← Chapters

ဒုတိယ ယဲ့နန်ထျန်း....

Vol. 2 Ch. 103

ဒုတိယ ယဲ့နန်ထျန်း....

Vol. 2 Ch. 103

"အဘိုး သမီးအခုထိ နားမလည်သေးဘူး ချန်းဖန်က ဒီအလုပ်အတွက် ဒီလောက် သင့်တော်နေတာကို သူက ဘာလို့ စိတ်မဝင်စားရတာလဲ...."

ဝေ့ကျီချင်းက ရှုပ်ထွေးစွာ မေးသည်။

"ပြီးတော့လည်း ဒါက စစ်တပ် အကြီးအကဲတွေဆီက တိုက်ရိုက် ကမ်းလှမ်းမှုလေ ဘယ်သူကများ သူ့အသက် အရွယ်မှာ ဒီလို ကမ်းလှမ်း ခံရဖူးလို့လဲ...."

"ဒါကို သမီးက နားလည်နိုင်မှာ မဟုတ်ဘူး ဘာလို့လဲဆိုတော့ သမီးအနေနဲ့ အထွတ်အထိပ် အဆင့် ပညာရှင်တွေရဲ့ တကယ့်စွမ်းအားကို အပြည့်အဝ နားမလည်သေးလို့ပဲ"

အဘိုးဝေ့က သူ၏ မြေးမလေးအား ချစ်မြတ်နိုးသော အပြုံးတစ်ခုနှင့် ရှင်းပြသည်။

"သမီး အဘိုးပြောတာ မှန်တယ်"

ဝေ့ချန်ကန်းကလည်း ဝင်ပြောလာသည်။

"အမှန်တော့ အဖေ ခုနတုန်းက ဖြစ်ကြောင်း ကုန်စင်ကို ပြောခဲ့တာ မဟုတ်ဘူး။ တကယ်တော့ သိုင်းပြိုင်ပွဲတုန်းက အဖေ့ရဲ့ အထက်လူကြီးနဲ့ တခြား အရာရှိ နှစ်ယောက်လည်း သွားကြည့်ခဲ့တယ်။ ပြိုင်ပွဲ ပြီးတဲ့နောက် အဖေ့ရဲ့ အထက်လူကြီးက တပ်ကြပ် ခေါင်းဆောင် ဟောင်းကို အရမ်း စိတ်ကုန်သွားပြီး ဒေါသတကြီးနဲ့ ထုတ်ပစ် လိုက်တော့တာပဲ "

"ဘယ်လို.... လီဝူချန်းလည်း သိုင်းပြိုင်ပွဲကို သွားကြည့်တယ်လား...."

အဘိုးဝေ့က အံ့ဩသွားကာ မေးလိုက်သည်။ အလွန် ရာထူးမြင့်သော အရာရှိများက စစ်တပ် အထူးတပ်ဖွဲ့များ အကြားရှိ သိုင်းပြိုင်ပွဲအား စိတ်ဝင်စားလိမ့်မည်ဟု အဘိုးဝေ့က မထင်ခဲ့မိတာ ဖြစ်သည်။ လီဝူချန်းကား အဘိုးဝေ့ သိသမျှသော ရာထူးအမြင့်ဆုံး အရာရှိများထဲမှ တစ်ယောက် ဖြစ်သည်။

"ဟုတ်တယ် အဖေ သိုင်းပြိုင်ပွဲလည်း ပြီးရော လီဝူချန်းက ကျုံးဟိုင်မြို့ကို အပြေးသွားပြီး လူကြီးမင်းဟွာကို တပ်ကြပ်ခေါင်းဆောင် လုပ်ပေးဖို့ အကူအညီ တောင်းခဲ့တယ်။ ဒါပေမဲ့ လူကြီးမင်းဟွာက ငြင်းခဲ့တယ်လေ"

ဝေ့ချန်ကန်းက ညည်းညူလိုက်သည်။

"မင်းပြောတဲ့ လူကြီးမင်းဟွာဆိုတာ ဟွာယွင်ဖုန်း...."

အဘိုးဝေ့က မျက်မှောင်ကျုံ့ကာ ပြောသည်။

"ဟွာယွင်ဖုန်းက ငါနဲ့ အသက် အတူတူလောက် ရှိတယ် ဒီတော့လည်း ဒီရာထူးကို သူစိတ်မဝင်စားတာ မထူးဆန်းတော့ပါဘူး"

"ဟွာယွင်ဖုန်းက ဘယ်သူလဲ...."

ဝေ့ကျီချင်းက မသိသောကြောင့် မေးလာပြန်သည်။

"ကျုံးဟိုင်မြို့က လူကြီးမင်းဟွာ... သူ့အသက် သုံးဆယ်လောက်က အရမ်းကို ကျော်ကြားခဲ့တဲ့ သူပေါ့ "

ဝေ့ချန်ကန်းက ‌ကြည်ညိုလေးစားစွာဖြင့် ရှင်းပြသည်။

"ဒါပေမဲ့ အခုတော့ သူက ကျုံးဟိုင်မြို့ရဲ့ မျှခြေကို ထိန်းဖို့အတွက် ဘယ်ကိုမှ မသွားတော့ဘဲ ကျုံးဟိုင်မှာပဲ အခြေချနေတော့တာပဲ"

"ဟွာယွင်ဖုန်းကလည်း အစ‌ွမ်းထက်တဲ့ အထွတ်အထိပ် အဆင့် ပညာရှင် တစ်ယောက် ဆိုတာကို တော်တော်များများက မသိကြဘူး။ ဒါပေမဲ့ ဟွာယွင်ဖုန်း ကျော်ကြားလာတဲ့ အချိန်တုန်းက သူ့ကို ယှဉ်နိုင်တဲ့သူ တရုတ်ပြည်မှာ တယောက်မှ မရှိဘဲ ဖြစ်နေတာ ဆယ်စုနှစ် တစ်ခုစာလောက် ကြာတဲ့အထိပဲ"

အဘိုးဝေ့က ခေါင်းယမ်းရင်း ဝင်ပြောသည်။

"သူက သူ့ဘဝမှာ လုံလောက်တဲ့ အောင်မြင်မှုတွေကို ထပ်မလိုချင်လောက်တဲ့ အထိ ရခဲ့ပြီးပြီ။ အဲဒါကြောင့် နောက်ပိုင်း နှစ်တွေမှာ သူက ဘယ်အရေးကိစ္စကိုမှ ဝင်မပါတော့ဘဲ တစ်ယောက်တည်း နေနေခဲ့တယ်"

"အမှန်ပဲ"

ဝေ့ချန်ကန်းက ခေါင်းညိတ်သည်။

"လီဝူချန်းကို ငြင်းခဲ့တုန်းက လူကြီးမင်းဟွာကလည်း အဖေပြောသလို တစ်ထပ်တည်း ပြောခဲ့တယ်"

"တရုတ်ပြည်ရဲ့ ပြည်နယ်တွေနဲ့ မြို့တွေမှာ ပုန်းကွယ်နေတဲ့ အထွတ်အထိပ်အဆင့် ပညာရှင်တွေ အများကြီး ရှိနေသေးတယ်။ တချို့က အသက်ကြီး လွန်းနေကြပြီ။ တချို့ကတော့ ရှာတွေ့ဖို့ မလွယ်ဘူး။ အဲဒါကြောင့်လည်း ဆရာချန်းက အရမ်းအဖိုးတန်တဲ့ ကျောက်မျက်လိုမျိုး ဖြစ်နေရတာပဲ။ လီဝူချန်းက ဟွာယွင်ဖုန်းကို ကိုယ်တိုင် သွားခေါ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

အဘိုးဝေ့က အလိုမကျစွာ ပြောသည်။

"စစ်တပ်ဘက်က ဆရာချန်းကို အရမ်း ခခယယ လိုချင်နေမှန်းသာ သိရင် ကျီပင်းရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆရာချန်းကို သေချာ တောင်းပန်လိုက်ပါတယ်"

"ကျီပင်းက ဘာဖြစ်လို့လဲ...."

ဝေ့ချန်ကန်းသည် စစ်တပ်မှ ပြန်ရောက် လာကာစသာ ရှိသေးသောကြောင့် ဝေ့ကျီပင်းတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများအား မသိသေးပေ။

"ကျီပင်းက ဆရာချန်းကို စော်ကားခဲ့လို့ ဆရာချန်းက သူ့ခြေထောက် တစ်ချောင်းကို ချိုးပစ်လိုက်တယ်လေ။ ဆရာချန်းက ပြောခဲ့‌သေးတယ်။ အဘိုးရဲ့ မျက်နှာကြောင့်သာ မဟုတ်ဘူးဆိုရင် ‌ကျီပင်းရဲ့ ခြေထောက် နှစ်ချောင်းလုံးကို ချိုးပစ်တယ်တဲ့"

ဝေ့ကျီချင်းက စိတ်ဆိုးမာန်ဆိုး ပြောသည်။

"ဟမ့်.... အဲ့ကောင်က ဆုံးမဖို့ လိုနေတာ ကြာပြီ အငယ်ကောင်က သူ့သားကို ငါ့ဆီသာ အပ်ထားရင် အဲ့ကောင်ရဲ့ အသားလွတ် မာန်တက် နေတာတွေ ဦးကျိုးနေလောက်ပြီ "

ဝေ့ချန်ကန်းက ကျေနပ်စွာ ပြောသည်။ သူက ဘယ်တုန်းကမှ ဝေ့ကျီပင်းအား ကြည့်မရခဲ့ပေ။

"အဖေ...."

ဝေ့ကျီချင်းက အထွန့်တက် လိုက်သည်။

"ဆရာချန်းက ဘယ်လောက်ပဲ အစွမ်းထက်ပါစေဦး။ အဘိုးကိုယ်တိုင် သွားပြီး တောင်းပန်ဖို့ လိုလို့လား...."

"အလိုက်တဲ့ ကလေး.... ဆရာချန်းက ဘယ်လောက် အရေးပါလဲ ဆိုတာ သမီး မသိပါဘူး"

အဘိုးဝေ့က ခေါင်းယမ်းရင်း လေးပင်စွာ ပြောသည်။

"သမီးအဖေက စစ်တပ်ကနေ အရေးတကြီး ပြန်လာပြီး ဆရာချန်းကို ရှာတယ် သူက အဘိုးကိုတောင် အကြောင်းစုံ မပြောပြဘူး၊ အဘိုးက သူ့ကို သာမန် အဖွဲ့လေး တစ်ခုအတွက် တပ်ကြပ် ခေါင်းဆောင် ရှာနေတယ်လို့ ထင်ထားတာ... ပြီးတော့မှ ထန်လုံ အဖွဲ့အစည်း အတွက်မှန်း သိရတယ် တကယ်လို့ ဆရာချန်းသာ ဒီရာထူးကို လက်ခံလိုက်မယ် ဆိုရင် သူက သမီး တွေးထားတာထက် ပိုပြီး အင်အားကြီးလာလိမ့်မယ် "

"ဟုတ်လို့လား.... အဘိုးကလည်း သူက အခုတောင် အင်အား ကြီးနေပြီးပြီကို လူတွေက သူ့ကို ကျန်းပေ့ဒေသရဲ့ ဆရာချန်းလို့တောင် ခေါ်နေကြပြီ"

"‌ဒါက ဘာမှ မဟုတ်သေးပါဘူး"

အဘိုးဝေ့က ပြုံးသည်။

တကယ် ဝါရင့် သဘာရင့်များ၏ မျက်လုံးများထဲတွင် ချန်းဖန်၏ ကျန်းပေ့ဒေသအတွင်း လွှမ်းမိုးနိုင်စွမ်းမှာ ဟာသ တစ်ခုထက် မပိုပေ။ သို့သော် သူတို့ အနေနှင့် ချန်းဖန်အား ရိုကျိုးနေခြင်းမှာ ချန်းဖန်ကိုယ်တိုင်၏ အစွမ်းထက်မှာကြောင့် ဖြစ်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဆရာချန်းက ထန်လုံအဖွဲ့ရဲ့ တပ်ကြပ်ခေါင်းဆောင် ရာထူးကိုယူပြီး လုံဖန့်အဖွဲ့ကို တန်ပြန် တိုက်ခိုက်ခဲ့မယ်ဆိုရင် သူ့ရဲ့ ဂုဏ်သတင်းက ယဲ့နန်ထျန်းလိုမျိုး ကျော်ကြားလာလိမ့်မယ်"

အဘိုးဝေ့က လေးနက်စွာ ပြောသည်။

"ယဲ့နန်ထျန်းလိုမလား...."

ဝေ့ကျီချင်းက ရှောခ့်ရသွားသည်။

"ဟုတ်တယ်"

အဘိုးဝေ့က ပြောသည်။

"ကျီချင်း... တစ်ခါတုန်းက ယဲ့နန်ထျန်းကို စစ်တပ်ထဲ ဝင်နိုင်ဖို့ ထောက်ခံပေးခဲ့တဲ့ သူက နောက်ပိုင်း ဘာဖြစ်သွားလဲ သိလား...."

"ဘာဖြစ်သွားလို့လဲဟင်...."

ဝေ့ကျီချင်းက စိတ်လှုပ်ရှားစွာ မေးသည်။

"စစ်တပ်ထဲက သူ့ရဲ့ ရာထူးက ညတွင်းချင်းပဲ ထိပ်ဆုံးထိ ရောက်သွားတယ်"

"ညတွင်းချင်း ထိပ်ဆုံးထိ ရောက်သွားတယ်...."

ယဲ့နန်ထျန်းအား အနည်းငယ်မျှ ကူညီခဲ့သော သူပင် ထိုမျှ မြင့်မားသော အဆင့်အတန်းအား ပိုင်ဆိုင်နိုင်သည် ဆိုပါက ယဲ့နန်ထျန်း ကိုယ်တိုင်ကရော မည်မျှ လွှမ်းမိုးနိုင်စွမ်း ရှိလိမ့်မည်နည်း.............။

ထိုသို့အတွေးနှင့် ဝေ့ကျီချင်းက ပင့်သက် ရှိုက်မိသည်။

"အမှန်ပဲ ယဲ့နန်ထျန်းက အစွမ်းထက်လွန်းလို့ တစ်ခါတလေကျရင် သူက လူမှ ဟုတ်ရဲ့လားလို့တောင် တွေးမိတယ်

ဝေ့ချန်ကန်းကလည်း တည်ကြည်သော မျက်နှာထားနှင့် ဝင်ပြောလာသည်။

"အဖေတို့က ပြိုင်ဘက်တွေ ဆိုပေမဲ့လည်း ယဲ့နန်ထျန်းရဲ့ ခွန်အားနဲ့ အရည်အချင်းကိုတော့ အဖေ တကယ်ပဲ အသိအမှတ်ပြု လေးစားရတယ်။ တကယ်လို့ ဆရာချန်းကသာ ဒုတိယ ယဲ့နန်ထျန်း ဖြစ်လာမယ်ဆိုရင် သူ့ရဲ့ မျိုးဆက်မှာ ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်လာလိမ့်မယ်"

"အမှန်ပဲ"

အဘိုးဝေ့ကလည်း ထောက်ခံသည်။

"ချန်ကန်း... အခုဆိုရင် မင်းက ဝေ့မိသားစုရဲ့ ကျောရိုး ထောက်တိုင်ပဲ တကယ်လို့ ဆရာချန်းကသာ ဒုတိယ ယဲ့နန်ထျန်း ဖြစ်လာမယ်ဆိုရင် ဝေ့မိသားစုရဲ့ အနာဂတ်အတွက် ငါတို့နဲ့ ဆရာချန်းရဲ့ ပတ်သက်မှုကို ဒီထက် ခိုင်မြဲအောင် ကြိုးစားဖို့ လိုတယ် ငါအဘိုးကြီးက အိုနေပါပြီ။ ကျန်ရှိနေတဲ့ ဘဝသက်တမ်းမှာ ဝေ့မိသားစုရဲ့ အနာဂတ်အတွက် မင်းကို လမ်းကြောင်းမှန်ပေါ် တင်ပေးခဲ့ချင်တယ် ချန်ကန်း"

"အဖေ..."

ဝေ့ချန်ကန်းသည် စစ်မြေပြင်တွင် အသည်းမာသူ တစ်ယောက် ဖြစ်သော်လည်း အဘိုးဝေ့၏ စကားကြောင့် မျက်ရည်ဝဲရသည်။

"ဒီနေ့တော့ ဒီလောက်ပဲ"

အဘိုးဝေ့က ထိုင်ခုံမှ ထရပ်ရင်း ပြောသည်။

"ဆရာချန်း ချူကျိုးမြို့ကို ပြန်ရောက်တဲ့ အခါ ငါကိုယ်တိုင် သွားတွေ့ပြီး တောင်းပန်မယ် ချန်ကန်း... မင်းညီကို ပြောလိုက်ဦး ကိုယ်အသုံးမကျလို့ ဖြစ်ရတဲ့ ကိစ္စမှာ သူများကို အပြစ်တင် မ‌နေဘဲ ကိုယ့်ရဲ့ အသုံးမကျတဲ့ သားကိုသာ သေချာ ဆုံးမလိုက်လို့..."

"ဟုတ်ကဲ့ပါ အဖေ"

ဝေ့ချန်ကန်းသည်လည်း ထိုင်ခုံမှ ထရပ်ပြီး ရိုသေစွာ ပြောလိုက်သည်။

ဝေ့ကျီချင်းသည် ဘေးနားလေး၌ တိတ်ဆိတ်စွာ ရပ်နေရင်း သူမ၏ အတွေးများက ပြေးလွှားလို့နေသည်။

ဝေ့မိသားစု၏ အနာဂတ်အတွက် ချန်းဖန်ကဲ့သို့ လူငယ်လေးအား မှီခိုရလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးခဲ့ဖူးပါ။

ချန်းဖန်ကတော့ ဝေ့မိသားစု၏ အစီအစဉ် များအား လုံးလုံးလျားလျား မသိပေ။

ဝေ့ချန်ကန်း ကမ်းလှမ်းလာသော အလုပ်သည် မဆိုးလှသော်လည်း သူနှင့် ကိုက်ညီသည် လို့တော့ ချန်းဖန် မတွေးမိပါ။

ထန်လုံအဖွဲ့၏ တပ်ကြပ် ခေါင်းဆောင်ဟူသော ရာထူးသည် အခြားလူများ အတွက် အထင်ကြီးစရာ ဖြစ်သော်လည်း ချန်းဖန်ကဲ့သို့ စကြဝဠာ တဆုံးအထိ အမြဲ မျှော်တွေးနေတတ်သူ အဖို့ ဘာမှ မဟုတ်သလိုပါပင်။

"ဘာပဲ‌ပြောပြော နတ်ဘုရား စိတ်အာရုံရဲ့ အစွမ်းက အထင်ကြီးစရာပဲ ကျည်ဆန်ရဲ့ လမ်းကြောင်းကို အတိအကျ ခန့်မှန်းနိုင်ခဲ့တယ်"

ချန်းဖန်က ကျေနပ်စွာ ပြုံးရင်း ရေရွတ် လိုက်သည်။

သူက အစပိုင်းတွင် မှော်ရတနာကို သုံးကာ ကျည်ဆန်အား ရပ်တန့်ရန် တွေးခဲ့သော်လည်း စိတ်ပြောင်းသွားပြီး လက်ဖြင့်သာ ဖမ်းခဲ့သည်။

လွန်ခဲ့သော သုံးလက ချန်းဖန်ဆိုပါက ကျည်ဆန်အား လက်ချည်း သက်သက်ဖြင့် ဖမ်းနိုင်မည် မဟုတ်ပေ။ သို့သော် နတ်ဘုရား စိတ်အာရုံအား ရရှိပြီးနောက် ချန်းဖန်သည် ကျည်ဆန်၏ လမ်းကြောင်းအား အတိအကျ ခန့်မှန်းနိုင်ပြီး ဖမ်းဆုပ်နိုင်ခဲ့သည်။

နတ်ဘုရား စိတ်အာရုံသာ မရှိပါက ချန်းဖန်သည် ချီပြည့်စုံ အဆင့်သို့ ရောက်မှသာ ကျည်ဆန်အား ဖမ်းဆီးနိုင်မည် ဖြစ်သည်။

"ဒီလောက်ဆို လုံလောက်ပါပြီ အခုတော့ အိမ်ပြန်ပြီး မိဘတွေကို တွေ့ရမဲ့ အချိန်ပဲ"

ချန်းဖန်သည် စီကျွေးမြို့နယ် ရှိရာဘက်သို့ ငေးကြည့်ရင်း ငယ်ဘဝ အမှတ်တရ အချို့က သူ့အတွေး များထဲ ရိုက်ခတ် လာသည်။

***

All Chapters