← Chapters

အတိတ်ဘဝက သူငယ်ချင်းများ

Vol. 2 Ch. 105

အတိတ်ဘဝက သူငယ်ချင်းများ

Vol. 2 Ch. 105

ချန်းဖန်သည် တိတ်ဆိတ်စွာ ထိုင်နေရင်း အတိတ်ဘဝက သူ၏ သူငယ်ချင်းများ အကြောင်း ပြန်လည် တွေးတောနေလိုက်သည်။

"ငါ့ရဲ့ အတိတ်ဘဝတုန်းက ရန်ရှောင်ပိုင်က ဘွဲ့ရပြီးတော့ မိန်းကလေး တစ်ယောက်နဲ့ လက်ထပ်လိုက်တယ်။ နောက်တော့ နှစ်ယောက်သား မိဘတွေရဲ့ လုပ်ငန်းကို အမွေဆက်ခံပြီး အဆင်ပြေ‌ပြေ နေသွားခဲ့ကြတယ်

လင်းဝေ့ဝေ့က ကျင်းလင်မြို့က လေကြောင်း တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပြီး လေယာဉ်မယ် တစ်ယောက် ဖြစ်လာခဲ့တယ် နောက်တော့ စစ်တပ်ထဲက အရာရှိ တစ်ယောက်နဲ့ လက်ထပ် သွားခဲ့တယ်

ရှုဟောက် ရွှမ်းကတော့ အစတည်းက စာတော်တော့ ချင်းဟွာ တက္ကသိုလ်ကို ဝင့်ခွင့်ရခဲ့တယ် ဘွဲ့ရပြီး နောက်ပိုင်း နိုင်ငံခြား ကုမ္ပဏီ တစ်ခုမှာ အမှုဆောင် ဒါရိုက်တာ ရာထူး ရသွားခဲ့ပြီး ချမ်းသာတဲ့ အနောက်တိုင်းသူ တစ်ယောက်နဲ့ အိမ်ထောင်ကျသွားခဲ့တယ်

ဝူကျွင်းကျဲ့က ‌တက္ကသိုလ် တက်နေရင်း ကျောင်းထွက် လိုက်ရတယ်။ ဒါပေမဲ့ ဆယ်စုနှစ် တစ်ခုစာလောက် ပင်ပင်ပန်းပန်း ကြိုးစားပြီးတဲ့နောက် ယွမ်သန်း ရာပေါင်းများစွာ ပိုင်ဆိုင်တဲ့ သူဌေးကြီး တစ်ယောက် ဖြစ်လာခဲ့သေးတယ် ဆိုတော့ သူလည်း အခြေအနေ သိပ်မဆိုးဘူးလို့ ပြောလို့ရတယ်။

ဒါပေမဲ့... ယုဝမ်ကျင်းက..."

ချန်းဖန်သည် ယုဝမ်ကျင်း၏ လှပသော မျက်နှာအား လှမ်းကြည့်ရင်း နက်နက်နဲနဲ ပြန်စဉ်းစားမိသည်။

သို့သောလည်း သူ၏ အတိတ်ဘဝ မှတ်ဉာဏ်များထဲတွင် ယုဝမ်ကျင်းနှင့် ပတ်သက်သော သဲလွန်စ အနည်းငယ်တောင် ရှိမနေပါ။ သူမှတ်မိသမျှမှာ ယုဝမ်ကျင်းနှင့် သူမ၏ အဘွားသည် အရေးကြီးကိစ္စ တစ်စုံတစ်ရာကြောင့် မည်သူ့ကိုမှ အသိမပေးဘဲ စီကျွေးမြို့နယ်မှ ပြောင်းရွှေ့ ထွက်ခွာသွားသည် ဆိုတာပင်။

အတိတ်ဘဝက ဝူကျွင်းကျဲ့သည် ယုဝမ်ကျင်း ရုတ်တရက် ပျောက်ဆုံး သွားခြင်းကြောင့် လပေါင်းများစွာ အသည်းကွဲခဲ့ ရသည်ကို ချန်းဖန် မှတ်မိသည်။

ယုဝမ်ကျင်း ထွက်ခွာမသွားခင် ရက်ပိုင်းအလိုက ဝူကျွင်းကျဲ့သည် ယုဝမ်ကျင်းအား ဖွင့်ပြောခဲ့သည်ဟု ဆိုသည်။ သို့သော် အငြင်းခံ လိုက်ရသည်။ ယုဝမ်ကျင်းက စကား တစ်ခွန်းတည်းကိုသာ အထပ်ထပ်ဆိုကာ ငြင်းခဲ့ကြောင်း ဝူကျွင်းကျဲ့ ပြန်ပြောပြသဖြင့် ချန်းဖန် သိခဲ့ရသည်။ ယုဝမ်ကျင်း ပြောခဲ့သည်မှာ...။

"ငါတို့နှစ်ယောက်က လုံးဝ မဖြစ်နိုင်ဘူး" ဟူ၍။

ထိုစဉ်က ချန်းဖန် ထင်ခဲ့သည်မှာ ယုဝမ်ကျင်းသည် ဝူကျွင်းကျဲ့အား သူမနှင့် မတူမတန်သလို သဘော ထားခြင်းကြောင့်ဟု။ သို့သော် ယခု သေချာ ပြန်စဉ်းစား ကြည့်တော့မှ တစ်စုံတစ်ရာ လွဲချော်နေသလို ခံစားရသည်။ ယုဝမ်ကျင်းက အမှန်ကို ပြောနေခဲ့ခြင်း ဖြစ်နိုင်သည်။

ချန်းဖန်သည် ယုဝမ်ကျင်း၏ ခန္ဓာကိုယ်၌ ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအားမျိုးကို ခံစားမိသည်။ သူမ၏ ကျင့်ကြံဆင့်က စဦးအဆင့်သို့ပင် မရောက်သေးသော်ငြား ချန်းဖန်၏ ခန့်မှန်းမှုက မမှားနိုင်ပါ။

ထူးဆန်းသည်မှာ သူမထံမှ ရသော အငွေ့အသက်များသည် ဝူရှန့်ဟယ်( ဆရာဝူ ) ထံမှ ရသော ယင်ချီ အငွေ့အသက် များကဲ့သို့ ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းသည်။ ထို့ပြင် ထိုအငွေ့အသက်က ဝူရှန့်ဟယ်၏ ယင်ချီများထက် ပို၍ သဘာဝဆန်ပြီး စွမ်းအားလည်း ပိုကြီးပုံ ပေါ်သည်။

ချန်းဖန်သည် နတ်ဘုရား စိတ်အာရုံအား အသုံးပြု၍ ယုဝမ်ကျင်းအား သေချာ အကဲခတ် ကြည့်လိုက်သည်။

ယုဝမ်ကျင်း၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံသည် အလွန် ထူးခြားပြီး မွေးရာပါ ယင်ချီများနှင့် သဟဇာတ ဖြစ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ ခန္ဓာကိုယ်တွင် ရှိနေသော ယင်ချီများက သာမန်ထက် ပိုမို သဘာဝဆန်ပြီး အေးစက်သည်။ ထို့သို့သော ဖွဲ့စည်းပုံမျိုးက ကျင့်ကြံခြင်း ‌လောကတွင်ပင် ရှားပါးသည်ဟု ဆိုရမည်။

ကျင့်ကြံခြင်း လောကတွင် ထိုသို့သော ခန္ဓာကိုယ် ဖွဲ့စည်းပုံအား အသုံးပြုနိုင်သော နည်းလမ်း များစွာ ရှိသည်။ သုံးချောင်းထောက် ဒယ်အိုး၊ လူသားပြဒါးရှင်၊ တော်ဝင်ဆေးလုံး၊ ဝိညာဉ် အားဖြည့်ခြင်း၊ စသဖြင့် များစွာ ရှိသည်။ သို့သော် ထိုခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် လူများသည် အခြားလူ၏ ကျင့်ကြံခြင်း တိုးတက်စေရန် အသုံးပြုရာတွင်သာ အသုံးဝင်ရာ လူသား မီးပြင်းဖိုနှင့် မခြားပေ။ ဘယ်သူကမှလည်း သူတစ်ပါးအတွက်သာ အကျိုးရှိသော ထိုသို့ ဖွဲ့စည်းပုံများ လိုချင်လိမ့်မည် မဟုတ်။

"ငါ မှားပြီး ကြည့်မိတာပဲ ဖြစ်ဖို့ မျှော်လင့်မိတယ်"

တီးတိုး ရေရွတ်ရင်း ချန်းဖန် ခေါင်းယမ်းမိသည်။

ရုတ်တရက် ဝူကျွင်းကျဲ့က ချန်းဖန်၏ ပခုံးအား ပုတ်ကာ ပြောလာသည်။

"ငါ ဆေးလိပ် သောက်ချင်လို့ အပြင်ကို ခဏ လိုက်ခဲ့ပေး"

"အင်း"

ချန်းဖန်လည်း ခပ်တိုးတိုး ပြန်ဖြေရင်း ဝူကျွင်းကျဲ့နောက်မှ လိုက်လာခဲ့သည်။

နှစ်ယောက်သား VIPအခန်းထဲမှ ထွက်လာပြီး လသာဆောင်ရှိ ဆေးလိပ်သောက်ရန် သတ်မှတ် ပေးထားသော နေရာသို့ ရောက်လာကြသည်။

ဝူကျွင်းကျဲ့သည် ဝရန်တာ လက်ရန်းအား မှီလိုက်ပြီး လမ်းမပေါ်တွင် သွားလာနေသော လူများအား အကြောင်းမဲ့ ငေးကြည့်ရင်း တိုးညင်းစွာ ပြောလာသည်။

"ငါ ညာခဲ့တာ ရှောင်ဖန်... ငါ မင်းတို့ အားလုံးကို ညာခဲ့တာ"

"ဘာကိုလဲ...."

ချန်းဖန်က တည်ငြိမ်စွာ ပြန်မေးလိုက်သည်။

"ငါပြောခဲ့တယ် ကျင်းမြို့တော်မှာ သခင်လေးဝေ့နဲ့ တွေ့ခဲ့တယ်လို့ ... အဲ့အထိက မှန်သေးတယ်"

ဝူကျွင်းကျဲ့သည် အိတ်ကပ်ထဲမှ စီးကရက် တစ်လိပ်အား ထုတ်ကာ မီးညှိသည်။ ထို့နောက် နှုတ်ခမ်းနားသို့ တေ့ကာ တစ်ချက်နှစ်ချက် စုပ်ယူပြီးမှ စကားဆက်သည်။

"‌ဒါပေမဲ့ ငါမပြောပြခဲ့တာက ... သူငါ့ကို အရှက်ခွဲပြီး ငါ့မျက်နှာကို ရိုက်ခဲ့တယ် ဆိုတာပဲ ပြီးတော့ သူက ပြောခဲ့သေးတယ်။ ငါက သူ့ရဲ့ မိတ်ဆွေဖြစ်ဖို့ မထိုက်တန်ဘူးတဲ့ သူ့ရဲ့ လက်ဝါးချက် ငါ့မျက်နှာဆီကို ရောက်လာတဲ့ အချိန်မှာ ငါ... ရှောင်လိုက်ချင်တယ်။ ဒါပေမဲ့ကွာ... ငါ... ငါ... တစ်ချက်လေးတောင် မလှုပ်ရဲဘဲ မတ်တတ် ဆက်ရပ်နိုင်ဖို့ ကိုတောင် မနည်း အားတင်းထား ခဲ့ရတယ်"

‌ဝူကျွင်းကျဲ့၏ မျက်လုံးများက နီရဲလာသည်။

"တကယ်လို့ ငါသာ သူ့ကို ပြန်ခုခံမိရင် ငါ့အဖေပါ ဒုက္ခ ရောက်သွားလိမ့်မယ်။ ငါမလုပ်နိုင်ခဲ့ဘူး ရှောင်ဖန် ငါ ဒါတွေကို ရင်ဖွင့်နိုင်တာလည်း မင်းတစ်ယောက်ပဲ ရှိတယ် ကျန်တဲ့သူတွေကို ငါ မသိစေချင်ဘူးကွာ"

ဝူကျွင်းကျဲ့က ဆေးလိပ်ငွေ့များအား မှုတ်ထုတ်ရင်း အသက်ပြင်းပြင်း ရှုလိုက်သည်။

"ဟောက်ရွှမ်းက ကျောင်းစာကလွဲရင် ဘာမှ သိတာ မဟုတ်ဘူး။ လင်းဝေ့ဝေ့ ကျပြန်တော့လည်း ဒေါသကြီးပြီး ထစ်ခနဲရှိ စိတ်တိုတတ်တော့ ပြောလို့ မဖြစ်ဘူး ဝမ်ကျင်းကတော့..."

ဝူကျွင်းကျဲ့သည် ခဏမျှ ရပ်လိုက်ပြီးနောက် မသက်မသာ ပြုံးသည်။

"ဝမ်ကျင်းက အမြဲတမ်း သူ့ကိုယ်သူ ငါနဲ့ စည်းခြားပြီး နေတဲ့သူလေ သူက မြို့ကြီးသားတွေကိုပဲ စိတ်ဝင်စားတယ် ထင်ပါရဲ့ကွာ။ ဒီတော့ ငါ့မှာ ရင်ဖွင့်လို့ ရတာဆိုလို့ မင်းတစ်ယောက်ပဲ ကျန်တော့တယ်"

ချန်းဖန်သည် နားထောင်ရုံသာ နားထောင်နေပြီး စကား လုံးဝ ဖြတ်မပြောပေ။ အခုအချိန်တွင် ကျွင်းကျဲ့ အမှန်တကယ် လိုအပ်နေသည်မှာ တိတ်ဆိတ်စွာ နားထောင်ပေးမည့် လူတစ်ယောက် ဖြစ်ကြောင်း သူက နားလည်သည်။

ဝူကျွင်းကျဲ့က စကားဆက်သည်။

"ငါ့ဘဝမှာ မင်းတို့နဲ့သာ မတွေ့ခဲ့ရင် သူငယ်ချင်း ဆိုတာတောင် ရှိတော့မယ် မထင်ဘူး"

ချန်းဖန်က တစ်စုံတစ်ခု ပြောမည်အပြုတွင် ဝူကျွင်းကျဲ့က အလျင်အမြန် ဖြတ်ပြော လိုက်သည်။

"ဘာမှ မပြောနဲ့ဦး.... ဟောက်ရွှမ်းက အရမ်းစာတော်တဲ့ ကျောင်းသား တစ်ယောက်၊ ဒီတော့ သူ့အနာဂတ်လမ်းက ဖြောင့်ဖြူးနေလိမ့်မယ် ဆိုတာ သံသဃ ရှိစရာတောင် မလိုဘူး ပြီးတော့ မင်း... မင်းအမေရဲ့ လုပ်ငန်းက ကျုံးဟိုင်မြို့မှာ အောင်မြင်နေတာ ငါသိတယ်။ အနည်းဆုံးတော့ မင်းရဲ့ အနာဂတ်မှာ ငွေအတွက် ပူစရာမလိုဘူး။ ငါကျတော့... ငါ့အဖေက သူ့ကျန်းမာရေးကြောင့် မကြာခင်မှာ အလုပ်တွေကို ရပ်နားတော့မှာ ငါ့အနေနဲ့ အဖေ့ရဲ့ ခြေရာကို နင်းနိုင်ဖို့ အခုထက် နှစ်ဆ ကြိုးစားဖို့လိုတယ်။ ဒါပေမဲ့ တနေ့နေ့တော့... ငါလည်းပဲ ဝေ့ကျီပင်းနဲ့ ရင်ပေါင် တန်းနိုင်ပြီး သူငါ့ကို ပေးခဲ့တဲ့ အရှက်ရမှုမျိုး ပြန်ပေးနိုင်ဖို့ မျှော်လင့်မိတယ်"

စကားဆုံးသည့်နောက် ဝူကျွင်းကျဲ့သည် လက်ထဲရှိ စီးကရက်အား ကြမ်းပြင်ပေါ် ပစ်ချလိုက်ကာ ဖိနပ်ခုံနှင့် ဖိနင်းလိုက်သည်။

ချန်းဖန်သည် ဝူကျွင်းကျဲ့၏ စိတ်အခြေအနေ တည်ငြိမ်သွားသည့် အထိ စောင့်ပြီးမှ ဖြည်းညင်းစွာ ပြောလိုက်သည်။

"ငါ မင်းအတွက် ကလဲ့စား ချေခဲ့ပြီးပါပြီ ဝေ့ကျီပင်းရဲ့ ခြေထောက် တစ်ဖက်ကို ငါချိုးလိုက်တယ် မင်းကျေနပ်လား.... မကျေနပ်သေးရင် သူ့ရဲ့ နောက်ထပ် ခြေထောက် တစ်ဖက်ကို ထပ်ချိုးပေးမယ်"

"ကောင်းလိုက်တာ.... ကျေးဇူးပါ ရှောင်ဖန်ရာ... ငါအခု ပိုပြီး နေလို့ထိုင်လို့ ကောင်းသွားပြီ"

ဝူကျွင်းကျဲ့က ရယ်ရင်း ပြောလိုက်သည်။ တစ်ချိန်လုံးတွင် သူက ချန်းဖန်သည် သူ့အား နှစ်သိမ့်ရန် လျှောက်ပြောနေခြင်း ဖြစ်သည်ဟုသာ ယုံကြည်နေခဲ့သည်။ ဝေ့ကျီပင်းဆိုသည်ကား သာမန်လူ မဟုတ်ပေ။ သူ၏ အဖေက ဝေ့မိသားစုမှ တတိယ သခင်ကြီး ဖြစ်သည်။

"အမှန်တော့ ငါမင်းကို ပြောစရာ တစ်ခု ရှိတယ်"

ချန်းဖန်က မျက်ခုံးနှစ်ခု ကြားရှိ နေရာအား လက်ဖြင့်ဖိရင်း သင့်တော်မည့် စကားလုံးကို ကြိုးစား ရွေးချယ် လိုက်သည်။

"ယုဝမ်ကျင်းကို လက်လျော့ လိုက်ပါတော့လား မင်းတို့နှစ်‌ယောက်က... ကွဲပြားတယ် အာ... ငါဆိုလိုချင်တာက..."

ဝူကျွင်းကျဲ့၏ မျက်နှာက မလွန် မပျော်မရွှင် ဖြစ်သွားသည်။ သူက မေးလာသည်။

"မင်းလည်း အဲ့လိုပဲ ထင်တာလား.... တခြားသူတွေ ပြောကြသလိုလေ ငါက ဝမ်ကျင်းနဲ့ မတန်ဘူးလား...."

ချန်းဖန်သည် ဘာဆက်ပြောရမည်ကို မသိစွာ ခေါင်းသာ ယမ်းမိပြီး ထိုကိစ္စအား နောက်မှ ဆွေးနွေးရန် ဆုံးဖြတ် လိုက်သည်။

ဘာနေနေ ချန်းဖန် မည်မျှ အာပေါက်အောင် ပြောပါစေဦး ဝူကျွင်းကျဲ့က ယုဝမ်ကျင်းအား လက်လျော့မည် မဟုတ်သည်ကို အတိတ်ဘဝ အတွေ့အကြုံအရ ချန်းဖန် နားလည်သည်။

သို့နှင့် နှစ်ယောက်လုံး ထိုကိစ္စအား ဆက်မပြောတော့ဘဲ အခြားသော အကြောင်းအရာ များအား ဆက်လက် ပြောဆိုနေကြသည်မှာ လင်းဝေ့ဝေ့ တစ်ယောက် စိတ်တိုစွာနှင့် ရောက်လာပြီး အခန်းထဲသို့ ပြန်လာရန် မခေါ်ခင် အထိပင်။

VIPအခန်းထဲသို့ ပြန်ရောက်သည်နှင့် ဝူကျွင်းကျဲ့သည် ယုဝမ်ကျင်းသို့သာ အာရုံရှိတော့ပြီး လသာဆောင်၌ ချန်းဖန် ပြောခဲ့သည်များအား မ‌ှတ်ပင် မှတ်မိတော့ပုံမရ။ ချန်းဖန်လည်း မျှော်လင့်ထားပြီး ဖြစ်သည်မို့ အထွေအထူး စိတ်မပျက်မိတော့။

"ဘာလို့ ငါတို့နဲ့ စကားဝင် မပြောတာလဲ...."

ယုဝမ်ကျင်းက ချန်းဖန်အား မေးလာသည်။

ပုံမှန်ဆိုလျှင် ယုဝမ်ကျင်းသည် စကားနည်းသူ ဖြစ်သော်လည်း ခြောက်လ‌ ကြာပြီးနောက် ပြန်လည် ဆုံတွေ့သောအခါ ချန်းဖန်က စကားတစ်ခွန်း မဆိုသောကြောင့် သူမ၏ စံချိန်ကိုပင် ချိုးသွားခဲ့သည်။

ချန်းဖန်လည်း မည်သို့ တုံ့ပြန်ရမည် မသိသောကြောင့် ပြုံးသာ နေလိုက်သည်။ အမှန်တော့ သူက ဟိတ်ကြီးဟန်ကြီး ထုတ်လို၍ စကားမပြောခြင်း မဟုတ်ဘဲ နှစ်ငါးရာကျော် ကြာပြီးသည့်နောက် သာမန် လူများအကြား ပြောလေ့‌ပြောထ ရှိသော အကြောင်းအရာများအား မေ့လျော့နေခဲ့ပြီ ဖြစ်သည်။ သူ့သူငယ်ချင်းများ ပြောဆိုနေကြသော အကြောင်းအရာများ ကြားထဲ မည်သို့ ဝင်ရောက် ပြောဆိုရမည်ကို အမှန်ပင် မသိတာ ဖြစ်သည်။ အိုင်ဗွီ အထက်တန်း ကျောင်းတွင် ချန်းဖန်အား ပေါင်းမည့်သူ ဟူ၍ ကျန်းထန်ချိုး တစ်ယောက်သာ ရှိခြင်းကလည်း ထိုအချက်ကြောင့် ဖြစ်သည်။

ယခုလည်း ဝူကျွင်းကျဲ့တို့က ဝတ္ထုများ၊ ဇာတ်လမ်းများ၊ ဂိမ်းများ အကြောင်း ပြောနေကြခြင်း ဖြစ်ရာ ချန်းဖန်အနေနှင့် သူတို့ပြောနေသော အကြောင်းအရာ တစ်ခုကိုမှ ဝင်ရောက် ဆွေးနွေးခြင်း မပြုနိုင်တာ ဖြစ်သည်။

"ဝမ်ကျင်း..."

ချန်းဖန်သည် မေးသင့် မမေးသင့် ခဏမျှ စဉ်းစားပြီးတော့မှ မေးရန် ဆုံးဖြတ်လိုက်သည်။

"နင် မကြာခင်မှာ ထွက်သွားတော့မှာလား...."

"နင်ဘာကို ပြောချင်တာလဲ...."

ယုဝမ်ကျင်း၏ မျက်လုံးများက အနည်းငယ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသော်လည်း သူမက ဟန်မပျက် ပြန်မေးလာသည်။

"ငါ ဒီမှာ နေရတာ အဆင်ပြေနေတာပဲကို ဘာလို့ ထွက်သွားရမှာလဲ...."

"အမှန်ပဲလား...."

ချမ်းဖန်က ယုဝမ်ကျင်း၏ မျက်လုံးများထဲ တည့်တည့် စိုက်ကြည့်ရင်း လေးနက်စွာ တစ်လုံးချင်း ပြောလိုက်သည်။

"ငါ နင့်ကို သိစေချင်တာက... နင့်မှာ ဘယ်လို အခက်အခဲ၊ ဘယ်လို ပြဿနာမျိုးပဲ ရှိနေပါစေ ငါနင့်ကို ကူညီပြီး ဖြေရှင်း ပေးနိုင်တယ်"

"အာ... ကျေးဇူး ဒါပေမဲ့ ငါတကယ်ကို အဆင်ပြေနေပါတယ်"

ယုဝမ်ကျင်းက ခက်ခက်ခဲခဲ ပြန်ဖြေလာသည်။ ချန်းဖန်၏ မျက်လုံးများအား ရှောင်ရှားရန် သူမ၏ မျက်လုံးများက ဦးတည်ရာမဲ့ လျှောက်ကြည့်လို့နေသည်။

"ရှောင်ဖန်... ဝမ်ကျင်း... နှစ်ယောက်တည်း ဘာတွေ တိုးတိုးတိုးတိုးနဲ့ ပြောနေကြတာလဲ...."

ဝူကျွင်းကျဲ့က ထအော်လိုက်သည်။

"ဘာမှ မဟုတ်ပါဘူး နင်တို့ရော ဘာတွေ ပြောနေကြတာလဲ...."

ယုဝမ်ကျင်းသည် စကားလမ်းကြောင်းအား ပြောင်းပစ်ရန် အလျင်အမြန်ပဲ ကြိုးစားလာသည်။

အားလုံးက အကြောင်းအရာ တစ်ခုအား ပျော်ပျော်ရွှင်ရွှင် ပြောဆို နေကြချိန်တွင် ချန်းဖန်သည် လေးနက်သော အမူအရာနှင့် စားပွဲအား တဒေါက်ဒေါက် ခေါက်နေမိသည်။

အတိတ်ဘဝက ချန်းဖန်သည် သူချစ်ခင်သော၊ မြတ်နိုးသော၊ ခင်မင်သော လူများ၏ အခက်အခဲ၊ ပြဿနာများအား အနည်းငယ်မျှ ကူညီပေးနိုင်ခဲ့ခြင်း မရှိပေ။ သို့သော် နောက်တစ်ကြိမ် အခွင့်အရေး ရလာချိန်တွင်မူ သူ၏ စမှတ်က ယခင် ဘဝကထက် ပိုမို မြင့်မားလာခဲ့ပြီး လုံလောက်သော အစွမ်းအစများအားလည်း ပိုင်ဆိုင်ထားသည်။ သူကာကွယ်လိုသည့် လူများအား မည်သို့သော အန္တရာယ်မျိုးမှ ဖြစ်စေရန် ခွင့်ပြုလိမ့်မည် မဟုတ်ပါ။

"နတ်ဘုရားပဲ ဖြစ်ဖြစ် မကောင်းဆိုးဝါးပဲ ဖြစ်ဖြစ် ဂရုစိုက်နေမှာ မဟုတ်ဘူး တစ်စုံတစ်ယောက်က ငါ့သူငယ်ချင်းတွေကို ထိခိုက်စေလာရန် တူညီတဲ့ နာကျင်မှုကို  ပြန်ခံစား ရစေမယ်"

ရွှေရောင် မီးတောက်နှစ်ခုက ချန်းဖန်၏ မျက်လုံးများထဲ ထွက်ပေါ်လာပြီး စက္ကန့်ပိုင်းအတွင်း အလွန် တောက်ပ သွားသည်။

***

All Chapters