အိမ်အပြန်
Vol. 2 Ch. 104
သူဌေးကြီး အများစုက ချန်းဖန်အား အိမ်ပြန်လိုက်ပို့ရန် ကမ်းလှမ်း ခဲ့သော်လည်း ချန်းဖန်က ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ပြီး ဘတ်စ်ကားဖြင့်သာ ပြန်လာခဲ့သည်။
"လွန်ခဲ့တဲ့ ခြောက်လက ရွှေနဂါး ခရီးသွားလုပ်ငန်းရဲ့ ဘတ်စ်ကားပေါ်မှာ ပြန်လည် မွေးဖွားလာခဲ့တယ်။ ဘယ်လိုဖြစ်ဖြစ် အခုတော့ ဆန့်ကျင်ဘက် လမ်းကို သွားနေရတာပါပဲ"
ချန်းဖန်က ညည်းညူ လိုက်သည်။
ပထမဆုံး ဘတ်စ်ကားပေါ်တွင် နိုးလာချိန်က သူသည် သာမန် ကျောင်းသားလေးမျှသာ ဖြစ်သော်လည်း ခြောက်လ ကြာပြီးနောက် ကျန်းပေ့ဒေသတွင် ကျော်ကြားလာခဲ့သည်။
"အမေနဲ့ မမက အိမ်ပြန်ရောက် နေကြပြီလား မသိဘူး။ အဖေရော နေမှကောင်းရဲ့လား.... ငါ့ရဲ့ ငယ်သူငယ်ချင်းတွေရော... အတိတ်ဘဝက အတိုင်း မပြောင်းမလဲ ရှိနေကြတုန်းပဲလား...."
တဖြည်းဖြည်း ဘတ်စ်ကားက စီကျွေးမြို့နယ်သို့ ရောက်ရန် နီးကပ်လာချိန်တွင် ချန်းဖန်၏ စိတ်ထဲ၌ အနည်းငယ်သော ကြောက်ရွံ့မှုအား ခံစားလာရသည်။
ပြန်လည် မွေးဖွားပြီး ခြောက်လလုံးလုံး မိဘများအား ပစ်ထားသလို ဖြစ်သွားခြင်း အပေါ် အပြစ်ရှိသလို မခံစားရဘူး ဆိုလျှင် လိမ်ရာကျပေမည်။
ဘတ်စ်ကားက စီကျွေးကားဂိတ်၌ ရပ်တန့်သွားပြီး ချန်းဖန်လည်း ကားပေါ်မှ ဆင်းလာခဲ့သည်။ သူက မည်သည့် အထုပ်အပိုးမှ ယူမလာခဲ့ပါ။ ချန်းဖန်တစ်ယောက် ကားပေါ်မှ ဆင်းဆင်းချင်းတွင်ပဲ သူ့အဖေ၏ လက်ထောက် အစ်ကိုထံမှ ဖုန်းဝင်လာသည်။
"ဟယ်လို ... အစ်ကိုစွန်း ကျွန်တော့်ကို လာခေါ်ဖို့လား.... မဟုတ်တာ... မလာပါနဲ့"
ချန်းဖန် ဖုန်းပြောရင်း လမ်းလျှောက် လာစဉ်တွင်ပဲ ခပ်လှမ်းလှမ်းမှ သူ့အား လက်ပြနေသော လူငယ် တစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူကား... ကျွင်းကျဲ့ ဖြစ်သည်။
"အကိုစွန်း... လာဖို့ မလိုလောက် တော့ဘူးဗျ ကျွင်းကျဲ့ ကျွန်တော့်ကို လာကြိုတယ် ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ နောက်မှ တွေ့ကြတာပေါ့"
ချန်းဖန် ဖုန်းချပြီးချိန်တွင် ဝူကျွင်းကျဲ့မှာ ချန်းဖန်အနားသို့ ရောက်ရှိလာပြီး ရင်ဘတ်အား လက်သီးဖြင့် ထိုးလိုက်သည်။
"ခွေးကောင်.... ခြောက်လလုံးလုံး ပျောက်နေလိုက်တာ သရဲလိုပဲ.... ငါက မင်းကို တရုတ်ပြည်မှာ မရှိတော့ဘူးတောင် ထင်တာ"
ချန်းဖန်၏ မျက်နှာပေါ်၌ ရွှင်မြူးသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူက တွေးလိုက်မိ၏။
'တရုတ်ပြည် ပြင်ပထက်ကို ပိုဝေးတဲ့ နေရာကို ငါရောက်သွားခဲ့တာ... နှစ်ငါးရာကျော် ကြာပြီးတဲ့နောက် ငါပြန်လာနိုင်ခဲ့ပြီ'
"တော်ပါတော့ ကျွင်းကျဲ့ရယ် ရှောင်ဖန်က ကျောင်းစာတွေနဲ့ အလုပ်ရှုပ်နေတာ ဖြစ်မှာပေါ့"
အနက်ရောက် ကိုင်းတပ်မျက်မှန်နှင့် လူငယ်တစ်ယောက်က တည်တည်ငြိမ်ငြိမ် ဝင်ပြောလာ၏။
ချန်းဖန်အား ပြေး၍ လက်သီးဖြင့် ထိုးသော လူငယ်မှာ ဝူကျွင်းကျဲ့ ဖြစ်ပြီး အနက်ရောင် ကိုင်းတပ် မျက်မှန်နှင့် လူငယ်မှာ ရှုဟောက်ရွှမ်း ဖြစ်သည်။
ဝူကျွင်းကျဲ့က ရှုဟောက်ရွှမ်းအား မျက်ထောင့်နီကြီးဖြင့် လှမ်းကြည့်သည်။ ထိုနှစ်ယောက်မှာ အချင်းချင်း ရန်ဖြစ်နေကြပုံ ပေါ်သော်လည်း တကယ်တမ်းတွင် အလွန် ခင်မင်သူများ ဖြစ်ကြပြီး ချန်းဖန်အားလည်း စိတ်ရင်းဖြင့် ဆက်ဆံကြသူများ ဖြစ်သည်။ စစ်မှန်သော သူငယ်ချင်း သံယောဇဉ် ဟူသည့် အရာအား ခပ်ရေးရေး ခံစားမိသဖြင့် ချန်းဖန်၏ နှလုံးသားက နွေးထွေး သွားသယောင်။
သုံးသောက်သား စကား တပြောပြောနှင့် လမ်းလျှောက် လာကြရင်း ကားတစီး ရပ်ထားရာ နေရာသို့ ရောက်ရှိလာသည်။
ချန်းဖန်က အထင်ကြီး လေးစားဟန်ဖြင့် အရွှန်းဖောက်ကာ ပြောလိုက်သည်။
"သခင်လေးဝူ.... ငါတို့ မတွေ့ဖြစ်တာ ခြောက်လလောက်ပဲ ရှိသေးတယ် မင်းက BMWတောင် ဝယ်စီးနိုင်နေပြီလား...."
"ဟား... ဟား... အဲဒါက 320 စီးရီးလေးပါပဲကွာ ပြီးတော့ ဝယ်တုန်းကလည်း ယွမ်နှစ်သိန်းလောက်ပဲ ပေးရတယ် ကားရောင်းတဲ့ သူက ငါ့သူငယ်ချင်းမို့လို့ ဈေးလျော့ပေးထားတာ"
ထို့နောက်တွင် ဝူကျွင်းကျဲ့က အနည်းငယ် ကျေနပ်နေသော အပြုံးတစ်ခုဖြင့် ဆက်ပြော လာသည်။
"ကျင်းမြို့တော်မှာတုန်းက ချမ်းသာပြီး အာဏာရှိတဲ့ သခင်လေးတွေ အများကြီးကို တွေ့ခဲ့ရတယ်လေ။ သူတို့တွေက ယွမ်သန်းနဲ့ချီတဲ့ ကားတွေကို စီးပြီး မြစ်ကမ်းဘေးက အကောင်းစား စံအိမ်တွေမှာ နေကြတယ် အဲဒီ သခင်လေးတွေထဲက သခင်လေးဝေ့ဆိုရင် ငါနဲ့ နည်းနည်း ရင်းနှီးတယ်လေ အနာဂတ်မှာ ငါတို့ အတူ ပူးပေါင်းပြီး လုပ်ငန်းတစ်ခု လုပ်ကြဖို့ တိုင်ပင်ထားကြတယ်။ ငါ ပိုက်ဆံတွေ အများကြီး ရှာနိုင်လာတဲ့ အခါကျရင် ဒီBMWကို ရောင်းထုတ်ပစ်ပြီး ပိုဈေးကြီးတဲ့ကား ဝယ်စီးမယ်"
ဝူကျွင်းကျဲ့က စကား ဆက်လေလေ သူ၏ စကားများက စိတ်ကူးယဉ် ဆန်လာလေလေ ဖြစ်သည်။
"သခင်လေးဝေ့.... မင်းပြောတာ ချူကျိုးမြို့ ဝေ့မိသားစုက သခင်လေးလား...."
ရှုဟောက်ရွှမ်းက မျက်ခုံးပင့်လျက် ဝင်မေးသည်။
"မင်းမှန်တယ် ငါပြောတာလည်း သူပဲ"
ဝူကျွင်းကျဲ့က ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလိုက်သည်။ သို့သော်လည်း အနည်းငယ်သော ဝမ်းနည်းရိပ်တို့က သူ့မျက်နှာပေါ် ဖြတ်ပြေးသွားသည်။
ချန်းဖန်သည် ဝေ့ကျီပင်း ပြောခဲ့သော ဝူကျွင်းကျဲ့ အကြောင်း ပြန်တွေးမိပြီး စိတ်မကောင်း ဖြစ်သွားရသည်။
ဝူကျွင်းကျဲ့သည် စီကျွေးမြို့နယ်ရှိ အချမ်းသာဆုံး လုပ်ငန်းရှင်၏ သား ဖြစ်သည်။ သူက ကျောင်းစာအား ဘယ်တုန်းကမှ စိတ်ဝင်တစား ရှိခဲ့ဖူးသူ မဟုတ်။ နေ့တိုင်းလိုလို ပျက်စီးနေသော သူငယ်ချင်းတစ်စုနှင့် လျှောက်သွား နေသည်က များသည်။ သို့သော် ကျင်းမြို့တော်ကဲ့သို့ မြို့ကြီးပြကြီးသို့ ရောက်သွား ချိန်တွင် ဝူကျွင်းကျဲ့၏ ဖခင် ပိုင်ဆိုင်သော ငွေပမာဏမှာ မြို့ပေါ်ရှိ သူဌေးများ၏ အစိတ်အပိုင်း တစ်ခုစာပင် မရှိသောကြောင့် ဝူကျွင်းကျဲ့၏ မိသားစု နောက်ခံမှာလည်း လေလို ပျောက်ကွယ် သွားတော့သည်။
တစ်ဖက်တွင်တော့ ရှုဟောက်ရွှမ်း၏ မိဘများမှာ သာမန် အစိုးရ ဝန်ထမ်းများသာ ဖြစ်ကြသော်လည်း ရှုဟောက်ရွှမ်းက အလွန် စာတော်သည်။ ချင်းဟွာ တက္ကသိုလ် ကဲ့သို့သော တရုတ်ပြည်၏ ထိပ်တန်း တက္ကသိုလ်များသို့ ဝင်ခွင့် ရလောက်သည်အထိ တော်ခြင်း ဖြစ်သည်။
တခါက ချူကျိုးမြို့ရှိ နံပါတ်တစ် အလယ်တန်း ကျောင်းသည် ရှုဟောက်ရွှမ်းအား ရရှိရန် စီကျွေး မြို့နယ်လေးရှိ အလယ်တန်းကျောင်းနှင့် ယှဉ်ပြိုင်ခဲ့ဖူးသည်။ သို့သော် နောက်ဆုံးတွင် ရှုဟောက်ရွှမ်းက စီကျွေးမြို့နယ် လေးတွင်သာ ဆက်လက် နေထိုင်ပြီး ကျောင်းတက်ရန် ဆုံးဖြတ်ခဲ့သည်။
"စိတ်ဝင်စားစရာ ကောင်းတာလေး တွေကို ပြောရအောင်ကွာ"
ဝူကျွင်းကျဲ့က ချန်းဖန်၏ ပခုံးအား ပုတ်ကာ ပြောလိုက်သည်။
"အားလုံးက မင်းကို 'သွမ့်ယဉ်' စားသောက်ဆိုင်မှာ စောင့်နေကြတယ်။ ငယ်ငယ်တုန်းက ငါတို့ အတူတူ လိုက်ခဲ့တဲ့ ကောင်မလေးတောင် ပါသေးတယ်"
"သွမ့်ယဉ် စားသောက်ဆိုင် ... သေစမ်း... မင်းက ဘယ်လောက်တောင် ချမ်းသာနေလို့ အားတိုင်း ပိုက်ဆံဖြုန်းဖို့ပဲ တွေးနေတာတုန်း"
ရှုဟောက်ရွှမ်းက အံ့ဩတကြီး ပြောသည်။
သွမ့်ယဉ် စားသောက်ဆိုင်သည် အလွန်ဈေးကြီးသော စားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်ပြီး ညစာ တစ်ဝိုင်းလျှင် ယွမ်နှစ်ထောင်ခန့် ပေးရသည်။
"ဟား... ဟား... တစ်ခါတလေလောက် ပျော်ရတာပဲကွာ မင်းကလည်း ... ငါ့ကို အားနာမနေနဲ့ ဟိုရောက်ရင် ကြိုက်တာသာမှာ...."
ဝူကျွင်းကျဲ့က သူ့ရင်ဘတ် သူပုတ်လျက် ပြောသည်။
သုံးယောက်သား သွမ့်ယဉ်စားသောက်ဆိုင်သို့ ရောက်သွားချိန်တွင် ဝင်ပေါက်၌ စောင့်ဆိုင်းနေသော လူငယ် တယောက်နှင့် မိန်းကလေး နှစ်ယောက်အား မြင်လိုက်ရသည်။
လူငယ်က ခပ်ပြုံးပြုံးနှင့် အလွန်ချိုသော မျက်နှာပေါက်မျိုး ရှိပြီး မိန်းကလေး နှစ်ယောက်ကလည်း ဆွဲဆောင်မှု ရှိကြသည်။
မိန်းကလေး နှစ်ယောက်တွင် တစ်ယောက်မှာ အရပ်ရှည်ပြီး ဘောင်းဘီတို ဝတ်ဆင် ထားသောကြောင့် လှပသော ခန္ဓာကိုယ် ကောက်ကြောင်းများက ပေါ်လွင်နေသည်။ ကျန်တစ်ယောက်သည် ပထမ တယောက်လောက် အရပ် မရှည်သော်လည်း စမတ်ကျစွာ ဝတ်စား ဆင်ယင်ထားပြီး ခေတ်မီသော မိန်းကလေး တဏ်ယောက်၏ အသွင်ကို ဆောင်သည်။
"ဝေ့ဝေ့ ... ဝမ်ကျင်း... ဒီမှာ ဘယ်သူ ပါလာလဲ ကြည့်ပါဦး"
ဝူကျွင်းကျဲ့သည် ကားပေါ်မှ အရင်ဦးဆုံး ဆင်းလိုက်ပြီး နောက်ခန်းရှိ ချန်းဖန်အား ဆွဲထုတ်ကာ ပြောသည်။
"ဟဲ့.... နင် ဘယ်တွေကို ပျောက်နေတာတုန်း.... နောက်တစ်ခါ အခုလို မပြောမဆိုနဲ့ ပျောက်မသွားရအောင် သင်ခန်းစာ ပေးမှနဲ့ တူတယ်"
အရပ်ပိုရှည်သော မိန်းကလေးက ချန်းဖန်အား ဒေါသနှင့် ပြောသည်။
"ဟုတ်တယ် အစ်ကိုချန်းဖန်က ကျွန်တော်တို့ကို သရဲလာခြောက် နေသလိုပဲ"
ဗလတောင့်တောင့်၊ မျက်နှာချိုချိုနှင့် လူငယ်ကလည်း ပြောသည်။
"နှစ်ယောက်လုံး တော်စမ်းပါဦး ချန်းဖန်က အခုမှ ပြန်ရောက်လာတာ ... နည်းနည်းလောက် အနားပေးပါဦးလား"
စမတ်ကျကျ ဝတ်ဆင်ထားသော မိန်းကလေးက နူးညံ့စွာ ပြောလာသည်။
ဗလတောင့်တောင့်၊ မျက်နှာချိုချိုနှင့် လူငယ်က ရန်ရှောင်ပိုင် ဖြစ်ပြီး သူ့မိသားစုက ကုမ္ပဏီ အသေးစားလေး တစ်ခု ပိုင်ဆိုင်သည်။
အရပ်ရှည်ရှည်နှင့် မိန်းကလေးကား လင်းဝေ့ဝေ့ ဖြစ်ကာ သူငယ်ချင်း အုပ်စုထဲ၌ ဒေါသကြီး၍ စိတ်တို လွယ်သူ ဖြစ်သည်။
ကောင်းမွန်စွာ ဝတ်စားထားသော စမတ်ကျကျ၊ မျက်နှာလှလှနှင့် မိန်းကလေး၏ အမည်ကား ယုဝမ်ကျင်း ဖြစ်ပြီး စီကျွေး တစ်မြို့နယ်လုံးရှိ ယောက်ျားလေးများ၏ စိတ်ကူးယဉ် ချစ်သူ ဆိုလည်း မမှားပေ။
ယုဝမ်ကျင်း၊ လင်းဝေ့ဝေ့၊ ရန်ရှောင်ပိုင်၊ ဝူကျွင်းကျဲ့၊ ရှုဟောက်ရွှမ်း အားလုံးတို့သည် ချန်းဖန် ကလေး ဘဝတည်းက သူငယ်ချင်းများ ဖြစ်ကြသည်။
ရန်ရှောင်ပိုင်သည် အတိတ်ဘဝ ချန်းဖန်၏ မှတ်ဉာဏ်များထဲက အတိုင်း ဖော်ရွေတတ်သော ကောင်လေးအဖြစ် မပြောင်းမလဲ ရှိနေဆဲ။ လင်းဝေ့ဝေ့သည်လည်း ယခင်ကကဲ့သို့ ဒေါသကြီး၍ စိတ်တိုလွယ်သော ကောင်မလေးပင်။ သို့သော် ချန်းဖန်၏ မျက်လုံးများက ယုဝမ်ကျင်းထံသို့ ရောက်ရှိ သွားချိန်တွင် တစုံတရာက ထူးဆန်းစွာ ပြောင်းလဲနေသလို ခံစားရသည်။
ယုဝမ်ကျင်း၏ ခန္ဓာကိုယ် တစ်ဝိုက်၌ ထူးဆန်း၍ အင်အားကြီးသော စွမ်းအင်တချို့၏ အငွေ့အသက်အား ခံစားရသောကြောင့် ချန်းဖန် ကိုယ်တိုင်ပင် အံ့ဩသွားရသည်။
'ယုဝမ်ကျင်းက ခုနစ်တန်းမှာ ငါတို့ကျောင်းကို ပြောင်းလာပြီး ယောက်ျားလေးတိုင်းရဲ့ အိပ်မက်မင်းသမီးလေး ဖြစ်လာခဲ့တာပဲ'
ချန်းဖန်သည် သူ၏ မှတ်ဉာဏ်များထဲက ယုဝမ်ကျင်း အကြောင်း ပြန်လည် တူးဆွမိသည်။
ယုဝမ်ကျင်းသည် ကျန်းချူယန်ထက်ပင် ပို၍ ဆွဲဆောင်မှုရှိသည်။ ချန်းဖန်၏ အတိတ်ဘဝက အသက် သုံးဆယ်အတွင်း တွေ့ခဲ့ရသော အလှဆုံး မိန်းကလေးများထဲတွင် ယုဝမ်ကျင်းလည်း အပါအဝင် ဖြစ်သည်။ သူမက အလွန် လှပရုံသာမက ကျောင်းစာတွင်လည်း ချွင်းချက်မရှိ ထူးချွန်သေးသည်။
ဝူကျွင်းကျဲ့နှင့် ရှုဟောက်ရွှမ်းတို့သည် ယုဝမ်ကျင်း၏ အချစ်အား ရရှိရန် အပြိုင်အဆိုင် ပိုးပန်း နေသူများထဲမှ နှစ်ယောက် ဖြစ်သည်။ ငယ်စဉ်တည်းက တိုင်းသိပြည်သိ ပိုးပန်းလာခြင်း ဖြစ်ရာ အားလုံးအတွက် လျှို့ဝှက်ချက်တော့ မဟုတ်ပါချေ။
"အထဲ ဝင်ကြရအောင်လေ"
ဝူကျွင်းကျဲ့က ဆော်ဩ လိုက်သည်။
သူက တရုတ် ရှေးဟောင်း အပြင်အဆင်များနှင့် VIP အခန်းအား ကြိုတင် မှာယူထားသည်။ အခန်းထောင့်တွင် စားပွဲထိုးများက အသင့် ရပ်လျက် ဟင်းပွဲ မှာမည်ကို စောင့်ဆိုင်းနေကြသည်။
"ငါ့ကိုပဲ ကြည့်နေတာ ရပ်တော့...."
ယုဝမ်ကျင်းက နှုတ်ခမ်း ဆူလျက် ပြောသည်။ အခြားလူများ၏ အကြည့်များထက် ချန်းဖန်၏ အကြည့်တို့က သူမ ခန္ဓာကိုယ် တစ်ခုလုံးအား ထွင်းဖောက် သွားသလို ခံစားရစေ၍ သူမမှာ ကြက်သီးပင် ထရသည်။
"ဟေ့ကောင်တွေ... မင်းတို့က ဘာလို့ ငါ့ရဲ့ အလှလေးယုကိုပဲ ငမ်းနေကြတာလဲ..."
ဝူကျွင်းကျဲ့က မျက်မှောင်ကြီး ကျုံ့လျက် ပြောသည်။
"ငါ့ကို အလှလေးယုလို့ မခေါ်ပါနဲ့ဆို...."
ယုဝမ်ကျင်းက ဝူကျွင်းကျဲ့အား ရန်တွေ့လိုက်သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ မမဝမ်ကျင်းလို့ပဲ ခေါ်ပါတော့မယ် ရပြီလား"
ဝူကျွင်းကျဲ့က အရှုံးပေးဟန်ဖြင့် လက်နှစ်ဖက်လုံးအား လေထဲတွင် မြှောက်လျက် နူးညံ့စွာ ပြောလိုက်သည်။
ချန်းဖန်သည် ထိုနှစ်ယောက်၏ ကျီစယ်နေပုံအား ကြည့်နေရင်း အတိတ်သို့ ပြန်လည် ပျော်ဝင်သွားသည်။ သူက ယခုအချိန်လေး၌ အပူအပင် ကင်းသော ဆယ်ကျော်သက်လေး အလား အမှန်ပင် ခံစားမိ၏။
'မင်းတို့က ငါ့ရဲ့ စစ်မှန်တဲ့ သူငယ်ချင်းတွေပဲ မင်းတို့ ငါ့ကို ပေးခဲ့တဲ့ သံယောဇဉ်နဲ့ မေတ္တာက ငါ့တစ်သက်လုံး ရခဲ့ဖူးသမျှထဲ တကယ်ကို အကောင်းဆုံး ဖြစ်ခဲ့တာပါ'
ချန်းဖန် အတွက်တော့ ထိုလူများ ရှိနေသေး၍သာ ကမ္ဘာပေါ်တွင် ဆက်လက် နေထိုင်ရန် အကြောင်းပြချက်ကောင်း တစ်ခု ရှိနေသေးတာ ဖြစ်သည်။ သေချာတာပေါ့။ သူ့မိဘများနှင့် ရှောင်ချုံးကလည်း သူ့အတွက် အရေးအကြီးဆုံး ကာကွယ်ရမည့် လူများ ဖြစ်တာကြောင့် ကမ္ဘာကြီးအား သူ ခင်တွယ် နေသေးသည်။
သို့နှင့် သူငယ်ချင်း တစ်စုတို့သည် စကားလေး တပြောပြောနှင့် ညစာ စတင်စားကြသည်။ ယုဝမ်ကျင်းသည် ခဏတိုင်းလိုလို ချန်းဖန်အား မသိမသာ လှမ်းကြည့်တတ်သည်။
ယုဝမ်ကျင်း၏ စိတ်ထဲတွင် ချန်းဖန်သည် လွန်ခဲ့သော ခြောက်လကနှင့် ယှဉ်လျှင် များစွာ ပြောင်းလဲ သွားသလို ခံစားရသည်။ သို့သော် မည်သည့်အရာက ပြောင်းလဲသွားသည်ကိုတော့ သူမအနေနှင့် အတိအကျ အဖြေမထုတ်နိုင်ပါ။
***