← Chapters

ဆက်စပ်မှု

Vol. 1 Ch. 98

ဆက်စပ်မှု

Vol. 1 Ch. 98

"သူက ဆရာချန်းလား...."

"ငယ်လွန်းတယ်"

"အထက်တန်း တက်နေတဲ့ ငါ့သားနဲ့မှ အသက် အတူတူလောက်ပဲ ရှိမယ်ထင်တယ်"

ညစာစားပွဲ တက်ရောက် လာကြသူများတွင် အများစုမှာ ချန်းဖန်အား မမြင်ဖူးကြ။ ဆရာချန်းသည် ငယ်ရွယ်ကြောင်း ကြားဖူး ထားကြသော်လည်း လူချင်း တွေ့ရသည့် အချိန်တွင် မအံ့ဩဘဲ မနေနိုင်ကြပါ။

VIP ဆက်ရှင်ရှိ သူဌေးကြီးများ၏ အလွန် ရိုသေ လေးစားနေပုံကြောင့် ဧည့်သည်များက ဆရာချန်းအား သံသဃ မဝင်ရဲကြပေ။ အကယ်၍ ဆရာချန်းသည် အသုံးမဝင်သော လူတစ်ယောက်သာ ဆိုပါက သူဌေးကြီးများ အနေနှင့် ဆရာချန်းအား ကျန်းပေ့ဒေသတခွင် အုပ်စိုးရန် ကူညီကြမည် မဟုတ်ပေ။

ဆရာချန်းသည် အပေါ်ယံတွင် အတွေ့အကြုံ နုနယ်၍ ငယ်ရွယ်ပုံ ပေါ်သော်လည်း ကျန်းပေ့ဒေသရှိ လူအနည်းငယ်သာ ယှဉ်နိုင်သော အဆင့်အတန်း တစ်ခုအား ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

ကျန်းချူယန်တို့ လူစုသည် အံ့ဩလွန်း၍ စကားတစ်ခွန်းမှပင် မဆိုနိုင်ကြ။ ကျန့်ယွီမုန့်သည် လက်ထဲရှိတူ ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားသည် အထိ အံ့ဩသွားပြီး သူမ၏ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ယင်လို့ နေသည်။

"ချန်းဖန်.... ဆရာချန်း...."

မကြာသေးမီ အချိန်ကပင် 'ချန်းဖန်'နှင့် 'ဆရာချန်း' ဟူသော လူနှစ်ယောက်သည် ကမ္ဘာနှစ်ခုမှ လူနှစ်ယောက်ကဲ့သို့ ကွဲပြား နေခဲ့သော်လည်း ယခုမူ ထိုနှစ်ယောက်ကား တစ်ဦးတည်း ဖြစ်နေခဲ့သည်။

ချန်းဖန်သည် သာမန် မိသားစုလေးမှ သားတစ်ယောက်သာ ဖြစ်ပြီး ရုပ်ရည်လေးက လွဲလျှင် ပညာရေးတွင်လည်း မထူးချွန်သော အရှုံးသမား တစ်ယောက်။ သိုင်းလေး နည်းနည်း တတ်သည်သာ ရှိသည်။

တစ်ဖက်တွင် ဆရာချန်းသည်ကား ကျန်းပေ့ဒေသ တစ်ခုလုံးအား လွှမ်းမိုးနိုင်စွမ်း ရှိသူ ဖြစ်သည်။

ထိုနှစ်ယောက်က တစ်ယောက်တည်း ဖြစ်နေခြင်း ဆိုသည်ကား အိပ်မက် ဆန်လွန်းလှသည်။

ထို့နောက်တွင် ကျန့်ယွီမုန့်၏ ခန္ဓာကိုယ်သည် ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်ယင်လို့ လာသည်။ ဤအတောအတွင်း ချန်းဖန်အား လှောင်ပြောင် သရော်ခဲ့ပုံတို့က ရုပ်ရှင် အနှေးပြကွက် များကဲ့သို့ သူမအတွေးထဲ ပြန်လည် မြင်ယောင်လာသည်။ ကျန့်ယွီမုန့်ဘေးတွင် ရပ်နေသော ယန်ချောင်သည်လည်း သိပ်ပြီး အခြေအနေ ကောင်းလှသည်တော့ မဟုတ်။ သူလည်းပဲ အလွန် ‌ကြောက်ရွံ့နေသည်။

ရှုယုံဖေးသည် သူမ ပါးစပ်အား လက်ဝါးဖြင့် အုပ်လျက် အံ့ဩနေဆဲ ဖြစ်ပြီး ပျော်ရွှင်မှုတို့က သူမ၏ မျက်နှာ တစ်ပြင်လုံးတွင် နေရာယူထားသည်။

ဝေ့ကျီပင်းတို့ ထိုင်နေသော စားပွဲတွင်မူ တိတ်ဆိတ်လျက်ရှိပြီး အားလုံး၏ စိတ်တို့သည် ဗလာဖြစ်နေကာ ကြောက်ရွံ့မှုကလွဲ ဘာကိုမှပင် မခံစားနိုင်တော့သကဲ့သို့ ရှိသည်။ ဝေ့ကျီပင်း၏ မျက်လုံးများက ဦးတည်ရာ မဲ့နေပြီး ထိတ်လန့်စွာဖြင့် တီးတိုး ရေရွတ်မိသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အားလုံး မှားနေကြတာပဲ ဖြစ်ရမယ် သူတို့အားလုံး လူမှားနေတာ"

အစောလေးကပင် ချန်းဖန်အား လှောင်‌ပြောင်ခဲ့သော လူငယ်‌သည် မသက်မသာပြုံး၍ ပြောလာသည်။

"သခင်လေးဝေ့... အဲဒါ သူပဲ VIP ဆက်ရှင်မှာ သခင်လေးရဲ့ အဖေ ကိုယ်တိုင်လည်း ရှိနေတာလေ။ ပြီးတော့ သူဌေးကြီးတွေ အားလုံးက ဒီလောက် အရေးကြီးတဲ့ အချိန်မျိုးမှာ လူမှားမယ်တဲ့လား...."

သို့သော် ဝေ့ကျီပင်းသည် ထိုလူငယ်၏ စကားအား အလျဉ်း မကြားသည့်အလား 'အားလုံး မှားနေကြတာ' ဟူသော စကားကိုသာ ထပ်တလဲလဲ ရေရွတ်လျက်ရှိသည်။

လီရီချန်းသည် ထိုင်ခုံတွင် ထိုင်နေရင်း မြောက်မြား လှစွာသော ခံစားချက်တို့က သူ့စိတ်အတွင်း ရှုပ်ထွေးလျက် ရှိသည်။ သူက လက်သီးတင်းတင်း ဆုပ်မိသော်လည်း ထိုခံစားချက်များက ပျောက်ကွယ် မသွားခဲ့ပါ။

'ချန်းဖန်... ဒါက မင်းရဲ့ ဝှက်ဖဲပေါ့ ဆရာချန်းတဲ့လား... မင်းက မင်းရဲ့ သရုပ်မှန်ကို နှစ်ဝက်ကျော်လောက် ဖုံးကွယ် ထားနိုင်ခဲ့တယ်။ ဘယ်သူကမှလည်း မရိပ်မိခဲ့ဘူး မင်းတော်တယ် သိပ်ကိုတော်တယ် ချန်းဖန်....'

လီရီချန်းက မျက်လုံးများအား မှိတ်လိုက်သည်တွင် သူ၏ နှုတ်ခမ်းများက ဝမ်းနည်းမှုကို အသွင်ဆောင်စွာ ကွေးညွတ် သွားသည်။

'မင်းနိုင်ပါတယ် ချန်းဖန်'

လီရီချန်း၏ ညာဘက်တွင် ထိုင်နေသော ချူမင်ဟွေ့သည် လက်သီးတင်းတင်း ဆုပ်လျက် စတိတ်စင်ဘက်သို့ ကြည့်နေမိသည်။ ချူမင်ဟွေ့၏ အတွင်းစိတ်ထဲ၌ မခံမရပ်နိုင်မှုတို့နှင့် အော်ဟစ်လို့‌ နေသည်။

'ငါလုံးဝ မယုံကြည်နိုင်ဘူး .... ဒီကိစ္စက ဒီမှာ ပြီးမသွားဘူး.... မင်းက ဆရာချန်း ဆိုတော့ရော ဘာဖြစ်လဲ.... တစ်နေ့မှာ ငါက မင်းကို ကျိန်းသေပေါက် ကျော်ဖြတ်ပြမယ်'

ထိုအုပ်စုထဲတွင် အမှန်တကယ် တည်ငြိမ်နေသေးသူ ဟူ၍ ဝမ့်ကျွင်း တစ်ယောက်သာ ရှိသည်။ အနည်းဆုံးတော့ သူက ချန်းဖန်နှင့် ကြီးကြီးမားမား ပြဿနာ ဖြစ်ထားခြင်းမျိုး မရှိပေ။ သို့သော်လည်း ဝမ့်ကျွင်းပင် ပင့်သက်ရှိုက်ကာ ရေရွတ်မိသည်။

"သူက ဒီအသက် အရွယ်မှာတင် ကျန်းပေ့ဒေသ တစ်ခုလုံးကို ကိုင်လှုပ်နိုင်နေပြီ ရှန်းကျွင်းဝမ်တောင် သူနဲ့ယှဉ်ရင် အများကြီး လိုနေသေးတယ်"

ပထမဆုံး ဝမ့်ကျွင်း တွေးမိသူက သူ၏ ပါရမီရှင် ဝမ်းကွဲအစ်ကို ရှန်းကျွင်းဝမ် ဖြစ်သည်။

ဝမ့်ကျွင်းသည် သူ၏ ဝမ်းကွဲ အစ်ကိုကဲ့သို့ အရည်အချင်း ရှိသူအား ရှာမတွေ့ နိုင်တော့ဟု ထင်ထား‌ခဲ့သော်လည်း ယခုမူ ရှန်းကျွင်းဝမ်ထက်ပင် သာ‌သော သူကား ပေါ်လာခဲ့ပြီ ဖြစ်သည်။

"ကျွင်းဝမ်ရေ... မင်းအနေနဲ့ ဆရာချန်းကို လိုက်မှီဖို့ အနည်းဆုံး နှစ်နှစ်ဆယ်၊ သုံးဆယ်လောက်တော့ လိုလိမ့်ဦးမယ် အခုတောင် သူက မင်းအဖေနဲ့ တန်းတူ အာဏာ ရှိနေပြီ"

ရုတ်တရက် VIP ဆက်ရှင်၏ အနောက်တန်းရှိ စားပွဲတွင် ထိုင်နေသော လူများအားလုံး မတ်တတ် ရပ်လိုက်ကြသည်။ ဆရာချန်းသည် စားပွဲတစ်ခုချင်းစီသို့ လာကာ နှုတ်ဆက်ရင်း ဂုဏ်ပြုအရက် တစ်ခွက်စီ အတူတူ သောက်ပေးနေတာ ဖြစ်သည်။

"မတွေ့ရတာကြာပြ‌ီ ဆရာချန်း"

"ဆရာချန်း... နောက်တကြိမ် ပြန်တွေ့ရတာ ဝမ်းသာတယ်ဗျာ"

"ဆရာချန်း... ကျုပ်ရဲ့ စားသောက်ဆိုင် အသစ်က မကြာမ‌ီ ဖွင့်တော့မှာ၊ လာလည်ဖို့ မမေ့နဲ့နော်"

ချန်းဖန်က စားပွဲတစ်ခုသို့ ရောက်သည်နှင့် စားပွဲရှိ လူများ အားလုံးက မတ်တတ်ရပ်ကာ အလွန် လေးစားစွာ နှုတ်ဆက်ကြသည်။ စားပွဲ တစ်ဝိုင်းချင်းစီရှိ အာဏာအရှိဆုံး သူပင်လျှင် ဂုဏ်ပြုအရက် တစ်ခွက်အား တစ်ကျိုက်တည်းနှင့် အကုန်အစင် သောက်ပစ်ကြရာ ဘယ်သူကမှ မသောက်ဘဲ မနေရဲပေ။

လီရီချန်းသည် လူတိုင်း၏ စိတ်အား ထက်သန်လွန်းနေသော အပြုအမူများကြောင့် နောက်တစ်ကြိမ် ရှောခ့်ရရ ပြန်သည်။ စားပွဲဝိုင်းရှိ လူများကသာ အရက်ခွက်အား တစ်ကျိုက်တည်း သောက်ပစ်ကြသော်လည်း ချန်းဖန်သည်တော့ အရက်ခွက်အား နှုတ်ခမ်းနှင့် ထိရုံတင်ထိကာ ပါးစပ်ထဲသို့ အရက်တစ်စက် ရောက်ရဲ့လားပင် မသိပေ။ သို့သော် သူဌေးကြီးများ အားလုံးက ချန်းဖန်၏ တသီးတခြား ဆန်သော ထိုအပြုအမူအား စိတ်ထဲထားပုံ မရ။

နောက်ဆုံးတွင်တော့ ချန်းဖန်သည် ဝေ့ကျီပင်းတို့ စားပွဲသို့ ရောက်ရှိလာသည်။

တတိယ သခင်ကြီးသည် ချန်းဖန်၏ နောက်၌ မတ်တတ် ရပ်နေပြီး အနည်းငယ် မူးနေသော အသံဖြင့် ချန်းဖန်အား ဝေ့ကျီပင်းနှင့် မိတ်ဆက်ပေးသည်။

"ကျွန်တော် သူ့ကိုသိတယ်"

ချန်းဖန်က ပုံမှန်လေသံနှင့် ပြန်ပြောသည်။

ချန်းဖန်သည် ဝေ့ကျီပင်း၏ သောက ရောက်နေသော မျက်နှာအား အတန်ကြာ ကြည့်နေပြီးမှ တည်ငြိမ်စွာ မေးလိုက်သည်။

"ငါ မင်းကို ပြောခဲ့တာကို မှတ်မိသေးလား...."

ချန်းဖန်၏ စကားများကြောင့် ဝေ့ကျီပင်း၏ မျက်နှာမှာ သွေးဆုတ် ဖြူလျော်သွားပြီး လက်များ တုန်ယင်လာသည်။

တတိယ သခင်ကြီးသည် အလျင်အမြန်ပဲ တစ်စုံတစ်ရာ လွဲချော်နေကြောင်း သတိထားမိ သွားသည်။ သူ၏ မသိတတ်သော သားက ဆရာချန်းအား ပြဿနာ တစ်ခုခု ရှာထားခြင်းသာ ဖြစ်ရပေမည်။ သူက ဝေ့ကျီပင်းအား တစ်ချက် လှမ်းကြည့်လိုက်သည်တွင် အပြစ်လုပ်ထားသော ဝေ့ကျီပင်းမှာ ထိတ်လန့် သွားပြီး လက်ထဲရှိ ဝိုင်ခွက် လွတ်ကျလုမတတ်ပင်။

ချန်းဖန်က ဘာမှ ထပ်မပြောတော့ပေ။ သူက ငြီးငွေ့သွားပုံ ရပြီး ဘေးပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။

လူငယ်လေးများသည်လည်း တိတ်ဆိတ်နေကြပြီး ချန်းဖန်က လက်ထဲရှိ ဝိုင်ခွက်အား မြှောက်လိုက် ချိန်တွင်မှ အားလုံး စိတ်သက်သာရာ ရသွားကြပြီး ၎င်းတို့၏ ဝိုင်ခွက် အသီးသီးအား အတတ်နိုင်ဆုံး လျင်လျင်မြန်မြန် မော့သောက် လိုက်ကြသည်။ အားလုံးက ခေါင်းများ ငုံ့ထားကြပြီး မတော်တဆ ချန်းဖန်၏ အာရုံစိုက်မှုအား ရရှိသွားမည်ကို အလွန် စိုးရိမ်နေကြပုံ ရသည်။

လီရီချန်းက ချန်းဖန်အား လှမ်းကြည့်လိုက်သည်တွင် ချန်းဖန်သည် သူ့အား သာမန် ကာလျှံကာမျှသာ တစ်ချက်ကြည့်ပြီး လုံးဝ အရေးတယူ မရှိသည်ကို တွေ့လိုက်ရသည်။ ချန်းဖန်သည် သူ့အား အရေးမပါသော ပိုးမွှားတစ်ကောင်‌ အဖြစ်သာ အမြဲတမ်း သဘောထားခဲ့ပုံ ရသည်။

ချန်းဖန်သည် ချူမင်ဟွေ့အားလည်း လျစ်လျူရှုထားခဲ့သည်။

ခန်းမ တစ်ခုလုံးရှိ စားပွဲအားလုံး နီးပါးသို့ သွားရောက်ပြီးချိန်တွင် ချန်းဖန်သည် ကျန်းချုယန်တို့ စားပွဲသို့ ရောက်ရှိလာခဲ့သည်။

"အဖေ... အစ်ကိုချန်း"

ရှုယုံဖေးသည် မတ်တတ် ရပ်လိုက်ပြီးနောက် သူမ၏ ဖခင်နှင့် ချန်းဖန်အား ‌ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။

"ဖေးဖေး "

ရှုအောင်းကလည်း ပြုံး၍ ခေါ်လိုက်သည်။

ချန်းဖန်သည် သူ၏ မူပိုင် နွေးထွေးသော အပြုံးတစ်ခုနှင့် ရှုယုံဖေးအား ပြောသည်။

"ဖေးဖေး အစ်ကိုနဲ့ မင်းအဖေက ခဏနေရင် အစည်းအဝေးလေး တစ်ခု ရှိနေသေးလို့ ‌ဒီကနေ တစ်ယောက်တည်း ပြန်လိုက်လို့ ဖြစ်တယ်မလား...."

"အင်း ဖြစ်ပါတယ်"

ရှုယုံဖေးက ခေါင်းညိတ်သည်။

ချန်းဖန်နှင့် ရှုယုံဖေး အကြားရှိ ရင်းနှီးမှုက လူအများ၏ အာရုံအား ဆွဲဆောင်သွားသည်။

'ရှုအောင်းကတော့ အကွက်တွေ ရွှေ့နေပြီ ငါ့မှာလည်း ဒီလို ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက် ရှိရင်ကောင်းမယ် အခုတော့ အသုံးမကျပြီး မသိတတ်တဲ့ သားပဲရှိတယ်....'

တတိယ သခင်ကြီးသည် နာကျင်စွာဖြင့် တွေးမိသည်။

ချန်းဖန်သည် ရှုယုံဖေးထံမှ အကြည့်လွှဲလိုက်သည်တွင် ရှိရင်းစွဲ အရပ်ထက်ပင် ပုဝင်နေအောင် ကုပ်နေကြသော ယန်ချောင်နှင့် ကျန့်ယွီမုန့်တို့အား တွေ့လိုက်ရသည်။

ယန်ချောင်သည် မျက်လုံးစုံမှိတ်လျက် ချန်းဖန် သူ့အား သတိမထားမိစေရန် တစ်လောကလုံးတွင် ရှိရှိသမျှသော နတ်ဘုရားများထံ ဆုတောင်းနေမိသည်။

ချန်းဖန်နောက်တွင် ရပ်နေသူများထဲမှ တစ်ယောက်ဖြစ်သော ယန်ချောင်၏ ဖခင်သည်လည်း ယန်ချောင်နှင့် ချန်းဖန် အကြားရှိ ဆက်ဆံရေးအား အကဲခတ်လျက် ရှိသည်။

ချန်းဖန်သည် ယန်ချောင်တို့ စုံတွဲအား တစ်စက္ကန့်ထက်ပင် ပိုမကြည့်ပေ။ ထိုနှစ်ယောက်အား ကျော်ကာ ကျန်းချုယန်အား ကြည့်လိုက်သည်။

ကျန်းချူယန်၏ မျက်လုံးများသည် ရီဝေလျက်ရှိပြီး ထိုမျက်လုံးများထဲ၌ အံ့ဩခြင်း၊ သံသဃ၊ ဒေါသနှင့် နောင်တတို့ ရောပြွန်းလျက် ရှိသည်။

ချန်းဖန်က ပြုံးကာ ပြောလိုက်သည်။

"ငါက ဆရာချန်းပါလို့ အမှန်အတိုင်း ပြောပြခဲ့ပေမဲ့ မင်းက ငါပြောတာကို မယုံခဲ့ဘူး အခုရော ယုံပြီလား...."

ကျန်းချူယန်၏ အဖြေကိုပင် မစောင့်တော့ဘဲ ချန်းဖန်သည် တစ်လျှောက်လုံးတွင် ဟန်ပြသာ မော့ပြီး လုံးဝ မသောက်ခဲ့သော ခွက်ထဲရှိ ဝိုင်များအား မော့သောက် လိုက်သည်။ သူသောက်လိုက်သည်က ဝိုင်တင် မဟုတ်ပေ၊ ဘဝတစ်ခုစာနှင့် ညီမျှသော ခံစားချက်များနှင့် မှတ်ဉာဏ်များ ဖြစ်သည်။

ထို့နောက်တွင် ချန်းဖန်သည် ဝိုင်ခွက်အား စားပွဲပေါ်သို့ ဖြည်းညင်းစွာ ချကာ အဝေးသို့ ထွက်ခွာ သွားသည်။

ကျန်းချူယန်သည် စကား တစ်ခွန်းမှ မဆိုဘဲ စားပွဲတွင် မတ်တတ် ရပ်နေဆဲ ဖြစ်ပြီး သူမ၏ နှလုံးသားထဲ၌ နောင်တနှင့် အထီးကျန်ဆန်မှုတို့သာ ပြည့်နှက်လို့ နေသည်။

***

All Chapters