ပိုးမွှားတစ်ကောင်အား နင်းခြေပစ်ခြင်း
Vol. 2 Ch. 109
"ရှောင်ဖန်"
ယုဝမ်ကျင်း၏ မျက်နှာက မည်းမှောင်သွားသည်။
သူမသည် ချန်းဖန်အား ရပ်တန့်ရန် အလျင်အမြန် ဟန့်တားလိုက်သည်။
သို့သော်လည်း သူမ၏ တားဆီးမှုက နောက်ကျ သွားခဲ့သည်။ ပိုင်ဝူကျိသည် ချန်းဖန်အား သတိပြုမိ သွားပြီး မျက်လုံးများ ကျဉ်းမြောင်းကာ အလိုမကျဟန်ဖြင့် ကြည့်လာသည်။
"မင်းက ဘယ်သူလဲ"
ပိုင်ဝူကျိက တွေးမိ၏။ လူအများစုသည် သူ၏ မီးအဆောင်အင်း အစွမ်းအား တွေ့မြင်ပြီးနောက် ကြောက်ရွံ့ ထိတ်လန့် နေကြသည်။ ထိုကောင်လေးကမူ အနည်းငယ်မျှ တုန်လှုပ်ခြင်း မရှိ။ ရဲရင့်စွာ သို့မဟုတ် မိုက်မဲစွာနှင့် ယုဝမ်ကျင်းဘက်မှ ရပ်တည် ပေးနေသည်။
"ကောင်လေး ဒါက သူရဲကောင်း လုပ်တမ်း ကစားရမဲ့ အချိန် မဟုတ်ဘူးနော်"
ပိုင်ဝူကျိက ချန်းဖန်အား လှောင်ပြောင် လိုက်သည်။
"ကျွန်တော်…"
ချန်းဖန်က ပြုံးလိုက်သည်။
ယုဝမ်ကျင်း၏ စိုးရိမ်ပူပန်နေသော အကြည့်များအား လျစ်လျူရှုကာ ချန်းဖန်သည် ရှေ့သို့ တစ်လှမ်းတိုးရင်း ပြောလိုက်သည်။
"ကျွန်တော့် နာမည်က ချန်းဖန် ကျွန်တော့် အဖေက စီကျွေးမြို့နယ်မှာ ကျော်ကြားတဲ့ လူတွေထဲက တစ်ယောက်ပဲ ယုဝမ်ကျင်းက ကျွန်တော့်ရဲ့ အတန်းဖော် ဖြစ်ခဲ့ဖူးသလို အခင်ဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ဆိုလည်း မမှားဘူး ခင်ဗျားက ကျွန်တော့်ရဲ့ ပိုင်နက်ထဲကို ရောက်နေတယ် ဒါတောင် ဒီကိစ္စမှာ ဝင်မပါဖို့ ကျွန်တော့်ကို ပြောရဲတယ်လား"
"မင်းအဖေက စီကျွေးမြို့နယ်မှာ ကျော်ကြားတဲ့သူ"
ပိုင်ဝူကျိသည် ချန်းဖန်၏ စကားများကြောင့် ရယ်မိတော့ မတတ်။ ချန်းဖန်၏ ခြိမ်းခြောက်မှုက သူကြားဖူး သမျှသော ခြိမ်းခြောက်မှုများထဲတွင် အရယ်ရဆုံး ဖြစ်မည် ထင်သည်။
ပိုင်မိသားစု၏ သခင်ကြီး တစ်ယောက် အနေနှင့်၊ တာအို ရရှိခြင်းအဆင့် မှော်ပညာရှင် တစ်ယောက် အနေနှင့် သူသည် အစိုးရအရာရှိများ၊ သူဌေးကြီးများအား တစ်ခါမှ ဂရုမစိုက်ခဲ့ဖူးပါ။
[T/N - ကမ္ဘာပေါ်မှာ လက်ရှိ ကျင့်ကြံခြင်း အမျိုးအစား နှစ်မျိုးရှိပါတယ်။ မှော်ပညာရှင်နဲ့ သိုင်းပညာရှင် (အတွင်းအား ပညာရှင်) တို့ပါ။ အဘိုးဝေ့၊ ဆရာကော၊ ကျန်းပင်တို့က သိုင်းပညာရှင်တွေ ဖြစ်ပြီး မြွေဘွားဘွား၊ သခင်လေး၊ ပိုင်ဝူကျိတို့က မှော်ပညာရှင်တွေ ဖြစ်ပါတယ်။ ဆရာဝူ (ဝူရှန့်ဟယ်)က ကျတော့ မှော်နက်ပညာနဲ့ သိုင်း နှစ်မျိုးလုံး ကျင့်တာပါ။]
"ဟား ... ဟား ... တော်တော် လေကျယ်တဲ့ ကောင်ပဲ ကြောက်လိုက်တာကွာ"
ပိုင်ဝူကျိ၏ နောက်တွင် ရပ်နေသော ဗလ တောင့်တောင့်နှင့် လူတစ်ယောက်က ဝါးလုံးကွဲ ရယ်ချလိုက်သည်။
"ဘယ်လောက်တောင် ရူးမိုက်တဲ့ ကောင်လေးလဲ "
မြွေဘွားဘွားပင် ရေရွတ်မိ၏။
ဤနေရာ၌ ရှိနေကြသူများတွင် ယုဝမ်ကျင်းမှ လွဲ၍ အားလုံးက အနည်းဆုံး စဦးအဆင့် အောင်မြင်ထားသော အတွင်းအား ပညာရှင်များ ဖြစ်ကြသည်။ ချန်းဖန်ကဲ့သို့ သာမန် ဆယ်ကျော်သက်လေး တစ်ယောက်က အတွင်းအား ပညာရှင်များအား ခြိမ်းခြောက် နေခြင်းမှာ ရယ်ရွှင်ဖွယ် ကောင်းလို့ နေသည်။
"ဟာသပဲ ... "
ပိုင်ဝူကျိက ရယ်ရင်း ခေါင်းယမ်း လိုက်သည်။
ပိုင်ဝူကျိသည် ချန်းဖန်အား ပထမဆုံး မြင်လိုက်စဉ်က တည်ငြိမ်၍ ချောမောသော ကောင်လေး တစ်ယောက်ဟု မှတ်ချက်ချခဲ့သည်။ သို့သော် ချန်းဖန် ပါးစပ်ဟကာ စကား ပြောလိုက်သည်နှင့် ထိုပထမဆုံး အမြင်လေးမှာ ပြိုကွဲ သွားတော့သည်။ ချန်းဖန်သည်လည်း အခြားသော သူဌေးသားများကဲ့သို့ မိမိကိုယ်ကို အထင်ကြီး လွန်းနေသော မိုက်မဲသူ တစ်ယောက်သာ ဖြစ်နေခဲ့သည်။
"ကောင်းပြီ ... ကောင်းပြီ ... မင်းရဲ့ ကျော်ကြားလှပါတယ် ဆိုတဲ့ အဖေမျက်နှာကြောင့် ဒီတစ်ကြိမ်တော့ မင်းကို ခွင့်လွှတ်ပေးလိုက်မယ် မြန်မြန်လေး ထွက်သွားတော့"
ပိုင်ဝူကျိသည် စိတ်ပျက်စရာ ယင်ကောင် တစ်ကောင်အား ခါထုတ်နေသည့် အလား ချန်းဖန်အား လက်ဝှေ့ယမ်း ပြလိုက်သည်။
အမှန်တကယ်တွင် ပိုင်ဝူကျိသည် ချန်းဖန်၏ ဖခင်အား လုံးဝ ဂရုစိုက်သည် မဟုတ်။ ယုဝမ်ကျင်းနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက် လိုသောကြောင့် သူမ၏ သူငယ်ချင်းအား မသတ်ခြင်း ဖြစ်သည်။ အနာဂတ်တွင် ယုဝမ်ကျင်းအား လိုသလို ထိန်းချုပ်နိုင်ဖို့ ဆိုပါက သူတို့သည် ယုဝမ်ကျင်းအား ထိခိုက် နစ်နာစေမည့် သူများ မဟုတ်ကြောင်း သက်သေပြရန် လိုပေသည်။
"ရှောင်ဖန် အခု မြန်မြန် ထွက်သွားတော့ "
ယုဝမ်ကျင်းသည် ချန်းဖန်၏ လက်မောင်းအား ကိုင်ရင်း တိုက်တွန်း လိုက်သည်။
ယုဝမ်ကျင်း၏ အတွေးထဲတွင် ချန်းဖန်အား ဤအရှုပ်အထွေး အတွင်း ဆွဲသွင်းခဲ့သူမှာ သူမဖြစ်ရာ ချန်းဖန်၏ ဘေးကင်းရေး အတွက် သူမ၌ အပြည့်အဝ တာဝန်ရှိသည် ဟူ၍။
"အရမ်းကောင်းတယ် ခင်ဗျားရဲ့ စေတနာအတွက် ဒီတစ်ခေါက်တော့ ခင်ဗျားအသက်ကို ချမ်းသာ ပေးလိုက်မယ်"
ချန်းဖန်က ပြုံး၍ သာမန် စကားလေး တစ်ခွန်း ပြောသည့်အလား ပြောလိုက်သည်။
"မင်း ... "
ပိုင်ဝူကျိ၏ မျက်လုံးများမှာ ဒေါသရောင် လက်သွားပြီး ချက်ချင်းပင် မီးထတောက် လာတော့မလို ဖြစ်သွားသည်။
သူက ချန်းဖန်ကဲ့သို့ သူ့ရှေ့တွင် အသားလွတ် မောက်မာ နေရဲသော ကောင်လေးမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။
"ကောင်လေး ငါ့ရဲ့ စိတ်ရှည်နိုင်မှုက အတိုင်းအတာ ရှိတယ်ဆိုတာ သိသင့်တယ်"
ပိုင်ဝူကျိက ပြင်းထန်စွာ ပြောသည်။
"မင်းကိုငါ သတ်မှာတော့ မဟုတ်ပေမဲ့ အခုချက်ချင်း ထွက်မသွားဘူး ဆိုရင် ရောက်ချင်ရာရောက် တစ်နေရာရာကို ကန်ထုတ် ပစ်လိုက်မယ်။ မင်းအိမ်ကို ဒီတစ်သက် ပြန်ရောက်နိုင်မှာ မဟုတ်တော့ဘူး"
"ကျွန်တော့်ကို ကန်ထုတ်မယ်"
ချန်းဖန်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလာပြီး ခပ်တိုးတိုး ရယ်လိုက်သည်။
"ခင်ဗျားရဲ့ ရယ်စရာ လှည့်ကွက်လေးတွေနဲ့လား။ ဒါတောင် ခင်ဗျားမှာ တိုက်ကွက် တစ်ခါ ထုတ်ဖို့အတွက် အဆောင်အင်း တစ်ခု လိုသေးတယ်။ ဓမ္မကျင့်ကြံခြင်း အဆင့်ကိုတောင် မရောက်သေးဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းလို့ ထင်နေတာ များလား"
"မင်း ... မင်းက ဘယ်သူလဲ"
ချန်းဖန်၏ မှတ်ချက်အား ကြားသော် ပိုင်ဝူကျိ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။
အခြားသော အတွင်းအား ပညာရှင်များသည်လည်း ချန်းဖန်၏ စကားလုံးများထဲရှိ ခြိမ်းခြောက်မှုအား ခံစားမိသောကြောင့် သတိ အနေအထား ဖြစ်သွားကြသည်။
ထိုသာမန်ဆန်သော ကောင်လေးကား မီးအဆောင် အင်းအကြောင်း သိနေရုံသာမက ဓမ္မကျင့်ကြံခြင်း အဆင့်အကြောင်းလည်း သိနေသေးသည်။ ထိုကောင်လေးသည် သူတို့အားလုံး ထင်ထားသကဲ့သို့ သာမန်လူ ဟုတ်မနေခဲ့၊ ကျင့်ကြံသူ တစ်ယောက်ပင် ဖြစ်နေနိုင်သေးသည်။
"ရှောင်ကျင်းရဲ့ သူငယ်ချင်းကလည်း ငါတို့ နယ်ပယ် ထဲကပဲလား"
မြွေဘွားဘွားက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
ယုဝမ်ကျင်း၏ သူငယ်ချင်း ကောင်လေးအား စတွေ့စဉ်က မြွေဘွားဘွားသည် ထူးထူးခြားခြား ဘာမှ မခံစား မိခဲ့သော်လည်း ယခုမူ ထိုကောင်လေး၏ မျက်နှာပေါ်တွင် မယိုင်လဲနိုင်သည့် ယုံကြည်မှုများ ပြည့်နှက် နေသည်ကို တွေ့ရသည်။ ဖြစ်နိုင်သည်မှာ ထိုကောင်လေးသည်လည်း မှော်ပညာရှင် တစ်ယောက်ပေလား။
ပိုင်ဝူကျိသည် ချန်းဖန်အား ခြေဆုံးခေါင်းဆုံး အကဲခတ် ကြည့်သော်လည်း မှော်ပညာရှင် တစ်ယောက်၏ အငွေ့အသက် သော်လည်းကောင်း အတွင်းအား ပညာရှင် တစ်ယောက်၏ အငွေ့အသက် သော်လည်းကောင်း လုံးဝ မခံစားမိပါ။
'သူက မှော်ပညာအကြောင်း အနည်းအကျဉ်း ကြားဖူးတဲ့ သာမန်လူလား ဒါမှမဟုတ် လျှို့ဝှက်နေတဲ့ ဆရာတစ်ဆူများလား'
ပိုင်ဝူကျိသည် စိတ်ထဲ၌ တွက်ချက်လိုက်ပြီး သတိကြီးကြီး ထားကာ ချန်းဖန်အား ကြည့်သည်။
"ကျွန်တော်က ဘယ်သူလဲ ဆိုတော့ ... "
ချန်းဖန်သည် တစ်ဖက်သို့ မျက်နှာ လှည့်လိုက်ပြီး ရှော့ခ်ရနေသေးဆဲ ဖြစ်သော ယုဝမ်ကျင်းအား ကြည့်ကာ ပြန်ဖြေသည်။
"ကျွန်တော် ပြောပြီးပြီလေ ကျွန်တော့် နာမည်က ချန်းဖန်၊ ယုဝမ်ကျင်းရဲ့ အတန်းဖော်ပါလို့ အဲ ... ဟုတ်သားပဲ"
ချန်းဖန်သည် တစ်စုံတစ်ရာအား သတိရ သွားဟန်ဖြင့် လက်ခုပ်တစ်ချက် တီးလိုက်ရင်း ပြောသည်။
"လူတွေကတော့ ကျွန်တော့်ကို ဆရာချန်းလို့ ခေါ်ကြတယ်"
လူတိုင်းက အံ့ဩ သွားကြသည်။ လူတစ်ယောက်သည် မိမိကိုယ်ကို ဆရာတပ်၍ သုံးနှုန်းခြင်းနှင့် အခြားသူများက ထိုလူအား ဆရာဟူ၍ ခေါ်ဝေါ်ခြင်းကား မတူကွဲပြားသော အကြောင်းအရာ နှစ်ခု ဖြစ်သည်။ ပိုင်ဝူကျိအား လူအများက ဆရာပိုင်ဟု ခေါ်ကြသော်လည်း ထိုဆရာ ဟူသော ဂုဏ်ပုဒ် တပ်ရရေး ပိုင်ဝူကျိသည် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာ ဖြစ်သည်။
ချန်းဖန်၏ စကားများသည် အစကပင် သတိကြီးကြီး ထားနေသော ပိုင်ဝူကျိ၏ သံသယများအား ပိုမို တိုးပွား သွားစေသည်။
ပိုင်ဝူကျိနှင့် မြွေဘွားဘွားတို့သည် ၎င်းတို့၏ အိုမင်းနေသော ဦးနှောက်များအား အလုပ်ပေးရင်း ဆရာချန်းဟူသော အမည်နာမကို မှတ်မိနိုင်ရန် ကြိုးစားနေကြသည်။
"ခဏလေး ... ဆရာချန်းဆိုတာ"
ပိုင်ဝူကျိ၏ အနောက်တွင် ရပ်နေသော ဗလတောင့်တောင့် လူကြီးက ရုတ်တရက် ထအော် လိုက်သည်။
"ကျန်းပေ့ဒေသရဲ့ ဆရာချန်း ဖြစ်နိုင်တယ် ဆရာချန်းက ငယ်ရွယ်ပြီး ချောမောတယ်လို့ ပြောကြတယ် ဆရာချန်းရဲ့ မျိုးရိုးနာမည်က ချန်း ဖြစ်ပြီး နောက်ဆုံးနာမည်က ... ဖန် ... "
ထိုလူကြီးက တုန်တုန်ယင်ယင်နှင့် ဆက်လက် ရေရွတ်လိုက်သည်။
"ကျန်းပေ့ ဒေသရဲ့ ဆရာချန်း"
ပိုင်ဝူကျိ မျက်မှောင်ကြုတ်မိ သွားသည်။
သူက ထိုအမည်အား မကြားဖူးခဲ့ပေ။ သူသည် မှော်ပညာရှင် လောက၌ ထဲထဲဝင်ဝင် ရှိသော်လည်း သိုင်းပညာရှင်များ အကြောင်း သိပ်မနှံ့စပ်ရာ မကြာသေးခင်ကမှ ကျော်ကြား လာသော ဆရာချန်းအား မသိသည်မှာလည်း သဘာဝကျသည်။
"သခင်ကြီးပိုင် ကျုပ်တို့ ဒီနေ့ ပြန်သင့်ပြီလို့ ထင်တယ်"
ဗလတောင့်တောင့် လူကြီးက ပိုင်ဝူကျိအား ခပ်တိုးတိုး ကပ်ပြောသည်။ ထိုလူကြီးသည် အပြုံးတစ်ခုအား မနည်း ဖျစ်ညှစ် ပြုံးထားသော်လည်း မျက်လုံးများကမူ ကြောက်ရွံ့ခြင်းတို့ ပြည့်နှက်နေသည်။
"အဲဒီ ဆရာချန်းက အရမ်း အစွမ်းထက်လို့လား"
ပိုင်ဝူကျိသည် ဗလတောင့်တောင့် လူကြီးအား အံ့ဩစွာ ကြည့်ရင်း ပြန်မေးလိုက်သည်။
အနှီ ဗလတောင့်တောင့် လူကြီးသည် ပိုင်ဝူကျိ ခေါ်လာခဲ့သော အတွင်းအား ပညာရှင်များထဲတွင် စွမ်းအား အမြင့်ဆုံးဖြစ်ပြီး ကျန်းပင်နှင့် အဆင့်တူ ထူးကဲသော အောင်မြင်မှု အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ တကယ်တမ်း တိုက်ခိုက်ကြမည် ဆိုလျှင် ထိုလူကြီးသည် ကျန်းပင်ကိုပင် အသာစီး တိုက်ခိုက်နိုင်စွမ်း ရှိလောက်သည်။
"သူက ... အရမ်း အစွမ်းထက်တယ် ဆိုတာထက်ကို ပိုတယ်"
ဗလတောင့်တောင့် လူကြီးလည်း မသက်မသာ ပြုံးလိုက်ပြီး ဆရာချန်း၏ အကြောင်းတို့အား ပြန်ပြောပြ လိုက်သည်။
ပိုင်ဝူကျိ၏ မျက်ခုံးနှစ်ခုသည် တစ်ဖက်နှင့် တစ်ဖက် ထိစပ်လုမတတ် တွန့်ချိုးလာသော်လည်း သူက ဂရုမစိုက်ဟန်ဖြင့် အထင်သေးစွာ ပြောလိုက်သည်။
"သူက ဘယ်လောက်စွမ်းစွမ်း လက်ရှိမှာ တစ်ယောက်တည်းလေ ဒီလောက် ကြောက်စရာ လိုလို့လား အဆိုးဆုံး အခြေအနေ ဖြစ်လာတော့လည်း ထွက်ပြေးရုံပေါ့"
ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သော်လည်း ပိုင်ဝူကျိ၏ အတွင်းစိတ်ထဲ၌ ကြောက်ရွံ့မှု အနည်းငယ်တော့ ရှိနေသည်။ သူနှင့် သူခေါ်လာသော အတွင်းအား ပညာရှင်များ မည်မျှ အစွမ်းထက်ပါစေ သူတို့အားလုံး ရောက်ရှိနေသော နေရာမှာ ချန်းဖန်၏ ပိုင်နက် ဖြစ်သည်။
'သူက ဒီအသက်အရွယ်လေးနဲ့ ဒီလောက် အဆင့်အတန်းကို ပိုင်ဆိုင် နိုင်တယ်တဲ့လား ... '
ပိုင်ဝူကျိ တွေးမိ၏။
"သူတို့ ဘာတွေ ပြောနေကြတာလဲ"
ယုဝမ်ကျင်းက သိလိုစွာ မေးလိုက်သည်။
ချန်းဖန်၏ အမည်အား ပြောပြီး ကတည်းက တစ်ဖက်လူများ၏ မျက်လုံးများထဲရှိ ကြောက်ရွံ့မှုတို့အား သူမပင် မြင်နေရသည်။
"ကောင်းပြီ ဆွေးနွေးနေတာ ရပ်ကြတော့ ဘာပဲဖြစ်ဖြစ် ကျန်းပေ့ဒေသက ကျုပ်နယ်မြေပဲ "
ချန်းဖန်သည် ပခုံး နှစ်ဖက်အား တွန့်လိုက်ရင်း ဆက်ပြောသည်။
"အခု ကျွန်တော် ဘယ်သူလဲဆိုတာ သိပြီမလား ဘာကို စောင့်နေသေးတာလဲ မြန်မြန်လာပြီး ဒူးထောက် တောင်းပန်"
"မင်း ... "
ချန်းဖန်၏ စကားကြောင့် ချင့်ချိန် တွေးတောနေသော ပိုင်ဝူကျိ ရှူးရှူးရှားရှား ဖြစ်သွားသည်။
"မင်းဘာသာမင်း ကျန်းပေ့ဒေသရဲ့ ခေါင်းဆောင်မကလို့ ဘာပဲဖြစ်ဖြစ် အခုချက်ချင်း မင်းကိုငါ ပြာပုံ ဖြစ်သွားအောင် လုပ်ပစ် လိုက်နိုင်တယ် ... "
ရုတ်တရက် ပိုင်ဝူကျိသည် လက်မောင်း တစ်ဖက်အား ဆန့်ထုတ် လိုက်သည်တွင် မီးအဆောင် အင်းတစ်ခု ပါလာသည်။ ပိုင်ဝူကျိက အဆောင်အား အသက်သွင်းလိုက်ရာ မီးတောက်တစ်ခု စတင် လောင်ကျွမ်းလာပြီး တဖြည်းဖြည်းနှင့် လေထုကိုပင် ပြာချ ပစ်နိုင်လောက်အောင် ပူပြင်းသော မီးတောက်ကြီး အဖြစ် ပြောင်းလဲသွားသည်။
ပုံမှန် မီးအဆောင် အင်းထက် နှစ်ဆ အားကောင်းသော အဆောင်အား အသုံးပြုထားသောကြောင့် ပိုင်ဝူကျိက အလွန် ယုံကြည်မှု ရှိနေသည်။ ဤမီးတောက်နှင့် ဆိုပါက သူ့အရှေ့ရှိ လူငယ်လေးအား မဆိုထားနှင့်၊ အလွန် အစွမ်းထက်သော သခင်လေးကိုပင် သတ်နိုင်သည်ဟု ခံစားလာရသည်။
"အား ... ... "
ယုဝမ်ကျင်းသည် သူမပါးစပ်အား လက်ဝါးဖြင့် အုပ်ကာ အော်လိုက်သည်။ ကြောက်မက်ဖွယ် မီးတောက်ကြီးကြောင့် သူမမျက်နှာမှာ ချက်ချင်းပင် အော်ငိုတော့မည့်ဟန် ဖြစ်လာသည်။
အေးစက်၍ မောက်မာသော အပြုံးတစ်ခုက ပိုင်ဝူကျိ၏ မျက်နှာပေါ်၌ ဖြစ်ပေါ်လာသည်။
"ပိုင်မိသားစုက ပညာရှင်တွေက ဒီမီးဘောလုံးနဲ့ သတ်ဖြတ်ခဲ့တဲ့ ရန်သူတွေ မနည်းတော့ဘူး မင်းလည်း သေခြင်းတရားရဲ့ အရသာလေးကို မြည်းကြည့် ရတော့မှာပါ"
ချန်းဖန်ပင် ဘာမှ မတုံ့ပြန်ရသေးခင် ဗလတောင့်တောင့် လူကြီးသည် အလွန် ထိတ်လန့်စွာဖြင့် ပိုင်ဝူကျိအား သတိပေးလာသည်။
"သခင်ကြီးပိုင် ဒါကြီးက နည်းလမ်းကောင်းလို့ ကျုပ်တော့ မထင်ဘူးနော် ဆရာချန်းက သာမန် မဟုတ်ဘူး"
ပိုင်ဝူကျိသည် ခဏမျှ ရပ်တန့် သွားပြီးနောက် ဗလတောင့်တောင့် လူကြီးအား အေးစက်စက် လှည့်ကြည့်သည်။
ဗလတောင့်တောင့် လူကြီးသည် ပိုင်ဝူကျိ၏ 'ငါ့ကို လာမနှောင့်ယှက်နဲ့' ဟူသော အကြည့်ကြီးအား မမြင်ချင်ယောင် ဆောင်လိုက်ပြီး အလေးအနက် ပြောလာသည်။
"ဒီ ဆရာချန်းက အရမ်းကို အစွမ်းထက်တဲ့ အတွင်းအား ပညာရှင်ပဲ ... ပြောကြတာတော့ သူက ဟုန်ဂိုဏ်း အကြီးအကဲ လဲ့ချန်းကျွယ်ရဲ့ တပည့် လင်းဟူကို သုံးကွက်တည်းနဲ့ သတ်ခဲ့တာတဲ့ ပြီးတော့ ရာစုနှစ် တစ်ခုအတွင်း အထွတ်အထိတ် ပညာရှင် အဆင့်ကို ရောက်နေတဲ့ အသက်အငယ်ဆုံး အတွင်းအား ပညာရှင်လို့လည်း ကောလာဟလ ကြားမိတယ်"
"အထွတ်အထိပ် အဆင့် ပညာရှင် လဲ့ချန်းကျွယ်ရဲ့ တပည့်ကို သုံးကွက်တည်းနဲ့ သတ်နိုင်တယ်"
လူတိုင်းသည် ကြားလိုက်ရသည့် စကားများကြောင့် အလွန် အံ့အားသင့် သွားကြသည်။
တိုင်းတာ၍ပင် မရနိုင်သော နောင်တနှင့် စိတ်ရှုပ်ထွေးမှုများက ပိုင်ဝူကျိ၏ စိတ်အတွင်းသို့ ရိုတ်ခတ် လာကြသည်။
"သောက်ကျိုးနည်း ... ... ဘာလို့ ငါ့ကို အဲဒီ အကြောင်းတွေ စောစော မပြောရလဲကွ ... "
ပိုင်ဝူကျိသည် တာအိုရရိခြင်း အဆင့်၏ နောက်ဆုံးအဆင့် ဖြစ်သော်လည်း အထွတ်အထိပ် အဆင့် ပညာရှင် တစ်ယောက်နှင့်တော့ မယှဉ်သာပေ။ အထွတ်အထိပ် အဆင့် ပညာရှင် တစ်ယောက်၏ အတွေး တစ်ချက်တည်းကပင် လူတစ်ယောက်အား မိုင်ပေါင်းများစွာ အဝေးကနေ သတ်နိုင်သည်။
ပိုင်ဝူကျိသည် ဗလတောင့်တောင့် လူကြီး၏ ဆွေစဉ်မျိုးဆက် အဆက်ဆက်တို့အား အမျိုးစုံအောင် ကျိန်ဆဲရင်း ချန်းဖန်အား ဖြည်းညင်းစွာ လှည့်ကြည့်လိုက်တွင် ကျောချမ်းဖွယ် အပြုံးတစ်ခုနှင့် အနီးသို့ တိုးကပ်လာသော ချန်းဖန်အား မြင်လိုက်ရသည်။
ထိုမျှ နီးကပ်နေသော အကွာအဝေးတွင် အထွတ်အထိပ် အဆင့် ပညာရှင် တစ်ယောက်သည် သူ့အား လက်ချောင်းလေးများနှင့်ပင် သတ်နိုင်ပြီး သူ့အနေနှင့် အကာအကွယ် မန္တာန်အား ရွတ်ချိန်ပင် ရမည်မဟုတ်။
"ငါတော့သေပြီ ... "
ပိုင်ဝူကျိသည် နေရာတွင်ပင် အေးခဲသွားပြီး လက်ထဲတွင် ဖော်ထုတ်ထားဆဲ ဖြစ်သော မီးဘောလုံးအား ဘာလုပ်ရမည် မသိတော့ဘဲ တောင့်တောင့်ကြီး ဆက်ရပ်နေမိသည်။
***