ကမ္ဘာဦး ဝိညာဉ်ပုလွေ
Vol. 2 Ch. 112
"ဒါက ... "
မြွေဘွားဘွားသည် စကားကိုပင် ဆုံးအောင် မပြောနိုင်တော့။ အတိတ် မှတ်ဉာဏ်များထဲရှိ ကြောက်မက်ဖွယ် မြင်ကွင်းတို့အား ပြန်လည် မြင်ယောင်ကာ သူမမျက်နှာက ဖြူဖျော့သွားသည်။
"သခင်လေးရဲ့ ကမ္ဘာဦး ဝိညာဉ်ပုလွေက အလင်းရောင်ကို ပိတ်ဆို့ပြီး သီးသန့် မိစ္ဆာလောက တစ်ခု ဖန်တီးနိုင်တယ်"
ပိုင်ဝူကျိသည် မျှော်လင့်ချက်မဲ့စွာ ရေရွတ်လိုက်သည်။
"မိသားစုကြီးငါးစုရဲ့ စုပေါင်း အင်အားကတောင် သခင်လေးကို သုံးရက်ကြာအောင် မတားဆီးနိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး။ ကျုပ် ဒီမှော်ရတနာရဲ့ အစွမ်းကို လျှော့တွက်မိခဲ့တယ်"
မူလကပင် တုန်ယင်နေသော မြွေဘွားဘွားမှာ ပိုင်ဝူကျိ၏ စကားကြောင့် မတ်မတ်ပင် မရပ်နိုင်ရှာတော့။
"အဲဒီ ပုလွေက တကယ်ပဲ အဲဒီလောက်တောင် စွမ်းလို့လား"
ချန်းဖန်သည် ထိုင်ခုံတွင် တည်တည်ငြိမ်ငြိမ် ထိုင်နေဆဲ ဖြစ်ပြီး ချောက်ချားဖွယ် ပုလွေ၏ အစွမ်းအား မမြင်ရ၊ မကြားရ သကဲ့သို့ ရှိသည်။
ချန်းဖန်၏ ယုံကြည် စိတ်ချချင်စဖွယ် ဟန်ပန်ကြောင့် ကြောက်ရွံ့ နေသူများပင် အတန်ငယ် တည်ငြိမ်လာကြသည်။
ပိုင်ဝူကျိသည် ချန်းဖန်အား တုံ့ပြန်စကား မဆိုအားပေ။ အညှိုးအတေး ဝိညာဉ်ပေါင်း မြောက်မြားစွာက တဝူးဝူး တဝါးဝါး အော်ဟစ်လျက် သူတို့ အုပ်စုထံ ပြေးလာနေပြီ ဖြစ်သည်။ ပိုင်ဝူကျိသည် အဆောင် အင်းစာရွက် လက်တစ်ဆုပ်အား ထုတ်ကာ လေထဲသို့ ပစ်လွှတ် လိုက်သည်။ အဝါရောင် အင်းစာရွက်များက စက်ဝိုင်းသဏ္ဌာန် ပျံ့ကြဲသွားပြီး စာရွက်ပေါ်ရှိ အနီရောင် သင်္ကေတများက စက္ကန့်ပိုင်းအတွင်း တောက်ပလာကြသည်။
"ဂိတ်ပေါက်ရှစ်ခု နတ်ဘုရားမီးတောက် အကာအကွယ် အစီအရင် ... "
ပိုင်ဝူကျိသည် မြေပြင်သို့ ခြေတစ်ချက် ဆောင့်လိုက်ပြီး ကိုယ်တွင်းရှိ မှော်စွမ်းအင်များအား လက်ဖဝါးမှ တစ်ဆင့် အစီအရင်သို့ အားဖြည့်လိုက်သည်။ အဆောင်အင်း စာရွက်များသည် မှော်စွမ်းအင်များနှင့် ထိတွေ့သည်တွင် ပြာမှုန့်များအဖြစ် ပြောင်းလဲသွားကြပြီး ထူထဲသော မီးနံရံကြီးတစ်ခု အစားထိုး ဖြစ်ပေါ်လာသည်။ ပြေးဝင်လာသော အညှိုးအတေး ဝိညာဉ်များသည် မီးနံရံကြီးအား ဝင်ဆောင့် မိကြသော် စူးစူးဝါးဝါး အသံများနှင့် အော်ဟစ်ရင်း ပြာမှုန့်များ ဖြစ်သွားကြသည်။
အစီအရင်အား အပြည့်မဝ အသက် သွင်းပြီးနောက် ပိုင်ဝူကျိသည် စွမ်းအင် ပြတ်လပ်မှုကြောင့် မြေပြင်ပေါ် ပြိုလဲ သွားသည်။ ဆရာချွေ့၏ တပည့်နှစ်ယောက်က အပြေးအလွှား လာထူပေးကြသည်။
"ပိုင်ဝူကျိ ... မင်းရဲ့ အကာအကွယ် အစီအရင်က ဘယ်ဆိုးလို့လဲ ... အဓိက မိသားစုကြီး ခြောက်စုရဲ့ ထိပ်တန်း မှော်ပညာရှင် တစ်ယောက် ဆိုတဲ့ဂုဏ်နဲ့ ကိုက်ညီပါပေတယ်"
သခင်လေး၏ အေးစက်စက် အသံက အစီအရင် အပြင်ဘက်မှနေ၍ ပျံ့လွင့်လာသည်။ အသံ ထွက်ပေါ်လာရာ တည်နေရာသည် အတည်တကျ မရှိဘဲ တစ်ခါတစ်ရံ အရှေ့ဘက်မှ၊ တစ်ခါတစ်ရံ အနောက်ဘက်မှ၊ တစ်ခါတစ်ရံ ဘက်ပေါင်းစုံမှ ကြားနေရသည်။ ယခုတွင် နေ့အလင်းရောင်မှာ လုံးလုံးလျားလျား ပျောက်ကွယ် သွားပြီ ဖြစ်ကာ မီးတံတိုင်း၏ အလင်းရောင်ဖြင့် လေထုထဲတွင် ပျံဝဲနေသော အညိုးအတေး ဝိညာဉ်များအား မြင်နိုင်သော်လည်း သခင်လေး၏ တည်နေရာကိုမူ အတိအကျ ခန့်မှန်း၍ မရနိုင်ပေ။
"ဒါပေမဲ့ စိတ်မကောင်း စရာပဲ မင်းရဲ့ အစီအရင်က အဆောင် အင်းတွေကို မှီခိုနေရတယ်။ ကျင့်ကြံသူစစ်စစ် တစ်ယောက်လို ကောင်းကင်နဲ့ မြေကြီးက စွမ်းအင်တွေနဲ့ လည်ပတ်နေတာ မဟုတ်ဘူး။ မင်းအစီအရင်က ဘယ်လောက်ခံမယ် ထင်လဲ။ သုံးမိနစ် ဒါမှမဟုတ် ငါးမိနစ်လား အဲဒါပြီးရင် မင်းတို့အားလုံး အဆုံးသတ်ပြီပဲ"
ထို့နောက်တွင် သခင်လေးက အထင်သေးမှုများ ပြည့်နှက်နေသော အသံဖြင့် ကျယ်လောင်စွာ အော်ရယ် လိုက်သည်။
အလင်းရောင် မရှိသော နေရာတစ်ခုတွင် အညှိုးအတေး ဝိညာဉ်များနှင့် ဝန်းရံ ခံနေရသောကြောင့် လူတိုင်း၏ စိတ်တို့မှာ ဆောက်တည်ရာ မရ ဖြစ်လာကြသည်။
ယုဝမ်ကျင်းသည် မျက်လုံး နှစ်ဖက်အား စုံမှိတ်လျက် ချန်းဖန်၏ အင်္ကျီစလေးအား တင်းကျပ်စွာ ဆုပ်ကိုင် ထားသည်။ နီးကပ်နေသော ချန်းဖန်ထံမှ ကိုယ်ငွေ့ နွေးနွေးကြောင့်သာ မဟုတ်ပါက သူမ ကြောက်လွန်း၍ တစ်ခုခု ဖြစ်သွားလောက်သည်။
ပိုင်ဝူကျိသည် နဖူးပြင်ရှိ ချွေးစတို့အား သုတ်ရင်း ကိုယ့်ခြေထောက်ပေါ်ကိုယ် မတ်မတ် ပြန်ရပ်လိုက်သည်။ သူက ပြောသည်။
"ဆရာချန်း သူပြောတာမှန်တယ် ကျုပ်အစီအရင်က အချိန်အကြာကြီး တောင့်မခံနိုင်ဘူး။ ကမ္ဘာဦး ဝိညာဉ်ပုလွေက ဖန်တီးထားတဲ့ အမှောင် နယ်မြေထဲက ဖောက်ထွက်နိုင်မှ ဖြစ်မယ်။ ကျုပ်တို့သာ ဖောက်ထွက် နိုင်ရင် တန်ပြန် သက်ရောက်မှုကြောင့် သခင်လေးရဲ့ စွမ်းအား တချို့လည်း လျော့နည်း သွားလိမ့်မယ်"
"အင်း"
ချန်းဖန်သည် ဤလူစု၏ သေရေးရှင်ရေး အပေါ် ဂရုစိုက်ပုံမရ။ သူ၏ အာရုံက အခြားသော ပစ္စည်း တစ်ခုပေါ်တွင် ရှိနေသည်။
"ကမ္ဘာဦး ဝိညာဉ်ပုလွေအကြောင်း ခင်ဗျားသိသလောက် ပြောပြ"
ချန်းဖန်၏ မေးခွန်းကိုကြားသော် အသက်ရှင်ရေး မည်သို့ ဖောက်ထွက်ရမည်ကို ကြံဆနေကြသော လူတစ်စုမှာ ဆွံ့အ သွားကြသည်။
'အခုက အမှောင်နယ်မြေထဲကနေ ဘယ်လို ဖောက်ထွက်ရမလဲ ဆိုတာ တွေးရမဲ့ အချိန်လေ အဲဒီ သောက်ကျိုးနည်း ပုလွေကို စိတ်ဝင်စားနေရမဲ့ အချိန် မဟုတ်ဘူးလို့ ...'
လူတိုင်းက တူညီစွာ တွေးမိကြ၏။
ပိုင်ဝူကျိသည် အထက်ပါ အတိုင်း တွေးမိသော်လည်း စိုးရိမ် ပူပန်မှုများအား ခဏ ဘေးချိတ်ထားပြီး အလျင်အမြန် ရှင်းပြလိုက်သည်။
"ကမ္ဘာဦး ဝိညာဉ်ပုလွေက သခင်လေးမှာရှိတဲ့ မှော်ရတနာ သုံးခုထဲက တစ်ခုပဲ ပြောကြတာတော့ အဲဒီပုလွေကို အရမ်း အစွမ်းထက်တဲ့ မှော်နက်လမ်းစဉ် ကျင့်ကြံသူ တစ်ယောက်ရဲ့ အရိုးနဲ့ လုပ်ထားတာတဲ့ သခင်လေးရဲ့ ဘိုးဘွား အစဉ်အဆက်ကနေ အဲဒီပုလွေကို လက်ဆင့် ကမ်းလာကြတာ အခု သခင်လေး လက်ထဲ ရောက်တဲ့အထိပဲ။
ကမ္ဘာဦး ဝိညာဉ်ပုလွေကို လုပ်တုန်းက အညိုးအတေး ဝိညာဉ်ပေါင်း ရာကျော်ကို ထည့်သွင်း ထားတယ်လို့ ပြောတယ်။ သာမန် သံစဉ်လေး တစ်ခုကို မှုတ်ရင်တောင် ပုလွေရဲ့ အစွမ်းကြောင့် အမှောင်နယ်မြေတစ်ခု ဖန်တီးနိုင်တယ်။ အထွတ်အထိပ် အဆင့် သိုင်းပညာရှင် တစ်ယောက်တောင် ဘာမှ မတတ်နိုင်ဘဲ အမှောင်နယ်မြေထဲမှာ နာရီပိုင်းလောက် ပိတ်မိနေလိမ့်မယ်။ ကောလာဟလတွေအရ စွမ်းအားကြီးတဲ့ မှော်ပညာရှင် တစ်ယောက်ကသာ ကမ္ဘာဦး ဝိညာဉ် ပုလွေကို မှုတ်မယ်ဆိုရင် ဝိညာဉ်ပေါင်း တစ်သောင်း နိုးထလာပြီး ပုလွေပိုင်ရှင် အတွက် အမှုထမ်း ပေးလိမ့်မယ်တဲ့"
ပိုင်ဝူကျိသည် အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက် မျှော်လင့်ချက် ရေးရေးလေးဖြင့် ပြောသည်။
"သခင်လေးရဲ့ မှော်ပညာက အဲအဆင့် လောက်ထိ မရောက်သေးဘူးဆိုတာ ကျုပ်လောင်းရဲတယ်။ ဒီတော့ ဒီအမှောင် နယ်မြေထဲကနေသာ ဖောက်ထွက်နိုင်ရင် ကျုပ်တို့ ဘေးကင်းပြီ"
"ဟားဟားဟား ... ပိုင်ဝူကျိ မင်းက ငါ့အကြောင်း တော်တော် သိတာပဲ။ ဒါပေမဲ့ မင်းစိတ်ချပါ။ ငါ့ရဲ့ မှော်ပညာက အရမ်း မစွမ်းသေးဘူး ဆိုရင်တောင် ငါဖန်တီးထားတဲ့ အမှောင်နယ်မြေက မင်းနဲ့ မင်းရဲ့ အသုံးမကျတဲ့ အပေါင်းအပါတွေ ဖောက်ထွက်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး"
သခင်လေး၏ အထင်သေးမှုများ ပြည့်နှက်နေသော အသံက အဝေးမှ ပျံ့လွင့်လာသည်။
"ဒီလိုဆိုမှတော့ ... "
ချန်းဖန်သည် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီးနောက် ဘယ်ဘက် လက်တွင် လျော့တိလျော့ရဲ ကိုင်ထားခဲ့သော အရိုးကြာပွတ်အား ညာဘက်လက်သို့ ပြောင်းကိုင် လိုက်သည်။
ထို့နောက်တွင် ချန်းဖန်သည် အရိုးကြာပွတ်အား လေထဲသို့ ဝှေ့ယမ်း လိုက်သည်။ ယခုတခေါက်တွင် မြွေတစ်ကောင်၏ တွန်ကျူးသံသဲ့သဲ့အား ကြားရသည်သာမက ယင်နဂါး ရေကန်တွင် ချန်းဖန် သတ်ခဲ့သော ယင်မြွေကြီး၏ ပုံရိပ်ယောင် တစ်ခုပါ ထွက်ပေါ်လာသည်။ ယင်မြွေကြီးသည် ရေကန် အောက်ခြေတွင် နှစ်ရာချီ ကျင့်ကြံခဲ့ပြီး ဉာဏ်အလင်း ရရှိသော အဆင့်သို့ပင် ရောက်ခဲ့သည် ဖြစ်ရာ ကမ္ဘာဦး ဝိညာဉ်ပုလွေမှ ဆင့်ခေါ်ထားသော အားအကြီးဆုံးနှင့် အညိုးအတေး အများဆုံး ဝိညာဉ်ကိုပင် တစစီ ဆုတ်ဖြဲ ပစ်နိုင်စွမ်း ရှိသည်။
အချိန် ခဏလေးအတွင်း ဝိညာဉ်အများစုမှာ ပုံရိပ်ယောင် မြွေကြီး၏ ဆွဲယူ မျိုချခြင်းအား ခံလိုက်ရပြီး တချို့တစ်ဝက်သော ဝိညာဉ်များမှာ အဝေးသို့ ထွက်ပြေး ကုန်ကြသည်။
ကြာပွတ်ရိုက်ချက် တစ်ခုနှင့်တင် ချန်းဖန်သည် အမှောင်နယ်မြေအား ဖျက်ဆီးပစ်လိုက်ပြီး နေ့အလင်းရောင်က တောက်တောက်ပပ ပြန်လည် ထွက်ပေါ်လာသည်။
"မင်းရဲ့ မှော်ရတနာက အညိုးအတေး ဝိညာဉ်တွေကို စုပ်ယူ မျိုချနိုင်တယ် ... "
သခင်လေး၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်နေပြီး မေးလာသည်။
လူတိုင်းက ဘေးဘီဝဲယာသို့ ကြည့်မိကြသည်တွင် နေ့အလင်းရောင်၏ အကူအညီနှင့် ထောင့်တစ်နေရာတွင် ရပ်နေသော သခင်လေးအား တွေ့လိုက်ကြရသည်။
ချန်းဖန်သည် သခင်လေး၏ လက်ထဲရှိ ပုလွေအား လှမ်းကြည့်လိုက်သည်။ ၎င်းပုလွေသည် တစ်ချက် ကြည့်လိုက်ရုံနှင့်တင် လူအရိုးဖြင့် ပြုလုပ်ထားမှန်း သိနိုင်သော်လည်း ကောင်းမွန်လှသည့် လက်မှုပညာကြောင့် တစ်မျိုးတစ်ဖုံ ထူးခြားစွာ လှပနေသည်။
"ငါပြောပြီးပြီလေ မင်းရဲ့ မှော်ပညာက ငါ့အတွက် ကလေး ကစားစရာလောက်ပဲ ရှိတယ်။ လက်ချောင်းလေးတချောင်း လှုပ်လိုက်ရုံနဲ့ မင်းကို ခြေမွ ပစ်လိုက်နိုင်တယ် "
ချန်းဖန်သည် အရိုးကြာပွတ်အား ပြန်လည် သိမ်းဆည်းရင်း တည်ငြိမ်စွာ ပြောသည်။
"မင်းကို နောက်ဆုံး အခွင့်အရေး ပေးမယ် ဒီကိုလာပြီး လိမ်လိမ်မာမာနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ် ဆိုရင် မင်းမိသားစုရဲ့ အသက်ကို ချမ်းသာပေးမယ် မဟုတ်ရင်တော့ မင်းတို့မိသားစုရဲ့ မျိုးဆက်က မင်းလက်ထက်မှာ ပျောက်ကွယ် သွားစေရမယ်လို့ အာမခံတယ်"
သခင်လေးသည် ချန်းဖန်၏ စကားကို ကြားပြီးနောက် ဒေါသနှင့် မခံမရပ်နိုင်မှုတို့ ရောယှက်ကာ မျက်လုံးများ ပိတ်လျက် ကောင်းကင်သို့ မော့ပြီး ကျယ်လောင်စွာ အော်လိုက်သည်။ သူက မွေးဖွားလာပြီး ကတည်းက ယခုကဲ့သို့ အရှက်ခွဲ ခံရခြင်းမျိုး မကြုံဖူးခဲ့။
သခင်လေးသည် ပုလွေ၏ အဖျားအား သူ့ရင်ဘတ်သို့ ပြန်လည် ချိန်ရွယ်လိုက်ပြီး အရှိန်နှင့် မြှောက်ကာ ထိုးချ လိုက်သည်။ ဓားမြှောင်ကဲ့သို့ ချွန်မြနေသော ပုလွေအဖျားသည် သခင်လေး၏ ရင်ဘတ် တည့်တည့်သို့ ရွှပ်ခနဲ နေအောင် စိုက်ဝင်သွားသည်။
ရုတ်တရက် ပုလွေ၏ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေခဲ့သော အရောင်သည် ကြက်သွေးရောင် တောက်ပလာပြီး ပုလွေကိုယ်ထည်က တဆတ်ဆတ် တုန်ယင်လာသည်။
"ပုလွေကို ပိုင်ရှင်ရဲ့ သွေးနဲ့ အားဖြည့်တာ"
ချန်းဖန်က ရေရွတ်ရင်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ သူ၏ အတိတ်ဘဝတွင် ဂြိုဟ်ပေါင်း များစွာသို့ လှည့်လည်ရင်း ထိုကဲ့သို့ ရှေးကျပြီး အရည်အသွေး ညံ့သော ပညာရပ်မျိုးအား မကြာခဏ ကြုံဖူးခဲ့သည်။ သို့သော် ထိုပညာရပ်မျိုးအား အသုံးပြုလိုလျှင် အသုံးပြုသူ၏ သက်တမ်းနှင့် အလဲအထပ် လုပ်ရသည်ဖြစ်ရာ ကျင့်ကြံသူ အများစုက မသုံးချင်ကြ။
"မင်းမှန်တယ် ... ဒီနေ့ ငါက မင်းကို အနိုင်ယူမှာ ... သေချာပေါက် ... "
သခင်လေးသည် ထိုစကားများအား ကျယ်လောင်စွာ ရေရွတ်ပြီး ဝါးလုံးကွဲ အော်ရယ် လိုက်သည်။ သူ၏ အသက်မဲ့သော ဖြူဖျော့ဖျော့ မျက်နှာမှာ စက္ကန့်ပိုင်း အတွင်းပင် ပို၍ အိုစာ သွားသလို ထင်ရသည်။
သခင်လေးသည် ဤပညာရပ်အား အသုံးပြုပြီးနောက် ဆယ်နှစ်ခန့် ကျင့်ကြံခြင်း လမ်းစဉ်တွင် တိုးတက်မှု ရှိတော့မည် မဟုတ်ဘဲ ပြန်လည် ကုစားနေရမှာ ဖြစ်သည်။ ထို့ကြောင့် ယခု တိုက်ပွဲ၌ သူနိုင်ခဲ့လျှင်ပင် သရေကျသည်ဟုသာ ဆိုနိုင်သည်။
ပိုင်ဝူကျိသည် သခင်လေးက ထိုသို့ ပညာကုန် ထုတ်သုံးမည်ဟု ထင်မထားသောကြောင့် မှင်တက်လျက် ရပ်နေမိသည်။ မြွေဘွားဘွားက ချန်းဖန်အား အလျင်အမြန် အော်ပြောသည်။
"ဆရာချန်း ... ရှောင်ကျင်းကို ခေါ်ပြီး ထွက်ပြေးပါတော့ သူမလေးကို ကာကွယ်ပေးပါ။ သခင်လေးကို ကျွန်မတို့ အချိန်ဆွဲထားပေးမယ် ... မြန်မြန် ... ... "
ပိုင်ဝူကျိသည် စေတနာ့ ဝန်ထမ်း အဖြစ် ကျန်ရစ်ခဲ့ပြီး သခင်လေးအား တားဆီး အချိန်ဆွဲရန် သိပ်မလုပ် ချင်သော်လည်း ရွေးချယ်စရာ မရှိသည်မို့ မျက်နှာမပျက်အောင် ထိန်းကာ ပြောလိုက်သည်။
"ဆရာချန်း အခု သခင်လေးက စတေးခံ ပညာရပ်ကို ထုတ်သုံးနေတာ ဆရာချန်းတို့ မြန်မြန် ဆုတ်ခွာမှ ဖြစ်မယ်"
"နောက်ကျသွားပြီ ... "
သခင်လေး၏ ကျောချမ်းဖွယ် ရယ်သံကြီးက ထွက်ပေါ်လာသည်။
သခင်လေး၏ သွေးအား စုပ်ယူပြီးနောက် ကမ္ဘာဦး ဝိညာဉ်ပုလွေ၏ သံစဉ်သည်လည်း ဝိညာဉ်များ အပေါ် ပိုမို လွှမ်းမိုးနိုင်စွမ်း ရှိလာဟန် ရသည်။ ရာပေါင်းများစွာသော အညိုးအတေး ဝိညာဉ်များထဲမှ တကောင်ကပင် ဆရာဝူ၏ ဝိညာဉ်အရိုးအိုး အတွင်းရှိ ဝိညာဉ်များကဲ့သို့ အစွမ်းထက် နေပြီ ဖြစ်သည်။
ဆရာဝူနှင့် ရင်ဆိုင်စဉ်က ချန်းဖန်သည် မိုးကြိုးအလင်း တစ်ချက်မျှဖြင့် ဝိညာဉ် အရိုးအိုးအား ခွဲပစ်နိုင်ခဲ့သော်လည်း ယခုမူ အညိုးအတေး ဝိညာဉ်များက ရာကျော်သည့် အရေအတွက် ရှိနေခြင်းဖြစ်ရာ မိုးကြိုးအလင်း ရာကျော်အား တစ်ပြိုင်နက် ထုတ်ဖော်ရန်မှာလည်း မလွယ်ကူပါ။
သခင်လေး၏ သွေးနှင့် အားဖြည့်ပြီးနောက် အညိုးအတေး ဝိညာဉ်များသည် ပိုင်ဝူကျိ၏ မီးအား မကြောက်တော့ သကဲ့သို့ အရိုး ကြာပွတ်ကိုလည်း ကြောက်တော့ပုံ မရ။ မာန်ဖီလျက် ပိုင်ဝူကျိ၏ မီးအကာအကွယ် အစီအရင်အား ဒေါသတကြီး ဝင်တိုက် နေကြသည်။
"ဘန်း ... ဘန်း ... ဘန်း ... "
တဖြည်းဖြည်းနှင့် မီးအကာအကွယ်၏ အရောင်မှာ မှေးမှိန်လာပြီး ခဏပိုင်းအတွင်း ပျောက်ကွယ် သွားတော့ မယောင် ဖြစ်လာသည်။
"ဆရာချန်း"
ပိုင်ဝူကျိသည် ချန်းဖန်အား ကြံရာမရ ဖြစ်စွာ ကြည့်လာသည်။ ကြည့်လာသူက ပိုင်ဝူကျိ တစ်ယောက်တည်းတော့ မဟုတ်၊ မြွေဘွားဘွား၊ ယုဝမ်ကျင်းနှင့် ဆရာချွေ့၏ တပည့် နှစ်ယောက်လည်း အပါအဝင် ဖြစ်သည်။
ထိုလူစုသည် ဤပြဿနာမှ ထွက်ပြေးရန် သော်လည်းကောင်း သခင်လေးနှင့် ရင်ဆိုင်ရန် သော်လည်းကောင်း မတတ်နိုင်ကြသည့် အဆုံး မျှော်လင့်ချက် အလုံးစုံအား ချန်းဖန်၏ ပခုံးပေါ်သို့သာ ပစ်တင် လိုက်မိကြတာ ဖြစ်သည်။
"အသုံးမဝင်ဘူး ... မင်းတို့ ဆရာချန်းက ဓမ္မကျင့်ကြံခြင်း အဆင့်ကို ရောက်နေတဲ့ မှော်ပညာရှင် ဆိုရင်တောင် မလွတ်မြောက်နိုင်ဘူး ... "
သခင်လေးက ပြောရင်း ရယ်လိုက်သည်။ သူ၏ ပါးစပ် ထောင့်စွန်းများ နီပျစ်ပျစ် သွေးများ စီးကျ လာသော်လည်း ဂရုစိုက်ပုံမရ။ သူ၏ စိတ်တစ်ခုလုံး၌ ဒေါသနှင့် အနိုင်ယူလိုမှု တို့ကသာ လွှမ်းမိုးထားသည်။
"ငါ့ရဲ့ စွမ်းအားကို မင်းကျေနပ် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မင်းရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်း စုတ်ဖြဲပြီး ဝိညာဉ်တွေဆီ ကျွေးပစ်မယ် ... "
သခင်လေး၏ ခြိမ်းခြောက် စကားကို ကြားပြီးနောက် လူတိုင်း၏ နှလုံးခုန်သံတို့မှာ ကြောက်ရွံ့မှုကြောင့် မရပ်တန့်တော့မည့် အတိုင်း ခုန်နေတော့သည်။
ဆရာချန်းသည် မည်မျှ အစွမ်းထက်၍ ပါရမီ ရှိပါစေဦး ဒီအသက်အရွယ်လေးနှင့် သခင်လေး၏ စတေးခံ ပညာရပ်အား အနိုင်ယူနိုင်မည် မဟုတ်ပေ။
ယုဝမ်ကျင်းသည် သူမနံဘေးရှိ တည်ငြိမ်နေဆဲ ဖြစ်သော ချန်းဖန်အား ကြည့်သည်။ ကြောက်ရွံ့မှုကြောင့် နှလုံးသွေး ရပ်မတတ် ခုန်နေသော သူမ၏ နှလုံးသားမှာ အနည်းငယ် တည်ငြိမ် သွားသလို ခံစားရသည်။ သူမက ပြုံးကာ တွေးမိ၏။
'သူနဲ့ အတူတူသာ ဆိုရင် သေရမယ်ဆိုလည်း တန်ပါတယ်'
လူတိုင်းသည် အတွေး ကိုယ်စီဖြင့် ထိတ်လန့် တုန်လှုပ်နေကြစဉ် နောက်ဆုံးတော့ ချန်းဖန်က လှုပ်ရှား လာခဲ့ပြီ ဖြစ်သည်။
"မောက်မာနေတဲ့ အရူး"
ချန်းဖန်သည် ခပ်တိုးတိုး ရေရွတ်ပြီးနောက် ခေါင်းယမ်း မိသည်။ အားကိုးတကြီး ကြည့်နေကြသော မျက်လုံးပေါင်း များစွာ အောက်တွင်ပင် သခင်လေးအား တည့်တည့် စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်းကံကြမ္မာကို မင်းဘာသာ ဖန်တီးလိုက်တာပဲ ပြီးတော့မှ ငါ့ကို သတိမပေးခဲ့ဘူးလို့ မပြောနဲ့ ငါ့မျက်လုံးထဲကို တည့်တည့် စိုက်ကြည့်ရဲလား"
"ဘာလို့ မကြည့်ရဲရမှာလဲ"
သခင်လေးက မထီမဲ့မြင် အပြုံးတစ်ခုနှင့် တုံ့ပြန်သည်။
သို့သော် သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ကြာရှည် မခံလိုက်ပေ။ ချန်းဖန်၏ မျက်လုံး နှစ်လုံးက ရွှေရောင်မီးတောက် နှစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲ လာသည်ကို ကြည့်ရင်း သခင်လေး၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ်လာသည်။
ရွှေရောင် မီးတောက်သည် အစပိုင်းတွင် သေးငယ်သယောင် ထင်ရသော်လည်း မရပ်တန့်ဘဲ ပို၍ တောက်ပစွာ ကြီးမားလာသည်မှာ စကြဝဠာ တစ်ခုလုံးအား လောင်ကျွမ်း ပစ်တော့မည့် အလား။
"အကြည့်တစ်ချက်နဲ့တင် ကမ္ဘာကြီးကို ပြာချ ပစ်လိုက်နိုင်တယ် ဆိုရင် မင်းယုံလား"
ချန်းဖန်၏ အသံက ပဲ့တင်ထပ်လျက် ထွက်ပေါ်လာသည်။
***