← Chapters

မင်းတို့ သက်တောင့်သက်သာနေကြကွာ….

Vol. 15 Ch. 207

မင်းတို့ သက်တောင့်သက်သာနေကြကွာ….

Vol. 15 Ch. 207

“လုံးဝကိုမိုက်တယ်ကွာ”

ဌာနမှူးကျောသည် စိတ်လှုပ်ရှားလွန်းပြီး ထိုင်ခုံက ပြုတ်ကျမတတ်ဖြစ်သွားသည်။ လူတစ်ဦးက ပြိုင်ဘက် သုံးယောက်/ ငါးယောက်ကို အလဲထိုးအနိုင်ရတာကို မြင်ဖူးသော်လည်း တစ်ယောက်နှင့် အယောက် ၂၀ယှဉ်ပြီး အနိုင်ရတာကို မကြားဖူးပေ။

ထိုကဲ့သို့ အနိုင်ရရန် အရည်အချင်းဘယ်လောက်ရှိနေပြီး မြန်ဆန်နေလဲဆိုတာ မစဉ်းစားတတ်တော့ပေ။

လုချောင်အတွက်ကတော့ ပြောစရာစကားပင်ရှာမတွေ့တော့ပေ။

လုယီရမ် နှင့် ဆုမြောင်တောင်မှ ထိုကဲ့သို့ အရည်အချင်းမရှိနိုင်ပါ။ နိုင်ငံတကာစင်မြင့်ထက်မှာတောင် ဖန့်ကြွယ်ယွီကို အလဲထိုးနိုင်မည့် လူမရှိလောက်ပေ။

“ဖန့်ကြွယ်ယွီသာပါမယ်ဆို ငါတို့အသင်း ဒီတစ်ကြိမ်တော့ချန်ပီယံဆုကို မျှော်လင့်လို့ရပြီ”

အခုချိန်ထိ တရုတ်ကိုယ်စားပြုအသင်းက နိုင်ငံတကာစင်မြင့်ထက်တွင် ဆုမရရှိဖူးပေ။ အမြဲလိုလို စတုတ္ထနေရာနှင့်သာ ကျေနပ်ခဲ့ရသည်။

“မင်း အရမ်းတော်တယ်”

“ဟုတ်တယ် ဒါတော့ တကယ်လက်ခံသွားပြီ”

“ဟုတ်တယ်။ ဥက္ကဌဖန့်က ခိုင် လား ဂျော့ လား”

ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်လာပါက ခိုင်နှင့်ဂျော့တို့ကို တရုတ်ပြည်တခွင် မသိတဲ့လူမရှိပေ။

သူတို့နှစ်ဦးသည် နိုင်ငံတကာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်ပေါင်းများစွာရခဲ့ဖူးသည်။ သို့သော် သူတို့၏ သရုပ်မှန်ကိုလျှို့ဝှက်ထားပြီး မည်သည့်အဖွဲ့အစည်းက ကမ်းလှမ်းတာကိုမှ လက်မခံပေ။

သူတို့အကြောင်းကို စုံစမ်းဖို့ကြိုးစားတိုင်း နည်းပညာချို့ယွင်းမှု တစ်ခုမဟုတ်တစ်ခုကြုံတွေ့ရသည်။

“မဟုတ်ပါဘူးကွာ…ငါက တစ်ခါမှ ပြိုင်ပွဲမပြိုင်ဖူးပါဘူး။ ခုမှ ပထမဆုံးစပြိုင်ဖူးတာ”

“မဖြစ်နိုင်တာ.. အာ့ဆို ဥက္ကဌဖန့်က ဒါကို လေ့လာတာ ဘယ်လောက်ကြာပြီလဲ”

“ဟုတ်တယ် အဲ့တာဆို ဥက္ကဌဖန့်ကို ဘယ်သူသင်ပေးတာလဲ”

“ကဲ ထားပါတော့။ မေးခွန်းတွေမေးနေတာတော်တော့။ ငါတို့မှာ အရေးတကြီးဆွေးနွေးဖို့ ကိစ္စတွေရှိသေးတယ်။ ဆက်ပြီး လေ့ကျင့်ကြ” လုချောင်က သူ့လက်ကိုဝှေ့ရမ်းပြသည်။

“ကဲ ငါရုံးခန်းကို လိုက်ခဲ့ကြ။ ငါတို့ ဖြည်းဖြည်းချင်း ဆွေးနွေးကြတာပေါ့”

သူတို့ကျောင်းက ဒီတစ်ကြိမ်ပြိုင်ပွဲမှာ အနိုင်ရမည်ဆိုတာ သေချာသလောက်ရှိနေပြီဖြစ်သည်။ သူတို့သာ အနိုင်ရပါက ကျောင်းဂုဏ်သိက္ခာတက်ရုံသာမက နိုင်ငံတကာပွဲများတွင် တရုတ်နိုင်ငံ၏ ဂုဏ်ကိုလည်း ဆောင်နိုင်လိမ့်မည်။

ဌာနမှူးကျောက ကျောင်းကိုယ်စားပြု ပြိုင်ပွဲဝင်မည့် အခြားနှစ်ဦးကိုလည်း ခေါ်ခိုင်းလိုက်သည်။ သူတို့အသင်းအတွက် အားကိုးရသော ပြိုင်ပွဲဝင်တစ်ဦးရထားသည် ဆိုသည့်သတင်းကို ခပ်သဲ့သဲ့ကြားမိသည်။

“ဖန့်ကြွယ်ယွီ..လုချောင် မင်းတို့ကို ပြိုင်ပွဲဝင်နှစ်ဦးနဲ့ မိတ်ဆက်ပေးရဦးမယ်။ ချန်ဖန့် နဲ့ ရှဲ့ယုကျစ်..သူတို့က ငါတို့ကျောင်းရဲ့ အတွေ့အကြုံရှိ ပြိုင်ပွဲဝင်တွေပေါ့”

“ဟဲလို”

ချန်ဖန့်တို့နှစ်ဦးသည် စတုတ္ထနှစ် ကွန်ပျူတာသိပ္ပံကျောင်းသားများဖြစ်ကြပြီး တစ်ဦးနှင့် တစ်ဦးရင်းနှီးသော ဆက်ဆံရေးမျိုးမဟုတ်ကြပေ။

လုချောင်သည် တရုတ်တက္ကသိုလ်ကျောင်းသားများအကြား နာမည်ကြီးတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူဝင်ပြိုင်မှုက အံ့အားသင့်စရာမဟုတ်ပေ။

သို့သော် သူတို့အသင်းတွင် ဖန့်ကြွယ်ယွီ ပါဝင်လာမည်ဟု မထင်ထားမိပေ။ နာမည်ကြီး သူဌေးသားတစ်ဦးက ဆိုက်ဘာလုံခြုံရေးအပိုင်းတွင် ကျွမ်းကျင်လာမည်ဟု မထင်ထားမိပေ။

“ဖန့်ကြွယ်ယွီ….မင်းက ဘယ်တုန်းက ဒီအပိုင်းမှာ ကျွမ်းကျင်သွားတာလဲ”

“အင်း ထွေထွေထူးထူးတော့မရှိပါဘူး။ ငါ စာတမ်းမရေးချင်လို့ ဝင်ပြိုင်တာ”

“ငါက ပြိုင်ပွဲမှာ ထိပ်ဆုံးသုံးနေရာမှာ ရတယ်ဆိုရင် ငါ စာတမ်းရေးတယ်ဆိုပြီး အမှတ်ပေးမယ်လို့ပြောတယ်။ဒါကြောင့်မို့ ငါလည်းအပျင်းပြေဆော့ပစ်တာ”

လုချောင်မျက်နှာပျက်သွားသည်။

အပျင်းပြေလာဆော့တာက ချန်ပီယံဆုရဖို့ မျှော်လင့်နေတာလား…

“သူလျှောက်ပြောတာ မင်းတို့ မယုံနဲ့။ သူ့အရည်အချင်းကို သိသွားရင် မင်းတို့ ကြက်သီးမွေးညင်းထသွားလိမ့်မယ်”

“ဘာလဲ မင်းတို့ချင်း ယှဉ်ပြိုင်ပြီးပြီလား”

“ငါ့ သိက္ခာတော့ ငါ မချရဲပါဘူး”

အမှန်တော့ လုချောင်က ဖန့်ကြွယ်ယွီနှင့် ယှဉ်ပြိုင်ချင်သည်။ ကံကောင်းလို့ မယှဉ်ပြိုင်မိတာဟုသာ တွေးမိသည်။ အကယ်၍ သူသာပြိုင်ခဲ့ပါက အရှက်ကွဲလိမ့်မည်။

“မင်းတို့မမြင်လိုက်လို့။ သူတစ်ယောက်တည်းနဲ့ အယောက်နှစ်ဆယ် ပြိုင်ပြီးအနိုင်ရခဲ့တာ။ ပြိုင်ဘက်အသင်းကို ဆယ်မိနစ်တောင်မပြည့်ခင်မှာ အနိုင်ရခဲ့တာ။ ငါ့မျက်စိနဲ့သာ မမြင်ရဘူးဆို သူ့မှာ ဒီလိုအစွမ်းအစရှိတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး”

“တစ်ယောက်နဲ့ အယောက်နှစ်ဆယ် ဟုတ်လား မင်းနောက်နေတာလား”

ချန်ဖန့် နှင့် ရှဲ့ယုကျစ်တို့သည် ကြားလိုက်ရသည့် စကားများကို မယုံနိုင်ပေ။

“ငါညာပြောခဲ့တာဆို မိုးကြိုးပစ်ပါစေ” ဟု လုချောင်က ကျိန်ဆိုသည်။

“အမလေး မင်းအကြောင်း မသိတာခက်လို့။ နောက်ဆုံးပြိုင်ပွဲတုန်းကမင်းပထမမရဘူးဆို အမှိုက်တွေ စားပြမယ်ဆိုပြီး ပြောခဲ့တာ ဟုတ်တယ်မလား”

“ဒီတစ်ကြိမ်တော့ ငါအတည်ပြောတာကွ။ ငါပဲ မဟုတ်ဘူး။ ဌာနမှူးကျောလည်း မြင်လိုက်တယ်။ ငါတို့က သူ့အစွမ်းအစကို မမြင်ရဘူးဆို ငါတို့အသင်းထဲကို ဝင်ခိုင်းပါ့မလား”

“အဲ့တာတော့ ဟုတ်သားပဲ”

“ဌာနမှူးကျော..ကျွန်တော့်ကို ကတိပေးထားတာ မှတ်မိတယ်မလား” ဟု ဖန့်ကြွယ်ယွီက မေးသည်။

“မဟုတ်ဘူး။ ငါပြောင်းဖို့လိုတယ်။ မင်းတို့ နိုင်ငံအဆင့်ပြိုင်ပွဲမှာ ပထမဆုရဖို့လိုတယ်။ ပြီးကျရင် နိုင်ငံတကာအဆင့်ပြိုင်ပွဲကို တက်လှမ်းနိုင်ရမယ်”

“ရတယ် ကိစ္စမရှိပါဘူး။ အဲ့လောက်ကတော့ အေးဆေးပဲ”

“မင်းတို့ ဘယ်နေရာမှာ ပြိုင်ကြမလဲဆိုတာ ဆုံးဖြတ်ကြပေါ့”

“ဖန့် ဒီပြိုင်ပွဲက သာမန်ပြိုင်ပွဲမဟုတ်ဘူးဆိုတာ မင်းသိတယ်မလား။ အရင်ပွဲအတွေ့အကြုံတွေအရဆိုသူတို့က ငါတို့အသင်းကို အရင်ဖြုတ်မှာ။ ဒါကြောင့်မို့ မင်းက ခုခံတဲ့အပိုင်းကိုတာဝန်ယူ။ ငါတို့က တိုက်ခိုက်တဲ့အပိုင်းကို တာဝန်ယူမယ် ဟုတ်ပြီလား”

“မလိုပါဘူး။ သပ်သပ်ဒုက္ခရှာသလိုဖြစ်နေမယ်”

“ဘာကိုဆိုလိုတာလဲ”

“မင်းတို့က ပွဲခင်းထဲရောက်တာနဲ့ သက်တောင့်သက်သာထိုင်ပြီး အနိုင်ရဖို့ ထိုင်စောင့်နေရုံပဲ”

ပွဲမစခင်မှာပင် ဖန့်ကြွယ်ယွီက ယုတ္တိမရှိသော စကားများကို ပြောနေပြန်ပြီလား။

သို့သော် ဖန့်ကြွယ်ယွီ၏ အစွမ်းအစကို မျက်မြင်ကိုယ်တွေ့မြင်ထားရသူ လုချောင်ကတော့ ဖန့်ကြွယ်ယွီပြောတာ အမှန်ဟု ယုံကြည်မိသည်။

ဖန့်ကြွယ်ယွီတစ်ယောက်ထဲ အားနှင့် သူတို့အသင်းသည် ချန်ပီယံဖြစ်နိုင်သည်။

All Chapters