ကျန်းပေ့ဒေသ တစ်ခုလုံးတွင် အာဏာအရှိဆုံးသူ
Vol. 1 Ch. 99
လှည့်လည် နှုတ်ဆက်ခြင်း ပြီးသည့်နောက် ချန်းဖန်သည် ရှုအောင်းနှင့် အခြားသူဌေးကြီးများ ခြံရံလျက် သူ၏ နေရာသို့ ပြန်လာခဲ့သည်။ ချန်းဖန်အနီးတွင် ခြံရံနေကြသူများမှာ ကျန်းပေ့ဒေသတွင် အလွန် လွှမ်းမိုးနိုင်စွမ်း ရှိသူများ ဖြစ်ကြပြီး ထိုအထဲမှ လူနည်းစုကသာ ချူကျိုးမြို့ခံများ ဖြစ်ကြသည်။
ညစာစားပွဲသို့ တက်ရောက် လာကြသူများသည် ဆရာချန်း၏ ဤအသက် အရွယ်လေးနှင့် အောင်မြင်မှုများအား အမွှန်းတင်ရင်း ညစာစားခြင်း အမှုအား စတင်ကြသည်။
ကျန်းချူယန်တို့ စားပွဲသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်လျက် ရှိပြီး အတန်ကြာမှ ကျန့်ယွီမုန့် တစ်ယောက် အသိစိတ် ပြန်ဝင်လာပုံ ရသည်။
"ချန်းဖန်က ဆရာချန်းတဲ့လား......... ဘယ်လိုများ ဖြစ်ရတာလဲ.... ငါပြောချင်တာက နတ်ဘုရားတွေ ကောင်းချီးပေးလို့ သူနဲ့ ငါတို့နဲ့ တစ်ကျောင်းတည်း တက်ခွင့်ရပေမဲ့ သူက ဆရာချန်းမှန်း ငါတို့လုံးဝ မရိပ်မိခဲ့ဘူး"
အမှန်တကယ်တွင်တော့ ကျန့်ယွီမုန့်သည် အမြဲလိုလို ချန်းဖန်အား အထင်သေးနေခဲ့ပြီး ချန်းဖန်နှင့် ဆရာချန်း အကြားရှိ တူညီမှု တချို့တလေအား သတိမထားမိခဲ့ခြင်းသာ ဖြစ်သည်။
ချန်းဖန်သည် အတန်းထဲတွင် ဖြစ်စေ၊ ကျောင်းကော်ရစ်ဒါတွင် လမ်းလျှောက်လျှင် ဖြစ်စေ အမြဲတစေ တိတ်ဆိတ်နေတတ်ပြီး ရှိနေလို့ ရှိနေမှန်းပင် မသိရအောင် နေတတ်သူ ဖြစ်သည်။
"ပညာရှိတွေက ဘယ်တော့မှ မလိုအပ်ဘဲ စကားအပို မပြောဘူးတဲ့ မှန်လိုက်လေ...."
ယန်ချောင်သည် သက်ပြင်းချရင်း မသက်မသာ ရေရွတ်သည်။
ယန်ချောင်သည် KTVတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများ ပြီးကတည်းက ချန်းဖန်အား အနည်းငယ် သတိထားကာ ဆက်ဆံခဲ့သောကြောင့် သူနှင့် ချန်းဖန် အကြားတွင် ကြီးကြီးမားမား ပဋိပက္ခရယ်လို့ မရှိသော်ငြား နှုတ်ကျွံခဲ့ဖူးသော စကားတချို့ကြောင့် ယန်ချောင်က စိတ်မသက်မသာ ဖြစ်နေရသည်။ သေချာသည်မှာ သူ့အဖေသည် ဆရာချန်း၏ ဒေါသအား ဖြေဖျောက်ရန် သူ့အား အသေ ရိုက်ပေလိမ့်မည်။
"ယန်ယန် တစ်ခုခု ပြောပါဦး"
ကျန့်ယွီမုန့်သည် စကားတစ်ခွန်း မဆိုဘဲ ကျောက်ရုပ်နီးနီး ဖြစ်နေသော ကျန်းချူယန်အား စိတ်ပူစွာ ပြောသည်။
သူမတို့ အုပ်စုထဲတွင် ချန်းဖန်၏ သရုပ်မှန်ကြောင့် ထိချက် အပြင်းဆုံး ဖြစ်သွားသူမှာ ကျန်းချူယန်ပင်။
လူတိုင်းက ကျန်းချူယန်၏ တုံ့ပြန်မှုကို စောင့်နေကြသည်။ အစပိုင်းတွင် ကျန်းချူယန်သည် ချန်းဖန်အား ဆရာချန်း ဖြစ်သည်ဟု မယုံကြည်ခဲ့ဘဲ လှောင်ပြောင် သရော်ခဲ့သည်။ သို့သော် သူမသည် ကိုယ့်နားထင်ကို ကိုယ်ပိုင်သေနတ်ဖြင့် ပြန်ချိန်နေခဲ့ခြင်း ဖြစ်ကြောင်း သိခဲ့ဟန် မရပေ။
ကျန်းချူယန်၏ မျက်နှာက တည်တင်းနေပြီး စကားမဆိုဘဲ တိတ်ဆိတ်နေဆဲ ဖြစ်သည်။
ယန်ယွင်သည် ကျန်းချူယန်အား ကြည့်ရင်း လက်ထဲရှိ ဝိုင်ခွက်အား အရသာခံ သောက်လိုက်သည်။ စိတ်ထဲတွင်လည်း တီးတိုး ရေရွတ်လိုက်သေး၏။
'သင်္ဘောက ရွက်လွှင့်နှင့်နေပြီ ယန်ယန်'
ဝေ့ကျီပင်းသည် ချန်းဖန်နှင့် တတိယသခင်ကြီးဝေ့ ထွက်ခွာ မသွားမချင်း အသက်ဝဝ မရှုရဲပေ။ ထို့နောက်တွင်မှ ဝေ့ကျီချင်းသည် သက်ပြင်းချပြီး ကျိန်ဆဲမိသည်။
"ချီး......... ကံကြမ္မာက ငါ့ကို နောက်နေတာပဲ"
ဝေ့ကျီပင်းသည် ကြောက်ရွံ့မှုနှင့် ဒေါသအား တစ်ပြိုင်နက်တည်း ခံစားနေရပြီး ယနေ့ အဖြစ်အပျက်အား အခုထက်ထိ မယုံကြည်နိုင် သေးသလို ခံစားနေရသည်။
"ဟမ့်.... မင်းရဲ့ အောင်မြင်မှုတွေကို ဒီနေ့တော့ ခွင့်လွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ မင်းရဲ့အစကို မမေ့နဲ့ ငါတို့ ဝေ့မိသားစုသာ မရှိရင် မင်းက ဘာကောင်မှ မဟုတ်ဘူး "
ဝေ့ကျီပင်းက ခါးသက်စွာ ပြောသည်။ ချန်းဖန်က သူ့ထက် ငယ်သော်လည်း ထိုမျှအထိ ကျော်ကြားပြီး လွှမ်းမိုးနိုင်စွမ်း ရှိနေခြင်းက ဝေ့ကျီပင်းအတွက် လက်မခံနိုင်စရာပင်။
စားပွဲရှိ လူများက စကားတစ်ခွန်း မဟကြ။
ဝေ့ကျီပင်းတွင် ဝေ့မိသားစု၏ ကျောထောက် နောက်ခံ ရှိခြင်းကြောင့် ချန်းဖန်၏ နောက်ကွယ်တွင် ဆဲဆိုနေခြင်းက ပြဿနာ မရှိသော်လည်း ကျန်လူများအနေနှင့် လိုက်ပြောလို့ မဖြစ်ပေ။
ထိုအချိန်တွင် ဦးလေးလင်းသည် ဝေ့ကျီပင်းထံသို့ လျှောက်လာကာ ပြောသည်။
"သခင်လေး... တတိယသခင်ကြီး ခေါ်နေပါတယ်"
ဝေ့ကျီပင်း၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ သူက ကံဆိုးမှုများ ကုန်ဆုံးသွားပြီဟု ထင်ခဲ့သော်လည်း စိတ်သက်သာရာ ရမိသည်က စောသွားပုံရသည်။ ဝေ့ကျီပင်းသည် အကူအညီ ရလိုရငြား စားပွဲဝိုင်းသို့ လှမ်းကြည့် လိုက်သော်လည်း အားလုံးက ဟိုလှည့် သည်လှည့်ဖြင့် မသိချင်ယောင် ဆောင်နေကြသည်ကို တွေ့ရသည်။
"ကောင်းပြီလေ ငါလိုက်ခဲ့မယ်"
ဝေ့ကျီပင်းသည် စိတ်ထဲတွင်မူ ကျိန်စာ တိုက်မိသော်လည်း အပြင်ဘက်တွင်တော့ ဖခင်ဖြစ်သူနှင့် တွေ့ရန် ဦးလေးလင်းနောက်မှ လိုက်လာခဲ့သည်။
ဝေ့ကျီပင်း ထွက်သွားပြီးနောက် စားပွဲဝိုင်းရှိ လူငယ်တစ်ယောက်က လေပူတစ်ချက် မှုတ်ထုတ်လိုက်ရင်း ပြောသည်။
"သေစမ်း......... ငါ့မှာတော့ ကြောက်လိုက်ရတာ.... တော်သေးတယ် သူက ဝေ့ကျီပင်း တစ်ယောက်တည်းကိုပဲ တွေ့ချင်လို့၊ ဝေ့ကျီပင်း အဆင်တော့ ပြေမှာပါနော်"
"ဒါက အဲ့လောက် ရိုးရှင်းမယ်လို့ မထင်ဘူး"
လီရီချန်းက မှုန်မှိုင်းနေသော မျက်နှာနှင့် ပြောလာသည်။
"ချန်းဖန်က လက်စားချေလိုစိတ် ပြင်းပြတဲ့ လူမျိုးပဲ"
ဝမ့်ကျွင်းကလည်း သဘောတူသည့် အနေနှင့် ခေါင်းညိတ်သည်။ ချန်းဖန်၏ လက်ရှိ အဆင့်အတန်းနှင့် ဆိုလျှင် သူသာ ဝေ့ကျီပင်းအား အမှန်တကယ် အပြစ် ပေးချင်ပါက ဘယ်သူမှ တားနိုင်မည် မဟုတ်။
ရုတ်တရက် ချူမင်ဟွေ့သည် ထိုင်ခုံမှ ဝုန်းခနဲ ထရပ်လိုက်သည်။
"ဘယ်သွားမလို့လဲ...."
လီရီချန်းက အံ့ဩ သွားပြီး မေးသည်။
"လေ့ကျင့်ရေး စစ်စခန်းကို သွားတော့မယ်"
ချူမင်ဟွေ့က ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောသည်။
"ထန်လုံ အဖွဲ့အစည်းရဲ့ တရားဝင် အဖွဲ့ဝင် တစ်ယောက် မဖြစ်မချင်း ပြန်မလာတော့ဘူး...."
ဝေ့ကျီပင်းသည် ဦးလေးလင်း လမ်းပြရာသို့ လိုက်လာခဲ့ရင်း ဓာတ်လှေကားမှ တစ်ဆင့် ထျန်ရှန်းဟိုတယ် အပေါ်ဆုံးထပ်သို့ ရောက်လာခဲ့သည်။
ထျန်ရှန်းဟိုတယ်သည် ကြယ်ငါးပွင့် အဆင့်မီ ဆောက်လုပ်ထားပြီး အပေါ်ဆုံးထပ်သည် မှန်များကိုသာ သုံး၍ ဆောက်လုပ်ထားရာ အလွန် စိတ်ကူးယဉ် ဆန်သော လှပမှုကို ခံစားနိုင်သည်။
အပေါ်ဆုံးထပ်၌ အထူး စားသောက်ဆိုင် တစ်ခုလည်း ရှိပြီး အလွန် ကျယ်ဝန်းသည်။ သို့သော် အထဲ၌ လက်တစ်ဆုပ်စာခန့် ရှိသော လူများသာ ထိုင်နေကြသည်။
ဝေ့ကျီပင်းသည် စားသောက်ဆိုင် အတွင်းသို့ ဝင်သွားသောအခါ ဆိုဖာပေါ်တွင် ထိုင်နေသော လျှိုကောတုန်း၊ ကျိုးထျန်ဟောက်၊ ရှုအောင်းနှင့် သူ့ဖခင်တို့အား တွေ့လိုက်ရသည်။ လူတစ်ယောက်သည် ပြတင်းပေါက်နားတွင် မတ်တတ် ရပ်နေပြီး လက်နှစ်ဖက်အား ကျောနောက်တွင် ချိတ်ထားလျက် အဝေးသို့ ငေးနေသည်။
ဝေ့ကျီပင်းလည်း အံ့ကြိတ်လျက် အတွင်းသို့ ဝင်သွားလိုက်သည်။
သူက ဖခင်ဖြစ်သူအား လှမ်းကြည့်လိုက်သည်တွင် တတိယ သခင်ကြီးသည် ဒေါသတကြီး ထိုင်ခုံမှ ထလာကာ ပြင်းပြင်းထန်ထန် ဆူတော့သည်။
"အသုံးမကျတဲ့ကောင်.... မင်းကများ ဆရာချန်းကို စော်ကားရဲတယ်.... အခုချက်ချင်း ဒီကိုလာပြီး ပြန်တောင်းပန်စမ်း...."
ဝေ့ကျီပင်း၏ မျက်နှာက နီရဲသွားသည်။ တတိယ သခင်ကြီးက လူအားလုံး၏ ရှေ့တွင်ပင် မသိတတ်သော သားဖြစ်သူအား လက်နောက်ပြန် တစ်ချက် ရိုက်လိုက်သည်။ ထို့နောက် တတိယ သခင်ကြီးသည် ချန်းဖန်အား အလျင်အမြန် ဦးညွတ် လိုက်ရင်း ...။
"သားဖြစ်သူကို သေချာ မသွန်သင်ဘဲ လွှတ်ထားမိတဲ့ ကျုပ်ရဲ့ အပြစ်တွေပါ။ သူ့ရဲ့ မိုက်မဲမှုတွေအတွက် တောင်းပန်ပါတယ်။ သူလည်း တောင်းပန်ပါလိမ့်မယ်"
တတိယ သခင်ကြီးသည် ဝေ့ကျီပင်းအား ခြိမ်းခြောက် သတိပေးသည့် အကြည့်တစ်ချက် ပေးလိုက်သည်။ နောက်ဆုံးတွင်တော့ ဝေ့ကျီပင်းသည် အထစ်ထစ် အငေါ့ငေါ့နှင့် ကြိုးစား တောင်းပန်လာသည်။
"ချန်းဖန်... ဆရာချန်း ကျွန်တော် တောင်းပန်ပါတယ်"
ဝေ့ကျီပင်းသည် ခေါင်းအား ကြမ်းပြင်နှင့် ထိလုမတတ် ငုံ့ထားပြီး ချန်းဖန်၏ ခွင့်လွှတ်မှုအား စောင့်ဆိုင်းနေသည်။ အတန်ကြာသည်အထိ ဘာအသံမှ မကြားရသောကြောင့် ဝေ့ကျီပင်းက အရဲစွန့်၍ မော့ကြည့် လိုက်သည်။
ချန်းဖန်က ဖြည်းညင်းစွာ ပြောသည်။
"ညစာစားပွဲ မစခင်က ငါပြောခဲ့တာကို မှတ်မိလားလို့ ခုနတည်းက မေးပြီးပြီ ထင်တယ်"
"ဘာပြောခဲ့လို့လဲ...."
ဝေ့ကျီပင်းသည် ခဏတာ အံ့ဩသွားပြီးနောက် တစ်စုံတစ်ရာအား သတိရသွားကာ မျက်နှာ ရှုံ့မဲ့သွားပြီး အော်လိုက်လေသည်။
"ငါမင်းကို တောင်းပန်ပြီးပြီလေ ငါ့ဆီက ဘာတွေ ထပ်ပြီး လိုချင်နေသေးတာလဲ...."
"မင်းငါ့ကို ဒူးထောက်ပြီး မတောင်းပန်ဘူး ဆိုရင် မင်းခြေထောက်တွေကို ချိုးပစ်မယ်လို့ ငါပြောခဲ့တယ်"
ချန်းဖန်က အေးဆေးစွာဖြင့် ပြန်လည် သတိပေးလိုက်သည်။
"မင်း...."
ဝေ့ကျီပင်း၏ မျက်နှာကြီးက မည်းမှောင်သွားပြီး တတိယ သခင်ကြီးအား အကူအညီ တောင်းလိုစွာ လှမ်းကြည့်သည်။
တတိယ သခင်ကြီးသည်လည်း ဤပြဿနာမှာ လွယ်လွယ်နှင့် မပြီးနိုင်ကြောင်း ရိပ်စားမိသဖြင့် ကြိုးစား ပြုံးလိုက်ရင်း ဝင်ပြောကြည့်သည်။
"ဆရာချန်း ကျီပင်းက မိုက်မဲတဲ့ ကလေးသာသာပါပဲ ဒီတစ်ကြိမ် ခွင့်လွှတ်ပေးလိုက် သူ့အမှားတွေကို ပြန်ပြီး သုံးသပ်ပါလိမ့်မယ်"
"ငါ ချန်းပေ့ရွှမ်းက ပြောပြီးသား စကားကို ပြန်မရုပ်သိမ်း တတ်သလို ပြောရင် ပြောတဲ့အတိုင်း ဖြစ်အောင် လုပ်တယ်"
ချန်းဖန်၏ အေးစက်လှသော ငြင်းပယ်မှုကြောင့် တတိယ သခင်ကြီးမှာ ဒေါသ ထွက်သွားရသော်လည်း ထိုဒေါသများက အကူအညီ မဲ့မှုများအဖြစ် ပြောင်းလဲသွားသည်။ သူက မြစ်မြောက်ပိုင်းရှိ ဝေ့မိသားစုဝင် တစ်ယောက် ဖြစ်သော်လည်း လက်ရှိတွင် ဝေ့မိသားစု တစ်ခုလုံး၏ စုပေါင်း အင်အားသည်ပင် ချန်းဖန်နှင့် မယှဉ်နိုင်တော့ပါ။
တတိယ သခင်ကြီးအား ဘေးဘီဝဲယာသို့ ကြည့်လိုက်သည်တွင် ကျေနပ်အားရနေသော အပြုံးများနှင့် အခြားသော သူဌေးကြီးများအား တွေ့လိုက်ရသည်။ နောက်ဆုံးတွင် တတိယ သခင်ကြီးလည်း မာနအား ခဝါချကာ သားဖြစ်သူအား ကယ်တင်ရန် အတွေးကိုလည်း လက်လျှော့ လိုက်ရသည်။
ဖခင်ဖြစ်သူ၏ တိတ်ဆိတ်နေမှုကို မြင်ရသော် ဝေ့ကျီပင်း၏ နှလုံးသား တစ်ခုလုံး အကြောက်တရားတို့ဖြင့် ပြည့်နှက်သွားပြီး အော်တော့သည်။
"ခွေးကောင်.... မင်းကိုယ်မင်း ဘာထင်နေလဲ.... မင်းအခုလို အင်အားကြီးလာတာ ငါတို့မိသားစုရဲ့ အကူအညီကြောင့်ပဲ ငါတို့ မိသားစုသာ မရှိရင် မင်းက ဘာမှ မဟုတ်ဘူး"
"ပါးစပ် ပိတ်ထားစမ်း...."
တတိယ သခင်ကြီး၏ မျက်နှာမှာ စက္ကူစ တစကဲ့သို့ ဖြူဖျော့သွားပြီး အလျင်အမြန် တားလိုက်သည်။
သို့သော်လည်း တတိယသခင်ကြီး၏ အသံ ပျောက်ကွယ် မသွားခင်တွင်ပဲ ချန်းဖန်က လက်ချောင်လေး တစ်ချောင်းအား လေဟာနယ်ထဲ၌ ဝှေ့ယမ်းလိုက်သည်။ ပြင်းထန်သော လေအေး တစ်ချက်က ဝေ့ကျီပင်း၏ ဘယ်ဘက် ခြေထောက်သို့ ထိမှန်သွားပြီး ကျောချမ်းဖွယ် အရိုးကျိုးသံကြီးနှင့် အတူ ထိုခြေထောက် တစ်ဖက်သည် အတွင်းဖက်သို့ ကွေးဝင်သွားကာ သွင်သွင် ကျိုးသွားတော့သည်။
"အား ..."
ဝေ့ကျီပင်းသည် နာကျင်စွာ အော်ဟစ် လိုက်ပြီးနောက် ကျိုးသွားသော ခြေထောက်အား ကိုင်ရင်း ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားတော့သည်။
"ကျီပင်း...."
တတိယသခင်ကြီးသည် သားဖြစ်သူအား စိတ်ပူစွာ အော်ဟစ် လိုက်သော်လည်း နေရာတွင်ပင် ကျောက်ချမိနေကာ တစ်လက်မမှ မရွေ့မိ။
"အဘိုးဝေ့ရဲ့ မျက်နှာကြောင့် ကျွန်တော်က သူ့ရဲ့ ခြေထောက် တစ်ဖက်ကိုပဲ ချိုးလိုက်တာ၊ ခင်ဗျားအနေနဲ့ ဒါကို တရားတယ်လို့ ထင်လား...."
တတိယ သခင်ကြီးသည် လက်သီးကို တင်းနေအောင် ဆုပ်ထားမိသော်လည်း ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ တရားပါတယ်"
တတိယ သခင်ကြီး ခေါင်းပြန်မော့လာချိန်၌ ချန်းဖန်အား လှမ်းကြည့် လိုက်သည်တွင် ချန်းဖန်သည် လက်နှစ်ဖက်အား ကျောနောက်တွင် ချိတ်လျက် ပြတင်းပေါက်မှ တစ်ဆင့် ချူကျိုးမြို့၏ ရှုခင်းများအား ကြည့်နေသည်ကို တွေ့လိုက်ရသည်။
အလွန် ကြောက်ရွံ့၍ ဒေါသထွက်နေသော်လည်း တတိယသခင်ကြီးက တွေးလိုက်မိသည်။ ယနေ့မှစ၍ ဘယ်သူကမှ ချန်းဖန်အား စိန်ခေါ်ရန် စရဲတော့မည် မဟုတ်ပေ။
***