မင်းတို့အားလုံးငါ့ဆီလာခဲ့…
Vol. 15 Ch. 206
“မင်းက….နိုင်ငံတကာပြိုင်ပွဲမှာ ချန်ပီယံဆုရအောင်ယူမယ်ဟုတ်လား”
ဌာနမှူးကျောက အားပါးတရရယ်မောသည်။
“ငါသိသလောက် မင်းက ကျောင်းရဲ့ဆိုက်ဘာလုံခြုံရေးအဖွဲ့ထဲတောင် မဝင်ထားဘူး မဟုတ်လား။ မင်းက ဒီနည်းပညာအကြောင်းသိရောသိရဲ့လား”
“အဖွဲ့ထဲမဝင်ထားလျှင် ဒီအကြောင်း မသိဘူးလို့ ဘယ်လိုလုပ်ပြောနိုင်ပါ့မလဲ။ ကျွန်တော်က အားလပ်ချိန်မှာ ဆိုက်ဘာလုံခြုံရေးနဲ့ သက်ဆိုင်တဲ့စာအုပ်တွေဖတ်တယ်လေ”
“အင်း..ဒါဆို ဒီနည်းပညာနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲရော ပြိုင်ဖူးလား”
“မပြိုင်ဖူးပါဘူး”
အမှန်တော့ ဆိုက်ဘာလုံခြုံရေးနှင့် သက်ဆိုင်သော စာအုပ်ကိုတောင် မဖတ်ဘူးပေ။သို့သော် ရှောင်းရီရှိနေတာမို့ သူမကြောက်ပေ
“အဓိပ္ပါယ်မရှိတာလာပြောနေတယ်”
ဌာနမှူးကျောက ဒေါသထွက်ပြီး စားပွဲခုံကို ခပ်ပြင်းပြင်းရိုက်ချသည်။
ထိုပြိုင်ပွဲအတွက် တစ်ဦးချင်းစီမှာသာမက တစ်သင်းလုံးမှာအရည်အချင်းရှိဖို့ လိုအပ်သည်။ ဒါတင်မကသေးဘဲအဘက်ဘက်က ဖိအားများအောက်တွင် ယှဉ်ပြိုင်နိုင်စွမ်းလည်းရှိရမည်။
ပြိုင်ပွဲဝင်အတွေ့အကြုံမရှိဘဲနှင့် ဘယ်လိုလုပ်ပြီး ယှဉ်ပြိုင်နိုင်မည်နည်း။
“မစ္စတာကျော..ဒေါသအရမ်းမထွက်ပါနဲ့” လုချောင်က ဌာနမှူးကို ဖျောင်းဖျသည်။
နိုင်ငံတကာက ပညာရှင်များတောင်မှ ကိုယ့်အားကိုယ်ကိုးပြီး လေ့လာကာ ပြိုင်ပွဲများတွင် အနိုင်ရခဲ့သည့် သာဓကများစွာရှိသည်။
“ဖန့်ကြွယ်ယွီကို ကြိုးစားကြည့်ခိုင်းမယ်လေ ဆရာ။ ကျွန်တော့်မှာသူနဲ့ ပြိုင်ကြည့်ဖို့ အသင်းသားတစ်ချို့ရှိပါတယ်။ သူ့အရည်အချင်းကို တစ်ချက်စမ်းသပ်ကြည့်မယ်လေ ဆရာ”
“ကောင်းပြီ..ဒါပေမဲ့ မင်းမလုပ်နိုင်ဘူးဆို မင်းစာတမ်းအတွက် အခက်ဆုံးခေါင်းစဉ်ကိုရေးခိုင်းမယ် ကြားလား”
ဆိုက်ဘာလုံခြုံရေးအဖွဲ့သည် သတင်းအချက်အလက်ဌာန၏ စာသင်ခန်းထဲမှာရှိသည်။ ယခင်ကျောင်းအုပ်ကြီး၏ ကျေးဇူးနှင့် အခန်းထဲတွင် စက်ပစ္စည်းကိရိယာ အစုံရှိသည်။
အဖွဲ့မှာ အသင်းဝင်များများစားစား မရှိပေ။ စုစုပေါင်း အယောက်နှစ်ဆယ်လောက်ပဲရှိသည်။ အသင်းဝင်များက ကျောင်းမပြီးကြသော်လည်း ကုမ္ပဏီကြီးများက လစာကောင်းကောင်းဖြင့် စာချုပ်ချုပ်ထားကြသည်။
“ဝမ်ခိုင်..မင်းဝင်ဖို့အတွက် သူတို့ဘက်ကို ငါထိုးဖောက်ထားတယ်”
“ခဏတောင့်ထားဦး။ နောက်ထပ် စက္ကန့် ၂၀လောက်ဆို သူတို့ဘက်က လုံခြုံရေးစည်း ပေါက်ပြီ”
“ဟုတ်ပြီ…ဒါနဲ့ မင်းတို့ကောင်တွေဘာလို့ဒီလောက်ထိ ရုန်းနေရတာလဲ”
အခန်းထဲတွင် အသင်းဝင်များက ကြိုးစားပမ်းစားလေ့ကျင့်နေကြသည်။ကြည့်ရတာ ကျန်းနန်မြို့တွင်ကျင်းပမည့် ပြိုင်ပွဲအတွက် လေ့ကျင့်နေပုံရသည်။
“အားလုံးပဲ ခဏရပ်ကြဦး”
“ဥက္ကဌ ဘာလို့ဒီကိုရောက်လာတာလဲ” အသင်းဝင်များက သူ့အနားကို ရောက်လာကြသည်။
“ဝိုး ဌာနမှူးနဲ့ ဥက္ကဌဖန့်လည်း ပါလာတာပဲ။ဘယ်လိုဖြစ်လို့ပါလိမ့်”
အသင်းဝင်များက စိတ်ဝင်တစားသိချင်လာကြသည်။
“ဥက္ကဌကြီး..ငါတို့အသင်းအဖွဲ့လိုအပ်တာတွေသုံးဖို့ ဥက္ကဌဖန့်ဆီကနေ အလှူငွေတွေရခဲ့တာလား”
“ဒါဆိုရင်တော့ မိုက်ပြီဟေ့။ ဥက္ကဌဖန့်ပေးတာဆို အလျှံအပယ်ပဲရမှာ”
“တော်တော့..မင်းတို့ပြောနေတာတွေတစ်ခုမှမဟုတ်ဘူး။ ဒီကိုလာတာ အလုပ်ကိစ္စကြောင့်ကွ။ ဖန့်ကြွယ်ယွီက ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲကို ကျောင်းကိုယ်စားပြု ဝင်ပြိုင်ချင်တာ”
“ဘယ်လို သူက ဆိုက်ဘာလုံခြုံရေး နည်းပညာကို သိလို့လား”
“ဟဲဟဲ…သိလို့နေမှာပေါ့ကွ”
“ဒါဆို သူနဲ့ ဘယ်သူ ပြိုင်ချင်လဲ”
“မလိုပါဘူး။ တစ်ယောက်ချင်းစီပြိုင်ရင် အချိန်ကုန်တယ်။ မင်းတို့အားလုံးနဲ့ ငါတစ်ယောက်တည်း ပြိုင်မယ်လေ”
“ဘယ်လို”
ကြားလိုက်ရသည့်စကားကို မယုံကြည်နိုင်အောင် ဖြစ်ကုန်ကြသည်။
ထိုပြိုင်ပွဲသည် တစ်ဦးတစ်ယောက်ချင်းစီအလိုက် သက်ဆိုင်ရာကဏ္ဍကိုတာဝန်ယူလုပ်ဆောင်သော အသင်းအဖွဲ့ကစားနည်းတစ်ခုဖြစ်သည်။ တစ်ယောက်ထဲက တိုက်ခိုက်ခြင်း နှင့် ခုခံခြင်းတာဝန်များကို တစ်ပြိုက်နက် လုပ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
လျှိုယီရမ် နှင့် ဆုမြောင် တို့မှာတောင် ထိုကဲ့သို့ စွမ်းရည်မရှိနိုင်လောက်ပေ။
“ဥက္ကဌဖန့် ..ဒါက နည်းနည်းများပြီ။ ငါတို့အရည်အချင်းက ထိပ်သီးအဆင့်မှာ မရှိနေပေမဲ့ ငါတို့အားလုံးကို မင်းတစ်ယောက်ထဲနဲ့ ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးနော်”
“တကယ်တော့ ဒီပြိုင်ပွဲကနေလည်း ပိုက်ဆံအများကြီး မဝင်ဘူး”
“ဟား..မင်းက သူ့ကို ငွေစကားသွားပြောရဲတယ်။ သူက မင်းကို ကြောင်တောင်တောင်အရူးလို့ ထင်နေလိမ့်မယ်။ သူ့အတွက် ပိုက်ဆံလိုမလား။ စဉ်းစဉ်းစားစားပြောပါဦး”
သူတို့ပြောသည့် စကားအသွားအလာကိုကြည့်ပြီး ဖန့်ကြွယ်ယွီအပေါ် အထင်သေးနေသည်ဆိုတာ အတိုင်းသားမြင်နေရသည်။
“ငါပြောတာ တကယ်ဟုတ်မဟုတ် မင်းတို့ သိချင်လျှင် ငါနဲ့ ပြိုင်ကြည့်လေ”
ဖန့်ကြွယ်ယွီက သူ့ရှေ့က ကွန်ပျူတာရှေ့မှာထိုင်ပြီး
“ဒါနဲ့ မင်းတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေက ဘာတွေလဲ”
လုချောင်၏ မျက်နှာကွက်ခနဲ ပျက်သွားသည်။
သူက စည်းမျဉ်းစည်းကမ်းကိုတောင် နားမလည်ဘဲနှင့် လာပြိုင်တယ်…
သူက လာနောက်နေတာလား…
“ကဲ..မင်းက အရမ်းပြိုင်ချင်နေမှတော့ သူတို့ကို ပေးပြိုင်ရမှာပေါ့” လုချောင်က ဖန့်ကြွယ်ယွီ၏ ပုံစံကို သိပ်ပြီး
သဘောမတွေ့ပေ။
လုချောင်၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး အသင်းသားများလည်း ကွန်ပျူတာရှေ့မှာ အသီးသီး နေရာယူကြသည်။
“စည်းမျဉ်းကတော့ ရှင်းပါတယ်။ တစ်ဖက်အသင်းကို အရင်ချိုးဖောက်နိုင်တဲ့လူက အနိုင်ရမယ်”
ဖန့်ကြွယ်ယွီက အနီဘက်မှာနေပြီး အခြားအသင်းဝင် ၂၀ဦးက အပြာဘက်မှာ အသင့်နေရာယူကြသည်။
“ကောင်းပြီ..အဲ့တာဆို ပြိုင်ပွဲစမယ်”
လုချောင် ညွှန်ကြားပြီးသည်နှင့်တစ်ပြိုင်နက် အခန်းအတွင်းတွင် ကီးဘုတ်နှိပ်သံများ အစီအရီထွက်လာသည်။
“ဟားး လူငယ်တွေက တက်ကြွချက်ပဲ”
ဌာနမှူးကျောက ယှဉ်ပြိုင်မှုကို ကြည့်ရန် ထိုင်လိုက်စဉ် အပြာဘက်က စည်းနှစ်ခုပေါက်သွားတာကို တွေ့ရသည်။
ဖန့်ကြွယ်ယွီက ပွဲစသည်နှင့် တစ်ဖက်အသင်းဘက်ကို ထိုးဖောက်နိုင်သည်။
“ဘယ်လိုဖြစ်တာပါလိမ့်”
လုချောင်နှင့် ဌာနမှူးကျောလည်း အံ့အားသင့်ကုန်ကြသည်။
ဖန့်ကြွယ်ယွီက လူအယောက်နှစ်ဆယ်၏ ခုခံမှုကို ကျော်လွန်ပြီး စည်းနှစ်ခုကို တစ်မိနစ်မပြည့်ခင်မှာပင် ချိုးဖောက်နိုင်သည်။
“မင်းတို့က ငါ့ကို ဝိုင်းထားချင်တာလား”
သူ၏ လက်ချောင်းများက လျင်မြန်စွာလှုပ်ရှားနေသည်။ သိပ်မကြာခင်မှာပင် ဖန့်ကြွယ်ယွီ၏ စည်းကို ချိုးဖျက်ရန် ကြံစည်နေသော တစ်ဖက်အသင်းသားများက အံ့အားသင့်ကုန်ကြသည်။
ဘယ်လောက်ပဲ ခုခံမှုက အားကောင်းနေပါစေဦးတော့ တိုက်ခိုက်သည့်နေရာမှာ ဟာကွက်ရှိရမည်မဟုတ်ပါလော။
သူတို့အယောက် ၂၀က သံမဏိတံခါးကို ချိုးဖျက်နေရသည့်အလား မလုပ်နိုင်ကြပေ။
တစ်ခဏလေးအတွင်းမှာ အပြာအသင်းဘက်က နောက်ထပ် စည်းသုံးခုချိုးဖောက်ခံလိုက်ရသည်။
နောက်ထပ်တစ်မိနစ်အကြာမှာ နောက်ထပ် စည်းနှစ်ခုပေါက်ပြန်သည်။
သုံးမိနစ်အကြာမှာ သူတို့၏ နောက်ဆုံးစည်းတစ်ခုသာ အပြာအသင်းဘက်မှာ ကျန်တော့သည်။
“အားလုံးပဲ ခုခံတာကို လျှော့ကြတော့။ သူ့ဘက်ကို ထိုးဖောက်ဖို့ပြင်ကြ”
ဖန့်ကြွယ်ယွီနှင့် သူတို့ကြားက အရည်အချင်းအလွန်ကွာဟမှန်း သိလာကြသည့်အခါ ခုခံရုံနှင့် မရကြောင်းသိလာကြသည်။
ဖန့်ကြွယ်ယွီက စည်းတစ်ခုပေါက်ဟန်ဆောင်ပြီး သူတို့ကို အဝင်ခံသည်။
“ယေး ငါတို့ ဖောက်နိုင်ပြီ”
အပြာအသင်းဘက်က ဝမ်းသာအားရဖြစ်ကုန်ကြသည်။
သို့သော် သိပ်မကြာလိုက်ခင်မှာပင် သူတို့အနေနှင့် ထောက်ချောက်မိသွားကြောင်း သိသွားကြသည်။
“ဟာ..ဒါက ထောင်ချောက်ပဲ”
သို့သော် သူတို့အလွန်နောက်ကျခဲ့ပြီ..
ဖန့်ကြွယ်ယွီက နောက်ဆုံးလက်ကျန်စည်းကို ဖျက်ပြပြီး အပြာအသင်းကို အနိုင်ယူခဲ့သည်။