မင်းကို ဖမ်းမိပြီ
Vol. 25 Ch. 357
ချန်ရှီသည်လည်း ထျန်းကျစ်ပြည်သို့ တစ်ဖန်ပြန်လာပြီး အရိုးစုအလောင်းကို သိမ်းပိုက်လိုက်သည်။ ဤအရိုးစု၏ ကျင့်ကြံမှုကလည်း များစွာတိုးတက် ကောင်းမွန်လာနေတာ သူခံစားမိသည်။ သွေးကန်ငရဲက ပိုကျယ်လာပြီး သရဲတစ္ဆေများနှင့် နတ်ဘုရားများစွာလည်း ရှိလာသည်။
အရိုးစုကိုယ်ထည်၏ ကြံ့ခိုင်မှုမှာလည်း အလွန်အံ့သြဖွယ် ကောင်းလှသည်။ အရိုး မျက်နှာပြင်ပေါ်တွင်ပင် ထူးဆန်းသော အသွင်အပြင်များ ပေါ်လာသည်။ ချန်ရှီသည် အရိုးစုရဲ့ ကျင့်ကြံနိုင်စွမ်းက သူ့ရဲ့မူလခန္ဓာကိုယ်ကို ကျော်လွန်သွားသည်ဟုပင် ခံစားလာခဲ့ရသည်။
ဤအရိုးစုခန္ဓာကိုယ်နှင့် သွေးကန်ငရဲသည် ခန္ဓာပေါင်းစည်းနယ်ပယ် သို့မဟုတ် အလောင်းနတ်သုံးကောင်ဘုံ အဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီ။
"သွေးကန်ကျင့်စဥ်ရဲ့ အရှိန်က မြန်လွန်းတယ်..."
သူ မထိန်းနိုင်စွာ အံ့ဩသွားပေမယ့် သွေးကန်ကျင့်စဥ်ကို လေ့ကျင့်တဲ့ အရှိန်က မြန်လာရတဲ့ အကြောင်းအရင်းကတော့ ချန်ရှီရဲ့ စမှတ်က အရမ်းမြင့်နေလို့ပါပဲ။ သူသည် ခန္ဓာပေါင်းစည်းနယ်ပယ်နှင့် နီးစပ်သော်လည်း နတ်ဆိုးစွမ်းအင်များ၏ ကျူးကျော်မှုကြောင့် မ၀င်ရောက်ရသေးပေ။ ဒုတိယအချက်က ကျောထောက်နောက်ခံအဖြစ် ဘုရားသွေးကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးချင်ခဲ့သည်။
ထောင်ပေါင်းများစွာသော နတ်ဘုရား အလောင်းကောင်များသည် ဝူလျောင့် ချောက်ကမ်းပါးပေါ်တွင် တွဲလောင်းကျနေသဖြင့် နတ်သွေးသည် မကုန်ခန်းနိုင်ပေ။
တတိယ အကြောင်းရင်းမှာ သွေးကန်ကျင့်စဥ်သည် အမှန်တကယ်ပင် အလွန်လွှမ်းမိုး ချုပ်ကိုင်ထားသော ကျင့်စဥ်တစ်ခု ဖြစ်သည်။ တခြားသူ၏ ကျင့်ကြံမှုကို လုယူကာ ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲခြင်းနှင့် ညီမျှပေသည်။
"ငါ့ခန္ဓာကိုယ်က နတ်သန့်စင်နယ်ပယ် ဒါမှမဟုတ် အနတ္တပြန်ခြင်း နယ်ပယ်ကို အနှေးနဲ့အမြန်တော့ ရောက်တော့မယ် ထင်တယ်"
ချန်ရှီ၏ ဝိညာဉ်သည် အရိုးစု ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် နတ်ဝိညာဉ်သည်လည်း တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ကောင်းမွန်လာသည်ဟု သူ ခံစားခဲ့ရသည်။
သွေးကန်ကျင့်စဥ်သည် ဝိညာဉ်ကို များစွာမတိုးတက်ခဲ့ဘဲ အရေးကြီးဆုံး နတ်ဝိညာဉ်ကို မြှင့်တင်ပေးခဲ့သည်။ ယခုအချိန်တွင် သူ့နတ်ဝိညာဉ်သည် သုံးပေကျော်သွားကာ ဆယ်ပေအဆင့်သို့ ရောက်ရှိသွားခဲ့ပါပြီ။ တဏှာသမ္ပတ္တိသည်လည်း လျော်စွာ ထမြောက်၍ တဏှာကို နှိမ့်ချသော လမ်းကြောင်းပင် ရှိပေ၏၊
အကယ်၍ သူသည် ပေါင်းစပ်နယ်ပယ်ထဲသို့ ဝင်ရောက်ပါက တာအိုဘုံ၊ ဝိညာဉ်နှင့် ရုပ်ခန္ဓာသည် တစ်သားတည်း ပေါင်းစပ်သွားမည်ဖြစ်ပြီး သူသည် နတ်ဝိညာဥ် ဆယ်ပေရှိသော တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မည်။
သို့သော် ယခုအချိန်အထိ ချန်ရှီသည် ခန္ဓာ ပေါင်းစပ်နယ်ပယ်ထဲသို့ မဝင်ဝံ့သေးပေ။ ကောင်းကင်နှင့်မြေကြီးကြားရှိ နတ်ဆိုးစွမ်းအင်ကို သူ ရှင်းရှင်းလင်းလင်း သိနေပြီ။ အကယ်၍ သူသည် ပေါင်းစပ်နယ်ပယ်ထဲသို့ ၀င်ရောက်ပါက မကောင်းမှု၏ လမ်းကြောင်းသည် ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။
"မကောင်းမှုကို ဘယ်လိုရှောင်နိုင်မှာလဲ"
ပလ္လင်ပေါ်တွင်ထိုင်ကာ လေးလေးနက်နက် တွေးတောနေမိသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ထျန်းကျစ်ပြည်တွင် အရိုးစုတစ္ဆေများ အများအပြား ရှိလာခဲ့တာကြောင့် မြို့တော်တွင် ထူးဆန်းသောမြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။
ဤအရိုးစုတစ္ဆေများသည် အလုပ်သမားများကို စုဆောင်းမည်ဟု သတိပေးချက် ထုတ်ထားပြီးနောက် ငရဲနတ်၊ နွားခေါင်းနှင့် မြင်းမျက်နှာ သရဲတစ္ဆေများလည်း အုပ်စုလိုက် ရောက်ရှိလာကြသည်။ အရိုးစုတစ္ဆေများသည် ၎င်းတို့ပေါ်တွင် ရေးဆွဲထားသော အဆောက်အဦးများ၏ အသွင်အပြင်များဖြင့် ထူးဆန်းသော စာရွက်များကို ထုတ်ယူကြသည်။
ထိုတစ္ဆေများသည် အချင်းချင်း ဆွေးနွေးကြပြီး တခြား ငရဲနတ်နဲ့ တစ္ဆေငယ်များထံ မည်သို့မည်ပုံ တည်ဆောက်ကြရမည့် အကြောင်းလည်း ရှင်းပြကြသည်။ ငရဲနတ်လေးတွေက လေးနက်နေတဲ့ပုံပေါက်ပြီး ထပ်ခါတလဲလဲ ခေါင်းညိတ်ပြ၏။ နန်းဆောင်တွေနဲ့ လှေကားထစ်တွေ ဆောက်ပါတော့သည်။ ရက်အနည်းငယ် ကြာပြီးနောက် ထျန်းကျစ်မြို့တော်မြေပြင်မှ အမတစုဆောင်းမျှော်စင် (ကျွီရှန်းမျှော်စင်) အဆောက်အဦတစ်ခု ပေါ်ထွက်လာသည်။
မျှော်စင် ဖွင့်သည့်နေ့တွင် မြို့တော်ရှိ မျိုးနွယ်စုအားလုံးမှ သရဲတစ္ဆေများနှင့် တစ္ဆေနတ်ဘုရားများလည်း စိတ်လှုပ်ရှားစွာ လာရောက် ကြည့်ရှုခဲ့ကြသည်။ အမတစုဆောင်းမျှော်စင်၌ ဝတ်စားဆင်ယင်ရန် အတွက် သပ်သပ်ရပ်ရပ်ရှိ ဝတ်စုံဉ ခေါင်းစွပ်၊ ဆွဲသီးများနှင့် အခြားလက်ရာမြောက်သော အရာများ၊ အထည်များ၊ မှန်များနှင့် ဟင်းခတ်အမွှေးအကြိုင်များ၊ သက်ရှိလောကမှ ရှားပါးပစ္စည်းများကို ရောင်းချနေကြတာ တွေ့ခဲ့ရသည်။
ဤအရာများကို မြို့တော်တွင် မမြင်ရသောကြောင့် အာရုံခံစားမှု ဖြစ်စေသည်။ သရဲတစ္ဆေများစွာသည် အမတစုဆောင်းမျှော်စင်ထဲသို့ ဝင်ရောက်လာကာ သက်ရှိလောကမှ ရှားပါးပစ္စည်းများကို ဝယ်ယူရန်ပင် ကြံရွယ်ခဲ့ကြသည်။
အမတစုဆောင်းမျှော်စင်သည် နံ့သာပေါင်းငွေကို လက်မခံတတ်ဘဲ ယင်ချန်ပန်းနှင့် ဝိညာဥ်ပြန်ကြာပန်း ကဲ့သို့သော မြေအောက်ကမ္ဘာ၏ ထူးခြားသော အရာများကိုသာ လက်ခံခဲ့သည်။ ရွှေနှင့်ငွေကဲ့သို့သော ပျော့ပျောင်းပြီး အသုံးမဝင်သော စွန့်ပစ်သတ္တုများကိုလည်း လက်ခံနိုင်ဖွယ် ရှိပါ၏။
အမတစုဆောင်းမျှော်စင်၏ လုပ်ငန်းသည် အချိန်အတော်ကြာအောင် အလွန်ပူပြင်းနေခဲ့ပြီး အဆောက်အဦးတွင် ရောင်းချသော ပစ္စည်းများလည်း ရောင်းထွက်သွားခဲ့သည်။
မြေအောက်ကမ္ဘာတွင် ယင်ချန်ပန်းနှင့် ဝိညာဥ်ပြန်ကြာပန်း ကဲ့သို့သော ဝိညာဉ်ဆေးပင်များသည် အလွန်ရှားပါးသော်လည်း သရဲနှင့်နတ်များကတော့ ထိုအရာများကို လူသားထက် ပိုမိုလွယ်ကူစွာ ရရှိနိုင်ပါသည်။ ဝိညာဥ်ပြန်ကြာပန်း စိုက်ဖို့ အထူးတလည် စိမ့်ပေါက်ဖွင့်ပေးတဲ့ သရဲတစ္ဆေတွေနဲ့ တစ္ဆေနတ်ဘုရားတွေတောင် ရှိသေး၏။
အမတစုဆောင်းမျှော်စင်သည် အဆိုပါ ရတနာများကို လက်ခံရရှိပြီးနောက် ၎င်းတို့ကို သက်ရှိလောကသို့ ချက်ချင်း ပို့ဆောင်ခဲ့သည်။ ဆေးဘုရင်ဂိုဏ်းမှ သန့်စင်ပြီးနောက် ၎င်းတို့သည် အသက်ကို ရှည်စေသော အဂ္ဂိရတ်ဆေးများဖြစ်လာကာ နေရာတိုင်းရှိ အမတစုဆောင်းမျှော်စင်များတွင် ပေါ်လာသည်။ ဓနဥစ္စာအဖြစ်သို့ ပြောင်းလဲရန် အချိန်အတော်ကြာမည် မဟုတ်ပေ။
ရှောက်ကျင် လီထျန်းချင်ဘက် လှည့်ပြောလိုက်သည်။
"သက်ရှိလောကကနေ သယ်လာတဲ့ပစ္စည်းတွေက ရှားပါးလာပြီ... မရဏအရာရှိတွေကို လာဘ်ထိုးရုံပဲ ရှိတော့တာ ငါတို့သယ်လာတဲ့ ပစ္စည်းတွေက နည်းလွန်းပြီး ဒုက္ခများတယ်...မင်းမှာ နက်ရှိုင်းနဂါးရွေ့ဓားလို့ ခေါ်တဲ့ မှော်လက်နက်နဲ့ သစ်သားလှည်း ရှိတယ်မလား... ဒီရတနာနှစ်ခုနဲ့ဆို မရဏကမ္ဘာကို ပစ္စည်းတွေ သယ်ပို့ဖို့ ပိုလွယ်သွားနိုင်တယ်"
လီထျန်းချင်: "ငါ မင်းနဲ့အတူ အဲဒီရတနာကို ငှားပြီး သက်ရှိကမ္ဘာကို လိုက်ခဲ့မယ်..."
သူတို့နှစ်ယောက် သက်ရှိကမ္ဘာသို့ ပြန်လာပြီး ဟွမ်ဖောရွာသို့ ရောက်လာကြသည်။ ဝူးချင်းယွီက သူတို့ရဲ့ ရည်ရွယ်ချက်ကို ကြားတော့ သစ်သားလှည်းနဲ့ ခေါင်မိုးကို ငှားလိုက်တော့သည်။
သူတို့နှစ်ဦးသည် အဘွားရှား၏ ယင်နှင့်ယန်ကမ္ဘာ၏ ပထဝီဝင်မြေပုံကို နှိုင်းယှဉ်ကာ ချန်ယန်တောင်အတွင်း၌ ယင်တောင်တန်း၏ တည်နေရာကို ဆုံးဖြတ်ရန် ကြိုးစားကာ တောင်ပေါ်သို့ ရောက်လာခဲ့ကြသည်။
လီထျန်းချင်သည် ကမ္ဘာနှစ်ခု၏ ပထဝီဝင်အနေအထားကို စစ်ဆေးပြီး ၎င်းတို့ကို နှိုင်းယှဉ်ကြည့်နေ၏။
"ဒီနေရာဖြစ်နိုင်တယ်..."
သူသည် ဟွာကိုက်ထီးကို မြှင့်တင်လိုက်ရာ ထီးအဖုံးအောက်တွင် ငွေငါးကဲ့သို့ ဓားမီးတစ်လက် လင်းလက်လာသည်။ ဓားအလင်းသည် နက်ရှိုင်းသော စမ်းရေတွင်းနက်နက် ကိုးထောင့်ချိုးကဲ့သို့ နက်ရှိုင်းသော မြေအောက်ကမ္ဘာထဲသို့ ရောက်ရှိသွားလေသည်။
သူတို့နှစ်ယောက်သည် နက်နဲသော စိမ့်စမ်းရေတွင်းထဲသို့ ကျသွားရာ ပတ်ပတ်လည်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ကြသည်။
"မဟုတ်ဘူး မဟုတ်ဘူး ပထဝီဝင်တည်နေရာနဲ့ မကိုက်ညီဘူး!"
နှစ်ယောက်သား သက်ရှိလောကသို့ ပြန်လာခဲ့ကြပြန်သည်။ လီထျန်းချင်သည် ပထဝီဝင်မြေပုံကို တစ်ဖန် နှိုင်းယှဉ်ကာ ဖြစ်နိုင်သည့် နေရာများစွာကို ရွေးချယ်ရင်း နက်ရှိုင်းနဂါးရွေ့ဓားကို ထပ်မံ မြှင့်တင်ခဲ့သည်။ မြေအောက်ကမ္ဘာထဲသို့ ဝင်ရောက်ပြီးနောက် ထျန်းကျစ်ပြည်၏ တည်နေရာကို ရှာမတွေ့သေးပါ။
သူတို့နှစ်ဦးသည် နေရာများစွာကို ပြောင်းလဲခဲ့ကြသော်လည်း မြေအောက်ကမ္ဘာထဲသို့ ဝင်ရောက်ပြီးနောက် ထျန်းကျစ်ပြည်ကို လုံးဝ ရှာမတွေ့ကြသေးပေ။
လီထျန်းချင်: "ဒီဓားကို မရဏကမ္ဘာဆီ အရင် ယူသွားလိုက်မယ်... မရဏကမ္ဘာကနေ ဒီဓားကို အသက်သွင်းပြီး သက်ရှိလောကထဲကို ဝင်လိုက်ရင် ထျန်းကျစ်ပြည်ရဲ့ တည်နေရာအတိအကျကို ဆုံးဖြတ်နိုင်မှာပါ!"
သူတို့နှစ်ဦးသည် ချက်ချင်းပင် ဆေးဘုရင် ဂိတ်သို့ရောက်လာပြီး သေချင်ယောင်ဆောင်ကာ ဆေးသောက်လိုက်သည်။ ဓားကို ဝိညာဉ်များနှင့်အတူ မရဏကမ္ဘာသို့ ယူဆောင်သွားကြသည်။ သူတို့သည် မရဏတမန်များကို လာဘ်ထိုးပြီး ထျန်းကျစ်ပြည်သို့ ပို့ဆောင်ခိုင်းခဲ့သည်။
သူတို့နှစ်ယောက်ဟာ သူတို့ကိုယ်သူတို့ အရိုးစုတွေနဲ့ တွဲနေကြ၏။ လီထျန်းချင် ဓားကို အသက်သွင်းလိုက်တော့ ဓားအလင်းက လေထုကို ခွဲထွက်သွားသည်။ နှစ်ယောက်သား ပြေးဝင်ကာ အက်ကွဲကြောင်းကို ဖြတ်ကျော်ကာ ဆန့်ကျင်ဘက်ကမ္ဘာဆီသို့ ရောက်လာကြသည်။ သို့သော် တစ္ဆေများနှင့် နတ်များ၏ ကျယ်ပြောသော အကျယ်အဝန်းကိုသာ သူတို့ တွေ့လိုက်ရသည်။
"ဟင့်အင်း! ဒါက မရဏကမ္ဘာဖြစ်တုန်းပဲ!"
လီထျန်းချင် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ရေရွတ်၏။
"ဒါက ချန်ယန်တောင်ရဲ့ မရဏကမ္ဘာ ဖြစ်ရမယ်... မရဏကမ္ဘာက... နှစ်လွှာရှိတယ်??"
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ထိတ်လန့်သွားကြသည်။
ချန်ယန်တောင်အနီးရှိ မရဏကမ္ဘာသည် အလွှာနှစ်ခု ရှိကာ တစ်ခုနှင့်တစ်ခု ထပ်နေနိုင်ဖွယ် ရှိသည်။ မရဏကမ္ဘာ၏ ပထမအလွှာသည် အနောက်နွားရှင်းကျိုး၏ မရဏကမ္ဘာဖြစ်ပြီး မရဏကမ္ဘာ၏ ဒုတိယအလွှာမှာ ထျန်းကျစ်ပြည် တည်ရှိရာ မရဏကမ္ဘာဖြစ်သည်။
မရဏကမ္ဘာနှစ်ခုသည် အမှန်တကယ် ထပ်နေပါသည်။ ထို့ကြောင့် လီထျန်းချင်သည် ဓားကို အသက်သွင်းပြီးတာတောင် ထျန်းကျစ်ပြည်ကို ရှာမတွေ့ခဲ့ပေ။ မရဏကမ္ဘာ နှစ်လွှာရှိ နေရာအချို့ ဖြတ်တောက်ကာ တစ္ဆေနှင့် ဝိညာဉ်များက အတူတကွ နေထိုင်ကြသည်။
သို့သော်လည်း ယင်တောင်ကဲ့သို့ မျဉ်းမခြားဘဲ ထပ်နေသည့် နေရာများစွာ ရှိပါသည်။ နှစ်ယောက်သား ချန်ရှီကိုတွေ့ပြီး ဒီအကြောင်းကို ပြောပြလိုက်တဲ့အခါ ချန်ရှီလည်း အံ့သြသွားသည်။
ချန်ယန်တောင်အနီးရှိ မရဏကမ္ဘာသည် အနည်းငယ် ပုံမှန်မဟုတ်ကြောင်း သူ သတိပြုမိခဲ့ပြီးသားပါ။ တောင်ပေါင်း ၁သိန်းအပြင် ချန်ယန်နဲ့ ယင်တောင်တန်းအကြား ဆန့်ကျင်ဘက်ဖြစ်သော ယင်နဲ့ယန်တို့ကို ထားရှိရန် မဖြစ်နိုင်ပေ။ လီထျန်းချင်ရဲ့ ရှာဖွေတွေ့ရှိမှုက ရိုးရှင်းသော ယင်နဲ့ယန် ဆန့်ကျင်ဘက် ဖြစ်စဉ်လို့ ခံစားရစေသည်။
"ဒါကို တစ်ယောက်ယောက်က ရှင်းပြနိုင်လောက်တယ်... ငါနဲ့လိုက်ခဲ့!"
ချန်ရှီ သူတို့နှစ်ယောက်ကို မိုးကြိုးမျောက်ဝံ တစ္ဆေမျိုးနွယ်စုဆီ ခေါ်ဆောင်သွားခဲ့သည်။ သူတို့ရဲ့ ရည်ရွယ်ချက်ကို နားထောင်ပြီးနောက် မျိုးနွယ်စုရဲ့ အကြီးအကဲ လိန်ချွီက ခဏလောက် စဉ်းစားနေ၏။
“ကျနော်တို့ မျိုးနွယ်စုရဲ့ ကဗျာတွေအရဆို ကျွန်တော်တို့ ရောက်နေတဲ့ နေရာက တကယ်တော့ သက်ရှိကမ္ဘာပါပဲ”
ကျန်သုံးယောက်က တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီး ကြည့်နေကြသည်။
လိန်ချွီ: "ပထမဘဝက သေပြီး မရဏကမ္ဘာမှာ မွေးဖွားခဲ့တယ်လို့ ဆိုတယ်... ကဗျာထဲကအတိုင်းဆို မရဏကမ္ဘာမှာ ရပ်ပြီး ဝမ်းနည်းပူဆွေးမှုကြောင့် ကမ္ဘာပေါ်က ဆွေမျိုးမိတ်ဆွေတွေ ငိုကြွေးနေတာကို ကြည့်ပြီး အော်နေကြပေမယ့် အသံမကြားရဘူး...ယင်နဲ့ယန်က ကွဲကွာပြီး အချင်းချင်း ဆက်သွယ်လို့ မရဘူး ဘေးဥပဒ် ဖြစ်လာတဲ့အခါ ယင်နဲ့ယန်တို့ ပေါင်းစည်းဖို့ ခက်တဲ့ကမ္ဘာကြီး ဖြစ်လာလိမ့်မယ်"
လီထျန်းချင် : "ဘာဘေးဥပဒ်လဲ?"
လိန်ချွီ: "နေထွက်ပြီး လကွယ်သွားရင် ဘေးဥပဒ်က စတယ်.... ငါတို့ တစ္ဆေတွေက ဘာသာစကားကို မေ့ပြီး ရှင်သန်ဖို့ ရွေးချယ်ခဲ့ရတာ... အခုထိ ယင်တောင်တန်းရဲ့ ဧရိယာမှာ ခက်ခက်ခဲခဲ ရှင်သန်ခဲ့တယ်"
လီထျန်းချင် မျက်မှောင်ကြုတ်ကာ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။
ရှောက်ကျင် : "ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ နေမင်းကြီးက စောစောဝင်ပြီး ညတွေ ပိုရှည်လာလေလေ..."
သူအဲဒီမှာ စကားရပ်လိုက်ပြီး ဆက်မပြောတော့ချေ။ တစ္ဆေတွေရဲ့ နေက ထွက်သွားပြီး ယင်နဲ့ ယန်တို့ရဲ့ ကမ္ဘာနှစ်ခုဟာ တစ်သားတည်း ပေါင်းစည်းသွားပြီးလျှင် နေကို ဘယ်တော့မှ မတွေ့ရတော့လောက်ချေ။
သက်ရှိလောကမှာရော ဒီမြင်ကွင်းကို တွေ့ကြုံခံစားနိုင်မှာလား။ ယင်နဲ့ယန် ကမ္ဘာနှစ်ခုရဲ့ လိုက်ဖက်ညီတဲ့ မြင်ကွင်းတစ်ခုလည်း ရှိမှာလား။
သူတို့ အနည်းငယ် စိတ်မသက်မသာ ဖြစ်လာခဲ့ရသည်။
လိန်ချွီ: "အရင်ဘုရင် ရှန့်ဖန်က တစ္ဆေမျိုးနွယ်စုရဲ့ အသက်ကြီးသူတွေကို ခေါ်ပြီး ထွက်သွားတုန်းက ယင်တောင်မှာ နတ်သမီးတစ်ပါး ပေါ်လာတယ်လို့ ကြားတယ်တဲ့... တစ္ဆေမျိုးနွယ်ရဲ့ ရှေးမျိုးဆက်ဖြစ်တဲ့ ယင်တောင်မှာ ပေါ်လာခဲ့တဲ့ အဲ့နတ်သမီးကို လိုက်ရှာပြီး အဲဒီနှစ်မှာ ဖြစ်ပျက်ခဲ့တာကို သိချင်ပေမယ့် မတော်တဆမှုတစ်ခုနဲ့ တွေ့ခဲ့ရတယ်...."
သူက ချန်ရှီကို လေးလေးနက်နက် ကြည့်ကာ စကားဆက်သည်။
"အရှင်မင်းကြီး... အမှန်တရားကို လိုက်ရှာသူတွေကို အမှောင်ထဲမှာ ဟန့်တားနေတဲ့ အင်အားတစ်ခု ရှိနေပုံရတယ်... ထျန်းကျစ်ပြည်က ဘုရင်တစ်ပါးကို ဆုံးရှုံးထားပြီးပြီ... ဒုတိယ ဘုရင်လည်း ဒီအကြောင်းကြောင့်နဲ့ မသေစေချင်ဘူး"
ချန်ရှီ သူ့ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်လိုက်သည်။ သုံးယောက်သား နှုတ်ဆက်စွာဖြင့် မြို့တော်ရဲ့ လမ်းမတွေဆီ ရောက်လာခဲ့သည်။
ချန်ရှီသည် လမ်းပေါ်ရှိ တစ္ဆေမျိုးနွယ်စု အမျိုးမျိုးကို ကြည့်လိုက်သည်။ သူတို့သည် နေကို မမြင်ရသည်မှာ နှစ်အတော်ကြာပြီမို့ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့မှာ တန်ခိုးရှိပေမဲ့ သူတို့ရဲ့ဘဝတွေက မကောင်းခဲ့။ ၎င်းတို့သည် ယခင်က နတ်ဘုရားများ ဖြစ်နိုင်ခဲ့သော်လည်း ယခုအခါ ၎င်းတို့သည် တစ္ဆေများနှင့် မတူတော့ပေ။
သက်ရှိလောကတွင် အလားတူဖြစ်ရပ်မျိုး ဖြစ်ခဲ့လျှင် လူဘယ်နှယောက်များ ရှင်သန်နိုင်ပါ့မလဲ။
ထိုအချိန်တွင် လီထျန်းချင်က သံသယနဲ့ မေးလိုက်ပါ၏။
"ဒီမှာ ကောင်းကင်နားစွင့်သူတွေ ရှိနေတာလား"
ချန်ရှီရဲ့ နှလုံးသားလည်း အနည်းငယ် လှုပ်ရှားသွားကာ ကောင်းကင်နားစွင့်သူတွေက ၎င်းတို့အနီးရှိ တံစက်မြိတ်များပေါ်တွင် ရပ်ကာ နားရွက်များကို သူတို့ဘက် မျက်နှာမူထားသည်။
"ကောင်းကင်နားစွင့်သူတွေက နေရာတိုင်းမှာ ပျံ့နှံ့နေတာ... ဟိုးအရင်ကလည်း ဘုရင်ကြီးကို စောင့်ကြည့်ခဲ့ကြတယ် ထင်တယ် အခုတော့ သူတို့က ငါ့ကို စောင့်ကြည့်နေတော့တာပဲ... အရင်ဘုရင် သေတော့ ကောင်းကင်နားစွင့်သူတွေ နန်းတော်ဆီ ပျံသန်းသွားကြတယ်...ဒါက ကောင်းကင်နားစွင့်သူတွေရဲ့ အာရုံစူးစိုက်မှုကို ခံနေရတဲ့အကြောင်း သက်သေပြနေတာပဲ.. ဘုရင်ဟောင်းက ဒဏ္ဍာရီဆန်တဲ့ တစ္ဆေနတ်သမီးကို ရှာဖွေဖို့ သွားခဲ့တာ... အဲဒါကိုက ဒီကောင်တွေကို သတိပေးမိတဲ့ အဖြစ်အပျက်မျိုး ဖြစ်မယ်.... အရင်ဘုရင် အသေခံလိုက်တာကလည်း ဒီကောင်တွေနဲ့ ဆက်စပ်နေလောက်တယ်"
သူ့မျက်လုံးတွေ ပြူးသွားသည်။
ဘုရင်ဟောင်းက အလွန်တန်ခိုးကြီးသည်။ နိုးထလာသော တစ္ဆေသွေးနှင့် သန်မာသော လူဖြစ်သည်။ သူ၏ ခွန်အားသည် မိသားစုကြီး ဆယ့်သုံးစု၏ ဘိုးဘေးများထက် အားနည်းလိမ့်မည် မဟုတ်ပေ။
ရှန့်ဖန်တစ္ဆေမျိုးနွယ်၏ အကြီးအကဲများစွာကိုပါ ပေါင်းထည့်လိုက်ရင် ဤစွမ်းအားကို လျှော့တွက်မထားသင့်တော့ချေ။ ရှေးခေတ် အမတ ရုပ်သွင်များက အလွန်အရေးကြီးပါသည်။ ဒါဆိုရင် ဒီကိစ္စကို တာဝန်ခံတဲ့သူဟာ သာမန် ကောင်းကင်နားစွင့်သူတွေ မဟုတ်ဘူးဆိုတာ သေချာနေပြီ။
'ထျန်းကျစ် မြို့တော်မှာ ငါးကြီးတစ်ကောင် ရှိလောက်တယ်!'
ချန်ရှီ သူ့အကြည့်တွေကို ပြန်ရုတ်လိုက်ပြီး စိတ်ထဲကနေသာ ပြောလိုက်သည်။ ထိုအခိုက် လီထျန်းချင်က ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး အသံပေးလာသည်။
"တစ်ဆယ်လေး ဒီကောင်းကင်နားစွင့်သူတွေက...."
ချန်ရှီ ခေါင်းကို ညင်ညင်သာသာ ခါယမ်းပြလိုက်သည်နှင့် လီထျန်းချင် နားလည်သွားပြီး ဆက်မပြောတော့ပေ။
နန်းတော်သို့ ပြန်လာခဲ့ကြသည်။ ချန်ရှီသည် နန်းတော်ရှေ့တွင် ရပ်ကာ အဝေးကို လှမ်းကြည့်လိုက်၏။ ထျန်းကျစ်မြို့တော်တွင် အခါအားလျော်စွာ ကောင်းကင်နားစွင့်သူများ သွားလိုက်လာလိုက် လုပ်နေတာ သူ မြင်လိုက်ရသည်။ တစ္ဆေမျိုးနွယ်စုတွေက သူတို့နဲ့ ကျင့်သားရနေပုံရပြီး မျက်ကွယ်ပြုထား၏။
ရှောက်ကျင်သည် သူ့ဘာသာသူ အလုပ်လုပ်ရန် ထွက်သွားခဲ့ပြီး လီထျန်းချင်သာ နန်းတော်တွင် ကျန်နေခဲ့သည်။ သူတို့နှစ်ဦးသည် နန်းတော်ရှေ့တွင် ဤကောင်းကင်နားစွင့်သူတို့၏ အမြင့် တက်သွားလိုက်၊ ပြန်ဆင်းလာလိုက် ပုံစံကို သတိထား လေ့လာနေသည်။
ရက်အတော်ကြာအောင် ဆက်တိုက် မလှုပ်ခဲ့ကြ။
"တွေ့ပြီ!" လီထျန်းချင် အရင်ပြောလိုက်သည်။
သူသည် ပိုမိုခိုင်မာသော စူးစမ်းနိုင်စွမ်းရှိပြီး ပို၍သိမ်မွေ့သော စိတ်ရှိရာ ကောင်းကင်နားစွင့်သူများ၏ ပုံစံကို ပထမဆုံး တွေ့ရှိသူ ဖြစ်သည်။
ချန်ရှီလည်း ချက်ချင်း ထွက်လာသည်။
"မင်း ငါ့နယ်မြေကို ရောက်ပြီဆိုတော့ ငါ့ခွင့်ပြုချက်မရဘဲ ထွက်သွားဖို့က သိပ်မလွယ်တော့ဘူး!"
ဗိုက်ကြီးတစ္ဆေများကြားတွင် ငရဲနတ်လေးဟာ အထုပ်တစ်ထုပ်ကို ကျွမ်းကျင်စွာ ကိုင်ဆောင်ပြီး ထွက်လာခဲ့သည်။ သူနဲ့တူတဲ့ ငရဲနတ်လေးတွေ အများကြီးလည်း ရှိသေး၏။ သူတို့သည် တစ်ရက် အလုပ်လုပ်ပြီး သုံးရက်လောက် အနားယူကြသည်။ တစ်နေ့လုပ်အားခယူပြီးမှ အပြင်ထွက်စား၊ သောက်၊ ပိုက်ဆံကုန်ရင် အလုပ်ပြန်ရှာသည်။
ခေါင်းငုံ့ပြီး ရှေ့ကို လျှောက်သွားနေ၏။ ဗိုက်ကြီးထဲက လမ်းလျှောက်ခါနီးမှာ ခြေတစ်စုံက သူ့ရှေ့မှာ ပေါ်လာလေသည်။ ထိုခြေဖဝါးတွင် အသွေးအသားမရှိ၊ ခြေချောင်းရိုးများသာ ရှိသည်။
"ငရဲနတ်လေး... မတွေ့တာကြာပြီနော်... မင်း ငါ့ ယွမ်ချန်နန်းတော်မှာ အလုပ်လုပ်နေသင့်တာ မဟုတ်ဘူးလား... မင်းဘာလို့ ဒီကိုလာတာလဲ... ဟုတ်တယ်သား မင်းက ငါ့ကို အမွှေးတိုင်တွေ အများကြီးကို လှည့်စားခဲ့တာပဲ ငါ့ပိုက်ဆံတွေ ဘယ်မှာလဲ"
ငရဲနတ်လေးလည်း တုန်လှုပ်ခြောက်ခြားစွာ မျှော်ကြည့်လိုက်သောအခါ ချန်ဘုရင်က ခေါင်းပေါ်တွင် သားမွေးအင်္ကျီနှင့် သရဖူကို ၀တ်ဆင်ထားလျက် သူ့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရသည်။
ထိုငရဲနတ်လေးသည် နောက်သို့ ဆုတ်သွားပြီး။
"အရှင်မင်းကြီး... မှားနေဖြစ်မယ် ငရဲနတ်အားလုံးက အတူတူပါပဲ..."
နောက်ကွယ်မှ နောက်ထပ်အသံတစ်သံ ထွက်လာသည်- "ငရဲနတ်လေးတိုင်းက မတူဘူး... သိမ်မွေ့တဲ့စိတ် ရှိတဲ့သူတွေကတော့ ဒါကို မြင်နိုင်တယ်"
ငရဲနတ်လေးလည်း နောက်ပြန် လှည့်ကြည့်လိုက်ရာ လီထျန်းချင်က ပိတ်ဆို့ထားလေသဖြင့် နောက်ထပ် ပြန်ဆုတ်သွားရသည်။
ငရဲနတ်လေးက ပြုံးပြီး တောင်းပန်သည်။
"ဘုရင်မင်းမြတ်ရဲ့ ပိုက်ဆံတွေကို တစ်ပြားတစ်ချပ်မှ မကိုင်ဝံ့ပါဘူး....အခု ဘုရင်မင်းမြတ်ကို ပြန်ပေးပါ့မယ်!"
လွယ်အိတ်ကို ချွတ်လိုက်ပြီး ငွေကို ထုတ်ယူလုဆဲဆဲတွင် ဝမ်းဗိုက်ကြီး တစ္ဆေမျိုးနွယ်စု၏ အကြီးအကဲ ပေါ်လာတာ ရုတ်တရက် မြင်လိုက်ရပြီး သူ့ခေါင်းပေါ်တွင် အရိပ်တစ်ခု ပေါ်လာ၏။ မျှော်ကြည့်သောအခါ မိုးကြိုးမျောက်ဝံ မျိုးနွယ်စု၏ အကြီးအကဲသည် မှောင်မိုက်သော တိမ်တိုက်များကြားတွင် ကောင်းကင်ယံကို စောင့်ကြပ်နေတာ တွေ့လိုက်ရသည်။
ထို့အပြင် လမ်းကြောင်းအမျိုးမျိုးမှာ တစ္ဆေမျိုးနွယ်စု၏ အကြီးအကဲများလည်း ရှိနေ၏။
ငရဲနတ်လေးက သက်ပြင်းချကာ နံ့သာပေါင်းပိုက်ဆံကို မယူတော့ဘဲ ပြုံးပြလာခဲ့သည်။
"နောက်ဆုံးတော့ မင်းငါ့ကို ရှာတွေ့ခဲ့ပြီပေါ့..."
၎င်း၏ ခန္ဓာကိုယ်သည် တိုတိုပုပုနှင့် ရုပ်ဆိုးသော ငရဲနတ်လေးမှ တဖြည်းဖြည်း ကျော့ရှင်းသော မျက်နှာ၊ သိမ်မွေ့သော အသွင်အပြင်၊ ပါးလွှာပြီး ကွေးညွတ်သော မျက်ခုံးမွှေး၊ နီရဲသော နှုတ်ခမ်း၊ ကျက်သရေရှိသော မိန်းကလေးအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
သူ့အဝတ်အစားတွေက မင်မင်းဆက်နဲ့ မတူပေ။ သူမသည် အလွန်ပါးလွှာသော အပြင်ဘက်တွင် ဖောက်ထွင်းမြင်ရသည့် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး အတွင်းဘက်တွင် သွယ်လျပြီး လိုက်ဖက်သော ပန်းရောင်ဂါဝန်ကို ၀တ်ဆင်ထားကာ သူမခါး၏ စွဲမက်ဖွယ်ကောင်းမှုကို ပြသနေသည်။
ချန်ရှီ သူ့လက်ကို ဖြန့်လိုက်သည်။
"ငါ့ပိုက်ဆံက ဘယ်မှာလဲ"
ကောင်မလေးက ပြုံးပြီးပြော၏။
"ငါကလည်း မင်းလို လူပဲလေ... မင်းရဲ့ပိုက်ဆံတွေက ငါ့အတွက် အသုံးမဝင်ဘူး အဲဒါကြောင့် ငါတကယ်မသုံးခဲ့ဘူး"
သူမသည် ချန်ရှီ၏ သစ်ပင်မှ ရထားသော ငွေစက္ကူတွေကို ထုတ်ယူပေးလိုက်သည်။ အမတမြို့တွင်ရှိစဉ်က ချန်ရှီသည် ငရဲနတ်လေးက သူ့အတွက် သုံးနှစ်ကြာ အလုပ်လုပ်ခဲ့ပြီး မည်သည့်ငွေမှ မရခဲ့ကြောင်း ပြောခဲ့သည်။ တော်တော်သနားစရာ ကောင်းတာမို့ သူက စက္ကူပိုက်ဆံအများစုကို ယွမ်ပေါင်သစ်ပင်ပေါ်မှာ ခူးပေးလိုက်၏။
သဲလွန်စမရှိဘဲ ရက်အနည်းငယ်အတွင်း နတ်ဆိုးလေးသည် ပိုက်ဆံနှင့် ထွက်ပြေးသွားလိမ့်မည်ဟု သူလည်း မမျှော်လင့်ထားမိပါ။ ချန်ရှီ ငွေစက္ကူကို ပြန်ယူလိုက်ပြီးမှ လေသံက နည်းနည်းပျော့သွားသည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ မိန်းကလေး?"
မိန်းကလေးက ချိုသာစွာ ပြုံးပြသည်။
"ဝမ်းဝူယွီ...."
ချန်ရှီက သရဖူ ပြုတ်ကျတာကို တားဆီးဖို့ ညင်သာစွာပဲ ခေါင်းညိတ်ပြ၏။
"မင်း ငါ့နောက်ကို လိုက်ခဲ့"
ဝမ်းဝူယွီလည်း သူ့နောက်ကို လိုက်သွားခဲ့သည်။ လိန်ချွီနှင့် အခြားသော မျိုးနွယ်စု ခေါင်းဆောင်များကလည်း အနီးကပ် လိုက်ပါခဲ့သည်။
ချန်ရှီ သူ့လက်ကို ဝှေ့ယမ်းကာ ဆုတ်ခွာရန် အချက်ပြပြီး အေးအေးဆေးဆေး လမ်းလျှောက်ခဲ့သည်။ မသိလိုက်ဘဲ သူသည် မြို့တော်ဘေးရှိ ထျန်းကျစ်ရေကန်သို့ ရောက်လာ၏။ ရေကန်က ငြိမ်သက်နေပြီး လူနှစ်ယောက်၏ ရောင်ပြန်ဟပ်မှုကို ထင်ဟပ်နေသည်။
ချန်ရှီ: "မိန်းကလေးဝမ်း... စိတ်ပျက်ဖွယ်ကုန်းစောင်းက ကမ္ဘာကြီးနဲ့ ဝေးကွာနေတာ မဟုတ်ဘူးလား... သူတို့ ဘာကြောင့် လောကရေးရာမှာ ဝင်စွက်ဖက်ပြီး ထျန်းကျစ်ပြည်ရဲ့ အုပ်စိုးရှင်ဟောင်းကို သတ်ပစ်ရတာလဲ"
ဝမ်းဝူယွီက အောက်ကိုငုံ့ပြီး နူးညံ့တဲ့လက်တွေကို အင်္ကျီလက်စွပ်ကနေ ညင်သာစွာ ဆန့်ထုတ်လိုက်သည်။ သူမက ရေကို ညင်သာစွာ ပွတ်သပ်ရင်း ခေါင်းကိုခါကာ ပြုံးပြ၏။
"စိတ်ပျက်ဖွယ်ကုန်းစောင်းက လူတွေက ကမ္ဘာကြီးထဲကို အလွယ်တကူ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး.... ဥပမာ... အဲ့ဘုရင်က ငါ့အစီအစဉ်ကြောင့် သေသွားတာ မဟုတ်ဘဲ အမတတစ်ယောက်ရဲ့ လက်ထဲမှာ သေဆုံးသွားရတာ..."
ချန်ရှီရဲ့ နှလုံးသားလည်း အနည်းငယ် ထိတ်လန့်သွားပြီး :"အမတ? ယင်တောင်တန်းမှာ တကယ် အမတရှိတယ်ပေါ့?"
ဝမ်းဝူယွီက ပြုံးနေသော်လည်း မဖြေ။
"ဒါဆို စိတ်ပျက်ဖွယ်ကုန်းစောင်းက ဘယ်အချိန်မှာ စွက်ဖက်မှာလဲ"
"ကမ္ဘာပေါ်မှာ တရားမျှတမှု မရှိတဲ့အခါပေါ့... နတ်ဆိုးပန်းတွေဟာ နေရာတိုင်းမှာ ပွင့်နေပြီ... ကောင်းကင်ပြင်နတ်ဘုရားက ဒီကမ္ဘာကြီးကို ဖျက်ဆီးတော့မှာမို့ စိတ်ပျက်ဖွယ်ကုန်းစောင်းက ဒီပရမ်းပတာတွေကို ပြုပြင်ပြီး ကောင်းကင်ပြင်နတ်ဘုရား ကမ္ဘာကြီးကို ဖျက်ဆီးတာကို တားဆီးပေးလိမ့်မယ်"
ဝမ်းဝူယွီသည် အဝေးမှ ရေကန်ကို လှမ်းကြည့်ကာ :"လူတော်တော်များများက စိတ်ပျက်ဖွယ်ကုန်းစောင်း အကြောင်း နားလည်မှုလွဲနေကြတာ.... စိတ်ပျက်ဖွယ်ကုန်းစောင်းက ဒီကမ္ဘာကြီးရဲ့ အုပ်စိုးမှုနောက်ကွယ်က သခင်ဖြစ်ရမယ်ပေါ့... မိသားစု ဆယ့်သုံးစုကတောင် ဒီလိုထင်နေကြတာ"
ချန်ရှီ ပြုံးပြီး "မဟုတ်လို့လား?"
"ဘယ်ဟုတ်မလဲ..."
ဝမ်းဝူယွီက မတ်တပ်ထရပ်ပြီး :"စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ စိတ်ပျက်အားငယ်ခြင်း ဆိုတဲ့ စကားလုံးက အမှန်တကယ်တော့ ကမ္ဘာကြီးကို ဖျက်ဆီးဖို့အတွက် ကောင်းကင်ပြင်နတ်ဘုရားရဲ့ အကြွင်းမဲ့ဆန္ဒကြောင့် ဖြစ်လာတာ... မျှော်လင့်ချက် ဆိုတာ ကြီးမားတဲ့ စိတ်ပျက်အားငယ်တွေ မရောက်လာခင် ရုန်းကန်မှုနဲ့ ကမ္ဘာကြီးကို ကယ်တင်မယ့် စွမ်းဆောင်မှုတစ်ခုပဲ... လူတွေကို စိတ်ပျက်အားငယ်နေတာက ကယ်တင်မယ်... ယဉ်ကျေးမှုနဲ့ ဆက်လက်ရှင်သန် နေထိုင်နိုင်ဖို့က စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ ရည်ရွယ်ချက်ပဲ"
ချန်ရှီ မထိန်းနိုင်ဘဲ အံ့သြတုန်လှုပ်သွားသည်။
"စိတ်ပျက်ဖွယ်ကုန်းစောင်းက ဒီလောက်မြင့်မြတ်တဲ့ နေရာတစ်ခု ဖြစ်နေမယ်လို့ မမျှော်လင့်ထားပါဘူး... လေးစားမိပါတယ်!"
ဝမ်းဝူယွီက ပြုံးလိုက်သည်။
"မောဟဆိုတာ ရာဇ၀တ်မှု မဟုတ်ဘူး... စိတ်ပျက်ဖွယ်ကုန်းစောင်းမှာ နတ်ဆိုးတွေ စုပုံနေပြီ... နတ်ဘုရားတွေကြောင့် ကမ္ဘာကြီး ပျက်စီးသွားတာကို တားဆီးဖို့ ကောင်းကင်နားစွင့်သူကို စေလွှတ်လိုက်တာ.. ကံမကောင်းစွာပဲ ကောင်းကင်နားဆင်သူတွေရဲ့ လုပ်ရပ်တွေကို မကြာခဏဆိုသလို နားလည်မှု လွဲမှားနေကြတယ်"
ချန်ရှီက အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး "စိတ်ပျက်ဖွယ်ကုန်းစောင်းက အရမ်းမွန်မြတ်တယ် ဆိုပြီး မင်းတို့က ငါ့မွေးရာပါ ဆာအိုသန္ဓေသားကို ဘာလို့ ဖြတ်လိုက်တာလဲ"
ဝမ်းဝူယွီ တိတ်ဆိတ်သွားသည်။
ချန်ရှီ၏ ခြေရာများသည် ရေကန်ပေါ်သို့ ဆင်းသက်ကာ ကန်အလယ်ဘက်သို့ လမ်းလျှောက်သွားခဲ့သည်။
"လှုပ်ရှားလိုက်တော့! ငါ့မွေးရာပါ တာအိုသန္ဓေသားက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ငါကြည့်ချင်တယ်"