သွားပြီ ဖြစ်သည်။
လီရီချန်းတို့ ယောက်ျားလေး အုပ်စု ပြန်လည် ထွက်ခွာသွားတော့မှ ကျန်းချူယန်က အေးစက်စွာ ပြောသည်။
"ဆရာချန်းက အရမ်း အစွမ်းထက်တယ် ဝေ့မိသားစုနဲ့ ဝမ်မိသားစုက သခင်လေးတွေတောင် သူ့ကို မထိရဲဘူး ကျန်းပေ့ ဒေသထဲမှာ ဆရာချန်းနဲ့ တန်းတူ အာဏာရှိတဲ့သူမှ ရှိပါ့မလား ဆိုတာတောင် သံသဃ ဖြစ်မိတယ်"
"ဆရာချန်း.... ဘယ်မှာလဲ ဆရာချန်း...."
ကျန့်နယ်မုန့် ဇဝေဇဝါနှင့် မေးလိုက်သည်။
"သူက ငါတို့ ရှေ့တည့်တည့်မှာပဲ ရပ်နေပါတယ်"
ကျန်းချူယန်က လက်ပိုက်လိုက်ရင်း ချန်းဖန်အား တည့်တည့် စိုက်ကြည့်ကာ လှောင်ပြောင်လိုဟန် အပြည့်နှင့် ရွဲ့ပြောလိုက်သည်။
ခဏကြာပြီးနောက် ကျန့်ယွီမုန့်က ကျန်းချူယန် ရွဲ့ပြောနေခြင်း ဖြစ်ကြောင်း နားလည်သွားကာ သူမပါးစပ်အား လက်ဖြင့် ပိတ်၍ တခိခိ ရယ်လိုက်သည်။
"သူသာ ဆရာချန်းဆိုရင် ငါက ရှန်းရုန်ဟွာပဲ...."
ကျန့်ယွီမုန့်၏ စကားကြောင့် ချန်းဖန်က ခေါင်းသာ ယမ်းမိသည်။
"အကိုချန်း ခုန ဖုန်းဆက်တာ ဘယ်သူလဲဟင်.... ဘာလို့ ဝေ့ကျီပင်းရဲ့ အဖေလို့ ပြောလိုက်တာလဲ...."
ရှုယုံဖေးက မေးသည်။
"အဲဒါက တကယ်ကို တတိယသခင်ကြီးဝေ့ ဆက်တာ၊ ငါသူ့ကို မညာဘူး"
ရှုယုံဖေးသည် ချန်းဖန်၏ အတည့်အတံ့ ပြောနေဟန်ကြောင့် ချစ်စဖွယ် ရယ်လိုက်ပြီးနောက် ပြောလာသည်။
"အစ်ကိုချန်း... နောက်နေတာ ရပ်တော့"
"ဟမ့်.... သိပ်မကြာခင် ဒုက္ခရောက်တော့မဲ့ သူက လျှောက်နောက် နေနိုင်သေးတယ် "
ကျန်းချူယန်က ချန်းဖန်အား ကြည့်ကာ စိတ်ပူခြင်း တစ်ဝက်၊ ဒေါသ တစ်ဝက်ဖြင့် ပြောသည်။
"ဝေ့ကျီပင်းရဲ့ ဒေါသကို ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာ တွေးထားသင့်တယ် ဝေ့ကျီပင်းက နင် သွားရှုပ်လို့ ရတဲ့သူ မဟုတ်ဘူး။ တစ်ခါတုန်းက သူ့ကို ပမာမခန့် လုပ်တဲ့ ကောင်လေး တစ်ယောက်ကို ခါးကျိုးသွားတဲ့ အထိ ရိုက်နှက်ခဲ့ဖူးတယ်"
"တကယ်လား...."
ချန်းဖန်၏ မျက်လုံးများထဲ၌ အေးစက်သော အလင်းရောင် တစ်ချက် လက်သွားသည်။
"ဒီလိုဆိုရင်တော့ ဝေ့ကျီပင်းကသာ ငါ့ဒေါသကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတာ တွေးထားသင့်တယ်"
ကျန့်ယွီမုန့်သည် ချန်းဖန်၏ စကားကြောင့် စိတ်ပျက်စွာဖြင့် မျက်လုံးသာ လှန်ပြကာ တွေးမိသည်။
'အသားလွတ် ဘဝင်မြင့်နေတဲ့ လူတွေကို ကုဖို့ တကယ်ပဲ ဆေးမရှိတော့ပါလား.........'
ထောင့်တနေရာ၌ အဖြစ်အပျက် အစအဆုံးအား အကဲခတ်နေသော ဟန်ယွင်သည် ဝေ့ကျီပင်း၏ ကံဆိုးမှုကိုသာ သက်ပြင်း ချမိသည်။ တတိယ သခင်ကြီးဝေ့ပင်လျှင် သူ့အား ကယ်နိုင်ဖို့ မသေချာပေ။
အဓိက သူဌေးကြီးများ အားလုံး ရောက်ရှိလာပြီးနောက် ညစာစားပွဲက အမှန်တကယ် စတင်တော့သည်။
ထျန်ရှန်းဟိုတယ်မှ ဝန်ထမ်းများက ဧည့်သည် တစ်ယောက်ချင်းစီအား ထိုင်ခုံ အသီးသီးသို့ လိုက်ပို့ပေးသည်။ ထိုင်ခုံများက VIP ဆက်ရှင်မှ စ၍ ခန်းမ တံခါးနားအထိ အစဉ်လိုက် ရှိနေပြီး ဝန်ထမ်းများက ဧည့်သည်၏ ဂုဏ်ဒြပ်၊ ပိုင်ဆိုင်မှုအပေါ် မူတည်၍ နေရာချပေးသည်။ ဧည့်သည်က အရေးကြီးလေလေ VIP ဆက်ရှင်နှင့် နီးကပ်သည့် နေရာတွင် ထိုင်ရလေလေ ဖြစ်သည်။
ကျန့်ယွီမုန့်တို့ အုပ်စုသည် ယန်ချောင်၏ အဆက်အသွယ်ဖြင့် ပွဲတက် လာကြခြင်းသာ ဖြစ်ရာ ဝင်ပေါက်တံခါး အနီးရှိ ထောင့်ကျကျ ထိုင်ခုံများတွင် ထိုင်ကြရသည်။
ဝေ့ကျီပင်းနှင့် လီရီချန်းတို့ အုပ်စုသည် VIP ဆက်ရှင်၏ အနောက်ဘက် နှစ်တန်းမြောက်ရှိ ထိုင်ခုံများတွင် နေရာချထားပေးခြင်း ခံရသည်။
"သခင်လေး ဝေ့ကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့ ဒီလို နေရာကောင်းမှာ ထိုင်ရမှာ မဟုတ်ဘူး"
လီရီချန်းက လေးစားမှု အပြည့်ဖြင့် ပြောလိုက်သည်။ သူ့ဖခင်နှင့် တူညီသော ရာထူးရှိသူများပင် အနောက်ဘက် ထိုင်ခုံများ၌ ထိုင်နေရချိန်တွင် သူကတော့ VIP ဆက်ရှင်နောက်၊ နှစ်တန်းမြောက်တွင် ထိုင်ရသည်။ ရှောခ့်ရစရာပင်။
အင်အားကြီးမားသော ပုံရိပ် ရှိသူများပင် ဆရာချန်းနှင့် တွေ့ဆုံရန် စိတ်အားထက်သန်စွာ လာရောက်ကြသည်။ လီရီချန်းက ဆရာချန်း၏ လုပ်ဆောင်နိုင်စွမ်းကြောင့် ပင့်သက် ရှိုက်မိသည်။
လီရီချန်း၏ ချီးကျူးစကားကြောင့် ဝေ့ကျီပင်း၏ မျက်နှာက အနည်းငယ် ပျော့ပျောင်းသွားသည်။
"အဲဒီ အရူးကောင်က တကယ် တစ်ခုခုပဲ.... သခင်လေးဝေ့ကို မလေးမစား ပြောရဲတယ်"
ဝေ့ကျီပင်း၏ နောက်လိုက်နောက်ပါ တယောက်က ပြောလိုက်သည်တွင် ဝေ့ကျီပင်း၏ မျက်နှာပေါ်၌ ဒေါသတို့ ပြန်လည် ထွက်ပေါ်လာသည်။
"ညစာစားပွဲကြောင့်သာ မဟုတ်ရင် အဲ့ကောင်ကို နေရာမှာတင် အသေ ရိုက်သတ် ပစ်လိုက်ပြီ သူ့ကို ငါ့အစ်မက ကာကွယ် ပေးထားတော့ရော ဘာဖြစ်လဲ...."
"မင်းအမက သူ့ကို တော်တော်လေး ကာကွယ် ပေးနေတာနော်"
ချူမင်ဟွေ့က ဝင်ပြောသည်။
"အဲ့တော့ ဘာဖြစ်လဲ.... ဝေ့ကျီချင်းကို ငါမကြောက်ဘူး"
ဝေ့ကျီပင်းက မီးဝင်းဝင်း တောက်နေသော မျက်လုံးများနှင့် အသံကို အနည်းငယ် မြှင့်ကာ ပြောလိုက်သည်။
"လွယ်ပါတယ် လွယ်ပါတယ် မင်းအဖေကို ပြောလိုက်လေ"
ဝမ့်ကျွင်းက ရယ်သံစွက်လျက် ပြောလိုက်သည်။
ဝမ့်ကျွင်းသည် ဤအုပ်စုအတွင်း၌ အသက်အကြီးဆုံး ဖြစ်ရုံသာမက လွှမ်းမိုးနိုင်စွမ်း အရှိဆုံးလည်း ဖြစ်သည်။ ဝေ့ကျီပင်းက ဘာမှ မပြောတော့ဘဲ ဝိုင်ခွက်ထဲရှိ ဝိုင်များအား တစ်ကျိုက်တည်း မျိုချလိုက်သည်။ နီရဲနေသော မျက်နှာက ဝေ့ကျီပင်း ဒေါသ ထွက်နေသေးကြောင်း ဖော်ပြနေသည်။
"သခင်လေးဝေ့... ဆရာချန်းက ဘယ်မှာလဲ...."
လီရီချန်းက အကြောင်းအရာကို ခေါင်းစဉ် ပြောင်းလိုက်သည်။
"ဟုတ်သားပဲ သခင်လေးဝေ့ ကျွန်တော်တို့ကို ဆရာချန်းနဲ့ ဘယ်တော့လောက် မိတ်ဆက် ပေးမှာလဲ...."
အခြားသော လူငယ်လေးများကလည်း စိတ်အား ထက်သန်စွာဖြင့် မေးလာသည်။ ညစာစားပွဲသို့ မရောက်ခင်က သူတို့အနေနှင့် ဆရာချန်းအား အများကြီး အလေးအနက် မထားကြသေးသော်လည်း ယခုမူ အခြေအနေက ကွဲပြားသွားသည်။ ခန်းမအတွင်း ရောက်ရှိနေသော လူများအား ကြည့်လျှင် ဆရာချန်း၏ အဆင့်အတန်း မည်မျှ မြင့်မားကြောင်း သိနိုင်သည်။
အကယ်၍ သူတို့သာ ဆရာချန်းနှင့် မိတ်ဆွေ ဖွဲ့နိုင်ပါက ဆရာချန်း၏ သူငယ်ချင်း တစ်ယောက် အနေနှင့် အချို့သော အခွင့်အရေးများ ရလာနိုင်သည်။
"ဟား...ဟား... ငါ့အဖေက ငါနဲ့ ဆရာချန်း သီးသန့်တွေ့နိုင်ဖို့ စီစဉ်ပေးမယ်တဲ့ အဲဒီ အခါကျရင် မင်းတို့အားလုံးကိုပါ ခေါ်သွားပေးမယ်"
ဂုဏ်ယူနေသော အပြုံးကြီး တစ်ခုဖြင့် ဝေ့ကျီပင်းက ပြောလာသည်။
လူငယ်များသည်လည်း ဝေ့ကျီပင်း၏ အပြောကြောင့် အလွန် ကျေနပ် သွားကြသည်။
ဝေ့ကျီပင်းက ပြုံးနေရာမှ ကျယ်လောင်စွာ ရယ်မော လိုက်သည်။ ဝမ့်ကျွင်းသည်လည်း ပြုံးလိုက်သည်။ သို့သော် သူ့အပြုံးက ထင်သလောက် မရိုးရှင်းပေ။
ဆရာချန်း၏ လက်ရှိ လွှမ်းမိုးနိုင်စွမ်းအရ သူ့ဦးလေးဖြစ်သူ ရှန်းရုန်ဟွာကိုပင် ခြိမ်းခြောက်မှု တစ်ခု ရှိလာသလို ဝမ့်ကျွင်းက ခံစားရသည်။
ထိုသို့ အတွေးနှင့် ဝမ့်ကျွင်းသည် VIP ဆက်ရှင်ရှေ့ရှိ စတိတ်စင်ပေါ်သို့ တက်လာနေသော တတိယသခင်ကြီးအား လှမ်းကြည့် လိုက်သည်။ ခန်းမအတွင်း ရှိနေသော လူအားလုံး တိတ်ဆိတ်လို့ သွားသည်။ လက်ရှိ ခန်းမအတွင်း ရောက်ရှိနေသူများထဲတွင် တတိယ သခင်ကြီးထက်ပင် အာဏာရှိသော သူဌေးကြီး တချို့ ပါဝင်သော်လည်း ယနေ့ညတွင်တော့ တတိယ သခင်ကြီးက အဓိကနေရာတွင် ရှိနေသူ ဖြစ်သည်။
တတိယ သခင်ကြီးသည် စတိတ်စင်ပေါ်၌ ရပ်ရင်း ခန်းမအတွင်းရှိ ဧည့်ပရိတ်သတ် အပေါင်းအား ကြည့်သည်။ အားလုံးက သူ့အား လေးစားအားကျနေသော အကြည့်များနှင့် တိတ်ဆိတ်စွာ ကြည့်နေကြသည်ကို မြင်ရသည်။
'အားလုံးက ဆရာချန်းရဲ့ ကျေးဇူးတွေပဲ'
ထိုသို့အတွေးနှင့် တတိယ သခင်ကြီး၏ သားဖြစ်သူအား ဆရာချန်းနှင့် မိတ်ဆက်ပေးရန် အတွေးက ပိုမို ခိုင်မာသွားသည်။
"ဒီနေ့ ရောက်ရှိနေကြတဲ့ ဧည့်သည်တွေ အားလုံးက ဆရာချန်းကို တွေ့ချင်တဲ့အတွက် ရောက်နေကြတာ ဖြစ်ပြီး အခုလည်း အားလုံးရဲ့ စိတ်ထဲမှာ ဆရာချန်း ဘယ်မှာလဲ ဆိုတဲ့မေးခွန်း ရှိနေလိမ့်မယ်လို့ ထင်ပါတယ် အမှန်တော့ ဆရာချန်းက ဒီနေရာကို ရောက်နေပြီးပါပြီ။ ဒီတော့ တခြား စကားအပိုတွေ ပြောမနေတော့ဘဲ ဆရာချန်းကို ကြိုဆို လိုက်ကြရအောင်"
အားပေးသံများနှင့် တီးတိုး ဆွေးနွေးသံများက ခန်းမအနှံ့မှ ထွက်ပေါ်လာကြသည်။
"ဆရာချန်းက ရောက်နေပြီလား.... ဘယ်မှာလဲ...."
"အဘိုးကြီးတင်း ... သိုင်းပညာ တံခွန်စိုက်ပွဲမှာတုန်းက ခင်ဗျား ဆရာချန်းကို မြင်ဖူးတယ် မဟုတ်လား.... အခု ဆရာချန်းကို တွေ့မိလား.... ရှာကြည့်ပါဦး...."
"နေပါဦးဟ ရှာကြည့်ပါရစေဦး ငါ... ငါ... မတွေ့မိသလိုပဲ"
ဧည့်သည်များ အားလုံးက ခေါင်းများ ချာလပတ် လည်နေအောင် ဟိုဟိုသည်သည် ရှာဖွေနေကြပြီး စိတ်လှုပ်ရှားမှုကြောင့် လက်ဝါး အချင်းချင်း ပွတ်တိုက်နေကြသည်။
VIP ဆက်ရှင်တွင် ထိုင်နေကြသူများသာ တည်တည်ငြိမ်ငြိမ်ဖြင့် ဆရာချန်း ထွက်ပေါ်လာမည့် အချိန်အား စောင့်ဆိုင်းနေကြသည်။
"အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ မကြာခင် ဆရာချန်းကို တွေ့ရတော့မယ် သူက အသက်နှစ်ဆယ် ဝန်းကျင်ပဲ ရှိသေးတာ ဆိုတော့ ခန့်ညားတဲ့ ရုပ်ရည်မျိုး ဖြစ်မှာ သေချာတယ်...."
ကျန့်ယွီမုန့်က စိတ်လှုပ်ရှားစွာ ပြောသည်။
"ဖြစ်နိုင်ပါတယ်"
ရှုယုံဖေးက ပြန်ဖြေသည်။
ကျန်းချူယန်က စကား မပြောသော်လည်း ဆရာချန်းကို မြင်တွေ့ရန် စိတ်လှုပ်ရှားနေကြောင်း သိသာသည်။
ရုတ်တရက် ကျန်းချူယန်သည် ချန်းဖန်တစ်ယောက် ထိုင်ခုံမှထကာ စတိတ် စင်ဘက်သို့ သွားရန် ပြင်နေသည်ကို မြင်လိုက်ရသည်။
"ဘာဖြစ်ရပြန်ပြီလဲ.... ကိုယ့်ကိုယ်ကိုယ် ဆရာချန်းလို့ လိမ်တာတွေ များပြီး အသိစိတ် လွတ်သွားတာလား.... သူတို့က ဆရာချန်းကို စောင့်နေတာ ချန်းဖန်ကို မဟုတ်ဘူး"
"ငါနင့်ကို အကြိမ်ပေါင်းများစွာ ပြောပြီးပြီ ငါက ဆရာချန်းပါလို့"
ချန်းဖန်သည် မိန်းကလေးများအား နားလည်ရခက်သည့် အပြုံးတစ်ခုနှင့် အတူ ချန်ရစ်ခဲ့ပြီး စတိတ်စင်ဘက်သို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
လူတိုင်းက အဖြစ်အပျက်ကြောင့် ဆွံ့အသွားကြသည်။ ယန်ချောင်က တိုးတိုးလေး လှမ်းခေါ်သည်။
"ချန်းဖန် မင်း ဘာလုပ်နေတာလဲ.... ပြန်လာခဲ့...."
ဤနေရာကား အိုင်ဗွီ အထက်တန်းကျောင်း မဟုတ်ပေ။ ချန်းဖန်ကဲ့သို့ ပြဿနာ ကောင်အား ခေါ်လာမှန်းသာ သိပါက ယန်ချောင်၏ အဖေက ယန်ချောင့်အား သေအောင် ရိုက်သတ် ပေလိမ့်မည်။
"အစ်ကိုချန်း...."
ရှုယုံဖေးသည်လည်း တိုးတိုးလေး လှမ်းခေါ်သည်။
"ချန်းဖန်...."
ကျန်းချူယန်က ဒေါသ ထွက်စွာနှင့် ချန်းဖန်အား လှမ်းခေါ်သော်လည်း ချန်းဖန်ကမူ ခဏတာ နားမကြားရတော့သည့် အလား စတိတ် စင်ဆီသို့သာ ဖြည်းညင်းစွာ ဆက်၍ သွားနေသည်။
ချန်းဖန်သည် စတိတ်စင်ဆီသို့ တဖြည်းဖြည်း နီးကပ်လာသည့်အခါ အချို့လူများက သူ့အား ဝိတ်တာ တစ်ယောက်ဟု ထင်နေကြသည်။ မျှော်လင့်တကြီးဖြင့် ဆရာချန်းအား စောင့်မျှော် နေကြသည့် မျက်လုံးပေါင်း များစွာ အောက်တွင်ပင် ချန်းဖန်တစ်ယောက် စတိတ်စင်သို့ ရောက်ရှိလာသည်။
"သခင်လေးဝေ့ ဟိုမှာ ကြည့်ပါဦး...."
ကောင်လေး တစ်ယောက်က အလန့်တကြား အော်လိုက်သည်။
ဝေ့ကျီပင်းလည်း လှည့်ကြည့်လိုက်သည်တွင် မြင်လိုက်ရသည်ကြောင့် အံ့ဩသွားသည်။
"အဲ့ကောင်က ဘာလုပ်နေတာလဲ.... သေချင်နေတာလား...."
လီရီချန်းလည်း ခေါင်းယမ်းရင်း ညည်းညူလိုက်သည်။
"ဘယ်လို အရူးကောင်ပါလိမ့်.... ဒီနေရာမှာများ ဟာသ လာလုပ်ရဲတယ် VIP ဆက်ရှင်က သူဌေးကြီးတွေကို လျှော့တွက်နေတယ် သူတို့သာ အဲ့ကောင်ကို သေစေချင်ရင် မနက်ဖြန် နေထွက်တာကိုတောင် မမြင်ရ ဖြစ်သွားမယ်"
ထိုအချိန်တွင် ခန်းမအတွင်းရှိ လုံခြုံရေးများသည်လည်း ချန်းဖန်အား ဆွဲထုတ်ရန် အသင့် ဖြစ်နေကြသည်။
ရုတ်တရက် VIPဆက်ရှင်တွင် ထိုင်နေသူများထဲမှ တယောက် ထလာကာ ချန်းဖန်ထံသို့ လျှောက်လာသည်။
"ဆရာချန်း...."
လူတိုင်းက ဘာပြောရမှန်းမသိ ဖြစ်သွားကြသည်။
ထို့နောက်တွင် VIPဆက်ရှင်ရှိ သူဌေးကြီးများ အားလုံး တညီတညာတည်း ထရပ် လိုက်ကြကာ နှုတ်ဆက်လိုက်ကြသည်။
"ဆရာချန်း...."
ဝေ့ကျီပင်းသည် ပါးစပ် အဟောင်းသားနှင့် ဆွံ့အသွားသည်။ သူက ဖခင်ဖြစ်သူအား လှမ်းကြည့်လိုက်သည်တွင် သူ့ဖခင် ကိုယ်တိုင်ကိုက ချန်းဖန်အား ရိုသေလေးစားစွာ ဦးညွှတ် နေသည်ကို တွေ့လိုက်ရသည်။
လူတိုင်း၏ မယုံကြည်နိုင် ဖြစ်နေသော အကြည့်များ အောက်တွင်ပင် ချန်းဖန်က လက်နှစ်ဖက်အား ကျောနောက်တွင် ချိတ်လျက် အဓိက ထိုင်ခုံဆီသို့ လျှောက်သွားလိုက်သည်။
ကျန်းချူယန်သည် နေရာတွင်ပဲ အေးခဲလို့နေပြီး သူမအနီးရှိ ပွက်လော ရိုက်နေသော အသံများကိုလည်း မကြားနိုင်တော့။ သူမက အဝေးသို့ ကြည့်လိုက်သည်တွင် စတိတ်စင်ပေါ်မှ တဆင့် မြင့်မားလှသော မိုးကောင်းကင်သို့ ရောက်သည်အထိ တရွေ့ရွေ့ လှမ်းတက်သွားသော လူငယ်လေး တစ်ယောက်အား မြင်ရသည်။
"ဆရာချန်းက... ချန်းဖန်"
ကျန်းချူယန်သည် သူမ၏ ဘဝတွင် ဤမျှအထိ ရူးမတတ် ခံစားမှုမျိုးအား တစ်ကြိမ် တစ်ခါမျှ မခံစားဖူးခဲ့ပါ။
***