← Chapters

ငါကဆေးဖော်စပ်တဲ့အတန်းကိုတက်တော့မယ်

Vol. 15 Ch. 196

ငါကဆေးဖော်စပ်တဲ့အတန်းကိုတက်တော့မယ်

Vol. 15 Ch. 196

“ရှင်က အဆင့်မြင့်သိုင်းပညာရှင်လား။ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”

ပိုင်ယိုက သူပြောတာကို မယုံသင်္ကာဖြစ်နေသည်။

ရှေးသိုင်းပညာကျင့်ကြံခြင်းက အလွန်ခက်ခဲလှသည်။ အခြေခံအဆင့်မှ အလယ်အလတ်အဆင့်ထိရောက်ဖို့ဆိုတာ ထူးချွန်သည့်ပါရမီရှင်တစ်ဦးအတွက်တောင်မှ ဆယ်နှစ်လောက်အချိန်ယူရသည်။ အလယ်အလတ်အဆင့်မှ အဆင့်မြင့်အနေအထားထိ ရောက်ရန် နှစ်သုံးဆယ်လောက်ကြာသည်။ ထို့ကြောင့် လူတစ်ဦးသည် အသက် ၄၀၊၅၀ အရွယ်ရောက်မှအဆင့်မြင့် သိုင်းပညာရှင်တစ်ဦးဖြစ်နိုင်သည်။

ပိုင်ယိုက ငါးနှစ်သမီးအရွယ်ကတည်းက သိုင်းပညာကို လေ့လာခဲ့သည်။ ယခုအခါသူမသည် အလယ်အလတ်အဆင့်ကို ရောက်ခါစဖြစ်နေသည်။ သူမကထူးချွန်သော်လည်း အဆင့်မြင့်အနေအထားထိ တက်လှမ်းနိုင်ဖို့ အနည်းဆုံး နှစ်(၂၀) လိုပေဦးမည်။ ဖန့်ကြွယ်ယွီလို အသက် (၂၀)အရွယ်ကောင်လေးက အဆင့်မြင့်အဆင့်မှာရှိနေသည်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။

“ဘာလဲ မင်းက မယုံဘူးလား”

ဖန့်ကြွယ်ယွီက ဒေါသထွက်ပြီး သူမကိုစိုက်ကြည့်သည်။စိတ်တန်ခိုးကြောင့် သူမ၏ ရင်ဘတ်နားက စူးခနဲအောင့်လာသည်။

“အင်း ရှင်ပြောတာဟုတ်သားပဲ”

ပိုင်ယိုကအလယ်အလတ်အဆင့်မှာရှိနေတာမို့ ထိုအစွမ်းမျိုးကို အဆင့်မြင့်သိုင်းပညာရှင်ကသာ သူမအပေါ်လုပ်ဆောင်နိုင်သည်။ ဖန့်ကြွယ်ယွီအပေါ် ယခင်ကထားရှိခဲ့သော သံသယစိတ်များလည်း ချက်ချင်းပျောက်ကုန်သည်။

ဖန့်ကြွယ်ယွီ၏ အစွမ်းက သူမထက်သာလွန်သည်။ အသက် (၂၀) အရွယ်အဆင့်မြင့်သိုင်းပညာရှင်ဆိုသူအား တစ်ခါမှ မကြားဖူးပေ။ သူမဘဝမှ မည်သည့်မိသားစုမှ ထိုပါရမီရှင်မျိုး မွေးထုတ်ပေးနိုင်သည်ဟုမကြားဖူးပေ။

“ခုနက မချေမငံပြောဆိုမိတာတွေအတွက် တောင်းပန်ပါတယ်။ ကျွန်မအဘိုးကိုကယ်ပေးပါရှင်”

“ငါက မိန်းကလေးတစ်ယောက်အပေါ် အငြိုးမကြီးပါဘူး။ ငါနဲ့ အဘိုးပိုင်က သိတာကြာပြီ။ သူနဲ့ မသိနေဦးတော့ သူဒီလိုဖြစ်နေတာကို ငါလက်ပိုက်မကြည့်နေနိုင်ပါဘူး”

နတ်ဘုရားအကယ်ဒမီက တည်ထောင်တာမကြာသေးသော်လည်း ဖန့်ကြွယ်ယွီက အတန်းစတက်နေပြီဖြစ်သည်။ အခြေခံဘာသာရပ်များဖြစ်လင့်ကစား ဒီအချိန်မှာတော့ အတော်လေး အသုံးဝင်သည်။

“အတွင်းအားနှင့်ပတ်သက်သည့်သင်တန်း”သည် အခြေခံဘာသာရပ်တစ်ခုဖြစ်သည်။ထိုဘာသာရပ်ကို သင်ကြာပေးသူက ဆရာ ကျန်းစန်းဖုန့် ဖြစ်သည်။

ဖန့်ဟွိုက်က ဆရာတစ်ဦးချင်းစီ၏ အရည်အချင်းကို သေသေချာချာ သတ်မှတ်ပေးခဲ့သည်။ကျန်းစန်းဖုန့်က စွမ်းအားရှင်ကျမ်းစဉ်ကို မလေ့ကျင့်ထားသော်လည်း သူက အတွင်းအားလေ့ကျင့်ခြင်းဖြင့် ပြိုင်ဘက်ကင်းအဆင့် ကို တက်လှမ်းခဲ့သည်။ ထိုအဆင့်သည် အလယ်အလတ် လျှို့ဝှက်စွမ်းအားရှင်နှင့် ညီမျှပေသည်။

ထို့ကြောင့် ကျန်းစန်းဖုန့်သည် အတွင်းအားနှင့် ပတ်သက်ပြီး နားလည်သည်။ အတန်းအနည်းငယ်သာတက်ထားသော်ငြား ရှောင်းရီ၏ အကူအညီနှင့် သူ၏နားလည်နိုင်စွမ်းကြောင့် သိုင်းပညာကိုနှစ်ပေါင်းများစွာလေ့ကျင့်လာသော ဝါရင့်ပညာရှင်တစ်ဦးနီးပါးဖြစ်နေသည်။

ဖန့်ကြွယ်ယွီသည် ပိုင်ယုဟိုင်၏ ခန္ဓာကိုယ်ထဲကို အတွင်းအားများ လွှဲပေးလိုက်သည်။ ရုတ်တရက်ဆိုသလို အေးခဲစွမ်းအင်များက သူ့ကိုတိုက်ခိုက်ပြီး ပိုင်ယုဟိုင်၏ ကိုယ်အတွင်းရှိအတွင်းအားများသည်လည်း ကပြောင်းကပြန်ဖြစ်ကုန်ကြသည်။

“ကျစ်..ဒီစွမ်းအင်က ငါ့ကိုယ်ထဲဝင်ဖို့ ကြိုးစားနေတာပါလား”

ဖန့်ကြွယ်ယွီက အတွင်းအားကို ပိုမြှင့်ပြီး အေးခဲစွမ်းအင်နှင့် ပိုင်ယုဟိုင်ကိုယ်အတွင်းရှိစွမ်းအင်များကို ဖြည်းဖြည်းချင်း ဖိနှပ်သည်။ စွမ်းအင်အချင်းချင်း တိုက်ခိုက်မှုကြောင့် ပျက်စီးရသော ကိုယ်တွင်းအင်္ဂါများကို ကုသပေးသည်။

တခဏအကြာမှာ ပိုင်ယုဟိုင်၏ ကိုယ်အပူချိန်က တဖြည်းဖြည်းပြန်တက်လာပြီး သွေးမရှိသလို ဖြူဖျော့နေသော မျက်နှာသည်လည်း နဂိုပုံစံပြန်ဖြစ်လာသည်။

ထိုအရာကိုမြင်တော့မှ ပိုင်ယိုသည် ပြုံးနိုင်တော့သည်။ ပိုင်ယုဟိုင်၏ ဒဏ်ရာများကိုယာယီကုသပေးနိုင် ခဲ့ပြီဖြစ်သည်။

“ဟုတ်ပြီ မင်းအဘိုးသက်သာလာပြီ။ သူ့ကိုဘေးနားက ခုံမှာခဏ နားခိုင်းလိုက်”

အခုမှပဲ ဖန့်ကြွယ်ယွီလည်း သက်ပြင်းချနိုင်တော့သည်။

ထိုအေးခဲစွမ်းအင်သည် Aအဆင့် သို့ ထူးကဲစွမ်းအင်အင်အသုံးပြုသူတစ်ဦးထံမှ ရတာဖြစ်မည်။

“ကျေးဇူးပါရှင်။ ရှင်သာ မကူညီရင် ကျွန်မဘာလုပ်လို့ လုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး”

“ရပါတယ်။ ဒါပေမဲ့ ခင်ဗျားအဘိုးရောဂါက အရှင်းပျောက်သေးတာမဟုတ်ဘူး။သူ့ကိုယ်ထဲက အေးခဲစွမ်းအင်ကို လုံးဝအမြစ်ပြတ်အောင် မဖယ်ရှားနိုင်ရင် တစ်ချိန်ချိန်မှာ ဒီလိုမျိုး ထပ်ပြီးဖြစ်နေဦးမှာပဲ”

“ဒီတစ်ကြိမ်က ငါက ဘေးနားမှာရှိနေလို့ ကူညီနိုင်တာမလား။ နောက်တစ်ကြိမ်ဘယ်တော့ထပ်ဖြစ်မလဲဆိုတာ ဘယ်သူမှ သိတာမဟုတ်ဘူး”

ပိုင်ယုဟိုင်က အသက်ကြီးသူမို့ လူငယ်တွေလို ခံနိုင်ရည်သိပ်မရှိပေ။နောက်တစ်ကြိမ်ထပ်ဖြစ်ပါက အခြေအနေပိုဆိုးဖို့သာရှိတော့သည်။

“ဒါပေမဲ့ ဘယ်လိုကုရမယ်မှန်းကျွန်မတို့လည်းမသိဘူးလေ”

သူတို့မိသားစုအနေအထားနှင့် မွေးရာပါသိုင်းပါရမီရှင်ကို အကူအညီတောင်းဖို့မဖြစ်နိုင်ပေ။ သူတို့က ဆေးဖော်စပ်သူတစ်ဦးကို သီးသန့်ငှါးပြီး ထိုရောဂါအတွက် ဆေးပြင်ထားခိုင်းရသည်။

“ရှောင်းရီ မင်းမှာနည်းလမ်းလေးဘာလေးမရှိဘူးလား”

“အများကြီးရှိတာပေါ့။ ဘယ်တစ်ခုကိုအသုံးပြုချင်လဲ ရွေးရမှာ”

“နောက်ခြောက်လဆို ပိုင်ရှင်က လျှို့ဝှက်စွမ်းအားရှင်ဖြစ်လာမှာ။ အဲ့အချိန်ကျရင် ဒီကိစ္စကို အလွယ်လေးဖြေရှင်းနိုင်ပြီ။ ပိုင်ရှင်ရဲ့ ဘိုးဘေးတွေ ချန်ထားရစ်ခဲ့တဲ့ဆေးတွေကလည်း သူ့ဒဏ်ရာကို ကုနိုင်တယ်လေ”

ရှောင်းရီက ခဏစဉ်းစားပြီး

“သူ့ဒဏ်ရာကိုကုဖို့ ဆေးကို ထုတ်သုံးတာက နှမြောစရာကြီး။ နတ်ဘုရားအကယ်ဒမီကိုသွားပြီး ယောင်ချန်းကို မေးကြည့်ပါလား။ ဆေးဖော်စပ်နည်းအတန်းကဆရာလေ။ သူကတော့ ကူညီပေးနိုင်မယ်ထင်တယ်။ အဲ့အတန်းမှာ ရက်အနည်းငယ်တက်ရုံနဲ့ သူ့ဒဏ်ရာကို ကုသနိုင်မဲ့ဆေး ဖော်စပ်နိုင်လိမ့်မယ်”

“ဟုတ်တယ်။ ဒီအကြံမဆိုးဘူး။ ငါ ဒီသင်တန်းကိုတက်ပြီးတာနဲ့ နောက်ပိုင်းမှာ ဆေးပြတ်သွားမှာကို ပူစရာမလိုတော့ဘူး”

ဖန့်ကြွယ်ယွီစိတ်ထဲ ဆေးဖော်နည်းသင်တန်းတက်ချင်စိတ်များ တဖွားဖွားပေါ်လာသည်။

သင်တန်းမှာသင်ကြားပေးသော ဆရာယောင်ချန်းကလည်း ဆေးဖော်နည်းနှင့် ပတ်သက်ပါက ဆရာတစ်ဆူဖြစ်သည်။

ခဏနေတော့ ပိုင်ယုဟိုင် နိုးထလာသည်။

“ဘိုးဘိုး”

ပိုင်ယိုသည် ပိုင်ယုဟိုင်ကို ဆွဲထူလိုက်သည်။

“ဟမ် ငါဘယ်လိုလုပ်ပြီး သက်သာသွားပါလိမ့်”

“ဘိုးဘိုး..ဖန့်ကြွယ်ယွီကျေးဇူးကြောင့် အဘိုးသက်သာလာတာ။ သူက သူ့အတွင်းအားကို သုံးပြီး

အဘိုးကိုကုပေးလိုက်တာ”

ပိုင်ယုဟိုင်က အံ့အားသင့်သွားရသည်။ ဒီအသက်ဒီအရွယ်နှင့် ထူးချွန်ပြောင်မြောက်သော အစွမ်းအစရှိသူကို သူ့တစ်သက် အခုမှသာမြင်ဖူးသည်။

“သားလေးဖန့်..အဘိုးအသက်ကိုကယ်ပေးလို့ကျေးဇူးတင်ပါတယ်။ အဘိုးမှာ သားပေးတဲ့အသက်ပဲရှိပါတော့တယ်”

“ရပါတယ်ဗျ။ ဒါနဲ့ အဘိုးကိုယ်ထဲမှာ ဘာလို့အေးခဲစွမ်းအင်တွေရောက်နေရတာလဲ”

“လွန်ခဲ့တဲ့ဆယ်နှစ်ကပေါ့ကွာ။ မြောက်အမေရိကတိုက်က အဆင့်မြင့် စွမ်းအင်သုံးစွဲတဲ့ လူအုပ်စုက တရုတ်ပြည်က အရေးကြီးစာရွက်စာတမ်းတွေကို ခိုးယူချင်တာ။ ငါတို့အချင်းချင်း ထိတွေ့မှုဖြစ်ပြီး အပြန်အလှန်ချကြတာပေါ့၊ နှစ်ဘက်လုံးလည်း အထိနာခဲ့ပါတယ်”

၂၁ရာစုမှာ လူတိုင်းလိုလိုက တရုတ်ပြည်ကို ဦးတည်ပြီးတိုက်ခိုက်လိုကြသည်။ အဲ့ဖြစ်ရပ်တုန်းက ဖန့်မိသားစုသာ ဝင်ပါခဲ့လျှင် မြောက်အမေရိကတိုက်က စွမ်းအားရှင်များလည်း တစ်ဦးမှရှင်လျက်နှင့် ပြန်နိုင်ကြမည် မဟုတ်ပေ။

“ဒါပေမဲ့ အဘိုးပိုင်..ဒဏ်ရာတွေက ခဏပဲသက်သာမှာ။ ခုလက်ရှိ အဘိုးကိုကုပေးနေတဲ့ ဆရာဝန်က သိပ်ပြီးတော့ အရည်အချင်းရှိတဲ့ပုံ မပေါ်ဘူး။အဘိုးသောက်နေတဲ့ဆေးတွေက ရောဂါလက္ခဏာကိုပဲ ကုပေးတာ။ အရှင်းပျောက်အောင် မကုပေးနိုင်ဘူး။ ဆိုတော့ သိပ်မကြာခင်မှာ ဒီလိုမျိုးပြန်ဖြစ်ဦးမှာပဲ”

“ဖန့်..လက်လွယ်စပယ်မပြောလိုက်ပါနဲ့”

ပိုင်ယုဟိုင်ကိုကုပေးနေသော ဆေးပညာရှင်က တရုတ်မှာနာမည်ကြီးတစ်ဦးဖြစ်သည်။ ထိုသူကို အရည်အချင်းမရှိဘူးဟု ဖန့်ကြွယ်ယွီ၏ မှတ်ချက်က သူ့ကိုစော်ကားရာကျနေသည်။

“ကျွန်တော်က အမှန်ကိုပြောတာပါ”

“ကျွန်တော်ဆေးဖော်စပ်တဲ့အတန်းကိုတက်တော့မှာ။ အဲ့အတန်းတက်ပြီးရင် အဘိုးရောဂါကို ပျောက်အောင်ကုပေးမယ်လို့ ကတိပေးတယ်”

ထိုသို့ပြောပြီး ဖန့်ကြွယ်ယွီလည်း အားကောကို ခေါ်ကာ ပြန်လာခဲ့သည်။

ပိုင်ယုဟိုင်တို့ မြေးအဘိုးလည်း တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။

သူက ဆေးဖော်စပ်တဲ့အတန်းကိုတက်တော့မယ် ဟုတ်လား..

ဆေးဝါးပညာရှင်ဖြစ်ဖို့လွယ်တယ်များထင်နေလား…

တရုတ်ပြည်တစ်ခွင်မှာ ဆေးဝါးပညာရှင် သုံးဦးပဲရှိတာ…

အဆင့်မြင့် ဆေးဝါးပညာရှင်ဆိုတာ ရှာမှရှားပဲ…

အကယ်၍ ဖန့်ကြွယ်ယွီကသာ ရက်ပိုင်းအတွင်း တတ်မြောက်အောင်သင်နိုင်မည်ဆိုပါက အချိန်များစွာစိုက်ထုတ် ပြီး သင်ကြားခဲ့ရသော ထိုသူများ၏ အရည်အချင်းက မြောင်းထဲရောက်ပေတော့မည်။

All Chapters