ပေါင်းအိုးနဲ့ ဆေးဖော်တာ တစ်ခါမှ မကြားဖူးပေါင်
Vol. 15 Ch. 201
ပိုင်ရွှမ်က ကျောင်းသားကတ်ကို အတုလား အစစ်လားဆိုတာ ကွဲကွဲပြားပြားသိရန် သေချာစိုက်ကြည့်နေမိသည်။ သို့သော် အသက် ၂၀အရွယ်ကောင်လေးတစ်ဦးက အဆင့််မြင့်သိုင်းပညာရှင်တစ်ဦးဖြစ်ရုံသာမက ဆေးဖော်စပ်တတ်သည်မှာ အံ့အားသင့်စရာမကောင်းပေဖူးလား။
တရုတ်ပြည်မှာ သိုင်းပညာဂိုဏ်းများပေါင်းများစွာရှိသည်။ သို့သော် ထိုကဲ့သို့ လူငယ်ပါရမီရှင်မျိုးပေါ်ပေါက်ဖူးသည်ဆိုတာတစ်ခါမှ မကြားဖူးပေ။
“ဖန့်..ကြွယ်..ယွီ..ဒီနာမည်ကို ငါကြားဖူးနေပါတယ်”
“ဟာ အဲ့တာသူ..သူပဲ”ဖန့်ကြွယ်ယွီကို ငယ်ငယ်ရွယ်ရွယ်သာမန်သူဌေးသားတစ်ဦးဟုသာမြင်ခဲ့သည်။ ဤမျှလောက် အရည်အချင်းရှိနေမည်ဟု မတွေးဖူးပေ။
“ဟုတ်ပါပြီ..ကျွန်တော့်အကြောင်းပြောဖို့အချိန်မရှိဘူးလေ။ ဆေးဖော်တာမြန်မြန်ပြီးမှရမယ်။ကျွန်တော့်မှာ လုပ်စရာအလုပ်တွေရှိသေးတာ”
သူ့ကို သိုင်းပညာသင်ကြားပေးမည့် ဆရာ ချိုးပိုင်နှင့် ချိန်းထားသဖြင့် နောက်ကျလို့မရပေ။
“မစ္စတာဖန့် ဆေးတကယ်ဖော်စပ်တတ်ရဲ့လား ခင်ဗျာ”
“ဆေးဖော်တာများ ဘာခက်လို့လဲဗျာ”
သူ့ကို ဆေးဖက်ဝင်အပင်များအကြောင်း ကူရှင်းပြပေးနိုင်မည့် ရှောင်းရီနှင့် ဆေးပညာထိပ်တန်းသမားတော်ကြီး ယောင်ချန်း၏ ပညာနှင့်ဆို သူ့အတွက် ဆေးဖော်စပ်ခြင်းက မခက်ခဲပေ
“ကျွန်တော့်ဆရာနဲ့နှစ်ရက်ကျော်ကျော်လောက်ပဲ လေ့ကျင့်ခဲ့ရတယ်ဆိုပေမဲ့ ပထမအဆင့်ဆေးလောက်ကို မျက်စိမှိတ်ပြီး ဖော်နိုင်တယ်”
ဖန့်ကြွယ်ယွီက ခြံထဲမှာရှိနေသောဆေးဖက်ဝင်အပင်များကို တစ်ချက်လှမ်းကြည့်သည်။ အဘိုးပိုင်အတွက် လိုအပ်သော ဆေးဖော်ရန် လုံလောက်သော ကုန်ကြမ်းပစ္စည်းများမရှိနေပေ။
သို့သော် ဂျင်ဆင်းနှင့် လင်ဇီးမှိုရှိနေတာမို့ မီးတောက်ဆေးလုံးကိုတော့ ဖော်နိုင်မည်။
မီးတောက်ဆေးသည် အပူကိုအခြေခံသော ဆေးတစ်မျိုးဖြစ်ပြီး အအေးမိဖျားနာခြင်းများကိုကုသနိုင်တာမို့ အဘိုးပိုင်ကိုယ်ထဲက အေးခဲစွမ်းအင်များကိုဖယ်ရှားပေးနိုင်သည်။
“နှစ်ရက်ကျော်ဟုတ်လား”
ပိုင်ရွှမ်ရော ဟူရင်ရော သူ့ကိုအထင်သေးသည့်အကြည့်ဖြင့် ကြည့်လိုက်ကြသည်။ သူပြောသည့်အရာများက အဓိပ္ပါယ်မရှိဘူးဆိုတာ သူသိရောသိပါ့မလား…
အသက်၂၀အရွယ် အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးဆိုတာက လက်ခံနိုင်သေးသည်။ သိုင်းပညာဂိုဏ်းများမှာတောင် အသက်၃၀နှင့် အဆင့်မြင့်သိုင်းပညာရှင်များဖြစ်နေကြသော ထူးချွန်သူများလည်းရှိနေသည်။
ဖန့်ကြွယ်ယွီက အားဆေးကဲ့သို့ ဆေးလုံးတစ်လုံးကို ပါးစပ်ထဲသွင်းလိုက်တာ မြင်လိုက်ရသည်။ ဖန့်ကြွယ်ယွီ၏ အနောက်မှာ သမားတော်တစ်ဦးရှိကိုရှိရမည်။
ဖန့်ကြွယ်ယွီလို သူဌေးတစ်ဦးက အားဆေးကို ချိုချဉ်လို မှီဝဲနိုင်ပြီး အဆင့်မြင့်သိုင်းပညာရှင်လည်း ဖြစ်နိုင်ပေသည်။
သို့သော် ဆေးဖော်စပ်ခြင်းက သိုင်းပညာနှင့်မတူပေ။ နှစ်ရက်တစ်ပိုင်းထဲဖြင့် ဘယ်လိုလုပ်ပြီး ဆေးဖော်စပ်နိုင်မည်နည်း။
“ဆရာဟူကို ဒုက္ခထပ်ပေးမိမယ်ထင်တယ်”
ဖန့်ကြွယ်ယွီက ဆေးဖော်စပ်နိုင်မည်ဆိုတာ ပိုင်ရွှမ်မယုံပေ။
“ခင်ဗျားတို့ အမူအရာတွေကဘာတွေလဲ။ ကျွန်တော့်ကို နှစ်ရက်တစ်ပိုင်းထဲကျင့်ထားရတယ်ဆိုပြီး အထင်သေးတာလား။ ကျွန်တော့်ဆရာက နယ်နယ်ရရ မဟုတ်ဘူးနော်။ သူကမှ တကယ့်ကို ဆေးဖော်တဲ့နေရာမှာ ဆရာတစ်ဆူဗျ”
“ဒါဆိုလည်း မင်းဆေးဖော်စပ်တာကိုကြည့်မယ်လေ”
သူက သိုင်းပါရမီရှင်မဟုတ်ပါဘူးဟု ဝန်ခံလိုက်သဖြင့် ဟူရင်က မချေမငံဆက်ဆံရဲလာသည်။
“မစ္စတာဖန့်..ပိုင်မိသားစုမှာ ဆေးဖက်ဝင်အပင်များစွာရှိပါတယ်။ ဆေးဖော်ဖို့ လိုအပ်တာသာပြောပါ။ ချက်ချင်း ရအောင်စီစဉ်ပေးပါ့မယ်”
“ရတယ် ဒီလောက်ဆိုလုံလောက်ပါပြီ။ ဒါပေမဲ့ ဆေးဖော်ဖို့ ပစ္စည်းတော့လိုတယ်”
ဆရာယောင်ချန်းက စကြာဝဠာအရင်းအမြစ်စွမ်းအင်ကိုသုံးပြီး မီးတောက်ဖန်တီးနိုင်သည်။ သို့သော်ဖန့်ကြွယ်ယွီမှာ ထိုအစွမ်းမရှိသဖြင့် ပစ္စည်းကိရိယာ၏ အကူအညီလိုအပ်သည်။
“ဒါဆို ဆေးဖော်တဲ့ကိရိယာပြင်လိုက်မယ်လေ”
“ရတယ် မလိုပါဘူး။ မီးဖိုချောင်ဘယ်မှာလဲ”
“မစ္စတာဖန့်..ဘာကိုဆိုလို..”
“ရတယ်။ ဆေးဖော်တဲ့ကိရိယာမလိုဘူး..ပေါ င်းအိုးရှိရင်ရပြီ”
“ဘယ်လို” ထိုစကားကို ကြားလိုက်ရသည့် လူများက ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။
ဆေးဖော်ခြင်းကို ပေါင်းအိုးတစ်လုံးဖြင့် မည်ကဲ့သို့ လုပ်ဆောင်နိုင်မည်နည်း။
“မစ္စတာဖန့်..ဒါ စနောက်ဖို့ အချိန်မဟုတ်ဘူး။ ဒါက ငါ့အဖေရဲ့ သေရေးရှင်ရေးကိစ္စပါ”
“ကျွန်တော် နောက်နေတာမဟုတ်ပါဘူး။ အတည်ပြောနေတာ”
“ဆေးဖော်တာရဲ့ အသက်က မီးအပူကိုတိတိကျကျ ထိန်းညှိဖို့လိုတယ်။ တစ်ပြေးညီတည်းအပူပေးဖို့လိုသလို အချိန်ကလည်း တိကျဖို့လိုတယ်။ ဒါကြောင့်မို့ ပေါင်းအိုးက ဆေးဖော်တဲ့ကိရိယာထက် ပိုအဆင်ပြေတယ်”
“ဟုတ်ပါပြီ အဲ့တာဆို မစ္စတာဖန့် ဒီဘက်ကိုကြွပါ”
“မင်းဘာလုပ်မလဲ ကြည့်ရသေးတာပေါ့” ဟူရင်ကလည်း ထပ်ချပ်မကွာလိုက်လာသည်။
ဖန့်ကြွယ်ယွီက ဂတ်စ်မီးဖိုကိုဖွင့်ပြီး ထိုအပေါ်မှာ ပေါင်းအိုးကိုတင်လိုက်သည်။
ဟူရင်ဘက်ကိုလှည့်ပြီး “သေချာကြည့်ပြီး မှတ်ထားနော်။ ခင်ဗျားလည်း လုပ်တတ်အောင်”
ဖန့်ကြွယ်ယွီက ဆေးဖက်ဝင်အပင်တစ်မျိုးကိုယူပြီး ပေါင်းအိုးထဲထည့်သည်။ သူလုပ်ကိုင်နေသည်မှာ ပေါ့ပေါ့ပါးပါးဖြစ်သည်။သို့သော် လျှို့ဝှက်စွမ်းအင်များကို သာမန်လူများက မမြင်နိုင်ပေ။
ဖန့်ကြွယ်ယွီ၏ စိတ်တန်ခိုးထိန်းချုပ်မှုအကူအညီနှင့်အတူ မီးအပူသည် တပြေးညီတည်း ပျံ့နှံ့နေသည်။ အပင်မှာရှိသော အညစ်အကြေးများကို မီးပြင်းပြင်းနှင့် သန့်စင်ပြီးနောက် ဆေးရည်ကြည်လေးများသည် ဝေ့တက်လာသည်။
သူက အပင်များကို တစ်မျိုးပြီးတစ်မျိုးထပ်ပေါင်းထည့်သည်။ အပင်များထံမှ ဆေးအာနိသင်များကို အကုန်ထုတ်ယူပြီးနောက် ပေါင်းအိုး၏ အခြေတွင် မီးခိုးရောင်အမှုန့်လေးများသာ ကျန်ခဲ့သည်။
အပင်များ၏ ဆေးဖက်ဝင်အာနိသင်များကို ကောင်းမွန်စွာပေါင်းစပ်ပြီးနောက် မွှေးပျံ့သောဆေးရနံ့က မီးဖိုချောင်တစ်ခုလုံးပျံ့နှံ့သွားသည်။
“သူက တကယ့်ကို ဆေးဖော်စပ်တတ်တာပဲ”
သူ့ရှေ့မှာ ပေါင်းအိုးဖြင့် ဆေးဖော်စပ်တာကို မြင်ပြီး ဟူရင်လည်း တအံ့တဩဖြစ်နေသည်။
ပထမအဆင့်ဆေးဖော်စပ်တာက အရမ်းမခက်ပါ။ မိနစ် ၂၀ကြာပြီးနောက် အနီရောင်ဆေးလုံးတစ်လုံးပေါ်လာသည်။ ဆေးမျက်နှာပြင်ပေါ်တွင် အားဆေးတစ်လုံး၏ သွင်ပြင်လက္ခဏာများ ပြည့်စုံစွာ ပေါ်လွင်နေသည်။
ဖန့်ကြွယ်ယွီက ဂတ်စ်မီးဖိုကိုပိတ်လိုက်သည်။ သူက ဆေးလုံးကိုကိုင်ပြီး “
အဘိုးပိုင်သောက်ဖို့ပေးလိုက်ပါ” ဟုဆိုကာ ပိုင်ရွှမ်၏ လက်ထဲထည့်ပေးလိုက်သည်။
ပိုင်ရွှမ်က ဆေးပြုတ်မကျအောင် သတိထားကိုင်လာသည်။ ဆေးအစွမ်းကဘယ်လိုပြမလဲဆိုတာ မသိသော်လည်း အောင်မြင်နိုင်ချေ ၉၀% ကျော်လိမ့်မည်ဟု သူ့စိတ်ထဲထင်နေမိသည်။
ထိုအချိန်မှာ ဟူရင်က ဆောက်တည်ရာမရသွေးပျက်နေသည်။ သူမဖော်စပ်နိုင်သော ဆေးကို အသက် ၂၀အရွယ်ကောင်လေးက ဖော်စပ်နိုင်သည်။ ဒီဆေးက မစ္စတာပိုင်၏ ဒဏ်ရာကို ပျောက်ကင်းစေလိမ့်မည်ဆိုတာ သူတပ်အပ်ပြောနိုင်သည်။
“ဆေးဖော်ဖို့ ပေါင်းအိုးသုံးတယ်”ဆေးဖော်စပ်ခြင်းမှာ ထိုနည်းလမ်းက မှန်ပါ့မလားဆိုတာ ဟူရင် မတွေးတတ်တော့ပေ။