← Chapters

ဘယ်တော့မှ အရှုံးမပေးဘူး ၁

Vol. 1 Ch. 2

ဘယ်တော့မှ အရှုံးမပေးဘူး ၁

Vol. 1 Ch. 2

ရာသီအလီလီ ပြောင်းလဲနေ၏။ တဆောင်းလွန်မြောက်၍ တနွေဦးသည်ပင် ကဆုန်ပေါက်ကာ ရောက်ရှိလာခဲ့ပြန်ချေပြီ။ နွေဦးရာသီ၏ အလွန်ပူပြင်းသော နေ့လယ်ခင်းတခုတွင် ဖြစ်သည်။ စုမိသားစုခြံဝင်း၏ သိုင်းပညာလေ့ကျင့်ရေးခန်းမတွင် လူငယ်များသည် အုပ်စုဖွဲ့၍ သိုင်းပညာ လေ့ကျင့်နေကြ၏။ စိတ်ဓာတ်တက်ကြွစွာ အားကြိုးမာန်တက် လေ့ကျင့်နေကြသော လူငယ်များထံမှ ကျယ်လောင်သော မာန်သွင်းသံများသည် တခါတရံ ခြံဝင်းအပြင်သို့ ပင် ပျံံ့လွင့်လာလေသည်။

"ယား"

လူငယ်များသည် အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းပြီး ၎င်းတို့၏ လက်သီးများကို တင်းတင်းဆုပ်ကာ တညီတညာ ဆန့်ထုတ်လိုက်ကြရာ သူတို့ရှေ့တွင် စိုက်ထူထားသော ကျောက်သားတိုင်များသည် တဖြောင်းဖြောင်းမည်ကာ ကျိုးပဲ့ကုန်ကြလေသည်။

"ကောင်းတယ်ဟေ့ ကောင်းတယ် သိပ်ကောင်းတယ်"

ကျယ်လောင်သော ချီးကျူးသံတသံက သိုင်းပညာ လေ့ကျင့်ရေး ခန်းမအတွင်း ပျံ့လွင့်လာသည်။

"ဒုတိယ သခင်လေးဟာ တကယ်ပဲ တော်ပါပေတယ်"

"ဒီပုံအတိုင်းသာဆိုရင် သူဟာ ရက်အနည်းငယ် အတွင်းမှာပဲ ကိုယ်ခန္ဓာ အချိုးကျ ရောနှောပေါင်းစပ်ခြင်း ပဉ္စမအလွှာထဲကို ဝင်သွားလိမ့်မယ်"

"အဲဒီအချိန်ရောက်ရင် သူဟာ စုမိသားစုရဲ့ တတိယ မျိုးဆက်တွေထဲမှာ အတော်ဆုံးလူတယောက် ဖြစ်လာလိမ့်မယ်"

ချီးကျူးသံများအားလုံးသည် အသက် ဆယ့်သုံးနှစ်အရွယ်ခန့်ရှိသော ကလေးငယ်တဦးကို ရည်ရွယ်နေကြခြင်း ဖြစ်သည်။ ကလေးသည် ငယ်ရွယ်သေးသော်လည်း သူ့အရွယ်ထက်စာလျင် မာကျောကြံ့ခိုင်ပြီး စွမ်းအား ပြည့်ဝသော ပုံပန်းသွင်ပြင်မျိုးကို ပိုင်ဆိုင်ထား၏။

စုမိသားစု၏ တတိယမျိုးဆက်များထဲမှ တဦးဖြစ်သော အဆိုပါ ကလေး၏ နာမည်မှာ စုချိန်းဖြစ်သည်။ တိတိကျကျပြောရလျင် သူသည် စုမိသားစု၏ ဒုတိယ အကြီးဆုံး ပုဂ္ဂိုလ် စုခေါ့ကျိ၏ ကလေးပင်တည်း။ ခေါ့ကျိ၏ အဓိပ္ပါယ်မှာ စည်းကမ်းဥပဒေ သို့မဟုတ် မိမိကိုယ်ကို ထိန်းချုပ်နိုင်ခင်းပင် ဖြစ်သည်။

အစေခံများ၏ ချီးကျူးထောပနာပြုသံများ သောသောညံနေ၏။ စုချိန်းက မိမိကိုယ် မိမိ ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။ သူသည် အဆိုပါ ချီးကျူးဂုဏ်ပြုသံများအပေါ်တွင် သာယာနေသည်မှာ ယုံမှားသံသယ ဖြစ်စရာမရှိ။ အကယ်၍ ၎င်းတို့၏ ချီးကျူးဂုဏ်ပြုမှုများသည် လိုအပ်သည်ထက် ပိုနေခဲ့သည် (သို့မဟုတ်) မှားယွင်းနေခဲ့သည် ဆိုလျင်ပင် အဆိုပါ အရှိတရားသည် စုချိန်း၏ ဂုဏ်ယူဝင့်ကြွားမှုကို တားဆီးနိုင်စွမ်း မရှိတော့ပေ။ ဤကလေးငယ်သည် ဘဝင်ကို လေဟပ်နေခဲ့ပြီတည်း။

သို့သော် မည်သည့်အခြေအနေတွင်မဆို ရှေ့နောက်ဘေးဘီ မစဉ်းစား မဆင်ခြင်ပဲ ပြောဆိုတတ်သော လူနုံလူအတယောက်ကတော့ အမြဲတစေ ပေါ်ပေါက်လာတတ်ပေသည်။ ယခုလည်း ဤအတိုင်းပင်။ အစေခံများက ဒုတိယသခင်လေး စုချိန်းကို ဝိုင်းဝန်ချီးကျူးနေကြစဉ်မှာပင် ဘူမသိကိုးမသိ အလိုက်ကန်းဆိုးမသိသော အစေခံငယ်တေယောက်က အာပေါင်အာရင်းသန်သန်နှင့် အော်ဟစ်ပြောဆိုလိုက်သည်။

" ဒါက ဘယ်လောက်ဟုတ်သေးလို့တုန်း စတုတ္ထသခင်လေးဟာ အရင်လေးငါးရက်ကပဲ ခန္ဓာကိုယ် အချိုးကျ ရောနှောပေါင်းစပ်ခြင်း ပဉ္စမအလွှာထိ ရောက်ရှိသွားခဲ့ပြီ ခင်ဗျ"

အခြေအနေနှင့် အချိန်အခါကိုမသိပဲ မပြောသင့်သော စကားကို မပြောအပ်သောအချိန်တွင် လွဲမှားစွာ ပြောဆိုလိုက်သည့် အနှီ အစေခံငယ်၏ စကားသည် လူအများ၏ ချီးကျူးထောပနာပြုမှုကို ခံယူနေသော စုချိန်း၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်သွားစေသည်။ စကားအဆုံးတွင် ပတ်ဝန်းကျင်တခုလုံး အပ်ကျသံမျှပင် ကြားရအောင် တိတ်ဆိတ်သွားတော့သည်။ စုချိန်း၏ မျက်နှာသည်ကား အရှက်တရား၏ အောက်တွင် နစ်မြုပ်သွားသကဲ့သို့ ထင်ရသည်။

တခနအကြာ အခြေအနေကို အကဲခတ်နိုင်ပုံပြီး လိမ္မာပါးနပ်ဟန်ရသော အစေခံတယောက်က မိုက်မဲလှသော အစေခံငယ်ကို ဝေဖန်ပြောဆိုလိုက်သည်။ အမှန်တွင် သူက ရုတ်တရက် အေးခဲသွားသော အခြေအနေကို ထိန်းချုပ်နိုင်ရန် တတ်နိုင်သမျှ ကြိုးစားလိုက်ခြင်း ဖြစ်သည်။

"ဟဲ့ကောင်ရဲ့ မင်းရဲ့စကားက အဓိပ္ပါယ် မရှိပါဘူးကွာ ဘယ့်နှယ် စတုတ္ထသခင်လေးဆိုတာ မျက်မမြင်ကလေးတယောက်ကွ ဒီလို ကလေးတယောက်က ဘယ်လိုလုပ်ပြီး ငါတို့ရဲ့ ဒုတိယသခင်လေးကို ယှဉ်နိုင်မှာတုန်းဟ"

ယခုအချိန်ထိ အခြေအနေကို သဘောပေါက်ဟန် မတူသော အနှီ အစေခံက မဝံ့မရဲဟန်ဖြင့်

"ဒါပေမဲ့ စတုတ္တသခင်လေးဟာ ခန္ဓာကိုယ် ရောနှောပေါင်းစပ်ခြင်း အဆင့်ငါးအလွှာကို ရောက်ရှိနေခဲ့တာတော့ အမှန်ပဲလေဗျာ"

အတော်လေး စိတ်အချဉ်ပေါက်နေပြီဖြစ်သော စုချိန်းသည် ၎င်းတို့၏ စကားများကို ဆက်လက်နားထောင်လိုစိတ် မရှိတော့။ သူက ငေါထွက်နေသောမေးစေ့ကို ပွတ်သပ်ရင်း စိတ်ဆိုးမာန်ဆိုးနှင့် ခန်းမအပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားလေသည်။

စုချိန်းကား ထွက်သွားလေပြီ။ ထိုအခါ စုချိန်း၏ နောက်တွင် ကျန်ရစ်ခဲ့သော အစေခံအုပ်စုသည် အချင်းချင်း တယောက်နှင့်တယောက် မျက်စပစ်ကာ အချက်ပေးလိုက်ကြ၏။ ထို့နောက် ၎င်းတို့သည် ချာခနဲ နောက်ပြန်လှည့်ကာ ပါစပ်ဖွာသော အစေခံငယ်ကို တညီတညာပင် ဝိုင်းဝန်း ရိုက်ပုတ်ကြတော့သည်။ မမျှော်လင့်ပဲ အုပ်လိုက်ကြီး စောင်ကြားအုပ်ခံလိုက်ရသော အစေခံမှာ ခနချင်းပင် သွေးရဲရဲသံရဲရဲနှင့် ဖွဲအိတ်ကြီးပမာ ဖွတ်ဖွတ်ညက်ကြေကုန်ရှာ၏။ ထိုအခါကျမှ ဒေါသတကြီး ထုရိုက်နေကြသော အစေခံအုပ်စုသည် ထိုအစေခံငယ်ကို သနားစိတ် ဝင်လာဟန်တူသည်။ ရိုက်ပုတ်ခြင်းကို ရပ်တန့်ပြီး ဖရုဿဝါစာများပြောဆိုကာ သူတို့၏ သခင်နောက်သို့ အပြေးတပိုင်းနှင့် လိုက်ပါသွားကြကုန်၏။

ဤနေရာတွင် ချီးကျူးစရာတချက်ရှိ၏။ ၎င်းမှာ အစေခံငယ်သည် ခေါင်းကြောမာရုံသာမက ခံနိုင်ရည်လည်း ရှိပုံပေါ်သည်။ ၎င်းသည် ဝိုင်းဝန်းထိုးကြိတ် ခံနေရသော်လည်း တလုံးတပါဒမှ ပြန်လည် ပြောဆိုခြင်း မပြုပဲ ခေါင်းကို လက်ဖြင့်အုပ်ကာ အံကြိတ်၍ တင်းခံနေခြင်းဖြစ်သည်။ အစေခံအုပ်စုများ ထွက်ခွာသွားချိန်ကျမှ ၎င်းသည် ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သီးများကို ဖြေလျော့လိုက်သည်။ ထို့နောက် လဲကျနေရာမှ ဖုတ်ဖက်ခါက ထရပ်လိုက်ပြီး အစေခံအုပ်စု ထွက်ခွာသွားသည့်ဖက်သို့ လှည့်ကြည့်ကာ တံတွေးတချက် ထွေးလိုက်သည်။

သူသည် ဒုတိယ သခင်လေး၏ အစေခံ တပည့်ရင်း မဟုတ်။ စုမိသားစု၏ သိုင်းပညာလေ့ကျင့်ရေးခန်းမတွင် အချိန်ပိုင်းဖြင့် လာလုပ်သော အလုပ်သမားတယောက်မျှသာ ဖြစ်သည်။ သူသည် သူများ၏ ပြသနာကို စိတ်ဝင်စားသူမဟုတ်။ မိမိ၏ ထမင်းတလုတ်ကိုသာ အာရုံစိုက်သူ ဖြစ်လေသည်။

ထို့နောက် သူသည် စုခြံဝင်းအတွင်းမှ ဒယိမ်းဒယိုင်နှင့် ထွက်ခွာလာခဲ့၏။ ထိုးကြိတ်ခံထားရသော ဒဏ်ရာများကြောင့် သူ အလွန်နာကျင်နေသည် မဟုတ်ပါလား။ ထိုအခိုက်မှာပင် သူသည် ကြီးမားသော သစ်ပင်ကြီးတပင်၏ အနီးတွင် ရပ်နေသော တစုံတယောက်ကို လှမ်းမြင်လိုက်သည်။ သူအလွန် အံ့သြသွား၏။ သူ့နှုတ်ဖျားမှ မေးခွန်းတခု အလိုအလျောက် ထွက်သွားလေသည်။

"စတုတ္ထ သခင်လေးလား ခင်ဗျာ"

စုချန်းသည် သစ်ပင်ကြီးတပင်၏ အောက်တွင် တိတ်ဆိတ်ြငိမ်သက်စွာ မတ်တပ်ရပ်နေ၏။ သူဝတ်ဆင်ထားသော အဖြူရောင် ဝတ်ရုံရှည်သည် လေတိုက်တိုင်း တဖြတ်ဖြတ် လွင့်နေရာ လိပ်ပြာတကောင် တောင်ပံခတ်နေသည်နှင့်ပင် တူလှသည်။ သူသည် အသက်ဆယ့်နှစ်နှစ်မျှသာ ရှိသေးသော်လည်း မူရင်းအသက်ထက်စာလျင် အနည်းငယ် အိုစာသွားသကဲ့သို့ ထင်ရသည်။ စိတ်၏ ပင်ပန်းဆင်းရဲမှုများကြောင့်ပင် ဖြစ်ပေလိမ့်မည်။ သို့သော် သူပုံစံသည် ရင့်ကျက်တည်ငြိမ်သော အိန္ဒြေတမျိုးနှင့် တနည်းတဖုံ ခန့်ငြားနေလေ၏။ သူ၏ မျက်လုံးအစုံမှာကား ရုတ်တရက်ကြည့်လျင် အခြားလူများနှင့် မည်သည့် ကွဲပြားခြားနားမှုမျိုးမှ မရှိဟု ထင်ရသော်လည်း မျက်လုံးအိမ်တခုလုံးသည် အနည်းငယ်မှ လှုပ်ရှားခြင်း မရှိပဲ ပျင်းရိငြီးငွေ့ဖွယ်ရာ ဝိညဏ် ကင်းမဲ့နေသကဲ့သို့ ရှိလေသည်။

အစေခံငယ်၏ စကားသံကို ကြားသောအခါ စုချန်းက မသိမသာ ပြုံးလိုက်၏။

"မင်ချူး မင်းဟာ အတော် ခေါင်းမာတဲ့ ကောင်ပါလား"

မင်ချူးဟု အမည်ရသော အစေခံငယ်က ပြုံးလိုက်၏။

"ဒါဆို ခုနက ဖြစ်ပျက်နေတာတွေကို သခင်လေး အကုန် ကြားပြီးရော့ပေါ့ ဒီလူတွေက မဟုတ်မဟပ်တွေ ပြောနေတာဗျ ဒါကြောင့် ကျုပ်က သခင်လေးအတွက် မခံမရပ်နိုင်လို့ ဝင်ပြောလိုက်တာ"

စုချန်းက ခေါင်းတချက်ခါလိုက်၏။

"မင်း ဒီလိုပြောပေးတော့ရော ဘာများ ထူးသွားမှာမို့လို့လဲကွာ ခုတော့ မင်းပဲ အလကား အထိုးခံလိုက်ရရောမလား"

စုချန်း၏ ဂရုဏာစကားကို ကြားရသောအခါ မင်ချူးက မနေတတ်ဟန်ဖြင့် ခေါင်းကို တဗြင်းဗြင်း ကုတ်လိုက်သည်။

"ခက်တာပဲ သခင်လေးရဲ့ ကျုပ်လဲ အစက ငြိမ်နေမလို့ပဲ ဒါပေမဲ့ ဒီလူတွေ ပေါက်ပန်းလေးဆယ် ပြောနေတာ ကြားရတော့ ဘယ်လိုမှ မနေနိုင်တော့ဘူး ဝင်ပြောမိတော့တာပဲ ဘယ့်နှယ်ဗျာ စုမိသားစုရဲ့ တတိယမျိုးဆက်တွေထဲမှာ စတုတ္ထ သခင်လေးဟာ အတော်ဆုံးပဲဆိုတာ တလောကလုံး သိတယ် ဒါပေမဲ့ ဒီလူတွေကတော့ ဒုတိယ သခင်လေးကိုပဲ ဇွတ်တင်နေကြတာဗျ"

စုချန်းက စိတ်မဝင်စားဟန်ဖြင့် ပုခုံးတွန့်လိုက်သည်။

"ထားလိုက်ပါ မင်ချူးရယ် တကယ်လို့ သူက ပထမ ဖြစ်ချင်တယ် ဆိုတော့ရော ဘာအရေးလဲ ဖြစ်ခွင့်သာ ပေးလိုက်ပါ သူစိတ်ချမ်းသာပါစေ ဒီအတွက် ဘာမှ စကားများ အခြေအတင် တိုက်ခိုက်နေစရာ မလိုပါဘူးလေ ကျွန်တော်ဟာ ခုချိန်မှာ ဘာကြီးပဲ ဖြစ်နေဖြစ်နေ မျက်မမြင် ကလေးတယောက်ပါပဲ ကိုယ်ခန္ဓာ အချိုးကျ ရောနှောပေါင်းစပ်ခြင်း အဆင့်ငါးအလွှာ ရောက်နေတော့ရော ဘာထူးမှာလဲ ကျွန်တော့မျက်လုံးက ပြန်ကောင်းလာမှာမှ မဟုတ်တာ မျက်မမြင်ဟာ မျက်မမြင်ပါပဲဗျာ"

စုချန်းလေး၏ ဂရုဏာ သက်ဖွယ်ရာ စကားလုံးများသည် လေထုအတွင်းသို့ လွင့်ပျံသွား၏။ အထက်ပါစကားလုံးများကို ပြောဆိုပြီးသည်နှင့် သူသည် ချာခနဲလှည့်ကာ သိုင်းပညာ လေ့ကျင့်ရေး ခန်းမအတွင်းသို့ လှမ်းဝင်တော့လေသည်။

စုချန်း၏ စကားကြောင့် မင်ချူး၏ ရင်ထဲတွင် ဟာခနဲ ခံစားလိုက်ရ၏။ သူ့စိတ်ထဲတွင် စုချန်းအပေါ် သနားဂရုဏာစိတ်များ ယိုဖိတ်လာလေသည်။ ထိုအခါ သူသည် စုချန်း၏ ကျောပြင်ကို ငေးကြည့်ရင်း ငိုင်တွေတွေနှင့် ကျန်ရစ်ခဲ့ရှာ၏။

ကံဆိုးမိုးမှောင် မကျခင်က သူ၏ စတုတ္ထ သခင်လေးသည် အလွန်စိတ်ဓာတ်ကောင်းမွန်သူ၊ တက်ကြွသူ ဖြစ်ပြီး အရာရာတွင် စိတ်ပါဝင်စားစွာနှင့် အားတက်သရော လုပ်ဆောင်တတ်သူ ဖြစ်၏။ မိမိကိုယ်ကိုလည်း အလွန်တရာ ယုံကြည်မှုရှိသူ ဖြစ်သည်။ သို့သော် အမြင်အာရုံများ ဆုံးရှုံးပြီး ဆယ်လခန့်အကြာတွင်ကား သခင်လေးသည် မင်ချူး တခါမှ မမြင်ဖူးသော လူသစ်တဦးပမာ လုံးလုံးလျားလျားကြီး ပြောင်းလဲသွားခဲ့လေပြီတည်း။

မည်သည့်နေရာက ရောက်လာမှန်းမသိသော သူတောင်းစားအိုကြီးသည် သခင်လေး၏ မျက်လုံးများကို ကန်းသွားစေခဲ့၏။ ထိုနေ့ ထိုအချိန်မှစ၍ သခင်လေးသည် မည်သည့်အရာကိုမျှ မြင်နိုင်စွမ်း မရှိတော့ပဲ အဆုံးအစ မရှိသော အမှောင်ကမ္ဘကြီးအတွင်း၌သာ တယောက်တည်း နေထိုင်ရရှာတော့သည်။ မည်မျှပင် ဆိုးဝါးလိုက်သည့် အဖြစ်သနစ်ပေနည်း။ သို့သော် သခင်လေးသည် ၎င်း၏ ဆင်းရဲဒုက္ခများကို အချိန်ကာလတခုအကြာတွင် ကျော်လွှား ဖြတ်သန်းနိုင်ခဲ့ပြီး သူသည့် တာအိုလမ်းကြောင်းနှင့် ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူခြင်းကို ပြန်လည် အာရုံစိုက်နိုင်ခဲ့သည်။ သူသည် မျက်လုံး မမြင်တော့ရာ လုပ်စရာဟူ၍ ဤတခုတည်းသာ ကျန်ရှိတော့သည် မဟုတ်ပါလား။

မိမိ သခင်လေး၏ ပြင်းထန်လှသော ကြိုးစားအားထုတ်မှု၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝိရိယတို့ကို အနီးကပ် တွေ့မြင်နေရသောအခါ မင်ချူးအဖို့ ယခင်ကထက် သူ့သခင်လေးအပေါ် ကြည်ညိုလေးစားစိတ်များ တဖွားဖွား ဖြစ်ပေါ်လာတော့သည်။ ထို့အတွက်ကြောင့်ပင် ကနဦး သိုင်းပညာ လေ့ကျင့်ရေး ခန်းမတွင် ဒုတိယသခင်လေး၏ အစေခံများက သခင်အားရ ကျွန်ပါးဝ လုပ်နေသောအခါ မနေနိုင် မထိုင်နိုင်နှင့် ဝင်ရောက်ပြောဆိုမိခြင်း ဖြစ်သည်။ ပြင်းပြင်းထန်ထန် ထုထောင်းရိုက်နှက် ခံလိုက်ရသော်လည်းထိုအတွက် ထိုက်တန်သည်ဟု မင်ချူး၏ စိတ်ထဲတွင် ခံစားနေရဆဲသာ ဖြစ်သည်။

သိုင်းပညာ လေ့ကျင့်ရေး ခန်းမတွင် ထိုင်နေရင်း စုချန်းက မင်ချူးကို မေးလိုက်သည်။

"ဟေ့ မင်ချူး မင်း အရမ်းများ အလုပ်ရှုပ်နေသလား အလုပ်မရှုပ်ရင် ငါ့ကို တချက်လောက် ကူညီပေးစမ်းပါ"

စုချန်း၏ အကူအညီ တောင်းသံကို ကြားရသောအခါ မင်ချူးးသည် ကျောက်တုံးများနှင့် ပြုလုပ်ထားသည့် လက်မောင်းကြွက်သားများ သန်စွန်းအောင် လေ့ကျင့်သော ကိရိယာတစုံကို ကသောကမျောနှင့် သယ်ဆောင်လာပြီး စုချန်း၏ ရှေ့တွင် ချပေးလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

" ရော့ သခင်လေး ဒီမှာ ရပါပြီ သတိတော့ထားနော် သခင်လေး တယောက်တည်းဆိုတော့ အဆင်ပြေရဲ့လား ကြည့်ရတာ သခင်လေးမှာ ကူညီပေးဖို့ အစေခံတယောက်လောက်တော့ လိုနေပြီထင်တယ်"

မင်ချူး၏ စေတနာစကားကို စုချန်းက ငြင်းဆန်လိုက်သည်။

"နေပါစေဗျာ မလိုပါဘူး ဒီနေရာဟာ ကျွန်တော် တသက်လုံး နေထိုင်လာတဲ့ နေရာပါ ဒါကြောင့်မို့ ဒီနေရာနဲ့ ကျွန်တော် ရင်းနှီးပြီးသားပါ ဘယ်လို အခြေအနေမှာမဆို ဒီနေရာကို ကျွန်တော် မျက်စိမှိတ်ပြီး သွားလာနိုင်တယ် ကိုယ့်ဟာကိုယ် လာပြီးတော့ ကိုယ်ခန္ဓ အချိုးကျ ပေါင်းစပ်ခြင်း လေ့ကျင့်ခန်း လာလုပ်နိုင်တယ် တကယ်လို့ အစေခံသာ ခေါ်ထားမယ်ဆိုရင် သူတို့ အမြီးအမောက်မတဲ့တာနဲ့ ပိုပြီး ဆိုးကုန်ပါ့မယ်"

ပြောပြောဆိုဆို စုချန်းသည် လက်မောင်းများ သန်စွန်းအောင် လေ့ကျင့်သည့် ကိရိယာနှစ်ခုကို မကာ ချီကာ ဆွဲကာ ကားကာနှင့် သူ၏ တနေ့တာ ပြုလုပ်ရမည့် လေ့ကျင့်ခန်း အစီအစဉ်များကို စတင်လေ့ကျင့်တော့သည်။ နေရာင်သည် တဖြည်းဖြည်း မြင့်တက်လာ၏။ မျက်စိများ ကျိန်းစပ်သွားလောက်အောင် အလွန် တောက်ပသည့် နေရာင်ခြည်အောက်ဝယ် ချွေးများသည် စုချန်း၏ နဖူးပေါ်မှ စီးကျလာလေသည်။

__________________×××________________×××_________________×××_________________×××___________

တနေ့တာ လေ့ကျင့်ခန်း အစီအစဉ်များ ပြုလုပ်ပြီးသည့်နာက်တွင် စုချန်းသည် မိမိနေထိုင်ရာ ဝင်းအတွင်းသို့ ပြန်လာခဲ့၏။ အစေခံတယောက်က သူ့အဝတ်အစားများကို ကူညီချွတ်ပေးပြီး နောက်တဦးက သူရေချိုးရန် ရေနွေးစပ်ပေး၏။

စုချန်းသည် ပူနွေးသော ရေချိုးကန်အတွင်းတွင် ထိုင်ချလိုက်၏။ ရေနွေးငွေ့များသည် သူ၏ ချွေးပေါက်များကို ပွင့်ထွက်သွားစေ၏။ တနေ့တာ ပင်ပန်းနွမ်းနယ်မှုများသည် ရေထဲတွင် ပျော်ဝင် ပျောက်ကွယ်သွားသည်ဟု စုချန်း၏ စိတ်ထဲတွင် ခံစားလိုက်ရသည်။ သူက သက်ပြင်းတချက်ကို ရှည်လျားစွာ မှုတ်ထုတ်လိုက်၏။ သူ့အတွေးများသည် လွန်ခဲ့သော ဆောင်းရာသီသို့ ပြန်လည် ရောက်ရှိသွား၏။ သူတောင်းစားအိုကြီး၏ ထူးဆန်းသော စကားများ၊ တဖွဲဖွဲ ကျဆင်းနေသော ဆီနှင်းများ၊ သူတောင်းစားကြီး၏ သန့်ရှင်းသော လက်အစုံ၊ ထို့နောက်တွင်ကား အေးစက်နေသော စူးချွန်နှစ်ချောင်း၏ အထိအတွေ့။

လွန်ခဲ့သော ဆယ်လခန့်က ခါးသီးသော အတွေ့အကြုံများ၏ နောက်တွင်တော့ စုချန်းတယောက် မျက်ကန်းဘဝသို့ အလုံးစုံ ကျရောက်သွားခဲ့ရသည်။ သူတောင်းစားကြီး၏ တိုက်ခိုက်ခံရမှုအပြီး သူသတိမေ့သွားခဲ့၏။ သူသတိရလာသောအချိန်တွင် သူ့မျက်လုံးအစုံ၌ ပြောမပြနိုင်လောက်သော နာကျင်မှုကို ခံစားနေရရှာသည်။ စုချန်းလို ကလေးငယ်တယောက်အတွက် အဆိုပါ နာကျင်မှုသည် အင်မတန် ကြောက်စရာ ၊ လန့်စရာ ကောင်း၏။ သို့သော် ၎င်းနာကျင်မှုထက် ပို၍ အဆပေါင်းများစွာ ကြောက်စရာ ကောင်းသည်မှာ အဆုံးအစ မရှိသော အမှောင်ထုကြီးပေတည်း။ အမှောင်ထု။ ပိန်းပိတ်အောင် မှောင်နေသည့် အမှောင်ထုကြီး။

နောက်ဆုံးတွင် စုချန်းတယောက် မိမိ၏ အခြေအနေကို အမှန်အတိုင်း သဘောပေါက်လာ၏။ သူသည် လူစဉ်မမီသော ဒုက္ခိတ မျက်ကန်းတယောက် ဖြစ်သွားခဲ့ရလေပြီ။ ဘဝတလျှောက်လုံး သူတပါးကို အမှီသဟဲပြုကာ အသက်ရှင် နေထိုင်ရပေတော့မည်။ အဆိုပါအတွေးကြောင့် စုချန်းတယောက် အရူးတပိုင်းပမာ ဖြစ်သွားရရှာသည်။ ရက်စက်လိုက်သည့် ကံတရားပေတည်း။

စုမျိုးနွယ်စုသည် စုချန်းအတွက် လွယ်လွယ်နှင့် လက်မလျှော့ခဲ့ချေ။ မြို့တော်တဝှမ်း ထင်ရှားကျော်ကြားသော သမားတော်များနှင် တော်ဝင်သမားတော်များကို လိုက်လံရှာဖွေ၏။ နောက်ဆုံးတွင် လက်ရွေးစင် သမားတော် ဆယ်ဦးတိတိ ရခဲ့သော်လည်း ၎င်းတို့အားလုံးသည် စုချန်း၏ အမြင်အာရုံကို ပြန်လည် ရရှိအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ချေ။

စုချန်း၏ အဖြစ်သည် လွန်စွာ သနားစရာ ကောင်း၏။ စုချန်း၏ ဖခင် စုချန်းအန်သည် သူ့သားအတွက် ဒေါသအမျက် ချောင်းချောင်းထွက်ကာ မိုက်ရိုင်းလှသော သူတောင်းစားကြီးအား တစစီပြုလုပ်ရန် လိုက်လံရှာဖွေ၏။ သို့သော် သူ၏ ကြိုးစားအားထုတ်မှုသည်ကား သဲထဲရေသွန်သလို မည်သည့်အကျိုးမျှ မရှိပဲ အချည်းနှီးသာ ဖြစ်ခဲ့ရလေသည်။ သူတောင်းစားအိုကြီးသည်ကား ဤကမ္ဘာမြေပေါ်တွင် လုံးဝမရှိခဲ့သလို ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေပြီ။

နောက်ဆုံးတွင် စုချန်း၏ မျက်လုံးအစုံသည် လုံးဝကန်းသွားခဲ့ပြီဟု စုမျိုးနွယ်စုက ကြေညာချက် ထုတ်လိုက်ရသည်။ စုချန်းသည် မည်သည့်အရာကိုမျှ မြင်နိုင်စွမ်း မရှိရှာတော့။ မည်မျှထိ အခြေအနေ ဆိုးသနည်းဟု ဆိုရသော် သနားစရာ ကလေးငယ်သည် အလင်းရောင်များကိုပင်ထိတွေ့ခံစားနိုင်စွမ်း မရှိရှာတော့။ သူမြင်နိုင်စွမ်းရှိသည်မှာ အဆုံးအစ မရှိသော အမှောင်ထုကြီးသာ ဖြစ်လေတော့သည်။

ထို့နောက်တွင်ကား စုချန်းအတွက် စိတ်ပျက်စရာ ကာလများချည်းသာ။ သူ လုံးဝ စိတ်ဓာတ်ကျသွားလေပြီ။ ထိုကာလများသည် သူ့အတွက် ဘဝတွင် အနာကျင်ရဆုံး ကာလများ ဖြစ်သည်။ သူ့မိသားစုသည် သူ့အား မည်မျှပင် စိတ်သက်သာရအောင်၊ စိတ်ပြေလက်ပျောက်ဖြစ်အောင် နှစ်သိမ့်သော်ငြား သူတို့၏ နွေးထွေးယုယမှုသည် အမှောင်ထုကြောင့် စုချန်း၏ စိတ်အာရုံတွင် ဖြစ်ပေါ်လာသည် ကြောက်ရွံ့မှုနှင့် အမျက်ဒေါသတို့ကိုကား ပျောက်ပျက်သွားအောင် ကုစားနိုင်စွမ်း မရှိခဲ့ချေ။

ထို့နေ့မှစ၍ စုချန်းသည် နေ့စဉ်နေ့တိုင်းလိုလို စိတ်တိုနေတော့သည်။ တခါတရံ စိတ်ကို ထိန်းချုပ်၍ မရသည့်အခါ အနီးအနားတွင် ရှိနေသောသူများကို လျှောက်ရမ်းခြင်း၊ လက်လှမ်းမီသမျှ အရာဝတ္တုများကို ချိုးခြေဖျက်ဆီးခြင်း၊ လွှင့်ပစ်ခြင်းတို့ကို ဒေါသတကြီးနှင့် ပြုလုပ်လေ့ရှိသည်။ သည်းခံနိုင်ရန် ခက်ခဲသော နာကျင်မှုမျိုးနှင့် နေ့စဉ် ဖြတ်သန်းနေရသော ကလေးတယောက်အတွက် ဤမျှလောက်သော ဒေါသကလေးသည် အပြစ်ဟုတော့ မဆိုသာ။

အထက်ပါ အခြေအနေအတိုင်း သုံးလခန့် ကုန်လွန်သွားပြီးသည့် နောက်တွင်ကား သနားစရာ ကလေးငယ်၏ စိတ်သည် တဖြည်းဖြည်း အနယ်ထိုင်စ ပြုလာလေသည်။ သူ့အခြေအနေသည် တဖြည်းဖြည်း တိုးတက်စ ပြုလာ၏။

အမှောင်ထုနှင့် တဖြည်းဖြည်း အသားကျလာ၍ပေလော၊ သို့တည်းမဟုတ် မည်မျှ ဆူပူသောင်းကျန်း အော်ဟစ်နေစေကာမူ မိမိဘေးရှိ လူများကို စိတ်ပင်ပန်းစေသည်မှအပ သူ၏ ကံဆိုးမိုးမှောင်ကျမှုသည် ပြောင်းလဲမသွားနိုင်တော့ဟု သဘောပေါက်လာ၍ပေလောမသိ။ စုချန်းသည် တဖြည်းဖြည်း တည်ငြိမ်ကာ သူ့အခြေအနေကို ခေါင်းအေးအေးနှင့် ပြန်လည် သုံးသပ်နိုင်စွမ်း ရှိလာခဲ့၏။ သူသည် မည်သူနှင့်မျှ စကားပြောဆိုခြင်းလည်းမရှိ၊ ယခင်ကဲ့သို့ ဆူပူသောင်းကျန်းခြင်းလည်း မရှိတော့ပဲ အချိန် အကြာကြီး တိတ်ဆိတ်နေပြန်၏။

မည်သူနှင့်မျှ စကားမပြောတော့ပဲ ရေငုံနှုတ်ပိတ်ကာ တေမိဇာတ်ခင်းနေသော သူ့သားကိုကြည့်ရင်း စုချန်း၏ မိခင်ဖြစ်သူ ထန်ဟွန်းယွီမှာ အထူးပင် စိုးရိမ်ပူပန်လာ၏။ သူမ၏ စိတ်ထဲတွင် စုချန်းတယောက် ကိုယ့်ကိုယ်ကို သေကြောင်းကြံတော့မည်ဟု ယူဆမိလေသည်။ သို့သော် သူမ စိတ်ပူနေခဲ့သော ထိုအဖြစ်အပျက်သည် ဘယ်တော့မှ ဖြစ်ပျက်မလာခဲ့ပေ။

တခုသော မနက်ခင်းတွင် စုချန်းတယောက် စတင်စကားပြောလာ၏။

"ကျွန်တော် တာအိုလမ်းကြောင်းနဲ့ ကိုယ်ခန္ဓာစွမ်းအား မွေးမြူခြင်းကို ပြန်လည် လေ့ကျင့်ချင်တယ်"

ထိုနေ့မှစ၍ စုချန်းသည် စုမျိုးနွယ်စု၏ သားတယောက်အနေနှင့် ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူခြင်း လမ်းကြောင်းပေါ်သို့ နောက်တကြိမ် ပြန်လည် ရောက်ရှိလာခဲ့လေသည်။ စုမျိုးနွယ်စု မိသားစုဝင်များ အားလုံးလိုလိုသည် ထိုအဖြစ်အပျက်ကို အံ့သြသင့်နေကြ၏။ မည်သည့်အရာသည် စုချန်းအား လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် တွန်းပို့ခဲ့လေသနည်း။ မည့်သည့်အရာသည် စုချန်း၏ စိတ်ဓာတ်ခွန်အားကို ပြန်လည် တည်ဆောက်ပေးခဲ့လေသနည်း။။ ဤသည်မှာ ပြသနာတော့မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဤအချိန်သည် လူတိုင်းအတွက် ပျော်စရာအချိန် ဖြစ်နေသောကြောင့်ပေတည်း။

ထိုအချိန်က စုချန်းအား မည်သူ တဦးတယောက်မျှ အထင်မကြီးကြချေ။ ဤကလေးသည် တာအိုလမ်းကြောင်းနှင့် ကိုယ်ခန္ဓာ စွမ်းအားများ မွေးမြူခြင်း ကျင့်စဉ်လမ်းကြောင်းတွင် မည်သည့် အောင်မြင်မှုမျိုးမှ ရလိမ့်မည် မဟုတ်၍ သူတို့အားလုံးက တထစ်ချ ယူဆထားကြလေသည်။ အကယ်၍ ၎င်းသည် ကိုယ်ခန္ဓာ အချိုးကျ ရောနှောပေါင်းစပ်ခြင်း အလွှာများကို ကျော်လွှားနိုင်ခဲ့လျင်ပင် မျက်မမြင်တယောက်ပင် ဖြစ်နေသေးရာ ကီစွမ်းအား စုပ်ယူခြင်း အဆင့်ကို မည်သို့မျှ ရောက်ရှိနိုင်မည် မဟုတ်သောကြောင့်ပင်။

မည်သို့ဆိုစေ စုမျိုးနွယ်စုများသည် စုချန်း၏ ရှင်းလင်းပြတ်သားပြီး ခိုင်မာသော စိတ်ထားကြောင့် ပျော်ရွှင်မှုကို ခံစားခဲ့ကြရလေသည်။ တချိန်တည်းမှာပင် ၎င်းတို့သည် စုချန်းအပေါ် အထူးပင် စိုးရိမ်ပူပန်ပြီး အရိပ်တကြည့်ကြည့်နှင့် ဂရုစိုက်ခဲ့ကြလေသည်။ ၎င်းတို့၏ စိုးရိမ်ပူပန်မှုသည် သုံးလမျှသာ ခံခဲ့ပြီး ထို့နောက်တွင်ကား စုချန်းသည် သူ့အား စိတ်ပူနေသူများအားလုံးကို ပါးစပ် အဟောင်းသားဖြစ်အောင် လုပ်ပြနိုင်ခဲ့၏။ အကြောင်းမှာ အချိန်သုံးလအတွင်း စုချန်းသည် ကိုယ်ခန္ဓာ ရောနှောပေါင်းစပ်ခြင်း အဆင့်ငါးအလွှာအတွင်း ဝင်ရောက်နိုင်ခဲ့ခြင်းကြောင့်ပင်တည်း။ မျက်မမြင်တယောက် ဖြစ်သွားခဲ့သော်ငြား သူသည် စုမျိုးနွယ်စု ကလေးများအနက် အထူးချွန်ဆုံး ကလေးတယောက် ဖြစ်နေဆဲပင် ဖြစ်ကြောင်း သက်သေပြလိုက်ခင်း ဖြစ်သည်။

ထိုတချက်သည် စုမျိုးနွယ်စုဝင် တချို့အကြား စိတ်မသက်မသာ၊ ကသိကအောင့် ခံစားချက်များကို ဖြစ်ပေါ်စေခဲ့၏။ ထိုသူများအနက် အဆိုးဝါးဆုံး ခံစားချက်မျိုးကို ခံစားခဲ့ရသူမှာ စုချိန်းပင်တည်း။ စုချိန်း စိတ်ဓာတ်ကျသွား၏။ နောက်ဆုံးတွင် သူက သူ့ကိုယ်သူ ပြန်မေးမိသည်။

"ငါဟာ မျက်မမြင်တယောက်ကိုတောင် မယှဉ်ပြိုင်နိုင်တော့ဘူးတဲ့လား"

တဖန် သူက အတွေးနယ်ချဲ့မိပြန်သည်။ အတွေးထဲတွင် သူသည် မကျေမနပ်နှင့် စုချင်းကို စကားပြောဆိုနေမိ၏။

"စုချင်း မင်းဟာ မျက်မမြင်ကလေးတယောက်လို မနေနိုင်ဘူးလားကွာ မင်းအနေနဲ့ အားနည်းတဲ့ ကလေးတယောက်လိုပဲ နေလိုက်စမ်းပါကွာ ငါတို့မင်းကို ဂရုစိုက်မယ် အရင်ထက် အများကြီး ချစ်ခင်ကြင်နာမယ် ဒါဆိုရင် မလုံလောက်ဘူးလား ဘာကြောင့် ဒီလောက်ထိ ရည်မှန်းချက် မြင့်မားနေရတာလဲ ဘာအတွက်နဲ့ ဒီလောက်ထိ ကြိုးစားပန်းစား လေ့ကျင့်နေရတာလဲ ဘာကြောင့် မင်းရဲ့တိုးတက်မှုဟာ ထိတ်လန့်စရာ ကောင်းလောက်အောင် မြန်ဆန်နေရတာလဲ တကယ်လို့ မင်းဟာ စုမျိုးနွယ်စုရဲ့ တတိယ မျိုးဆက်တွေထဲမှာ အတော်ဆုံးလူတယောက် ဖြစ်လာခဲ့ရင်တောင်မှာ ဘာများ ထူးခြားသွားမှာ မို့လို့လဲ တကယ်ပဲ မင်းစိတ်ထဲမှာ မျက်မမြင်တယောက်က လူကောင်းတွေကို အနိုင်ရလိမ့်မယ်လို့ ထင်နေတာလား မင်းဟာ မျက်မမြင်ကွ! မျက်မမြင်! "

အထက်ပါ အတွေးများသည် စုချိန်း၏ နှလုံးသားဝယ် နက်ရှိုင်းစွာ အမြစ်တွယ်နေသော အတွေးများ ဖြစ်သည်။ ကျန်သော စုမျိုးနွယ်စု ကလေးများသည်လည်း စုချိန်းနှင့် သဘောထားချင်း တထပ်တည်းသာ။

ကျန်ကလေးများအားလုံး မိမိအပေါ် မည်ကဲ့သို့ သဘောထားနေကြောင်း စုချင်းတယောက် ကောင်းကောင်းကြီး သဘောပေါက်ထား၏။ သို့သော် ထို့မျှလောက်ကလေးနှင့်တော့ အလွယ်တကူ လက်မြှောက် အရှုံးပေးရန်မှာ မဖြစ်နိုင်။ သူတောင်းစား အဖိုးကြီး၏ စကားလုံးများသည် ယခုတိုင် သူ့အကြားအာရုံတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

"ဒါဟာ သခင်လေးရဲ့ ကံကြမ္မာပဲ မုန်တိုင်းပြီးရင် လေပြည်တွေ တိုက်ခတ်လာတတ်သလို ဒုက္ခတွေ ပြီးဆုံးသွားတဲ့တနေ့မှာ သခင်လေးဟာ အကန့်အသတ်မရှိတဲ့ စွမ်းအားတွေနဲ့ တောက်ပတဲ့ အနာဂါတ်တခုကို ပိုင်ဆိုင်လာလိမ့်မယ် ကိုင်း!! ခုပဲ သခင်လေးရဲ့ မျက်လုံးတွေကို ပြောင်းလဲပစ်လိုက်မယ် ဒီလို အမြင်အာရုံကသာ ဒီကမ္ဘာကြီးရဲ့ တကယ့် စစ်မှန်တဲ့ အသွင်အပြင်ကို မြင်တွေ့နိုင်စေလိမ့်မယ်"

"မင်းရဲ့ အမြင်အာရုံကို ပြောင်းလဲခွင့်ပေးပါ မင်းရဲ့ အမြင်အာရုံကို ပြောင်းလဲခွင့်ပေးပါ"

အထက်ပါ စကားနှစ်ခွန်းကို စုချန်း ထပ်ခါထပ်ခါ ရေရွတ်နေ၏။ ထိုအချိန်တွင် မှေးမှိန်ပြီး အသက်မပါသော သူ့မျက်လုံးအိမ်ထဲတွင် တောက်ပသော အလင်းရောင်တမျိုး ဖြတ်ခနဲ ပေါ်ပေါက်လာသည်။ အဆုံးအစမရှိ၊ အကန့်အသတ်မရှိသော အမှောင်ထုအတွင်းဝယ် ထိုစကားလုံးများသည် မှောင်မိုက်လှသော ညတညဝယ် ဖြတ်ခနဲပေါ်လာသော ဖယောင်းတိုင်မီးတောက်နှင့် တူ၏။ ထိုအခါ မျှော်လင့်ချက်ဟူသော မီးတောက်ကြီးသည် စုချန်း၏ နှလုံးအိမ်အတွင်းဝယ် အလျံတညီးညီးနှင့် တောက်လောင်စပြုလာပြီး သူ့ကို မည်သည့်အခါမျှ လက်မြှောက်အရှုံးမပေးပဲ ဆက်လက်ကြိုးပမ်းအားထုတ်ရန် တွန်းအားများကို ဖြစ်ပေါ်စေတော့သည်။

All Chapters