← Chapters

ငါနင့်ကိုမယုံဘူး....

Vol. 1 Ch. 100

ငါနင့်ကိုမယုံဘူး....

Vol. 1 Ch. 100

ဝေ့ကျီပင်းအား ဆေးဘက်ဆိုင်ရာ အကူများ လာရောက် ခေါ်ဆောင် သွားပြီးနောက် အခန်းထဲရှိ သူဌေးကြီးများသည် အစည်းအဝေးအား ဆက်လက် လုပ်ဆောင်ကြသည်။

"ဆရာချန်း ကောင်းကင် ရေစင်ရဲ့ အစွမ်းက အံ့မခန်းပဲ ကျုပ်အဲဒီရေကို စမ်းသပ်ဖို့အတွက် ဓာတ်ခွဲခန်းကို ပို့လိုက်သေးတယ်။ ‌ဓာတ်ခွဲခန်း ပညာရှင်တွေ ပြောတာတော့ ကောင်းကင်ရေစင်က သာမန်ရေတွေနဲ့ ဘာမှ ကွဲပြားမှု မရှိပေမဲ့ မယုံနိုင်စရာ ကောင်းတဲ့ ကုသနိုင်စွမ်း ရှိနေတယ်လို့လည်း ပြောတယ်"

ထိပ်ပြောင်ကြီး လျှိုက ဆိုဖာခုံအား လက်ဖြင့်ရိုက်ရင်း အခိုင်အမာ ပြောသည်။

ချန်းဖန်က ပြုံးလိုက်သည်။ ဝိညာဉ်ချီရေကား ဓာတ်ခွဲခန်းသုံး ပစ္စည်းများကဲ့သို့ စက်ပစ္စည်းများနှင့် စစ်ဆေးနိုင်သည့် အရာ မဟုတ်ပေ။

"ဆရာချန်း... တစ်နေ့ကို ကောင်းကင်ရေစင် ဘယ်လောက်များများ ထုတ်နိုင်လောက်လဲ...."

ရှုအောင်းက တွေးဆဆ မေးသည်။

ကျန်းပေ့ ဒေသအတွင်းရှိ သူဌေးကြီးများ စုစည်းရခြင်းမှာ ဆရာချန်းအား တွေ့ဆုံရန် အကြောင်း တစ်ခုတည်းကြောင့် မဟုတ်ပေ။ ယွမ်ဘီလီယမ်နှင့် ချီ၍ တန်သော စီးပွားရေး လုပ်ငန်းကြီးကြောင့်လည်း တစ်စိတ် တစ်ပိုင်း ပါဝင်သည်။ ကောင်းကင်ရေစင်သည် တစ်နှစ်လျှင် အမြတ်သီးသန့် ယွမ်၁၀ ဘီလီယမ်ခန့် မြတ်မည် ဖြစ်ရာ ကမ္ဘာပေါ်ရှိ အချမ်းသာဆုံး လူပင်လျှင် ဤလုပ်ငန်း၏ ဆွဲဆောင်မှု အောက်မှ လွတ်နိုင်မည် မထင်ပါ။

ချန်းဖန်က တတိယ သခင်ကြီးအား တစ်ချက် လှမ်းကြည့်လိုက်သည်တွင် သားဖြစ်သူအတွက် ပူဆွေးနေသော တတိယ သခင်ကြီးမှာ သတိ ပြန်ဝင်လာပြီး လုပ်ငန်း အကြောင်းအရာ အသေးစိတ်အား ရှင်းပြလိုက်သည်။

"တနေ့ကို ပုလင်း နှစ်ရာကနေ သုံးရာအတွင်း ထုတ်နိုင်ပြီး ဆရာချန်းက အမြတ်အစွန်းရဲ့ ငါးဆယ်ရာခိုင်းနှုန်းကိုပဲ ယူမယ် ဟုတ်လား...."

အချို့သော သူဌေးကြီးများမှာ မျက်လုံးထဲတွင် ငွေပုံကြီးအား မြင်ယောင်လာပြီး ပင့်သက် ရှိုက်မိကြသည်။

ရေတစ်ပုလင်းလျှင် ယွမ်တစ်သိန်းနှင့် ရောင်းချရန် ဆိုသည်က တတိယ သခင်ကြီး၏ အကြံပြုချက် သက်သက် ဖြစ်သည်။ အကယ်၍ သူဌေးကြီးများထဲမှ တစ်ယောက်က ဈေးမြှင့်ကာ ရောင်းလျှင်လည်း ရသေး၏။ မိမိကိုယ်တိုင်၏ စိတ်ကူးပေါ်တွင်သာ မူတည် ပေသည်။

"ဒါက အကျိုးအမြတ်များတဲ့ လုပ်ငန်းပဲ"

အဘိုးကြီး ကျန်းသည်လည်း သဘောတူစွာ ခေါင်းညိတ်သည်။

လူတိုင်း၏ စိတ်ထဲ၌ ကောင်းကင်ရေစင် ရောင်းချရန် အသေးစိတ် အစီအစဉ်များပင် ဆွဲနေကြပြီ ဖြစ်သည်။ ချန်းဖန်သည် ကောင်းကင်ရေစင်အား အလကား ပေးမည်တော့ မဟုတ်။ ရောင်းချလိုသည့် ကိုယ်စားလှယ်များ အနေနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် လဲလှယ်ရမည် ဖြစ်သည်။ အားလုံးက အလဲအလှယ် အကြောင်း ဆွေးနွေး နေကြစဉ်တွင် ရှုအောင်းက အလေးအနက် ဝင်ပြောလာသည်။

"ဆရာချန်း... ကျန်းပေ့ဒေသက သူဌေးကြီးတွေ အားလုံးနီးပါး ဒီပွဲကို တက်ကြပေမဲ့ ကျန်းကျိုးမြို့က သခင်ကြီးဝူတော့ မပါဘူး"

"သခင်ကြီးဝူ...."

ချန်းဖန်က မျက်မှောင်ကျုံ့လိုက်သည်။

တခါက ကျိုးထျန်ဟောက်သည် ချန်းဖန်အား သခင်ကြီးဝူအကြောင်း ပြောပြဖူးသည်။ သခင်ကြီးဝူသည် ကျင်းမြို့တော်ရှိ ထန်ယွမ်ချင်၏ လက်အောက်တွင်ရှိသော သူဌေးများထဲမှ တစ်ယောက် ဖြစ်သည်။

"သစ္စာဖောက်ကောင်.... ကျန်းပေ့ဒေသကို အရင်လိုမျိုး မစည်းမလုံးနဲ့ တကွဲတပြား ဖြစ်နေတယ်များ ထင်နေလား မသိဘူး"

ထိပ်ပြောင်ကြီးလျှိုက နှာခေါင်းရှုံ့လျက် ကျိန်ဆဲလိုက်သည်။

"ဒီကိစ္စကို ကျွန်တော့် ဘာသာပဲ ဖြေရှင်းလိုက်ပါ့မယ်"

ချန်းဖန်က ခေါင်းညိတ်ရင်း ပြောသည်။

ချန်းဖန်၏ စကားကြောင့် အားလုံးက စိတ်ချ သွားကြသည်။ ဆရာချန်းသည် သခင်ကြီးဝူအား ကိုယ်တိုင် ကိုယ်ကျ အပြစ်ပေးတော့မည် ထင်သည်။ နှုတ်မှ ဖွင့်မပြောသော်လည်း သူဌေးအများစုက သခင်ကြီးဝူ၏ ကျရှုံးခန်း အတွက် ဝမ်းမြောက်နေကြသည်။

ထျန်ရှန်း ဟိုတယ် အပေါ်ဆုံးထပ်တွင် ကျင်းပသော အစည်းအဝေးသည် ညလယ်ခေါင် ရောက်သည် အထိ မပြီးဆုံးနိုင်သေး။

ထို့ကြောင့် အောက်ထပ် ခန်းမထဲတွင် ရှိနေသော ဧည့်သည်များသည်လည်း အသီးသီး ပြန်လည် ထွက်ခွာ သွားကြသည်။ ကျန်းချူယန်လည်း အပါအဝင် ဖြစ်သည်။

ကျန်းချူယန်သည် အိပ်ချင်မူးတူးဖြင့် အိမ်တံခါးအား ခေါက်လိုက်သည်။ အန်တီထန်က တံခါး လာဖွင့်ပေးချိန်တွင် ကျန်းချူယန်၏ မသေမသပ် ဖြစ်နေသော ပုံစံကြောင့် စိုးရိမ်တကြီး မေးလိုက်သည်။

"ယန်ယန် ဘာဖြစ်လာတာလဲ...."

ကျန်းချူယန်သည် အန်တီထန်အား မပီမပြင် ပြုံးပြရုံသာ ပြပြီး ဘာမှ မပြောချေ။

ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ကျန်းဟိုင်ရှန်းသည် အမေရိကန်ထုတ် သတင်းစာ တစ်စောင်အား ဖတ်လျက်ရှိပြီး အန်တီထန်၏ အသံကြောင့် ကျန်းချူယန် ပြန်ရောက်လာပြီ ဖြစ်ကြောင်း သိလိုက်သည်။ မကြာမီတွင်ပဲ ကျန်းချူယန်၏ မသာမယာ ဖြစ်နေသော ပုံစံအား ကျန်းဟိုင်ရှန်း သတိထားမိသွားသည်။

"ယန်ယန် မျက်နှာ မသာမယာနဲ့ ဘာဖြစ်လာတာလဲ.... ထျန်ရှန်း ဟိုတယ်က ညစာစားပွဲကို သွားတာ မဟုတ်ဘူးလား...."

ပြောနေရင်းဖြင့် ကျန်းဟိုင်ရှန်းသည် တစုံတရာအား သတိရသွားပြီး ဒေါသတကြီး ဆက်‌မေးလာသည်။

"ဘာလဲ ချန်းဖန်က နှောင့်ယှက်ပြန်ပြီလား...."

ထို့နောက်တွင် ကျန်းဟိုင်ရှန်းက ခေါင်းယမ်းလျက် ညည်းညူ လိုက်သည်။

"အဲ့ကောင်လေးက အရမ်း မောက်မာလွန်းတယ် ငါအရင်ကလည်း ပြောဖူးပါတယ် အခုလည်း ထပ်ပြောရရင် လီရီချန်းက သူ့ထက် အများကြီးသာတယ်"

"ကျွန်မ မေးပါရစေဦး ရှင့်ကို ရှောင်ဖန်က ဘာလုပ်နေလို့တုန်း ကျွန်မအမြင်မှာတော့ ရှောင်ဖန်က အပြစ်ဆိုစရာ မရှိတဲ့ ကလေးပဲ"

အန်တီထန်ကလည်း ခင်ပွန်းဖြစ်သူအား ပြန်လည် ရန်တွေ့လိုက်သည်။

သူမ၏ မိဘနှစ်ယောက် ခါတိုင်းကဲ့သို့ ရန်ဖြစ်တော့မည် ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ကျန်းချူယန်က စကားစလိုက်သည်။

"ဖေဖေနဲ့မေမေ... လူတစ်ယောက်က ညတွင်းချင်းပဲ အရမ်းကို ကျော်ကြားသွားမယ် ဆိုရင် ယုံလားဟင်...."

"ဘာကို ဆိုလိုတာလဲ...."

ကျန်းဟိုင်ရှန်းက အလေးအနက် ပြန်မေးသည်။

"ဆိုကြပါစို့ ... အဖေ့ရဲ့ သူငယ်ချင်း တစ်ယောက်ကို အဖေက သာမန်လူ တစ်ယောက်လို့ပဲ အမြဲတမ်း ထင်ထားခဲ့တယ်။ ဒါပေမဲ့ ‌တနေ့ကျတော့ အဲဒီ သူငယ်ချင်းက ညတွင်းချင်းပဲ အရမ်းအရမ်းကို အာဏာရှိတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်။ အဲအချိန်မှာ အဖေ့အနေနဲ့ သူ့ကို လေးစားအားကျပြီး ငေးကြည့်နေဖို့ပဲ တတ်နိုင်တော့တယ် "

ကျန်းချူယန်သည် စကားလုံးများအား သေချာရွေးချယ်၍ ဂရုတစိုက် မေးလိုက်သည်။

"ဒါပေမဲ့ အဖေ့ သူငယ်ချင်းက ဘယ်လိုကြောင့် အဲ့လို ဖြစ်သွားရလဲ ဆိုတာကိုလည်း အဖေမသိဘူး ဆိုပါတော့ အဲဒီ သူငယ်ချင်းရဲ့ ပါရမီ၊ မိသားစုနောက်ခံ၊ ဉာဏ်ရည် အားလုံးက သာမန်ထက် ထူးကဲ နေတာမျိုးလည်း မရှိဘူး ဒီလိုဆိုရင် သူက ဘယ်လိုလုပ်ပြီး တခြားသူတွေ ဆယ်စုနှစ် တစ်ခုစာလောက် ကြိုးစားရမဲ့အရာကို အချိန်ခဏလေး အတွင်း ရနိုင်ရတာလဲ...."

"ဒီလို အခြေအနေမျိုးက အရမ်းရှားတယ်။ ဒါပေမဲ့ မဖြစ်နိုင်တာတော့လည်း မဟုတ်ဘူး"

ကျန်းဟိုင်ရှန်းက ခေါင်းယမ်းသည်။

"လူတယောက်က ဘဝမှာ အောင်မြင်မှုတွေ ရရှိဖို့ အလုပ်ကြိုးစားရမယ်။ ဒါပေမဲ့ အလုပ်ကြိုးစားခြင်း တစ်ခုတည်းကပဲ အောင်မြင်မှုကို ရစေတာတော့ မဟုတ်ဘူး။ သမီးပြောတဲ့ သူငယ်ချင်းက သူ့ကို ညတွင်းချင်း အာဏာရှင် တစ်ယောက် ဖြစ်လာအောင် ကူညီပေးနိုင်တဲ့ အရမ်းအင်အားကြီးတဲ့ လူတစ်ယောက်ရဲ့ ကာကွယ်ပေးမှုကို ရထားတာမျိုးလည်း ဖြစ်နိုင်တယ်လေ"

"အရမ်းအင်အားကြီးတဲ့ အကာအကွယ်...."

ကျန်းချူယန်၏ မျက်လုံးများက အရောင် တောက်သွားသည်။

"ဘယ်လို အင်အားကြီးတဲ့ လူမျိုးက အဲဒီ သူငယ်ချင်းကို သာမန် အထက်တန်း ကျောင်းသားလေးကနေ ရှန်းရုန်ဟွာနဲ့ အဆင့်အတန်း တူလောက်တဲ့ အထိ လုပ်ပေး‌နိုင်မလဲ ဘယ်လိုလူမျိုးက လုပ်ပေးနိုင်လောက်လဲ...."

"ရှန်းရုန်ဟွာ...."

ကျန်းဟိုင်ရှန်း၏ အသံက ရယ်သံအဖြစ်သို့ ပြောင်းလဲသွားသည်။

"ယန်ယန် သမီးက ရှန်းမိသားစုကို လျှော့တွက် လွန်းနေတာပဲ ရှန်းရုန်ဟွာက ဟူတုန်းပြည်နယ်ရဲ့  အချမ်းသာဆုံး စာရင်းထဲမှာတောင် ပါတဲ့သူပဲ တချို့ မြို့တော်ဝန်တွေ ထက်တောင် သူက ပိုပြီး အင်အားကြီးတယ်။ အထက်တန်း ကျောင်းသားတစ်ယောက် အနေနဲ့ ရှန်းရုန်ဟွာနဲ့ တန်းတူ အာဏာရှိဖို့ ဆိုတာက မဖြစ်နိုင်ဘူး ဝေ့မိသားစုက ထောက်ပံ့ပေးမယ် ဆိုရင်တောင် မဖြစ်နိုင်ဘူး။ ဟူတုန်းပြည်နယ်မှာရှိတဲ့ ဘယ်သူကမှ အထက်တန်း ကျောင်းသား တယောက်ကို ရှန်းရုန်ဟွာနဲ့ တန်းတူ ဖြစ်အောင် လုပ်မပေးနိုင်ဘူး... အင်း ရန်ကျင်းမြို့က တချို့ သူဌေးတွေ ဆိုရင်တော့ လုပ်ပေးကောင်း လုပ်ပေးနိုင်လောက်တယ်"

"အဲဒီလိုလား"

ကျန်းချူယန်၏ လေသံက အနည်းငယ် ဝေခွဲမရ ဖြစ်နေဟန် ရသည်။ သူမက မသဲမကွဲ ရေရွတ် လိုက်သည်။

"ချန်းဖန်က ရန်ကျင်းမြို့က သူဌေးကြီးတွေထဲက တယောက်ရဲ့ ထောက်ပံ့ပေးမှုကို ရထားတာများလား.... မဖြစ်နိုင်ဘူး"

"ယန်ယန် သမီး တကယ်ပဲ ဘာတြွေဖစ်နေတာလဲ...."

ကျန်းချူယန်၏ မေးခွန်းများကြောင့် အန်တီထန်က ဦးနှောက်ခြောက်ကာ မေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး"

ကျန်းချူယန်သည် သူမ၏ အပြုအမူများကြောင့် ခေါင်းခြောက်သွားသော မိဘများအား နှုတ်ဆက်ပြီး သူမအခန်း ဆီသို့သာ တန်းတန်းမတ်မတ် ပြန်လာခဲ့လိုက်သည်။

သူမသည် အိပ်ရာပေါ်၌ နာရီအနည်းငယ် လူးလှိမ့် နေခဲ့သော်လည်း ညစာစားပွဲတွင် သူမအား နှုတ်ခမ်းတွန့်ရုံ ပြုံးပြသွားသော ချန်းဖန်၏ ပုံရိပ်ကိုသာ မြင်ယောင်နေပြီး လုံးဝ အိပ်မရခဲ့။

"ချန်းဖန်... ဆရာချန်း...."

ဒါကြီးက မဖြစ်နိုင်တာထက်ကို ပိုသည်။

တွေးလေလေ သူမအတွက် လက်ခံနိုင်ဖို့ ခက်ခဲလေလေ ဖြစ်သည်။

သည်းမခံနိုင်တော့သည့် အဆုံးတွင် ကျန်းချူယန်သည် သူမအိမ်မှ ခိုးထွက်လာခဲ့ကာ ယွင်ဝူတောင်ထိပ်ရှိ စံအိမ်ဆီသို့ ဦးတည်လိုက်သည်။ ဆောင်းတွင်းကြီး ဖြစ်သောကြောင့် ရာသီဥတုက အေးနေသော်လည်း ကျန်းချူယန်က အိမ်နေရင်း ကုတ်တထည်သာ ဝတ်လာခဲ့ခြင်း ဖြစ်ရာ ချမ်းအေးမှုကြောင့် သူမ၏ မျက်နှာမှာ တဖြည်းဖြည်း ဖြူဖျော့လာသည်။ သို့သော်လည်း သူမက တောင်ထိပ်သို့ မရောက်မချင်း လက်မလျှော့လိုပေ။

ကျန်းချူယန် တောင်ထိပ်ရှိ စံအိမ်သို့ ရောက်သွားချိန်တွင် မနက်၄နာရီ ထိုးသွားခဲ့ပြီး အရုဏ်ဦး နေရောင်ပင် ထွက်လုလု ဖြစ်နေသော အချိန်ဖြစ်သည်။

စံအိမ်တံခါးအား မည်သို့ ဖွင့်ရမည်နည်းဟု သူမ တွေးတော နေစဉ်တွင်ပဲ တံခါးက အလိုအလျောက် ပွင့်လာခဲ့သည်။ သူမလည်း အိမ်အတွင်းသို့ ဝင်လာခဲ့သည်တွင် အိမ်အတွင်းဘက်မှာ အဖြူရောင် မြူမှုန်များနှင့် ပြည့်နှက်နေပြီး စိတ်ကူးယဉ် နယ်မြေ တစ်ခုတွင် လမ်းလျှောက် နေရသည့်အလား ခံစားရစေသည်။ သို့သော်လည်း ကျန်းချူယန်သည် အချိန်ဖြုန်း မနေတော့ဘဲ တတိယထပ်သို့သာ ဦးတည်၍ တက်သွားလိုက်သည်။ တတိယထပ်သို့ ရောက်သောအခါ လသာဆောင်ရှိ ‌နောက်မှီ ကုလားထိုင် တစ်လုံးတွင် အေးဆေး သက်သာစွာ ထိုင်နေသော ချန်းဖန်အား တွေ့လိုက်ရသည်။ ကုလားထိုင် နောက်မှီအား မှီလျက် မျက်လုံးများ မှိတ်ထားပုံက သူမ ရောက်လာမည်ကို ကြိုသိပြီး စောင့်နေသကဲ့သို့ ရှိသည်။

"ငါရောက်နေတာကို သိတာလား...."

ကျန်းချူယန်က အေးစက်စွာ မေးသည်။

"ဘာကိစ္စရှိလို့လဲ...."

ချန်းဖန်က ဖြည်းညင်းစွာ ပြန်မေးသည်။

"ငါ့ဆီက ဘာလိုချင်လို့လဲ...."

ကျန်းချူယန်သည် ချန်းဖန်၏ မေးခွန်းကြောင့် စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားပြီး သတ္တိမွေးကာ ပြောလိုက်သည်။

"နင်က ဆရာချန်းဆိုတာ ယုံလားလို့ ငါ့ကို မေးခဲ့တယ်နော် အခု အဲဒီမေးခွန်းကို ငါဖြေမယ် ... ငါနင့်ကို မယုံဘူး"

သူမသည် ချန်းဖန်၏ မျက်လုံးများထဲသို့ တည့်တည့် စိုက်ကြည့်ရင်း ကျယ်လောင် ပြတ်သားစွာ ပြောလိုက်သည်။

"ဪ... ဟုတ်လား...."

ချန်းဖန်က စိတ်ဝင်စားစွာ ပြန်မေးလိုက်သည်။

"ကျန်းပေ့ဒေသ တစ်ခုလုံးက သူဌေးတွေက ယုံတယ်။ မင်းတစ်ယောက်တည်းက မယုံဘူးဆိုတော့ ဘာလို့များပါလိမ့်"

"ဘာလို့လဲဆိုတော့ ငါ့မှာ ဦးနှောက်ရှိတယ် "

ကျန်းချူယန်သည် သူမမျက်နှာအား မော်ချီ၍ ပြန်ဖြေလိုက်သည်။

"တတိယ သခင်ကြီးဝေ့၊ ရှုအောင်း၊ လျှိုကောတုန်းတို့ အားလုံးက နင် ဆရာချန်းဆိုတာကို ယုံတယ်။ ဒါပေမဲ့ ငါမယုံဘူး ရှင်းရှင်းလေးပဲ နင်က ဆရာချန်းလို့ ယုံချင်စရာ အကြောင်း တစ်ခုမှကို မရှိလို့ပဲ ချန်းဖန်... နင်က ပုံမှန်ဆိုရင် နှိမ့်ချတတ်တယ်လို့ ထင်ရပေမဲ့ တကယ်တော့ နင်က ငါမြင်ဖူးသမျှ လူတွေ အကုန်လုံးထဲမှာ မာန အကြီးဆုံးပဲ နင်လုပ်လိုက်သမျှ အရာတွေတိုင်းက လူ့ပတ်ဝန်းကျင်က လက်ခံထားတာတွေနဲ့ ဆန့်ကျင်ဘက်ပဲ။ နင့်ရဲ့ ပေါင်းသင်း ဆက်ဆံရေး အရည်အချင်းက လီရီချန်းနဲ့တောင် မယှဉ်နိုင်တာ၊ ကျန်းပေ့ဒေသက သူဌေးကြီးတွေနဲ့သာ ဆိုရင် အဝေးကြီး လိုသေးတယ်။ စီးပွားရေး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ နင့်ရဲ့ အသိအမြင် ဗဟုသုတကလည်း လုံးဝ သုညပဲ။ နင့်မှာ ကိုယ်ပိုင် အရည်အချင်း၊ မိသားစုနောက်ခံ၊ လူမှုရေးစွမ်းရည်၊ ဗဟုသုတ ဘာဆိုဘာမှ မရှိဘူး ဒီတော့ပြောပါဦး နင်က ဘယ်လိုများ ဆရာချန်း ဖြစ်လာလဲ...."

သူမ၏ ရှည်လျားလှသော အပြစ်တင် ဝေဖန်စကားကြီး အဆုံးတွင် ကျန်းချူယန်သည် အသံများပင် တုန်နေခဲ့ပြီး မျက်လုံးများထဲတွင်လည်း မျက်ရည်စများ ဝေ့သီလို့ နေသည်။

ညစာစားပွဲ ကတည်းက တစ်ညလုံးလုံး ထိန်းသိမ်းထားခဲ့သော သူမ၏ အတွေးများ၊ သံသဃများ၊ နောင်တများ အားလုံး ပွင့်ထွက်သွားခဲ့ခြင်း ဖြစ်သည်။

ကျန်းချူယန်သည် ငယ်စဉ်ကပင် ပညာရေးအား အထူး လိုက်စားခဲ့ပြီး ထက်မြက်သူ ဖြစ်သည်။ ချန်းဖန်နှင့် မတွေ့ခင်အထိ သူမသည် မည်သည့် တစ်ဦးတစ်ယောက်ကိုမှ မှားယွင်း အကဲခတ် မိခဲ့ခြင်းမျိုး မရှိခဲ့ဖူးပေ။

သူမသည် ချန်းဖန်အား လူအဖွဲ့အစည်း၏ အောက်ခြေ အဆင့်တွင်သာ အမြဲတမ်း ရှိနေမည့် သာမန် ကျောင်းသားလေး အဖြစ်သာ တွေးထားခဲ့သည်။ သို့သော် ချန်းဖန်၏ သရုပ်မှန်က ရုတ်တရက်ကြီး ထွက်ပေါ်လာရာ သူမအနေနှင့် မည်သို့ လက်ခံနိုင်ပါမည်နည်း။

"မင်း ဒီကိုလာတာက အဲဒါပြောဖို့လား...."

ချန်းဖန်သည် စိတ်ပျက်စွာ ခေါင်းယမ်းရင်း ထူးမခြားနားစွာ ပြောလိုက်သည်။

"ကျန်းချူယန် ငါမင်းကို CoCo ဘားမှာတည်းက ပြောခဲ့ပြီးပြီ လူတွေကို မင်းရဲ့ ကိုယ်ပိုင် အတွေးအမြင် တစ်ခုတည်းနဲ့ တန်ဖိုး မဖြတ်ပါနဲ့လို့ မင်းက တကယ်ကိုပဲ မင်းစကားပြောနေတဲ့ သူက ဘယ်လိုလူလဲ ဆိုတာ မသိဘူးပဲ"

ချန်းဖန်သည် ခဏမျှ ရပ်လိုက်ပြီးနောက် မတ်တတ် ရပ်ကာ ‌လသာဆောင် အစွန်းနားသို့ လျှောက်သွားပြီး အဆုံးမရှိသော တိမ်ပင်လယ်ကြီးအား ငေးကြည့်လိုက်သည်။

"အရမ်းကောင်းတယ် မင်းက သံသဃ ရှိနေတုန်း ဆိုမှတော့ ဒီနေ့ ငါက ဆရာချန်း ဆိုတာကို မင်းယုံကြည်လာအောင် လုပ်ပေးမယ်"

ထို့နောက် ချန်းဖန်သည် ကြမ်းပြင်သို့ ခြေတစ်ချက် ဆောင့်ကာ အော်လိုက်သည်။

"ထွက်လာစမ်း...."

ရုတ်တရက် မရေမတွက်နိုင်သော ရွှေရောင် အလင်းတန်းများ မြေပြင်မှ ထွက်ပေါ်လာပြီး ထိုအလင်းတန်းများက ယွင်ဝူတောင်ပေါ်မှ အစပြု၍ ရန်ကွေ့ရေကန် အထိပါ ဖုံးလွှမ်းသွားသည်။ တစ်စထက်တစ်စ ပိုမို ထူထပ်လာသော မြူမှုန်များသည် ယွက်ဝူ တောင်ထိပ်မှစ၍ တောင်တစ်ဝက်လောက်ထိ ဖုံးအုပ် သွားသည်။ ကျန်းချူယန်သည် ရုတ်ချည်း ဖြစ်ပျက်သွားသော အရာများအား နားလည်နိုင်ရန် ကြိုးစားနေစဉ်တွင်ပဲ တိမ်စိုင်များကြား၌ ကောင်းကင်ပင် တုန်လောက်အောင် တွန်ကျူးရင်း လူးလွန့်နေသော အဖြူရောင် မြွေကြီး တစ်ကောင်အား မြင်လိုက်ရသည်။

ယင်းမြွေကြီးသည် ယင်နဂါးရေကန်၌ ချန်းဖန် သတ်ခဲ့သော မြွေကြီးနှင့် ဆင်တူပြီး နဖူးပေါ်၌ ချိုနှစ်ခု ပါသည်။

ကျန်းချူယန် သတိဝင်လာချိန်တွင် သူမသာမက စံအိမ် တစ်ခုလုံးနှင့် တောင်တစ်တောင်လုံးမှာလည်း ထူထဲလှသော မြူထုကြီးထဲသို့ ရောက်ရှိသွားကြောင်း သိလိုက်ရသည်။

"ဒါက... ဘာလဲ...."

ကျန်းချူယန်သည် တုန်တုန်ယင်ယင်နှင့် မေးလိုက်သည်။

အဖြူရောင် မြူမြွေကြီးသည် လသာဆောင်သို့ ဆင်းသက်လာပြီး သခင်ကို တွေ့၍ ပျော်ရွှင်နေသော အိမ်မွေး တရိစ္ဆာန်လေးသဖွယ် ချန်းဖန်၏ ခြေရင်း၌ ပွတ်သပ်နေတော့သည်။

"ကျန်းပေ့ဒေသက သူဌေးကြီးတွေကို စည်းရုံးဖို့ မင်းပြောတဲ့ အရည်အချင်းတွေထဲက တစ်ခုကိုမှ ငါမသုံးခဲ့သလို ပိုက်ဆံကိုလည်း မသုံးဘူး။ လူတစ်ယောက်ရဲ့ ဘဝနဲ့ သေခြင်းတရားကို အဆုံးအဖြတ် ပေးနိုင်တဲ့ ငါ့ရဲ့ ကိုယ်ပိုင်ခွန်အားကိုပဲ သုံးခဲ့တယ်"

ချန်းဖန်သည် လက်နှစ်ဖက်အား ကျောနောက်တွင် ချိတ်လိုက်ရင်း တုန်လှုပ်နေသော မိန်းကလေးအား သနားစဖွယ် ပိုးမွှားလေး တစ်ကောင်အား ကြည့်သည့်နှယ် ကြည့်လိုက်သည်။

စိတ်ကူးကြည့်၍ပင် မရလောက်သော မှင်တက်ဖွယ် မြင်ကွင်းရှေ့တွင် ရပ်နေရင်း ကျန်းချူယန်သည် တွေးမိ၏။

'လူတွေက သူ့ကို ဆရာချန်းလို့ ခေါ်တာ မထူးဆန်းတော့ဘူး။ ဒီစွမ်းအားနဲ့ဆိုရင် သူက နတ်ဘုရား တစ်ပါး နီးနီးပဲ'

နောက်ဆုံး ရောက်တတ်ရာရာ အတွေးများ အနည်ထိုင် သွားချိန်တွင် ကျန်းချူယန်၏ စိတ်ထဲ၌ စကားလုံး တစ်လုံးသာ အထပ်ထပ် အခါခါ မြည်ဟည်းနေတော့သည်။

နောင်တ... ။

ဇန်နဝါရီ၂၈ရက်၊၂၀၀၈ခုနစ်။

နှင်းတောင် အစီအရင်ကား ပြီးမြောက်ခဲ့၏။

***

All Chapters