← Chapters

အမြင်အာရုံ ကွယ်ပျောက်ခြင်း

Vol. 1 Ch. 1

အမြင်အာရုံ ကွယ်ပျောက်ခြင်း

Vol. 1 Ch. 1

ကောင်ကင်းတခွင်လုံး ဖွေးဖွေးဖြူနေ၏။ နှင်းဝတ်ရုံသည် ကောင်းကင်တခုလုံးကို ပါးလွှာစွာ လွှမ်းခြုံထားလေသည်။ လေတချက်အဝေ့တွင် နှင်းဝတ်ရုံများကြောင့် ဝန်းကျင်တခိုလုံး ချမ်းခနဲ စိမ့်ခနဲ ခံစားလိုက်ရ၏။ သိပ်မကြာမီ အချိန်အတွင်းတွင် ဆီးနှင်းဝတ်ရုံလွှာသည် မြောက်ပိုင်းမျက်နှာဖုံးမြို့တော်ကိုလည်း ဖုံးအုပ်သွားပေလိမ့်မည်။

သည်ဆောင်းဟေမာန်သည်ကား ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့ချေပြီတည်း။

ဤနှစ်၏ ဆောင်းရာသီမှာကား အလွန်တရာ အေးမြလှချေ၏။ လမ်းများပေါ်တွင် မတတ်သာ၍ သွားလာနေရသော ခရီးသွား အနည်းငယ်မျှသာ ရှိပြီး အများစုမှာကား ၎င်းတို့မြို့၏ လမ်းမကျယ်များကို စိတ်ပျက်ပျင်းရိဖွယ်ရာ ဘဝမျိုးတွင် ထားရစ်ခဲ့ပြီး အိမ်တွင်းအောင်း၍သာ နေကြလေသည်။ ဒွာဒသမ ဆောင်းကာလ၏ အေးမြလှသော အခါသမယတွင် မည်သူကများ မိမိတို့ အိမ်အတွင်း၌ သက်တောင့်သက်သာ နေရမည့်အစား အိမ်ပြင်ထွက်၍ လမးသလားရမည့်အရေးကို ကြောင်တောင်တောင်နှင့် စိတ်ကူးနေပေအံ့နည်း။

မြောက်ပိုင်းမျက်နှာဖုံး မြို့တော်၏ လွှာဟု အမည်ရသော တရားဝင် မူလတန်းကျောင်း တကျောင်းရှိ စာသင်ခန်းတခန်းတွင် ဖြစ်သည်။ အကယ်၍ တစုံတယောက်သာ ၎င်းအခန်းတွင်းသို့ ငဲ့ကြည့်မိပါက နွေးထွေးပြီး သက်တောင့်သက်သာ ခံစားချက်များ တထွေးတပိုက် ဖြစ်ပေါ်စေသော မြင်ကွင်းတခုကို မုချ တွေ့မြင်ရပေလိမ့်မည်။ ၎င်းစာသင်ခန်းအတွင်း၌ ပူနွေးစေတတ်သော ယန်ကျောက်တုံးလေးများကို အခန်းထောင့်များတွင် နေရာချထားကြောင်း ထိုသူ မြင်တွေ့ရပေလိမ့်မည်။ ၎င်းအပူတုံးလေးများသည် အေးစက်နေသော လေကို ပူနွေးစေအောင် ထိမ်းသိမ်းထားနိုင်ရုံသာမက အလင်းရောင်ကိုလည်း ပေးစွမ်းနိုင်၏။ ထိုအခါ အလွန် အေးစိမ့်လှသော ဆောင်းရာသီအစား အခန်းအတွင်ရှိ လူများအဖို့ ပူနွေးပြီး သက်တောင့်သက်သာ ရှိလှသော နွေဦးရာသီကိုသာ ပြန်လည် အမှတ်ရစေတော့သည်။

စာသင်ခန်း တခန်းလုံးသည် အသက် ဆယ့်တစ်နှစ်နှင့် ဆယ့်နှစ်နှစ် အရွယ်ခန့် ကလေးများနှင့် ပြည့်နှက်နေ၏။ ကလေးငယ်များ အားလုံးလိုလိုသည် ဆရာ၏ သင်ပြပို့ချမှုကို စိတ်ဝင်တစားနှင့် နားထောင်နေကြလေသည်။

"အလင်းရောင်နတ်ဘုရား အင်ပါယာရဲ့ နောက်ဆုံး ဧကရာဇ်ဟာ ဘယ်သူလဲ သိကြရဲ့လား တပည့်တို့"

ကလေးငယ်များအားလုံး တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေကြ၏။ ဆရာက စကားဆက်သည်။

"ဘုရင်ကြီး ယောင်မိန်ပဲကွဲ့ ဒီဘုရင်ကြီးဟာ အလင်းနတ်ဘုရား ပုလ္လင်ပေါ်မှာ နှစ်ပေါင်း ခြောက်ရာတိုင်တိုင် စိုးစံနိုင်ခဲ့တယ် ဒါပေမဲ့ ဘုရင်ကြီး ယောင်မိန်ဟာ ဦးနှောက်မရှိသလို အရည်အချင်းလဲ မရှိဘူး အလွန်တရာမှကို မိုက်မဲသတဲ့ ဒါကြောင့်မို့လဲ ဘုရင်ကြီးဟာ သူ့ရဲ့ ဘဏ္ဍာတိုက်ထဲက ဘဏ္ဍာငွေတွေကို အကျိုးရှိရှိ အသုံးပြုရမဲ့အစား သဲထဲ ရေသွန်သလိုပဲ အလဟသ ဖြုန်းတီးခဲ့သတဲ့ကွယ် သူ့ရဲ့ ထီးနန်းကာလမှာ ဘုရင်ကြီးဟာ ယာယီစံနန်းဆောင် တစ်ရာနှစ်ဆယ့်လေးလုံး တိတိ တည်ဆောက်ခဲ့တယ် ဒါတင်မကသေးဘူး နိုင်ငံတဝှမ်းလုံကနေပြီးတော့ ကိုယ်လုပ်တော် ကောက်ယူမှု အကြိမ်ပေါင်း သုံးဆယ့်နှစ်ကြိမ်တိတိ ရှိခဲ့သတဲ့ တပည့်တို့ ကောလဟလ စကားတွေအရတော့ ဘုရင်ကြီး ဟာ လူသတ်ခြင်းကို အရူးအမူး ခုံမင်နှစ်သက်တယ်တဲ့ ဘယ်လောက်ထိ နှစ်သက်သလဲဆိုရင် တရားဝင် မှတ်တမ်းတွေအရ လူပေါင်း သုံးထောင်ကျော်အထိ သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့သတဲ့ တရားမဝင် သုတ်သင်ခံခဲ့ရတဲ့ လူကတော့ ရေတွက်လို့တောင် မရနိုင်ဘူးတဲ့ကွယ်.."

ဆရာ၏ သင်ကြားပို့ချချက်သည် အလေးအနက် ထားဖွယ်ရာ၊ စိတ်ဝင်စားဖွယ်ရာ ကောင်းလှသော်လည်း စင်စစ်တွင်ကား မည်သည့်ကလေးမျှပင် ၎င်း၏ သင်ကြားပို့ချချက်များကို စိတ်ဝင်စားခြင်း မရှိကြပေ။ နားထောင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေကြသော ကလေးငယ်များသည်ပင် အချိန်ကြာလာသောအခါ ဆရာ၏ စကားသံကို သူတို့ နားထဲဝယ် ပျားပိတုန်းတကောင် တောင်ပံများ တဖြတ်ဖြတ်ခတ်ကာ ချော့သိပ်နေသကဲ့သို့ ခံစားလာရပြီး ငိုက်မြည်းလာကြတော့သည်။

ဆရာသည် ကလေးငယ်များ၏ အမူအရာကို နောကြေလှပေပြီ။ သူသည် ဝါရင့် ဆရာတစ်ဦးပင် မဟုတ်ပါလား။ ကလေးငယ်များ ငိုက်မြည်းစ ပြုနေပြီကို သူကောင်းကောင်းကြီး သဘောပေါက်လိုက်၏။ ထိုအခါ သူသည် တခြားဆရာများ ပြုလုပ်လေ့ရှိသည့်အတိုင်း ကလေးငယ်များကို အော်ဟစ်ငေါက်ငမ်းခြင်း မပြုလုပ်။ ထိုသို့ ပြုလုပ်ရမည့်အစား သူက လက်ထဲရှိ စာအုပ်ကို ဖြည်းညှင်းစွာ လိပ်လိုက်ပြီး စားပွဲခုံ၏ ချွန်ထက်နေသော အနားစောင်းနှင့် ခတ်ဆတ်ဆတ်လေး ခေါက်လိုက်၏။

"ဖြောင်း ဖြောင်း ဖြောင်း"

စားပွဲခုံစောင်းနှင့် စာအုပ်လိပ် ထိခတ်သံ ကျယ်လောင်စွာ ပေါ်လာ၏။ ငိုက်မြည်းနေသော ကလေးငယ်များအားလုံး အလန့်တကြား ဖြစ်ကုန်ကြသည်။ ယခုအချိန်တွင်ကား စာသင်ခန်းအတွင်းရှိ ကလေးငယ်များအားလုံး လန့်နိုးကုန်ကြလေပြီ။ သို့သော် ငိုက်မြည်းရာမှ လန့်နိုးလာသောအခါ ဖြစ်တတ်သော သဘာဝအတိုင်း အာရုံစူးစိုက်မှု မရသေးသော မျက်လုံးအစုံဖြင့် ဆရာဖြစ်သူအား စိုက်ကြည့်နေကြရှာသည်။

ကလေးများ၏ အမူအရာကြောင့် ဆရာ၏ စိတ်ထဲတွင် အားကိုးရာကင်းမဲ့ခြင်း၊ ဒေါသထွက်ခြင်း စသည့် ခံစားချက်များ ပေါ်ပေါက်လာ၏။ ထို့နောက် သူက မေးလိုက်သည်။

"ဘာလဲ မင်းတို့အားလုံး ဒီသင်ခန်းစာကို သင်ယူပြီးပြီဆိုတဲ့ သဘောလား"

ဆရာ၏ အရွဲ့တိုက်ဟန်တူသော စကားကြောင့် ကလေးငယ်များအားလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။ သူတို့၏ ဖင်ထိုင်ခုံကြားတွင် ကြမ်းပိုးများ ရှိနေသည့်သဖွယ် ဖင်တကြွကြွနှင့် ထိုင်ရမလို ထရမလို အိုးတိုးအန်းတန်း ဖြစ်ကုန်ကြသည်။ သူတို့၏ မျက်လုံးများမှာကား ဆရာဖြစ်သူကို မကြည့်ရဲတော့ရာ ရုတ်တရက် ကြမ်းပြင်၌ တန်ဖိုးကြီးရတနာတပါးကို တွေ့မြင်လိုက်သည့်အလား ခေါင်းငုံ့ကာ ကြမ်းပြင်ကိုသာ သဲကြီးမဲကြီးနှင့် စိုက်ကြည့်နေကြကုန်၏။

သို့သော် ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းလှသော စာသင်ခန်းအတွင်း၌ ငိုက်မြည်းစရာကောင်းလှသော သင်ခန်းစာများကို သင်ယူနေရသည့်အဖြစ်ကို အနည်းငယ်မျှ စိတ်မဝင်စားကြကြောင်း ကလေးများအနေနှင့် ရှင်းရှင်းလင်းလင်း သိရှိထားကြကုန်၏။ အမှန်တကယ်တော့ သူတို့အားလုံးလိုလိုသည် ကလေးများသာ ဖြစ်ကြလေရာ ကလေးဘာသာဘာဝ မြူးထူးပျော်ရွှင်စွာ ဆော့ကစားလိုသော စိတ်များသာ ရှိကြလေသည်။

ကလေးများ၏ အမူအရာကိုကြည့်ရင်း အနည်းငယ် စိတ်ထွက်လာဟန်တူသောဆရာက ကလေးတဦးကို လက်ညိုးထိုးရင်း မေးလိုက်၏။

"ဟေ့ ဆီနီယင် မတ်တပ်ရပ်!! ပြီးရင် ကျုပ်ကိုပြောစမ်း ဝိညဏ်ရေးသားခြင်းဆိုင်ရာ တော်လှန်ပုန်ကန်မှုက ဘယ်ကနေ ဘယ်လို ဖြစ်ပေါ်လာသလဲ"

အခြားကလေးများထက်စာလျင် လင်းယုန်တကောင်၏ နှာခေါင်းကဲ့သို့ ရှည်လျားသော နှာခေါင်းပိုင်ရှင် ကလေးငယ်သည် ဆရာဖြစ်သူ၏ မေးခွန်းကို ဖြေဆိုရန် ကြိုးစားနေ၏။ အတန်ကြာသော် ကလေး၏ ပါးစပ်ဖျားမှ စကားသံတချို့ ထွက်လာ၏။ သို့သော် ၎င်းစကားသံသည် အစပိုင်းမှာပင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်လာပြီး ခနအကြာ လုံးဝ တိမ်ဝင်သွားတော့သည်။ အမှန်တကယ်တော့ အဖြေမှန်ကို သူမသိချေ။ အဖြေမှန်ကို မေ့နေ၍ မှတ်မိအောင် ကြိုးစားအားထုတ်နေဟန်ပြပြီး ဆရာဖြစ်သူအား ဖြီးဖြန်းရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

နှာခေါင်းရှည်သော ဆီနီယင်အမည်ရှိ ကလေး၏ အမူအရာကိုကြည့်ပြီး ဆရာက မဲ့လိုက်၏။ သူက

"မသိရင် အဲဒီနေရာမှာပဲ ဆက်ပြီး မတ်တပ်ရပ်နေစမ်းဟေ့"

တဆက်တည်းမှာပင် အခြား ကလေးတယောက်ကို ညွှန်ပြရင်း အမိန့်ပေးလိုက်၏။

"ဟေ့ ယွီရန် မတ်တပ်ရပ်ပြီး တခန်းလုံး နားလည်သဘောပေါက်အောင် ကျယ်ကျယ်လေး ရှင်းပြလိုက်စမ်း"

ယွီရန်ဟူသော ကလေးက အထိတ်ထိတ်အလန့်လန့်နှင့် မတ်တပ်ရပ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ဆရာလုပ်သူကို မျက်နှာချိုသွေးဟန်တူသော အပြုံးတမျိုး ပေါ်ပေါက်နေသဖြင့် အဖြေကို သူလည်းမသိကြောင်း မြင်သာနေ၏။ ယွီရန်သည်လည်း ပြန်ထိုင်ခွင့် မရှိတော့ပဲ သူ့အဖော်ကဲ့သို့ပင် မတ်တပ်ရပ်နေရတော့သည်။

ဆရာသည် ကလေးငယ်များ ထိုင်နေသော ထိုင်ခုံတန်းများ အကြားတွင် လှည့်ပတ်လျှောက်သွားနေရင်း အလိုက်တသိ ထဖြေမည့် ကလေးတယောက် ပေါ်လာနိုးနိုးနှင့် စောင့်ဆိုင်းနေ၏။ အတန်ကြာသည်အထိ သူ့မေးခွန်းကို ဖြေမည့်သူ တဦးတယောက်မျှပင် ပေါ်ထွက်၍ မလာချေ။

ဆရာသည် ယခင်ကထက် ပို၍ စိတ်ထွက်လာ၏။ ထိုအခါ သူက စားပွဲခုံကို ပြင်းထန်စွာ ခေါက်ရင်း ဒေါသတကြီးနှင့် ရေရွတ်လိုက်သည်။

"ရက်စက်လိုက်ကြတာ မင်းတို့တတွေ ငါ့အပေါ် ရက်စက်လိုက်ကြတာ ဒီသင်ခန်းစာကို ငါဟာ မင်းတို့ကို အထပ်ထပ် အခါခါ သင်ကြားပေးခဲ့ပြီးပြီကွ"

ဆရာ၏ အသံသည် တုန်ယင်နေ၏။ တဆက်တည်းမှာပင် သူက နောက်ထပ် ကလေးတယောက်၏ နာမည်ကို ခေါ်ရင်း မေးမြန်းလိုက်သည်။

"ဟေ့ စုချန်း ဒီမေးခွန်းကို မင်း ဖြေနိုင်မလားဟေ့"

အဆိုပါ နာမည်ကို ထုတ်ဖော်မေးမြန်းလိုက်သည့်အချိန်တွင် ဆရာ၏ စိတ်ထဲတွင် ဤမေးခွန်းကို ဤကလေးတယောက်တော့ ဖြေကောင်းဖြေနိုင်လောက်ပေရဲ့ ဟူသော မျှော်လင့်ချက်များ ဖြစ်ပေါ်လာ၏။ ထိုအခါ ဆရာသည် ကလေး၏ အဖြေကို နှစ်ထောင်းအားရမှု ရှိစွာနှင့် စောင့်မျှော်နေလေသည်။

ဆရာလုပ်သူ၏ တောင်းဆိုသံကို ကြားလိုက်ရသည်နှင့် နူးညံ့သိမ်မွေ့ဟန် ပေါ်နေသော၊ အလွန်တရာ လိမ္မာပါးနပ်ဟန်တူသော၊ မွေးကတည်းက ပရိယာယ် ကြွယ်ဝဟန်တူသော၊ ပညာပြည့်ဝသော စသည့် ထူးခြားသော ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသော စုချန်းအမည်ရှိ ကျောင်းသား ကလေးငယ်သည် ထိုင်ရာမှ မတ်တပ်ထရပ်လိုက်၏။ ထို့နောက် ကလေးငယ်သည် အလွန်တရာ ပီသကြည်လင်ပြီး ယုံကြည်မှုရှိသော လေသံဖြင့် ဆရာဖြစ်သူ၏ မေးခွန်းကို ပြန်လည် ဖြေကြားလိုက်တော့သည်။

"ဒီအဖြစ်အပျက်က ကြယ်စုနှစ်သစ် ၂၃၀၀၀ခုနှစ်မှာ ဖြစ်ပျက်ခဲ့တာပါ ခင်ဗျာ အဲဒီနှစ်မှာ ပြည့်သူ့ရေးရာ ဆောက်လုပ်ရေး ဝန်ကြီးချုပ် ချန်းဟွိုင်အင်းဟာ ဘုရင်ကြီးဆီကို အစီရင်ခံစာ တစောင် ပို့လာခဲ့ပါတယ် အစီရင်ခံစာထဲမှာ ဘာပါသလဲဆိုတော့ ဘုရင်ကြီးရဲ့ ဘဏ္ဍာရေးဌာနမှာ ဘဏ္ဍာတော်တွေ ပြတ်လပ်နေပြီး အခွံချည်း သက်သက် ကျန်တော့ကြောင်းနဲ့ ယာယီစံနန်းဆောင်လေးဆောင် ဆောက်လုပ်တဲ့ အစီအစဉ်ဟာ ရေရေရာရာ မရှိပဲ ရွှေ့ဆိုင်းလိုက်တဲ့အကြောင်းတွေ ပါဝင်ပါတယ် ဒီအကြောင်းကို ကြားရတဲ့အခါ ဘုရင်ကြီး ယောင်မိန်ဟာ ဒေါသအမျက်ချောင်းချောင်း ဖြစ်တော်မူတယ် အဲဒီအခါမှာ ဘုရင်ကြီးဟာ ဝန်ကြီးချုပ် ချန်းဟွိုင်အင်းကို တော်ဝင်တရားရုံးကို လာဖို့ ဆင့်ခေါ်လိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ ကွပ်မျက်လိုက်သတဲ့ ခင်ဗျ"

စာသင်ခန်းတခုလုံး တိတ်ဆိတ်နေ၏။ ကျောင်းသားငယ် စုချန်း၏ အသံကသာ မှန်မှန် ဆက်လက် ထွက်ပေါ်နေသည်။

"ဘုရင်ကြီးရဲ့ အမြော်အမြင်ကင်းမဲ့ပြီး မိုက်မဲတဲ့ လုပ်ရပ်ဟာ တော်ဝင်တရားရုံးတော်အပြင် ဧကရာဇ်နိုင်ငံ တဝန်းမှာ ရှိတဲ့ လှည်းနေလှည်းအောင်း မြင်းဇောင်းမကျန်တဲ့ လူသားတိုင်းကိုပါ တုန်လှုပ်ခြောက်ချားစေခဲ့ရုံသာမကပဲ လူတိုင်းရဲ့ စိတ်ထဲမှာ လုံခြုံမှုမရှိတော့ပဲ အန္တရာယ်ရှိတယ်ဆိုတဲ့ အကြောက်တရားကို ဖြစ်ပေါ်လာစေခဲ့တယ် နောက်ဆုံးမှာ တိုင်းပြည်ရဲ့ ကြီးကျယ်တဲ့ အရှင်သခင် ခုနှစ်ပါးဟာ ဘုရင်ကြီး ယောင်မိန်ကို ဖြုတ်ချဖို့ အတူတကွ ပေါင်းစည်းလိုက်ကြတယ် အကျိုးဆက်ကတော့ အလင်းနတ်ဘုရား နန်းဆက် လုံးဝ ပျက်သုန်းသွားခဲ့တယ် ဘာကြောင့်လဲဆိုတော့ နာမည်ကျော် လုပ်ကြံသတ်ဖြတ်ရေးသမား ဇောင်ချန်းစုဟာ ဝိညဏ်ရေးသားသူ ဟန်ဆောင်ပြီး ဘုရင်ကြီးကို လုပ်ကြံ သတ်ဖြတ်လိုက်လို့ပဲ ဒီအဖြစ်အပျက်ဟာ သမိုင်းမှာ နာမည်ကျော်ခဲ့ပြီး ဝိညဏ်ရေးသားခြင်းဆိုင်ရာ ပုန်ကန်တော်လှန်မှုလို့ နာမည်ရခဲ့တယ် ဒီအဖြစ်အပျက်တွေ ပြီးဆုံးသွားတဲ့နောက်မှာ အလင်းရောင်မင်းဆက် လုံးဝ ပျက်သုန်းသွားခဲ့ပြီး ပုန်ကန်မှုကို ဦးဆောင်တဲ့ ခေါင်းဆောင်ကြီး ခုနှစ်ယောက်ဟာ တိုင်းပြည်ကို ခုနှစ်ပိုင်းပိုင်းပြီး အုပ်ချုပ်ခဲ့တယ် ဒီကနေမှတဆင့် လက်ရှိ ကျွန်တော်တို့ နေထိုင်တဲ့ ခုနှစ်ပြည်ထောင် ဖြစ်လာခဲ့ပါတယ်"

စုချန်း၏ စကားကား ဤနေရာတွင် အဆုံးသတ်သွားလေပြီ။ သူ၏ အဖြေသည် အပစ်ပြောစရာ မရှိအောင် ပြီးပြည့်စုံသော အဖြေဖြစ်သည်။ သင်ရကျိုးနပ်သော တပည့်ကြောင့် ဆရာသည် ကျေနပ်သွား၏။ သူက ခေါင်းတဆတ်ဆတ်ညိတ်ကာ ဝမ်းသာအားရ လက်ခုပ်တီးလိုက်သည်။

"ကောင်းပြီဟေ့ ကောင်းပြီ!! တပည့်တို့အားလုံး နားထောင်ကြစမ်း!! ဒါဟာ ဘာကြောင့် ဒီကျောင်းကို လာရတယ်ဆိုတဲ့ အဖြေပဲ တကယ်လို့ စုချန်းသာ အဖြေမမှန်ခဲ့ရင် ငါဟာ ဘာကြောင့် ဒီကို ရောက်နေတာလဲဆိုတာ ပြန်စဉ်းစားရမဲ့အပြင် ငါ့ကိုယ်ငါလဲ လူညံ့လူဖျင်းလို့ သတ်မှတ်ရတော့မှာပဲဟေ့ ငါမျှော်လင့်ထားတဲ့အတိုင်း သူ့မိသားစုဟာ အပြစ်ပြောစရာ မရှိအောင် ဒီကလေးအပေါ် သွန်သင်ဆုံးမထားတယ်ဆိုတာ အတိုင်းသား မြင်သာနေတယ် အေးလေ ကြီးမြတ်တဲ့ မျိုးနွယ်စုတွေက မွေးဖွားလာတဲ့ ကလေးတိုင်းဟာ တခြားကလေးတွေနဲ့ မတူပဲ ကွဲပြားလေ့ရှိကြတာပဲ"

ဆရာ၏ စကားအဆုံးတွင် အမျိုးမျိုး အဖုံဖုံ ဖွဲ့နွဲ့တန်ဆာဆင်ထားကြသော ချီးကျူးထောပနာ ပြုသံများ စာသင်ခန်းအတွင်း ပျံ့လွင့်လာ၏။ ထို့နောက် ကလေးငယ်များသည် တယောက်နှင့် တယောက် ခလုတ်တိုက်မတတ် စကားနိုင်လုကာ စုချင်အား ချီးမွမ်းခန်း ဖွင့်ကုန်ကြ၏။

စုမျိုးနွယ်စု...

စုမျိုးနွယ်စုသည် မြောက်ပိုင်းမျက်နှာဖုံးမြို့တော်ရှိ ထိပ်တန်း မိသားစုလေးစုမှ တစုဖြစ်သည်။ ၎င်းတို့သည် ထိပ်တန်းမျိုးနွယ်စုပီပီ မြို့တော်အတွင်း ဂုဏ်သိက္ခာရှိသော အဆင့်အတန်းတမျိုးကို ပိုင်ဆိုင်ထား၏။ စုချန်းသည် စုမျိုးနွယ်စုရှိ တတိယ မျိုးဆက် ကလေးများအနက်မှ ကလေးတဦး ဖြစ်သည်။

အသက် ၁၂နှစ် အရွယ်မျှသော ရှိသေးသော်လည်း စုချန်းသည် သူ့နှင့် သက်တူရွယ်တူများကြားထဲတွင် နှာတဖျားတင်မဟုတ်ပဲ အမြဲတမ်းလိုလို ခေါင်းတလုံးခန့် သာနေလေ့ရှိသည်။ သူသည် လုံ့လဝိရိယရှိသူ၊ မည်သည့်အရာကိုမဆို လေ့လာသင်ယူရန် အမြဲတမ်းလိုလို စိတ်အားထက်သန်နေတတ်သူ ဖြစ်လေရာ ဆရာများအကြားဝယ် ရေပန်းအစားဆုံး ကျောင်းသားတယောက် ဖြစ်လေ၏။

ဆရာသမား၏ ချီးကျူးထောပနာပြုမှုများကို လိုအပ်သည်ထက် ပိုမို ရရှိနေသော်လည်း စုချန်း၏ အမူအရာသည် အနည်းငယ်မျှ မြောက်ကြွခြင်း မရှိပဲ ပကတိအတိုင်း တည်ငြိမ်နေ၏။

စုချန်းလေး၏ အမူအရာသည် တည်ငြိမ်ရင့်ကျက်လှပေရာ ဆရာ၏ မျက်လုံးထဲတွင် ရှေးဟောင်းဒဏ္ဍာရီထဲမှ စစ်ဗိုလ်ချုပ်ကြီးတပါး ကိုယ်ထင်ပြနေသည့်အလား ဂုဏ်ကျက်သရေ တမျိုးကို ခံစားသက်ဝင်မိစေသည်။ ထိုပြင် ဤကလေးငယ်၏ အတွေးအခေါ်သည် သာမာန်ကလေးများနှင့် မတူပဲ အနုစိတ် တွေးခေါ်တတ်ကြောင်း ဆရာက ခံစားမိ၏။ သို့သော် ၎င်းမှာ ဆရာ၏ အမြင်သာ ဖြစ်သည်။ တခြား ကလေးငယ်များ၏ အမြင်တွင်ကား စုချန်းတယောက် ချွင်းချက်မရှိ ဟန်များနေခြင်း၊ လေလုံးထွားနေခြင်းဟူ၍သာ ထင်မြင်ယူဆကြလေသည်။

ထိုအခါ ဆရာ၏ မေးခွန်းကို မဖြေနိုင်၍ ပထမဦးဆုံး မတ်တပ်ရပ်နေရသော ဆီနီယန် အမည်ရှိ ကလေးငယ်က စုချင်အပေါ် ဆရာ၏ ချီးကျူးစကားကို နားကလောဟန်ဖြင့် သူ၏ လင်းယုန်နှာခေါင်းကို တချက်ပွတ်ကာ ရှုံ့မဲ့ရင်း ငြီးတွားပြောဆိုလိုက်သည်။

"ဟင်း ဒါကတော့ ဆရာက သက်သက်မဲ့ အကြင်နာ ကင်းမဲ့တာပဲ စာတမျိုးတည်း ယှဉ်ကြည့်လို့ ဘယ်ဖြစ်မလဲ ဘက်စုံတော်မတော် သိရအောင် ကျွန်တော်နဲ့ ကိုယ်ခန္ဓာ အချိုးကျ ရောနှောခြင်း ဖြစ်စဉ်ကို ဘယ်အဆင့်ထိ ရောက်နိုင်မလဲ ပေးယှဉ်ကြည့်ခိုင်းပါလား"

ဆီနီယန်၏ မကျေမနပ် ငြီးတွားသံကို ကြားရသောအခါ သူ့ဘေးတွင် မတ်တပ်ရပ်နေရသော ယွီရန်အမည်ရှိ ကလေးငယ်က ဆီနီယန်ကို တီးတိုးပြောလိုက်သည်။

"ဟေ့ ဆီနီယန် မင်းအနေနဲ့ စုချန်းကို အထင်သွားမသေးနဲ့ မင်းကောင်ဟာ မနေ့ကတင် ကိုယ်ခန္ဓာ အချိုးကျ ရောနှောပေါင်းစပ်ခြင်း ဖြစ်စဉ်မှာ အဆင့်လေးထိ ရောက်ခဲ့ပြီးပြီဟ"

ယွီရန်၏ စကားကို ကြားလိုက်ရသောအခါ ဆီနီယန်၏ မျက်နှာသည် မြင်မကောင်း ရှုမကောင်းအောင် ပျက်ယွင်းသွားပြီး တဖက်သို့ ချာခနဲ လှည့်သွား၏။ သူ့မျက်နှာတွင် မနာလိုစိတ်များ အတိုင်းသား ပေါ်လွင်နေတော့သည်။

ဆီနီယန် မနာလို ဖြစ်မည်ဆိုလျင်လည်း ဖြစ်လောက်စရာပင်။ မူလက သူထင်မြင် ယူဆခဲ့သည်မှာ စုချန်းသည် သူ့ပြိုင်ဘက်။ သူ့အနေနှင့် စုချန်းကို စာပေအပိုင်းတွင် မယှဉ်နိုင်သော်ငြား လက်တွေ့ လေ့ကျင်ခြင်းအပိုင်းတွင်တော့ အေးအေးဆေးဆေး အသာစီးယူနိုင်လိမ့်မည်ဟူ၍ ဖြစ်သည်။ ယခုတော့ ယွီရန်၏ စကားအရ သူ့အထင်နှင့် အမြင်မှာ တက်တက်စင်အောင် လွဲမှားနေကြောင်း ဆီနီယန် သိလိုက်ရ၏။ လက်စသတ်တော သူ့ပြိုင်ဘက်ဟု သူယူဆထားသူသည် စာပေနှင့် သီအိုရီရေးရာများတွင်သာ သူ့ထက် အသာရနေရုံမက တာအိုလမ်းစဉ်နှင့် ကိုယ်ခန္ဓာ စွမ်းအားများကို မွေးမြူရာတွင်လည်း သူ့ထက် ခြေမြန်လက်မြန် ရှိကြောင်း သိသာနေပေပြီ။

ကိုယ်ခန္ဓာ အချိုးကျရောနှော ပေါင်းစပ်ခြင်း ဖြစ်စဉ်တွင် အဆင့်လေးအလွှာထိ ရောက်ရှိနိုင်ခဲ့ပြီ ဟူသောစကားသည် စုချန်းတယောက် မြင်းလေးကောင်၏ ခွန်အားမျိုးကို ပိုင်ဆိုင်နိုင်ခဲ့ပြီဟု ဆိုလိုခြင်း ဖြစ်သည်။ ဤစွမ်းအားသည် အရွယ်ရောက်ပြီးသူများနှင့် နှိုင်းစာလျင် မပြောပလောက်သော်လည်း ဆီနီယန်ကဲ့သို့ အဆင့်လောက်မျိုးကိုမူကား စက္ကူဖြူတရွက်ကဲ့သို့ ချေမွနိုင်ဖို့ လုံလောက်သည်ဟုပင် ဆိုရမည်။

ယွီရန်၏ စကားကို ကြားလိုက်ရသည်နှင့် တပြိုင်နက် စုချန်းနှင့် တပွဲတလမ်း အကဲစမ်းချင်နေသော ဆန္ဒများသည် မီးကို ရေနှင့်ဖြန်းလိုက်သကဲ့သို့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်ကုန်တော့သည်။ သို့တိုင်အောင် ရှုံးနိမ့်သူတို့၏ ထုံးစံအတိုင်း သူက မဲ့ကာရွဲ့ကာနှင့် စကားတင်း ဆိုလိုက်၏။

"ဟင်း !! ဒီတော့ ငါတို့က ဘာလုပ်ရမှာလဲ ထိုင်ပြီး ရှိခိုးနေရမှာလား ဘယ်လောက်ပဲ တော်တော် ဒီကောင်ဟာ သွေးနှောမျိုးနွယ်စုကနေ ဆင်းသက်လာတဲ့ကောင်ပဲ ဒီလိုကောင်မျိုးက ငါတို့ကို လာယှဉ်လို့ ဘယ်ရပါ့မလဲ"

နာလိုခံခက်ဖြင့် ပြောလိုက်သော ဆီနီယန်၏ စကားသည် အမှန်တကယ်တော့ လမင်းကြီးကို ဟောင်လိုက်သော ခွေးနှင့် သိပ်တော့မဆန်း။

_________________×××________________×××_________________×××_______________×××_______________

စုချင်တို့နေထိုင်သော ကမ္ဘာကို မူလကမ္ဘာဟု လူသိများ၏။ ဤကမ္ဘာ၏ အခြေခံ ဥပဒေသမှာ အလွန် ရိုးရှင်း၏။ တစုံတယောက်သည် စွမ်းအားများ ပိုင်ဆိုင်လိုပါက သူ့တွင် နဂိုရှိနှင့်ပြီးသော မူလစွမ်းအင်ကို စနစ်တကျ ပြုစုပျိုးထောင်သွားရန်သာ ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ အံ့သြသင့်စရာကောင်းလှသော အဆိုပါ စွမ်းအားများသည် ဤကမ္ဘာလောကကြီးကို စတင် ဖန်တီးခဲ့စဉ်ကတည်းက အမြစ်တွယ်နေခဲ့၍ဟု လူအများက ဆိုကြပြန်သည်။

တနည်းအားဖြင့် ၎င်းမူလစွမ်းအင်များသည် ဤကမ္ဘာပေါ်တွင် နေထိုင်သော ရှိရှိသမျှ သက်ရှိများအပေါ်၌ စူးနစ်ဝင်ရောက်ကာ ပျံ့နံှ့နေရုံမက ၎င်းသက်ရှိများအပေါ်တွင် ကြီးကြီးမားမား အကျိုးသက်ရောက်ကာ ထိန်းချုပ်နိုင်သော သဘောတွင် ရှိနေ၏။ မူလစွမ်းအင်နှင့် ပတ်သက်၍ အထက်တွင် ဖော်ပြခဲ့သော သဘောတရားသည် လူအများ ကျယ်ကျယ်ပြန့်ပြန့် လက်ခံယုံကြည်ထားသော သဘောတရား ဖြစ်ရုံသာမက မူလစွမ်းအင်ကို ရှင်းပြနိုင်သော သဘောတရား များစွာထဲမှ တခုဖြစ်လာလေသည်။

တချိန်က မူလစွမ်းအင်ကို ကျွမ်းကျင်စွာ အသုံးချနိုင်သော လူတယောက် ရှိခဲ့ဖူး၏။ ထိုလူကို လူအများက မူလပထမ ချီ စွမ်းအား ပညာရှင်ဟု ခေါ်ဆိုသမုတ်ကြကုန်၏။

သို့သော် မူလလစွမ်းအင်၏ စွမ်းအားဟူသည် မည်သည့်အခါကမျှ အလွယ်တကူ ကိုင်တွယ်နိုင်သော အရာမျိုးတော့ မဟုတ်ခဲ့။ ရှေးအတီတေကာလတည်းက လူသားများသည် မူလစွမ်းအင်၏ နောက်ကွယ်ရှိ ခက်ခဲနက်နဲသော အရာများကို နားမလည်နိုင်ခဲ့ကြရှာ။

အမှန်တကယ်အားဖြင့် မူလစွမ်းအင်ကို အသုံးပြုနိုင်သည့် သတ္တဝါများမှာ မူရင်းသတ္တဝါများသာ ဖြစ်ကြသည်။ ထိုခေတ်အခါက လူသားဟူသည် မူရင်းသတ္တဝါများ၏ စားစရာဟူသော အချက်မှအပ ထူးထူးခြားခြား ပြောပြစရာ သမိုင်းကြောင်း မရှိခဲ့ပေ။ ဤအချက်ကို ထောက်ရှုလျင် မူလစွမ်းအင်ဟူသည် မည်သည့်အခါကမျှ လူသားများနှင့် မသက်ဆိုင်ခဲ့ဟု ယူသော်ရ၏။

နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီးနောက် မူလ ကမ္ဘာကြီးသည် တဖြည်းဖြည်း ပြောင်းလဲလာ၏။ ကမ္ဘာကြီး တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူသားများသည်လည်းတိုးတက်ပြောင်းလဲလာ၏။ လူဟူသည် အစာကွင်းဆက်၏ ထိပ်ဆုံးမှ သတ္တဝါများပီပီ အခြားတောရိုင်းတိရစ္ဆာန်များထက် အင်အားနည်းသော်လည်း ညဏ်ပညာ ထက်မြက်၏။ ပရိယာယ်များ၏။

ထို့ကြောင့်ပင် နောက်ဆုံး၌ အနှီလူသားတို့သည် ပညာရှင်နယ်မြေ ခုနှစ်မျိုးကို တဖြည်းဖြည်း တိုးချဲ့တည်ထောင်ခဲ့ကြပြီး ထိုနယ်မြေများတွင် အခြေချကာ မူလစွမ်းအင်၏ ခက်ခဲနက်နဲသော သဘာဝ၊ ဆန်းကြယ်မှုတို့ကို တို့ချဲ့လေ့လာကြကုန်၏။ တိုးတက်မှုသည် နှေးကွေးသည်ဟု ဆိုသော်ငြား လူသားများသည် ယခင်ကထက်စာလျင် မူလစွမ်းအင်၏ အနှစ်သာရကို ပို၍ သိရှိလာခဲ့ကြသည်ဟု ဆိုရမည်။

လူသားမျိုးနွယ်များအတွက် မူလစွမ်းအင်ကို အသုံးချနိုင်ရန် အဓိကသော့ချက်မှာ တော်ဝင်မျိုးဆက်သွေးပင် ဖြစ်သည် (DNAကို ဆိုလိုပုံရသည်။ ၎င်းDNAပါသူများသည် မျိုးဆက်တဆက်မှ နောက်တဆက်သို့ ဗီဇလက္ခဏာများကို သယ်ဆောင်သွားနိုင်ပုံရသည်...ဤကား စကားချပ်)။

ထိုအခါ လူသားမျိုးနွယ်များသည် မူလစွမ်းအင်ကို ကိုင်တွယ်အသုံးပြုပြီး ၎င်းစွမ်းအင်မှ စွမ်းအားများ ထုတ်ယူနိုင်ရန် အမျိုးမျိုး အဖုံဖုံ တီထွင်ကြံဆကြကုန်၏။ လူကြံလျင် လူပင်ဖြစ်သည်ဟူသော စကားအတိုင်း လူသားများ၏ ညဏ်ပညာကို မည်သည့်အရာမှ တင်းမခံနိုင်။ နောက်ဆုံးတွင်ကား လူသားတု့ိသည် သူတို့ လိုအပ်နေသော အရာကို ရှာဖွေတွေ့ရှိသွားလေသည်။ ထိုအရာမှာ တော်ဝင် မျိုးဆက်သွေး ညှို့ငင်ထုတ်ယူ ကိရိယာပင် ဖြစ်လေတော့သတည်း။

အမှန်တကယ်တော့ မူလကမ္ဘာ၏ ပင်မဖြစ်တည်မှုမှာ နတ်ဆိုးသတ္တဝါများသာ ဖြစ်ကြလေရာ မူလစွမ်းအင်ကို မွေးရာပါ ကိုယ်တွယ်အသုံးပြုနိုင်သော သတ္တဝါများမှာလည်း သူတို့ပင် ဖြစ်ကြသည်။

သို့သော် နောက်ပိုင်းကာလများတွင် လူသားများသည်လည်း မျိုးဆက်သွေး ညှို့ငင်ထုတ်ယူ ကိရိယာများကို အသုံးပြုပြီး ၎င်းတို့၏ စွမ်းအားများကို ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်အသုံးပြုနိုင်စွမ်း ရှိလာကြကုန်၏။ အဆိုပါ ကိရိယာကို တီထွင်ဖန်တီးခဲ့သော လူသားမျိုးနွယ်များသည် ၎င်းတို့၏ နောင်လာနောက်သား မျိုးဆက်များအတွက် အလွန် ဂုဏ်ကျက်သရေရှိသော ခေတ်တခေတ်/ ဧကရာဇ်နိုင်ငံတော်တခုကို တည်ထောင်နိုင်ခဲ့ကြပြီး ထိုနိုင်ငံမှာ အလင်းနတ်ဘုရား နိုင်ငံတော်ပင် ဖြစ်လေတော့သတည်း။

သို့သော် နောင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက်တွင်ကား လူသားများ၏ အကျင့်စာရိတ္တ ပျက်ပြားမှု၊ ကောက်ကျစ် ယုတ်မာမှု၊ ဆိုးသွမ်းမှုတို့ကြောင့် တချိန်က ဂုဏ်ရှိန်ကျက်သရေ မြင့်မြတ်လှသော အလင်းနတ်ဘုရား နိုင်ငံတော်ကြီးသည် တစစီ ပြိုကွဲပျက်စီးသွားရှာတော့သည်။ လောကကြီးတွင် တည်မြဲသောအရာဟူ၍ မတည်မြဲခြင်းသာ ရှိလေရာ ပျက်စီးချိန်တန်လျင် မည်သို့မျှ တားဆီး၍ မရပဲ လောကဓမ္မတာအလျောက် ပျက်စီးသွားရသည့် သဘောမျှသာ ဖြစ်သည်။

စစ်ဟူသည် ပျက်စီးခြင်း၊ ကသောင်းကနင်းဖြစ်ခြင်း၊ ပရမ်းပတာဖြစ်ခြင်း၊ ငတ်မွတ်ခြင်း၊ ရောဂါဘယ ထူပြောခြင်းစသည်တို့ကို ယူဆောင်လာတတ်သည် ဖြစ်လေရာ စစ်ပွဲကာလအတွင်းတွင် လူသားမျိုးနွယ်စုများ ကြိုးစားတီထွင်ခဲ့ရသည့် မျိုးဆက်သွေး ညှို့ငင်ထုတ်ယူ ကိရိယာများမှာလည်း ရစရာမရှအောင် တစစီ ဖျက်ဆီးခံလိုက်ရလေသည်။ ထိုနေ့ထိုအချိန်မှစ၍ လူသားများသည် တော်ဝင်သွေးကြောညှို့ငင်ထုတ်ယူရန် စွမ်းအားများကို လုံးဝဥသုံ ဆုံးရှုံးသွားရလေတော့သည်။

သို့သော် လူသားများအတွက် ကံကောင်းထောက်မသည်မှာ စစ်ပွဲကာလအတွင်း ကိရိယာများအားလုံး ဖျက်ဆီးခံလိုက်ရသည် ဆိုသော်ငြား တော်ဝင်သွေးဗီဇလက္ခဏာများသည် မျိုးဆက်တဆက်မှ နောက်တဆက်သို့ လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်သောကြောင့်ပင်တည်း။ အကျိုးဆက်မှာ အလင်းနတ်ဘုရား နိုင်ငံတော် ပြိုကွဲပြီး ဖြစ်ပေါ်လာခဲ့သော လူသားနိုင်ငံ ခုနှစ်နိုင်ငံတွင် ယခင်ခေတ်မှ တော်ဝင်သွေးဗီဇလက္ခဏာများကို ဆက်ခံပိုင်ဆိုင်ထားသည့် မြင့်မြတ်သော မျိုးနွယ်စုများ ပေါ်ပေါက်လာခဲ့လေသည်။

စုမိသားစု...

စုမိသားစုသည် မြောက်ပိုင်းမျက်နှာမြို့တော်တွင် ကြီးမားသော မျိုးနွယ်စုကြီးဖြစ်သော်ငြား လူအများကမူ စုမိသားစုကို မြင့်မြတ်သော မျိုးနွယ်စုဟု မယူဆချေ။ အကြောင်းမှာ စုမိသားစုသည် အထက်တွင် ဖော်ပြခဲ့သော သွေးဗီဇလက္ခဏာများ မပါရှိသောကြောင့်ပင်။

မြို့တော်ကြီးတွင် တော်ဝင်သွေးဗီဇလက္ခဏာ မပါရှိသော မျိုးနွယ်စု များစွာ နေထိုင်ကြ၏။ ၎င်းတို့အားလုံးလိုလိုသည် စွမ်းအားများရရှိရန် သွေးဝိညဏ်ဆေးဝါးများကိုသာ အစားထိုး အသုံးပြုကြရရှာသည်။ သွေးဝိညဏ်ဆေးဝါးဟူသည်မှာ အဘယ်နည်း။ သွေးဝိညဏ်ဆေးဝါးဟူသည်မှာ အခြားတော့ မဟုတ်။ တော်ဝင်မျိုးဆက်သွေး ညိုှ့ငင်ထုတ်ယူ ကိရိယာများကို တုပပြုလုပ်ထားသော ဆေးဝါးများ ဖြစ်သည်။ တုပထားသည်ဆိုသော်ငြား တော်ဝင်သွေးထုတ်ယူသော ကိရိယာများနှင့် နှိုင်းယှဉ်လျင် သွေးဝိညဏ်ဆေးဝါးများ၏ ထိရောက်မှုသည် မိုးနှင့်မြေပမာ၊ ဆီနှင့်ရေပမာ နှိုင်းယှဉ်၍မရအောင် ကွာခြားလှသည်။

သို့သော် လူဆိုသည်မှာ လောဘသားကောင်များပင် ဖြစ်လေရာ တော်ဝင်သွေးဗီဇမရှိသူများသည် သွေးဝိညဏ်ဆေးများကို အသုံးချပြီး စွမ်းအားများ ရရှိလာအောင် ကြိုးစားအားထုတ်ကြလေသည်။ ထိုအုပ်စုကို သွေးနှောများဟု ခေါ်ဆိုပြီး မြို့တော်ကြီး၏ သတ်မှတ်ချက်အရ အဆင့်နိမ့်သူများ ဖြစ်ကြသည်။ ထိုသို့ ကြိုးစားအားထုတ်ကြခြင်းကြောင့် သွေးဝိညဏ်ဆေးများ ပိုမိုရှားပါးလာပြီး အသုံးပြုသူများမှာလည်း ဗီဇပိုင်းဆိုင်ရာလက္ခဏာများ၏ အရည်အသွေး ပိုမိုယုတ်လျော့ကျဆင်းလာကာ မျိုးဆက်များ၏ အရည်အသွေးကို ပိုမို နိမ့်ကျစေခဲ့တော့သည်။ မည်သို့ပင်ဖြစ်စေကာမူ များပြားလှသည့် လူများမှာကား သွေးဝိညဏ်ဆေးများကို အသုံးပြုကာ စွမ်းအားများ ရရှိရန် ဆက်လက် ကြိုးစားအားထုတ်ဆဲသာ ရှိကြလေသည်။

မိုက်မဲသော လူများ၏ ရူးမိုက်လှသော လုပ်ရပ်များသည် ၎င်းတို့၏ နောင်လာနောက်သား မျိုးဆက်များအပေါ် များစွာ အကျိုးသက်ရောက်စေခဲ့လေသည်။ ထိုသူများကြောင့် နောက်ပိုင်းမျိုးဆက်များတွင် မျိုးရိုးဗီဇလက္ခဏာများ တဖြည်းဖြည်း နိမ့်ကျလာခဲ့ရာ စုချင်ကဲ့သို့ ပင်ကို ပါရမီရှိသော၊ ကြိုးစားအားထုတ်မှုရှိသော ကလေးငယ်များအဖို့ပင် မွေးကတည်းက ကြိမ်စာသင့်ခဲ့သည့်ပမာ ကြိုးစားသလောက် အရာမထင်နိုင်တော့ပဲ သူတို့၏ မျှော်လင့်ချက်များကို ကန့်သတ်ခံခဲ့ရတော့သည်။

_____________×××________________×××__________________

ဆီနီယန်တယောက် စုချန်းကို မနာလိုဝန်တိုစိတ်နှင့်သာ ရှုတ်ချလိုက်ရသော်လည်း သူ့အခြေအနေသည် စုချန်းထက် အများကြီး သာနေသည်ဟုတော့ မဆိုသာ။ အကြောင်းမှာ ပျက်စီးယိုယွင်းနေသော ဘုရင့်သွေးပါ မျိုးနွယ်စု၊ တော်ဝင် နတ်ဆိုးသွေးပါ မျိုးနွယ်စုနှင့် သွေးနှော မျိုးနွယ်စု တို့၏ အမည်များကို မြို့တော်ကြီး၏ တော်ဝင်မျိုးဆက်သွေး အမွေဆက်ခံမှု စနစ်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထား၏။ ကြီးမားသော မျိုးနွယ်စုလေးမျိုးဟု သတ်မှတ်ခြင်း ခံထားရသော အဆိုပါ မျိုးနွယ်စုများသည် သွေးနှောများသာဖြစ်ကြပြီး ၎င်းတို့ အားလုံးလိုလိုတွင် တော်ဝင်မျိုးဆက်သွေးများ မပါရှိကြပေ။

ထို့ကြောင့် ထိုမိသားစုမျိုးမှ ဆင်းသက်လာသော ဆီနီယင်သည်လည်း စုချန်းနှင့် ထူးမခြားနားသော ကလေးငယ်တဦးမျှသာ ဖြစ်သည်။ သို့သော် ထိုအချက်သည် ဆီနီယင်အတွက်တော့ မည်သို့မျှ မထူးခြား။ သူ့အနေနှင့် စုချင်ကို မည်သည့်အခြေအနေမျိုး ရောက်နေစေကာမူ ဆက်လက် ယှဉ်ပြိုင်နေအုံးမည်သာ။ အကယ်၍ သူတို့နှစ်ဦး၏ ပန်းတိုင်များသည် တူညီနေသည်ဟု ဆိုကြပါစို့၊ လက်ရှိတွင် စုချန်း၏ အခြေအနေက ဆီနီယင်ထက် နှာတဖျားသာနေသည်ဟု ဆိုရပေလိမ့်မည်။

ဤတချက်ကို မနာလိုဖြစ်နေရှာသော လင်းယုန်နှာခေါင်းပိုင်ရှင် ကလေးငယ် ဆီနီယင်က သူနှင့်စုချန်း မျိုးနွယ်စု မတူညီခြင်းကိုပင် အကြောင်းမရှိ အကြောင်းရှာပြီး သွေးနှောအုပ်စုဟု ပြောဆိုရှုတ်ချလိုက်ခြင်း ဖြစ်သည်။ ထိုသို့ ပြောဆိုလိုက်၍ အခြေအနေများကို ထူးထူးခြားခြား မပြောင်းလဲစေနိုင်သော်လည်း သူ့စိတ်ထဲတွင် အနည်းငယ်တော့ နေသာထိုင်သာ ရှိသွားလေ၏။ လူ့သဘာဝပေတည်း။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွား၏။ ကျောင်းဆင်းချိန် ရောက်ခဲ့လေပြီ။ ကလေးငယ်များသည် ကျောင်းတံခါးဝဆီသို့ ပျော်ရွှင်မြူးထူးစွာနှင့် ထွက်ခွာလာခဲ့ကြလေသည်။ ၎င်းတို့နှင့် သက်ဆိုင်ရာ မျိုးနွယ်စု အစေခံများသည်ကား ထုံးစံအတိုင်း ကျောင်းတံခါးဝတွင် စောင့်ဆိုင်းနေကြလေသည်။

စုချန်းကလေးသည် ကျန်သောကလေးငယ်များ အကုန်ထွက်ခွာသွားချိန်ထိ စောင့်ဆိုင်းနေပြီး နောက်ဆုံးကျမှ ကျောင်းတံခါးဝသို့ ထွက်ခွာလာခဲ့၏။ စုချန်း လမ်းလျှောက်လာစဉ်မှာပင် အစေခံတဦးသည် လက်ထဲတွင် တစုံတရာကို ဆုပ်ကိုင်ကာ အပြေးတပိုင်းနှင့် လှမ်းလာ၏။ သူ့ရှေ့သို့အရောက် အစေခံက လက်ထဲတွင် ကိုင်လာသောအရာကို ဖြန့်လိုက်သည်။ ထိုအရာမှာ အခြားတော့ မဟုတ်။ အဖြူရောင် မြေခွေးတကောင်၏ အရေခွံဖြင့် ချုပ်လုပ်ထားသော ခြုံထည်တထည်ပင်တည်း။ အစေခံသည် ခြုံထည်ကို ကပျာကသီ ဖြန့်ရင်း စုချန်းလေး၏ ကိုယ်ပေါ်သို့ လျင်မြန်စွာ လွှမ်းခြုံပေးလိုက်၏။ ထို့နောက် သူက တဖျစ်တောက်တောက်နှင့် ပြောလိုက်သည်။

"ဟာ စတုတ္ထသခင်လေးတောင် ကျောင်းကဆင်းလာပြီ ရာသီဥတုက ဆိုးဆိုးဝါးဝါးကြီးကို အေးနေတာ သခင်လေးရဲ့ ရော့ ရော့ ဒါလေး ခြုံထား တော်ကြာ နေထိုင်မကောင်း ဖြစ်နေမှာဖြင့်"

စုချန်းလေးက အစေခံ၏ စကားကို သဘောမကျဟန်ဖြင့် မဲ့လိုက်သည်။ ထို့နောက် သူက ရထားလုံးဆီသို့ ဦးတည် လျှောက်လာရင်း အစေခံကြီးကို ချစ်စဖွယ်ကောင်းသော အမူအရာနှင့် ပြောဆိုလိုက်၏။

"ကျန်းစင်း! ကျန်းစင်း! ခင်ဗျားနှယ် တယ်လဲ စိတ်ပူတတ်ရန်ကော ခင်ဗျားကို ကျွန်တော် အစကတည်းက မပြောခဲ့ဘူးလား ကျွန်တော်ဟာ ကိုယ်ခန္ဓာ အချိုးကျ ရောနှောပေါင်းစပ်ခြင်း အဆင့်လေးထိ ရောက်နေပါပြီလို့ ဒီလို ရာသီဥတုမျိုးလောက်နဲ့က ကျွန်တော့ကို အေးအောင်လုပ်ဖို့ဆိုတာ ဝေးပါသေးရဲ့ဗျာ ဝေးပါသေးရဲ့"

ကျန်းစင်းအမည်ရှိ အစေခံက သူ့သခင်လေးကို နှစ်သိမ့်လိုက်သည်။

"ဒီအအေးဒဏ်လောက်ကို သခင်လေး မမှုဘူးဆိုတာ ကျုပ်သိပြီးသားပါ သခင်လေးရဲ့ ဒါပေမဲ့ စုမိသားစုရဲ့ သခင်လေးက လူများအမြင်မှာ ခန့်ခန့်ညားညားတော့ ရှိသင့်တယ်မလား ဝတ်ထားလိုက်ပါ သခင်လေးရယ်"

ကျန်းစင်း၏ စကားကြောင့် စုချန်းက မည်သို့မျှ စောဒက မတက်တော့။ စုချန်း၏ အမူအရာကို ကြည့်ရင်း ကျန်းစင်းက ကြိတ်၍ ပြုံးလိုက်သည်။ အမှန်ကတော့ သူသည် သူ့သခင်လေးတယောက် ကိုယ်ခန္ဓာ အချိုးကျ ရောနှောပေါင်းစပ်ခြင်းဖြစ်စဉ်တွင် အဆင့်လေးထိ ရောက်ရှိနေခဲ့ပြီမှန်း အဝေးက လှမ်းမြင်ရုံနှင့် သိရှိပြီးသား ဖြစ်သည်။ အကြောင်းမှာ သူ့သခင်လေးသည် အနွေးထည်၊ ခြုံလွှာများ မပါသော်လည်း အနည်းငယ်မျှ ချမ်းအေးပုံမရှိပဲ သူ့ပတ်ပတ်လည်ရှိ ဆီးနှင်းများနှင့် နှင်းခဲများကို သမမျှတစွာ ပေါင်းစပ်နေကြောင်း သူတွေ့ရှိလိုက်သောကြောင့်ပင် (Body tempering ဆိုသည်မှာ သဘာဝနှင်ၤ့ လိုက်လျောညီထွေစွာ နေထိုင်နိုင်ရန် ပြုလုပ်ပေးသော ကျင့်စဉ်မျိုး ဖြစ်ပုံရသည်၊ ဥပမာ...အလွန်အေးသော အချိန်မျိုးတွင် ကိုယ်ခန္ဓာက အပူဓာတ်များကို ထုတ်ပေးပြီး အလွန် အေးသော အချိန်မျိုးတွင် ကိုယ်ခန္ဓာက အအေးဓာတ်များကို ထုတ်ပေးပြီး သဘာဝဒဏ်ကို လိုက်လျောညီထွေ ဖြစ်စေရန် ထိန်းညှိပေးနိုင်ပုံ ရသည်...ဤသည်မှာ စာရေးသူ၏ ထင်မြင်ယူဆချက်သာ ဖြစ်သည် ) ။

သို့သော် သူ့သခင်လေး၏ ပါရမီနှင့် ထူးချွန်ထက်မြက်မှုကို သတိမမူမိကြသော အခြား အစေခံများ၏ အမြင်၌မူ ဤသခင်မှာကား ခြုံထည်မျှပင်မပါ၊ ဂုဏ်ကျက်သရေ ကင်းမဲ့လှချေသည်ဟု ထင်မြင်ယူဆကုန်ကြမည်ကို ကျန်းစင်းက အထူးပင် စိတ်ပူ၏။ ထိုအခါ ကျန်းစင်းက သူ့၏ ခံစားချက်နှင့် စေတနာကို စုချန်း နားလည်စေရန် ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖော်ပြောဆိုလိုက်သည်။

"မဟုတ်သေးဘူး သခင်လေးရဲ့ သခင်လေး တော်တာကိုတော့ ကျုပ်က အသိဆုံးပေါ့ ဒါပေမဲ့ မသိတဲ့ လူတွေကျတော့ သခင်လေးဟာ မိသားစုကြီးတခုရဲ့ သခင်လေး ဖြစ်သားနဲ့ ခြုံထည်တောင် မပါဘူး ဆိုပြီး သခင်လေးအပေါ် အထင်သေးကုန်ကြလိမ့်မယ် ကဲ့ရဲ့ကုန်ကြလိမ့်မယ် ဒါဆိုရင် သခင်လေးရဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းကုန်လိမ့်မယ်ဗျ"

စုချန်းက ပြုံးလိုက်သည်။

"ခင်ဗျားကြီးက ဒီလို ပြောနေမှတော့ ဘယ်သူက ကျုပ်ကို ဂရုမစိုက်ပဲ နေရဲတော့မှာလဲဗျ တကယ်လို့ တခုခုဆိုရင်လဲ ခင်ဗျားက ကျုပ်ဘေးနားမှာ ရှိနေမှာပဲမလား"

စုချန်း၏ စကားအဆုံးတွင် ကျန်းစင်း၏ မကျေမနပ်နှင့် ငိုကြွေးသံသည် ရထားလုံးအတွင်းတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်၍ ပေါ်ထွက်လာ၏။

ထိုအခိုက်မှာပင် မြင်းလှည်းမောင်းသမားသည် သူ့လက်ထဲတွင် ကိုင်ထားသည့် ရှည်လျားသော ကျာပွတ်နှင့် မြင်းများကို ရိုက်နှက်လိုက်ရာ ရထားလုံးသည် လေးညို့မှ ပစ်လွှတ်လိုက်သော မြားတစင်းပမာ ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားလေသည်။ ရထားလုံး၏ နောက်တွင်ကား လှည်းဘီးရာများ၊ မြင်းခွာရာများသည် ဖြူဖွေးသော နှင်းပုံပေါ်တွင် တံဆိပ်ခပ်နှိပ်ထားသည့်ပမာ ကျန်ရစ်ခဲ့လေတော့သတည်း။

______________×××_______________×××____________×××_______________×××______________×××________

ရထားလုံးသည် လျင်မြန်စွာ မောင်းနှင်နေ၏။ စုချန်းသည် မြင်းလှည်းပေါ်တွင် မည်သည့်အလုပ်မျှ မရှိလေရာ အချိန်အတန်ကြာသောအခါ ပျင်းရိလာ၏။ ထိုအခါ သူက သမိုင်းစာအုပ်တအုပ်ကိုယူရင်း လှန်လှော ဖတ်ရှုလိုက်သည်။ ထိုအခါ စုချန်း၏ ဘေးတွင် ကပ်လျက်ထိုင်နေသော အစေခံက ပျင်းရိငြီးငွေ့ဟန်ဖြင့် ပြောလိုက်၏။

" သခင်လေး ဒီစာအုပ်က ဘာများ စိတ်ဝင်စားစရာ ကောင်းနေလို့လဲ ကျုပ်ဖြင့် ဖတ်လိုက်တိုင်း ဘာမှ ပျော်စရာ မတွေ့တဲ့အပြင် အိပ်ပဲအိပ်ချင်လာတော့တာပဲ"

စုချန်းသည် စာအုပ်ကို သဲကြီးမဲကြီး ဖတ်နေရင်း ကျန်းစင်း၏ စကားကို ခေါင်းမမော့ပဲ ဖြေလိုက်၏။

"ဒီစာအုပ်ထဲမှာ ပုန်းကွယ်နေတဲ့ ပုံပြင်တွေ၊ လူတွေ သတိမထားမိတဲ့ ဇာတ်လမ်းတွေ အများကြီး ရှိနေတယ်ဗျ ခင်ဗျားကြီးက ဒါတွေကိုမှ မမြင်နိုင်တော့ ဘယ်စိတ်ဝင်စားမလဲ ပျင်းမှာပေါ့"

စုချန်း၏ အဓိပ္ပါယ် ပြည့်ဝသောစကားကြောင့် ကျန်းစင်း မျက်လုံးပြူးသွား၏။ သူက အလွန် အံ့သြသင့်သော လေသံနှင့် ပြောလိုက်၏။

"ဗျာ သခင်လေး! ဒီစာအုပ်ထဲမှာ ပုံပြင်တွေ ဖွက်ထားတယ် ဟုတ်လား"

ထို့နောက် သူက ပြူးတူးပြဲတဲနှင့် စာအုပ်တအုပ်လုံးကို ဖင်ပြန်ခေါင်းပြန်နှင့် စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ရင်း စုချန်းကို မယုံသင်္ကာဟန်ဖြင့် မေးလိုက်သည်။

"သခင်လေးဟာက ဟုတ်ကော ဟုတ်ရဲ့လားဗျာ ဒီစာအုပ်ထဲမှာ ပုံပြင်တွေကို တကယ်ပဲ ဖွက်ထားတာလား"

စုချန်းက ဒုံးဝေးလှသော ကျန်းစင်းကို မကျေမနပ်နှင့် မျက်စောင်းထိုးရင်း ပြောလိုက်သည်။

"ဒီစာအုပ်ထဲမှာ ဖွက်ထားတယ်လို့ ပြောတာမဟုတ်ဘူးဗျ ဒီစာအုပ်ထဲမှာ ရေးသားထားတဲ့ တကယ် ဖြစ်ရပ်မှန်တွေရဲ့ အထဲမှာလို့ ဆိုလိုတာ တော်ပါပြီဗျာ ကျွန်တော် ရှင်းပြရင်လဲ ခင်ဗျားကြီး နားလည်မဲ့ပုံ မပေါ်ပါဘူး"

ထို့နောက် စုချန်းက သူ့သမိုင်းစာအုပ်ကို လှန်လှောရင်း တနေရာအရောက်တွင် ရပ်တန့်ကာ ကျန်းစင်းကို ပြသရင်း ပြောလိုက်သည်။

" ခင်ဗျားကြီး ဒီအခန်းကို သေချာဖတ်ကြည့်စမ်း"

ကျန်းစင်းသည် စုချန်း၏ နောက်သို့ နှစ်ပေါင်းများစွာ လိုက်လံစောင့်ရှောက်ခဲ့ရသည့်အတွက် အစေခံပင်ဖြစ်သော်ငြား တံငါနားနီး တံငါဆိုသလို စာအနည်းအကျဉ်းကိုမူ ဖတ်ရှုနိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုအခါ သူက ခေါင်းကို တဗြင်းဗြင်းကုတ်ရင်း ကျယ်လောင်စွာ ဖတ်ပြလိုက်သည်။

"ဧကရာဇ်ကြီး လုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့နောက်မှာ အလင်းနတ်ဘုရား မင်းဆက်တခုလုံး အကြီးအကျယ် ကသောင်းကနင်း ဖြစ်ကုန်တယ် တော်ဝင်သွေး ညှို့ငင်ထုတ်ယူ ကိရိယာဟာလည်း စစ်ပွဲကာလာအတွင်းမှာ ပျောက်ဆုံးသွားတယ် အဲဒီကတည်းက လူသားတွေဟာ သွေးဝိညဏ်ဆေးတွေကို အစားထိုးအသုံးပြီး သွေသန့်စင်ကိရိယာရဲ့စွမ်းဆောင်နိုင်မှု တစိတ်တဒေသလောက်ကိုပဲ အသုံးချနိုင်ခဲ့ကြတယ် အတိတ်ကာလတုန်းကလို စစ်မှန်တဲ့ တော်ဝင်သွေးစစ်စစ်ကို ထုတ်ယူနိုင်ခြင်း မရှိခဲ့ကြတော့ဘူး"

ကျန်းစင်း၏အသံက တဖြည်းဖြည်း တိမ်ဝင်သွား၏။ သူဖတ်သည့် စာပိုဒ်မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ဖတ်၍သာ ဆုံးသွား၏။ သူ့ခမျာ တလုံးတပါဒမျှပင် နားမလည်လိုက်ရှာ။

စုချန်းက ကျန်းစင်း၏ လက်ထဲမှ စာအုပ်ကို ပြန်လည်ဆွဲယူရင်း ရှင်းပြလိုက်သည်။

"ခင်ဗျားကြီး စဉ်းစားကြည့်စမ်း ဒီစာပိုဒ်က ထူးဆန်းမနေဘူးလား ကျွန်တော် တွေးကြည့်တာက ဒီလိုဗျာ တော်ဝင်သွေး ထုတ်ယူတဲ့ ကိရိယာဟာ လူတွေရဲ့ တီထွင်ဖန်တီးမှုပဲ ပျက်စီးသွားတော့ကော ဘာအရေးလဲ ကျွန်တော်တို့အနေနဲ့ ဒီကိရိယာကို ပြန်ပြီး ပြုလုပ်ဖန်တီးလို့ ရနိုင်တာပဲလေ ဒီနေရာမှာ မေးစရာတခုပဲ ရှိတယ် လူတွေဟာ ဒီကိရိယာကို ဘာကြောင့် ပြန်ပြီး မပြုလုပ်ခဲ့ကြတာလဲ"

ကျန်းစင်းက ပြန်လည် ပြောဆိုလိုက်သည်။

"စာအုပ်ထဲမှာ အဖြေမပါဘူးလား သခင်လေးရဲ့ ကျုပ်သိသလောကတော့ ဒီကိရိယာ ဖန်တီးတဲ့ နည်းစနစ်တွေအကုန်လုံးဟာ ဟိုးအရင်ကတည်းက ဖျက်ဆီးခံလိုက်ရပြီလေ"

ကျန်းစင်း၏ အဖြေကို စုချန်း မကျေလည်ပါ။ သူက ခွန်းတုံ့ပြန်လိုက်သည်။

"ဘာကြောင့်များ ဖျက်ဆီးလိုက်ရတာလဲ ဒီနည်းစနစ်ဟာ လူသားမျိုးနွယ်စုတွေရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်ပျက်စီးမှုတွေအပေါ် အများကြီး အကျိုးသက်ရောက်စေနိုင်တယ်ဆိုတာ သူတို့ မသိဘူးလား ဒါဘယ်လိုမှ မဖြစ်နိုင်ဘူးဗျ"

ကျန်းစင်း ပါးစပ်ကြီး ပြဲသွား၏။ စုချန်း၏ စကားအတွက် သူ့တွင် အဖြေမရှိချေ။ စုချန်းက စကားဆက်သည်။

"ကောင်းပြီဗျာ ပျက်စီးသွားတယ်ပဲ ဆိုကြပါစို့ စစ်ပွဲကာလ တိုင်းပြည် ဗရုတ်ဗရက်ဖြစ်နေတဲ့ အချိန်ဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားနိုင်တာပဲလေ ဒါက သိပ်အပြစ်ပြောစရာ မရှိပါဘူး ဒါပေမဲ့ ကျွန်တော်မေးချင်တာက သူတို့တတွေဟာ ဘာကြောင့်များ သွေးထုတ်ကိရိယာတွေ အများကြီး လုပ်မထားရတာလဲ စာအုပ်ထဲမှာ ပါတဲ့ အဆိုအရဆိုရင် ဒီကိရိယာတခုဟာ တနှစ်မှာ တော်ဝင်သွေး ဆယ်မျိုးပဲ ထုတ်ယူနိုင်တယ်လို့ ဆိုထားတယ် တကယ်လို့ သူတို့မှာ ကိရိယာ တခုတည်းပဲရှိတယ်ဆိုရင် ဘာကြောင့် အပိုကိရိယာတွေ မလုပ်ထားကြတာလဲ နောက်ဆုံး ကုန်ကုန်ပြောရရင် ကျွန်တော်တို့မှာ အရန်ကိရိယာလဲမရှိဘူး ရှိတဲ့ ကိရိယာကလည်း ပျက်စီးသွားပြီ ကိရိယာပြုလုပ်တဲ့ နည်းပညာတွေလည်း မရှိတော့ဘူးပဲဆိုပါစို့ ကျွန်တော်တို့အနေနဲ့ ဒီနည်းပညာမျိုးက ဘာကြောင့် ပြန်မဖော်ထုတ်နိုင်ခဲ့ကြတာလဲ အရင်တုန်းက အောင်မြင်အောင် လုပ်နိုင်ခဲ့သားနဲ့ အခုမှ ဘာကြောင့် မလုပ်နိုင်ကြတော့တာလဲ"

စုချန်းလေး၏ များပြားလှသော မေးခွန်းကြောင့် ကျန်းစင်းခမျာ စကားပင် မပြောနိုင်တော့ပဲ ကြက်သေသေသွားရှာသည်။ စုချန်းသည် စာအုပ်ကိုပိတ်ရင်း နှစ်လိုဖွယ်ရာ ပြုံးလိုက်၏။

"ဒါဟာ ဒီသမိုင်းစာအုပ်က ပြောပြနေတဲ့ ပုံပြင်တွေရဲ့ တစိတ်တဒေသပဲ ဒါကြောင့် ခင်ဗျားကြီးကို ကျွန်တော်ပြောတာပေါ့ စာဖတ်တဲ့အခါမှာ မျက်လုံးနဲ့ချည်း မဖတ်ပါနဲ့ စိတ်အာရုံကို ဖွင့်ပြီး ဖတ်ပါလို့"

အထက်ပါ စကားလုံးများကို စုချန်းက အလွန်တရာ ဂုဏ်ယူဝင့်ကြွားလှသော လေသံနှင့် ပြောလိုက်ခြင်း ဖြစ်သည်။ ဤသို့ ဂုဏ်ယူနေရခြင်းမှာလည်း အကြောင်းရှိ၏။ ၎င်းစကားလုံးများသည် သူ့ကိုယ်ပိုင်မဟုတ်။ သူ့အဖေ သူ့ကို အမြဲ ဆုံးမနေကျ စကားလုံးများသာ ဖြစ်သည်။ ယခုတကြိမ်တွင်တော့ အထက်ပါ စကားလုံးများကို သူ့အစေခံအား ဆုံးမရာတွင် စုချန်းတယောက် အသုံးချနိင်ခဲ့ပေပြီ။

ကျန်းစင်း အနည်းငယ် စိတ်ရှုပ်သွား၏။ သူက သူ့သခင်လေးကို ငေးမောကြည့်ရှုလိုက်သည်။ သူ့အကြည့်တွင် လေးစားခြင်း၊ နှစ်ထောင်းအားရမှုရှိခြင်း၊ သဘောကျခြင်း စသော အဓိပ္ပါယ်မျိုးစုံ ပါဝင်နေ၏။ ထို့နောက် သူက ပြောလိုက်သည်။

"သခင်လေးဟာ အတော့ကို ထူးဆန်းတာပဲ ဘာကြောင့်များ ဒီလို တွေးနေရတယ် မသိပါဘူး"

အသက်အရွယ်နှင့် မလိုက်ဖက်အောင် မည်မျှပင် ရင့်ကျက်နေသည် ဆိုသော်ငြား စုချန်းသည် ကလေးတယောက်မျှသာဖြစ်၍ ကလေးစိတ်တော့ ကျန်နေသေး၏။ သူက သူ့အပေါ် ကျန်းစင်းတယောက် အထင်ကြီးလေးစားစွာ ငေးကြည့်နေခြင်းကို ကျေနပ် သဘောကျနေလေသည်။ ထို့နောက် သူက ပြောလိုက်သည်။

"တကယ်တော့ ဘာကြောင့်လဲဆိုတဲ့ အဖြေကို ကျွန်တော် စဉ်းစားပြီးသားပါ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့ကို ကတိတခုတော့ ပေးရမယ် ဒီကိစ္စကို ခင်ဗျား ဘယ်သူ့ကိုမှ မပြောပြရဘူး"

ကျန်းစင်က သူ့ရင်ဘတ်ကိုသူ အားရပါးရ ပုတ်ပြရင်း စုချန်း တောင်းသောကတိကို အလွယ်တကူပင် ပေးလိုက်၏။

"ဟာ ဒါတော့ စိတ်ချ သခင်လေး စိတ်ချ သခင်လေး ဘာမှ စိတ်မပူနဲ့ စိတ်အေးလက်အေးသာ နေပါ ကျုပ် ဘယ်သူ့ကိုမှ မပြောပြပါဘူးဗျ"

ကျန်းစင်း၏ ကတိစကားကို ကြားလိုက်ရမှ စုချန်းတယောက် စိတ်အေးလက်အေး ရှိသွား၏။ သို့သော် သူသည် လူကြီးတယောက်မဟုတ်။ အသက် ဆယ့်နှစ်နှစ်မျှသာ ရှိသေးသော ကလေးငယ်တယောက် ဖြစ်သည်။ ကလေးတယောက်အနေနှင့် ညဏ်ရည်အလွန် ထက်မြက်သည်ဟု ဆိုနိုင်သော်လည်း လူကြီးတယောက်၏ ဆင်ခြင်တုံတရားမျိုးနှင့် အတွေ့အကြုံတော့ ရှိမနေသေးချေ။ ထို့ကြောင့် သူက နှုတ်လုံသူဟူသည် လောကတခွင်တွင် မည်မျှရှားပါးပြီး မည်မျှ တန်ဖိုးရှိသည်ကို တိတိကျကျ နားလည်နိုင်စွမ်း မရှိခဲ့။

ထိုအခါသူက အသံကိုနှိမ့်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။

" တော်ဝင်သွေးထုတ်ကိရိယာဟာ အမှန်တကယ်တော့ လူသားတွေရဲ့ တီထွင်မှုစစ်စစ် မဟုတ်နိုင်ဘူးလို့ ကျွန်တော်ကတော့ ယုံကြည်ထားတယ်ဗျို့"

စုချင်၏ အံ့သြသင့်ဖွယ်ရာစကားကြောင့် ကျန်းစင်းတယောက် ပါးစပ်အဟောင်းသားဖြစ်ကာ ကြက်သေသေသွားတော့သည်။ သူ အလွန်တရာ လန့်ဖြတ်သွားခြင်း ဖြစ်သည်။ သူက ထစ်ငေါ့သောလေသံဖြင့် ကမူးရှုးထိုး မေးမြန်းလိုက်၏။

"ဘာ....ဘယ်....ဘယ်လို သခင်လေး လူတွေ တီထွင်ထားတာ မဟုတ်တော့ ဘယ်သူတွေ တီထွင်တာတုန်းဗျ"

စုချင်က လက်ဝါးနှစ်ဖက်ကို ဖြန့်ရင်း ပုခုံးတွန့်ပြလိုက်၏။

"ဒါကိုတော့ ကျွန်တော်လဲ မသိဘူးဗျို့ ဒီစာအုပ်ကို ဖတ်ပြီး ကျွန်တော် အထပ်ထပ် အခါခါ စဉ်းစားပြီးပြီ အဖြေတွေ အများကြီး ရပေမဲ့ ဘယ်ဟာမှ ယုတ္တိမရှိဘူး ဒီအဖြေတခုပဲ ယုတ္တိရှိတယ် ဒါကြောင့် ကျွန်တော်ကတော့ ဒီအတိုင်းပဲ လက်ခံထားတယ် လူသားမျိုးနွယ်စုတွေဟာ တော်ဝင်မျိုးဆက်သွေး ညှို့ငင်ထုတ်ယူ ကိရိယာကို တီထွင်နိုင်စွမ်း မရှိပဲ အကြောင်းတခုခုကြောင့် ဒီကိရိယာကို ပိုင်ဆိုင်နိုင်ခဲ့ကြလိမ့်မယ် ဒါပေမဲ့ ဒီစကားတွေကို ခင်ဗျား စိတ်ထဲမှာပဲ သိမ်းထားနော် အပြင်မှာတော့ ဟောင်ဖွာဟောင်ဖွာ သွားမလုပ်နဲ့ တယောက်ယောက်များ သိသွားလို့ကတော့ ခင်ဗျားရော ကျွန်တော်ပါ ငါးပါးမှောက်ပြီပဲ"

လွတ်လပ်စွာ စဉ်းစားတွေးခေါ်ခွင့် မရှိသော၊ ညဏ်အလင်း ရရှိသည်အထိ စဉ်းစားတွေးခေါ်ခွင့် မရှိသော ခေတ်ကာလမျိုးတွင် လူသားများ၏ ဖြစ်တည်မှုနှင့် လူသားများ၏ သမိုင်းကြောင်းကို မေးခွန်းထုတ်ခြင်းမျိုးသည် သူ့အတွက် ပြသနာများစွာကို ဖြစ်ပေါ်လာနိုင်စေလေသည်။ ထိုအခိုက်မှာပင် စုချင်၏ နားထဲတွင် တခိုးခိုးတခစ်ခစ် ရယ်မောသံကို နားထဲတွင် ခပ်သဲ့သဲ့မျှ ကြားလိုက်ရ၏။ ကလေးငယ်၏ မျက်လုံးများက ပြူးကျယ် ဝိုင်းစက်သွားလေသည်။ ထိုအခါ သူက ရထားမောင်းသူ ကြားသာအောင် ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

"ခန ရပ်ပါအုံးဗျို့ ခနရပ်ပါအုံး"

ထို့နောက် စုချင်သည် ရထားလုံးပေါ်မှ သွက်လက်မြန်ဆန်စွာ ခုန်ဆင်းရင်း လမ်းမတလျှောက်ကို အစုန်အဆန် မျက်စေ့တဆုံးထိ လှမ်းမျှော် ကြည့်ရှုလိုက်သည်။ လမ်းပေါ်တွင် မည်သည့် ထူးခြားချက်မျှ မရှိချေ။ တလောကလုံး ဆီးနှင်းများသာ ဖုံးလွှမ်းနေလေ၏။ လမ်းမကျယ်ကြီးပေါ်တွင် ခြေကျင် ခရီးနှင်သူတချို့ကို စုချင် တွေ့ရသည်။ လတ်တလော သူ့နားနှင့်ဆတ်ဆတ် ကြားလိုက်ရသည့် ခပ်တိုးတိုး ရယ်မောသံကို ပြုလုပ်နိုင်ချေ ရှိသူဟူ၍ တစုံတယောက်မျှပင် မတွေ့ရချေ။ ထူးဆန်းလှပေ၏။

ထိုစဉ် ရထားလုံးအပေါက်ဝမှ ကျန်းစင်းက ခေါင်းပြူရင်း မေးလိုက်သည်။

"ရုတ်တရက်ကြီး ဘာများ ဖြစ်ရတာလဲ သခင်လေးရဲ့"

စုချင်က ခေါင်းခါပြရင်း ကျန်းစင်း၏ မေးခွန်းကို ပြန်လည် ဖြေကြားလိုက်၏။

"ရုတ်တရက် အသံတသံ ကြားလိုက်ရလို့ နားကြားလွဲတာ ဖြစ်ပါလိမ့်မယ် ကဲကဲ ကျွန်တော်တို့ ပြန်ကြရအောင်ဗျို့"

ပြောပြောဆိုဆို သူက ရထားလုံးရှိရာသို့ ပြန်လည် လမ်းလျှောက်လာရင်း ရထားလုံးပေါ်သို့ ပြန်လည် ခုန်တက်ရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက်မှာပင်...

စုချင်၏ နောက်နားဆီမှ အသံတသံ ပေါ်လာ၏။ အဖိုးအိုတဦး၏ အသံဖြစ်သည်။

"သခင်လေး ...သခင်လေး...ကျေးဇူးပြုပြီး သနားပါဗျာ ညှာတာပါဗျာ သနားတဲ့အနေနဲ့ ဒီသူတောင်းစားအိုကြီးကို စားစရာ နည်းနည်းလောက်ဖြစ်ဖြစ် စွန့်ကြဲပါအုံး ခင်ဗျာ"

စုချင် အံ့သြသင့်သွား၏။ သူက နောက်ကို ဖြတ်ခနဲ လှည့်ကြည့်လိုက်သည်။ သူ့နှင့် ခပ်လှမ်းလှမ်းတွင် သူတောင်းစားကြီးတဦး မတ်တပ်ရပ်နေ၏။ သူတောင်းစားကြီးကား ညစ်ပတ်လှသည်။ သူတောင်းစားကြီးထံမှ အော်ဂလီဆန်စရာ အနံ့အသက်များသည် စုချင်၏ နှာခေါင်းဝကို ကလူ၏သို့ မြှုု၏သို့ လုပ်နေလေသည်။ သူတောင်းစားကြီးသည် ကျိုးကြေနေသော ဒန်ဖလားတလုံးကို လက်တွင် ဆုပ်ကိုင်ရင်း စုချင်ကို စားစရာ တောင်းနေခြင်း ဖြစ်သည်။

သူတောင်းစားအဖိုးအို ရပ်နေသောနေရာသည် စုချင်နှင့် သိပ်မဝေးလှ။ သို့တိုင်အောင် ၎င်းသည် အားရကျေနပ်ပုံမရပဲ လက်တွင်ကိုင်ထားသော ဖလားကို စုချင်အနီးသို့ ပို၍ တိုးကပ်လိုက်၏။ သူ၏ အမူအရာမှာ လွန်စွာ သနားဖွယ်ရာ ကောင်းလှပြီး သူ့မျက်လုံးအစုံတွင်ကား စိတ်ပျက်အားငယ်ခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ အရာရာကို ဆုံးရှုံးထားရခြင်း စသော အရိပ်အယောင်များ ပေါ်လွင်နေ၏။

စုချင်က သူတောင်းစား အဖိုးကြီးကို ဦးခေါင်းမှ ခြေဖျားအထိ စေ့စေ့စပ်စပ် ကြည့်ရှုရင်း ပြောလိုက်သည်။

"အဖိုး ဘယ်သူမှန်းတော့ ကျွန်တော် မသိဘူး ဒါပေမဲ့ အဖိုးဟာ သူတောင်းစားအစစ် မဟုတ်ဘူးဆိုတာတော့ ကျွန်တော် တိတိကျကျ သိနေတယ်"

သူတောင်းစား အဖိုးအိုက စုချင်ကို

"ဘာကိုဆိုလိုတာတုန်း သခင်လေး ခင်ဗျာ"

ထိုအခါ စုချင်က ပီသကြည်လင်သော အသံနှင့် လမးမပေါ် လက်ညိုးထိုးပြရင်း ပြောလိုက်သည်။

"ဟောဒီမှာကြည့် ကျလိုက်တဲ့ နှင်းတွေဆိုတာ အင်မတန်ဆိုးတဲ့ ရာသီဥတုမျိုးပဲ အဖိုးဟာ တကယ့် သူတောင်းစား အစစ်သာဆိုရင် ချက်ချင်း သိမှာပဲ ဒီလိုရာသီမှာ ထွက်ပြီးတောင်းရမ်းလို့ကတော့ အအေးပတ်ပြီး သေရုံသာရှိမယ် စားစရာကတော့ ရမှာမဟုတ်ဘူးဆိုတာ ဘာကြောင့်လဲဆိုတော့ ရာသီဥတု အလွန်ဆိုးနေရင် ဒီလမ်းတွေပေါ်မှာ လူသိပ်မရှိတတ်ဘူးလေ ပြီးတော့ ရှိတဲ့လူတွေကလဲ ကျိုးတိုးကျဲတဲနဲ့ အရမ်းဝေးတယ် "

စုချင်က စကားအကြာကြီး ပြောလိုက်ရ၍ မောသွားသည့်ဟန်ဖြင့် ခေတ္တရပ်နားပြီး စကားဆက်ပြန်သည်။

"တကယ်လို့ အဖိုးဟာ အလွန် ကံကောင်းလို့ ဖြတ်သွားဖြတ်လာ ခရီးသွားပြည်သူ တယောက်ယောက်နဲ့ တွေ့တယ်ပဲ ဆိုပါစို့ ဘယ်သူကများ ဒီလောက် အေးစက်လှတဲ့ရာသီမှာ သွားရင်းလာရင်းနဲ့ ရပ်တန့်ပြီး အဖိုးအတွက် စာစရာ၊ အဝတ်၊ ငွေကြေးတွေ ပေးကမ်းမှာလဲ ဒီလိုရာသီမှာ တောင်းယမ်းတာဟာ စားစရာတော့ ရမှာမဟုတ်ဘူး ခြေတွေ လက်တွေ တကိုယ်လုံးသာ အေးခဲသွားလိမ့်မယ်ဗျ တကယ်တော့ ဒီလိုရာသီမှာ ဘယ်သူတောင်းစားမျိုးမှ အပြင်မထွက်ဘူး အဘရဲ့ တောင်းယမ်းရမဲ့ အချိန်မှားနေတာကိုး နောက်ပြီးတော့ ဒီလမ်းဟာ ဟန်မြစ်ကမ်းလမ်း တနည်းအားဖြင့် မြောက်ပိုင်းမြို့တော်ရဲ့ အဓိက လူသွားလူလာအများဆုံး လမ်းမကြီးပဲ ယာဉ်ကြောပိတ်ဆို့မှုတွေ မကြာခဏ ဖြစ်ပျက်လွန်းလို့ ဒီလမ်းပေါ်မှာ သူတောင်းစားတွေ မတောင်းရမ်းဖို့ မြို့တော်သခင်က အမိန့်ထုတ်ထားတယ် ခင်ဗျ ဒီနေရာမှာ သူတောင်းစား တယောက်ယောက်သာ ပေါ်လာတယ် ဆိုပါစို့ မြို့တော်အစောင့်တွေက ဒီလူက ရိုက်မယ် ပုတ်မယ် ထုထောင်းမယ် လိုက်လံဖမ်းဆီးမယ် ပြီးရင် ထောင်သွင်း အကျဉ်းချထားမယ် ဒါကြောင့်မို့ ဒီလမ်းပေါ်မှာ ဘယ်သူတောင်းစားကိုမှ အဖိုး မမြင်ရတာပေါ့"

နောက်ဆုံးစကားကို စုချင်က ပြုံးစိစိနှင့် ပြောလိုက်ခြင်း ဖြစ်သည်။ သူတောင်းစားကြီးက မည်သို့မျှ မပြော။ တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေ၏။ စုချင်က သူတောင်းစားကြီး၏ ဝတ်စုံကို လက်ညိုးထိုးပြလိုက်ပြီး စကားဆက်သည်။

"နောက်တချက်ကို ပြောရရင်တော့ အဖိုးရဲ့ ဝတ်စုံ ဟောဒီမှာ သေချာကြည့် အဝတ်တွေက ဟောင်းနွမ်းနေပြီး ညစ်ပတ်ပေရေနေပေမဲ့ အစင်းကြောင်းတွေက သစ်လွင်သပ်ရပ်နေတယ် နှစ်ပေါင်းများစွာ ညစ်ပတ်ပေရေလာခဲ့တာနဲ့ မတူဘူး ဒါကိုကြည့်ရင် ဒီအဝတ်တွေဟာ လောလောလတ်လတ်ကိုပဲ ညစ်ပတ်ပေရေအောင် ပြုလုပ်လာတဲ့ အဝတ်အစားတွေဆိုတာ သိသာနေတယ် နောက်ဆုံးတချက်ကတော့ အနံ့ပဲ အဖိုးရဲ့ အနံ့ဟာ ထူးခြားနေတယ် တိတိကျကျ ပြောရရင် သူတောင်စားတယောက်ရဲ့ အနံ့နဲ့ မတူဘူး သူတောင်းစားတယောက်ရဲ့ အနံ့ဆိုတာက နှစ်ပေါင်းများစွာ ရေမချိုး မိုးမချိုးပဲ ချေးညှော်အထပ်ထပ်နဲ့ အင်မတန် ဆိုးဝါးတဲ့ အနံ့မျိုး တနည်းအားဖြင့် မိလ္လာပိုက်က ထွက်လာတဲ့ အနံ့မျိုး ရေဆိုးမြောင်းတွေက ပျံ့လွင့်လာတဲ့ အနံ့မျိုး အဖိုးဆီက ထွက်လာတဲ့ အနံ့မျိုးကတော့ ဒီလိုမဟုတ်ဘူး ဖြစ်နေတယ် ပြီးတော့ အဖိုးရဲ့ လက် အဖိုးရဲ့ တကိုယ်လုံးက ညစ်ပတ်ပေရေနေပေမဲ့ အဖိုးရဲ့လက်ကတော့ သိပ်ပြီးတော့ သန့်ရှင်းနေတယ် ဒီအချက်တွေ အားလုံး စုပေါင်းလိုက်ရင် အဖိုးဟာ ဘယ်လိုမှ သူတောင်းစားအစစ်မဟုတ်မှန်း သိသာနေပြီဗျ"

သူတောင်းစားကြီးသည် စုချင်၏ စကားကို နားထောင်ပြီး သူ့ဦးခေါင်းကို နောက်သို့လှန်ကာ အားရပါးရ ရယ်မောလိုက်တော့သည်။

"ဟား ဟား ဟား ဟား တယ်လဲတော်တဲ့ သခင်လေးပါလား သခင်လေးမှာ သူမတူအောင် ထူးခြားတဲ့ မျက်လုံးတွေနဲ့ တစုံတရာကို စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စိတ်ကူးစိတ်သန်းမျိုးကို ပိုင်ဆိုင်ထားတာပဲ ဒါဟာ သခင်လေးရဲ့ အသက်အရွယ်နဲ့စာရင် အင်မတန် တော်တယ်လို့ ဆိုနိုင်ပေမဲ့ နှမြောစရာကောင်းတာက သခင်လေးမှာ အတွေ့အကြုံ မရှိတဲ့အတွက် စကားဆိုတာ ပြောတိုင်းမကောင်းဘူးလို့ သိနိုင်တဲ့ ဆင်ခြင်တုံတရား မရှိတာပဲ"

သူတောင်းစားကြီးက ချောင်းတချက်ဟန့်ရင်း စကားဆက်သည်။

"အတွေ့အကြုံဆိုတာ ငွေနဲ့ဝယ်လို့မရဘူးဆိုတဲ့ စကားက သိပ်မှန်တာပဲ သခင်လေးမှာ အတွေ့အကြုံမရှိတဲ့အတွက် မိမိရဲ့ အားနည်းချက်ကို သူများမမြင်အောင် ဖုံးကွယ်ထားရမယ်ဆိုတဲ့ တချက်ကို မသိတဲ့အပြင် သိတိုင်းမပြောရဘူး မိမိကိုယ်ကို နှိမ့်ချပြီးနေထိုင်ရမယ် မသိယောင် ပြုထားရမယ်ဆိုတဲ့ အချက်ကိုလည်း မသိခဲ့ပြန်ဘူး ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူးလေ အခု ကျုပ်နဲ့ တွေ့နေပြီပဲ ကျုပ်နဲ့ တွေ့ဆုံရတဲ့အတွက် နောက်တချိန်မှာ ဒီအားနည်းချက်တွေအကုန်လုံးကို ပြင်ဆင်ဖာထေးပြီးသား ဖြစ်သွားလိမ့်မယ် ကျုပ်နဲ့တွေ့ဆုံရတဲ့အတွက် သခင်လေးမှာ ကံဆိုးမိုးမှောင်ကျလိမ့်မယ် ဒုက္ခတွေအများကြီး ခံစားရလိမ့်မယ် ဒါပေမဲ့ ဒါဟာ သခင်လေးရဲ့ ကံကြမ္မာပဲ မုန်တိုင်းပြီးရင် လေပြည်တွေ တိုက်ခတ်လာတတ်သလို ဒုက္ခတွေ ပြီးဆုံးသွားတဲ့တနေ့မှာ သခင်လေးဟာ အကန့်အသတ်မရှိတဲ့ စွမ်းအားတွေနဲ့ တောက်ပတဲ့ အနာဂါတ်တခုကို ပိုင်ဆိုင်လာလိမ့်မယ်"

ထို့နောက် သူတောင်းစား အဖိုးကြီးသည် စုချင်ကို စူးစိုက်ကြည့်ရှုရင်း ကျယ်လောင်သောအသံနှင့် အော်ပြောလိုက်သည်။

"ကိုင်း!! ခုပဲ သခင်လေးရဲ့ မျက်လုံးတွေကို ပြောင်းလဲပစ်လိုက်မယ် ဒီလို အမြင်အာရုံကသာ ဒီကမ္ဘာကြီးရဲ့ တကယ့် စစ်မှန်တဲ့ အသွင်အပြင်ကို မြင်တွေ့နိုင်စေလိမ့်မယ်"

ပြောပြောဆိုဆို သူတောင်းစားကြီးက သူ့လက်အပေါ်လို့ မြှောက်လိုက်၏။

စုချင် နောက်ဆုံးမြင်လိုက်ရသည်မှာကား အေးစက်နေသော စူးချွန်နှစ်ခု သူ့မျက်လုံးအစုံသို့ ထိုးဖောက်ဝင်ရောက်လာခြင်းသာ ဖြစ်သည်။ ထို့နောက်တွင်ကား သူ့အမြင်အာရုံတခုလုံး အမှောင်အတိ ကျသွားတော့လေသတည်း။

All Chapters