ဝေ့မိသားစု၏ ဖိတ်ခေါ်မှု
Vol. 2 Ch. 101
ကျန်းချူယန်သည် ဇဝေဇဝါ ဖြစ်မှုတစ်ဝက်၊ ကြောက်ရွံ့မှု တစ်ဝက်ဖြင့် စံအိမ်မှ ထွက်ခွာလာခဲ့သည်။ သူမသည် တိကျသော အဖြေတစ်ခုရရန် လာခဲ့သော်လည်း ပိုမို များပြားသော မေးခွန်းများနှင့်သာ ပြန်လာခဲ့ရသည်။
"ချန်းဖန်က ဘယ်သူလဲ.... သူ့ရဲ့စွမ်းအားတွေက ဘယ်ကလာတာလဲ.... သူက နတ်ဘုရား တစ်ပါးလား...."
သို့သော်လည်း ကျန်းချူယန်အား အမှန်တကယ် ဝမ်းနည်းစေသည့် အရာမှာ သူမတို့ နှစ်ယောက်သည် မတူညီသော ကမ္ဘာနှစ်ခုတွင် နေထိုင်နေကြခြင်း ဖြစ်ပြီး ဘယ်သော အခါမှ အတူတူ ရှိနေဖို့ မဖြစ်နိုင်ခြင်း ဆိုတာပင်။
ထိုသို့အတွေးနှင့် ကျန်းချူယန်၏ နှလုံးသား တစ်ခုလုံးသည် နောင်တတို့နှင့်သာ ပြည့်နှက် လာရသည်။
ထိုအချိန်တွင် ချန်းဖန်သည် စံအိမ်အတွင်းမှ ထွက်ခွာသွားသော ကျန်းချူယန်အား ဂရုမစိုက်အားပါ။ သူက မြူမွေကြီး၏ ခေါင်းအား ညင်သာစွာ ပွတ်သပ်ပေးလျက် ရှိသည်။
မြွေကြီး၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မြူမှုန်များဖြင့် ဖွဲ့စည်းထားပြီး အရှည်အားဖြင့် 30 မီတာခန့် ရှည်လျားသည်။ မြွေကြီးသည် တိမ်တိုက်များကြား၌ လူးလွန့်လျက် တွန်ကျူးနေသည်မှာ တရုတ် ရှေးဟောင်း ပန်းချီကားထဲရှိ နဂါးတစ်ကောင်နှင့်ပင် တူနေသေးသည်။
"ယင်မြွေကြီးကို သတ်ပြီး သူ့ရဲ့ဝိညာဉ်ကို ကျောက်စိမ်း အဆောင်ထဲ စုပ်ယူထားလိုက်တာ တကယ် မှန်သွားတာပဲ"
ချန်းဖန်က တီးတိုး ရေရွတ်လိုက်သည်။
နှင်းတောင် အစီအရင်တွင် အဓိကကျသော အစိတ်အပိုင်း လေးခုပါဝင်သည်။
ဝိညာဉ် ဆက်သွယ်ခြင်း အစီအရင်၊ ဝိညာဉ်စုဆောင်းခြင်း အစီအရင်၊ မြူအစီအရင်နှင့် ပင်မ နှင်းတောင် အစီအရင်တို့ ဖြစ်ကြသည်။
စွမ်းအားကြီးသော ကျင့်ကြံသူများ သို့မဟုတ် မိစ္ဆာသားရဲများ၏ ဝိညာဉ်များကသာ ဤသို့သော အစီအရင်၏ ကြီးမားလှသော စွမ်းအင်ကို လက်ခံနိုင်စွမ်း ရှိသည်။ အချို့သော မိစ္ဆာဂိုဏ်းများသည် စွမ်းအားကြီး အစီအရင်များ ပြုလုပ်နိုင်ရန် အပြစ်မဲ့သော သာမန် လူသားများ၏ ထောင်ပေါင်းများစွာသော ဝိညာဉ်များကိုပင် စတေးလေ့ ရှိကြသည်။
ချန်းဖန်၏ အတိတ်ဘဝက အလွန် အစွမ်းထက်သော ကျင့်ကြံသူ တစ်ယောက်သည် လူနေ ထူထပ်သော ဂြိုဟ်ကြီး တစ်ခုရှိ သက်ရှိအားလုံး၏ အသက်များအား စတေးကာ နဂါးငွေ့တန်း တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည့် အစီအရင်တစ်ခု ပြုလုပ်ခဲ့သည်ကို ချန်းဖန် မျက်မြင် တွေ့ခဲ့ရဖူးသည်။
" ယင်မြွေက နှစ်ပေါင်း တစ်ရာလောက် ကျင့်ကြံခဲ့ပြီးတော့ ဉာဏ်အလင်းရတဲ့ အဆင့်ကိုတောင် ရောက်နေပြီ ဝိညာဉ်သားရဲ စစ်စစ်တော့ မဟုတ်သေးပေမဲ့ လောလောဆယ် အစီအရင်မှာ အသုံးပြုလို့ ရသေးတယ်"
ချန်းဖန်သည် ကြီးမားလှသော မြွေကြီး တိမ်များကြားထဲ တိုးဝင် ပျောက်ကွယ် သွားသည်ကို ကြည့်နေလိုက်သည်။ သူက နှင်းတောင် အစီအရင်အား အသက်သွင်းလိုက်သည်တွင် အစီအရင်မှ ဖြစ်ပေါ်လာသော မြူမှုန်များသည် ပတ်ဝန်းကျင်ရှိ သဘာဝ မြူများနှင့် အလွယ်တကူ ပေါင်းစပ် သွားသည်။
အဝေးတစ်နေရာမှ နေ၍ ယွင်ဝူတောင်အား လှမ်းကြည့်မည် ဆိုပါလျှင် တောင်ထိပ်မှ စ၍ ဖြစ်ပေါ်လာသော မြူများသည် တောင်တစ်ခုလုံးအား ဖုံးလွှမ်း ထားသည်ကို တွေ့ရမည် ဖြစ်သည်။
မြူများသည် တောင်ပေါ်သို့ တတ်လာ သူတိုင်းအား ဇဝေဇဝါ ဖြစ်စေရုံသာမက အဖြူရောင် မြွေကြီးအား သာမန်လူများ၏ အမြင်အာရုံမှလည်း ဖုံးကွယ်ပေးသည်။ မြူမြွေကြီးသည် အသွင်သဏ္ဍာန် မဲ့သော မြူများနှင့် ဖွဲ့စည်းထားသော်လည်း ၎င်း၏ စွမ်းအားမှာ ယင်နဂါး ရေကန်တွင် ရှိခဲ့တုန်းကနှင့် အတူတူ ဖြစ်သည်။ ထို့အပြင် မြွေကြီး၏ အသက်သည် နှင်းတောင် အစီအရင်ရှိ ဝိညာဉ်ချီများနှင့် ချိတ်ဆက် ထားသောကြောင့် အချိန်မရွေး ပြန်လည် အင်အား ပြည့်ဖြိုးနိုင်သည်။
ချန်းဖန်သည် တိမ်တိုက်များ ကြားထဲ တိုးဝင် ပျောက်ကွယ်သွားသော မြွေကြီးအား ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။
"မင်းက တကယ့် နဂါးအစစ်နဲ့ တူနေမှတော့ အခုကစပြီး 'ပိုင်ရှောင်ရ'လို့ ခေါ်မယ်"
[ပိုင်ရှောင်ရ - ပိုင် အဖြူရောင်၊ ရှောင်ရ (drakeling) / နဂါးတစ်ပိုင်း၊ မြွေတစ်ပိုင်း။]
ချန်းဖန်၏ စကားကိုကြားသော် မြွေကြီးသည် အလွန် ဝမ်းမြောက်သွားပြီး ပျော်ရွှင်မှု အပြည့်နှင့် ကျယ်လောင်စွာ တွန်ကျူး လိုက်လေသည်။
လောလောဆယ်တွင် မြွေကြီးသည် အသွင်သဏ္ဍာန် မဲ့နေသေးသော်လည်း ချန်းဖန်သာ အစီအရင်အား အဆင့်မြှင့်တင် ပြီးပါက ၎င်း၏ ခန္နာကိုယ်အား ပြန်လည် ရရှိမည် ဖြစ်သည်။
ချန်းဖန်သည် စံအိမ်တွင် နာရီ အနည်းငယ်ခန့် ထပ်နေခဲ့ပြီး အစီအရင်အား လက်စ သပ်ခဲ့သည်။
ထိုနောက် သူက စီကျွေး မြို့နယ်လေးသို့ ပြန်ရန် တွေးလိုက်သည်။ ထိုအချိန်တွင် ရုတ်တရက် ဝေ့ကျီချင်းထံမှ ဖုန်းဝင် လာခဲ့သည်။
"ချန်းဖန် ရှင်အခု ချူကျိုးမြို့မှာပဲ ရှိနေသေးတယ်မလား.... ကျွန်မ တောင်ထိပ်က စံအိမ်ကို လာလို့မရဘူး ဖြစ်နေတယ် နေရာတိုင်းမှာ မြူတွေချည်းပဲ ဘာတွေဖြစ်နေတာလဲ...."
ဖုန်းလိုင်း တစ်ဖက်မှ ဝေ့ကျီချင်းက ပြောသည်။
"ငါ့ဆီကိုလာတာ ကိစ္စရှိလို့လား...."
ချန်းဖန်က မျက်မှောင်ကျုံ့ကာ ပြန်မေးလိုက်သည်။
သူက ချူကျိုးမြို့မှ ထွက်ခွာပြီး စီကျွေး မြို့နယ်လေး၌ တရုတ် နှစ်သစ်ကူး ကာလအား ကုန်ဆုံးရန် တွေးထားခဲ့ခြင်း ဖြစ်သည်။
ဝေ့ကျီပင်းက ခဏမျှ ရပ်သွားပြီးနောက် အနည်းငယ် တုံ့ဆိုင်းစွာ ပြောလာသည်။
"ကျွန်မ အဘိုးက ရှင့်ကို တွေ့ချင်နေတယ် ... ကျွန်မ အဖေရောပဲ"
"မင်းအဖေ.... ဝေ့ချန်ကန်း...."
ချန်းဖန်က အံ့ဩ သွားသည်။
အဘိုးဝေ့၏ သားအကြီးဆုံး ဝေ့ချန်ကန်းသည် ပြည်နယ်အတွင်း အလွန်မြင့်မားသော ရာထူးရှိသည့် အရာရှိတယောက် ဖြစ်ပြီး ဒုတိယ သားသည်ကား စစ်တပ် အဖွဲ့အစည်း တစ်ခု၏ ခေါင်းဆောင် ဖြစ်သည်။
'သူတို့က ဝေ့ကျီပင်းအတွက် လက်စား ချေချင်လို့လား....'
ချန်းဖန်က တွေးမိသည်။ သို့သော်လည်း ဘာနေနေ သူက သိပ်ပြီး ဂရုစိုက်လှသည်တော့ မဟုတ်ပါ။
လွန်ခဲ့သော နှစ်ဝက်က ချန်းဖန်သည် ချီသန့်စင်ခြင်း အခြေခံ အဆင့်အား စတင် ကျင့်ကြံနေစဉ် အဘိုးဝေ့နှင့် တွေ့ဆုံခဲ့သည်။ ပြောရလျှင် ထိုအချိန်က ချန်းဖန်သည် အလွန် အားနည်းခဲ့ပြီး ယခုတွင်မူ သူက ချီသန့်စင်ခြင်း အခြေခံ အဆင့်အား ပြီးမြောက်သွားပြီ ဖြစ်ကာ အစွမ်းထက်သော မှော်ရတနာ နှစ်ခုအားလည်း ပိုင်ဆိုင်ထားသည်။ နတ်ဘုရား စိတ်အာရုံကိုပါ ထည့်တွက်ပါက သူ့အနေနှင့် နိုင်ငံတစ်နိုင်ငံ၏ စစ်တပ်တစ်ခုလုံးနှင့် မယှဉ်ရသေးသ၍ အနိုင်ရရန် ယုံကြည်မှု ရှိသည်။
'ဘာပဲဖြစ်ဖြစ် သူတို့လည်း ငါ့ကို အန္တရာယ် ပြုနိုင်မှာမှ မဟုတ်တာ'
ထိုသို့အတွေးနှင့် ချန်းဖန်သည် စံအိမ်မှ ထွက်ခွာလာခဲ့သည်။
တောင်ခြေသို့ ရောက်သည့် အခါ မျက်မှောင်ကြီး ကျုံ့လျက် သူ့အား စောင့်နေသော ဝေ့ကျီပင်းအား မြင်လိုက်ရသည်။ သူမက အထွန့် တက်လာသည်။
"အဲဒီ စိတ်ပျက်စရာ မြူတွေက ဘာတွေလဲ.... တောင်တက် လမ်းကိုတောင် မမြင်ရဘူး"
"အဲဒါက ဒီတိုင်း ... အစီအရင်လေး တစ်ခုပါ"
ချန်းဖန်က ပေါ့ပေ့ါပါးပါး ပြန်ဖြေလိုက်သည်။
ချန်းဖန်သည် ဝေ့ကျီချင်း၏ မျက်နှာအား တစ်ချက် အကဲခတ်ကြည့်တော့ မည်သို့သော မကျေမနပ် ဖြစ်နေမှုမျိုးမှ မတွေ့ရသောကြောင့် အံ့ဩသွားကာ မေးလိုက်သည်။
"ဝေ့မိသားစုက ကျွန်တော့်ကို လက်စားချေဖို့ လာရှာတယ်လို့ ထင်နေတာ၊ မဟုတ်ဘူးလား...."
ဝေ့ကျီချင်းသည် ချန်းဖန်၏ အတည်အတံ့ မေးပုံကြောင့် ပါးစပ်အား လက်ဝါးဖြင့် အုပ်ကာ ရယ်လိုက်ရင်း...။
"စိတ်မပူပါနဲ့ ကျွန်မ ဝမ်းကွဲမောင်ရဲ့ ခြေထောက်ကို ရှင်ချိုး လိုက်တယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ အဲဒါက သူနဲ့တန်တယ် ဒီနှစ်တွေမှာ အဲဒီ မသိတတ်တဲ့ ကောင်ကြောင့် ဝေ့မိသားစု သိက္ခာ ကျရပေါင်းလည်း များပြီ။ သားဖြစ်သူကို သဲသဲလှုပ် ကာကွယ် ပေးနေတဲ့ သူ့အဖေကြောင့်သာ မဟုတ်ရင် အဲ့ကောင် ခြေထောက်ကို ကျွန်မကိုယ်တိုင် ချိုးပြီးနေပြီ အဘိုးက အဲ့သတင်းကို ကြားတော့ အစပိုင်းမှာ သူ့အဖိုးတန် မြေးလေး အတွက် ဝမ်းနည်း နေသေးတယ်။ အခု ကျွန်မအဖေ ပြန်ရောက်နေတော့ သားအဖနှစ်ယောက် စကားစမြည် ပြောကြရင်း အဲကိစ္စကို မေ့မေ့ ပျောက်ပျောက် ဖြစ်သွားပါပြီ"
ဝေ့ကျီချင်းက ချန်းဖန်အား ဖျတ်ခနဲ တချက် စိုက်ကြည့်ရင်း ထပ်ပေါင်းပြောသည်။
"ဆရာချန်းက အခုဆို အရမ်း စွမ်းအား ကြီးနေပြီပဲ ဝေ့မိသားစုရဲ့ သဘောထားကို ဂရုစိုက်နေစရာ မလိုတော့ပါဘူး"
"အားလုံးက ဝေ့ကျီပင်း စခဲ့တာလေ ငါက သူ့ကို အသားလွတ် အနိုင်ကျင့်တာလည်း မဟုတ်ဘူး ပြောရရင် အစပိုင်းမှာ ခြိမ်းခြောက် ခံရတဲ့သူက ငါပါ"
ချန်းဖန်၏ အလေးအနက် ပြောနေဟန်ကြောင့် ဝေ့ကျီချင်း ကိုယ်တိုင်ပင် နစ်နာသူမှာ ချန်းဖန် ဖြစ်သည်ဟု ယုံကြည်မိတော့မလို ဖြစ်သွားရသည်။
ဝေ့ကျီချင်း မျက်လုံးသာ လှန်ပြမိသည်။ ဤအကောင်ကား... တကယ်ကို တစ်ခုခုပင်။ သို့သော်လည်း သူမ ချန်းဖန်အား အပြစ်မဆိုလိုပါ။ အားလုံးက ဦးနှောက် မရှိသော သူမ၏ ဝမ်းကွဲ မောင်ကြောင့် ဖြစ်လာခဲ့ရတာ ဖြစ်သည်။
ချန်းဖန်သည် ဝေ့ကျီချင်းကားနှင့် လိုက်ခဲ့ပြီး တိတ်ဆိတ်သော ခြံဝင်းတစ်ခုသို့ ရောက်ရှိလာသည်။ ထိုခြံဝန်းကား ချန်းဖန် လွန်ခဲ့သော လများက တတိယ သခင်ကြီး၊ ရှင်းကျုံးနှင့် ဆရာဝူတို့အား ပထမဆုံး စတွေ့ခဲ့သော ခြံဝန်းလည်း ဖြစ်သည်။
"ဆရာချန်း မတွေ့ရတာကြာပြီ...."
အဘိုးဝေ့သည် ပြုံးလျက် နှုတ်ဆက်စကား ဆိုရင်း မတ်တတ် ရပ်လိုက်သည်။
အဘိုးဝေ့သည် လွန်ခဲ့သော ခြောက်လကထက် များစွာ ကျန်းမာလာပုံ ပေါ်ပြီး လျှောက်လှမ်း လာသော ခြေလှမ်းများအား ကြည့်ရင်း အဘိုးဝေ့ တစ်ယောက် အတွင်းအား ပညာတွင် အဆင့် တက်သွားကြောင်း ချန်းဖန် သိလိုက်သည်။
"မတွေ့တာကြာပြီ"
ပြန်လည် နှုတ်ဆက်ရင်း ချန်းဖန်က အဘိုးဝေ့၏ ပခုံးအား ကျော်၍ အနောက်ဘက်သို့ လှမ်းကြည့် လိုက်သည်။
အဘိုးဝေ့၏ နောက်၌ သက်တော်စောင့် ရှောင်ချီအပြင် စစ်တပ် ယူနီဖောင်းအား သေသပ် ကျနစွာ ဝတ်ဆင်ထားပြီး မယိုင်လဲနိုင်သော သစ်ပင် တစ်ပင်ကဲ့သို့ ဖြောင့်မတ်စွာ ရပ်နေသော သက်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက်ကိုပါ တွေ့ရသည်။
ထိုလူကြီး၏ မျက်နှာ အမူအရာမှာ မပြောင်းမလဲ တည်တင်းတင်း ဖြစ်ပြီး ၎င်းဝတ်ဆင် ထားသော စစ်တပ် ယူနီဖောင်း၏ ပခုံးပေါ်၌ ရေပြင်ညီ မျဉ်းနှစ်ကြောင်းနှင့် ထပ်လျက် တပ်ဆင် ထားသော ကြယ်လေးပွင့် အမှတ်အသားကို မြင်ရသည်။
"အဘိုးဝေ့အတွက် ကျွန်တော် လုပ်ပေးနိုင်တာ တစ်ခုခုများ ရှိနေလို့လား...."
ချန်းဖန်သည် ထိုင်ခုံတွင် ထိုင်ပြီးလျှင်ပြီးချင်း ပွင့်ပွင့်လင်းလင်း မေးမြန်းလိုက်သည်။
"စကားစမြည် ပြောချင်ရုံပါ"
အဘိုးဝေ့က ပြုံးလျက် ပြန်ပြောသည်။
"ခြောက်လလောက် ရှိပြီ ဆရာချန်းရဲ့ နာမည်ကလည်း ကျန်းပေ့ဒေသမှာ ကျော်ကြားနေပြီ ဆိုတော့ အရင်တုန်းက ရင်းနှီးခဲ့တဲ့ ဒီမိတ်ဆွေဟောင်းကြီးကို မေ့သွားပြီပေါ့လေ ဟုတ်လား...."
ချန်းဖန်သည် ပြုံးရုံသာ ပြုံးနေပြီး ပြန်မဖြေပေ။ အဘိုးဝေ့၏ အသံထဲတွင် ခါးသက်မှု တချို့အား သူခံစားမိသည်။
ဝေ့ကျီပင်းသည် မည်မျှ ဆိုးသွမ်း၍ မသိတတ်ပါစေ အဘိုးဝေ့၏ မြေးအရင်း ခေါက်ခေါက် ဖြစ်သည်။ ဝေ့ကျီပင်း၏ ခြေထောက် တစ်ဖက်အား လူလယ်ခေါင်တွင် ချိုးလိုက်ခြင်းက အဘိုးဝေ့၏ မျက်နှာအား ဖြတ်ရိုက် လိုက်သည်နှင့် မခြားပေ။
သို့သော် အဘိုးဝေ့က ချန်းဖန်အား တကူးတက ဖိတ်ကာ စကားပြောလိုသည် ဆိုသောကြောင့် ဝေ့ကျီပင်း၏ ကိစ္စအား မဖြစ်ခဲ့သလို မေ့လိုက်သည်က နှစ်ဖက်လုံးအတွက် အကောင်းဆုံး ဖြစ်သည်။
ချန်းဖန်သည် ဝေ့ချန်ကန်းဟု ယူဆရသော စစ်ယူနီဖောင်းနှင့် လူကြီးအား အကဲခတ် လိုက်သည်။
ထိုအချိန်တွင် အဘိုးဝေ့က အလဟဿ ပြောနေသည်အား ရပ်တန့်ကာ အလေးအနက် ပြောလာသည်။
"ပြောပြရင် ကျုပ်မှာ ဆရာချန်းဆီက အကူအညီ တောင်းစရာလေး တစ်ခုရှိနေတယ်"
"ပြောသာပြောပါ"
ချန်းဖန်က ခေါင်းညိတ် ပြလိုက်သည်။
အဘိုးဝေ့သည် စကားတစ်ခွန်း မဆိုဘဲ ဝေ့ချန်ကန်းအား လှမ်းကြည့်သည်။
ဝေ့ချန်ကန်းလည်း နားလည်ကြောင်း ခေါင်းညိတ်ပြကာ သူ၏ စူးရှသော မျက်လုံးအစုံနှင့် ချန်းဖန်အား အကဲခတ်လာသည်။
"ဆရာချန်း... အခုဆိုရင် ကျန်းပေ့ ဒေသမှာရှိတဲ့ လူတိုင်းလိုလိုက ဆရာချန်းရဲ့ သိုင်းပညာ စွမ်းရည်အကြောင်း ပြောဆိုနေကြတယ်။ ကောလာဟလတွေက အမှန်ပဲလား ဆိုတာ ကျုပ်တကယ်ကို သိချင်မိတယ်"
ချန်းဖန်သည် မျက်မှောင်ကျုံ့မိ သွားပြီး အဘိုးဝေ့အား လှမ်းကြည့်သည်တွင် မသိချင်ယောင် ဆောင်နေသော အဘိုးဝေ့အား တွေ့လိုက်ရသည်။ ထိုသားအဖ၏ ကလေးကလား အပြုအမူ များကြောင့် ချန်းဖန် အော်ရယ်မိ မတတ်ပင်။ သူက ပြုံးရင်း ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ ခင်ဗျားက ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ...."
"စိတ်မရှိဘူးဆိုရင် သိုင်းကွက် နည်းနည်းလောက် သရုပ်ပြပေးနိုင်မလား...."
ဝေ့ချန်ကန်း၏ မျက်လုံးများက အရောင် တောက်သွားပြီး တက်တက်ကြွကြွ ပြောလာ၏။
ချန်းဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံးမိသည်။ ဝေ့မိသားစု အနေနှင့် သူ့အား ထောင်ချောက် ဆင်လာလျှင် ကာကွယ်နိုင်ရန် သူက ကြိုတင်ပြင်ဆင် လာခဲ့သော်လည်း လက်တွေ့တွင် ဝေ့မိသားစု၏ တကယ့် ရည်ရွယ်ချက်က သိုင်းပညာ သရုပ်ပြခိုင်းခြင်း ဖြစ်လို့နေသည်။
နည်းနည်းတော့ ကိုးရိုးကားရား နိုင်သလိုပင်။
သူက ဝေ့ချန်ကန်းအား မေးလိုက်သည်။
"ခင်ဗျား သေနတ် ယူခဲ့လား...."
ချန်းဖန်၏ မေးခွန်းကြောင့် ဝေ့ချန်ကန်းက အံ့ဩစွာ မျက်ခုံးပင့်မိ သွားသည်။
"ကျုပ်မှာ သေနတ် ပါမပါက ဆရာချန်းရဲ့ သရုပ်ပြမှုနဲ့ ဘယ်လို သက်ဆိုင်နေလို့လဲ...."
ချန်းဖန်သည် မပြောင်းလဲသော အမူအရာနှင့် အေးဆေးစွာ ပြောလိုက်သည်။
"ခင်ဗျားရဲ့ သေနတ်နဲ့ ကျွန်တော့်ကို ပစ်ကြည့်ပါ"
"ဘယ်လို........."
ဝေ့ချန်ကန်းက သူများ နားကြားမှားသလား ဟုပင် တွေးမိသွားသည်။
အဘိုးဝေ့နှင့် ဝေ့ကျီချင်းတို့သည်လည်း ကြားလိုက်ရသည်ကြောင့် တုန်လှုပ် သွားကြသည်။
"ကျွန်တော်ပြောတာက... ခင်ဗျားရဲ့ သေနတ်နဲ့ ကျွန်တော့်ကို ပစ်ကြည့်လို့"
ချန်းဖန်က နောက်တစ်ကြိမ် ထပ်မံ ပြောဆိုလိုက်သည်။
"ကောင်းပြီလေ ဆရာချန်းက ဆန္ဒရှိတယ် ဆိုမှတော့"
ဝေ့ချန်းကန်သည် မူလကပင် ပြတ်သားသော စိတ်ဓာတ် ရှိသူပီပီ သဘောတူလိုက်သည်။ သူလိုချင်သော အရာက ချန်းဖန်အား သေနတ်နှင့် ပစ်ပြီးမှ ရမည် ဆိုပါလျှင် သူက ကျိန်းသေ ပစ်မည့် လူစားမျိုး ဖြစ်သည်။
"အဆင်သင့်ဖြစ်ပြီလား...."
ဝေ့ချန်ကန်းသည် သေနတ် တစ်လက်အား လက်နှစ်ဖက်နှင့် အသေအချာ ချိန်ထားရင်း လေးနက်စွာ မေးသည်။
"ပစ်ပါ"
ချန်းဖန်က ယခုထက်ထိ မတုန်မလှုပ် ရှိနေဆဲ။
"အဖေ...."
ဝေ့ကျီချင်းသည် သူမဖခင်အား လှမ်းခေါ်ရင်း ပင့်သက် ရှိုက်မိသည်။ အဘိုးဝေ့ပင်လျှင် ဆွံ့အလို့ နေသည်။
အထွတ်အထိပ် အဆင့် ပညာရှင်များသည် ခေတ်မီ လက်နက်များအား မမှုကြောင်း အဘိုးဝေ့က ကြားဖူးနားဝ ရှိသော်လည်း လက်တွေ့တွင်တော့ ကြုံဖူးခဲ့ခြင်း မရှိပေ။
ဝေ့ချန်ကန်း၏ လက်ညှိုးက ကွေးသွားပြီး သေနတ်သံ တစ်ချက် ထွက်ပေါ်လာသည်။ ရုတ်တရက် ချန်းဖန်၏ အရှေ့တည့်တည့်ရှိ လေဟာနယ်တွင် မီးပွားလေးများ ပွင့်ထွက်သွားပြီး ကျည်ဆန်က မာကျောသော သတ္တုအရံအတား တစ်ခုနှင့် တွေ့သွားသကဲ့သို့ ရှိသည်။ ဝေ့ကျီချင်းသည် ချန်းဖန် အနားသို့ အလျင်အမြန် ပြေးသွားပြီး ကြည့်လိုက်သည်တွင် ချန်းဖန်၏ လက်ချောင်း များကြား၌ ဖမ်းဆုပ် ထားသော ကျည်တောင့်အား တွေ့လိုက်ရသည်။ ချန်းဖန်၏ ကိုယ်၌ ပွန်းပဲ့ရာပင် မရှိပေ။
"သူ ဒါကို လုပ်နိုင်ခဲ့တယ်...."
ဝေ့ကျီချင်းက ကျယ်လောင်စွာ ပြောမိသည်။
အဘိုးဝေ့လည်း စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချမိသည်။ ဝေ့ကျီပင်း၏ ခြေထောက် ကိစ္စအား မသိချင်ယောင် ဆောင်ထားမိသည်မှာ ကံကောင်းလှသည် ဟုပင် အဘိုးဝေ့ တွေးမိ၏။
အလွန် ပျော်ရွှင်သွားသော အပြုံးကြီး တစ်ခုက ဝေ့ချန်ကန်း၏ မျက်နှာပေါ်၌ ဖြစ်ပေါ်လာသည်။
"ကောလာဟလတွေက မှန်နေတာပဲ.... သူတို့ ပြောကြသလိုပဲ ဆရာချန်းက အစွမ်းထက် လွန်းတယ်...."
ဝေ့ချန်ကန်းသည် ချန်းဖန်အနီးသို့ ပြေးလာကာ ဝမ်းသာ အားရ ပြောလိုက်သည်။
"ဆရာချန်း... တကယ်တော့ ကျုပ်ဒီနေ့ ဆရာချန်းကို ဖိတ်ရတဲ့ အကြောင်းအရင်းက ထန်လုံ အဖွဲ့အစည်းမှာ တပ်ကြပ် ခေါင်းဆောင်အဖြစ် တာဝန်ယူပေးဖို့ ကမ်းလှမ်းချင်လို့ပါ"
"ထန်လုံအဖွဲ့အစည်းရဲ့ တပ်ကြပ်ခေါင်းဆောင်...."
ဝေ့မိသားစု၏ တကယ့် ရည်ရွယ်ချက်အား သိလိုက်ရပြီးနောက် ချန်းဖန် တစ်ယောက် ဆွံ့အ သွားတော့သည်။
အကျိုးနည်း တပ်ကြပ် ခေါင်းဆောင် ဆိုတာက ဘာကြီးလဲ...
***