← Chapters

ခွေးကိုကျွေးတာ ဘာဆန်းလို့လဲ

Vol. 15 Ch. 198

ခွေးကိုကျွေးတာ ဘာဆန်းလို့လဲ

Vol. 15 Ch. 198

ဖန့်ကြွယ်ယွီက နတ်ဘုရားအကယ်ဒမီမှာ အချိန်ကုန်ဆုံးသော်ငြား နေ့တိုင်းလိုလို ခွေးကျောင်းထွက်သည်။ တွေ့နေကျနေရာမှာ ပိုင်ယုဟိုင်ကို မတွေ့ပေ။ ပိုင်ယုဟိုင်က နေမကောင်းသဖြင့် အပြင်မထွက်တာဖြစ်ပုံရသည်။

ပိုင်ယုဟိုင်၏ အိမ်က သူ့အိမ်နှင့် သိပ်မဝေးပေ။ ဖန့်ကြွယ်ယွီက သူ့အိမ်ကိုလိုက်သွားသောအခါ သူ့ကိုမတွေ့ရဘဲ အိမ်အကူကိုသာ တွေ့ရသည်။

အိမ်အကူကိုမေးကြည့်သောအခါ ပိုင်ယုဟိုင်၏ ကျန်းမာရေးအခြေအနေပိုဆိုးလာသဖြင့် ညတွင်းချင်း သူ့သားက လာခေါ်ပြီး အတော်ဆုံးသမားတော်နှင့် ကုသပေးနေကြောင်း ပြောသည်။

“အင်း သူဒီမှာမရှိဘူးဆိုတော့ ထားလိုက်ပါတော့။ ကြည့်ရတာ သူတို့က ငါ့စကားကိုမယုံတဲ့ပုံပဲ”

သူတို့က အကူအညီမတောင်းဘဲနှင့် သူ့ဘက်က အလွန်ကူညီပေးချင်သည့်ပုံစံဖြစ်နေသည်။

“ကဲ အားကောရေ ပြန်ကြမယ်”

“ဝုတ်”

သူ့စကားကို နားလည်သလိုလို အားကောက တုံ့ပြန်သည်။

သူက လှည့်ပြန်လာသည့်လမ်းတွင် ပိုင်ယိုနှင့် တိုးခဲ့သည်။ သူမ၏ ပုံက အလွန်စိတ်ပူနေသည့်ပုံပေါ်သည်။ပိုင်ယုဟိုင်က တစ်ခုခုဖြစ်နေပြန်ပြီလား။

“ရှင် ဒီမှာဘာလုပ်နေတာလဲ” သူ့ကို မြင်လိုက်ရသည့်အပေါ် ပိုင်ယိုလည်း အံ့အားသင့်ကုန်သည်။

ထိုနေ့က အိမ်ပြန်ရောက်သည့်အချိန်ထိ ပိုင်ယုဟိုင်၏ အခြေအနေက ပုံမှန်ပဲဖြစ်သည်။ သို့သော် အခြေအနေက တဖြေးဖြေးဆိုးလာမှန်း တစ်မိသားစုလုံး သတိထားမိကြသည်။ သူတို့က ဒီရောဂါကို အမြစ်ပြတ်မကုသနိုင်ပါက အန္တရာယ်ရှိလာနိုင်မည်။

သူ့ဖခင်ဖြစ်သူ ပိုင်ရွှမ်က တခြားမိသားစုတစ်ခုမှ သမားတော်တစ်ဦးကို ထိုက်သင့်သော အခကြေးငွေပေးပြီး ပိုင်ယုဟိုင်၏ ရောဂါကိုကုပေးရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော် ထိုသမားတော်က ပိုင်မိသားစု၏ ဆေးပညာအမွေခံပစ္စည်းကို လိုချင်ကြောင်းတောင်းဆိုခဲ့သည်။

ပိုင်မိသားစုသည် လွန်ခဲ့သော နှစ်များစွာက ကံကောင်းထောက်မစွာဖြင့် ဆေးဖော်စပ်သည့်အခါ သုံးသော ပစ္စည်းကိရိယာများကိုရရှိခဲ့သည်။ သမားတော်က ထိုသတင်းကိုကြားပြီး သူကူညီပေးသည့်အတွက် ထိုပစ္စည်းကို ပေးရမည်ဟု တောင်းဆိုခဲ့သည်။

ထိုပစ္စည်းက အမွေခံပစ္စည်းဖြစ်သောကြောင့် ပိုင်ယုဟိုင်က မပေးလိုပေ။ သို့သော် ပိုင်ရွှမ်၏ အတွေးက သူ့ဖခင်နှင့် မတူပေ။

သူတို့မျိုးရိုးမှာ ဆေးဖော်စပ်သည့်နည်းပညာကို အသုံးမပြုခဲ့သည်မှာကြာခဲ့ပြီဖြစ်သည်။ထို့ကြောင့် ဆေးဖော်စပ်သည့် ပစ္စည်းရှိသော်လည်း အသုံးမတည့်ပေ။

ယခုအချိန်မှာ ဆေးဝါးပညာရှင်များစွာရှိသော်လည်း ကျောင်းသားလက်ခံနှုန်းက အလွန်နည်းပါးသည်။

ဆေးဖော်စပ်သည့်ပညာကို တတ်မြောက်ရန် ခက်ခဲနေချိန်မှာ ပိုင်မိသားစုထံမှ ဆေးဝါးပညာရှင်ပေါ်ထွက်ဖို့ဆိုတာ မဖြစ်နိုင်ပေ

တစ်ရက်ကြာ ဆွေးနွေးပြီးနောက် ပိုင်ရွှမ်က သူ့အဖေကို မမေးဘဲ သမားတော်ကို ခေါ်လာခဲ့သည်။ ပိုင်ယုဟိုင်သည် ပိုင်မိသားစု၏ ခေါင်းဆောင်အဖြစ်မှ အနားယူပြီးနောက် ကျန်းနန်အိမ်ယာတွင်သာ အေးအေးဆေးဆေး အနားယူခဲ့သည်။

“ငါ ဆေးဖော်စပ်တဲ့ပညာကို သင်ပြီးပြီ။ ဒါကြောင့် အဘိုးပိုင်ကိုလာရှာပြီး သူ့ရောဂါကိုကုပေးမလို့။”

“ရှင်က ဆေးဖော်စပ်တဲ့ပညာကို နှစ်ရက်ထဲနဲ့ သင်ခဲ့တာဟုတ်လား။”

ပိုင်ယိုက ယုံရခက်နေသည်။ နှစ်ရက်ထဲနှင့် ဆေးပညာအကြောင်းသိဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဆေးပညာအကြောင်း သိဖို့မဆိုထားနှင့် အမျိုးမျိုးသော ဆေးဂုဏ်သတ္တိများကိုသိဖို့မလွယ်ကူပေ။ သမားတောင်တစ်ဦးအတွက်တောင်မှ အနှစ်နှစ်အလလ ကြိုးစားပြီးမှ ဆေးပညာအကြောင်းကျွမ်းကျင်နိုင်မည် မဟုတ်ပါလော။

“ဘာလဲ..မင်းက ငါ့ကိုမယုံဘူးလား”

“ငါ ဆေးဖော်စပ်တဲ့အတန်းတက်မယ်လို့ပြောခဲ့တယ်မဟုတ်လား။ ငါ့ဆရာနာမည်ကိုကြားလိုက်ရရင် မင်းအံ့ဩသွားလိမ့်မယ်”

“ဒါဆို ရှင့်ဆရာက ဘယ်သူလဲ”

သူ့ဆရာက အတော်ဆုံးသမားတော်ထဲမှ တစ်ဦးဖြစ်နေသည့်တိုင် သူ့ကို နှစ်ရက်ထဲနှင့် ဆေးပညာတတ်ကျွမ်းအောင် သင်ပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။

“ငါ့ဆရာက ဆေးပညာလောကမှာ ဆရာတစ်ဆူဖြစ်တဲ့ ဆရာယောင်ချန်း”

“ဘာ အကောင်းမှတ်လို့”သူမက ဖန့်ကြွယ်ယွီ၏ စကားကို အကောင်းမှတ်ပြီး နားထောင်နေမိသည်။

“ဘာတုန်း ငါ အတည်ပြောနေတာ…မင်းတို့အဘိုးကို ကူညီပေးပါမယ်လို့ပြောနေတာကို လက်မခံကြဘူး”

“နင် သောက်ရူးပဲ” ပိုင်ယိုက သူ့ကိုဆဲဆိုပြီး အိမ်ထဲကို တည့်တည့်မတ်မတ်ဝင်သွားသည်။

ခဏအကြာမှာ ပိုင်ယိုက လေးထောင့်ပုံဘူးတစ်ဘူးကိုင်ပြီးပြန်ထွက်လာသည်။

“ပိုင်ရှင်..သူကိုင်လာတာ ဆေးဖော်စပ်တဲ့နေရာမှာသုံးတဲ့ပစ္စည်းလေ”

“ဒါကိုမြင်ဖူးသလိုပဲ”

“ဟမ် ရှင်က မြင်ဖူးတယ်ပေါ့”

“ဒါက ကျွန်မတို့ ဘိုးဘေးတွေချန်ခဲ့တဲ့ ပစ္စည်း။ သူက ဒီကမ္ဘာမြေက မထွက်သွားခင် ကောင်လေးတစ်ယောက်ကို တပည့်အဖြစ်လက်ခံခဲ့တယ်။ ဒါပေမဲ့ သူက ခဏပဲ ပညာတွေသင်ပေးခဲ့တာပါ။ ပြီးတော့ ကောင်လေးကိုလည်း ပိုင် ဆိုတဲ့ မျိုးရိုးနာမည်ပေးခဲ့တာ”

“ဪ တိုက်ဆိုင်လိုက်တာ”

သူတို့မိသားစုက ပိုင်မိသားစုနှင့် အဆက်အစပ်ရှိခဲ့သည်။ ထို့ကြောင့် ပိုင်မိသားစု ဒုက္ခရောက်တာကို လက်ပိုက်မကြည့်နိုင်ပေ။ သူ့ဘိုးဘေး၏ တပည့်မိသားစုက သူ့အကူအညီကိုလိုအပ်နေသည်။

ဖန့်ကြွယ်ယွီက အိတ်ကပ်ထဲမှ ဆေးတစ်လုံးကို ထုတ်ပြီး “ဟေး ပိုင်ယို မင်း ဒီဆေးကိုသိလား”ဟု မေးသည်။

ထိုဆေးက ဝိတ်လျှော့သည့်အချိန်တွင် အစာစားချင်စိတ်မဖြစ်အောင် ထိန်းပေးနိုင်သော ဆေးဖြစ်သည်။

အားကောက အစားကြူးတာမို့ သာမန်အစားအစာလောက်နှင့် မတင်းတိမ်နိုင်ပေ။ ထို့ကြောင့် ဖန့်ကြွယ်ယွီက ထိုဆေးကို သူ့အား အမြဲကျွေးရသည်။

ဖန့်ကြွယ်ယွီ၏ လက်ထဲမှာရှိသော ဆေးလုံးကိုမြင်သောအခါ သူမ၏ အကြည့်များစူးရှလာသည်။

သူမက ဆေးဖော်သည့်ပညာကိုမသင်ဖူးသော်လည်း ထိုဆေးကိုမြင်ဖူးသည်။ ထိုဆေး၏ ပုံစံကိုကြည့်ခြင်းဖြင့် နာမည်ကြီးသမားတော်တစ်ဦးက ဖော်စပ်ပေးထားသည်မှာ သိသာထင်ရှားသည်။

“ဒါနဲ့ ဒီဆေးကို ရှင်ဘယ်ကရတာလဲ”

“ငါ ခိုးလာတာလေ”

သူက အကူအညီပေးဖို့လာခဲ့တာကို ပိုင်ယိုတို့က အသိအမှတ်မပြုကြပေ။ သူက လှည့်ထွက်ပြီး ထိုဆေးကို အားကော၏ ပါးစပ်ထဲထည့်ပေးလိုက်သည်။

“ဒီဆေးက ရှင့်ခွေးကိုတိုက်ဖို့လား” ပိုင်ယိုက သူ့ကို ကြည့်ပြီးဒေါသထွက်လာသည်။ ဒီလောက် စျေးကြီးသော ဆေးကို ခွေးကို တိုက်ပစ်ရသလား!!!

“ငါက မင်းမိသားစု ပိုက်ဆံတွေသုံးပြီး ကျွေးနေလို့လား။ မင်းတို့မိသားစုပိုင်တဲ့ ပစ္စည်းကိုသုံးပြီးဆေးဖော်နေလို့လား”

“ငါ့ဘာသာ ကြိုးစားပမ်းစား ဖော်စပ်ပြီး ရလာတဲ့ ပစ္စည်းကို ခွေးကိုကျွေးတာ ဘာဆန်းလို့လဲ”

All Chapters