← Chapters

မြွေဘွားဘွား

Vol. 2 Ch. 107

မြွေဘွားဘွား

Vol. 2 Ch. 107

ယုဝမ်ကျင်းသည် သက်လတ်ပိုင်း လူကြီး၏ နောက်သို့ လိုက်လာခဲ့ပြီး မြို့ပြင်ရှိ နှစ်ထပ်အိမ် တလုံးသို့ ရောက်ရှိလာသည်။

၎င်းအိမ်ကြီး၏ အပြင်အဆင်သည် ‌အနည်းငယ် ရှေးကျပြီး မြင့်မားသော စည်းရိုးများ ကာရံထားကာ အိမ်အမိုးက အစိမ်းရောင် ဖြစ်သည်။ လူအရပ်ခန့် ရှိသော ကျောက်တုံးကြီး နှစ်တုံးက ဝင်ပေါက်၌ နေရာ ယူထားသည်။ ခြံဝန်းအတွင်းရှိ ကျောက်ကုလားထိုင် တလုံး၌ ဆံပင်များ ဖြူနေသော အဖွားအို တစ်ယောက်သည် သဘာဝ၏ လေနုအေးများအား ခံစားနေဟန်ဖြင့် မျက်လုံးများ မှိတ်လျက် ထိုင်နေသည်။

သို့သော်လည်း အေးချမ်းလှသော ထိုမြင်ကွင်းလေးက အဘွားအို၏ ခြေရင်း၌ လိုလိုချင်ချင် လဲလျောင်း ရစ်ပတ်ထားသော အစိမ်းရောင် မြွေကြီးတစ်ကောင်ကြောင့် ကြောက်မက်ဖွယ် မြင်ကွင်း အဖြစ်သို့ ပြောင်းလဲသွားသည်။

"ဘွားဘွား"

ယုဝမ်ကျင်းကမူ ထိုမြင်ကွင်းအား ထူးဆန်းဟန် မရဘဲ အဘွားအိုအား ပုံမှန်အတိုင်း နှုတ်ဆက် လိုက်သည်။

အဘွားအို၏ မျက်လုံးများက ပွင့်လာပြီး ယုဝမ်ကျင်းအား ချစ်မြတ်နိုးစွာ ကြည့်သည်။ အဘွားအိုက မေးလိုက်သည်။

"သမီးရဲ့ သူငယ်ချင်းတွေကို သေချာ နှုတ်ဆက်ပြီးပြီလား...."

အဘွားအို၏ လေသံသည် သူမ၏ အသွင်အပြင်နှင့် လုံးလုံးလျားလျား ကွဲပြားပြီး ညဇီးကွက် တစ်ကောင် အော်နေသည့် အသံနှင့် အလွန်တူသည်။ ထို့ပြင် အစိမ်းရောင် မြွေကြီးပါ ရှိနေသည်ကို ထည့်တွက်လျှင် အဘွားအို၏ တည်ရှိမှုမှာ ကြောက်မက်ဖွယ် ကောင်းပြီး သရဲ ခြောက်နေသည့် အလားပင်။

"ဟုတ်ကဲ့"

ယုဝမ်ကျင်းက ပြန်ဖြေပြီးနောက် အဘွားအို အနီးသို့ တိုးကပ် သွားလိုက်သည်။ အဘွားအို၏ အနီးတွင် ရှိနေလေလေ သူမအတွက် လုံခြုံလေလေ ဖြစ်သည်ကို ယုဝမ်ကျင်းက အသေအချာ နားလည်သည်။

"မြွေဘွားဘွား ခင်ဗျားမြေးမက သူစိမ်းယောက်ျားတွေနဲ့ ပူးပူးကပ်ကပ် နေနေတယ် ဒါက ကျုပ်ကို ခက်ခဲအောင် လုပ်နေတာနဲ့ အတူတူပဲ"

သက်လတ်ပိုင်း လူကြီးက တံခါးဘောင်အား မှီကာ လက်ပိုက်ရင်း ပြောလိုက်သည်။

"ဒါပေါ့ ငါ့မြေးမလေးက ဒီလောက်လှတာ ကောင်လေးတွေ ဝိုင်းဝိုင်းလည်နေတာ ထူးဆန်းလို့လား...."

ထို့နောက်တွင် မြွေဘွားဘွား၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပျောက်ကွယ်သွားပြီး သူမက လေသံမာမာနှင့် ပြောလာသည်။

"ကျန်းပင်... သခင်လေးက ရှောင်ကျင်းကို ကာကွယ်ဖို့ နင့်ကို လွှတ်လိုက်တာ၊ ဟိုလိုလုပ် ဒီလိုလုပ် ဆိုပြီး အမိန့်ပေးနေဖို့ မဟုတ်ဘူး"

ကျန်းပင်က နှာခေါင်း ရှုံ့လိုက်သည်။ ထိုအဘွားကြီးနှင့် ပြိုင်ငြင်း မနေတော့ဘဲ ကျန်းပင်သည် ယုဝမ်ကျင်းအား စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်းက သခင်လေးရဲ့ အပိုင်ဆိုတာ အသေအချာ မှတ်ထားပါ။ တကယ်လို့ တစ်ယောက်ယောက်က မင်းကိုထိဖို့ ကြိုးစားလာမယ် ဆိုရင် သခင်လေးကိုယ်စား အဲဒီလူရဲ့ လက်တွေကို ငါက ဖြတ်ပစ်မယ်"

ကျန်းပင်၏ မျက်လုံးများက သွေးဆာမှုများ တဖိတ်ဖိတ် လက်နေပြီး လူတစ်ယောက်၏ အသက်အား ကြက်ကလေး၊ ငှက်ကလေးလိုပင် သဘောထားကြောင်း ထို့ရုန့်ရင်း ကြမ်းတမ်းလှသည့် မျက်လုံးများက ဖော်ပြနေသည်။

"ဟုတ်ကဲ့"

ယုဝမ်ကျင်းသည် ခေါင်းငုံ့လိုက်ပြီး အလွန် နာခံစွာ ပြန်ဖြေလိုက်သည်။

သူမက သခင်လေးရဲ့ အပိုင်။ ထိုစကားအား သူမ သိသမျှသော လူတိုင်းထံမှ အကြိမ်ပေါင်း များစွာ ကြားရလေ့ ရှိသည်။ သူမအဘွား၊ သူမအဖေ၊ သူမ အဒေါ်များ၊ သူမဦးလေး၊ သူမတို့ရွာရှိ အကြီးအကဲများ ... သူတို့အားလုံးက ပြောကြသည်။ သူမအား သခင်လေးဆိုသော သူက ပိုင်သည်တဲ့။

သို့သော် ထိုသခင်လေး ဆိုသူအား သူမ တစ်ဘဝလုံး တစ်ကြိမ် တစ်ခါမှ မတွေ့ခဲ့ဖူးပါ။

သူမနှင့် အဘွားဖြစ်သူသည် မထင်မရှား ရွာငယ်လေး တစ်ခုမှ စီကျွေးမြို့နယ်သို့ ပြောင်းရွေ့လာခဲ့သည်။ သူမသည် စီကျွေး အလယ်တန်း ကျောင်း၌ တက်ရစဉ်ကပင် သူငယ်ချင်းများနှင့် ရင်းရင်းနှီးနှီး နေလိုခဲ့သည်။ သို့သော် သူမက သူငယ်ချင်းများနှင့် ရင်းနှီးရန် ကြိုးစားသည့် အခါတိုင်း ကျန်းပင်ထံမှ သတိပေးခြင်းမျိုး မကြာခဏ ခံရတတ်သည်။ အမြဲလိုလို အကြောင်းပြချက် ကလည်း တစ်ခုတည်း။ သူမက သခင်လေး၏ အပိုင် ဖြစ်သည်တဲ့လေ။

မြွေဘွားဘွားသည်ပင် ကျန်းပင်၏ စကားအား ထောက်ခံစွာ ခေါင်းညိတ်သည်။

"ဟုတ်တယ် ရှောင်ကျင်း သခင်လေးလို လူနဲ့ လက်ထပ်ခွင့်ရတာ သမီးအတွက် တကယ်ကို ကံ‌ကောင်းမှုကြီးပဲ သမီးရဲ့ လက်ထပ်မှုက ဘွားဘွားတို့ မိသားစုအတွက် အကျိုးကျေးဇူးတွေ အများကြီး ယူဆောင် လာပေးလိမ့်မယ် သခင်လေးက သမီးကို မကြာခင် လာတွေ့မယ်လို့ ပြောတယ် သမီးအနေနဲ့ ဒီလို သေးနုပ်တဲ့ မြို့‌လေးမှာ အကြာကြီး ဆက်နေစရာ မလိုတော့ပါဘူး"

"ဟုတ်ကဲ့ ဘွားဘွား သမီး နားလည်ပါတယ်"

ယုဝမ်ကျင်းသည် အတွင်းစိတ်ထဲ၌ လှိုက်တက်လာသော ဝမ်းနည်း စိတ်ပျက်မှုများအား ဖုံးကွယ်နိုင်ရန် ခေါင်းသာ ငုံ့လိုက်မိသည်။

သူမ၏ မွေးရပ်မြေ ရွာရှိ လူအားလုံးက သခင်လေးဆိုသူသည် အလွန် အစွမ်းထက်‌သော ကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်း သိကြသည်။ ထိုလူက လူတစ်ယောက်အား မိုင်ပေါင်များစွာ အကွာကပင် သတ်နိုင်ပြီး ဝိညာဉ်ရာပေါင်း များစွာအား တစ်ချိန်တည်းတွင် ထိန်းချုပ်နိုင်သည်။ အကယ်၍ သူမကသာ သခင်လေး၏ ချီးမြှောက်မှုအား ငြင်းပယ်ကာ လက်ထပ်ပွဲမှ ထွက်ပြေးခဲ့ပါက အဖြေမှာ တစ်ခုသာ ရှိသည်။ သူမ၏ မိသားစုဝင် အားလုံး သေရမည်။ တစ်ရွာလုံးပင် ဖြစ်ကောင်း ဖြစ်နိုင်သည်။

ထိုအကြောင်း အရာများအား တွေးမိသောကြောင့် ယုဝမ်ကျင်း၏ နှလုံးသား တစ်ခုလုံး မျှော်လင့်ချက် ပျက်သုဉ်းခြင်းတို့နှင့်သာ ပြည့်နှက်သွားရသည်။

ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်သံတစ်ခုက ခြံဝန်း ဝင်ပေါက်ဆီမှ လွင့်ပျံ့လာသည်။

"မင်းတို့တွေက သခင်လေး ဆိုတဲ့လူကို စောင့်နေကြတုန်းလား...."

"ဘယ်သူလဲ..."

ကျန်းပင်သည် လျော့တိလျော့ရဲ မတ်တတ် ရပ်နေရာမှ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ မြွေဘွားဘွားက ထိုင်နေဆဲ ဖြစ်သော်လည်း သူမ၏ ခြေရင်းတွင် လဲလျောင်းနေသော အစိမ်းရောင် မြွေကြီးကမူ ရှည်လျားလှသော လျှာကြီးအား ထုတ်လျက် ခြံဝန်း ဝင်ပေါက်ဘက်သို့ ဦးတည်ကာ တွန်ကျူးလိုက်သည်။

"မြွေ‌ဘွားဘွား... ညီလေးကျန်း ... မတွေ့ရတာ ကြာပြီ"

လူကြီးတယောက်က ခြံဝန်းအတွင်း ဖြည်းညင်းစွာ လမ်းလျှောက် ဝင်လာသည်။

ထိုလူကြီးသည် မန်ချူး ဝတ်စုံကဲ့သို့သော ရိုးရာဝတ်စုံအား ဝတ်ဆင်ထားပြီး သိုးမွေးဖိနပ် တရံအား ကျကျနန စီးထားသည်။ သူက ၂၀ရာစုမှ လူငယ်လေး တဦး၏ အသွင် သဏ္ဌာန်မျိုး ဝတ်ဆင်ထားသော်လည်း အမှန်တကယ်တွင် အသက်လေးဆယ်ခန့် ရှိနေပြီ ဖြစ်သည်။

"သခင်ကြီးပိုင်...."

မြွေဘွားဘွားက အံ့အား သင့်သွားသည်။

"ကိုယ့်အိမ်မှာ ကိုယ်မနေဘဲ ဒီလောက် အဝေးကြီးကို ဘာလာလုပ်တာလဲ ပိုင်ဝူကျိ"

ပိုင်ဝူကျိ ဆိုသူသည် လက်နှစ်ဖက်အား ကျောနောက်တွင် ချိတ်လိုက်ရင်း တဟားဟား အော်ရယ် လိုက်သည်။

သူက အိမ်အနှံ့အား မသိမသာ အကဲခတ်နေပြီး ကျန်းပင်၏ ဖြစ်တည်မှုအား အရှင်း လျစ်လျူရှုထားကာ နောက်ဆုံး သူ၏ မျက်လုံးများက မြွေဘွားဘွား၏ နောက်တွင် ရပ်နေသော ယုဝမ်ကျင်းထံ၌ အဆုံးသတ်သွားပြီး မေးလာသည်။

"ဒီတော့ ဒီကလေးမလေးက သခင်လေးရဲ့ ရွေးချယ်ခြင်း ခံထားရတဲ့ သူပေါ့.... သူမမှာ သန့်စင် ယင်ခန္ဓာကိုယ် ရှိတယ်ပေါ့...."

"‌ဟုတ်တော့ ဘာဖြစ်လဲ.... ရှောင်ကျင်းက ငါ့ရဲ့ မြေးမလေးပဲ ပြဿနာ တစ်ခုခု ရှိလို့လား...."

မြွေဘွားဘွားက သတိကြီးစွာ ထား၍ ပြန်မေးလိုက်သည်။

"ခင်ဗျားရဲ့မြေး.... ဟား... ဟား... ခင်ဗျားက တကယ်‌ကောင်းတဲ့ အဘွားပဲ ကိုယ့်မြေးမ သေမဲ့နေရာဆီ ကိုယ့်လက်နဲ့ ကိုယ်တိုင် ကိုယ်ကျ တွန်းလွှတ်နေတယ်"

ပိုင်ဝူကျိသည် ယုဝမ်ကျင်းအား ဂရုဏာသက်ဟန်ဖြင့် ကြည့်လိုက်ပြီး မေးသည်။

"ကလေးမလေး... သခင်လေးက မင်းကို ဘာလို့ သူ့ရဲ့ သတို့သမီးအဖြစ် ရွေးလဲဆိုတာ သိလား...."

"ဘာလို့လဲ...."

ယုဝမ်ကျင်းသည် ပိုင်ဝူကျိ ဆိုသူ၏ ပုံစံအား သိပ်သဘော မကျသော်လည်း သိလိုစိတ်ကို မထိန်းနိုင်ဘဲ မေးမိ၏။

ထိုမေးခွန်းက သူမ ကိုယ်တိုင်လည်း အမြဲလိုလို တွေးနေမိသော မေးခွန်းဖြစ်သည်။ သခင်လေး၏ အနေအထားနှင့် ဆိုလျှင် လက်ထပ်လိုသော မိန်းမလှများ အမြောက်အများ ရှိနေနိုင်သော်လည်း သခင်လေးက သူမကဲ့သို့ အသက် မပြည့်သေးသူကို အဘယ်ကြောင့် ရွေးချယ်ရသနည်း။

"ပါးစပ်ပိတ်ထား...."

မြွေဘွားဘွား၏ မျက်နှာမှာ ဖြူဖျော့သွားပြီး အသံကုန် အော်လိုက်သည်။

"ဘာလို့လဲဆိုတော့ မင်းရဲ့ ခန္ဓာကိုယ်က မဆုံးနိုင်တဲ့ ယင်စွမ်းအင် သိုလှောင်ရာ တွင်းပေါက်ကြီး ဖြစ်နေလို့ပဲ"

ပိုင်ဝူကျိက ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး ဆက်ပြောသည်။

"ထပ်ပြောရရင် မင်းရဲ့ ခန္ဓာကိုယ်ထဲက ယင်စွမ်းအင်တွေကို အသုံးပြုပြီး တခြား ကျင့်ကြံသူ တစ်ယောက်က သူ့ရဲ့ ကျင့်ကြံဆင့်ကို အလွယ်တကူ မြှင့်တင်နိုင်တယ် ငါကြားတာတော့ သခင်လေးက လူရဲ့ ခန္ဓာကိုယ်ထဲမှာ မျိုးစေ့တစ်ခု ထည့်ပြီး ကျင့်ကြံရတဲ့ လျှို့ဝှက်ပညာရပ် တစ်ခုကို လေ့ကျင့်နေတယ်တဲ့။ အဲဒီ မျိုးစေ့က လက်ခံကောင်ရဲ့ ကိုယ်ထဲက စွမ်းအင်တွေကို စုပ်ယူပြီး အပြည့်အဝ ကြီးထွား လာတဲ့အခါ သခင်လေးက မျိုးစေ့ကို ပြန်ရိတ်သိမ်းပြီး သူ့ရဲ့ ကျင့်ကြံဆင့်ကို တိုးမြှင့် နိုင်လိမ့်မယ်။ အဲဒါက သခင်လေးလို တာအို ဆရာအဆင့်က လူကိုတောင် ဓမ္မအဆင့်ကို ရောက်စေတယ်တဲ့"

ပိုင်ဝူကျိက စုတ်တသပ်သပ်ဖြင့် ခေါင်းယမ်းရင်း ရှင်းပြသည်။

"အဲဒါက သခင်လေးရဲ့ အကြံပဲ သူ့အဖေ တုန်းကလည်း ဒီလိုပဲ စွမ်းအင်အဆင့်ကို မြှင့်တင်ခဲ့တာ အခု သူ့သားကလည်း အဖေ့ခြေရာကို နင်းဖို့ လုပ်နေပြန်ပြီ သခင်လေးသာ စွမ်းအင်အဆင့် တက်သွားရင် ငါတို့အားလုံး ကြားထဲက စွမ်းအား မျှခြေက တစ်ဖက်စောင်းနင်း ဖြစ်သွားလိမ့်မယ် ဒါ့ကြောင့် သခင်လေးကို တားရမယ်"

"ဘွားဘွား... ဒါ အမှန်ပဲလားဟင်.... "

ယုဝမ်ကျင်းသည် မျက်ရည်များ စီးကျလာရင်း မယုံကြည်နိုင်ဟန်ဖြင့် မြွေဘွားဘွားအား မေးသည်။

မြွေဘွားဘွား၏ မျက်နှာမှာ အနည်းငယ် ရှုံ့တွ သွားပြီး သူမက အသက်ပြင်းပြင်း ရှုလိုက်ကာ ပြန်ဖြေလာသည်။

"ဒါက တစ်ခုတည်းသော နည်းလမ်းပဲ သခင်လေးက ဘွားဘွားတို့ ယုမိသားစုအနေနဲ့ ဆန့်ကျင်လို့ ရတဲ့သူ မဟုတ်ဘူး သခင်လေးရဲ့ လျှို့ဝှက်ပညာရပ်က သမီးရဲ့ ကိုယ်ထဲက ယင်စွမ်းအင်တွေကိုပဲ စုပ်ယူမှာပါ သမီးကို နာကျင်စေမှာ မဟုတ်ဘူး။ ပြီးတော့ သခင်လေးက ကတိပေးထားတယ်။ သူ့ရဲ့ အစီအစဉ် အောင်မြင် ပြီးသွားရင် သမီးကို သူ့ရဲ့ ဇနီးအဖြစ် လက်ထပ် ယူပါမယ်တဲ့"

ထို့နောက် မြွေဘွားဘွား၏ မျက်နှာက စိတ်လှုပ်ရှား နေသော အမူအရာသို့ ပြောင်းလဲ သွားသည်။

"ရှောင်ကျင်း... ဘယ်လောက်ပဲ ခက်ခဲပြီး နာကျင်ရပါစေ။ သခင်လေးရဲ့ ဇနီး ဖြစ်လာဖို့ဆိုရင် အားလုံးကို ရင်းဖို့ ထိုက်တန်တယ်။ သမီးသာ သခင်လေးရဲ့ ဇနီး ဖြစ်သွားပြီးရင် ဘယ်သူကမှ ယုမိသားစုကို ထိပါးရဲတော့မှာ မဟုတ်ဘူး"

"ဘွားဘွားရယ်"

ယုဝမ်ကျင်း၏ နှလုံးသား တစ်ခုလုံး အေးခဲ နစ်မြုပ်သွားသလို ခံစားလိုက်ရပြီး မချိတင်ကဲ ရေရွတ်မိသည်။

"ပြောသင့်တာတွေ ပြောပြီးပြီဆိုတော့ စကားပြောတာ ရပ်လိုက်ကြရအောင်"

ပိုင်ဝူကျိက အေးစက်စွာ ပြောသည်။

"အားလုံး ကျုပ်ရှေ့က ဖယ်နေ ဒီကလေးမလေးကို ကျုပ်နဲ့အတူ ခေါ်သွားမယ်"

"ပိုင်ဝူကျိ.... တော်တော် အတင့်ရဲနေပါလား.... သခင်လေး အမျက်ထွက်မှာ မကြောက်ဘူးလား...."

မြွေဘွားဘွားက ဒေါသဖြင့် ကြိမ်းဝါး လိုက်သည်။

"ကျုပ်က တစ်ယောက်တည်း လာခဲ့တာ မဟုတ်ဘူး မြွေဘွားဘွား ... ခင်ဗျား တာအို အလယ်အလတ် အဆင့်ကို ရောက်နေတာ ကျုပ်သိသားပဲ။ ကျန်းပင်ရဲ့ အကူအညီနဲ့ ဆိုရင် ကျုပ်ကို သတ်ဖို့က အလွယ်လေး"

ပိုင်ဝူကျိက ပြောရင်း ရယ်သည်။ ရုတ်တရက် သူ့အနောက်မှ လူရိပ်များ ထွက်ပေါ်လာသည်။

ထိုလူရိပ်များက နံရံမှ တဆင့် ကျော်ဝင်လာကြခြင်း ဖြစ်ပြီး မြွေဘွားဘွားအား လေးဘက်လေးတန် ပိတ်ဆို့ လိုက်ကြသည်။ အ‌မှောင်ထဲတွင်ပင် အလွန် လျင်မြန် သွက်လက်စွာ လှုပ်ရှားနေကြသော ထိုလူရိပ် အားလုံးတို့သည် အတွင်းအား ပညာရှင်များ ဖြစ်ကြောင်း ထင်ရှားသည်။

"မြွေဘွားဘွားကတော့ မသိလောက်ဘူး ထင်တယ်။ ကျုပ်တို့ မိသားစုကြီး ခြောက်စုက မဟာမိတ်တွေ အဖြစ် ပူးပေါင်း လိုက်ကြတယ်လေ။ ပိုင်မိသားစု၊ လီမိသားစု၊ ယွမ်မိသားစု၊ ကုန်းမိသားစု..."

မိသားစု နာမည်များ ပိုင်ဝူကျိ၏ ပါးစပ်မှ ထွက်လာချိန်တွင် မြွေဘွားဘွား၏ မျက်နှာမှာ အံ့ဩမှုကြောင့် အရောင် ပြောင်းသွားသည်။

သို့သော်လည်း သူမသည် အမူအရာ လုံးဝ မပျက်ဘဲ နှာခေါင်းရှုံ့လျက် တုံ့ပြန်လိုက်သည်။

"မိသားစုခြောက်စု ပေါင်းလိုက်တော့ရော ဘာဖြစ်လဲ.... နင်တို့က သခင်လေးနဲ့ မယှဉ်နိုင်သေးဘူး သခင်လေး ရောက်လာတာနဲ့ အားလုံး သေရမှာပဲ"

ပိုင်ဝူကျိက နောက်တကြိမ် ရယ်လိုက်ပြန်သည်။

"ကျုပ် ဒီကို ရောက်နေတဲ့ အချိန်မှာ ကျန်တဲ့ မိသားစုတွေ ဘယ်ကို ရောက်နေမလဲ ဆိုတာ ခင်ဗျား တွေးကြည့်စမ်းပါ မထူးဆန်းဘူးလား...."

မြွေဘွားဘွား၏ မျက်နှာ ဖြူ‌ဖျော့သွားသည်။

ပိုင်ဝူကျိက ဆက်ပြောသည်။

"ကျန်တဲ့ မိသားစု ငါးစုက ပညာရှင်တွေက သခင်လေးဆီကို သွားနေကြပြီ သူတို့ အားလုံးပေါင်းရဲ့ အင်အားက သခင်လေးကို မသတ်နိုင်သေးပေမဲ့ သုံးရက်လောက်တော့ အချိန်ဆွဲထားနိုင်တယ် ဒီလောက်ဆို ကျုပ်အတွက် လုံလောက်ပါပြီ"

ထိုစကားများအား ကြားရသည့်နောက် မြွေဘွားဘွား ဆက်လက် တည်ငြိမ် မနေနိုင်တော့ပါ။

ရုတ်တရက် သူမက ယုဝမ်ကျင်းအား ကျန်းပင်ဆီသို့ တွန်းလွှတ်ကာ အော်လိုက်သည်။

"ရှောင်ကျင်းကို ခေါ်ပြီး ပြေးတော့ သခင်လေးကို တွေ့အောင်ရှာ ဒီလူတွေကို ငါ့တာဝန်ထား...."

မြွေဘွားဘွား၏ စကားအဆုံးတွင် သူမ ခြေရင်း၏ ခေါင်းထောင်နေသော အစိမ်းရောင် မြွေကြီးသည် ပိုင်ဝူကျိထံ ပြေးဝင်သွားသည်။ မြွေဘွားဘွားက မန္တာန်တစ်ခုအား ရေရွတ်လိုက်ပြီး ခြေတဖက်ဖြင့် မြေကြီးအား အားပြင်းစွာ ဆောင့်နင်း လိုက်သည်တွင် ခြံဝန်းအတွင်း အစိမ်းရောင် မီးခိုးငွေ့တို့ ဖုံးလွှမ်း သွားသည်။

"အဆိပ်...."

ပိုင်ဝူကျိနှင့် အခြား အတွင်းအား ပညာရှင် သုံး‌ယောက်တို့သည် အင်္ကျီလက်စဖြင့် နှာခေါင်းအား ကွယ်ရင်း နောက်သို့ အလျင်အမြန် ဆုတ်လိုက်ကြသည်။

အစိမ်းရောင် မီးခိုးငွေ့များ ပျောက်ကွယ် သွားချိန်တွင် ခြံဝန်းအတွင်း၌ မြွေဘွားဘွား တစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး ကျန်းပင်နှင့် ယုဝမ်ကျင်းတို့အား မတွေ့ရတော့ပေ။

ချန်းဖန် ကျန်းပင်အား တွေ့သည့် အချိန်တွင် ကျန်းပင်သည် ယုဝမ်ကျင်းအား လက်တစ်ဖက်ဖြင့် ချီမရင်း မနက်ဖြန်ဆိုတာ မရှိတော့သည့် အလား ပြေးလွှား နေလေသည်။

"ဘာတွေ ဖြစ်နေတာလဲ...."

ချန်းဖန် ဇဝေဇဝါ ဖြစ်သွားသည်။ သူမျှော်လင့်ထားသည်က ဤသို့သော ပုံစံ မဟုတ်ပေ။

"သူ့ဦးလေးနဲ့ အိမ်က ထွက်ပြေး လာတာများလား...."

***

All Chapters