← Chapters

စကြဝဠာကို လောင်ကျွမ်းပစ်

Vol. 2 Ch. 113

စကြဝဠာကို လောင်ကျွမ်းပစ်

Vol. 2 Ch. 113

စီကျွေးမြို့ပြင်၊ ယုဝမ်ကျင်း၏ နေအိမ်၌။

ယုဝမ်ကျင်းတို့ မြေးအဘွား နေသည့် အိမ်ကြီးသည် ရှေးဆန်ဆန် ဆောက်လုပ်ထား‌ပြီး ခြံဝင်းကလည်း အလွန်ကျယ်သည်။ ခြံရှေ့မှ ဖြတ်လျှောက် သွားကြသော လူနည်းစုသည် ကျောချမ်းဖွယ် တိတ်ဆိတ်နေသော ခြံဝင်းကြီးနှင့် ခြံဝင်း အပေါ်ဘက်တွင် အုံ့ဆိုင်းနေသော အရိပ်မည်းများ၊ စူးစူးဝါးဝါး အော်သံများအား ကြားရသည်တွင် အလွန် ထိတ်လန့် သွားကြပြီး နောက်သို့ တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ အလျင်အမြန် ဖြတ်လျှောက် သွားကြသည်။

ခြံဝင်း အတွင်း၌ ... ။

ယင်ဓာတ်များ လွှမ်းခြုံနေသော အညှိုးအတေး ဝိညာဉ်များသည် လေထဲတွင် လွင့်မျောလျက် ချန်းဖန်အား စူးစူးဝါးဝါး ကြည့်နေကြသည်။ ၎င်းတို့ထံမှ နားမခံသာဖွယ် အလွန်ဆိုးရွားသော အသံ ပေါင်းစုံကလည်း အဆက်မပြတ် ထွက်ပေါ် နေသည်။

လူသား တစ်ယောက်၏ သွေးနှင့် သက်တမ်းအား စတေးခြင်းသည် အညိုးအတေး ဝိညာဉ်များ၏ စွမ်းအားအား တိုးမြှင့်ပေးနိုင်သည်။ သခင်လေးကဲ့သို့ ကျင့်ကြံသူ တစ်ယောက်၏ သွေး ဆိုလျှင်ကား ဝိညာဉ်များအတွက် သာ၍ပင် အကျိုးများပေသည်။

သခင်လေးသည် အောင်မြင်မှုက လက်တစ်ကမ်းအလိုတွင် ရှိနေပြီဟူ၍ ပိုင်နိုင်စွာ တွေးထားသောလည်း ကံကြမ္မာနတ်မင်း၏ နောက်ပြောင်တတ်ပုံအား သူက လျော့တွက်ခဲ့မိပုံ ရသည်။

ပိုင်ဝူကျိနှင့် မြွေဘွားဘွားတို့လည်း မျက်စိရှေ့ရှိ တစ်သက် မမေ့နိုင်ဖွယ် မြင်ကွင်းကြောင့် မှင်တက် သွားကြသည်။

ချန်းဖန်၏ မျက်လုံးထဲရှိ မီးတောက်သဏ္ဌာန် ရွှေရောင် အလင်းစက်နှစ်ခုသည် မီးဘောလုံးကြီးနှစ်ခု အဖြစ် အပြင်လောက၌ ဖြစ်တည် လာသည်။ အစပိုင်းတွင် ချန်းဖန်၏ မျက်အိမ်ထဲ၌သာ တောက်လောင် နေသော်လည်း တဖြည်းဖြည်း အရွယ်အစား ကြီးလာပြီး အပြင်ဘက်သို့ ရောက်လာကာ မီးအလင်းသည်လည်း ပိုမို တောက်ပလာသည်။ ရုတ်တရက် ထိုမီးဘောလုံးကြီး နှစ်ခုမှ အလင်းတန်း နှစ်ခုသည် လေထဲရှိ အညိုးအတေး ဝိညာဉ်များထံသို့ အရှိန်ပြင်းစွာ ပြေးဝင် သွားသည်။ ထိုအလင်းတန်း နှစ်ခုနှင့် တိုက်ရိုက် ထိမှန်သွားသည့် ဝိညာဉ်များ သာမက ရှပ်ထိရုံသာ ထိသည့် ဝိညာဉ် များသည်လည်း စက္ကန့်ပိုင်းအတွင်း ပြာကျသွားကြသည်။

ရွှေရောင် အလင်းတန်း နှစ်ခုသည် လေထုထဲတွင် ပြည့်နှက်နေသော ယင်ချီများကိုပါ လောင်ကျွမ်း ပစ်လိုက်သည်။ ကောင်းကင်သည် ရုတ်ခြည်း ဆိုသလို နေဝင်ရီတရော ဆည်းဆာချိန်ကဲ့သို့ အနီဖျော့ဖျော့ ဖြစ်သွားသည်။ မျက်တောင် တခတ်စာ အချိန်အတွင်း လူသွေးဖြင့် အင်အား ပြည့်ဖြိုးနေကြသော အညိုးအတေး ဝိညာဉ်များသည် ပြာမှုန်များအဖြစ် ပြောင်းလဲ သွားတော့သည်။

'လီ'ရွှေရောင် မီးမျက်လုံးသည် အရာအားလုံးအား လောင်ကျွမ်း ပြာချ ပစ်နိုင်သည်။

"ဒါ ...  ဒါက ... "

ပိုင်ဝူကျိ၏ ပါးစပ်သည် ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေသော်လည်း စကားလုံးများက လည်ချောင်း အတွင်း အငွေ့ပျံ သွားသည်။

ထိုအညိုးအတေး ဝိညာဉ်များသည် ကမ္ဘာဦး ဝိညာဉ်ပုလွေဖြင့် ဆင့်ခေါ်ထားသော ရှေးဟောင်း ဝိညာဉ်များ ဖြစ်ကြသည်။ ဓမ္မကျင့်ကြံခြင်း အဆင့်သို့ ရောက်ရှိနေသော မှော်ပညာရှင်များပင် အနှီ ဝိညာဉ်များနှင့် ရင်ဆိုင်ရန် မိနစ် သုံးဆယ်ခန့် အချိန်ပေး ဒုက္ခခံရမည် ဖြစ်သော်လည်း ချန်းဖန်ကတော့ လှုပ်ရှားမှု တခုတည်းဖြင့် အနိုင်ယူနိုင်သည်။ ချန်းဖန်၏ လက်ရှိ ကျင့်ကြံဆင့် အမှန်က မည်သည့် အဆင့်တွင် ရှိနေသည်နည်း ... ။

'ဆရာချန်းရဲ့ မျက်လုံးက ထုတ်လွှတ် လိုက်တဲ့ ရွှေရောင် မီးအလင်းတန်းနဲ့ ယှဉ်ရင် ငါတို့ ပိုင်မိသားစုရဲ့ မီးအဆောင်အင်းက တကယ့်ကို ကလေး ကစားစရာ ဖြစ်နေခဲ့တာပဲ'

ထိုသို့ တွေးမိ သွားသောကြောင့် ပိုင်ဝူကျိသည် ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်မိသည်။

မြွေဘွားဘွားနှင့် ယုဝမ်ကျင်းတို့သည် ပါးစပ် အဟောင်းသားဖြင့် ကြည့်နေရုံသာ တတ်နိုင်ကြသည်။

သခင်လေး၏ အစွမ်းအစများမှာ မှော်ပညာရှင် တစ်ယောက် တတ်နိုင်သော အကန့်အသတ် အတွင်းတွင်သာ ရှိနေသော်လည်း ချန်းဖန်၏ အစွမ်းအစ များမှာမူ စိတ်ကူးယဉ် ဆန်လွန်းလှသည်။ ချန်းဖန်၏ မျက်လုံး အတွင်းမှ ထွက်ပေါ်လာ‌သော ရွှေရောင် မီးအလင်းတန်း တို့ကို ကြည့်ရင်း လူတိုင်းက မျောက်ဘုရင် စွန်းဝူခုံးနှင့် နတ်မင်း နီကျားတို့ကိုပင် ပြေးမြင်မိကြသည်။

မြွေဘွားဘွား၏ နှလုံးသားသည် နောင်တတို့ဖြင့် ပြည့်နှက်လို့ နေသည်။ အကယ်၍ သူမသာ ချန်းဖန် ဤမျှအထိ အစွမ်းထက်ကြောင်း ကြိုသိခဲ့ပါက သူမ၏ အဖိုးတန် မြေးမလေးအား သခင်လေး လက်ထဲသို့ ထည့်မည့်အစား ချန်းဖန်၏ အိပ်ခန်း အတွင်းသို့ သူမကိုယ်တိုင် လိုလိုလားလား ထည့်ပေး လိုက်မှာ ဖြစ်သည်။

သူမသာ ချန်းဖန်နှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်နိုင်ပါက သခင်လေးပင် ယုမိသားစု အပေါ် အထင်သေးရဲတော့မည် မဟုတ်။

ချန်းဖန်၏ မျက်လုံးများက ရွှေရောင် တောက်ပနေဆဲ။ မသိလျှင် ဒဏ္ဍာရီထဲမှ ခုန်ထွက်လာသော နတ်ဘုရား တစ်ပါး အလား ထင်မှတ်ရသည်။ သူက သခင်လေး၏ မျက်လုံးများထဲသို့ တည့်တည့် စိုက်ကြည့်လျက် ရှိသည်။

သခင်လေး၏ ကျောပြင်၌ ချွေးအေးများ စီးကျလာသည်။ သူ၏ အတွင်းစိတ်ထဲ အထိပင် အေးစက် သွားစေသော ခြိမ်းခြောက်မှု တမျိုးကို ခံစားနေရသည်။ ထိုခံစားချက်က အပ်ချည်မျှင် တစ်ခုပေါ်တွင် အသက်ကို ‌ပုံအောလျက် အရဲစွန့် လမ်းလျှောက် နေရသော လူတစ်ယောက်၏ ခံစားချက်နှင့် ဆင်တူသည်။

သေခြင်းတရားနှင့် အလွန် နီးကပ်လာသော အချိန်တွင် သ‌ခင်လေးက ရုတ်တရက် အော်လိုက်သည်။

"ခဏလေး ... ခဏလေး ...  ဆရာချန်း ငါ့မှာ ပြောစရာ တခုရှိတယ် ငါတောင်းပန်တယ် အခုကစပြီး ယုဝမ်ကျင်းကိုလည်း ထပ်ပြီး မလိုချင်တော့ပါဘူး။ ငါ့ကိုသာ သွားခွင့်ပြုပါ တကယ်လို့ ယင်စွမ်းအင် ကြွယ်ဝတဲ့ မှော်ရတနာ ဖြစ်ဖြစ်၊ မှော်နယ်မြေ ဖြစ်ဖြစ် တစ်ခုခု ရလာတဲ့ အခါကျရင် မင်းကို လွှဲပေးပါ့မယ်။ မင်းနဲ့ ငါတို့ စုန်းတ‌စ္ဆေဂုဏ်းနဲ့ အတိတ်မှာ ဘာရန်ညိုးမှ မရှိခဲ့ဖူးဘူးမလား။ ဘာလို့ အခုလို ရန်ငြိုးအသစ်တွေ ဖွဲ့နေမှာလဲ မဟုတ်ဘူးလား"

ချန်းဖန်သည် မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သော်လည်း သူ၏ မျက်လုံးများထဲရှိ ရွှေရောင် အလင်းမှာမူ တဖြည်းဖြည်း ပျောက်ကွယ်စ ပြုလာသည်။

သူ၏ စကားများ အလုပ် ဖြစ်သည်ကို တွေ့ရတော့ သခင်လေးက ဆက်ပြောသည်။

"ငါတို့ဂိုဏ်းမှာ ငါတစ်ယောက်တည်း ရှိတာမဟုတ်ဘူး အတွင်းအားပညာကို ကျင့်ကြံတဲ့ အကြီးအကဲ သုံးယောက် ရှိသေးတယ်။ ငါတို့ ဂိုဏ်းခေါင်းဆောင်က ဓမ္မကျင့်ကြံခြင်း အဆင့်ကို ရောက်နေတဲ့ မှော်ပညာရှင် တစ်ယောက်ပဲ ဆရာချန်း မင်းက ထက်မြက်တဲ့လူပါ။ ဘယ်အချိန်မှာ ဘယ်လို ဆုံးဖြတ်ရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာ မင်းသိလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"မင်းက ငါ့ကို ခြိမ်းခြောက် နေတာလား"

ချန်းဖန်၏ အသံက အေးဆေး တည်ငြိမ် လွန်းနေသည်။

"မဟုတ်ဘူး လုံးဝ မဟုတ်ပါဘူး။ ငါက မင်းကို အကောင်းဆုံး ရွေးချယ်စေချင်တာပါ"

သခင်လေးသည် သတ္တိ‌ မွေးလိုက်ရင်း စကားဆက်သည်။

"ငါတို့က အခု ၂၁ရာစုမှ ရှိနေကြတာ တရုတ်ပြည်က အကျယ်ကြီးပါ။ ဆန္ဒရှိရင် ပြည်ပမှာပါ အင်အား ချဲ့ထွင်လို့ရတယ်။ ဒါကို ဘာလို့ ဒီလို ‌မြို့သေးသေးလေးမှာ ပဋိပက္ခ ဖြစ်နေမှာလဲ ပြောရရင် ငါတို့မှာ လုံလောက်တဲ့ ငွေကြေးနဲ့ အာဏာသာရှိရင် ကြိုက်တဲ့ မိန်းမကို ကြိုက်သလောက် ယူလို့ရတယ်။ မင်းက ဒီလောက် ငယ်ငယ်‌လေးနဲ့ ကျန်းပေ့ဒေသ တစ်ခုလုံးကို ဦးဆောင် နိုင်နေမှတော့ ဒီကိစ္စအတွက် ပူစရာ လိုမယ် မထင်ဘူး။ ပြီးတော့လည်း မင်းသာ အခု ငါ့ကို သတ်လိုက်ရင် ငါ့အဖေနဲ့ ဂိုဏ်းအကြီးအကဲတွေက လက်စားမချေဘဲ နေမှာ မဟုတ်ဘူး။ မင်းက ကိုယ့်ကိုယ်ကိုယ်အတွက် စိတ်မပူရင်တောင် မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် ထည့်တွေးသင့်တယ်။

ငါတို့ဂိုဏ်းက ပညာရပ်သုံးခုကို အဓိကထားပြီး ကျင့်ကြံတယ် အလောင်းကောင် ပြုပြင်ခြင်း၊ ဝိညာဉ် ထိန်းချုပ်ခြင်းနဲ့ ကျိန်စာဆိုတဲ့ ပညာရပ်တွေပဲ အကြီးအကဲ သုံးယောက်ရဲ့ ကျိန်စာ အတတ်ပညာ ဆိုရင် ပြည့်စုံလုနီးပါး အဆင့်ကို ရောက်နေပြီ သူတို့အတွက် သာမန် လူတွေကို ကျိန်စာတိုက်ပြီး သတ်ပစ်ဖို့ဆိုတာ အရမ်း လွယ်လွန်းတယ်"

"သူပြောတာ မှန်တယ် ဆရာချန်း သူ့ကို သွားခွင့်ပြုလိုက်ပါ"

မြွေဘွားဘွားက အလျင်အမြန် ဝင်ပြောလာသည်။

မြွေဘွားဘွားသည် စုန်းတ‌စ္ဆေဂိုဏ်း အခြေစိုက်ရာ အ‌နောက်တောင် ဒေသ၌ ကြီးပြင်းလာခြင်း ဖြစ်ရာ စုန်းတ‌စ္ဆေဂိုဏ်း၏ အကြီးအကဲများနှင့် ဂိုဏ်းချုပ်အပေါ် သူမ၏ ကြောက်စိတ်မှာ အရိုးစွဲ နေခဲ့သည်။

ပိုင်ဝူကျိသည်လည်း ချန်းဖန်အား တံတောင်ဖြင့် တို့ကာ သတိပေးသည်။

"ဆရာချန်း ...  စုန်းတ‌စ္ဆေဂိုဏ်းက အနောက် တောင်ဘက်မှာ ခြေကုပ် ယူထားတာ ကြာခဲ့ပြီ။ သူတို့ဂိုဏ်းချုပ်က ဓမ္မကျင့်ကြံခြင်း အဆင့်ကို ဟိုးအရင်တည်းက ရောက်နေတာ ကြာခဲ့ပြီ သူ့ကို ရန်စလို့ ကောင်းတာ မရှိဘူး"

ပိုင်ဝူကျိ၏ စကားကြောင့် ယုဝမ်ကျင်းသည် ချန်းဖန်အား စိုးရိမ်စွာ ကြည့်လာသည်။ ချန်းဖန်နှင့် သခင်လေးသည် သိတယ် ဆိုရုံမျှသာ သိကြသူများ ဖြစ်ပြီး သူမကြောင့်သာ မဟုတ်ပါက ရန်သူများ ဖြစ်စရာ အကြောင်းမရှိ။ ချန်းဖန်သည် သူမအတွက် သခင်လေးအား သတ်လိုက်ပြီး စုန်းတ‌စ္ဆေဂိုဏ်းမှ ရန်ငြိုးဖွဲ့ ခံရခြင်းမျိုး မဖြစ်စေလိုပေ။

ကျန်းပင်က အေးစက်စက် ပြုံးရင်း ပြောလာသည်။

"ဆရာချန်း ...  ကျုပ်တို့ ဂိုဏ်းချုပ်က သေချာပေါက်ကို ခင်ဗျားထက် အားမနည်းဘူး တကယ်လို့ ခင်ဗျားသာ သခင်လေးကို သတ်လိုက်ရင် အဲဒီအတွက် တန်ရာတန်ကြေး ပြန်ပေးဆပ် ရလိမ့်မယ်"

သခင်လေးနှင့် ကျန်းပင်တို့သည် တူညီသော အကြောင်းအရာ တခုကိုသာ ထောက်ပြရင်း ချန်းဖန် လက်ခံလာစေရန် နူးနှပ်နေကြသည်။

ချန်းဖန်ဆီမှ စကား ပြန်မလာသောကြောင့် သခင်လေးသည် စိတ်သက်သာရာ ရစွာ သက်ပြင်း တစ်ချက်ချပြီး အလျင်အမြန် ထွက်ခွာရန် ပြင်လိုက်သည်။

သခင်လေးသည် လူတို့၏ သဘော သဘာဝအရ ချန်းဖန်တစ်ယောက် ကိုယ့်ဒုက္ခ ကိုယ်မရှာလောက်ဟု တွေးထားသည်။ သူက ဤတစ်ကြိမ် အကျပ်အတည်းမှ လွတ်မြောက်ပြီး ပါက နည်းလမ်းရှာပြီး ချန်းဖန်အား လက်တုံ့ပြန်မည် ဖြစ်သည်။

ရုတ်တရက် ချန်းဖန်၏ ဆွဲဆောင်မှု ရှိသော ခပ်တိုးတိုး ရယ်သံက လူတိုင်း၏ နားထဲသို့ တိုးဝင်လာသည်။

"မင်းက မှတ်ဉာဏ်ပဲ မကောင်းတာလား ငါပြောခဲ့တာကို မေ့သွားပြီ ထင်တယ်"

ချန်းဖန်က ပြောသည်။

"မင်းဘာပြောခဲ့လို့လဲ"

သခင်လေး၏ မျက်နှာက နောက်တစ်ကြိမ် မည်းမှောင် သွားကာ ပြန်မေးသည်။

"ငါပြောခဲ့တာက မင်းသာ လိမ်လိမ်မာမာနဲ့ ကိုယ့်အပြစ်ကိုယ် သိပြီး သတ်သေရင် မင်းကလွဲပြီး မင်းမိသားစုကို ချမ်းသာ ပေးမယ်လို့လေ"

ချန်းဖန်၏ ယောင်ယောင်လေး ပြုံးနေသော မျက်နှာသည် ရုတ်ခြည်း ဆိုသလို အရှိန်အဝါ တစ်မျိုးဖြင့် တည်ကြည်သွားပြီး လေးနက်စွာ ပြောသည်။

"ငါ ...  ချန်းပေ့ရွှမ်းက မင်းကို ဟာသ ပြောနေတယ်များ ထင်လို့လား"

လူတိုင်း၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်၏ မျက်လုံးထဲရှိ ရွှေရောင် မီးတောက် နှစ်ခုမှာ ထပ်မံ လင်းလက်လာပြီး အလွန် လျင်မြန်စွာဖြင့် သခင်လေးထံ တိုးဝင် ရစ်ပတ်ရန် ကြိုးစားလာကြသည်။

"မင်း ဒီလိုလုပ်လို့ မရဘူး ... "

သခင်လေးသည် ကျယ်လောင်စွာ အော်လျက် နောက်သို့ ဆုတ်ကာ ရှောင်လိုက်သည်။ တဆက်တည်းမှာပဲ တစ်ကိုယ်လုံးရှိ လက်ကျန် အင်အားများအား စုစည်းကာ မီးခိုးရောင် တိမ်အကာအကွယ် တစ်ခု ဖန်တီး လိုက်သော်လည်း သူ၏ လှုပ်ရှားမှုများက အနည်းငယ် နောက်ကျသွားသည်။

အလွန် တောက်ပစွာ လင်းလက်နေသော ရွှေရောင် မီးတောက်များက သခင်လေးအား ချက်ချင်း ဆိုသလို လွှမ်းခြုံ သွားသည်။

သခင်လေးသည် ဆိုးရွားလှသော နာကျင်မှုကြောင့် စတင် အော်ဟစ်တော့သည်။ မီးတောက်သည် သူ၏ အဝတ်များ၊ ဆံပင်များ၊ လက်သည်းခွံများ၊ ထို့နောက် အရေပြား တစ်လွှာချင်းစီအား လောင်ကျွမ်းလာသည်။ နာကျင်မှုမှာ စိတ်ကူးကြည့်၍ပင် မရ။ အရေပြား တစ်လွှာချင်းစီ တိုင်းသည် မီးမြိုက်ခံနေရပြီး ခန္ဓာကိုယ် အတွင်းရှိ သွေးတို့က ရေနွေးအိုးထဲရှိ ရေများကဲ့သို့ ဆူပွက်လာကာ လေထုအတွင်း အငွေ့ပျံ သွားကြသည်။

ချောက်ချားဖွယ် မြင်ကွင်းက လူအပေါင်းအား တိတ်ဆိတ် သွားစေသည်။

သခင်လေး၏ ခန္ဓာကိုယ် တစ်ခုလုံး ပြာကျသွားသည့်တိုင် ထိုမီးတောက်များမှာ ကခုန်နေသည့် အလား သက်ဝင် လှုပ်ရှားနေဆဲ။ မီးတောက်များကြား၌ မချိမဆန့် ဝေဒနာ ခံစားနေရပုံဖြင့် လူးလွန့်နေသော ခပ်ဝါးဝါး ပုံရိပ်တစ်ခုအား မြင်နေရသည်။

"ဒါက ...  သခင်လေးရဲ့ ဝိညာဉ်လား"

ပိုင်ဝူကျိ၏ ခန္ဓာကိုယ်မှာ ကြောက်ရွံ့မှုကြောင့် မထိန်းချုပ် နိုင်လောက်အောင် တုန်ယင်လာသည်။

ချန်းဖန်၏ မီးတောက်များသည် လူ့ခန္ဓာကိုယ်အား ပြာချပစ်နိုင်သည် သာမက ဝိညာဉ်ကိုပါ ဖျက်ဆီး ‌ချေမှုန်း နိုင်သည်တဲ့လား ... ။ ထိုအရာက အမြစ်ပြတ် သုတ်သင်ပစ်ခြင်းနှင့် မခြားပေ။

အချိန်တစ်ခု ကြာပြီးနောက် သခင်လေး၏ ဝိညာဉ်ပါ လောင်ကျွမ်း ပျောက်ကွယ် သွားပြီး မီးတောက်သည်လည်း ငြိမ်းသတ် သွားသည်။ ချန်းဖန်သည် အနောက်ဘက်ရှိ တိတ်ဆိတ် ကျသွားသော လူစုအား လှည့်ကြည့် လိုက်သည်။

ပိုင်ဝူကျိနှင့် မြွေဘွားဘွားတို့သည် ချက်ချင်းဆိုသလို ဒူးထောက်ချလိုက်ပြီး ချန်းဖန်အား ဦးညွှတ် လိုက်ကြသည်။ မျက်နှာများကမူ လုံးဝ မော့မလာကြဘဲ မတော်တဆ ချန်းဖန်၏ မျက်လုံးများထဲ စိုက်ကြည့်မိပါက သခင်လေးကဲ့သို့ အလားတူ ကံကြမ္မာမျိုး ကြုံတွေ့ရလေမလား ဟူ၍ ကြောက်ရွံ့ နေကြသည်။

ယုဝမ်ကျင်းနှင့် ကျန်းပင်တို့သာ မတ်တတ် ရပ်လျက်သား ကျန်နေခဲ့သည်။

ယုဝမ်ကျင်းသည် ချန်းဖန်အား ရီဝေစွာ ကြည့်သည်။ သူမသည် ထိုလူငယ်လေးအား ဘယ်တုန်းကမှ အသေအချာ မသိခဲ့သလို ခံစားရသည်။ သူမ သိခဲ့သော ချန်းဖန်ကား အပေါ်ယံ မျက်နှာဖုံး တစ်ခုမျှသာ။

ကျန်းပင်သည် ယခုထက်ထိ အရှုံးပေးလိုစိတ် လုံးဝ မရှိဘဲ အံကြိတ်ကာ ပြောလာသည်။

"သခင်လေးကို သတ်ရဲတယ် ...  ငါတို့ ဂိုဏ်းချုပ်က မင်းကို ဒီတိုင်း ထားမှာ မဟုတ်ဘူး ... "

"အဲ့တော့"

ချန်းဖန်က ပကတိ အေးစက်လှသော အသံနှင့် ပြန်မေးလိုက်သည်။

ကျန်းပင် နောက်ထပ် စကား မပြောနိုင်ခင်မှာပဲ ရွှေရောင်မီးတောက် တစ်ခုသည် ချန်းဖန်၏ မျက်လုံးအတွင်းမှ ထွက်ပေါ်လာကာ ကျန်းပင်၏ ကိုယ်ထဲသို့ ဝင်ရောက် သွားသည်။

ကျန်းပင်သည် သေလုမတတ် နာကျင်မှုအား ခံစားရန် မျက်လုံးမှိတ်ကာ အသင့်ပြင် ထားသော်လည်း သူမျှော်လင့်ထားသော နာကျင်မှုက ရောက်မလာခဲ့။ ထိုအစား ချန်းဖန်၏ အေးစက်‌သော စကားသံကိုသာ ကြားလိုက်ရသည်။

"ဒီလက်ဆောင်ကို မင်းရဲ့ဂိုဏ်းက အကြီးအကဲတွေဆီ ပြန်ယူသွားပြီး သူတို့ကို ပြောလိုက် ချန်းပေ့ရွှမ်းက မကြာခင်မှာ သူတို့ဆီလာပြီး အာလုံးကို သတ်ပစ်မယ်လို့"

"ကျုပ်ကို အသက်ရှင်ခွင့် ပေးတယ်လား"

ကျန်းပင်သည် မျက်လုံးများ ပြန်ဖွင့်လာပြီး မယုံမရဲ မေးလိုက်သည်။

"အခု ငါ့ရှေ့က ထွက်သွားတော့"

ချန်းဖန်က ပြတ်သားစွာ ပြောသည်။

ကျန်းပင်သည် နောက်သို့ လုံးဝ လှည့်မကြည့်တော့ဘဲ အလွန် လျင်မြန်စွာ ပြေးသွားတော့သည်။ သူ၏ မျက်လုံးများထဲတွင် ပြင်းပြသော လက်စားချေလိုမှုတို့ တောက်လောင်လို့ နေသည်။

ယုဝမ်ကျင်းသည် ချန်းဖန်၏ အပြုအမူကြောင့် အံ့အား သင့်ရသည်။

"ချန်းဖန် ...  အဲ ...  ဆရာချန်း ...  သူ့ကို ဒီလိုပဲ လွှတ်ပေး လိုက်တယ်လား"

"ဒါက အဆင်ပြေပါတယ်"

ချန်းဖန်၏ မျက်လုံးထဲရှိ မီးတောက်မှာ လုံးလုံးလျားလျား ပျောက်ကွယ် သွားပြီး တွေးဆဆဖြင့် ပြောသည်။

"ငါ့ရဲ့ လက်ဆောင်ကို သူတို့ဂိုဏ်းက အကြီးအကဲတွေဆီ ပို့ပေးဖို့လူ လိုတယ်လေ သူတို့အားလုံး ငါ့ရဲ့လက်ဆောင်ကို ကြိုက်ကြဖို့ မျှော်လင့်မိတယ်"

***

All Chapters