← Chapters

သခင်လေး

Vol. 2 Ch. 111

သခင်လေး

Vol. 2 Ch. 111

စီကျွေးမြို့လေး၏ အပြင်ဘက်၊ ယုဝမ်ကျင်း၏ ခြံ‌ရှေ့၌ ... ။

အနက်ရောင် အူဒီကား တစ်စီး ရပ်တန့်လာကာ ငယ်ရွယ်၍ ရုပ်ရည် ကြည့်ကောင်းသော လူငယ် တစ်ယောက် ကားအတွင်းမှ ထွက်ပေါ်လာသည်။ လူငယ်သည် အသက် နှစ်ဆယ်ခန့်သာ ရှိမည့်ပုံ ပေါ်ကာ ရွှေကိုင်းမျက်မှန် တစ်လက်အား တပ်ထားသည်။ လူငယ်၏ အသားအရည်မှာ ဖြူဖွေး ချောမွေ့ လွန်းရကား နေပူထဲတွင် တနာရီခန့် ကြာအောင်ပင် ရပ်ဖူးရဲ့လားဟု မေးချင်ဖွယ် ဖြစ်နေသည်။ လူငယ်၏ ပုံပန်းသွင်ပြင်မှာ ယဉ်ကျေးသည့် အမျိုးကောင်း သားလေး တစ်ဦး၏ဟန် ရှိသော်လည်း သူ၏ မျက်လုံးများထဲ တည့်တည့် စိုက်ကြည့်မိပါက စက်ဆုပ်ဖွယ် ကောင်းသည့် ကြောက်မက်ဖွယ် ခံစားချက်ကို ရမည် ဖြစ်သည်။

"သခင်လေး ...  ကျန်းပင်ရဲ့ သတင်းပို့ချက် အရ‌တော့ ဆရာချန်းက သူနဲ့ မြွေဘွားဘွားကို ဒီနေရာဆီ အတင်းအကျပ် ခေါ်လာခဲ့တယ်တဲ့"

သွေးဆုတ် ဖြူလျော်နေသည့် အသွင်နှင့် လူအိုကြီး တစ်ယောက်က အက်ကွဲ‌နေသော အသံဖြင့် ပြောလာသည်။

"ဆရာချန်း"

သခင်လေး ဆိုသည့် လူငယ်၏ မျက်လုံးများထဲ၌ မနှစ်မြို့သည့် အရိပ်အယောင်တို့ ဖြတ်ပြေး သွားသည်။

"သူက ကျန်းပေ့ ဒေသလေးထဲက တောသား တစ်ယောက်ပါပဲ ငါတို့ စုန်းတ‌စ္ဆေဂိုဏ်းနဲ့ ယှဉ်နိုင်စရာ မရှိဘူး။ ကြည့်ရတာ သူက တ‌‌စ္ဆေတသောင်း ကိုက်ဖြတ်ခြင်းရဲ့ နာကျင်မှုမျိုးကို ခံစားကြည့်ချင် နေပြီ ထင်တယ်"

"အသားလွတ် မောက်မာနေတဲ့ အရူးပဲ ဖြစ်မှာပါ သူက သခင်လေးနဲ့ လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး"

လူအိုကြီးသည် အလွန် ထိတ်လန့်စွာဖြင့် ခေါင်းငုံ့လျက် ပြန်ဖြေ လိုက်သည်။

တ‌‌စ္ဆေတသောင်း ကိုက်ဖြတ်ခြင်း ပညာရပ်အား လူအိုကြီးက ကိုယ်တွေ့ မြင်ခဲ့ဖူးသည်။ ထိုပညာရပ်မှာ အလွန် မကောင်းဆိုးဝါး ဆန်လှပြီး ကမ္ဘာ‌ပေါ်တွင် အကြမ်းကြုတ်‌ ဆုံးသော ငရဲမျိုး ဖြစ်မည် ထင်သည်။ လူအိုကြီးသည် ဆရာချန်းနှင့် တကြိမ်မျှ မဆုံဖူးခဲ့သော်လည်း ထိုပညာရပ်ဖြင့် အသတ်ခံ ရတော့မည့် ဆရာချန်းအတွက် အနည်းငယ် သနားမိသည်။

"ထုံရှန်း သွားရအောင် ... "

သခင်လေးသည် ကားဘက်သို့ လှည့်ကာ လက်ဝှေ့ယမ်းရင်း ပြောလိုက်သည်တွင် ကားနောက်ခန်းမှ လူသန်ကြီး တစ်ယောက် ထွက်လာသည်။ ထိုလူသန်ကြီးသည် အလွန် ကြီးမားလှသည့် ဝတ်စုံအား ဝတ်ဆင် ထားသော်လည်း ၎င်း၏ ဧရာမ ကြွက်သား ကြီးများကြောင့် ဝတ်စုံမှာ ကျပ်ထုတ် နေပြီး ပြဲထွက်တော့ မတတ် ဖြစ်နေသည်။ အနှီ လူသန်ကြီး၏ အရပ်သည် နှစ်မီတာခန့် ရှည်ပြီး လက်မောင်းကြီး တစ်ဖက်သည် သာမန်လူ တစ်ယောက်၏ ခါးလောက်နီးနီး တုတ်ခိုင်သည်။

လူသန်ကြီး၏ ဝတ်စုံတွင် သွေးကွက်များ စွန်းထင်းနေပြီး အချို့ သွေးကွက်များမှာ အလွန် လတ်ဆတ် နေသေးသည်။

လူသန်ကြီး၏ မျက်နှာသည် အမူအရာ ကင်းမဲ့လို့ နေပြီး မျက်လုံးများကလည်း အသက်မဲ့စွာ ကြောက်မက်ဖွယ် ‌ခံစားချက်ကို ‌ပေးသည်။ လူသန်ကြီးသည် ထူးဆန်းသော အသံတစ်မျိုးဖြင့် သခင်လေးအား တုံ့ပြန်ပြီး သခင်လေး၏ အနောက်မှ နာခံစွာ လိုက်ပါလာသည်။

သုံးယောက်သားသည် ခြံဝင်းဆီသို့ လမ်းလျှောက် လာကြသည်။ ခြံဝင်းနှင့် ငါးမီတာခန့် အကွာသို့ ရောက်သောအခါ သခင်လေးက ကျယ်လောင်စွာ ကြေညာလိုက်သည်။

"ဆရာချန်း၊ သခင်ကြီးပိုင် ကျုပ်တို့ ရောက်လာပြီ ထွက်လာပြီး တွေ့ပါ"

ယုဝမ်ကျင်း၏ နေအိမ်သည် စီကျွေးမြို့လေး၏ အစွန်အဖျားတွင် တည်ရှိပြီး လယ်ကွင်းများသာ ဝန်းရံထားသည်။ အကယ်၍ တစ်စုံတစ်ယောက်က အိမ်ရှေ့ တည့်တည့်၌ အသံကုန် အော်ဟစ်လျှင်ပင် အရေးတယူ လာကြည့်မည့် အိမ်နီးနားချင်းမျိုး မရှိပါ။

ထိုအချိန်တွင် အနီရောင် ခြံဝင်းတံခါးကြီး ပွင့်သွားပြီး အတွင်းဘက်မှ ကျန်းပင် ထွက်ပေါ်လာသည်။ ကျန်းပင်သည် အပြင်ဘက်တွင် ရပ်နေသော လူငယ်အား မြင်လိုက်သည်နှင့် ပြေးထွက်လာပြီး ရိုသေ လေးစားစွာ ဦးညွှတ်ရင်း ပြောလာသည်။

"သခင်လေး သူတို့အားလုံး အထဲမှာ စောင့်နေကြပါတယ်"

"ဟမ့် ...  ဘဝင်မြင့်နေတဲ့ အရူးတွေ ... "

သခင်လေး ဆိုသူသည် အသက် နှစ်ဆယ်ခန့်သာ ရှိမည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် အသက်လေးဆယ် ကျော်နေပြီ ဖြစ်သည်။ သို့သော် သူ၏ တစ်ဘဝလုံး၌ ယခုကဲ့သို့ တစ်ကြိမ်တခါမျှ မဆက်ဆံခံရဖူးပေ။

ဒေါသနှင့် ပေါက်ကွဲလုနီးနီး ဖြစ်နေသော်လည်း သူက စိတ်ထိန်းပြီး ခြံဝင်းအတွင်း လှမ်းဝင်လိုက်သည်။ အနီရောင် ခြံတံခါးကြီးအား ကျော်လိုက်သည်နှင့် ကြီးမားသော ခြံဝင်း တစ်ခုအတွင်း ရောက်ရှိသွားသည်။ မြွေဘွားဘွား၊ ပိုင်ဝူကျိနှင့် ဆရာချွေ့၏ တပည့်နှစ်ယောက်က သူ့အား နှုတ်ဆက် လာကြသည်။

ခြံဝင်းအတွင်းတွင် စားပွဲခုံတလုံးနှင့် ကုလားထိုင် နှစ်လုံး ချထားသည်။ ချန်းဖန်သည် ကုလားထိုင် နှစ်လုံးထဲရှိ တစ်လုံးတွင် ထိုင်နေပြီး လက်ဖက်ရည် တစ်ခွက်အား အရသာခံလျက် ဖြည်းဖြည်းချင်း စုပ်သောက် နေသည်။

သခင်လေးသည် ဦးစွာပထမ ယုဝမ်ကျင်းအား ခေါင်းစခြေအဆုံး သေချာ အကဲခတ် လိုက်သည်။ ကျေနပ်သွားပြီ ဆိုတော့မှ လွတ်နေသော ကုလားထိုင် တစ်လုံးတွင် ဝင်ထိုင်ကာ အပြုံးတစ်ခုနှင့် စကားစသည်။

"မင်းက ဆရာချန်းထင်တယ် တော်တော် ငယ်သေးတာပဲ ...  ငါတို့အကြားမှာ အထင်လွဲနေတာ တစ်ခုခု ရှိမယ်ထင်တယ် ပြောရရင် ငါ့အနေနဲ့ ဘယ်တုန်းကမှ ကျန်းပေ့ဒေသက လူတွေကို ရန်စဖို့ စိတ်ကူး မရှိဖူးဘူး။ တကယ်လို့ မင်းသာ ဒီမိန်းကလေးနဲ့ အဘွားကြီးကို လွှဲပေးမယ် ဆိုရင် ငါနဲ့မင်းနဲ့ မိတ်ဆွေတွေ ဖြစ်နိုင်ပါသေးတယ်။ ဆရာချန်းက ထက်မြက်တဲ့ လူတစ်ယောက်ပါ ကိုယ့်အတွက် ဘယ်ဟာက ပိုအရေးပါလဲဆိုတာ စဉ်းစားကြည့်ပေါ့။ အသုံးမဝင်တဲ့ မိန်းကလေး တစ်ယောက်လား ဒါမှမဟုတ် အင်အားကြီးတဲ့ မဟာမိတ်လား"

သခင်လေး၏ ပထမဆုံး အကြည့်တစ်ချက်နှင့်တင် တုန်ယင်နေသော ယုဝမ်ကျင်းမှာ ဤ ကမ်းလှမ်းချက်ကို ကြားရသည်တွင် အလွန် ကြောက်ရွံ့သွားပြီး ချန်းဖန်၏ အင်္ကျီစအား မရဲတရဲ လှမ်းဆွဲလိုက်မိသည်။ ဤအချင်း အရာအား မြင်လိုက်ရသော ပိုင်ဝူကျိမှာ မျက်မှောင်ကြုတ် သွားပြီး ချန်းဖန်အား စိုးရိမ်စွာ ကြည့်သည်။

"ဘယ်သူက မင်းကို ထိုင်ခိုင်းလို့ ဝင်ထိုင်တာလဲ"

ရုတ်တရက် ထွက်ပေါ် လာသော ချန်းဖန်၏ အသံကြောင့် အားလုံး ကြောင်အ သွားကြသည်။

"ဘာပြောတယ်"

သခင်လေး၏ မျက်နှာပေါ်ရှိ အပြုံးမှာလည်း အေးခဲသွားသည်။

"အခုနေ မင်းငါ့ကို ဒူးထောက် တောင်းပန်ပြီး ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံယူမယ်ဆိုရင် မင်းမိသားစုရဲ့ အသက်ကို ချမ်းသာပေးမယ်"

ချန်းဖန်သည် လက်ဖက်ရည် ပန်းကန်၏ နှုတ်ခမ်းနားလေးအား လက်ညှိုးဖြင့် သပ်ရင်း ဖြည်းညင်းစွာ ပြောသည်။

"မင်းက သေချင်နေတာပဲ ... "

သခင်လေး၏ ဘေး၌ ငြိမ်သက်စွာ ရပ်နေသော သွေးဆုတ် ဖြူလျော်နေသည့် အသွင်နှင့် အဘိုးကြီးက အော်လိုက်သည်။

သခင်လေး၏ မျက်နှာမှာလည်း အေးစက် တည်တင်းသွားသည်။

"ဆရာချန်း ...  ငါက မင်းကို လေးစားသမှုနဲ့ ဆက်ဆံပေးတယ် မင်းလည်း ငါ့လိုပဲ လေးစားမှု ရှိလိမ့်မယ်လို့ ထင်ထားခဲ့တာ မင်းကိုယ်မင်း ဘာများ မှတ်နေလဲ ဟမ် ...  မင်းက ငါနဲ့ တစားပွဲတည်း ထိုင်ဖို့တောင် အဆင့်မမှီဘူးကွ ...  မင်းက ကျန်းပေ့ဒေသက တောသား တစ်ယောက် သာသာပဲ ရှိတယ် သိုင်းပညာလေး နည်းနည်း တတ်တာနဲ့ သိပ်ကို ဘဝင်မြင့် မနေနဲ့ ငါ့လက်ထဲမှာ သေခဲ့ရတဲ့ သိုင်းပညာရှင်တွေ ဆိုတာ မရေမတွက် နိုင်အောင်ပဲ ... "

"ကောင်းပြီလေ ဒီလိုဆိုမှတော့ ဒီပြဿနာကို လက်နဲ့ပဲ ဖြေရှင်းကြတာပေါ့"

ချန်းဖန်သည် ခေါင်းယမ်းရင်း ညည်းညူ လိုက်သည်။

သခင်လေးသည် ဒေါသအား ဆက်ထိန်း မထားနိုင်တော့ဘဲ စားပွဲခုံအား လက်နှင့် ရိုက်ကာ အော်လိုက်သည်။

"ထုံရှန်း ... "

သခင်လေး အော်လိုက်သည်နှင့် တချိန်လုံး အနောက်ဘက်တွင် အသက်မဲ့စွာ ငြိမ်ငြိမ်သက်သက် ရပ်နေခဲ့သော လူသန်ကြီးသည် သံပတ် ပေးလိုက်သော အရုပ် တစ်ရုပ်ကဲ့သို့ စတင် လှုပ်ရှားလာသည်။ လူသန်ကြီးသည် ရှေ့သို့ အရှိန်နှင့် တက်လာပြီး ချန်းဖန်၏ ခေါင်းအား လက်နှစ်ဖက်ဖြင့် ညှပ်ရိုက် လိုက်သည်။ ချန်းဖန်သာ အချိန်မီ မရှောင်နိုင်ပါက ချန်းဖန်၏ ဦးခေါင်း တစ်ခုလုံး ဖရဲသီး တစ်လုံးကဲ့သို့ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွား လောက်သည်။

"အတင့်ရဲတယ် ... "

ပိုင်ဝူကျိသည်လည်း အော်လိုက်ပြီး မီးအဆောင်အင်း တစ်ခုအား အလျင်အမြန် ထုတ်ယူလိုက်ကာ ပြေးဝင်လာသော လူသန်ကြီး ထုံရှန်းထံ လှမ်းပစ် လိုက်သည်။ မီးအဆောင် အင်းသည် အနီရောင် ကြာပွတ်တစ်ခု အဖြစ် ပြောင်းလဲသွားပြီး လူသန်ကြီး ထုံရှန်းအား ရစ်ပတ်ရန် ကြိုးစားသည်။

မီးကြာပွတ်သည် ထုံရှန်းအား ရစ်ပတ်မိသွားသည်တွင် ၎င်းဝတ်ဆင် ထားသော ဝတ်စုံမှာ မီးစွဲလောင်ကာ ပြာကျသွားသည်။ မီးကြာပွတ်သည် သူ၏ အရေပြားနှင့် တိုက်ရိုက် ထိတွေ့ သွားသော်လည်း ထုံရှန်းက နာကျင်ပုံ မရပေ။ ထုံရှန်းသည် သူ၏ ကြီးမားလှသော လက်သီးဆုပ်ကြီးနှင့် ပိုင်ဝူကျိအား ထိုးလိုက်သည်။ ထိုလက်သီးဆုပ်တွင် အလွန် ပြင်းထန်သော တွန်းကန်အား တစ်ခု ပါဝင်ပြီး လေထုပင် လှုပ်ခတ်သွားဟန် ရသည်။ ပိုင်ဝူကျိလည်း ပင့်သက် ရှိုက်မိပြီး နောက်သို့ ကိုယ်ကို ယို့ကာ ရှောင်တိမ်း လိုက်ရသည်။

"ဘယ်လို ဖြစ်တာလဲ"

ယုဝမ်ကျင်းက ရေရွတ်လိုက်သည်။

မီးကြာပွတ်သည် အင်္ကျီစများအား လောင်ကျွမ်းပြီးနောက် ထုံရှန်း၏ အရေပြားနှင့် ထိတွေ့သည်တွင် လောင်စာ ကုန်ခန်းသွားသည့်အလား ပျောက်ကွယ် သွားကြသည်။ မသိလျှင် ထုံရှန်း၏ ခန္ဓာကိုယ်မှာ လူ့အသား မဟုတ်ဘဲ သတ္တုနှင့် ဖွဲ့စည်း ထားသည့်အလား။

ခန္ဓာကိုယ် အပေါ်ပိုင်း ဗလာကျင်း သွားသော ထုံရှန်းသည် လူတစ်ယောက်နှင့်ပင် မတူတော့ဘဲ သံပတ် ပေးထားသော လူသတ် စက်ရုပ်ကြီးနှင့်သာ တူတော့သည်။

"ဒါက သခင်လေးရဲ့ အလောင်းကောင် ပြုပြင်ခြင်း ပညာရပ်ပဲ ...  ကြေးနီ အလောင်းကောင် ...  တရုတ်ပြည်မှာ ကြောက်စရာ အကောင်းဆုံး အလောင်းကောင် ပြုပြင်ခြင်း ပညာရပ် သုံးခုရှိတယ် ကြေးနီ အလောင်းကောင်၊ သံအလောင်းကောင်နဲ့ သွေးအလောင်း ကောင်တွေပဲ ... "

ပိုင်ဝူကျိက လေးနက်စွာ ပြောသည်။

"တော်တယ် ...  သေချာသိသားပဲ"

သခင်လေးသည် မတ်တတ် ရပ်လိုက်ရင်း ပြောသည်။

"ထုံရှန်းက တစ်ချိန်တုန်းက အရှေ့တောင်အာရှမှာ ကျော်ကြားတဲ့ သိုင်းပညာရှင် တစ်ယောက် ဖြစ်ခဲ့တယ် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူက ငါ့ကို ဆန့်ကျင် လာတယ်လေ အဲဒါကြောင့် သူ့ကို ကြေးနီ အလောင်းကောင် အဖြစ် အသွင်ပြောင်း ပေးလိုက်တာပဲ။

သူ့ရဲ့ ကြွက်သားတွေကို မြင်လား အဲဒါက လုံးဝ လူ့အသား မဟုတ်တော့ဘူး။ သန့်စင်တဲ့ ကြေးနီပဲ ထုံရှန်းရဲ့ ခန္ဓာကိုယ်က အရမ်းကို သန်မာပြီး ဖျက်စီးဖို့ မဖြစ်နိုင်ဘူး။ သူက နာကျင်မှုကိုလည်း မခံစားနိုင်သလို မောပန်းတာမျိုးလည်း မဖြစ်ဘူး။ ငါသာ အမိန့်ပေးရင် တစ်သက်လုံး မရပ်မနားဘဲ ငါ့အတွက် တိုက်ခိုက် ပေးလိမ့်မယ်။ သာမန် သိုင်းပညာရှင်တွေဆိုရင် ထုံရှန်းရဲ့ သိုင်းကွက် တစ်ကွက်ကိုတောင် မခုခံနိုင်ဘူး။ အထွတ်အထိပ် အဆင့် သိုင်းပညာရှင်တွေ အတွက်တောင် ထုံရှန်းက ခေါင်းကိုက်စရာပဲ"

ထို့နောက် သခင်လေးသည် လက်နှစ်ဖက်အား ကျောနောက်တွင် ချိတ်လိုက်ရင်း ချန်းဖန်ဘက်သို့ လှည့်ကာ မေးသည်။

"အခုရော ဘယ်လိုထင်လဲ ဆရာချန်း"

လူသန်ကြီး ထုံရှန်း၏ လုပ်နိုင်စွမ်းကို ကြားပြီးနောက် အားလုံး၏ နှလုံးသားများမှာ နစ်မြုပ် သွားသလို ခံစားရသည်။

ခန္ဓာကိုယ် တစ်ခုလုံး ကြေးနီအဖြစ် ပုံသွင်းထားသော အလောင်းကောင်ကြီးကား လူသတ် စက်တစ်ခုနှင့် မခြားပေ။

မြွေဘွားဘွားသည်ပင် သူမ၏ မြေးမလေးအား သခင်လေးကဲ့သို့ ရက်စက်ခြင်း၌ သာယာတတ်သူ လက်ထဲ ထည့်ပေးမိသည်မှာ မှားပြီလားဟု သံသယ စဝင်လာမိသည်။ ယုဝမ်ကျင်းသည် ကြောက်ရွံ့မှုကြောင့် ခြေထောက်များပင် မခိုင်တော့သောကြောင့် ချန်းဖန်အား မှီထားရသည်။

"ဘယ်လိုထင်လဲ ဆရာချန်း"

ပိုင်ဝူကျိက စိုးရိမ်စွာနှင့် ခပ်တိုးတိုး မေးလိုက်သည်။ သူ၏ မီးအဆောင် အင်းသည်လည်း ကြေးနီ အလောင်းကောင် အပေါ် သက်ရောက်မှု မရှိသောကြောင့် ဘာဆက်လုပ် ရမည်ကို မဆုံးဖြတ် တတ်တော့ပေ။

"ဒါက အသုံးမဝင်တဲ့ အလောင်းကောင် ဖန်တီးတဲ့ ပညာရပ်လေးပဲကို ဘာတွေ ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာလဲ"

ချန်းဖန်သည် နှာခေါင်းရှံ့ကာ ပြောလိုက်ရင်း ဘယ်ဘက် လက်အား လျင်မြန်စွာ ဆန့်ထုတ် လိုက်သည်တွင် ရှည်လျားသော အရိုးကြာပွတ်တခု ထွက်ပေါ်လာသည်။ အရိုးကြာပွတ်သည် အပြစ်အနာအဆာ ကင်းမဲ့သော ကျောက်စိမ်းနှင့် လုပ်ထားသည့် အလား ဖြူဖွေး ချောမွေ့နေသည်။ အရိုးကြာပွတ်သည် လေထဲ၌ တစ်ချက် လူးလွန့် သွားပြီးနောက် ကြာပွတ် ရိုက်ချက်သည် အသက်ရှိနေသော မြွေတစ်ကောင်အလား သခင်လေးထံသို့ တည့်မတ်စွာ တိုးဝင်သွားသည်။

ကြာပွတ် ရိုက်ချက်တွင် မြွေတစ်ကောင်၏ တွန်ကျူးသံ သဲ့သဲ့ကိုပါ ကြားရသည်။

"မှော်ရတနာ ... "

သခင်လေး၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။

သခင်လေးသည် အလွန် လျင်မြန်စွာဖြင့် မြေပြင်အား ခြေတစ်ချက် ဆောင့်ကာ အနောက်ဘက်သို့ ခုန်ဆုတ်လိုက်သည်။ သို့သော် သခင်လေး၏ အနောက်တွင် ရပ်နေခဲ့သော မျက်နှာ ဖြူဖျော့ဖျော့နှင့် လူအိုကြီးမှာမူ ရုတ်တရက် တိုက်ခိုက်မှုအား ရှောင်တိမ်း နိုင်လောက်အောင် ကံမကောင်းခဲ့။ အရိုးကြာပွတ်သည် လူအိုကြီး၏ ခါးအား ရစ်ပတ်မိသွားပြီး ခန္ဓာကိုယ်မှာလည်း နှစ်ပိုင်း ပြတ်ထွက် သွားသည်။

ထုံရှန်းသည်လည်း ကြာပွတ် ရိုက်ချက်အား ခုခံရန် လက်မောင်း နှစ်ဖက်အား ရင်ဘတ်ရှေ့တွင် ယှက်လျက် သားရဲကောင်ကြီး တစ်ကောင်အလား အူလိုက်သည်။

"ဘုန်း ... "

ကြာပွတ်ရိုက်ချက်နှင့် ထုံရှန်းတို့ ထိပ်တိုက် တွေ့ချိန်တွင် ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာပြီး ထုံရှန်း၏ ခန္ဓာကိုယ်မှာ ဧရာမ ဘောလုံးကြီးအလား လေထဲသို့ လွင့်ပျံ ထွက်သွားသည်။ အသံကျယ်ကြီးနှင့် အတူ ခြံဝင်း၏ အုတ်နံရံ၌ ဧရာမ အပေါက်ကြီး တစ်ပေါက် ကျန်ရစ်ခဲ့ပြီး ထုံရှန်းသည်လည်း အားလုံး၏ မြင်ကွင်းထဲမှ ပျောက်ကွယ် သွားသည်။

အဖြစ်အပျက်ကြောင့် လူတိုင်း ဆွံ့အ သွားကြသည်။

တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ဖုန်မှုန့်များ ရှင်းလင်း သွားချိန်တွင် ခြံဝင်းနှင့် ခပ်လှမ်းလှမ်းရှိ လမ်းမ‌ တစ်နေရာ၌ ဧရာမ ချိုင့်ကြီး တစ်ခုအား အုတ်နံရံ အပေါက်နေရာမှ တစ်ဆင့် အားလုံး မြင်လိုက်ကြရသည်။ ချိုင့်ကြီး အတွင်းတွင် ရှိနေသော ထုံရှန်း၏ လက်နှစ်ဖက်မှာ ခန္ဓာကိုယ်မှ ပြုတ်ထွက်သွားပြီး ရင်ဘတ်၌လည်း အလွန် ကြီးမားသော ဒဏ်ရာကြီး တစ်ခု ရှိနေသည်။ အလောင်းကောင် ပြုပြင်ခြင်း ပညာရပ်၏ ထိန်းချုပ်ခြင်း အောက်သို့ ရောက်နေသော သနားဖွယ် ထုံရှန်းမှာ နာကျင်မှုအား မခံစားနိုင်ဘဲ မတ်တတ် ပြန်ရပ်နိုင်ရန် ကြိုးစားနေသော်လည်း မအောင်မြင်ဘဲ ချိုင့်ကြီးအတွင်းသို့ တဖုန်းဖုန်း ပြန်ပြုတ်ကျနေသည်။

"ဒါ ...  ဒါ ... "

ပိုင်ဝူကျိသည် အမှန်တကယ်ကို ပြောစရာစကား ရှာမရ ဖြစ်နေတာ ဖြစ်သည်။ သူ့အတွေးများကလည်း ယောက်ယက်ခတ် နေသည်။

'ဆရာချန်းက အတွင်းအား ပညာရှင် မဟုတ်ဘူးလား ဘယ်လိုဖြစ်လို့ ဒီလောက် အစွမ်းထက်တဲ့ မှော်ရတနာ ရှိနေရတာလဲ'

ထုံရှန်း၏ ခန္ဓာကိုယ်သည် အနည်းဆုံး ကီလို တစ်ရာထက်မနည်း လေးသည်။ ထုံရှန်းသည်ပင် ချန်းဖန်၏ ရိုက်ချက်ကြောင့် လွင့်ထွက် သွားရလျှင် ထိုကြာပွတ် ရိုက်ချက်တွင် ခွန်အား မည်မျှ ပါသနည်း ... ။

ကျန်းပင်၏ မျက်လုံးများသည် ပြူးကျယ်နေပြီး ချန်းဖန်အား မယုံနိုင်စွာ ငေးကြည့်လို့ နေသည်။ ထို့နောက် တဖန် အံ့အားသင့်နေသော သခင်လေးအား ကြည့်မိသည်။

မြွေဘွားဘွားသည်လည်း သူမအနေနှင့် မှားယွင်းသော ဘက်အား ရွေးချယ်မိပြီလား ဟူ၍ စတင် တွေးတော မိလာသည်။

ခဏကြာပြီးနောက် သခင်လေးသည် သတိပြန်ဝင် လာပြီးနောက် သူ၏ ကြေးနီ အလောင်းကောင် မည်မျှ အခြေအနေ ဆိုးဆိုးနှင့် ရှုံးနိမ့် သွားရကြောင်း မြင်ရသည့်အခါ မျက်နှာကြီး နီရဲသွားပြီး အဆုတ်ကွဲမတတ် အော်လိုက်လေသည်။

"ငါမင်းကို တစစီ လုပ်ပစ်မယ်ကွ ... "

ထို့နောက် သခင်လေးသည် အရိုးပုလွေ တစ်ခုအား ထုတ်ကာ စတင် မှုတ်လိုက်သည်။

"သေစမ်း ...  သူ့ကိုတား ...  အခုချက်ချင်း ... "

ပိုင်ဝူကျိ၏ မျက်နှာမှာ ဖြူဖျော့ သွားသည်။ သူက သခင်လေးထံသို့ ခုန်ဝင်ကာ ပုလွေအား လုရန် ပြင်လိုက်သော်လည်း နောက်ကျ သွားခဲ့သည်။ ရှည်လျား၍ အလွန်ရှေးကျသော ပုလွေသံစဉ် တစ်ခုက ဆွဲဆွဲငင်ငင် ထွက်ပေါ်လာသည်။ ပုလွေသံ၏ နောက်တွင် ကျောချမ်းဖွယ် ‌အူသံများက တ‌စ္ဆေ ထောင်ပေါင်းများစွာ နိုးထ လာသကဲ့သို့ ထွက်ပေါ်လာသည်။

ရုတ်တရက် အနက်ရောင် တိမ်မည်းများက နေ့အလင်းရောင်အား ဖုံးအုပ်သွားကာ ခြံဝင်း တစ်ခုလုံး မိစ္ဆာနယ်မြေအတွင်း ရောက်ရှိသွားသည်။

ပုလွေသံကား မရေမတွက်နိုင်သော တ‌စ္ဆေ ဝိညာဉ်များ၏ စစ်ချီတေးအလား ဆက်လက် ထွက်ပေါ်နေသည်။

***

All Chapters