← Chapters

နတ်ဘုရားအလင်းကို မြည်းစမ်းကြည့်

Vol. 2 Ch. 110

နတ်ဘုရားအလင်းကို မြည်းစမ်းကြည့်

Vol. 2 Ch. 110

သို့သော်လည်း တာအို‌ရရှိခြင်း အဆင့် ဆရာတဆူ အနေနှင့် ပိုင်ဝူကျိသည် မကြိုးစားကြည့်ဘဲ မစွန့်လွှတ်ချင်ပေ။ ရုတ်တရက် ပိုင်ဝူကျိက အော်လိုက်သည်။

"ဒီလောက် အသက် ငယ်ငယ်လေးနဲ့ အတွင်းအား ပညာမှာ အရမ်း အစွမ်းထက် နေလိမ့်မယ်လို့ ငါတော့မယုံဘူး"

"ဆရာချွေ့ အခုစတော့ ... "

ပိုင်ဝူကျိသည် အော်လိုက်ပြီး သူ့လက်ထဲရှိ မီးဘောလုံးအား ပြန်လည် အသက်သွင်း လိုက်သည်တွင် အနီရောင် မီးတောက်များသည် ပိုမို တောက်ပ လာကြပြီး မီးဘောလုံးကြီးမှ အလွန် ကြီးမားသော မီးနဂါးကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသည်။ မီးနဂါးကြီးသည် မီးတောက်များ မှုတ်ထုတ်ရင်း ရှည်လျားသော လျှာကြီးနှင့် ချန်းဖန်အား ရစ်ပတ် ယူငင်တော့မည့် အလား အော်မြည်လျက် ရှိသည်။

ပိုင်ဝူကျိ၏ တိုက်ခိုက်မှုတွင် တာအိုရရှိခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသူများသာ ဖော်ထုတ်နိုင်သော အလွန် ပြင်းထန်သည့် စွမ်းအားများ ပါဝင်သည်။

ပိုင်ဝူကျိသည် ရန်လိုနေသော မီးနဂါးကြီးအား သူ၏ လက်မောင်း တစ်ဖက်တွင် ရစ်ပတ် စေလိုက်သည်။ ပိုင်ဝူကျိ၏ အစစ်အမှန် စွမ်းအားအား မြင်ရချိန်တွင် မြွေဘွားဘွားနှင့် ကျန်းပင်တို့ပင် အံ့ဩရသည်။ ပိုင်ဝူကျိက အစပိုင်းတွင် သူ၏ အစွမ်းအား အကုန် ထုတ်မသုံးခဲ့တာ ဖြစ်သည်။

"ပိုင်ဝူကျိက တကယ် စွမ်းတာပဲ ... "

မြွေဘွားဘွား ရေရွတ်မိသည်။

"ကောင်းပြီလေ ငါက သခင်ကြီးပိုင်ဆီက ပိုက်ဆံ ယူထားပြီးမှတော့ ဒီတိုက်ပွဲက ရှောင်လွှဲလို့ မရနိုင်တော့ဘူး"

ဗလတောင့်တောင့် လူကြီး၏ အမည်က ဆရာချွေ့ ဖြစ်သည်။ သူက ဆရာချန်းနှင့် မတိုက်ခိုက် လိုသော်လည်း သူ့တွင် ရွေးချယ်စရာ မရှိ။

ဆရာချွေ့သည် အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်ကာ မျက်နှာအား ကောင်းကင်သို့ မော့လျက် ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။ ဆရာချွေ့၏ မျက်လုံးများထဲ၌ အဆိပ်ပြင်းသော မီးတောက်လေး တစ်ခု ကခုန်နေသည့် အလား သူ၏ မျက်လုံးများမှာ ရဲရဲနီလာသည်။

ဆရာချွေ့က လေကို နောက်တကြိမ် အငမ်းမရ ရှုသွင်း လိုက်သည်တွင် မူလ ၁.၉၀မီတာခန့်သာ ရှည်သော သူ၏ အရပ်မှာ ရုတ်ခြည်းဆိုသလို ၂၀.၁၀မီတာခန့်အထိ ကြီးမားသွားသည်။ သွေးကြောစိမ်းများက ဆရာချွေ့၏ လူ့ဘီလူးကဲ့သို့ ကိုယ်ထည်ကြီး‌ပေါ်၌ မြင်နေရပြီး ဧရာမ သွေးကြော ဘောလုံးကြီး အလား ထင်ရစေသည်။

ဆယ်စုနှစ်တခုစာခန့် လေ့ကျင့်ခဲ့ပြီးနောက် ဆရာချွေ့၏ ခန္ဓာကိုယ် နည်းစနစ်က ပြည့်စုံလုနီးနီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ မာကျော လွန်းရကား ဓားထက်ထက် တစ်ခုနှင့် ထိုးလျှင်ပင် ခြစ်ရာ မထင်မည်ကို စိုးရသည်။

လူတိုင်းသည် ဆရာချွေ့ တဖြစ်လည်း လူ့ဘီလူးကြီး ခြေတချက် ‌ဆောင့်လိုက်တိုင်း တုန်ခါသွားသော မြေပြင်ကို ကြည့်မိကြသည်။ မြေပြင်ပေါ်၌ အလွန် နက်လှသော ချိုင့်ရာကြီး တစ်ခု ကျန်ခဲ့သည်ကို မြင်ရသည်။ ထို့နောက်တွင် လူ့ဘီလူးကြီးသည် မာန်တစ်ချက် သွင်းရင်း ချန်းဖန်ထံသို့ တစ်ရှိန်ထိုး ပြေးဝင် သွားလေသည်။

ဆရာချွေ့ ခေါ်လာသော အတွင်းအား စဦးအဆင့် တပည့် နှစ်ယောက်သည်လည်း အသင့် အနေအထားနှင့် အချိန်မရွေး ဝင်ရောက် တိုက်ခိုက်နိုင်ရန် ပြင်ဆင်ထားကြသည်။

ရုတ်တရက် အခြေအနေသည် ယုံကြည်မှု အပြည့်နှင့် မတ်တပ် ရပ်နေဆဲ ဖြစ်သော ချန်းဖန်ဆီသို့သာ ဦးတည် သွားသည်။

"ကြည့်ဦး ... "

‌ယုဝမ်ကျင်း တစ်ယောက် စတင် ငိုယိုတော့သည်။

လူတိုင်းက ချန်းဖန်ကိုသာ အာရုံစိုက် နေကြသည်။ ချန်းဖန်၏ အသားအရည်သည် ယောက်ျားလေး တစ်ယောက် အနေနှင့် ချောမွေ့ လွန်းနေသည့် အပြင် သူ၏ ပါးပြင်နှစ်ဖက် ဆိုလျှင် ဖြူလွန်း၍ အနည်းငယ် နီမြန်းမြန်းပင် ဖြစ်နေသည်။ မည်သည့် ရှုထောင့်က ကြည့်ပါစေ ချန်းဖန်သည် အလိုလိုက် ခံထားရသည့် သူဌေးသား လူပေါ်ကြော့လေးနှင့်သာ တူပြီး ဆရာချွေ့၏ ရုန့်ရင်း ကြမ်းတမ်းသော တိုက်ခိုက်မှုအား ခုခံနိုင်မည့်ပုံ မရှိပါချေ။

"တကယ်လို့ အဲဒီကောင်လေးက အရမ်း အစွမ်းထက်တဲ့ အတွင်းအား ပညာရှင်သာ မဟုတ်ဘူးဆိုရင် ဒီတိုက်ခိုက်မှုကြောင့် သေရလိမ့်မယ်"

ကျန်းပင်က တိကျ သေချာစွာ မှတ်ချက် ပေးလိုက်သည်။

ကျန်းပင်၏ စကားများကြောင့် မူလကပင် စိုးရိမ်နေသော ယုဝမ်ကျင်းမှာ အခြေအနေ ပိုဆိုးသွားသည်။

သို့သော်လည်း ချန်းဖန်သည် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး လက်နှစ်ဖက်အား ရင်ဘတ် ရှေ့တွင် စုစည်းလျက် သိမ်မွေ့စွာ လှုပ်ရှားလိုက်သည်။

"ဒါကဘာလဲ ထိုက်ချိ"

ပိုင်ဝူကျိသည် ချန်းဖန်၏ လှုပ်ရှားမှုအား အကဲခတ်ရင်း ရေရွတ် လိုက်သည်။ သို့သော် ရုတ်တရက် ဖြစ်ပျက် သွားသော အလှည့်အပြောင်းက မြန်ဆန် လွန်းလှသည်။

ပိုင်ဝူကျိ၏ လက်မောင်းတွင် ရစ်ပတ်နေသော ‌မီးနဂါးကြီးသည် ရုတ်ခြည်း ဆိုသလို နှစ်ပေါင်းများစွာ ကွဲကွာနေသော မိဘအား ပြန်မြင်လိုက် ရသကဲ့သို့ ချန်းဖန်ထံသို့ ပြေးထွက်သွားကာ ချန်းဖန်၏ ရင်ဘတ် နား‌လေး၌ အလွန် နာခံစွာ ခွေနေတော့သည်။

ချန်းဖန်သည် လက်တစ်ချက် ဝှေ့ယမ်းကာ မီးနဂါးအား မီးဘောလုံးကြီး အဖြစ် ပြောင်းလဲ လိုက်သည်။ မီးဘောလုံးကြီးသည် ချန်းဖန်၏ လက်ညှိုး ညွှန်ရာ အတိုင်း အလွယ်တကူ ရွေ့လျားနေသည်မှာ မသိလျှင် ထိုမီးတောက် အဆောင်၏ ပိုင်ရှင်မှာ ချန်းဖန်ဟုပင် ထင်ရလောက်သည်။

အစစ်အမှန်သိုင်း သုံးဆယ့် ခြောက်ကွက်၊ ပထမ အကွက်၊ ကောင်းကင် ပြိုတူ။

"မဖြစ်နိုင်ဘူး"

ပိုင်ဝူကျိက သွေးရူး သွေးတန်းနှင့် အော်လိုက်သည်။

သူ့တစ်သက်တာလုံးတွင် ပိုင်မိသားစုဝင် တစ်ယောက်၏ ထိန်းချုပ်မှု အောက်မှ လွတ်ထွက် သွားသော မီးအဆောင်အင်း ဟူ၍ တစ်ခါမျှ မကြားဖူးခဲ့ပေ။

"အဲဒါက သိုင်းပညာလား မှော်ပညာလား ဘယ်လိုပဲ ဖြစ်ဖြစ် မဖြစ်နိုင်ဘူးလေ ... "

ပိုင်ဝူကျိ၏ မျက်လုံးများသည် ဦးတည်ရာ မဲ့သွားပြီး သူက တီးတိုး ရေရွတ်မိသည်။

ကောင်းကင်ပြိုတူ အကွက်သည် မှော်ပညာနှင့် သိုင်းပညာအား ရောစပ်ကာ ပြုလုပ်ထားသော သိုင်းကွက်တစ်မျိုး ဖြစ်ပြီး ပိုင်ဝူကျိ၏ စဉ်းစားနိုင်စွမ်းထက် ကျော်လွန်နေသည်။ သိုင်းကွက်၏ လှုပ်ရှားမှုများသည် ရိုးစင်းသည်ဟု ထင်ရသော်လည်း စွမ်းအားမှာ အံ့မခန်း ဖြစ်သည်။

ထိုအချင်းအရာများ အားလုံးသည် စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်ပြီး ချန်းဖန်ထံသို့ ပြေးဝင်လာသော လူ့ဘီလူးကြီး (ဝါ) ဆရာချွေ့သည်လည်း လွန်စွာ နီးကပ်လာပြီ ဖြစ်သည်။

ချန်းဖန်သည် လက်ညှိုးလေး တချောင်းဖြင့် ဆရာချွေ့ ရှိရာသို့ ညွှန်ပြ လိုက်သည်တွင် မီးဘောလုံးကြီးသည် ရုတ်ခြည်း လျင်မြန်စွာ ရွေ့လျားသွားပြီး ဆရာချွေ့ ပြေးလာသော လမ်းကြောင်း၌ ထိပ်တိုက် ဆုံသည်။

"အား ... "

ဆရာချွေ့ မီးဘောလုံးကြီးအား သတိထားမိချိန်တွင် ရှောင်ရန် အလွန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ရှောင်ရန် မဖြစ်နိုင်တော့ချိန်တွင် ဆရာချွေ့ အကောင်းဆုံး လုပ်နိုင်သည်မှာ ခန္ဓာကိုယ် တစ်ခုလုံးရှိ စွမ်းအင်တို့အား လက်သီးတစ်ဖက်တွင် စုစည်းလိုက်ပြီး ထိပ်တိုက် ရင်ဆိုင်ရန်သာ ရှိသည်။

"ဘုန်း ...  ... "

မီးဘောလုံးကြီးနှင့် လက်သီးတို့ အားပြင်းစွာ ထိမိချိန်တွင် နေရာအနှံ့ မီးပွားများ လွင့်စဉ်သွားပြီး ဘေးလူများသည်လည်း ၎င်းတို့၏ မျက်လုံးများအား အလျင်အမြန် ကာလိုက်ကြရသည်။

ထို့နောက် အားလုံးက တိုက်ပွဲ ရလဒ်အား ကြည့်ရှုရန် ကြည့်မိကြသည်တွင် အသံတစ်ခုနှင့် အတူ လေထဲသို့ လွင့်ပျံလာသော ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးအား တွေ့လိုက်ကြရသည်။ ဘုန်းခနဲ မြည်သံကျယ်ကြီးနှင့် အတူ အနှီ ခန္ဓာကိုယ်ကြီးသည် ပြင်လက်စ လမ်းမပေါ်သို့ ပြုတ်ကျသွားပြီး မီတာအနည်းငယ် ဝန်းကျင်၌ ဖုန်မှုန့်များ ဖုံးလွှမ်းသွားသည်။

"  ... "

"ဆရာ ... "

ခဏတာ ကြာပြီးမှ အခြေအနေအား နားလည်သွားသော ဆရာချွေ့၏ တပည့်လေး နှစ်ယောက်လည်း လန့်ဖြန့်သွားပြီး ၎င်းတို့ဆရာ ပြုတ်ကျသွားသည့် တွင်းပေါက်ကြီး ရှိရာသို့ အလျင်အမြန် ပြေးကြတော့သည်။

လေထဲသို့ လွှင့်ပျံသွားသော ကြီးမားလှသည့် ခန္ဓာကိုယ်မှာ သံသဃရှိစရာ မလိုအောင်ပင် ဆရာချွေ့ ဖြစ်သည်။ ဆရာချွေ့သည် လူ့ဘီလူးကြီး မဟုတ်တော့ဘဲ မူလ ခန္ဓာကိုယ် အရွယ်အစားသို့ ပြန်ပြောင်း သွားပြီ ဖြစ်သည်။ ဆရာချွေ့၏ လက်နှစ်ဖက်မှာ သဘာဝမကျစွာ အပြင်ဘက်သို့ ငေါထွက်နေပြီး မျက်နှာ တစ်ပြင်လုံးရှိ အပေါက်မျိုးစုံမှ သွေးများ ယိုစီး ကျနေသည်မှာ ရင်ဘတ် တစ်ပြင်လုံး ရွှဲရွှဲစိုသည် အထိပင်။ ‌တပည့်လေး နှစ်ယောက်၏ လက်ထဲတွင် ပျော့ခွေလျက် ပါလာသော ဆရာချွေ့သည် အသက်ရှိ သေးရဲ့လား ဆိုသည်ကို မည်သူမှ အတပ် မပြောနိုင်ပါချေ။

ပတ်ဝန်းကျင် တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။

စက္ကန့်ပိုင်းလေးအတွင်း ပိုင်ဝူကျိသည် ချန်းဖန်အား ချွင်းချက်မရှိ ရှုံးသွားခဲ့ပြီ ဖြစ်သည်။ ချန်းဖန်သည် ပိုင်ဝူကျိ၏ မီးအဆောင် အင်းအား ငှားယူသုံးစွဲကာ ဆရာချွေ့အား အနိုင်ယူခဲ့သည်။ ထပ်ပြောရလျှင် ချန်းဖန်၏ စွမ်းအား အစစ်အမှန်အား ဘယ်သူမှ မြင်ပင် မမြင်လိုက်ရတာ ဖြစ်သည်။

"အခု ယုံပြီလား"

ချန်းဖန်သည် ပိုင်ဝူကျိနှင့် သုံးမီတာ အကွာ၌ ရပ်လိုက်ရင်း မေးသည်။ သူက လက်နှစ်ဖက်အား အင်္ကျီအိတ်ထဲ၌ ထည့်ထားရင်း မျက်လုံးထဲရှိ ပြက်ရယ်ပြုလိုမှု တို့ကိုလည်း လုံးဝ ဖုံးကွယ် မထားပေ။

"ရှောင်ဖန်က ဘယ်တုန်းက ဒီလောက် အစွမ်းထက် သွားတာလဲ"

ယုဝမ်ကျင်း၏ စိုးရိမ် ပူပန်မှုတို့မှာ ကွယ်ပျောက် သွားပြီ ဖြစ်သော်လည် သူမသည် သူမအရှေ့ရှိ ကောင်လေးအား ပါးစပ် အဟောင်းသားဖြင့် ငေးကြည့်နေခြင်းအား မရပ်တန့် နိုင်သေးပါ။ ယခု ချန်းဖန်သည် ငယ်စဉ် ကတည်းက သူမနှင့် ရင်းနှီးခဲ့သည့် ချန်းဖန် မဟုတ်သလို ထူးဆန်းစွာ ခံစားရသည်။

ကျန်းပင်နှင့် မြွေဘွားဘွားတို့လည်း ချန်းဖန်၏ စွမ်းအားကြောင့် အံ့အားသင့် နေကြသည်။ သို့သော် ဘယ်သူတွေ ဘယ်လောက်ပဲ အံ့ဩတကြီး ဖြစ်နေကြပါစေ ပိုင်ဝူကျိကိုတော့ မီနိုင်မည် မထင်ပါ။

ပိုင်ဝူကျိသည် ချန်းဖန်ကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နှင့် ထိုအဆင့်ထိ ရောက်ရှိနေသူမျိုး မတွေ့ဖူးခဲ့။ တိုက်ပွဲ တစ်ခုလုံးတွင် ချန်းဖန်သည် ရိုးရှင်းသော လှုပ်ရှားမှု နှစ်ခုသာ ပြုခဲ့သော်လည်း ထိုလှုပ်ရှားမှုများက သိုင်းပညာလော၊ မှော်ပညာလော ဆိုသည်အား ပိုင်ဝူကျိတစ်ယောက် ဘယ်လိုပဲ တွေးတွေး အဖြေ မထွက်ဆဲ ရှိနေသည်။ သေချာတာ တစ်ခုမှာ ချန်းဖန်သည် မြင်နေရသည်ထက် ပို၍ ပြင်းထန်သော စွမ်းအင်မျိုး ပိုင်ဆိုင်ထားသည် ဆိုတာပင်။

'ကျန်းပေ့ဒေသမှာ ဒီလို လွန်လွန်ကြူးကြူး ထူးချွန်နေတဲ့ မကောင်းဆိုးဝါးမျိုး ရှိနေခဲ့မှန်း မသိခဲ့ရပါလားကွာ ...'

ပိုင်ဝူကျိ စိတ်အတွင်း၌ ညည်းညူ မိသည်။

ထိုအချိန်တွင် ချန်းဖန်၏ စကားသံအား ထပ်မံ ကြားလိုက်ရသည်။

"နောက်တစ်ကြိမ်လောက် လက်ရည်စမ်း ချင်သေးလား ဒီလို လုပ်ရအောင် ခင်ဗျားက ခင်ဗျားရဲ့ မှော်ပညာကို သုံးပြီး ကျွန်တော့်ကို အစွမ်းကုန် တိုက်လေ ကျွန်တော်က ခင်ဗျားရဲ့ ခေါင်းကို လည်ပင်းကနေ ဖြတ်နိုင်အောင် ကြိုးစားမယ် မဆိုးဘူးပဲ ပြီးရင် ခင်ဗျားခေါင်းကို ဘောလုံးလုပ်ပြီး ကစားလို့ရတယ်"

ချန်းဖန်၏ ပြုံးလျက် ပြောနေသော စကားများကြောင့် ပိုင်ဝူကျိမှာ ကျောရိုးတစ်လျှောက် ချွေးအေးများ စီးကျလာသည်။ သူက လက်နှစ်ဖက်အား ဆုပ်ကာ ချန်းဖန်အား အရိုအသေ ပေးရင်း ပြောလိုက်သည်။

"ဆရာချန်း ...  ခင်ဗျားနိုင်ပါတယ်"

ထို့နောက်တွင် ပိုင်ဝူကျိသည် မြွေဘွားဘွားအား ချုပ်ထားသော လူနှစ်ယောက်အား အချက်ပြကာ ပြန်လွှတ် ပေးစေလိုက်သည်။

ယုဝမ်ကျင်းလည်း မြေပြင်ပေါ် လဲကျတော့ မတတ် ချိနဲ့နေသော အဘွား ဖြစ်သူအား အလျင်အမြန် တွဲထူလိုက်သည်။ မြွေဘွားဘွား၏ မျက်နှာပေါ်ရှိ နာကျင်နေသော အမူအရာကို မြင်ရတော့ သူမလည်းပဲ ထပ်တူ ခံစားရသည်။

"သခင်လေးကို ကျုပ် လျှော့တွက် မိသွားတယ်။ သူ့မှာ ဆရာချန်းလို အရမ်း အားကောင်းတဲ့ မဟာမိတ်မျိုး ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

ပိုင်ဝူကျိက ခါးသက်စွာ ပြောသည်။

ပိုင်ဝူကျိအား အံ့ဩ သွားစေသည်မှာ မျက်မှောင်ကြုတ်လျက် ပြန်မေးလာသော ချန်းဖန်၏ မေးခွန်း ဖြစ်သည်။

"သခင်လေးဆိုတာ ဘယ်သူလဲ"

"ဆရာချန်းက သခင်လေးအတွက် အလုပ်လုပ် ပေးနေတာ မဟုတ်ဘူးလား"

ပိုင်ဝူကျိလည်း အံ့ဩသွားကာ မေးလိုက်သည်။

"မဟုတ်ဘူး ကျွန်တော် ပြောပြီးပြီလေ ယုဝမ်ကျင်းက ကျွန်တော့် သူငယ်ချင်း ဖြစ်‌တာကြောင့် ကူညီတာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး"

ချန်းဖန်က အေးဆေးစွာ ပြောသည်။

ပိုင်ဝူကျိ၏ မျက်နှာမှာ အလွန် တောက်ပ သွားသည်။ အဆုံးတွင်တော့ ချန်းဖန်နှင့် ပိုင်မိသားစုမှာ လုံးလုံးလျားလျား ရန်သူများ မဖြစ်ကြသေးကြောင်း သူနားလည် သွားသည်။ ထိုသို့ အတွေးနှင့် ပိုင်ဝူကျိ တစ်ယောက် အလွန် တက်ကြွ သွားပြီး စကားဆက်လိုက်သည်။

"ဒါဖြင့်ရင် ဆရာချန်းက သခင်လေးရဲ့ လျှို့ဝှက် ပညာရပ် အ‌ကြောင်းလည်း မသိသေးဘူးပေါ့"

"လျှို့ဝှက် ပညာရပ် အဲဒါ ဘာလဲ"

ချန်းဖန်၏ စိတ်ဝင်စားမှုက ရုတ်တရက် မြင့်တက် သွားသည်။

ကျန်းပင်နှင့် မြွေဘွားဘွားတို့မှာ စိတ်သက်သာရာ ရနေကြဆဲ ရှိသေးသည်။ ပိုင်ဝူကျိနှင့် ချန်းဖန်အကြားရှိ စကား အသွားအလာကြောင့် တစ်ဖန် ရင်ထိတ်ရပြန်သည်။

"ကျုပ်တို့ မိသားစုကြီး ခြောက်စုက ယုဝမ်ကျင်းကို တပည့်အဖြစ် လက်ခံပြီး ကျင့်ကြံခြင်း လမ်းစဉ်မှာ အထောက်အကူ ရအောင် လမ်းညွှန် ပေးချင်ရုံပါ ဘယ်လိုပဲဖြစ်ဖြစ် ဒါက သခင်လေးရဲ့ အသုံးချခံ ဖြစ်ရတာထက်တော့ အများကြီး သာတယ်"

"သခင်လေးတဲ့လား"

ချန်းဖန်၏ အေးစက်စက် ရေရွတ်သံနှင့်အတူ သူ၏ မျက်လုံးများထဲ ရွှေရောင်တစ်ချက် လက်သွားသည်။

ယခုတကြိမ်သည် ချန်းဖန် ပြန်လည် မွေးဖွားပြီး ကတည်းက တစ်စုံတစ်ယောက်အား သတ်ဖြတ်လိုစိတ် ပြင်းပြစွာ ဖြစ်ပေါ်မိခြင်းမှာ ပထမဆုံး ဖြစ်သည်။ ဝေ့ကျီပင်း ဝူကျွင်းကျဲ့အား အနိုင်ကျင့်ကြောင်း ကြားရစဉ်ကပင် ယခုလောက် ဒေါသမထွက်ခဲ့။

သခင်လေးဆိုသူ အသုံးပြုလိုသော လျှို့ဝှက် ပညာရပ်အား ချန်းဖန် မသိစရာ အကြောင်းမရှိ။ ထိုပညာရပ်သည် ယုဝမ်ကျင်း၏ ကိုယ်တွင်းရှိ ယင်ချီများအား စုပ်ယူမည် သာမက သူမ၏ သက်တမ်းကိုလည်း တိုတောင်း စေလိမ့်မည်။ အားလုံး ပြီးမြောက် သွားချိန်တွင် ယုဝမ်ကျင်းသည် အားအင် ချိနဲ့စွာဖြင့် အိပ်ရာထဲ လဲသွားမည် ဖြစ်ပြီး အများဆုံး အသက် ငါးဆယ်ကျော်ခန့် အထိသာ ‌ရှင်သန် နိုင်လိမ့်မည်။

"လူငယ်လေး ...  ပိုင်ဝူကျိရဲ့ အဓိပ္ပာယ် မရှိတဲ့ စကားတွေကို မယုံပါနဲ့။ သခင်လေးက ကျွန်မတို့ မိသားစုရဲ့ ကယ်တင်ရှင်ပါ"

မြွေဘွားဘွားက ကမန်းကတန်း ဝင်ရှင်းပြလာသည်။

ချန်းဖန်သာ ပိုင်ဝူကျိတို့ဘက်သို့ ရောက်သွားပါက သခင်လေး ရောက်မလာခင် သူမတို့ အားလုံး ‌ဒုက္ခ ရောက်ပေလိမ့်မည်။

"ကယ်တင်ရှင်"

ချန်းဖန်က နှာခေါင်း ရှုံ့လိုက်သည်။ သူ့မျက်လုံးများထဲရှိ ‌ရွှေရောင်ဖျော့ဖျော့ အလင်းက ပိုမို လင်းလက် လာသည်။

"ခင်ဗျားနဲ့ ခင်ဗျားတို့ ယုမိသားစုက ကိုယ်ပိုင် အကျိုးအမြတ် အတွက်နဲ့ သွေးသားအရင်းကို တခြားသူဆီ ထိုးကျွေးကြတဲ့ သူတွေပဲ ဒီကိစ္စအတွက် ခင်ဗျားမှာလည်း သခင်လေး ဆိုတဲ့သူနဲ့ ထပ်တူ တာဝန်ရှိတယ်။ ဒါက ခွင့်လွှတ်နိုင်စရာ မရှိဘူး"

ချန်းဖန်၏ စကားသံက အနိမ့်မမြင့် အတက်အကျမရှိ အေးစက်လို့နေရာ မြွေဘွားဘွားမှာ စတင် တုန်ယင်လာသည်။

ချန်းဖန်သည် အတိတ်ဘဝက သတင်းအစအန ဘာမျှ မသိရဘဲ ပျောက်ကွက် သွားသော ယုဝမ်ကျင်း အကြောင်း ပြန်တွေးမိသည်။ အားလုံးက သခင်လေး ဆိုသူကြောင့် ဖြစ်နိုင်သည်။ အတိတ်ဘဝတွင်လည်း ယုဝမ်ကျင်း တစ်ယောက် သက်ဆိုးရှည်ခဲ့ပုံ မရပေ။ သူမ၏ ကူကယ်ရာမဲ့သော အခြေအနေက အတိတ်ဘဝက သူ့ဆရာ ထန်ချင်နှင့် မတွေ့ခင် ကံဆိုး မိုးမှောင် ကျနေခဲ့သော သူ့ကိုယ်သူ ပြန်အမှတ် ရစေသောကြောင့် ဒေါသနှင့် နာကြည်းမှုတို့က ရောယှက် သွားသည်။

ထိန်းချုပ်၍ မရနိုင်တော့ လောက်အောင် သတ်ဖြတ် လိုစိတ်တို့က သူ့စိတ်အတွင်း ပြေးလွှား နေကြသည်။

အသိစိတ် လွတ်ထွက်တော့မတတ် ဖြစ်လာသောကြောင့် ချန်းဖန် မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်း ရှူသွင်း လိုက်ရသည်။ အတန်ကြာတော့မှ သက်ပြင်းချရင်း မျက်လုံး ပြန်ဖွင့်ကာ မေးသည်။

"ဒီတော့ ...  ဒီကိစ္စရဲ့ ရင်းမြစ်က သခင်လေးနဲ့ သူ့နောက်လိုက်တွေပေါ့ တကယ်လို့ သခင်လေး ဆိုတဲ့ကောင်က ရှောင်ကျင်းကို အသုံးချရဲရင် သူနဲ့တန်တာကို ငါက ပြန်ပေးမယ်။ သခင်လေးတင် မကဘူး။ ကမ္ဘာပေါ်က ဘယ်သူမဆို သူမကို ထိခိုက်အောင် မလုပ်စေရဘူး။ ဘာလို့လဲဆိုတော့ သူမက ငါ့ရဲ့ စစ်မှန်တဲ့ သူငယ်ချင်းတွေထဲက တစ်ယောက် ဖြစ်လို့ပဲ"

ချန်းဖန်သည် ပုံမှန် အသံ အနေအထားနှင့် ပြောခြင်း ဖြစ်သော်လည်း ထိုအသံထဲ၌ ကျောချမ်းဖွယ် သတ်ဖြတ် လိုစိတ်အား နားထောင် မိသူတိုင်း ခံစားသိနိုင်သည်။

"အတင့်ရဲတယ် ...  မင်းက သခင်လေးနဲ့ မယှဉ်နိုင်ဘူးကွ ... "

ကျန်းပင် အတွက်မူ သူ့သခင်လေးအား စော်ကားခြင်းက သူ့မိဘအား သတ်ခြင်းကဲ့သို့ ခံစားရဟန် တူသည်။ သူက ချန်းဖန်အား မယှဉ်နိုင်သော်လည်း ပါးစပ်နှင့်တော့ ပြန်ပြော နိုင်သေးသည်။

"အဲဒါတော့ ဟုတ်တယ် ဆရာချန်း သခင်လေးက မှော်ပညာမှာ ကျွမ်းကျင်ရုံတင် မကဘူး ဓမ္မကျင့်ကြံခြင်း အဆင့်ကို ရောက်ဖို့ ခြေလှမ်းဝက်လောက်ပဲ လိုတော့တာ၊ ပြီးတော့ သူ့မှာ အရမ်းစွမ်းတဲ့ မှော်ရတနာတွေလည်း ရှိသေးတယ်။ ဟိုတလောကဆို သူ့ရဲ့ မှော်ရတနာကို သုံးပြီး အတွင်းအား ပညာရှင် ဆရာတစ်ယောက်ကို သတ်ဖြတ်ခဲ့သေးတယ်"

ပိုင်ဝူကျိက ပြောသည်။

"ဘာပဲဖြစ်ဖြစ် သတိထားတာ ကောင်းတယ် မိသားစုကြီး ခြောက်စုက လူတွေနဲ့ အရင် တိုင်ပင် ကြည့်ရအောင်လေ အားလုံးရဲ့ စုပေါင်းအင်အားက တစ်ယောက်တည်းရဲ့ အင်အားထက် စာရင် သခင်လေးကို နိုင်ဖို့ အခွင့်အလမ်း ပိုများတာပေါ့"

ပိုင်ဝူကျိသည် ပုံမှန်မျက်နှာနှင့် ပြောနေသော်လည်း ချန်းဖန်သည် သခင်လေး၏ မဟာမိတ် မဟုတ်ခြင်း အပေါ် အလွန် ကျေနပ်နေပြီး လမ်းလယ်ခေါင်၌ ကျယ်လောင်စွာ အော်မရယ်မိအောင် ထိန်းနေရသည်။ အခွင့်အခါ သင့်တုန်း ချန်းဖန်နှင့် မိတ်ဖွဲ့ရန်လည်း သူမမေ့ပေ။

ချန်းဖန်သည် ပိုင်ဝူကျိ၏ စကားအား တုံ့ပြန် မနေတော့ဘဲ လက်မောင်း တစ်ချက်အား ဖျတ်ခနဲ လှုပ်ရှား လိုက်သည်။

လူတိုင်းမှာ ချန်းဖန်၏ လှုပ်ရှားမှုအား ရိပ်ကနဲသာ မြင်လိုက်ကြရပြီး '‌ဖောင်း'ဟူသော မြည်သံကြီးကိုသာ ကြားလိုက်ရသည်။

အားလုံး သတိပြန်ဝင်လာချိန်တွင် ကျန်းပင်၏ မျက်နှာပေါ်၌ ကုန်ပစ္စည်း အမှတ် တံဆိပ်ကဲ့သို့ လက်ငါးချောင်းရာကြီး တစ်ခုအား တွေ့လိုက် ကြရသည်။ ချန်းဖန်၏ လက်မှာတော့ အင်္ကျီအိတ်ထဲ ပြန်ရောက်သွားပြီ ဖြစ်ကာ ဘယ်တုန်းကမှ မလှုပ်ရှားခဲ့သည့် အလား။

အားလုံး ရှော့ခ်ရ သွားကြသည်။ အဆိုးဆုံးမှာ ကျန်းပင်ဖြစ်သည်။ အရိုက်ခံလိုက်ရသူမှာ သူကိုယ်တိုင် ဖြစ်သော်လည်း မျက်နှာတစ်ဝိုက် စပ်ဖျင်းဖျင်း ဖြစ်နေသည်က လွဲ၍ လေထဲသို့လည်း လွင့်ပျံ မသွားခဲ့သလို ရပ်နေရာမှ ခြေတစ်လှမ်းပင် ရွေ့မသွားခဲ့။ ဖောင်းခနဲ မြည်သံကြီးမှာ အလွန် ကျယ်ပြီး အတွင်းအား ထည့်ထားသော ရိုက်ချက်ဖြစ်ကြောင်း သိသာ လှသော်လည်း ကျန်းပင်သည် နေရာတစ်ချက် ရွေ့မသွားဘဲ မျက်နှာတစ်ဝိုက်သာ အရာထင်သွားသည်။

ထို့ပြင် ချန်းဖန် ရုတ်တရက် တိုက်ခိုက် လာမည်မှန်း ထင်မထားသောကြောင့် ကျန်းပင်သည် မည်သည့် ပြင်ဆင်မှုမှ လုပ်မထားခဲ့။

'ဒီကောင်လေးရဲ့ အတွင်းအား အပေါ် ထိန်းချုပ်နိုင်စွမ်းက ဒီလောက်အထိ ရောက်နေပြီလား ...  ... '

ကျန်းပင်၏ စိတ်မှာ မတည်ငြိမ်နိုင်တော့ဘဲ တုန်လှုပ်စွာ တွေးမိသည်။

ကျန်လူများသည်လည်း အခြေအနေအား အနည်းနှင့်အများ ရိပ်စားမိကြသည်။

'ဆရာချန်းက အထွတ်အထိပ် အဆင့်ကို မရောက်သေးဘူး ဆိုရင်တောင် ဝေးတော့မှာ မဟုတ်ဘူး'

ပိုင်ဝူကျိက အခိုင်အမာ တွေးလိုက်သည်။

'ဒီလို အင်အားကြီးတဲ့ အကူအညီမျိုးနဲ့ ဆိုရင် သခင်လေးကို မျက်နှာချင်းဆိုင် ရင်ဆိုင်ဖို့ အခွင့်အလမ်း ပိုများလာပြီ'

ရုတ်တရက် ပိုင်ဝူကျိ၏ ဆဲလ်ဖုန်းက မြည်လာခဲ့သည်။ ဖုန်းဖြေပြီးနောက် တစ်ဖက်က ပြောလာသည်ကို ကြားရချိန်တွင် ပိုင်ဝူကျိ၏ မျက်နှာက ဖြူဖျော့ သွားသည်။

"ဘာတဲ့လဲ"

ချန်းဖန်က စိတ်မပါစွာ မေးလိုက်သည်။

"သခင်လေးက မိသားစုကြီး ငါးစု ပိတ်ဆို့ထားတာကို ချိုးဖျက်ပြီး ဒီကို လာနေပြီတဲ့ နောက်နှစ်နာရီအတွင်း ရောက်လိမ့်မယ်"

ပိုင်ဝူကျိသည် အနည်းငယ် တုန်ယင်နေသော အသံဖြင့် ပြောလာသည်။

သခင်လေးနှင့် ထိပ်တိုက် တွေ့ရတော့မည် ဟူသောအသိက မကြာသေးခင်ကမှ ရရှိ‌ထားသော ပိုင်ဝူကျိ၏ ယုံကြည်မှု လေးများကိုပင် ကြက်ပျောက် ငှက်ပျောက် ပျောက်သွား‌ စေသည်။

တိတ်ဆိတ်နေသော ကျန်းပင်သည် ကြားလိုက်ရသည့် သတင်း‌ကြောင့် အားတက်သွားပြီး အံကြိတ်ကာ ကြိမ်းဝါး လိုက်သည်။

"သခင်လေး လာနေပြီ ...  မင်းတို့အားလုံး သေရလိမ့်မယ်"

"အချိန်ကောင်းပဲ ... "

ရွှေရောင်ဖျော့ဖျော့ အလင်းတခုက ချန်းဖန်၏ မျက်လုံးများထဲ လင်းလက် သွားသည်။

"မင်းတို့ သခင်လေးက ငါ့ရဲ့ နတ်ဘုရား အလင်းကို မြည်းစမ်းကြည့်ခွင့် ရလောက်အောင် ကံကောင်းတာပဲ ဒါပေမဲ့ တန်ရာတန်ကြေး ပေးဆပ်ရမဲ့ ပမာဏက နည်းနည်းတော့ များလိမ့်မယ်"

***

All Chapters