← Chapters

ပိုင်မိသားစု မီးအဆောင်အင်း

Vol. 2 Ch. 108

ပိုင်မိသားစု မီးအဆောင်အင်း

Vol. 2 Ch. 108

"ဝေးဝေးဖယ်စမ်း...."

ကျန်းပင် ပြေးလွှားနေသော လမ်းမကြီးသည် လမ်းပြုပြင် နေသောကြောင့် လူသွားလူလာ သိပ်မရှိပေ။ ထို့ကြောင့် လမ်းလယ်ခေါင်၌ လူရိပ်တစ်ခု တွေ့လိုက်ရခြင်းက ကျန်းပင်အား ထိတ်လန့် သွားစေသည်။

သို့သော် သူက အရှိန်မလျော့ဘဲ အော်သာ အော်လိုက်သည်။ တဖြည်းဖြည်း ထိုလူရိပ်နှင့် ကျန်းပင် နီးကပ်လာသည်။

အတွင်းအား ပညာရှင် တစ်ယောက် အနေနှင့် ကျန်းပင်သည် ယုဝမ်ကျင်းအား သယ်ထားရသော်လည်း မယုံနိုင်စရာ အမြန်နှုန်းနှင့် ပြေးနိုင်နေသေးသည်။ သူက လမ်းလယ်ခေါင်ရှိ လူရိပ်အား ပိုင်မိသားစုမှ တစ်ယောက်ယောက် ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အနားသို့ ရောက်သွားတော့မှ ချန်းဖန် ဖြစ်နေကြောင်း သိလိုက်ရသည်။

"စိတ်ဝင်စားစရာပဲ သူက ဒီကို ဘာလာလုပ်နေတာလဲ...."

ကျန်းပင်တစ်ယောက်တည်း ဝေခွဲမရ ဖြစ်သွားသည်တော့ မဟုတ်။ ယုဝမ်ကျင်းသည်လည်း ချန်းဖန်အား မြင်လိုက်ရခြင်းကြောင့် အံ့အား သင့်သွားသည်။

ချန်းဖန်သည် မျက်မှောင် ကျုံ့လိုက်မိပြီး ကျန်းပင်တို့၏ အနောက်ဘက် အဝေးသို့ လှမ်းကြည့် လိုက်သည်။ လီရွှေရောင် မီးမျက်လုံးအား ရရှိပြီးချိန် ကတည်းက ချန်းဖန်၏ အမြင်အာရုံသည် အရင်ကထက် အဆပေါင်းများစွာ ကောင်းမွန်လာခဲ့သည်။ ၁၀ကီလိုမီတာ အဝေးမှ သေးငယ်သော လှုပ်ရှားမှုလေး တစ်ခုကပင် သူ၏ မျက်လုံးအောက်မှ မလွတ်နိုင်ပါ။

အဝေးတွင် လမ်းမတစ်လျှောက် အလွန် လျင်မြန်စွာ မောင်းနှင် လာနေ‌သော ဂျစ်ကား တစ်စီးအား ချန်းဖန် မြင်လိုက်ရသည်။

အချိန်ခဏ ကြာပြီးနောက် ကျန်းပင်သည်လည်း ထိုဂျစ်ကား လာနေသည်အား ခံစားမိသွားပုံ ပေါ်သည်။ အတွင်းအား ပညာရှင်တစ်ယောက် ဖြစ်သော်ငြား ကျန်းပင်အနေနှင့် ဂျစ်ကားထက်တော့ မြန်အောင် ပြေးနိုင်မည် မဟုတ်။ သူက အသက်ပြင်းပြင်း ရှူလိုက်ကာ ပြောသည်။

"ဝေးနိုင်သမျှ ဝေးဝေးကို သွားတော့ သူတို့လာနေပြီ ငါ အချိန် ဆွဲထားလိုက်မယ်"

ထို့နောက် ကျန်းပင်သည် ချန်းဖန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"မင်းက ယုဝမ်ကျင်းရဲ့ အတန်းဖော် မဟုတ်လား.... အခု တစ်ယောက်ယောက်က သူမကို အန္တရာယ် ပြုချင်နေတယ်။ ယုဝမ်ကျင်းကို ဒီကနေ ဝေးတဲ့ နေရာဆီ ခေါ်သွားပေးပါ အခုချက်ချင်း...."

ယုဝမ်ကျင်းက ကျန်းပင်အား ကြည့်သည်။ သူမ၏ ခံစားချက်များက ရှုပ်ထွေးလို့နေသည်။

သူမသည် ငယ်စဉ် ကတည်းက သူမဘဝအား ချုပ်နှောင် ထားခဲ့သော သခင်လေး ဆိုသည့် လူအား အမှန်ပင် မုန်းမိ၏။ သို့သော် အရေး ကြုံလာချိန်၌ သူမအား အသက်စွန့်၍ ကယ်တင်သော သူက သခင်လေး၏လူ ဖြစ်နေခဲ့သည်။

"သွားရအောင် ချန်းဖန်"

ယုဝမ်ကျင်းသည် မျက်ရည် မကျမိစေရန် အံ့ကြိတ်ရင်း ထွက်ပြေးကြရန် အလို့ငှာ ချန်းဖန်၏ လက်မောင်းအား ဆွဲလိုက်သည်။

"ပြေးရမယ်.... ဘာလို့လဲ...."

ချန်းဖန်သည် လမ်းလယ်ခေါင်၌ မတ်တတ် ရပ်နေဆဲ ဖြစ်ပြီး လုံးဝ မလှုပ်ပေ။

"မေးခွန်းတွေ မေးနေရမဲ့ အချိန်မ‌ဟုတ်ဘူး...."

ယုဝမ်ကျင်းသည် တည်ငြိမ် မနေနိုင်တော့ဘဲ အဆုတ် ကွဲမတတ် အော်လိုက်မိသည်။

"ငါ့နောက်မှာ လူတွေ အများကြီး လိုက်လာကြတယ်။ ဦးလေးကျန်းက ငါ့ကို အသက်စွန့်ပြီး ကယ်လာရတာ သွားရအောင် ငါတို့မှာ အချိန်အများကြီး မရှိဘူး"

"စိတ်မပူပါနဲ့ ငါဒီမှာ ရောက်နေပြီပဲ ငါနင့်ကို ကာကွယ် ပေးနိုင်ပါတယ်"

ချန်းဖန်က သူ၏ မူပိုင် နွေးထွေးသော အပြုံးတစ်ခုနှင့် ‌ပြောလိုက်သည်။

ချန်းဖန်သည် လက်ရှိ အခြေအနေအား အနည်းငယ်တော့ တီးမိခေါက်မိ နားလည်သွားပြီ ဖြစ်သည်။ ဦးလေးကျန်း ဆိုသူက ယုဝမ်ကျင်းအား ကာကွယ်ရန် တစ်စုံတစ်ယောက်မှ စေလွှတ်ထားခြင်း ဖြစ်နိုင်သည်။ သို့သော် အခြားသော လူတစ်စုကလည်း ယုဝမ်ကျင်းအား လိုချင်နေကြသည်။

"နင်...."

ယုဝမ်ကျင်းသည် ပြောရခက်သော ချန်းဖန်ကြောင့် သောက ရောက်စွာ အော်လိုက်မိသည်။

ကျန်းပင်သည်လည်း ချန်းဖန်၏ စကားများကြောင့် ဆွံ့အ သွားတာ ဖြစ်သည်။

မည်သူမဆို ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေ၌ ထွက်ပြေးရန်သာ ရွေးချယ်ကြမည် ဖြစ်သော်လည်း မိုက်မဲသော ထိုလူငယ်ကတော့ သူရဲကောင်း လုပ်တမ်း ကစားချင်နေပုံ ရသည်။

"မင်းရူးနေလား.... လိုက်လာတဲ့ သူတွေက သာမန် လူတွေ မဟုတ်ဘူးကွ.... အတွင်းအား ပညာကို လေ့ကျင့်ထားတဲ့ အဆင့်မြင့် လုပ်ကြံ သတ်ဖြတ်သူတွေ.... မင်းနားလည်လား...."

ကျန်းပင်က ပြင်းထန်စွာ အော်ငေါက် လိုက်သည်။

"‌ထားလိုက်တော့.... ယုဝမ်ကျင်း နင့်သူငယ်ချင်းက ရူးနေတာ သူ့ကို သေသေကျေကျေ ထားခဲ့ပြီး ပြေးတော့ "

"ဒါပေမဲ့..."

ယုဝမ်ကျင်းသည် မချင့်မရဲ ဖြစ်နေပြီး သူမ ပြောလိုသော စကားလုံးများက လည်ချောင်း အတွင်းမှ ထွက်မလာဘဲ အငွေ့ပျံသွားသည်။

သူမနှင့် ချန်းဖန်အကြားရှိ သံယောဇဉ်မှာ ကျန်းပင်ထက်ပင် ပို၍ ခိုင်မာပေသည်။ သူမတို့သည် တချိန်က အတန်းဖော်များ ဖြစ်ခဲ့ကြပြီး နှစ်ပေါင်းများစွာ ခင်မင်ခဲ့သည်။ ထို့ကြောင့် ချန်းဖန်အား သေသေကျေကျေ ပစ်မထားခဲ့နိုင်ပေ။

"မစိုးရိမ်ပါနဲ့ ရှောင်ကျင်း ငါနင့်ကို ကာကွယ်နိုင်တယ်လို့ ပြောပြီးပြီလေ သူတို့ နင့်ခေါင်းပေါ်က ဆံချည် တစ်မျှင်ကိုတောင် မထိနိုင်စေရဘူး"

ချန်းဖန်က တည်ငြိမ်စွာ ပြောသည်။ သူ၏ အမူအရာကလည်း ပကတိအတိုင်း မပြောင်းမလဲ ရှိနေသည်။

"ပြီးတော့လည်း အခုအချိန်မှ ထွက်ပြေးဖို့ဆို နောက်ကျ လွန်းနေပြီလို့ ထင်တယ်"

ယုဝမ်ကျင်းနှင့် ကျန်းပင်တို့လည်း အနောက်ဘက်သို့ လှည့်ကြည့် မိကြသည်တွင် အနက်ရောင် ဂျစ်ကားတစီးက အလွန် လျင်မြန်လှသော အရှိန်နှင့် ခပ်လှမ်းလှမ်းမှ လာနေသည်ကို မြင်လိုက်ရသည်။

"လာပါစေ... အလွန်ဆုံးမှ ငါသေရရုံပေါ့"

ယုဝမ်ကျင်း၏ နောက်ဆုံး မျှော်လင့်ချက်လေးမှာ ပျက်သုဉ်းသွားပြီး မဲ့ပြုံးတစ်ခုက သူမမျက်နှာပေါ်၌ ‌နေရာယူလာသည်။

ကျန်းပင်သည် ချန်းဖန်အား မျက်ထောင့်နီကြီးဖြင့် ကြည့်သည်။ ဖြစ်နိုင်လျှင် သူက အချိန်ဖြုန်းနေသော ထိုကောင်လေး၏ လည်ပင်းအား ရိုက်ချိုး ပစ်ချင်စိတ်များ တဖွားဖွား ပေါ်‌နေရ၏။ သေးငယ်သော အခွင့်အရေးလေး ဖြစ်လင့်ကစား ထိုအခွင့်အရေးအား အနှီကောင်လေးက ဖျက်ဆီးပစ်ခဲ့သည်။ ယခုမူ ကျန်းပင် တတ်နိုင်သမျှမှာ ယုဝမ်ကျင်းအား မထိခိုက်စေရန် အတတ်နိုင်ဆုံး ကာကွယ်ပေးပြီး လာမည့် တိုက်ပွဲအတွက် ပြင်ဆင် ထားရန်သာ ရှိတော့သည်။

သိပ်မကြာခင်တွင်ပဲ ဂျစ်ကားက ချန်းဖန်တို့ ရပ်နေရာ အနီး၌ ရပ်တန့် သွားသည်။

"ဘာလို့ ဆက်မပြေး ကြတာလဲ.... ကားနဲ့လူ အပြေးပြိုင်ပွဲလေး မလုပ်ချင်‌ တော့ဘူးလား...."

ပိုင်ဝူကျိသည် ကားအတွင်းမှ ထွက်လာပြီး လမ်းလယ်ခေါင်တွင် ရပ်နေသော လူသုံးယောက်အား ကြည့်ကာ ပြောသည်။

ထို့နောက်တွင် ကားအတွင်းမှ အခြားသော အတွင်းအား ပညာရှင်များလည်း ထွက်ပေါ်လာသည်။ ထိုထဲမှ တစ်ယောက်က မြွေဘွားဘွားအား သန်မာသော လက်များဖြင့် ချုပ်ကိုင်ထားသည်။

"ဘွားဘွား...."

ယုဝမ်ကျင်းက အော်လိုက်မိသည်။

သူမ အဘွားသည် တစ်ချိန်လုံး အမှန်တရားအား ဖုံးကွယ် ထားခဲ့သော်လည်း အနည်းဆုံးတော့ သူမ ငယ်စဉ်လေးတည်းက ကြည့်ရှု စောင့်ရှောက် ပေးခဲ့သူ ဖြစ်သည်။

"အဘွားကြီးက ကျုပ်ကို အရူး လုပ်ချင်သေးတယ် အစက အစိမ်းရောင် အငွေ့တွေကို အဆိပ်လို့ ထင်နေခဲ့တာ နောက်ဆုံးတော့ မင်းတို့ ထွက်ပြေးလို့ရအောင် လုပ်ပေးတဲ့ လှည့်စားမှုလေး ဖြစ်နေတယ် ဟမ့်.... တာအို အလယ်အလတ် ဆင့်မှာပဲ ရှိသေးတဲ့ သူ့လို အဘွားကြီး ‌မပြောနဲ့ မင်းတို့ သခင်လေး ဒီမှာ ရှိနေရင်တောင် အတွင်းအား ပညာရှင် သုံးယောက်ကို တစ်ပြိုင်နက်တည်း ရင်မဆိုင်နိုင်ဘူး"

"သခင်လေးနဲ့ မနှိုင်းနဲ့...."

ကျန်းပင်က ဒေါသထွက်စွာ အော်လိုက်သည်။

"ဟုတ်ပါတယ် ဟုတ်ပါတယ် ကျုပ်က မင်းရဲ့ သခင်လေးနဲ့ မယှဉ်နိုင်ပါဘူး။ မင်းသခင်‌လေးက တာအိုဆရာ အဆင့်ကို ရောက်နေပြီး ဓမ္မအဆင့်ကို ရောက်ဖို့အတွက် ခြေလှမ်း ဝက်လောက်ပဲ လိုတော့တယ် ငါက သူနဲ့ မယှဉ်နိုင်တာ ဝန်ခံပါတယ်"

ပိုင်ဝူကျိက ခေါင်းညိတ်ရင်း ရှားရှားပါးပါး ဝန်ခံလာသည်။

"ဒါပေမဲ့ ကျုပ်တို့အနေနဲ့ သူ့ကို တားဖို့ လိုတယ်။ အစွမ်းထက် နေပြီးသား မင်းရဲ့ သခင်လေးက ဒီမိန်းကလေးရဲ့ အကူအညီနဲ့ ဆိုရင် ပိုပြီး အစွမ်းထက် လာလိမ့်မယ်"

"သခင်လေး ဆိုတာက ဘယ်သူလဲ.... ခင်ဗျားတို့ကရော ဘယ်သူတွေလဲ...."

ရုတ်တရက် ချန်းဖန်က ဝင်မေးလိုက်သည်။

"မင်းက..."

ပိုင်ဝူကျိသည် ချန်းဖန်အား သတိထားမိသွားပြီး ကြည့်လိုက်သည်တွင် ယုဝမ်ကျင်းက ချန်းဖန်၏ လက်မောင်းအား ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ချန်းဖန်၏ ရုပ်ရည်အား သေချာ မြင်ရပြီးနောက် ပိုင်ဝူကျိက တစုံတရာကို နားလည်သွားဟန်ဖြင့် တဟားဟား အော်ရယ် လိုက်သည်။

"ဆိုတော့ မင်းက ဒီကလေးမရဲ့ ချစ်သူပေါ့လေ.... သခင်လေးလို အရမ်း စွမ်းအားကြီးတဲ့ သူက ဒီလိုမျိုး ကွယ်ရာမှာ သစ္စာဖောက် ခံရမယ်လို့ မထင်ခဲ့မိဘူး"

ပိုင်ဝူကျိနှင့် အခြားသော အတွင်းအား ပညာရှင် သုံးယောက်တို့က ယုဝမ်ကျင်းအား လှောင်ပြောင်လိုစွာ ကြည့်နေကြသည်။

"ပါးစပ်ပိတ်ထား...."

ကျန်းပင်သည် အလွန် ဒေါသ ထွက်သွားကာ အော်လိုက်သည်။ ကျန်းပင်၏ စိတ်ထဲတွင် သူ့သခင်လေး၏ တည်ရှိမှုမှာ နတ်ဘုရား တစ်ပါးအလား ဖြစ်ရာ အခြားသူများက သခင်လေးအား သရော်နေကြခြင်း အပေါ် သူက မည်သို့ သည်းခံ နိုင်ပါမည်နည်း။

ကျန်းပင်သည် တစ်ချက် မာန်သွင်းလိုက်ပြီး ပိုင်ဝူကျိထံသို့ ပြေးဝင်သွသည်။ ဆယ်စုနှစ် တစ်ခုစာခန့် ကျင့်ကြံခဲ့သော အတွင်းအား ပညာရှင် တစ်ယောက် အနေနှင့် ကျန်းပင်၏ တိုက်ခိုက်မှုသည် သစ်ပင်ကြီး တပင်ကိုပင် လှဲဖြိုနိုင်သည် အထိ ပြင်းထန်ပေသည်။

"သေချင်နေတာပဲ"

ပိုင်ဝူကျိသည် ကျန်းပင်၏ တိုက်ခိုက်မှုအား အရေးတယူ ရှိပုံမရ။ ပြက်ရယ် ပြုလိုက်ပြီး စက္ကူ အင်းစာရွက် တစ်ခုအား ထုတ်ယူလိုက်သည်။

ပိုင်ဝူကျိက ထိုအင်း စာရွက်အား လေထဲ၌ ဝှေ့ယမ်းလိုက်သည်တွင် စာရွက်က မီးတောက် တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မီးတောက်လေးမှသည် မီးဘောလုံးတစ်ခု အဖြစ်သို့ တဖြည်းဖြည်း ကြီးထွား လာသည်။ ပိုင်ဝူကျိသည် ကျန်းပင်အား လက်ညှိုးဖြင့် ညွှန်လိုက်သည်တွင် ထိုမီး‌ ဘောလုံးကြီးက ကျန်းပင်ထံသို့ အရှိန်နှင့် ပြေးဝင်သွားသည်။

ကျန်းပင်သည် သတိကြီးကြီး ထားနေသောကြောင့် မီးဘောလုံးအား ရှောင်တိမ်းလိုက်ရာ ပွတ်ကာသီကာ ရှောင်လိုက်နိုင်ပြီး မီးဘောလုံးက သစ်ပင်ကြီး တစ်ပင်အား ထိမှန်သွားသည်။

"ဗုန်း...."

ဆယ်မီတာ မြင့်သော သစ်ပင်ကြီးသည် မီးစွဲလောင် သွားပြီး မျက်စိတစ်မှိတ်အတွင်း မီးကျွမ်းသွားသော တိုင်လုံး မည်းမည်းကြီး အဖြစ် ပြောင်းလဲသွားသည်။

"သေစမ်း...."

ချွေးအေးများက ကျန်းပင်၏ ကျောနောက်တွင် စိုစွတ်လာပြီး ကျိန်ဆဲ လိုက်မိသည်။ ထိုသို့သော စွမ်းအား...။ သူက နောက်တစ်ကြိမ် တိုက်ခိုက်ရန် မဝံ့ရဲတော့ပေ။ မီးဘောလုံး၏ စွမ်းအားကား ကြောက်မက်ဖွယ် ကောင်းလှသည်။ အကယ်၍ ထိုမီးဘောလုံးသာ သူ့အား ထိမှန်ခဲ့ပါက ချက်ချင်းပင် ပြာပုံ အဖြစ်သို့ ပြောင်းလဲ သွားရပေမည်။

"ဒ‌ီလို စွမ်းအားမျိုးနဲ့... ပိုင်မိသားစုက ကျော်ကြား ထိုက်ပါပေတယ်"

မြွေဘွားဘွားက တီးတိုး ရေရွတ်မိသည်။

"ဟား...ဟား... ဒါက မင်းတို့ သခင်လေးရဲ့ ဝိညာဉ်တွေကို ဆင့်ခေါ်နိုင်တဲ့ အစွမ်းနဲ့ယှဉ်ရင် ဘာမှ မဟုတ်သေးပါဘူး"

ပိုင်ဝူကျိက နှိမ့်ချစွာ ပြောသော်လည်း သူ၏ မျက်လုံးများကမူ စကားနှင့် ဆန့်ကျင်စွာ မာနရောင် တဖိတ်ဖိတ် တောက်လျက်ရှိသည်။

"ဟုတ်တာပေါ့ သခင်လေးက ဝိညာဉ်ရာပေါင်း များစွာကို တစ်ပြိုင်နက် ဆင့်ခေါ် တိုက်ခိုက်နိုင်တယ် ရှင်တို့ ပိုင်မိသားစုရဲ့ လှည့်ကွက်လေးတွေက သခင်လေးရဲ့ အစွမ်းနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ"

မြွေဘွားဘွားက ပြောသည်။

ပိုင်ဝူကျိ၏ မျက်နှာက ခက်ထန်သွားပြီး ပြန်လည် ‌ချေပလိုက်သည်။

"အဘွားကြီးက ပါးစပ်ပိတ် မနေနိုင်သေးဘူး ကောင်းပြီလေ မင်းတို့ သိပ်အားကိုးတဲ့ သခင်လေး အခုဘယ်မှာလဲ...."

ထို့နောက် ပိုင်ဝူကျိသည် ယုဝမ်ကျင်းအား လှမ်းကြည့်ကာ ပြောလိုက်သည်။

"ကလေးမလေး... ငါတို့နဲ့ အသာတကြည် လိုက်ခဲ့၊ မဟုတ်ရင် မင်းရဲ့အဘွားက မင်းမျက်စိ ရှေ့မှာပဲ သေရလိမ့်မယ်"

မိသားစုခြောက်စု မဟာမိတ် အဖွဲ့တွင် ယုဝမ်ကျင်း၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများအား အသုံးချရန် နည်းလမ်း မရှိသော်လည်း သခင်လေးအား ပေးလိုက်ရန်က နှမြောစရာ ကောင်းလွန်း လှသည်။

၎င်းတို့ ကြံစည်ထားသည်မှာ ယုဝမ်ကျင်းအား လက်သပ် မွေးထားပြီး သူမ၏ ကျင့်ကြံခြင်းအား လမ်းညွှန်ပေးရန် ဖြစ်သည်။ သန့်စင်သော ယင်ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသူ တစ်ယောက် အနေနှင့် ယုဝမ်ကျင်းသည် နောက်နှစ်ပေါင်း နှစ်ဆယ်ခန့်အတွင်း တရုတ်ပြည် အနောက် တောင်ပိုင်း၌ အစွမ်းအထက်ဆုံး ကျင့်ကြံသူ တစ်ယောက် ဖြစ်လာနိုင်ပေသည်။

ထိုသို့အတွေးနှင့် ပိုင်ဝူကျိသည် မြွေဘွားဘွားအား မသတ်ခဲ့ဘဲ ယုဝမ်ကျင်းနှင့် လဲလှယ်ရန် ကြံစည်ထားတာ ဖြစ်သည်။

"ကောင်းပြီလေ ဘွားဘွားကိုသာ မနာကျင်ပါစေနဲ့ ကျွန်မ ရှင်တို့နဲ့ လိုက်ခဲ့မယ်"

ယုဝမ်ကျင်းသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသော ခန္ဓာကိုယ်အား တည်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူလိုက်သည်။

ကျန်းပင် ကိုယ်တိုင်ပင် ဘာမှ မတတ် နိုင်တော့သည်ကို ကြည့်ရင်း မြွေဘွားဘွားလည်း ခေါင်းငုံ့ကာ သက်ပြင်းချမိသည်။

အားလုံး ပြီးဆုံး သွားခဲ့ပြီ။

ပိုင်ဝူကျိသည် သူ၏ အကြံအစည် အောင်မြင်ပြီဟု တွေးကာ အလွန် ကျေနပ် နေချိန်၌ တည်ငြိမ်သော အသံတစ်သံအား ကြားလိုက်ရသည်။

"‌ရှောင်ကျင်းကို ‌ခေါ်သွားမယ် ဆိုရင် ကျွန်တော့်ဆီက ခွင့်ပြုချက် တောင်းပြီးပြီလား...."

လူတိုင်းက အသံလာရာသို့ ကြည့်မိကြသည်တွင် ယုဝမ်ကျင်း၏ ချစ်သူဟု ထင်ရသော ကောင်‌လေးအား တွေ့လိုက်ကြရသည်။

***

All Chapters