← Chapters

ထန်လုံအဖွဲ့အစည်း၏ တပ်ကြပ်ခေါင်းဆောင်

Vol. 2 Ch. 102

ထန်လုံအဖွဲ့အစည်း၏ တပ်ကြပ်ခေါင်းဆောင်

Vol. 2 Ch. 102

ဝေ့ချန်ကန်း၏ ရှင်းပြချက် အဆုံးတွင် ချန်းဖန်တစ်ယောက် ထန်လုံ အဖွဲ့အစည်းအကြောင်း အသေအချာ နားလည် သွားသည်။

တရုတ်ပြည်ရှိ စစ်တပ်တိုင်းတွင် အထူး ဖွဲ့စည်းထားသော စည်းကမ်း တင်းကျပ်သည့် အဖွဲ့အစည်း တစ်ခု ရှိတတ်ကြသည်။ ၎င်းအဖွဲ့အစည်း တစ်ခုစီ၌ လူတစ်ထောင်ကျော် ပါဝင်သည်။

ထန်လုံ အဖွဲ့အစည်းကား ထို‌သို့သော လူတစ်ထောင်ကျော်ထဲမှ ပြန်လည် စစ်ထုတ်ထားသော လူများနှင့် ဖွဲ့စည်းထားသည်။ အဖွဲ့ဝင် တစ်ယောက်ချင်းစီက အကောင်းထဲမှ အကောင်းဆုံးများ ဖြစ်ကြသည်။ ထန်လုံ အဖွဲ့ဝင်များသည် ၎င်းတို့အတွက် သီးသန့် ပြင်ဆင်ပေးထားသော ခေတ်မီ လက်နက်များကို ကိုင်ဆောင်ကြပြီး အခက်ခဲဆုံး စစ်လေ့ကျင့်ရေး စခန်းများမှ အောင်မြင် လာကြသူများလည်း ဖြစ်သည်။

ထန်လုံ အဖွဲ့အစည်းတွင် အဖွဲ့ဝင်တိုင်းသည် အရေးပါကြပြီး တပ်ကြပ်ခေါင်းဆောင် ဟူသော ရာထူးကား အဖွဲ့ဝင်များအား တာဝန်ယူ လေ့ကျင့် လမ်းညွှန်ပေးရသည့် အဆင့်မြင့် အရာရှိ ဖြစ်သည်။

"ဆရာချန်း... တပ်ကြပ်ခေါင်းဆောင် ဆိုတဲ့ ရာထူးကလည်း မနိမ့်ပါဘူး ‌ဒါပေမဲ့ ဆရာချန်းရဲ့ အသက်က အရမ်းငယ် နေသေးလို့သာ အထက်က ဒီရာထူးကို ပေးတာ၊ တကယ်လို့ ဆရာချန်းသာ အသက်ပြည့်သွားရင် အနည်းဆုံး အကြီးတန်း ဗိုလ်မှူးအဖြစ် ခန့်အပ်ပေးလိမ့်မယ်"

ဝေ့ချန်ကျန်းသည် အနည်းငယ် အားကျ၊ မနာလိုစွာ ရှင်းပြလိုက်သည်။

ဝေ့ချန်ကန်းကိုယ်တိုင်က အသက်လေးဆယ်ကျော်၊ ငါးဆယ်နီးပါး ရှိပြီဖြစ်သော်လည်း ဤနှစ်များအတွင်း ကြိုးကြိုးစားစားနှင့် အကြီးတန်း ဗိုလ်မှူး ဖြစ်လာခဲ့သည်။ ဒါတောင် ဝေ့မိသားစု၏ ဂုဏ်သတင်းက တစ်ဖက်မှ ကူညီပေး‌နေ၍ ဖြစ်သည်။ တစ်ဖက်တွင်တော့ ချန်းဖန်သည် အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း ဤမျှမြင့်သော ရာထူးအား အလွယ်တကူ ရနိုင်နေသည်။ ထို့ပြင် သူ၏ ရာထူးက ထိုနေရာတွင်သာ ရပ်တန့်နေလိမ့်မည်မဟုတ် ရာထူးတိုးရန် အလားအလာ တပြုံကြီးက အနာဂတ်တွင် စောင့်ကြိုနေသည်။ လောကကြီးကား အမှန်ပင် မတရားပါတကား။

အကယ်၍ ချန်းဖန်တစ်ယောက် ထန်လုံ အဖွဲ့အစည်း၏ တပ်ကြပ်ခေါင်းဆောင် ဖြစ်သွားကြောင်း သတင်းသာ ပျံ့သွားပါက လူအများမှာ အားကျမှုကြောင့် သွေးအန် ရပေလိမ့်မည်။

အံ့ဩမှုက ဝေ့ကျီချင်း၏ မျက်နှာ တစ်ပြင်လုံးတွင် နေရာယူထားသည်။ အသက် ဆယ့်ခြောက်နှစ်အရွယ် တပ်ကြပ် ခေါင်းဆောင်.... အသက်ပြည့် ပြီးပြီးချင်း အကြီးတန်း ဗိုလ်မှူး....။ အခြားသူများအား သွားပြောပါက ဘယ်သူမှတောင် ယုံနိုင်မည်မထင်ပါ။

ဝေ့ကျီချင်းသည် ချန်းဖန်အား ချီးကျူး လေးစားစွာဖြင့် ကြည့်နေမိသည်။

ချန်းဖန်က သိလိုစွာ ပြန်မေးလိုက်သည်။

"တကယ်လို့ အဲဒီရာထူးက အရေးကြီးရင် ဘာလို့ ကျွန်တော့်ကို ရွေးတာလဲ...."

ဝေ့ချန်ကန်းသည် တစ်စုံတစ်ခုအား ဖုံးကွယ်လိုစွာ မပီမပြင် ပြုံးရင်း ပြန်ဖြေလာသည်။

"အရင် တပ်ကြပ် ခေါင်းဆောင်ဟောင်းက နှုတ်ထွက်သွားလို့ပါ"

သူက ခဏမျှရပ်ကာ တွေးပြီးနောက် စကားဆက်သည်။

"လွန်ခဲ့တဲ့ အပတ် အနည်းငယ်က စစ်တပ်ရဲ့ အထူးတပ်ဖွဲ့တွေ အတွက် သီးသန့် ကျင်းပတဲ့ သိုင်းပြိုင်ပွဲတစ်ခု ကျင်းပခဲ့တယ်။ အဲဒီပွဲမှာ ကျုပ်တို့ ထန်လုံ အဖွဲ့က ဆိုးဆိုးရွားရွားကို ရှုံးနိမ့်ခဲ့ရတယ်။ အထူးတပ်ဖွဲ့ ဆယ်ဖွဲ့ ဝင်ပြိုင်တဲ့ အထဲမှာ ကျုပ်တို့အဖွဲ့က အဆင့်၇ပဲ ရခဲ့တယ်လေ"

"ဆယ်ဖွဲ့မှာ အဆင့်၇...."

အဘိုးဝေ့နှင့် ဝေ့ကျီချင်းပင်လျှင် ရလဒ်ကြောင့် ထိတ်လန့်သွားသည်။

ဝေ့ကျီချင်းက မယုံကြည်နိုင်ဟန်ဖြင့် ဝင်မေးလာသည်။

"အထူးတပ်ဖွဲ့ ဆယ်ဖွဲ့မှာ သုံးဖွဲ့က ရေတပ် ဘက်ကလေ အစတည်းက ရေတပ်ရဲ့ အထူးတပ်ဖွဲ့ သုံးဖွဲ့က တိုက်ခိုက်ရေး ပိုင်းမှာ အားနည်းကြတယ် ဆိုတော့..."

"အမှန်ပဲ"

ဝေ့ချန်ကျန်း၏ မျက်နှာက တင်းမာလာသည်။

"ဆိုလိုတာက ရေတပ်ဘက်က အထူးတပ်ဖွဲ့ သုံးခုကို ဖယ်ထားလိုက်ရင် ထန်လုံအဖွဲ့က အားလုံးထဲမှာ အညံ့ဆုံး ဖြစ်နေတယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ"

ဝေ့ချန်ကန်း၏ အတည်ပြုချက်ကြောင့် ဝေ့ကျီချင်းတို့ မြေအဘိုးမှာ နောက်တစ်ကြိမ် ရှောခ့်ရ သွားရသည်။

သိုင်းပြိုင်ပွဲ၏ ရလဒ်မှာ အလွန် အရှက်ရစရာ ဖြစ်နေလေရာ အရင် တပ်‌ကြပ် ခေါင်းဆောင်ဟောင်း နှုတ်ထွက်သွား သည်မှာလည်း မထူးဆန်းတော့ပါချေ။

စစ်တပ်အတွင်း ပြိုင်ဆိုင်မှုများမှာ အထက်တန်း ကျောင်းများ ကဲ့သို့ပင် ပြင်းထန်သည်။ ကျောင်းသား အချင်းချင်းသာ ပြိုင်နေကြသည် မဟုတ်ဘဲ ဆရာအချင်းချင်း ကြားတွင်လည်း ပြင်းထန်သော ပြိုင်ဆိုင်မှုများ ရှိသည်။

"ဒါပေမဲ့ ဒါကလည်း ခင်ဗျားတို့ စစ်တပ်အနေနဲ့ ကျွန်တော့်ကို ကမ်းလှမ်းရတဲ့ အကြောင်းအရင်း မဟုတ်သေးဘူးလေ"

ချန်းဖန်က ပြောသည်။

"တပ်ကြပ် ခေါင်းဆောင် တယောက် အနေနဲ့ ခေတ်မီလက်နက်တွေ အပေါ်မှာ ကျွမ်းကျင်မှုရှိဖို့ လိုလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်က သေနတ်အတုနဲ့ အစစ်ကိုတောင် ခွဲခြားတတ်တာ မဟုတ်ဘူး။ စစ်သားတွေကို ဘယ်လိုလုပ် လေ့ကျင့်ပေးနိုင်မှာလဲ...."

ဝေ့ချန်ကန်းက အလျင်အမြန် ပြောလာသည်။

"ဒီအတွက် စိတ်ပူဖို့ မလိုပါဘူး။ ဆရာချန်း အဲဒီကိစ္စတွေကို စစ်တပ်ဘက်က ကိုင်တွယ်ပါ လိမ့်မယ်။ ထန်လုံ အဖွဲ့အစည်းမှာက ခေတ်မီ လက်နက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ သပ်သပ် ရှိပါတယ်။ တပ်ကြပ်ခေါင်းဆောင်ရဲ့ တာဝန်က စစ်သားတွေကို တစ်ဦးချင်း တိုက်ပွဲစွမ်းရည် တိုးတက်လာအောင် လေ့ကျင့်ပေးဖို့ပါပဲ"

"တစ်ဦးချင်း တိုက်ပွဲစွမ်းရည်...."

ချန်းဖန်က မျက်မှောင်ကျုံ့ကာ ပြန်မေးလိုက်သည်။

"ဟုတ်ပါတယ်"

ဝေ့ချန်ကန်းက ခေါင်းညိတ်ပြီး ဆက်ပြောသည်။

"သိုင်းပြိုင်ပွဲရဲ့ ဆိုးရွားတဲ့ ရလဒ်ကြောင့် အထက်လူကြီးတွေ အားလုံး ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှာကြည့်ကြတယ်။ နောက်တော့ အဖွဲ့ဝင်တွေကို လေ့ကျင့်ပေးတဲ့ ပုံစံမှာ ပြဿနာ ရှိနေတာကို တွေ့လိုက်ရတယ်။ များသော အားဖြင့် အဖွဲ့ဝင်တွေက ခေတ်မီ လက်နက်တွေနဲ့ အဖွဲ့လိုက် စစ်ဆင်ရေးတွေပဲ လုပ်နေကြရတော့ သူတို့ရဲ့ တစ်ဦးချင်း တိုက်ခိုက်နိုင်စွမ်းက မသိမသာနဲ့ ကျဆင်းသွားတာ ဖြစ်ရမယ်လို့ ကျုပ်တို့အားလုံး သုံးသပ်ခဲ့ကြတယ်"

"နားလည်ပြီ"

နောက်ဆုံးတော့ သူ့အား ရွေးချယ်ရသည့် အကြောင်းအရင်းအား ချန်းဖန် နားလည်သွားသည်။ သူ့နာမည်က စစ်တပ်ထဲရှိ ခေါင်းကြီးပိုင်း အရာရှိများ ထံသို့ပင် ရောက်နေလိမ့်မည်ဟု ထင်မထားခဲ့မိတာတော့ အမှန်ပင်။

"ကလေးတစ်သိုက်ကို လေ့ကျင့်ပေးဖို့ အတွက် ကျွန်တော့်မှာ အချိန်မရှိဘူး"

ချန်းဖန်က ခေါင်းယမ်းရင်း ငြင်းပယ် လိုက်သည်။

ထိုစဉ်တွင်ပဲ ဝေ့ကျီချင်းက စိတ်လှုပ်ရှားစွာ မေးလာသည်။

"အဖေ ဘယ်အဖွဲ့က အဆင့်တစ် ရသွားတာလဲ.... အနောက်တောင် တပ်ရင်းက သိမ်းငှက်အဖွဲ့.... ဒါမှမဟုတ် အနောက်မြောက် တပ်ရင်းက စစ်ဝံပုလွေအဖွဲ့.... "

ထို့နောက် ဝေ့ကျီချင်းက တစ်စုံတစ်ရာအား သတိရသွားက အော်လိုက်သည်။

"မဟုတ်မှလွဲရော... ဓားသွားအဖွဲ့လား...."

ဝေ့ချန်ကန်း၏ သွေး ပါလာသည့် အလျောက် ဝေ့ကျီချင်းက သိုင်းပညာတွင်သာမက စစ်တပ်ရေးရာတွင်လည်း စိတ်ဝင်စားသည်။

"တဖွဲ့မှ မဟုတ်ဘူး"

ဝေ့ချန်ကန်းက လေးပင်စွာ ခေါင်းယမ်းလိုက်သည်။

"ဓားသွားအဖွဲ့က အဆင့်နှစ်ပဲ ရတယ် အဆင့်တစ်ကို ရသွားတာက လုံဖန့်အဖွဲ့ပဲ"

ဝေ့ချန်ကန်း၏ အသံက မနာလိုမှုတို့နှင့် ပြည့်နှက်လို့ နေသည်။

"လုံဖန့်အဖွဲ့က သိုင်းပြိုင်ပွဲမှာ ပါဝင် လာကတည်းက အဆင့်တစ် နေရာကို နှစ်တိုင်း ယူလာတာ ဒီနှစ်နဲ့ဆို ဆယ့်ငါးနှစ်မြောက်ပဲ"

"ဆယ့်ငါးနှစ်ဆက်တိုက်...."

ဝေ့ကျီချင်းက ပင့်သက် ရှိုက်မိသည်။ အဘိုးဝေ့ပင်လျှင် အနည်းငယ်သော လေးစား ကြောက်ရွံ့မှုကို ခံစားရသည်။

"အမှန်ပဲ"

ဝေ့ချန်ကန်းက ခေါင်းညိတ်ရင်း ဆက်ပြောသည်။

"လုံဖန့်အဖွဲ့က တရုတ်ပြည်က အထူးတပ်ဖွဲ့တွေ အားလုံးထဲမှာ အသန်မာဆုံး ဆိုတာ သံသယ ဖြစ်စရာတောင် မလိုဘူး။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဆိုရင်တောင် အတော်ဆုံး ဆယ်ဖွဲ့ထဲမှာ ပါလိမ့်မယ်။ ထန်လုံအဖွဲ့ရဲ့ ခေါင်းဆောင်တွေက အဖွဲ့ရဲ့ စွမ်းအားကို တိုးမြှင့်ချင်တဲ့ အတွက် ဆရာချန်းကို တပ်ကြပ် ခေါင်းဆောင် အဖြစ် ဖိတ်လိုက်ရတာပါပဲ"

ဝေ့ချန်ကန်းသည် ချန်းဖန်အား ငြင်းရန် အချိန်ပင် မပေးဘဲ ဆက်ပြောလိုက်သည်။

"ဒီတာဝန်က ဆရာချန်းရဲ့ ကျောင်းစာကိုလည်း လုံးဝ မထိခိုက်စေရပါဘူး ထန်လုံအဖွဲ့ရဲ့ အခြေစိုက်စခန်းက ချူကျိုးမြို့နဲ့ အရမ်း နီးတဲ့အပြင် တပ်ကြပ်ခေါင်းဆောင် တစ်ယောက် အနေနဲ့ ဆရာချန်းက အဖွဲ့မှာ တစ်ချိန်လုံး လာနေစရာလည်း မလိုဘူးလေ။ တစ်ပတ်မှာ သုံးလေးရက်လောက်ပဲ အဖွဲ့ဝင်တွေရဲ့ လေ့ကျင့်မှုကို ကြီးကြပ်ပေးရင် လုံလောက်ပါပြီ"

ဝေ့ချန်ကန်းသည် ချန်းဖန်အား အသနား ခံနေသည့်အလား ကြည့်ရင်း ပြောလာပြန်သည်။

"ဆရာချန်း... စစ်တပ်က ဆရာချန်းရဲ့ အကူအညီကို တကယ်ပဲ လိုနေတာပါ ပြီးတော့ ကျုပ် ဒီကို လာတယ် ဆိုတာက ဆရာချန်းကို ကြိုတင် အသိပေးဖို့ပါ။ ဆရာချန်းသာ စိတ်ဝင်စားရင် ကျုပ်ရဲ့ အထက် လူကြီးကိုယ်တိုင် ဆရာချန်းကို လာနှုတ်ဆက်ပြီး ကိစ္စ အသေးစိတ်ကို ပြောပြပါလိမ့်မယ် ဥပမာ ... ဆရာချန်းရဲ့ မိဘတွေ အကြောင်းတို့ ဘာတို့ပေါ့"

ဝေ့ချန်ကန်း၏ စကားကို ကြားသော် ဝေ့ကျီချင်းသည် ချန်းဖန်အား လေးစားစွာ ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။

ချန်းဖန် ဟူသော လူငယ်လေးသည် သူမဖခင်၏ အထက်လူကြီး ကိုယ်တိုင် လာရောက် နှုတ်ဆက်ရသည့် အနေအထားသို့ ရောက်ရှိ လာလိမ့်မည်ဟု သူမအနေနှင့် တစ်ကြိမ် တစ်ခါမှ မတွေးခဲ့ဖူးပေ။

ချန်းဖန်သည် ဝေ့ချန်ကျန်း ဆိုလိုသည်ကို နားလည်သောကြောင့် သက်ပြင်းချကာ ပြောလိုက်သည်။

"ကောင်းပြီလေ ကျွန်တော် စ‌ဉ်းစားကြည့်မယ်"

ထို့နောက်တွင် ချန်းဖန်သည် ထိုင်ခုံမှ ထလိုက်ပြီး ထွက်ခွာရန် အသင့် ဖြစ်သွားသည်။

"အဘိုးဝေ့ ကျွန်တော် ဇာတိမြို့က အိမ်ကို ပြန်ဖို့ ရှိနေလို့ ကြာကြာ အဖော်ပြုပြီး စကား ပြောမပေးနိုင်တာ စိတ်မကောင်းပါဘူး"

အဘိုးဝေ့သည်လည်း အပြုံးတစ်ခုနှင့် မတ်တတ် ရပ်လာကာ နှုတ်ဆက်သည်။

"မဟုတ်တာပဲ ရပါတယ်။ ဆရာချန်းက အိမ်က ထွက်လာတာ နှစ်ဝက်လောက် ရှိပြီဆိုတော့ မိဘတွေကို လွမ်းနေတာ သဘာဝ ကျပါတယ်"

ချန်းဖန် ထွက်ခွာသွားတော့မှ အဘိုးဝေ့လည်း သက်ပြင်းချကာ ညည်းညူ လိုက်သည်။

"ချန်ကန်း... မင်းပြောလိုက်တဲ့ နောက်ဆုံး အကြောင်းအရာကြောင့်သာ မဟုတ်ရင် ဆရာချန်းက ကျိန်းသေ ငြင်းဦးမှာပဲ"

"ဘယ်အကြောင်းအရာလဲ...."

ဝေ့ကျီချင်းက နားမလည်စွာ ဝင်မေးလာသည်။

"သူ့မိဘတွေအကြောင်း"

အဘိုးဝေ့က ပြောသည်။

"ကြည့်ရတာ ဆရာချန်းရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်တဲ့ အဓိက သော့ချက်က သူ့မိဘတွေပဲ ဖြစ်လိမ့်မယ် ထင်ပါရဲ့"

"နားလည်ပါပြီ အဖေ"

ဝေ့ချန်ကန်းလည်း ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။

***

All Chapters