လက်ဆောင်
Vol. 2 Ch. 114
သခင်လေး၏ သေဆုံးမှု ပြီးနောက် နာရီအနည်းငယ် အကြာတွင် ပိုင်ဝူကျိနှင့် ဆရာချွေ့၏ တပည့်များသည် ခြံဝင်း အတွင်းရှိ ရှုပ်ထွေးနေမှုများအား ရှင်းလင်း လိုက်ကြသည်။
ချန်းဖန်သည် ထိုင်ခုံ တစ်လုံးတွင် ထိုင်ရင်း အရိုးဖြင့် ပြုလုပ်ထားသော ကျောက်စိမ်း ဖြူရောင် ပုလွေအား ကစားနေသည်။
ချန်းဖန်၏ လီရွှေရောင် မီးမျက်လုံးသည် သခင်လေးနှင့် တကွ သူ၏ ဝိညာဉ်ကိုပါ လောင်ကျွမ်း ပြာချခဲ့သော်လည်း ကမ္ဘာဦး ဝိညာဉ် ပုလွေသည်တော့ ပြာကျမသွားခဲ့။ သို့သော် အညိုးအတေး ဝိညာဉ်များနှင့် ပုလွေအကြားရှိ ဆက်သွယ်မှု ပြတ်တောက်ပြီး ပုလွေ၏ သာမန် အခြေအနေသို့ ပြန်ရောက် သွားခဲ့သည်။
မည့်သို့ပင်ဆိုစေ ချန်းဖန်သည် ပုလွေ၏ အရည်အသွေးအား မအံ့ဩဘဲ မနေနိုင်ပေ။
လီရွှေရောင် မီးမျက်လုံးသည် အဆင့်မြင့် နတ်ဘုရားအလင်း အမျိုးအစား ဖြစ်ပြီး အဆင့်မြင့် မှော်ရတနာများကိုပင် ပြာချ နိုင်စွမ်းရှိသည်။ ဒါကိုတောင် ကမ္ဘာဦး ဝိညာဉ်ပုလွေက ပြာကျမသွားခဲ့။
ထို့နောက်တွင် ချန်းဖန်သည် ပုလွေအား ပြုလုပ်ထားသော အရိုး၏ ဇာစ်မြစ်အား မှန်းဆ နိုင်သွားသည်။
"ဒါက မူလဝိညာဉ် အဆင့်ကို ရောက်နေတဲ့ ကျင့်ကြံသူရဲ့ အရိုး အပိုင်းအစပဲ"
ချန်းဖန်သည် မျက်မှောင်ကြုတ်ကာ နက်နက်နဲနဲ စဉ်းစားခန်း ဝင်မိသည်။ မူလဝိညာဉ် အဆင့်ကို ရောက်နေတဲ့ ကျင့်ကြံသူတွေ ကမ္ဘာပေါ်မှာ ရှိခဲ့ဖူးတာလား ... ။ သို့ဆိုလျှင် ထိုသူများထဲမှ တချို့တစ်ဝက်က ယခုခေတ် အခါအထိ အသက်ရှင်နေဆဲလား။
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကမ္ဘာပေါ်မှာ ဝိညာဉ်ချီတွေ ပေါများခဲ့တယ် ဆိုရင်တောင် ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ဒီလောက် ပေါက်မြောက်မှု ရှိခဲ့မှာ မဟုတ်ဘူး ဒါက ဒီအတောအတွင်း ငါကြုံခဲ့ရတဲ့ မှော်ပညာတွေ၊ အတွင်းအား လေ့ကျင့်တဲ့ နည်းစနစ်တွေကို ကြည့်ရင် သိနိုင်တယ် "
ချန်းဖန်သည် တစ်ကိုယ်တည်း ရေရွတ် နေမိသည်။
ထို့နောက် တစ်စုံတစ်ရာအား တွေးမိကာ သူ့မျက်နှာမှာ ပြုံးရွှင်သွားသည်။
အကယ်၍ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကမ္ဘာပေါ်တွင် ကျင့်ကြံခြင်းများ ထွန်းကားခဲ့သည် ဆိုပါက ထိုရှေးဟောင်း ကျင့်ကြံသူများ ချန်ရစ်ခဲ့သော မှော်ရတနာများနှင့် ဝိညာဉ်ဆေးလုံး အကြွင်းအကျန်များ ကမ္ဘာကြီး၏ တစ်နေရာတွင် ရှိနေနိုင်သေးသည်။ ထိုအရာများထဲမှ တစ်ခုတလေခန့် ရှာတွေ့နိုင်လျှင်ပင် သူ၏ ကျင့်ကြံခြင်း လမ်းစဉ်၌ အနည်းငယ် အထောက်အကူ ဖြစ်ပေလိမ့်မည်။ သို့သော် ရှာတွေ့နိုင်ချေကတော့ အလွန် နည်းပေသည်။
"အင်း ... ပစ္စည်းကောင်းကို ဖြုန်းတီးနေခဲ့ကြတာပဲ ... "
ချန်းဖန်သည် လက်ထဲရှိ ပုလွေအား ငုံ့ကြည့်ရင်း ရေရွတ်မိသည်။
ချန်းဖန်သည် ယင်မြွေကြီး၏ ကျောရိုးကိုပင် ထုတ်ယူပြီး အစွမ်းထက်သော အရိုးကြာပွတ် မှော်ရတနာ အဖြစ် ဖန်တီးနိုင်ရာ မူလကပင် အစွမ်းထက်ပြီး ဖြစ်သော ဤအရိုးပုလွေအား အသုံးပြုလျက် မှော်ရတနာ ဖန်တီးရန်မူကား မခက်ခဲလှပါ။
တစ်စုံတစ်ယောက်သည် မူလဝိညာဉ် အဆင့်သို့တိုင်အောင် ကျင့်ကြံနိုင်ခဲ့ပါက ထိုလူ၏ သွေးတစ်စက်တိုင်း၊ အရိုး တစ်ချောင်းတိုင်းက ဝိညာဉ်ချီများ ပြည့်ဝနေမှာ ဖြစ်သည်။ သို့ဖြစ်ရာ ဤအရိုးပုလွေသည် မှော်ရတနာ ပြုလုပ်ရာ၌ အသုံးချရန် အလွန် သင့်တော်သည်။
"နောက်ဆုံးတော့ ဝိညာဉ်ရတနာ တခုကို ပိုင်ဆိုင်နိုင်တော့မယ် ... "
ရတနာများအား အဆင့်ခွဲလျှင် ဝိညာဉ် ရတနာသည် မှော်ရတနာထက် တစ်ဆင့်မြင့်သည်။ များသောအားဖြင့် မူလဝိညာဉ် အဆင့်သို့ ရောက်ရှိပြီးသူများသာ ဝိညာဉ် ရတနာများ ပိုင်ဆိုင် နိုင်ကြသည်။ စွမ်းအားချင်းယှဉ်လျှင် ဝိညာဉ် ရတနာများသည် မှော်ရတနာ များထက် ပိုမို အစွမ်းထက်သည်။
ယုဝမ်ကျင်းသည် ချန်းဖန်ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ ရှက်ရွံ့မှုက သူမမျက်နှာ တစ်ပြင်လုံးတွင် နေရာယူထားသည်မှာ ချန်းဖန်နှင့် သူမသည် ယနေ့မှ စတင် တွေ့ဖူးသည့် အတိုင်း။
"မျက်နှာက ဘာဖြစ်နေတာလဲ ကိုယ့်ရဲ့ သူငယ်ချင်း ဟောင်းကိုတောင် မမှတ်မိ တော့ဘူးလား"
ချန်းဖန်က ပေါ့ပေါ့ပါးပါး စနောက်လိုက်သည်။
ချန်းဖန်၏ စနောက်လိုက်မှုက ယုဝမ်ကျင်းအား အနည်းငယ် ရဲတင်း သွားစေသည်။ သူမက မျက်စောင်း ထိုးကာ ပြောလိုက်သည်။
"နင့်ပုံစံက ကြောက်ဖို့ ကောင်းတယ်။ အခုလေးတင် လူတစ်ယောက်ကို အရှင်လတ်လတ် မီးရှို့ သတ်လိုက်တော့ နင်က ငါသိဖူးတဲ့ သူငယ်ချင်း မဟုတ်တော့သလိုပဲ"
"မှားနေပြီ ဝမ်ကျင်း"
ချန်းဖန်သည် မတရား စွပ်စွဲခံလိုက်ရသည့် ကလေး တစ်ယောက် အလား မျက်နှာက မရွှင်မပျ ဖြစ်သွားပြီး ပြောသည်။
"တကယ်လို့ ငါသာ သခင်လေး နင့်ကို ခေါ်သွားမှာကို ခွင့်ပြုလိုက်ရင် ဘာတွေ ဆက်ဖြစ်လောက်မလဲ နင်တွေးကြည့်ဖူးလား"
"ဘာဖြစ်မှာလဲ"
ယုဝမ်ကျင်းသည် စက္ကန့်ပိုင်းမျှ တွေးတော ပြီးနောက် ခန့်မှန်းကြည့်သည်။
"သခင်ကြီးပိုင် ပြောတဲ့အတိုင်း ဆိုရင် သခင်လေးက ငါ့ကိုယ်ထဲက ယင်စွမ်းအင်တွေကို စုပ်ယူပြီး မျိုးစေ့တခု စိုက်မှာတဲ့ အဲ့တာလား"
ချန်းဖန်က ခေါင်းယမ်းသည်။
"မဟုတ်ဘူး သခင်လေး သုံးတဲ့ ရှေးဟောင်း ပညာရပ်တွေက ရက်စက် ကြမ်းတမ်းတဲ့ ဟာတွေချည်းပဲ။ အဲဒီ ပညာရပ်က နင့်ကိုယ်ထဲမှာ ရှိတဲ့ ယင်စွမ်းအင်တွေကို စုပ်ယူရုံတင် မကဘူး။ နင့်ရဲ့ သက်တမ်းကိုပါ စုပ်ယူသွားမှာ အချိန်ကြာလာတာနဲ့ အမျှ နင့်ရဲ့ အသွေး အသား အရိုးတွေထဲမှာ ရှိနေတဲ့ ခြင်ဆီတွေ အကုန် ခန်းခြောက်သွားပြီး ခန္ဓာကိုယ် အခွံကြီးပဲ ကျန်ခဲ့လိမ့်မယ်"
"အား ... "
ယုဝမ်ကျင်းသည် ပါးစပ်လေးအား လက်ဖြင့် အုပ်လျက် အော်လိုက်သည်။ ကြောက်ရွံ့မှုတို့က သူမ မျက်လုံးထဲတွင် အထင်းသား ပေါ်နေသည်။
"သူ့လို ရက်စက် ယုတ်မာတဲ့ လူတစ်ယောက် အတွက် အရှင်လတ်လတ် မီးရှို့ ပစ်တာကတောင် သက်ညှာ လွန်းရာ ကျနေပြီ"
ချန်းဖန်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်ပြီးနောက် ယုဝမ်ကျင်းအား မေးသည်။
"အခု ဘာဆက်လုပ်မယ် ဆိုတာ တွေးပြီးပြီလား"
"အင်း"
ယုဝမ်ကျင်းက ဆုံးဖြတ်ပြီးဟန်ဖြင့် ခေါင်းညိတ်သည်။
"အိမ်ကိုပြန်ပြီး ဇာတိမြေမှာ ခဏ နေလိုက်ဦးမယ်။ မပြန်ဖြစ်တာလည်း အတော် ကြာခဲ့ပြီလေ။ ပြီးရင်တော့ သခင်ကြီးပိုင်က မိသားစုကြီး ခြောက်စုနဲ့ ငါ့ကို မိတ်ဆက်ပေးမယ်လို့ ပြောတယ် သူတို့ထဲက မိသားစု တစ်စုကတော့ ငါ့ကို တပည့်အဖြစ် လက်ခံမှာပါ"
"နင် ကံကောင်းပါတယ်။ နင့်ခန္ဓာကိုယ်ရဲ့ သဘာဝ အစွမ်းအစက အသွားနှစ်ဖက်ပါတဲ့ ဓားလိုပဲ သွေးလေလေ ပိုထက်လေလေ ဖြစ်လိမ့်မယ်။ နင်သာ သေချာ ကြိုးစားရင် ဆယ်နှစ်အတွင်း သခင်လေးထက် သာတဲ့သူ ဖြစ်လာလိမ့်မယ်"
ပိုင်ဝူကျိသည် ချန်းဖန်အနားသို့ လာရပ်ပြီး ညွှန်ကြားချက်အား စောင့်နေသည်။
ချန်းဖန်က ပိုင်ဝူကျိအား အသေအချာ လေးနက်စွာဖြင့် ပြောလိုက်သည်။
"ဝမ်ကျင်းရဲ့ လုံခြုံမှုကို ခင်ဗျားလက်ထဲ ထည့်လိုက်ပြီ တကယ်လို့ သူမရဲ့ ဆံချည်တစ်မျှင် ခေါင်းက ကျွတ်သွားရင်တောင် ... ခင်ဗျား ဘာဖြစ်မလဲ ဆိုတာ သိတယ်မလား"
ပိုင်ဝူကျိသည် တုန်ယင်နေသော ခန္ဓာကိုယ်အား ထိန်းရင်း အလျင်အမြန် ပြန်ဖြေရှာသည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့"
ချန်းဖန်က အသိအမှတ် ပြုသည့်အနေဖြင့် ခေါင်းညိတ် လိုက်သည်။ ပိုင်ဝူကျိ အနေနှင့် သူ့အစွမ်းအား မျက်မြင် ကိုယ်တွေ့ ကြုံပြီးဖြစ်ရာ လက်လွတ်စပယ် ကတိပေးရဲမည် မဟုတ်။
ချန်းဖန်သည် ယုဝမ်ကျင်းအား တစ်ချက် ငေးကြည့်မိသည်။ သူက အစပိုင်းတွင် သူမအား သူနှင့်အတူ လေ့ကျင့်ရန် ကမ်းလှမ်း လိုခဲ့သော်လည်း သေချာ စဉ်းစားပြီးနောက် မပြောဖြစ်တော့။ သူ့ညွှန်ကြားမှု အောက်တွင် လေ့ကျင့်ခြင်းက အခြား မည်သည့် ဆရာ လက်အောက်တွင် လေ့ကျင့်ခြင်းထက် မဆို ထိရောက်သည်။
သို့သော် ချန်းဖန်က အခိုင်အမာ ယုံကြည်ထားသည်မှာ တစ်စုံတစ်ယောက်အား အမှန်တကယ် ကူညီလိုပါက ထိုတစ်စုံတစ်ယောက် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်အောင် ကူညီ ပေးခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်သည်ဟူ၍။
နောက်တစ်ချက်မှာ ချန်းဖန်တွင် လုပ်စရာ ကိစ္စများက တန်းစီနေပြီး လျှောက်ရမည့် လမ်းကလည်း အရှည်ကြီး ကျန်နေသေးသည်။ ထို့ကြောင့် တချို့ ကိစ္စများတွင် အချိန် ဖြုန်းမနေချင်ပေ။
ယုဝမ်ကျင်းအား သူတတ်နိုင်သမျှ ကူညီပေးပြီး ဖြစ်သည်။ သူမက ဝိရီယရှိစွာနှင့် ကြိုးစားကျင့်ကြံပြီး ဓမ္မကျင့်ကြံခြင်း အဆင့် မှော်ပညာရှင် တစ်ယောက် ဖြစ်လာပါက သူ့အနေနှင့် လမ်းညွှန်မှု တချို့ ထပ်ပေးလိုက်မည်။ သူမ ကိုယ်တိုင်ကိုက ကြိုးစားလိုစိတ် မရှိဘဲ လမ်းတဝက်တွင် ရပ်တန့် လိုက်ပါက ချန်းဖန်သည်လည်း 'ကံကောင်းပါစေ' ဟူ၍ ဆုတောင်း ပေးလိုက်ရုံသာ။
လူတိုင်းက ထွက်ခွာကာနီး ချန်းဖန်အား နှုတ်ဆက်ကြသည်။ မြွေဘွားဘွားသည် ချန်းဖန်၏ မျက်လုံးထဲသို့ လုံးဝ စိုက်မကြည့်ရဲဘဲ ယုဝမ်ကျင်း အနားတွင်သာ ကပ်နေလျက် ထွက်ခွာ သွားသည်။
နောက်ဆုံးတွင် ခြံဝင်းထဲ၌ ချန်းဖန်နှင့် ယခုထက်ထိ ချိုင့်ကြီး အတွင်းမှ ထနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သော လက်ပြတ် ကြေးနီအလောင်းကောင်ကြီးသာ ကျန်ရစ်ခဲ့တော့သည်။
ချန်းဖန်က ပြုံးလိုက်သည်။ ချောမောသော ဆယ့်ခြောက် နှစ်သားလေး၏ အပြုံးသည် ရိုးရှင်း မနေခဲ့ဘဲ တစ်မျိုးတမည် အူမြူးခြင်းတို့ ရောယှက်နေသည်။
"ဒီ နိမ့်ကျတဲ့ ဂိုဏ်းလေးတွေက အလောင်းကောင် ပြုပြင်ခြင်း ပညာရပ်တွေ တတ်ထားတယ်ပေါ့။ အရမ်းကောင်းတယ်။ ငါကလည်း သူတို့ကို ပိုကောင်းတဲ့ အလောင်းကောင် ပြုပြင်ခြင်း ပညာရပ်ကို ပြပေးရသေးတာပေါ့ ထုံရှန်းကို သူတို့ရန်သူအဖြစ် မြင်ရတဲ့အခါ ဖြစ်ပျက်သွားမဲ့ မျက်နှာတွေကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး ... "
ငါးရက်ကြာပြီးနောက် ... ။ ဝေးလံ ခေါင်ဖျားသော ရွာတစ်ရွာ၌။
ရွာလေးသည် အပြင်ပန်းမှ ကြည့်လျှင် သာမန်ဟု ထင်ရသော်လည်း အတွင်းပိုင်းကမူ ရွာသားများအတွက် အထွတ်အမြတ် နယ်မြေဖြစ်သည်။ ထိုနေရာတွင် စုန်းတစ္ဆေဂိုဏ်း၏ အကြီးအကဲများ စုဝေးနေကြသည်။
ရွာ၏ အမြင့်ဆုံး မြေနေရာတွင် ကျောက်တုံး ဘုရားကျောင်း တစ်ဆောင်ရှိသည်။ အတွင်းဘက်၌ သုံးမီတာ ရှည်သော နတ်ဆိုး တပါး၏ ရုပ်ထုအား ထွင်းထု ပူဇော်ထားသည်။ နတ်ဆိုး၏ မျက်နှာတွင် အနီရောင် မျက်လုံး နှစ်လုံးကိုသာ ဖော်ထားသော မျက်နှာဖုံး တစ်ခု ရှိနေပြီး နတ်ဆိုး ကိုယ်ထည်အား အနက်ရောင် ကျောက်ဖြင့် ပြုလုပ်ထားသည်။
ရုပ်ထု၏ ခြေရင်းတွင် အနက်ရောင် ဝတ်စုံများဖြင့် အကြီးအကဲ တစ်စု ရှိနေသည်။
အုပ်စု၏ အငယ်ဆုံးသည် အသက် လေးဆယ်ခန့် ရှိမည့်ပုံပေါ်ပြီး အကြီးဆုံး အကြီးအကဲ၏ မျက်နှာ တစ်ပြင်လုံး သည်ကား ရှုံ့တွနေသော အရေပြား များဖြင့်သာ ဖုံးအုပ်နေသည်။ ထိုအကြီးအကဲမှာ အသက်တစ်ရာ ကျော်ခန့် ရှိလောက်သည်။ အားလုံးသော အကြီးအကဲတို့၏ ပတ်လည်တွင် တူညီသော အေးစက်စက် စွမ်းအား တစ်ခုက လွှမ်းခြုံထားသည်။
"ဂိုဏ်းချုပ် ... သခင်လေးရဲ့ သေဆုံးမှုက ကျုပ်တို့ ဂိုဏ်းအတွက် တကယ်ကို အရှက်ရစရာ စော်ကားခံရမှုကြီးပါ"
အကြီးအကဲ တစ်ယောက်က ပြောသည်။
"အမှန်ပဲ ကျုပ်တို့ဂိုဏ်း စတည်ထောင်ပြီး ကတည်းက ဒီလို အရှက်ခွဲ ခံရတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး"
နောက်တစ်ယောက် ကလည်း ဒေါသသံဖြင့် ပြောလိုက်ပြန်သည်။
"သူက ကိုယ့်ကိုယ်ကိုယ် ဆရာချန်းလို့ ခေါ်နေတဲ့ အသုံးမကျတဲ့ ကောင်တစ်ယောက်ပါပဲ သူကများ ကျုပ်တို့ သခင်လေးကို သတ်ရဲတယ် ကျုပ်တို့ ဂိုဏ်းကို အထင်သေးလွန်းရာ ကျသွားပြီ"
အခြားတစ်ယောက်က အေးစက်စွာ ဝင်ပြောပြန်သည်။
ခဏကြာပြီးနောက် ရုပ်ထု၏ အရှေ့တည့်တည့်တွင် ထိုင်နေသော လူကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်။
"ကျန်းပင်ကို ဒီကို ခေါ်လာခဲ့ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ အတိအကျ သိရအောင်လို့ "
ထိုလူကြီးကား အသက်ရာ ကျော်နေပြီ ဖြစ်သော ဂိုဏ်းချုပ်ဖြစ်သည်။ အကယ်၍ လူကြီး၏ နှလုံးက ပုံမှန် ခုန်နေခြင်းကြောင့်သာ မဟုတ်ပါက အခြားသူများသည် ထိုလူကြီးအား လူသေနှင့်ပင် မှားလောက်ပေ၏။
မည်သူကမျှ ဂိုဏ်းချုပ်အား မေးခွန်း ပြန်မထုတ်ရဲကြ။ ဂိုဏ်းချုပ်သည် ဓမ္မကျင့်ကြံခြင်း အဆင့်သို့ပင် ရောက်ရှိပြီးသူ တစ်ယောက် ဖြစ်သည်။
ကျန်းပင်သည် ဘုရားကျောင်း အတွင်းသို့ ဝင်လာပြီးနောက် အကြီးအကဲများနှင့် ဂိုဏ်းချုပ်အား ဦးညွှတ်ကာ နှုတ်ဆက် လိုက်သည်။ ထို့နောက် စီကျွေးမြို့လေးတွင် ဖြစ်ပျက်ခဲ့သမျှအား အသေအချာ ရှင်းပြတော့သည်။
"မင်းပြောတာ ဆရာချန်းက အသက်ဆယ့်ခြောက် ဆယ့်ခွန်လောက်ပဲ ရှိဦးမယ်။ သူက မျက်လုံးကနေ မီးအလင်းတန်း လွှတ်ပြီး တိုက်ခိုက်နိုင်တယ်။ တစ်ချက်တည်းနဲ့ မှော်အကာအကွယ်ကို ချိုးဖျက်ပြီး သခင်လေးရဲ့ ခန္ဓာကိုယ်ကို အရှင်လတ်လတ် မီးရှို့ပစ်တယ် ဟုတ်လား"
အကြီးအကဲ တစ်ယောက်က မယုံနိုင်စွာ မေးလိုက်သည်။
"သူက အဲ့လောက်တောင် စွမ်းတယ်လား"
"သူက ကျုပ်အသက်ကို ချမ်းသာပေးပြီး အကြီးအကဲတွေဆီကို လက်ဆောင်တစ်ခု ပေးခိုင်းတာပါ။ သူပြောတာက မကြာခင်မှာ ဒီကိုလာပြီး ကျုပ်တို့အားလုံးကို သတ်မယ်တဲ့"
ကျန်းပင်က မခံမရပ်နိုင်စွာ ပြောသည်။
"မောက်မာလွန်းတယ် ... "
ချန်းဖန်၏ စကားက အကြီးအကဲများအား ကျွဲမြီးတို သွားစေသည်။ ဒေါသတကြီး ကျိန်ဆဲသံများက ဘုရားကျောင်း အတွင်း ဆူညံသွားသည်။
"ဟား ... ဟား ... ငါတို့တွေက နှစ်ရာကျော် ရှင်သန် လာခဲ့ကြတာ ငါတို့အတွက် တစ်ခုတည်းသော အနှောင့်အယှက်ဆိုလို့ ကောင်းကင် သခင်ဂိုဏ်းပဲ ရှိတယ် အဲဒီဂိုဏ်းက အဘိုးကြီးတွေ အိုပြီး သေသွားတဲ့ အခါကျရင် ငါတို့ဂိုဏ်းက အဓိက အင်အားစုကြီး ဖြစ်လာလိမ့်မယ်"
"ဂိုဏ်းချုပ် ... မောက်မာနေတဲ့ အဲဒီကောင်လေးကို သင်ခန်းစာ ပေးကြရအောင် သူ့ဘာသာ ဘယ်လောက်စွမ်းစွမ်း ကျုပ်တို့ ဆယ်ယောက်ပေါင်းအားကို ယှဉ်နိုင်မှာတဲ့လား"
အကြီးအကဲများက တစ်ယောက် တစ်ပေါက်ဖြင့်၊ ကျိန်ဆဲသူကဆဲ၊ နှာခေါင်းရှုံ့သူက ရှုံ့ဖြင့် အလုပ်များနေကြစဉ် ဂိုဏ်းချုပ်မှာ တစ်စုံတစ်ရာအား တွေးနေဟန်ဖြင့် ငြိမ်သက်နေသည်။ ထို့နောက် ဂိုဏ်းချုပ်က ကျန်းပင်အား မေးလိုက်သည်။
"သူက တခြား ဘာပြောသေးလဲ"
"သူက ဂိုဏ်းချုပ်ဆီကို လက်ဆောင်တစ်ခု ယူသွားပေးဖို့ ပြောပါသေးတယ်"
ကျန်းပင်က မဲ့ပြုံး ပြုံးလိုက်သည်။
"ဒါပေမဲ့ သူ နောက်နေတာ ဖြစ်ပါလိမ့်မယ် တကယ်တော့ ကျုပ်ကို ဘာလက်ဆောင်မှ မပေးလိုက် ... အား ... ... "
ရုတ်တရက် ကျန်းပင်သည် နာကျင်စွာ အော်ဟစ်လိုက်သည်။
ဒေါသထွက်နေကြသော အကြီးအကဲ တစ်စုသည်လည်း တိတ်ဆိတ် သွားကြပြီး ကျန်းပင်အား ကြည့်မိကြသည်။
ကျန်းပင်၏ နဖူးပြင်၌ အနီရောင် ကြာပွင့်သဏ္ဍာန် အမှတ်အသားတစ်ခု စတင် ထွက်ပေါ်လာသည်။ ထို့နောက် ရွှေရောင် မီးတောက်များသည် ကျန်းပင်၏ တစ်ကိုယ်လုံးရှိ ချွေးပေါက်များမှ တောက်လောင်လာပြီး အရေပြား တစ်လွှာချင်း၊ အသား တစ်လွှာချင်း၊ အရိုးများအထိ လောင်ကျွမ်း လာကြသည်။ ကျန်းပင်သည် မချိမဆန့် နာကျင်မှု ဝေဒနာကြောင့် မြေပြင်ပေါ်တွင် လူးလှိမ့် နေသော်လည်း မီးတောက်များက ပျောက်ကွယ် မသွားခဲ့။
အချိန်ခဏ ကြာပြီးနောက် အော်သံများမှာ တဖြည်းဖြည်း ပျောက်ကွယ် သွားပြီး ကျန်းပင်၏ ခန္ဓာကိုယ်သည်လည်း ပြာမှုန်များအဖြစ် လေထုအတွင်း လွင့်မျော သွားသည်။
ကျန်းပင်သည် ဘုရားကျောင်း အတွင်းသို့ ဘယ်တုန်းကမှ ဝင်မလာခဲ့သည့် အလား လေလို၊ ဖုန်မှုန့်လို ပျောက်ကွယ် သွားခဲ့သည်။
ဘုရားကျောင်း တစ်ခုလုံး တိတ်ဆိတ် ကျသွားသည်။
အကြီးအကဲများသည် နှုတ်ခမ်းများ တဆတ်ဆတ် တုန်နေကြသော်လည်း ဘာစကားသံမှ ထွက်မလာခဲ့။
ဂိုဏ်းချုပ်သည်ပင် ဖြစ်ရပ်ကြောင့် တိတ်ဆိတ် သွားသည်။ ကြောက်ရွံ့မှု တစ်စွန်းတစ်စသည် ဂိုဏ်းချုပ်၏ မျက်လုံးထဲ၌ ရှိနေသည်။
ဤပညာရပ်ကား အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ မီးတောက် တစ်ခုအား လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲ၌ ရှိနေစေပြီး အချိန်တစ်ခုကြာမှ အမြစ်ပြတ် လောင်ကျွမ်းစေခြင်း ... ။ ပိုင်မိသားစု၏ အတော်ဆုံး မီးဓာတ်ပညာရှင်ပင် ထိုသို့ မလုပ်နိုင်ပါ။
သူတို့၏ ပြိုင်ဘက်သည် အကြီးအကဲများ အတွက် မဆိုထားနှင့်၊ ဂိုဏ်းချုပ်အတွက်ပင် ဖိအားများသော ပြိုင်ဘက် တစ်ယောက် ဖြစ်နေခဲ့သည်။
"ကျုပ်တို့ ... ကျန်းပေ့ဒေသကို သွားပြီး လက်စားချေ ကြဦးမှာလား"
အကြီးအကဲများထဲမှ တစ်ယောက်က မေးလိုက်သည်။
ဂိုဏ်းချုပ် အပါအဝင် ဘယ်သူကမှ ပြန်ဖြေမလာကြ။
အားလုံးသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြပြီး ထိုအကြောင်း အရာအား နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မပြောကြရန် ဆုံးဖြတ် လိုက်ကြသည်။
***