'ဝူ'တောင်ရေပူစမ်း အပန်းဖြေစခန်း
Vol. 2 Ch. 115
ရွာလေးရှိ ဘုရားကျောင်းအတွင်း ပွက်လော ရိုက်နေချိန်တွင် ချန်းဖန်သည် BMW တစ်စီး၏ နောက်ခန်းတွင် မျက်လုံးမှိတ်လျက် ထိုင်နေခဲ့သည်။
ကျန်းပင်၏ ခန္ဓာကိုယ်အတွင်းရှိ မီးတောက် လောင်ကျွမ်းသွားပြီး ဖြစ်ကြောင်း အတည်ပြုပြီးသောအခါ ချန်းဖန်သည် မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး ကားပြတင်းပေါက်မှ တစ်ဆင့် အဝေးသို့ ငေးကြည့် လိုက်သည်။
နတ်ဘုရားအလင်း၏ အစွမ်းဖြင့် ချန်းဖန်သည် လူတစ်ယောက်၏ သေခြင်းရှင်ခြင်းအား အဝေးမှ တစ်ဆင့် ထိန်းချုပ်နိုင်သည်။ ကျန်းပင်သည် မိုက်မဲစွာဖြင့် ချန်းဖန်အား နောင်တစ်ချိန်တွင် လက်တုံ့ပြန်ရန် တွေးနေခဲ့သေးသည်။ ကျန်းပင် မသိခဲ့သည်မှာ ချန်းဖန်သည် သူ့ကိုယ်ထဲ၌ မီးကြာပန်းအား ထည့်ပေးလိုက်ပြီး စုန်းတစ္ဆေ ဂိုဏ်းသို့ ပြန်ရောက်မှသာ လောင်ကျွမ်းရန် သတ်မှတ် ပေးလိုက်သည် ဆိုတာကိုပင်။
ချန်းဖန်သည် ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်ခဲ့တာ ဖြစ်သည်။ ကျန်းပင်၏ ခန္ဓာကိုယ် လောင်ကျွမ်းသွားသည့် အချိန်တွင်ပဲ ချန်းဖန်သည် ဂိုဏ်းအကြီးအကဲများ ရှိနေသော တည်နေရာအား သိနိုင်သော အမှတ်အသား တစ်ခုလည်း ပြုလုပ်ခဲ့သည်။
အချိန်ကျလာသည့်အခါ သူတို့အနေနှင့် ပုန်းချင်လျှင်တောင် ချန်းဖန်က ရှာတွေ့နိုင်မည် ဖြစ်သည်။
"ဘာတွေ တွေးနေတာလဲ ရှောင်ဖန်"
ကားရှေ့ခန်းတွင် စီးကရက် တစ်လိပ်အား ခဲလျက် ကားမောင်းနေသော ဝူကျွင်းကျဲ့က လှမ်းမေးသည်။
ချန်းဖန်၏ မျက်နှာပေါ်ရှိ အေးစက်စက် အပြုံးမှာ နွေးထွေးသော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပြန်ဖြေလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး ငါသတ်လိုက်တဲ့ ပိုးကောင်လေး အကြောင်း တွေးနေတာ"
"အင်း"
ဝူကျွင်းကျဲ့သည် ချန်းဖန်အား တုံ့ပြန်ပြီးနောက် ခေါင်းယမ်းကာ ညည်းညူ လိုက်သည်။
"နှမြောစရာ ကောင်းလိုက်တာကွာ ... ဝမ်ကျင်းက ဇာတိမြေကို အလည် ပြန်သွားတယ် မဟုတ်ရင် ဒီတစ်ခေါက် ရေပူစမ်းကို သွားတဲ့ ခရီးမှာ သူပါ ပါလာမှာ အဲလိုဆိုရင် ရေကူးဝတ်စုံလေး ဝတ်ထားတဲ့ ဝမ်ကျင်းကို မြင်ရမှာ ... "
"ဟမ့် ... ရှောင်ကျင်းက နင်တို့ကောင်တွေ နှာဘူးကျမှာကို ကြိုသိနေလို့ ပြန်သွားတာပဲ ဖြစ်ရမယ်"
လင်းဝေ့ဝေ့က အားရဟန်ဖြင့် ဝင်ပြောလိုက်သည်။
လင်းဝေ့ဝေ့သည် ကားနောက်ခန်းတွင် ချန်းဖန်၊ ရန်ရှောင်ပိုင်တို့ နှစ်ယောက်နှင့်အတူ ကျပ်သိပ်စွာ ထိုင်နေရရှာသည်။ သူမ၏ ခြေထောက်များအား ရှေ့သို့ဆန့်ရင်း ထိုနှစ်ယောက်ကြား ထိုင်နေခြင်း ဖြစ်သည်။ ရန်ရှောင်ပိုင်သည် အစကပင် ဗလ တောင့်တောင့် ခပ်ဝဝ ဖြစ်ရာ အသက် ဘယ်နားက ရှုရမှန်း မသိသော ကျပ်ကျပ်သိပ်သိပ် အနေအထား တစ်ခုနှင့် ထိုင်နေရသည်။ သို့သော်လည်း တစ်ချက်တစ်ချက်တွင် လင်းဝေ့ဝေ့၏ ဆွဲဆောင်မှု ရှိသော ခြေတံရှည်များအား မသိမသာ လှမ်းကြည့် တတ်သည်။
"ဝမ်ကျင်းက ဇာတိမြေကို ပြန်သွားတယ် ဟောက်ရွှမ်က နောက်နှစ်အတွက် စာကြိုလုပ်နေတယ်။ အဲ့တော့ ငါတို့ လေးယောက်တည်း ကျန်တော့တယ်"
ဝူကျွင်းကျဲ့က ညည်းညူ လိုက်ပြန်သည်။
ထို့နောက်သူက သူက ချန်းဖန် ထိုင်နေသော နောက်ခန်းသို့ တစ်ချက် လှမ်းကြည့်ကာ တောင်းပန်လိုက်သည်။
"ရှောင်ဖန် ဟိုနေ့ညက ငါ့ရဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်ကွာ။ ငါ့ကို ခွင့်လွှတ်မယ်မလား"
"မင်းပြောတာ ဝမ်ကျင်းနဲ့ငါ လမ်းလျှောက်ပြီး ပြန်သွားတဲ့ ညလား"
ချန်းဖန်က အမှု မထားဟန်ဖြင့် ပြောလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး။ အဲညက ငါသူ့ကို မေးစရာလေး နည်းနည်း ရှိနေလို့ အတူတူ လမ်းလျှောက် ပြန်လိုက်တာ"
"ဟဲ့ နင်က ရှောင်ဖန်နဲ့ ဝမ်ကျင်းကို သဝန်တိုနေတာလား။ ရှောင်ဖန်သာ ဝမ်ကျင်းကို ကြိုက်ရင် ဟိုးအရင်တည်းက လိုက်ခဲ့မှာပေါ့ အရူးကောင်ရဲ့"
လင်းဝေ့ဝေ့က စိတ်ဆတ်သော သူမ၏ သဘာဝအတိုင်း ဒေါသနှင့် အော်ပြောလိုက်သည်။
"နင် ဝင်ပါပြန်ပြီ ဒါက ယောက်ျားလေးတွေကြားက စကားဝိုင်းဟ"
ဝူကျွင်းကျဲ့သည် မျက်နှာ ပူလာသောကြောင့် ရှက်ရှက်နှင့် စကားလမ်းကြောင်း လွှဲရန် ကြိုးစားလိုက်သည်။
"ဝူတောင် ရေပူစမ်း အပန်းဖြေစခန်းက မကြာသေးခင်ကမှ ကျော်ကြားလာတာ၊ အဲဒီမှာရှိတဲ့ အကုန်လုံးက အသစ်စက်စက်ပဲ ရှိနေဦးမှာ ရေပူစမ်းလည်း မိုက်တယ် ကျင်းမြို့တော်က ရေပူစမ်းနဲ့တောင် သိပ်မကွာလောက်ဘူး။ အပန်းဖြေစခန်းက နွေဦးပွဲတော် ပိတ်ရက်မှာ အိမ်ပြန်လာကြတဲ့ သူတွေ၊ ခရီးသွားကြမဲ့ လူတွေအတွက် ရည်ရွယ်ပြီး ဖွင့်ထားတာလေ ငါ့သူငယ်ချင်း တစ်ယောက်ရဲ့ ကျေးဇူးနဲ့ လက်မှတ်လေးစောင် ရခဲ့လို့ တော်သေးတယ်"
ဆယ်ကျော်သက်လေးများသည် နွေဦးပွဲတော်ရက် အတွင်း မိသားစုများ၏ အရေးကိစ္စများ ပေါ်မလာခင် အတူတူ ခရီးထွက်ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။
ချန်းဖန်သည် အိမ်တွင်ထိုင်ကာ သူ့အမေနှင့် အစ်မ ပြန်လာမည့် ရက်အား စောင့်နေရသည်က လွဲလျှင် အလုပ် မရှိသောကြောင့် ဝူကျွင်းကျဲ့တို့က အတင်း ဆွဲခေါ်လာခဲ့ခြင်း ဖြစ်သည်။
ဝူတောင် ရေပူစမ်း အပန်းဖြေ စခန်းသည် ချူကျိုးမြို့နှင့် ထျန်းဟယ်မြို့ ကြားတွင် ရှိပြီး စဖွင့်ကတည်းက ခရီးသွားများ၏ စိတ်ဝင်စားမှုအား ရရှိထားသည်။ ကိုရီးယားနှင့် ဂျပန်မှ ခရီးသွား အများအပြား နေ့စဉ် နီးပါး လာရောက်ကြသည်။
အရုဏ်တက်ချိန်လောက်တွင် ကားလေးသည် ဝူတောင်ခြေသို့ ဆိုက်ရောက်လာခဲ့သည်။ တည်းမည့် ဟိုတယ်သို့ မောင်းလာခဲ့ပြီးနောက် ကားအား ဟိုတယ် ကားပါကင်တွင် ထိုးပြီးနောက် ညစာစားရာ နေရာသို့ တန်းသွား လိုက်ကြသည်။ ဝူကျွင်းကျဲ့သည် သူ၏ သူငယ်ချင်းမှ တစ်ဆင့် ဟိုတယ်အခန်း မှာယူပြီးဖြစ်ရာ အလောတကြီး check-in ဝင်စရာ မလိုပေ။
ဝူတောင်သည် ကျန်းပေ့ဒေသ အတွင်းတွင် ကျော်ကြားသော ရှေးဟောင်း နေရာတစ်ခု ဖြစ်သည်။ မင်မင်းဆက်ခေတ်နှင့် ချင်မင်းဆက်ခေတ်မှ အဆောက်အဦးပေါင်း များစွာသည် မြို့အတွင်း ရှိနေသေးသည်။ ထို့အပြင် ကမ္ဘာ့အဆင့်မီ ရေပူစမ်း တစ်ခု ရှိနေခြင်းကလည်း ဆွဲဆောင်မှု တစ်ခု ဖြစ်နေသည်။
"အာ ... ဒီနေရာမှာ နိုင်ငံခြားသားတွေ အများကြီးပဲ"
လင်းဝေ့ဝေ့က ရေရွတ်လိုက်သည်။
"အရူးမ အထူးအဆန်း လုပ်ပြီး ကြည့်မနေနဲ့ ပြီးရင် အသားကျသွားလိမ့်မယ်"
အခွင့်သာတုန်း ဝူကျွင်းကျဲ့က လင်းဝေ့ဝေ့အား ဖဲ့လိုက်သည်။
"နင် ဘယ်သူ့ကို အရူးမလို့ ခေါ်လိုက်တာလဲ ... ပြန်ပြောစမ်း"
လင်းဝေ့ဝေ့သည် ရှူးရှူးရှားရှားဖြင့် ဝူကျွင်းကျဲ့၏ အင်္ကျီကော်လံအား ဆွဲကာ ထိုးရန် ပြင်လိုက်သည်။ ဝူကျွင်းကျဲ့သည် လက်နှစ်ဖက်အား အရှုံးပေးသည့် အနေနှင့် မြှောက်ပြရသည်။ သူက စကားဖြင့်သာ ဖဲ့နိုင်သော်လည်း လင်းဝေ့ဝေ့နှင့် ရန်မဖြစ်ဝံ့ပေ။ လင်းဝေ့ဝေ့၏ လက်စအား သူတို့ တစ်အုပ်စုလုံး ငယ်ငယ်တည်းက ခံစားဖူးခဲ့ကြသည်။
ထို့နောက် ဝူကျွင်းကျဲ့သည် ထုံရှန်းအား ကြည့်ကာ ပြောလိုက်သည်။
"ရှောင်ဖန် မင်း ဘယ်ကနေပြီး ဒီလောက် ထွားကျိုင်းတဲ့ သက်တော်စောင့်မျိုး ရှာလာတာလဲ ဗလကြီးက ငါတီဗွီထဲမှာ ကြည့်ဖူးတဲ့ ဘောက်ဆင်ထိုးတဲ့ လူတွေ အတိုင်းပဲ"
ထုံရှန်း၏ ဒဏ်ရာများမှာ သက်သာသွားပြီ ဖြစ်သည်။ သူ၏ အသက်မဲ့နေသော မျက်လုံးများမှ လွဲ၍ ကျန်သည့် ခန္ဓာ အစိတ်အပိုင်း အားလုံးမှာ အသက်ရှိနေသည့် လူတစ်ယောက် အလားပင်။ သို့သော် ပြောင်လက်နေသည့် ကတုံးကြီး၊ နှစ်မီတာကျော် ရှည့်သည့် အရပ်နှင့် ကြေးနီရောင် တောက်နေသော ကြွက်သား စိုင်ကြီးများကြောင့် လူတော်တော် များများက ထုံရှန်းအား လှည့်ကြည့် လှည့်ကြည့်နှင့် ဝေးဝေးက ရှောင်ကြသည်။
"အာ ... မင်းပြောတာ ထုံရှန်းလား သူက ငါ့ရဲ့ ဆွေမျိုးနီးစပ် တစ်ယောက်ပါ ငါ့ဦးလေးရဲ့ သားလေ အခု ငါ့ဦးလေးက မအားလို့ သူတစ်ယောက်တည်း ပျင်းနေမှာစိုးလို့ အတူတူ ခေါ်လာတာ"
ချန်းဖန်သည် မျက်တောင် တစ်ချက်မခတ်ဘဲ လိမ်လိုက်သည်။
ချန်းဖန်သည် ထုံရှန်းအား လျှို့ဝှက် ဆန်းကြယ်ဆေးလုံး ငါးလုံး တိုက်ထားခဲ့သောကြောင့် ထုံရှန်း၏ ဒဏ်ရာများ သက်သာ သွားရုံသာမက ပိုမို အားကောင်းလာသည်။ လျှို့ဝှက် အလောင်းကောင် ပြုပြင်ခြင်း ပညာရပ်အား သုံးပြီးပါက ထုံရှန်း၏ အစွမ်းအစမှာ မခန့်မှန်း နိုင်လောက်အောင် မြင့်တက် သွားပေလိမ့်မည်။
"တကယ်ပါပဲ အဲဒီလောက် ခန္ဓာကိုယ်ကြီးနဲ့ လူကို ခေါ်လာတော့ လူတွေ ကြည့်ကြတာလည်း မဆန်းပါဘူး။ အလာတုန်းကလည်း သူ့ကို ရှေ့ခန်းမှာ ထိုင်ခိုင်းလိုက်ရလို့ ငါ့မှာ အနောက်ခန်းထဲ ကျပ်သိပ်နေအောင် ထိုင်ရတယ်"
လင်းဝေ့ဝေ့က အထွန့်တက်လိုက်သည်။
"အမလေး မမလေးရယ် နင်ကမှ ခြေထောက်လေး ဘာလေး ဆန့်ထိုင်လို့ ရသေးတယ်။ ငါ့မှာ အသက်တောင် ဘယ်နားက ရှုရမှန်း မသိဘဲ ကားစီးလာရတယ်"
ရန်ရှောင်ပိုင်ကလည်း ပြောလိုက်သည်။
သူ၏ သူငယ်ချင်းများ အချင်းချင်း စနောက် ငြင်းခုံ နေသည်ကို ကြည့်ရင်း ချန်းဖန်၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှု၏ အရိပ်အယောင်လေး ဖြတ်ပြေး သွားသည်။
ဤအခိုက်အတန့်လေး ... ။ အတိတ်ဘဝက ချန်းဖန်၏ အထီးကျန်လှသော ကျင့်ကြံခြင်း လမ်းစဉ်၌ သူငယ်ချင်းများနှင့် သူချစ်ရသည့် မိန်းကလေးအား မည်မျှအထိ လွမ်းဆွတ် ခဲ့ရကြောင်း သူသာ သိပေသည်။
"ဒါပေမဲ့လည်း သူရှိနေတာကို ငါသဘောတော့ ကျသား ... ဘာပဲဖြစ်ဖြစ် ငါတို့ကို လူရှိန်တာပေါ့"
လင်းဝေ့ဝေ့က တခိခိ ရယ်လျက် ပြောလိုက်သည်။
"ဟား ... ဟား ... ငါတို့ ပျော်ရွှင်နေတဲ့ အချိန်မှာ ဘယ်သူမှ ငါတို့ကို လာနှောင့်ယှက်ရဲမှာ မဟုတ်ဘူး ဒါက ရှောင်ဖန်ရဲ့ ဝမ်းကွဲကိုပဲ အားကိုးရတော့မယ်"
ဝူကျွင်းကျဲ့က ရယ်လျက် ပြောလိုက်သည်။
နောက်ဆုံးတွင် ချန်းဖန်တို့ လူစုသည် 'ဝေ့ချွမ် ခန်းမ'ဟု ဆိုင်းဘုတ် ချိတ်ထားသော ရိုးရာ စားသောက်ဆိုင် တစ်ခုသို့ ရောက်ရှိလာသည်။ ဝူကျွင်းကျဲ့၏ သူငယ်ချင်းက ထိုစားသောက်ဆိုင်ရှိ စားဖိုမှူးမှာ အလွန် နာမည်ကြီးကြောင်း ညွှန်းထားခဲ့သည်။
"ဒီဆိုင်က ဈေးကြီးမဲ့ပုံပဲ ... "
လင်းဝေ့ဝေ့က ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ဝူကျွင်းကျဲ့သည် လင်းဝေ့ဝေ့ မမြင်အောင် ချန်းဖန်အား တံတောင်ဖြင့် အသာတွတ်ကာ ခပ်တိုးတိုး ပြောသည်။
"ရှောင်ဖန် ... ဟိုကိုကြည့် ... "
"ဘာလဲ"
ချန်းဖန်လည်း ဝူကျွင်းကျဲ့ ညွှန်ပြရာသို့ ကြည့်လိုက်သည်တွင် စားပွဲတစ်ခု၌ ထိုင်လျက် စွပ်ပြုတ် တစ်ပန်းကန်အား ဖြည်းဖြည်းချင်း သောက်နေသော မိန်းကလေး တစ်ယောက်အား မြင်ရသည်။
ထိုမိန်းကလေး၏ မျက်နှာ တစ်ဝက်သည် ကြီးမားလှသော နေကာမျက်မှန်၏ အောက်၌ ကွယ်နေသော်လည်း မေးချွန်ချွန်လေးနှင့် ဆွဲဆောင်မှုရှိသော နှုတ်ခမ်းလေးအား မြင်နေရသည်။ ဈေးကြီးလှသော အဝတ်အစားများနှင့် အသွင်အပြင်ကို ကြည့်ရသော် ထိုမိန်းကလေးမှာ သေချာပေါက် မိန်းမလှလေး တစ်ယောက် ဖြစ်ရပေမည်။
"နှာဘူးကောင်တွေ ... "
လင်းဝေ့ဝေ့၏ အသံအား ကြားလိုက်ရသည်တွင် ဝူကျွင်းကျဲ့မှာ တုန်သွားပြီး ချက်ချင်းပင် အပြစ်ကင်းလှသည့် မျက်နှာပေးလေးဖြင့် လင်းဝေ့ဝေ့အား ကြည့်ကာ ကာကွယ် ပြောဆို လိုက်သည်။
"မဟုတ်ပါဘူး ငါက အဲဒီ့ မိန်းကလေးရဲ့ မျက်နှာကို ရင်းနှီးနေလို့ ကြည့်တာပါ လှလို့ ကြည့်တာ မဟုတ်ဘူး"
"ရင်းနှီးတယ်"
ချန်းဖန်ပင် ဝူကျွင်းကျဲ့၏ အပြောကြောင့် အံ့ဩသွားသည်။
"ဟုတ်တယ် သူ့ပုံစံကို ကြည့်လေ ဘယ်သူက အစားစားနေတုန်း မျက်မှန် အကြီးကြီးကို တပ်ပြီး စားမှာလဲ။ ပြီးတော့ အဲ့ဒီ့ မိန်းကလေးရဲ့ မျက်နှာကျပုံကို အရမ်း ရင်းနှီးနေတယ်။ တစ်နေရာရာမှာ တွေ့ဖူးနေသလိုပဲ "
"ဟမ့် ... အပိုတွေ သူ့ဘာသာသူ မျက်မှန်တပ်ပြီး စားစား မစားစား နင်နဲ့ ဘာဆိုင်လို့လဲ"
လင်းဝေ့ဝေ့က ရန်တွေ့လိုက်သည်။
"ငါနင့်ကို မပြောဘူး ... မိန်းကလေးဖြစ်ပြီး ကြမ်းတမ်း လိုက်တာ ... "
ဝူကျွင်းကျဲ့ကလည်း ပြန်လည် ချေပသည်။
"ဒါပေမဲ့ ဟိုမိန်းကလေးကို ငါတကယ် မြင်ဖူးနေတယ် ဘယ်သူပါလိမ့်"
ချန်းဖန်၏ မျက်နှာသည် လေးနက်သွားပြီး နတ်ဘုရား စိတ်အာရုံအား အသက်သွင်းကာ ထိုမိန်းကလေး ထိုင်နေရာသို့ သေချာ လှမ်းကြည့်လိုက်သည်။
နတ်ဘုရားစိတ်အာရုံသည် အရာဝတ္ထုများအား ဖောက်ထွင်း မြင်နိုင်သောကြောင့် ချန်းဖန်သည် သူမ၏ မျက်နှာအား သေချာ မြင်ရသည်။ သူမသည် အလွန်လှပပြီး အသက် နှစ်ဆယ်ကျော်ခန့်သာ ရှိလောက်သေးသည်။ သူမသည် မိတ်ကပ် ပါးပါးလေးသာ လိမ်းထားပြီး သူမ၏ ကြီးမား ဝိုင်းစက်သော မျက်လုံးများက တလက်လက် တောက်ပလျက်ရှိပြီး သူမမျက်နှာ တစ်ခုလုံးတွင် အလှဆုံး ဖြစ်သည်။
"သူမက ... "
ထိုမိန်းကလေးအား အတိတ်ဘဝတွင် မြင်ဖူးခဲ့သောကြောင့် ဘယ်သူမှန်း သိသွားသော ချန်းဖန်၏ ရေရွတ်သံက တစ်ဝက်တစ်ပျက်တွင် ရပ်တန့်သွားသည်။
"အာ ... ... သူမ ဘယ်သူလဲဆိုတာ ငါသိပြီ"
ဝူကျွင်းကျဲ့သည် သူ့ပေါင် သူရိုက်လျက် ထအော်လိုက်သည်။
"သူမက ထိပ်တန်းကြယ်ပွင့် ယွင်ချန်ချန်နဲ့ လုံးဝကို တူတယ် ... "
"သွားစမ်းပါ ယွင်ချန်ချန်က A အဆင့်ရှိတဲ့ မင်းသမီး တစ်ယောက်လေ။ ဘာအကြောင်းနဲ့ ဒီလို နေရာလေးကို လာမှာတဲ့လဲ"
လင်းဝေ့ဝေ့က သံသယနှင့် မေးလိုက်သည်။
ရန်ရှောင်ပိုင်သည်လည်း သူ့စကားအား မယုံသည်ကို တွေ့ရတော့ ဝူကျွင်းကျဲ့မှာ မချင့်မရဲ ဖြစ်မှုကြောင့် ခုန်ဆွခုန်ဆွ ဖြစ်နေတော့သည်။
ချန်းဖန်တစ်ယောက်သာ ဝူကျွင်းကျဲ့၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သိသည်။ ထိုမိန်းကလေးကား အမှန်ပင် ကျော်ကြားသော ထိပ်တန်းကြယ်ပွင့် ယွင်ချန်ချန် ဖြစ်သည်။
အတိတ်ဘဝက ချန်းဖန်သည် ကျင်းရှို့ လုပ်ငန်းစု၌ မန်နေဂျာအဖြစ် အလုပ်လုပ်ခဲ့စဉ်က အချို့သော ညစာစားပွဲများ၌ ယွင်ချန်ချန်အား တွေ့ခဲ့ဖူးသည်။ သို့သော် သူက မင်းသမီးများနှင့် ဒိတ်လုပ်ရန် လုံးဝ စိတ်မဝင် စားသောကြောင့် သူမအား သိပ်ဂရုမစိုက်ဖြစ်ခဲ့။
ချန်းဖန်သည် တွေးမိ၏။
'ယွင်ချန်ချန်က ဘာလို့ ဒီကို ရောက်နေတာလဲ သူမသာ ဆန္ဒရှိရင် ကမ္ဘာပေါ်က ဘယ်အပန်းဖြေ စခန်းကိုမဆို သွားနိုင်ရဲ့သားနဲ့ ဘာလို့ ဝူတောင်က အပန်းဖြေ စခန်းကို ရွေးရတာလဲ'
ထိုအချိန်တွင် 'ဝေ့ချွမ်ခန်းမ' စားသောက်ဆိုင် အတွင်းသို့ လူတစု ဝင်ရောက်လာပြီး ယွင်ချန်ချန် ထိုင်နေသော စားပွဲသို့ တန်းတန်းမတ်မတ် လျှောက်သွားကြသည်။
***