← Chapters

အဆင့်မြင့်သိုင်းသမားဆိုတာ ငါပဲ…

Vol. 15 Ch. 195

အဆင့်မြင့်သိုင်းသမားဆိုတာ ငါပဲ…

Vol. 15 Ch. 195

“ညီလေး..မင်းခွေးလေးကိုရောင်းပါ့လား။ မင်း စိတ်ကြိုက်စျေးပေးပါ့မယ်”

ဖန့်ကြွယ်ယွီက ပြန်ဖို့ဟန်ပြင်နေချိန် လူငယ်လေးတစ်ဦး၏ အသံကိုကြားလိုက်ရသည်။

“စိတ်တော့မရှိပါနဲ့ဗျာ။ ကျွန်တော့်ခွေးလေးက ကျွန်တော့်ကိုပဲ ပိုင်ရှင်လို့မှတ်မိတာပါ။ မရောင်းနိုင်ပါဘူး”

“ခဏ..မင်းက ဥက္ကဌဖန့်မဟုတ်လား”

ခုနတုန်းက အဝေးမှလှမ်းကြည့်နေရသဖြင့် ခွေးပိုင်ရှင်က ဖန့်ကြွယ်ယွီဆိုတာ မသိရပေ။

“ဟားး ဟုတ်ပါတယ်ဗျာ”

“ဥက္ကဌဖန့်..ဒါက ဘာခွေးမျိုးလဲ။ ဘယ်ကနေဝယ်ခဲ့တာလဲ။ ကျွန်တော်လည်း တစ်ကောင်လောက်လိုချင်တယ်”

စောနကဖြစ်ပွါးခဲ့သော ဖြစ်ရပ်ကို သူသည် အစမှအဆုံးထိ မြင်ခဲ့ရသည်။

“အင်း” ဖန့်ကြွယ်ယွီက ဘယ်လိုပြန်ဖြေရမလဲမသိပေ။

“အင်း..ဒါက သာမန်ခွေးပါပဲ။ တစ်ခုရှိတာက တခြားခွေးထက် သူက သွက်တယ်”

“ဟဲဟဲဟဲ ဥက္ကဌရဲ့ခွေးကလည်း ဥက္ကဌလိုပဲ ထူးခြားနေတာ”

ထိုအချိန်မှာ ဖန့်ကြွယ်ယွီ၏ ပုခုံးပေါ်မှီပြီးအိပ်နေသော အားကောက နိုးလာပြီး သူတို့ကို တစ်ချက်စွေကြည့်သည်။ အားကောက လက်သာထောင်ပြတတ်ပါက ထိုသူများကို လက်ခလယ်ထောင်ပြနေလောက်သည်။

“ဟား.. အားတော့နာပါရဲ့။ ငါ့ခွေးက နည်းနည်းတော့ဆိုးတယ်။ သူ့ဘေးနားမှာ ပိုက်ဆံအကြောင်းတွေလာပြောရင် သိပ်မကြိုက်ချင်ဘူး”

ထိုလူငယ်လေးလည်း ဖန့်ကြွယ်ယွီပြောတာကို သိပ်နားလည်ပုံမရပေ။

“အာ့တာဆိုလည်း ထားလိုက်ပါတော့ဗျာ” ထိုလူငယ်လေးစိတ်ထဲကျေနပ်ပုံ သိပ်မရဘဲ ပြန်သွားရရှာသည်။

“ငါ့ဘာသာ သာမန်ခွေးကျောင်းထွက်တဲ့ချိန် ဒီလိုဖြစ်ရပ်နဲ့ကြုံရလိမ့်မယ်လို့ ထင်ကိုမထင်တာ”

ဖန့်ကြွယ်ယွီလည်း စိတ်ရှုပ်နေရသည်။သို့သော် ထိုမိန်းမကို ပညာပြလိုက်နိုင်တာကိုတော့ သူကျေနပ်မိသည်။

အကယ်၍ သူ့ခွေးက သာမန်ခွေးဆိုပါက အသေကိုက်သတ်ခံနေရလောက်မည်။

“တော်တယ် အားကော..အိမ်ပြန်ရောက်မှ မင်းကို ဝက်အူချောင်းကျွေးရမယ်”

ဝက်အူချောင်းဆိုသောအသံကိုကြားရပြီး အားကောလည်း ဂဏာမငြိမ်ဖြစ်လာသည်။

“မင်းကလည်းကွာ..အားနေအစားပဲစားချင်နေတော့တာပဲ”

ဖန့်ကြွယ်ယွီ ပြန်လာချိန်တွင် ပိုင်ယုဟိုင်လည်း လေ့ကျင့်ခန်းလုပ်ပြီးပြီဖြစ်သည်။ သူ့ဘေးနားမှာအသက်(၂၀) အရွယ်ကောင်မလေးတစ်ဦးရှိနေသည်။ ကြည့်ရတာ သူ၏ မြေးမလေးဖြစ်ပုံရမည်။

“ရှောင်ဖန့် ခွေးလေးကိုရှာတွေ့ရဲ့လား”

“ဟုတ်ပါ့။ ပြသနာတွေတောင်တက်ခဲ့ရသေး။ အခုတော့ အဆင်ပြေသွားပါပြီ”

“ဟုတ်သား။ မင်းကိုမိတ်ဆက်ပေးဖို့မေ့နေတာ။ ဒါက ငါ့မြေးမလေး ပိုင်ယို။ ပိုင်ယို ဒါက…”

“သမီးသိပါတယ်။ သူက ဥက္ကဌဖန့်လေ။ တရုတ်မှာ သူ့ကိုမသိတဲ့လူရှိသေးရဲ့လား”

တရုတ်မှာ ဖန့်ကြွယ်ယွီ၏ နာမည်သည် လူငယ်များအကြား တစစ လူသိများလာခဲ့သည်။ ပိုင်ယိုကတော့ သူ့ကို အရမ်းအလေးပေးတဲ့ပုံမပေါ်နေပေ။

ဖန့်ကြွယ်ယွီလို မိဘပိုက်ဆံကိုရေလိုသုံးစွဲနေသည့်လူက ပိုင်ယို၏ အကြိုက်မဟုတ်ပေ။

ဖန့်ကြွယ်ယွီအကြောင်း အရမ်း မသိခင်တည်းက ပိုင်ယုဟိုင်ကလည်း သူ့နာမည်ကိုရင်းနှီးနေပြီး သူ့အားသာမန်သူဌေးသားတစ်ဦးလို ထင်ခဲ့မိသည်။ တဖြည်းဖြည်းနှင့် သူ့အကြောင်းသိလာရသောအခါ ဖန့်ကြွယ်ယွီက ယဉ်ကျေးပျူငှါပြီး ပိုက်ဆံကိုရေလိုသုံးဖြုန်းနေသော သာမန်သူဌေးသားတစ်ဦးနှင့် မတူကြောင်းသိခဲ့ရသည်။

ပိုင်ယို၏ လေသံကိုကြားလိုက်ရကတည်းက သူ့အပေါ်မနှစ်မြို့မှန်း ဖန့်ကြွယ်ယွီတန်းသိသည်။

“အဘိုး..ကျွန်တော်အလုပ်သင်ဆင်းစရာလေးရှိလို့ပြန်လိုက်ပါဦးမယ်”

သူ့အပေါ် မနှစ်မြို့သောလူနှင့် တရင်းတနှီး မဆက်ဆံလိုပေ။

“ဟုတ်ပါပြီ။ မနက်ဖြန်မှဆုံကြမယ်” ပိုင်ယုဟိုင်က ကြားထဲမှနေပြီး အားနာနေမိသည်။

“ဘိုးဘိုး ဘိုးဘိုး”

ဖန့်ကြွယ်ယွီက ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူ၏ အနောက်ဘက်မှ ရေးကြီးသုတ်ပျာ အော်ခေါ်နေသံကို ကြားရသည်။သူ့လှည့်ကြည့်သောအခါ ပိုင်ယုဟိုင်က တုန်ရီနေပြီး မြေပြင်ပေါ်မှာလူးလိမ့်နေသည်။

“ဘာဖြစ်တာလဲ”

“အဘိုးရဲ့ရောဂါပြန်ပေါ်လာတာနေမယ်”

ပိုင်ယိုက အိတ်ထဲမှာ ဆေးကိုရှာသော်လည်း မတွေ့ပေ။

“ဟာ..ဒုက္ခပဲ လောလောနဲ့ ထွက်လာခဲ့တာ ဆေးမေ့ခဲ့ပြီ”

ဖန့်ကြွယ်ယွီက ပိုင်ယုဟိုင်၏ လက်ကောက်ဝတ်ကိုဆွဲယူပြီး အတွင်းအားထည့်ပေးလိုက်သည်။

“ဒါ..ဒါက အဆင့်မြင့်စွမ်းအင်ပါ့လား”ဖန့်ကြွယ်ယွီလည်း အံ့အားသင့်ကုန်သည်။

အဆင့်မြင့်စွမ်းအင်သည်လည်း အတွင်းအားတစ်မျိုးပင်ဖြစ်သည်။ ထိုအတွင်းအားသည် စကြာဝဠာအရင်းမြစ်စွမ်းအင်ကြောင့်ဖြစ်လာရပြီး ပုံစံမျိုးစုံရှိနိုင်သည်။

စွမ်းအင်များက အတွင်းအားထက် အနည်းငယ်သာလွန်သည်။ သို့သော် ထိုစွမ်းအင်သည် စကြာဝဠာအရင်းမြစ်စွမ်းအင်အဖြစ်ပြောင်းလဲပါက ပြိုင်ဘက်ကင်းဖြစ်သွားသည်။ ထို့ကြောင့် လျှို့ဝှက်စွမ်းအားရှင်များက အဆင့်မြင့်စွမ်းအင်အသုံးပြုသူများထက် သာလွန်ခြင်းဖြစ်သည်။

ပိုင်ယုဟိုင်၏ ခန္ဓာကိုယ်ထဲမှာ အဆင့်မြင့်စွမ်းအင်များရှိနေသော်လည်း သူ၏အတွင်းအားက စိုးမိုးထားပုံရသည်။

သို့သော် ထိုစွမ်းအင်တည်ဆောက်လိုက်သည်နှင့် ပြင်းထန်သော ဓာတ်ပြုမှုပေါ်လာကာ သူ့ခန္ဓာကိုယ်ကို ထိခိုက်စေမည်။

ထိုအဆင့်မြင့်စွမ်းအင်ကိုဖယ်ရှားရန် အနည်းဆုံး မွေးရာပါသိုင်းပညာရှင်တစ်ဦးကို လိုအပ်ပေသည်။ သို့သော် ထိုအဆင့်ကိုရောက်နေသော သိုင်းပညာရှင်ဆိုတာ ရှားပါးသလို တရုတ်ပြည်တခွင် ရှာတွေ့ဖိုဆိုတာလည်း မလွယ်ကူနေပေ။

“ဘာဖြစ်လို့ အဘိုးရဲ့ကိုယ်ထဲမှာ အေးခဲတဲ့ အဆင့်မြင့်စွမ်းအင်တွေ ရောက်နေရတာလဲ”ဟု ဖန့်ကြွယ်ယွီက မေးသည်။

“ရှင်က အဆင့်မြင့်စွမ်းအင်ကို သိတာပဲလား။”

ပိုင်ယိုသည် ဖန့်ကြွယ်ယွီအား သာမန်သူဌေးသားတစ်ဦးဟုသာ ထင်ခဲ့မိသည်။ သူမတို့ ပိုင်မိသားစုကလည်း အလွန်ချမ်းသာကြသည်။ ဖန့်ကြွယ်ယွီက သူမတို့ထက်ချမ်းသာနေလျှင်တောင်မှ အထင်မကြီးပေ။ အကြောင်းရင်းမှာ ဖန့်ကြွယ်ယွီလို သာမန်လူမျိုးက ဘယ်လောက်ပဲချမ်းသာနေပါစေ သူမတို့လို သိုင်းပညာရှင်များကို မမှီနိုင်ပေ။

ခုတော့ သူမထင်ထားသလို ဖန့်ကြွယ်ယွီက မရိုးရှင်းပေ။

“ငါမေးတာပဲ အရင်ဖြေပါ”ဟု ဖန့်ကြွယ်ယွီက တုံ့ပြန်သည်။

“ငါ့အဘိုးက လွန်ခဲ့တဲ့ဆယ်နှစ်လောက်က မြောက်အမေရိကက အဆင့်မြင့်စွမ်းအင်အသုံးပြုသူတစ်ဦးနဲ့ တိုက်ခိုက်ခဲ့တယ်။ တစ်ဖက်လူက ရေခဲစွမ်းအားသုံးတာလေ။ အဘိုးက သူ့ကို ဒဏ်ရာရအောင်လုပ်နိုင်ခဲ့ပေမဲ့ သူ့ရဲ့ ရေခဲအစွမ်းက အဘိုးကိုယ်ထဲ ဝင်သွားခဲ့တာ။ ဒီနှစ်တွေမှာ သူ့ရောဂါသက်သာဖို့ ဆေးပဲပုံမှန်သောက်နေခဲ့ရတာ”

“ဒါပေမဲ့ ဒီနေ့တော့ ဆေးယူလာဖို့မေ့သွားတာ။ ငါ့အပြစ်တွေပါ”

“စိတ်အေးအေးထားပါ။ ပြသနာကိုသိတာဆိုတော့ အဖြေကိုရှာနိုင်မှာပါ”

“နည်းလမ်းတော့ရှိတယ်။ အဘိုးက အဆင့်မြင့်သိုင်းပညာအဆင့်မှာရောက်နေတာ။ သူက သိုင်းကျင့်ပြီး သူ့ရောဂါသက်သာအောင်လုပ်နေတာ။ ဒီရောဂါကို ကုဖို့ဆို အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးကိုထပ်လိုနေတာ။ အခုချိန်မှာ ဘယ်နားမှာသွားရှာရမလဲ”

တရုတ်ပြည်မှာ မွေးရာပါသိုင်းပါရမီရှင်များက လက်ချိုးရေတွက်လို့ရအောင် နည်းပါးသည်။ အဆင့်မြင့်နှင့် အလယ်အလတ်အဆင့်သိုင်းပညာရှင်များကိုသာ အများဆုံးတွေ့ဖူးကြသည်။

“ရှောင်းရီ သိုင်းပညာအရဆို ငါ့ အတွင်းအားက ဘယ်အဆင့်မှာရှိနေပြီလဲ”

“ခွန်အားအရဆိုရင်တော့ အခြေခံအဆင့်ပေါ့။ ဒါပေမဲ့ ပိုင်ရှင်ရဲ့ အတွင်းအားက မြင့်တာမို့ အဆင့်မြင့်သိုင်းပညာအဆင့်လောက်တော့ရှိမယ်ထင်တယ်”

“အာ့ဆိုအဆင်ပြေပြီ”

ဖန့်ကြွယ်ယွီက ပိုင်ယုဟိုင်ကိုမ, လိုက်သည်။

“ရှင်ဘာလုပ်နေတာလဲ”

“ငါဘာလုပ်နေတယ်လို့မင်းထင်လဲ။ မင်းပြောတော့ သူ့ရောဂါကိုကုဖို့ အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးလိုတယ်ဆို။ အဲ့တာ ငါပဲလေ”

All Chapters