ပထမဆုံးကျောင်းသူ
Vol. 15 Ch. 203
“ရှင်က ကျွန်မကို သင်ပေးမှာလား”
ပိုင်ယိုလည်း ကြားလိုက်ရသည့် စကားအပေါ် အံ့အားသင့်နေသည်။
ဖန့်ကြွယ်ယွီသည် သိုင်းပညာသာမက ဆေးဖော်စပ်သည့် ပညာကိုပါ တစ်ဖက်ကမ်းကျွမ်းကျင်သည်။ ပိုင်မိသားစုထဲက မည်သူ့ကိုမဆို သင်ပေးမည်ဆိုပါက နောင်တစ်ချိန်တွင် သူတို့မိသားစုသည် သိုင်းလောကတွင် နေရာတစ်နေရာ ရလာနိုင်မည်။
သိုင်းလောကတွင် သိုင်းပညာအဆင့်တန်းကို အဆင့်နိမ့်မှ အဆင့်မြင့်အထိ ကိုးဆင့်ခွဲထားသည်။ အဆင့်-၇ အထက်မှာရှိသောလူများကို ဂိုဏ်းကြီးများနှင့် မျိုးရိုးမြင့်မိသားစုများက ရယူထားကြသည်။ ထိုသူများကိုလည်း သိုင်းလောက၏ ရတနာများဟု သတ်မှတ်ကြသည်။
ပိုင်မိသားစုတွင် အဆင့်-၅ သိုင်းသမားသည် အမြင့်ဆုံးဖြစ်သည်။
ဖန့်ကြွယ်ယွီက လက်ဝါးသိုင်း၊ ခြေထောက်သိုင်းနှင့် ခြေလှမ်းသိုင်းများကို အသုံးပြုပြခဲ့သည်။ထိုအရာများသည် အဆင့်မြင့်သိုင်းပညာရပ်များဆိုတာ လှစ်ဟပြနေသည်။ ဖန့်ကြွယ်ယွီသုံးသော သိုင်းပညာသည် အဆင့်-၇ နှင့် အထက်မှာရှိကြသည်။
ဖန့်ကြွယ်ယွီကိုသင်ကြားပြသပေးသော ဆရာမရှိဘူးဆိုတာ မဖြစ်နိုင်ပေ။
ထိုသိုင်းပညာများသည် နတ်ဘုရားအကယ်ဒမီတွင် အဆင့်အနိမ့်ဆုံးဆိုသော အချက်ကို မည်သူမှမသိကြပေ။
“ဟုတ်တယ်”ဖန့်ကြွယ်ယွီက ခေါင်းညိမ့်ပြသည်။
“ဒါပေမဲ့ ငါသင်ပေးမဲ့အရာတွေက မလွယ်ကူဘူး။ ငါသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအများကြီးရှိတယ်။ ပြန်စဉ်းစားဦး”
ဖန့်ကြွယ်ယွီက ဖန့်မိသားစု၏ အမှတ်တံဆိပ်ပါသော ရင်ထိုးကို လှမ်းပေးသည်။
“မင်းသေချာဆုံးဖြတ်ပြီးပြီဆို ဒီရင်ထိုးကိုယူလာပြီး အန်းကျန့်တောင်ထိပ်မှာ ငါ့ကိုလာရှာပါ”
ထိုစကားကိုပြောပြီး ဖန့်ကြွယ်ယွီလည်း ပိုင်မိသားစုအိမ်တော်မှ ထွက်ခွါသွားတော့သည်။
“ဒီနေရာက ကျန်းနန်မြို့ကနေဆို ကီလိုမီတာ ၂၀၀ဝေးတဲ့နေရာမှာ ရှိနေတာပဲ”
သူသာ ကားမယူလာဘဲ ခြေလျင်လာပါက အမောဆို့သွားနိုင်သည်။
“တစ်ခုခုကို လုပ်မယ်ဆို သေချာဆုံးဖြတ်မှ”
ဖန့်ကြွယ်ယွီပေးခဲ့သော ရင်ထိုးကိုကိုင်ပြီး ပိုင်ယို အကြာကြီး စဉ်းစားနေမိသည်။
ဖန့်ကြွယ်ယွီက မည်သည့်စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်မှာလဲ…
“ရှောင်းယို သမီးကိုင်ထားတာပြပါဦး”
ပိုင်ရွှမ်က ထိုတံဆိပ်ကို မြင်ဖူးနေသလိုဖြစ်နေသဖြင့် တောင်းလိုက်ခြင်းဖြစ်သည်။
ပိုင်ယွမ်က ရင်ထိုးကို လှမ်းပေးသည်။
“ဟာ…ဒါက ငါတို့ဘိုးဘေးတွေချန်ထားခဲ့တဲ့ တံဆိပ်ပဲ”
ပိုင်ရွှမ်လည်း အလွန်ထူးခြားဆန်းကြယ်သော အရာကို မြင်လိုက်ရသည့်အလား အသက်ရှုသံများပြင်းထန်လာသည်။
“ပါးပါး.ဒါကိုသိတာလား”
ပိုင်ရွှမ်ကမေးသည်။
“ဒီရင်ထိုးကိုတော့ တစ်ခါမှ မမြင်ဖူးပါဘူး။ သူ့ပေါ်က အမှတ်အသားကိုမြင်ဖူးတာပါ”
“ငါတို့ပိုင်မိသားစုခေါင်းဆောင်နေရာကိုဆက်ခံမဲ့သူတိုင်း မဖြစ်မနေသိထားရမဲ့ အကြောင်းအရာတစ်ခုရှိတယ်”
“အဲ့တာက ဒီတံဆိပ်နဲ့ ဆက်စပ်နေတာလား”
“အင်း ဆိုပါတော့”
“မင်းတို့သိကြတဲ့အတိုင်း ပိုင်မိသားစုရဲ့ ဘိုးဘေးက သမားတော်တစ်ဦးလေ။သူဖော်စပ်ခဲ့တဲ့ဆေးတွေက အခုခေတ် နာမည်အကြီးဆုံးသမားတော်သုံးဦးဖော်စပ်တဲ့ဆေးတွေထက် အများကြီးသာလွန်တယ်ဆိုတဲ့ အချက်ကိုသိကြလား”
ဆေးဖော်စပ်သူ၏ ကျွမ်းကျင်မှုနှင့် အရည်အချင်းပေါ်မူတည်ပြီး ဆေးအာနိသင်က ကွာခြားရစမြဲဖြစ်သည်။
“အဲ့လိုဖြစ်ရတာကလည်း ငါတို့ဘိုးဘေးကို ဆရာတစ်ဦးက လမ်းညွှန်သင်ပြပေးဖူးတယ်။ ဆရာက သူ့ကို နှစ်လပဲ သင်ပေးခဲ့တာပါ။ ဒါပေမဲ့ သူနှစ်လအတွင်းသင်ခဲ့ရတဲ့ ပညာတွေကို ခုခေတ်သမားတော်တွေ နားလည်ဖို့ ရာစုနှစ်တစ်ခုလောက် အချိန်ယူခဲ့ရတာ”
“အဲ့တာနဲ့ ဒီ တံဆိပ်နဲ့က ဘယ်လိုပတ်သက်နေတာလဲ ပါးပါး”
“ဘိုးဘေးက သူ့နောက်လိုက်တွေအားလုံးကို ဒီတံဆိပ်အမှတ်အသားပြုလုပ်ထားတဲ့ အကျီတွေပဲ ဝတ်ရမယ်ဆိုပြီးမှာခဲ့တယ်။ ဒီတံဆိပ်ကို ပိုင်မိသားစုဝင်တွေက မြင်လိုက်ရတဲ့အချိန်တိုင်း တရိုတသေတလေးတစား ဆက်ဆံရမယ်လို့ မှာခဲ့တာ”
“ဒါဆို ဖန့်ကြွယ်ယွီက ဘိုးဘေးကို သင်ပေးခဲ့တဲ့ ဆရာနဲ့ ဆက်စပ်နေတယ်လို့ ဆိုလိုချင်တာလား”
“ဒါပေါ့သမီးရယ်။ မစ္စတာဖန့်က ဘိုးဘေးရဲ့ ဆရာဖြစ်သူရဲ့ မျိုးဆက်ဖြစ်လောက်တယ်”
“ဘိုးဘေးက ပြောခဲ့တာရှိပါသေးတယ်။ သူ့ဆရာက ဆေးပညာမှာ တစ်ဖက်ကမ်းခပ်အောင် တော်ရုံတင်မကဘဲ သိုင်းပညာလည်းကျွမ်းကျင်တယ်တဲ့။ တကယ်တော့ သူသာ နှစ်လထက်ပိုပြီးသင်ပေးနိုင်ခဲ့လျှင် ငါတို့ပိုင်မိသားစုက အခုထက်ပိုပြီး ဆယ်ဆ အဆတစ်ရာလောက် အင်အားကြီးနေမှာအသေအချာပဲ”
“ရှောင်းယို ဒါက အဖေတို့ ပိုင်မိသားစုအတွက် အခွင့်အရေးပဲ သမီး၊ မစ္စတာဖန့်က ဘိုးဘေးရဲ့ ဆရာဖြစ်သူရဲ့ မျိုးဆက်တွေဖြစ်နေတာမို့ အခုလိုထူးချွန်နေတာဖြစ်ရမယ်။ သမီးသူ့ဆီက သင်နိုင်လျှင် ငါ့သမီးရဲ့ အရည်အချင်းတွေတက်လာမှာ”
“ဒါပေမဲ့” ဖန့်ကြွယ်ယွီ၏ စည်းမျဉ်းစည်းကမ်းများနှင့် တောင်းဆိုချက်များကို မသိနေပေ။
“ထားလိုက်ပါလေ။ သမီးကိုလည်း အတင်းအကြပ်ကြီး မတောင်းဆိုချင်ပါဘူး။ သမီးရဲ့ရှေ့ရေးနဲ့ဆိုင်တာမို့ သေချာစဉ်းစားလေ။ သမီးအဘိုးကို ဆေးတိုက်လိုက်ဦးမယ်”
ဖန့်ကြွယ်ယွီလည်း အလုပ်သင်ကိစ္စရပ်များကို လက်စသတ်ပြီးနောက် နတ်ဘုရားအကယ်ဒမီရှိရာ အန်းကျန့်တောင်ထိပ်ကိုရောက်လာပြန်သည်။
“ကူးရီ နောက်ဆိုငါ့နောက်ကိုမလိုက်ခဲ့နဲ့ ဒီနားမှာပဲစောင့်နေ”
“ဟုတ်ကဲ့သခင်လေး”
“ငါ ဒီကိုရောက်လာတိုင်း ပျောက်ပျောက်သွားတာ ဘာလို့လဲဆိုပြီး မင်းမသိချင်ဘူးလား”
“ဒါက သခင်လေးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စမို့ ကူးရီ မသိချင်ပါဘူး”
“ဟားဟား ဟုတ်ပါပြီကွာ။ အချိန်တန်ရင် မင်းသိလာမှာပါ”
ဖန့်ကြွယ်ယွီက စွမ်းအားရှင်ကျင့်စဉ်ကိုလေ့ကျင့်နေပြီဆိုသော်ငြား ကူးရီ၏ ကာကွယ်ပေးမှုကို လိုအပ်နေသေးသည်။
သူက မည်သူ၏ ကာကွယ်ပေးမှုကိုမှ မလိုအပ်ဘဲ ကိုယ့်အစွမ်းအစနှင့်ကိုယ်သွားလာနိုင်ပြီဆိုပါက ကူးရီကို ဒီကျောင်းမှာ လာပြီးသင်ယူခိုင်းရမည်။
“ဟေး မင်းက ရောက်နှင့်နေတာလား”
တောင်ထိပ်ကိုရောက်သောအခါ ပိုင်ယိုက ကြိုပြီးရောက်နေတာကို တွေ့လိုက်ရသည်။
“မစ္စတာဖန့်က တွေ့မဲ့အချိန်ကိုမှ မပြောလိုက်တာ။ အဲ့တာကြောင့် မနက်ထဲက လာစောင့်နေတာ”
“ဟား ဆောရီးပါကွာ။ ငါမေ့သွားတာ”
“မင်းက ဒီမှာရောက်နေပြီဆိုတော့ ငါ မနေ့ကပြောခဲ့တာတွေကို သေချာစဉ်းစားပြီးပြီပေါ့”
“ဟုတ်ပါတယ် မစ္စတာဖန့်”
“ကောင်းပြီ အခုချိန်ကစပြီး မင်းက နတ်ဘုရားအကယ်ဒမီရဲ့ကျောင်းသူဖြစ်ပြီ။ မင်း ဒီနေရာမှာမြင်သမျှ တွေ့သမျှကို ဘယ်သူ့ကိုမှ လျှောက်မပြောရဘူး။ မင်းသင်ခဲ့ရတာတွေကိုလည်း ဘယ်သူ့ကိုမှ ပြန်မသင်ပေးရဘူး။ သဘောတူလား အခုချိန်ကစပြီး ငါကမင်းရဲ့ ကိုးကွယ်ရာပဲ”
“နတ်ဘုရားအကယ်ဒမီ”ပိုင်ယိုက တိုးတိုးလေး ရေရွတ်နေမိသည်။
“ကဲ မင်းကိုပေးထားတဲ့ ရင်ထိုးကိုကိုင်ပြီး မင်းကိုပြောတဲ့ စကားတွေကို စိတ်ရင်းအမှန်နဲ့ ရေရွတ်နေ”
ပိုင်ယိုလည်း သူညွှန်ကြားသလို ပြုမူသောအခါ ရင်ထိုးဆီမှ ရွှေရောင်အလင်းတန်းတစ်ခုထွက်လာသည်။
ရင်ထိုးက ရုတ်တရက် ကွယ်ပျောက်သွားပြီး သူမ၏ လက်ဝါးထက်တွင် ပိုင်မိသားစု၏ အမှတ်အသားပေါ်လာသည်။
ထိုအရာသည် အဆင့်လေး ဘုံလောကအတွက် စာချုပ်သဖွယ်ဖြစ်သည်။
ပိုင်ယိုက ကတိကိုချိုးဖျက်ခဲ့ပါက နတ်ဘုရားအကယ်ဒမီမှာ သင်ခဲ့သမျှ အားလုံးကို သူမ၏ မှတ်ဥာဏ်မှ ပယ်ဖျက်ပစ်လိမ့်မည်။
“ကောင်းပြီ မင်းလက်ကို ကျောက်တုံးပေါ်တင်ထားပါ”
သူမက နတ်ဘုရားအကယ်ဒမီဟု ထွင်းထုထားသော ကျောက်တုံးအပေါ် လက်တင်လိုက်သောအခါ သူမ၏ မျက်စိရှေ့မှာ ဖန်သားပြင်တစ်ခုပေါ်လာသည်။
“နတ်ဘုရားအကယ်ဒမီမှ ကြိုဆိုပါတယ်။ ငါက ဖန့်ကြွယ်ယွီပါ။ ဒီကျောင်းရဲ့ ဥက္ကဌတစ်ဦးပါ။ ဒီနေ့မှ စပြီး မင်းက ငါတို့ကျောင်းရဲ့ ပထမဆုံးကျောင်းသူဖြစ်သွားပါပြီ”