ဘယ်တော့မှ အရှုံးမပေးဘူး ၂
Vol. 1 Ch. 3
စုချန်းသည် လက်မောင်းလက်ပြင် ကြွက်သားများ သန်စွန်းအောင် လေ့ကျင့်ရသော ကိရိယာ( ဝိတ်ပြား) ကို ဖြည်းညှင်းစွာ မလိုက်၏။ ထို့နောက် သူသည် ဘယ်တခါ ညာတလှည့်နှင့် မှန်မှန်ကြီး လေ့ကျင့်နေတော့သည်။ ထိုအခိုက်မှာပင် စုချန်းသည် သူ၏ ကိုယ်ခန္ဓာကို ရုတ်တရက် လှည့်လိုက်ပြီး အလွန် ထူးဆန်းသော ကိုယ်ဟန် အနေအထားတခုကို ပြုလုပ်ပြီး ညာဖက်လက်ကို မြှောက်ထားလိုက်၏။
စုချန်းတယောက် ထူးထူးဆန်းဆန်းနှင့် မည်သည့် လေ့ကျင့်ခန်းမျိုးကိုများ ပြုလုပ်နေသနည်း။ သူ့လေ့ကျင့်နေသည်မှာ အခြားတော့မဟုတ်။ ကိုယ်ခန္ဓာ အချိုးကျ ရောနှောပေါင်းစပ်ခြင်း ဖြစ်စဉ်၏ နည်းလမ်းရှစ်သွယ်နှင့် အခြေခံ စွမ်းအားစုဆောင်းခြင်း နည်းစနစ်ကို လေ့ကျင့်နေခြင်း ဖြစ်သည်။
အဆိုပါ နည်းလမ်းရှစ်သွယ်သည် လူသားမျိုးနွယ်စုများအကြားတွင် အလွန် ရေပန်းစားသော ကိုယ်ခန္ဓာ အချိုးကျ ရောနှောပေါင်းစပ်ခြင်း နည်းစနစ်များ ဖြစ်သည်။ ထိုနည်းလမ်းရှစ်သွယ်ကို တာအိုနည်းလမ်းဖြင့် ကိုယ်ခန္ဓာ စွမ်းအားများ မွေးမြူရာတွင် အခြေခံ အကျဆုံး နည်းလမ်းများ၊ တနည်းအားဖြင့် အုတ်မြစ်များဟု ယူဆထားကြ၏။ အခြေခံ စွမ်းအား စုဆောင်းခြင်း နည်းစနစ် ဟူသည်မှာ လေ့ကျင့်သူ၏ ကိုယ်ခန္ဓာကို ကြံ့ခိုင်သန်စွမ်းလာစေရန် စွမ်းအားများ မည်သို့မည်ပုံ စုဆောင်းရမည်ကို ညွှန်ပြထားသည့် နည်းစနစ် ဖြစ်သည်။
ကိုယ်ခန္ဓာ အချိုးကျ ရောနှောပေါင်းစပ်ခြင်း နှင့် အခြေခံ စွမ်းအားများ စုဆောင်းခြင်း၊ ဤနည်းစနစ်နှစ်မျိုးကို ပေါင်းစပ်လိုက်သောအခါ လေ့ကျင့်သူသည် တချိန်တည်းမှာ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းလာရုံသာမက မူလ ချီ စွမ်းအား ပညာရှင်တယောက် ဖြစ်လာစေရန် အခြေခံ မျိုးစေ့ ကြဲနေသည်နှင့် အလားသဏ္ဍန် တူလေ၏။
စုချန်းတယောက် အားသွန်ခွန်စိုက် လေ့ကျင့်နေ၏။ ထိုအခိုက်မှာပင် သူ့နောက်ကျောဆီမှ ခြေသံသဲ့သဲ့ ကြားလိုက်ရသည်။ သူက နားစွင့်လိုက်၏။ ထို့နောက် သူက ကျောက်တုံး ကိရိယာကို ကိုင်တွယ်လေ့ကျင့်နေခြင်းကို ရပ်တန့်လိုက်ပြီး နောက်သို့လှည့်ကာ ခေါ်လိုက်သည်။
"အဖေလား"
စုချန်း၏ ခန့်မှန်းချက် မှန်ကန်ပေ၏။ သူကြားနေရသော ခြေသံမှာ သူ့ဖခင် စုချန်းအန်၏ ခြေသံပင် ဖြစ်သည်။ စုချန်းအန်က ခြေစုံရပ်ရင်း ပြောလိုက်သည်။
"ငါ့သား ဟိုတခါ ပြောတော့ အဖေ့ ခြေသံနဲ့ သားရဲ့ တတိယ ဦးရီးတော် ခြေသံဟာ အလွန် တူလို့ ခွဲခြားရ အလွန်ခက်တယ်ဆို ခုကျတော့ သားက အဖေ့ခြေသံကို ဘယ်လိုလုပ်ပြီးများ တခါတည်း မှန်အောင် မှန်းလိုက်တာလဲကွဲ့"
ဖခင်ဖြစ်သူ၏ မေးခွန်းကို စုချန်းက သွက်လက်စွာ ပြန်လည်ဖြေကြားလိုက်သည်။
"မှန်ပါတယ် အဖေ... အဖေ့ရဲ့ခြေသံနဲ့ တတိယ ဦးရီးတော်ရဲ့ ခြေသံဟာ အလွန့် အလွန်ကိုပဲ တူပါတယ် ဒါပေမဲ့ သား သိရသလောက်ကတော့ တတိယ ဦးရီးတော်ဟာ နေမင်းရောင်ခြည် ဓားသိုင်းကို လေ့ကျင့်နေပါတယ် အဖေ သိတဲ့အတိုင်း ဒီဓားသိုင်းဟာ ယန်ဓာတ်ကို အခြေခံထားတဲ့အတွက် ဒီလို ယန်ဓာတ် အားအကောင်းဆုံးအချိန်ဖြစ်တဲ့ နေမွန်းတည့်ချိန်မျိုးမှာ ဦးရီးတော်ဟာ သေချာပေါက် စွမ်းအားမွေးမြူခြင်းကို ပြုလုပ်နေမှာပါ ဒါကြောင့် သားကြားရတဲ့ ခြေသံဟာ အဖေပဲလို့ သေချာပေါက် ပြောလိုက်တာပါ"
သားငယ်၏ လိမ္မာပါးနပ်လှသော အဖြေကို ကြားလိုက်ရသောအခါ စုချန်းအန် စိတ်မကောင်း ဖြစ်သွား၏။ သူ့စိတ်ထဲတွင် ကူရာကင်းမဲ့နေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအခါ သူက သားငယ် မရိပ်မိစေရန် သက်ပြင်းတချက်ကို ကြိတ်၍ ချလိုက်သည်။
မိမိ၏ ဘိုးဘေးများသည် အလွန်တရာ ညဏ်ပညာ ထက်မြက်ပြီး ချစ်စရာကောင်းသော သားတယောက် ပေးသနားကာ မိမိအား ကောင်းချီးပေးခဲ့၏။ သို့သော် ကောင်းကင်ဘုံမှ မိုးနတ်မင်းများသည် မိမိအား မနာလိုပုံရသည်။ မိမိ၏ သားငယ် စုချန်းအား ကံကြမ္မာဆိုးနှင့် ကြုံတွေ့စေခဲ့လေသည်။
နက်ရှိုင်းလှသော အမှောင်ထုကြီးထဲတွင် ပိတ်မိနေခဲ့သော်ငြား စုချန်းအဖို့ကား အနည်းငယ်မျှပင် လက်လျှော့မည့်ဟန် မပေါ်။ ထိုအတွက် စုချန်းအန်၏ စိတ်ထဲတွင် အပျော်တဝက်နှင့် စိတ်မသက်မသာ ဖြစ်မိလေသည်။ ဝမ်းသာလိုက် ဝမ်းနည်းလိုက် ခံစားရလေသည်။ ဒွိဟဖြစ်နေသော စိတ်နှလုံးကြောင့် စုချန်းအန်ခမျာ ဘာပြောရမှန်းပင် မသိတော့။ မတ်တပ်ရပ်လျက် ကြက်သေသေလျက်ရှိသည်။
ပတ်ဝန်းကျင်တခုလုံး ခေတ္တ တိတ်ဆိတ်သွား၏။ နောက်ဆုံးတွင် စုချန်းကပင် တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်လေသည်။
"အဖေ ဒီကနေ့ သားကို လာရှာတာ ဘာကိစ္စများ ရှိလို့လဲ"
စုချန်း၏ မေးခွန်းကြောင့် စုချန်းအန် သတိဝင်လာ၏။ သူက ကပျာကယာပင် အိန္ဒြေဆယ်လိုက်သည်။ ထို့နောက် သူက တည်ငြိမ်အေးဆေးသော လေသံနှင့်
"ကဲ ငါ့သား...အဖေ့နောက် ခနလိုက်ခဲ့ အဖေ့မှာ သားကို ပြောစရာ နည်းနည်း ရှိတယ်ကွဲ့"
ထို့နောက် သူတို့ သားအဖနှစ်ယောက်သည် သိုင်းပညာ လေ့ကျင့်ရေး ခန်းမမှ ထွက်ခွာ လာခဲ့ကြလေသည်။ နှစ်ဦးသား တရွေ့ရွေ့ လမ်းလျှောက်လာရင်း သူတို့နှစ်ယောက်သည် ပွဲကြည့်စဉ်သို့ ရောက်ရှိလာရာ စုချန်းအန်က လက်မှတ်ဖြတ်လိုက်၏။ စုချန်းအန်သည် လိမ္မာပါးနပ်သူ ဖြစ်လေရာ သားဖြစ်သူအား မိမိ ပြောလိုသည့် အဓိက အကြောင်းအရာကို ဒဲ့ဒိုး မပြောသေးပဲ သားဖြစ်သူအား ၎င်း၏ လေ့ကျင့်မှုများနှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ ထိုအတွေ့အကြုံများအပေါ် နားလည်သဘောပေါက်မှု ရှိ/မရှိ တို့ကို ဦးစွာ မေးမြန်းခဲ့လေသည်။ အပြန်အလှန်အားဖြင့် စုချန်းကလည်း သူနားလည်သလောက် မချွင်းမချန်ပဲ အသေးစိတ် ပြောပြခဲ့၏။ ထိုအခါ စုချန်းအန်က တစုံတရာကို သဘောကျသလို ခေါင်းတညိတ်ညိတ်နှင့် ပြောလိုက်သည်။
"ဒီတော့ ငါ့သားက သုံးနှစ်အတွင်းမှာ ချီ စွမ်းအားရေးဆွဲခြင်း နယ်ပယ်ကို ဝင်ရောက်နိုင်ဖို့ သေချာနေပြီပေါ့ မဆိုးဘူး တကယ်ကို မဆိုးဘူး ငါ့သားလေး တော်ပါပေတယ်"
ချီစွမ်းအား ရေးဆွဲခြင်း နယ်ပယ် ဟူသည် မူလပညာရှင်တယောက် ဖြစ်စေရန် လေ့ကျင့်ရမည့် အဆင့်ခုနှစ်ဆင့်အနက် ပထမဦးဆုံး အဆင့်ပင် ဖြစ်သည်။ ချီ စွမ်းအား ရေးဆွဲခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မှသာလျင်စစ်မှန်သော မူလ ချီစွမ်းအား ပညာရှင်တယောက် ဖြစ်လာနိုင်ချေ ရှိသည်ဟု ယူဆနိုင်၏။ ကိုယ်ခန္ဓာအချိုးကျ ရောနှောပေါင်းစပ်ခြင်း ကျင့်စဉ်သည် ချီစွမ်းအား ရေးဆွဲခြင်းနှင့် နှိုင်းစာလျင် သာမာန် ကိုယ်ခံပညာ လေ့ကျင့်ရေး နယ်ပယ်တွင်သာရှိပြီး ၎င်းကို မူလ ချီစွမ်အား ပညာရှင်တယောက် ဖြတ်သန်းရမည့် အဆင့် ခုနှစ်ဆင့်တွင် ထည့်သွင်း မသတ်မှတ်ထားချေ။
စုချန်းအန်၏ စကားလုံးများသည် သားဖြစ်သူအတွက် ဂုဏ်ယူ ဝင့်ကြွားနေဟန် ရှိသော်လည်း သူ့မျက်နှာမှာမူကား မသိမသာ ညိုးနွှမ်းနေရှာသည်။ သူသည် သားဖြစ်သူ၏ မျက်နှာကို စူးစိုက်ကြည့်ရှုနေ၏။ သူ့အကြည်မှာ ဝမ်းနည်းပူဆွေးခြင်း၊ စိတ်မကောင်းဖြစ်ခြင်း၊ သနားဂရုဏာသက်ခြင်း စသော အဓိပ္ပါယ်မျိုးစုံ ပါဝ်နေလေသည်။
အတန်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် စုချန်းအန်က စကားစသည်။
"ငါ့သား ချန်းအာ မင်းဟာ မယုံနိုင်စရာ ကောင်းလောက်အောင်ကို တော်တယ် ဒီလို တော်လွန်းလို့ တခါတလေ အဖေအရင်းဖြစ်တဲ့ ငါကိုယ်တိုင်တောင် အံ့သြယူရတယ်
ကံတရားက မင်းကို ချိုးနှိမ် နှိပ်ကွပ်ခဲ့ပေမဲ့ မင်းကတော့ နည်းနည်းမှ စိတ်ဓာတ်မကျခဲ့ဘူး စိတ်ဓာတ်ကျရမဲ့အစား မင်းဟာ အရင်ကထက်တောင် ပြင်းပြင်းထန်ထန် ကြိုးစားပြီး လမ်းကြောင်းမှန်အပေါ် ပြန်လည် ရောက်ရှိနိုင်ခဲ့တယ် ဒါပေမဲ့ မင်းရဲ့ ဖခင်ဖြစ်တဲ့ စုချန်းအန်ဆိုတဲ့ ငါကတော့ ဘယ်နေရာမှာမှ သုံးစားမရပါဘူးကွာ ငါဟာ မင်းဒုက္ခရောက်နေတဲ့အချိန်မှာ ကာကွယ်ပေးဖို့ ရှိမနေခဲ့ဘူး မင်းရဲ့ မျက်လုံးကို ကုသဖို့ အစွမ်းထက်တဲ့ နတ်ဆေးမှော်ဆေးတွေကိုလည်း မရှာဖွေနိုင်ခဲ့ဘူး အို! နောက်ဆုံး ကုန်ကုန်ပြောရရင် မင်းကို လုပ်ကြံသွားတဲ့ ရန်သူကိုတောင် မရှာဖွေနိုင်ခဲ့ပါဘူးကွာ"
စုချန်းလေးက ချစ်ခင်နှစ်လိုဖွယ်ရာ တခစ်ခစ် ရယ်မောလိုက်ပြီး ဖခင်ဖြစ်သူကို ပြန်လည် နှစ်သိမ့်လိုက်ရှာသည်။
"အဖေပြောခဲ့တဲ့ဟာတွေ အကုန်လုံး လုပ်ပေးနေစရာ မလိုပါဘူး အဖေရယ် ဒီနှစ်ပိုင်းမှာ အဖေနဲ့အမေဟာ သားအတွက် အကြီးအကျယ် စိတ်ဒုက္ခရောက်ခဲ့ရတယ် ဒါကို သားမမြင်နိုင်ပေမဲ့ နှလုံးသားထဲကတော့ ကောင်းကောင်းကြီး ခံစားမိပါတယ်ဗျ"
သားဖြစ်သူ၏ နားလည်မှုရှိသော စကားကို ကြားရသောအခါ စုချန်းအန်က သက်ပြင်းချလိုက်၏။
"ငါ့သား ဒီလို နားလည်တာတွေ့ရတော့ အဖေ အလွန်ပဲ ဝမ်းသာမိတယ် မနေ့ညက မင်းရဲ့ ဒုတိယ ဦးရီးတော် အဖေ့ကို လာရှာတယ် ကိစ္စကတော့ နှစ်ကုန်တိုင်းမှာ ပြုလုပ်လေ့ရှိတဲ့ အကဲဖြတ်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး လာတာပဲကွဲ့"
ဖခင်ဖြစ်သူ၏ စကားကြောင့် စုချန်း၏ ကိုယ်ခန္ဓာက ဆတ်ခနဲ ဖြစ်သွား၏။ သူသည် လက်ထဲတွင် ကိုင်ထားသော လက်ဖက်ရည်ခွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။
"ဦးရီးတော်က ကျွန်တော့ကို နှစ်ကုန် အကဲဖြတ်ပြိုင်ပွဲက နှုတ်ထွက်ဖို့ လာပြောတာလား အဖေ"
စုချန်းတို့ နေထိုင်သော မူလကမ္ဘာသည် ဖရိုဖရဲဖြစ်နေသော ကမ္ဘာဖြစ်သည်။ တနည်းအားဖြင့် ၎င်းသည် အခါမလပ် တိုက်ပွဲများ ဖြစ်ပွားနေသော နေရာ၊ စစ်ပွဲဇုန် ဖြစ်သည်။ နတ်ဆိုးသတ္တဝါများသည် ကမ္ဘာကြီး၏ ခြောက်ဆယ်ရာခိုင်နှုန်းကို သိမ်းပိုက်ထားပြီးဖြစ်လေရာ ကျန်ရှိသော ကမ္ဘာကြီး၏ လေးဆယ်ရာခိုင်နှုန်းကို ရရှိရန် သောင်းနှင့်ချီသော ညဏ်ရည်မြင့် မျိုးစိတ်များက အပြိုင်အဆိုင် ယှဉ်ပြိုင် တိုက်ခိုက်နေကြ၏။ လူသားမျိုးနွယ်စု ဟူသည်မှာ အထက်ပါ သောင်းနှင့်ချီသော ညဏ်ရည်မြင့် မျိုးစိတ်များထဲမှ တမျိုးမျှသာ ဖြစ်သည်။
မိမိအား ဝါးမြိုစားသောက်ရန် အခါမလပ် စောင့်ကြည့်နေသော၊ ရန်သူပေါင်းများစွာ ဝန်းရံလျက်ရှိသော ဤကမ္ဘာကြီးဝယ် တခုတည်းသော ဥပဒေမှာ စစ်အင်အားပင် ဖြစ်သည်။ ကြီးမားလှသော စစ်တပ်မျိုးကို ပိုင်ဆိုင်ထားမှသာ အလေးထားခံရမည့် ကမ္ဘကြီးဟုူ၍လည်း ဆိုနိုင်၏။ မျိုးစိတ်များ၏ သိုင်းပညာ စွမ်းအားများသည်လည်း ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ညွှန်ပြပေးနိင်သည့် တခုတည်းသော အရာပင် ဖြစ်လေသည်။
အကျိုးဆက်မှာ အထက်တွင် ဖော်ပြခဲ့သော နှစ်ကုန် အကဲဖြတ် ပြိင်ပွဲများ ပေါ်ပေါက်လာခြင်းပင်။ ကြီးမားသော မျိုးနွယ်စုများသည် ၎င်းတို့၏ မျိုးဆက်သစ် ကလေးငယ်များ မိမိကိုယ် မိမိ ပိုမို ကြိုးစားအားထုတ်မှုရှိစေရန် မျိုးနွယ်စု စည်းမျဉ်းတခုကို ချမှတ်လိုက်၏။ ၎င်းမှာ နှစ်တနှစ်၏ နောက်ဆုံးလတွင် နှစ်ကုန် အကဲဖြတ်ပြိုင်ပွဲများ ကျင်းပရန် ဖြစ်သည်။ ထိုပြိုင်ပွဲတွင် မျိုးနွယ်စု၏ မျိုးဆက်သစ် ကလေးငယ်များသည် နည်းမျိုးစုံနှင့် အစမ်းသပ် ခံရ၏။ အထူးသဖြင့် ကလေးများသည် တာအိုလမ်းကြောင်းနှင့် ကိုယ်ခန္ဓာ စွမ်းအားများ မွေးမြူရာတွင် မည်သူက အစွမ်းအထက်ဆုံး ဖြစ်သနည်း ဟု အစမ်းသပ် ခံကြရခြင်းပင်။
အချိန်ကြာလာသည်နှင့် အမျှ ၎င်းပြိုင်ပွဲသည် မျိုးနွယ်စုများ၏ အစဉ်အလာ၊ ဓလေ့ထုံးစံသဖွယ် ဖြစ်လာခဲ့ပြီး နှစ်ကုန်တိုင်းတွင် မျိုးနွယ်စုအလိုက် အကဲဖြတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ကြ၏။ တနည်းအားဖြင့် ၎င်းပြိုင်ပွဲများသည် အချင်းချင်း ခင်မင်ရင်းနှီးမှုကို တိုးပွားစေပြီး မျိုးနွယ်စု၏ ဖွံဖြိုးတိုးတက်မှုကို ညွှန်းဆိုနိုင်သော ပြယုဂ်သဖွယ် ဖြစ်လာခဲ့သည်ဟု ဆိုရမည်။
အကယ်၍ မျိုးနွယ်စုတစုသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တည်ရှိလာသော မျိုးနွယ်စု (သို့မဟုတ်) လတ်တလောတွင်မှ ဖွံ့ဖြိုးတိုးတကိလာသော မျိုးနွယ်စု၊ မည်သည့်မျိုးနွယ်စုမျိုး ဖြစ်စေကာမူ ဤအချက်က သိပ်အရေးမကြီးလှ။ အကယ်၍ ၎င်းတို့တွင် မျိုးဆက်သစ်များ ရှိလာပါက ထိုကဲ့သို့ ပွဲလမ်းမိုးကို မဖြစ်မနေ ပြုလုပ်လိမ့်မည်သာ။ ၎င်းတို့သည် အကဲဖြတ်ခြင်း၏ အနှစ်သာရကိုမူ ပြောင်းလဲစေမည် မဟုတ်ပဲ ပြိုင်ပွဲ၏ အရေးမပါသော အပေါ်ယံ အစီအစဉ် တချို့ကိုသာ မျိုးနွယ်စု ထုံးစံအရ ပြောင်းလဲကောင်း ပြောင်းလဲပေလိမ့်မည်။
အကဲဖြတ်ခြင်းမှာ အလွန် ရိုးရှင်း၏။ ကလေးများ၏ ခွန်အားကို စမ်းသပ် စစ်ဆေးခြင်းမျှသာ ဖြစ်သည်။ ဤပြိုင်ပွဲတွင် အချင်းချင်း သိုင်းပညာ စွမ်းအားများ အသုံးပြုကာ ယှဉ်ပြိုင်ရန် ခွင့်မပြုချေ။ အကြောင်းမှာ ထိုကဲ့သို့ ယှဉ်ပြိုင်ပါက ထိခိုက်ဒဏ်ရာများ ရရှိစေနိုင်သည့်အပြင် အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားကွာ စည်းလုံးမှု ပြိုကွဲစေနိုင်သောကြောင့်ပင်။ အချင်းချင်း ယှဉ်ပြိုင်ခြင်းမှာ တိုးတက်မှုကို ရရှိစေနိုင်သောကြောင့် အလွန် ကောင်းမွန်သော်လည်း အချင်းချင်း ပဋိပက္ခ ဖြစ်ပွားခြင်းမှာကား နောက်ဆုံးတွင် မျိုးနွယ်စု တခုလုံးကို ပျက်စီးသွားစေနိုင်၏။
ထို့ကြောင့် အကဲဖြတ်ပြိုင်ပွဲ အများစုတွင် တယောက်နှင့် တယောက် သိုင်းပညာ စွမ်းအားများ ယှဉ်ပြိုင်ခြင်းကို မပြုလုပ်စေပဲ ကလေးငယ်များ၏ ကြံ့ခိုင်မှုနှင့် ခွန်အားကိုသာ စမ်းသပ် စစ်ဆေးစေ၏။ သူတို့၏ ခွန်အားကိုလိုက်၍ အဆင့်အတန်းများကို ခွဲခြားသတ်မှတ်ပေးသည့် သဘောပင်။
စုမျိုးနွယ်စု၏ အကဲဖြတ်ပြိုင်ပွဲတွင်လည်း ထိုနည်းလမ်းကိုသာ အသုံးပြုလေသည်။ နှစ်တနှစ်၏ နောက်ဆုံးလသို့ရောက်လျင် စုမျိုးနွယ်စု တတိယမျိုးဆက် ကလေးငယ်များသည် ၎င်းတို့၏ ခွန်အားကို ဖော်ထုတ်ပြသရန် တူညီသော ယှဉ်ပြိုင်မှုများကို ပြုလုပ်ရပေလိမ့်မည်။ ယခင့်ယခင် ပြိုင်ပွဲများတွင် စုချန်းသည် အမြဲတမ်းလိုလို ပြိုင်ဘက်မရှိ ချန်ပီယံ ဖြစ်ခဲ့၏။ ယခုနှစ်တွင်ကော မည်ကဲ့သို့ လာမည်နည်း။ မမျှော်လင်သော အဖြစ်အပျက်ကြောင့် မျက်လုံး ကွယ်သွားပြီး နောက်ပိုင်းတွင် စုချန်းတယောက်တော့ လုံးဝ စိတ်ဓာတ်ကျသွားလေပြီဟု လူပေါင်းများစွာက တသမတ်တည်း ယုံကြည်ခဲ့ကြ၏။
သို့ရာတွင် ဤကလေးငယ်သည် လူပေါင်းများစွာ၏ ယူဆချက်ကို ပြောင်းပြန် လှန်ပစ်ခဲ့၏။ လအနည်းမျှ စိတ်ဓာတ်ကျပြီးသည့် နောက်ပိုင်းသည် စုချန်းတယောက် နတ်ရေကန်ထဲ ခုန်ဆင်းလိုက်သည့်ပမာ၊ အသစ်တဖန် ပြန်လည် မွေးဖွားလိုက်သည့်ပမာ လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူသည် ယခင်ကထက် ပို၍ မြန်ဆန်သော တိုးတက်ပြောင်းလဲမှုမျိုးနှင့် လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိလာနိုင်ခဲ့လေသည်။ သူသည် စုမျိုးနွယ်စု တတိယမျိုးဆက်များအနက် အထင်ရှားဆုံး ကလေးတယောက် ဖြစ်နေဆဲပင်။
ဤနေရာတွင် ပြောစရာရှိသည်မှာ ယခုနှစ်ပြိုင်ပွဲတွင် မမျှော်လင့်သော အဖြစ်အပျက်မျိုး တစုံတရာသာ ဖြစ်ပေါ်မလာခဲ့ပါက ဤပြိုင်ပွဲသည်လည်း ယခင် အစဉ်အလာများအတိုင်း စုချန်း၏ အောင်ပွဲသာ ဖြစ်သွားဖွယ်ရာ ရှိနေ၏။ ဤတချက်သည်ပင် စုမျိုးနွယ်စုမှ လူပေါင်းများစွာကို စိတ်မသက်မသာ ဖြစ်စေတော့သည်။ အကြောင်းမှာ စုချန်းသည် မျက်မမြင် ကလေးတယောက်သာ ဖြစ်သည်။ စုမျိုးနွယ်စု၏ တတိယမျိုးဆက် ကလေးများအားလုံး မျက်မမြင်ကလေးတယောက်ကို အရှုံးပေးရခြင်းသည် အရပ်ရပ် နေပြည်တော် ကြားလို့မှ မတော်အောင် ရှက်စရာကောင်းသော ကိစ္စဖြစ်သည်။ ဤသို့သာ ဖြစ်သွားပါက သူတို့အားလုံး ရေမရှိသောချောင်းတွင် နှာခေါင်းမြှုပ်ပီး သေဖွယ်ရာသာ ရှိတော့၏။ ပတ်ဝန်းကျင်၌ပင် မျက်နှာပြရဲတော့မည် မဟုတ်။
အမှန်မှာ စုမျိုးနွယ်စု၏ ဒုတိယ မျိုးဆက်မှ အကြီးအကဲများအတွက် ထိုပြိုင်ပွဲမှာ ပြိုင်ပွဲသက်သက် မဟုတ်။ ပြိုင်ပွဲထက် ပို၍ လက်တွေ့ကျသော အခြား ကိစ္စရပ်များ သူတို့၏ အတွေးတွင် ရှိနေ၏။ နှစ်စဉ်နှစ်တိုင်း ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်သူများသည် မျိုးနွယ်စု အင်အားတောင့်တင်းလာစေရန် အခြေခံကောင်းများ ဖြစ်စေရမည်ဟု သူတို့က ယူဆထားကြ၏။ သန်မာသည်ထက် သန်မာလာစေရန် စဉ်စပ်မပြတ် သင်ကြားလေ့ကျင့်နေရခြင်းသည် မျိုးနွယ်စုများစွာ၏ ပုံမှန် လုပ်ရိုးလုပ်စဉ်ပင် ဖြစ်သည်။
မွေးရာပါ ပါရမီပါပြီး ထူးချွန်ထက်မြက်သော လူတယောက်သည် သိုင်းပညာစွမ်းအား၏ အကန့်အသတ်မရှိသော နယ်နမိတ်အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားနိုင်ပေရာ ထိုကဲ့သို့သော ပါရမီရှင်တယောက်သည် အရည်အချင်းမရှိသော လူများစွာထက် အကျိုးပြုတတ်ကြောင်း မျိုးနွယ်စု ကြီးအကဲများက ကောင်းစွာ သဘောပေါက်ထားလေသည်။ စုချန်းသည် ပါရမီရှင် တယောက်ပေလော။ စောင့်ကြည့်ရအုံးမည်သာ။
_________________×××________________
ပွဲကြည့်စင်ပေါ်တွင် ထိုင်နေရင်း စုချန်းအန်တယောက် ခေါင်းကို လေးလံစွာ ညိတ်ကာ သားဖြစ်သူ စုချန်းကို စကားစလိုက်သည်။
"ဒီမယ် ချန်းအာ အဖေပြောတာ သေချာနားထောင် ငါ့သားဟာ စုမျိုးနွယ်မှာ အတော်ဆုံး ကလေးတယောက်ပဲ တကယ်လို့ ခုလို မမျှော်လင့်တဲ့ အဖြစ်ဆိုးကြီးနဲ့သာ မကြုံခဲ့ရရင် သားဟာ စုမျိုးနွယ်စုရဲ့ အနာဂါတ် ခေါင်းဆောင်တယောက် ဖြစ်လာမှာ ဧကန်ပဲ ဒါဟာ အဖေတယောက်တည်းရဲ့ အမြင် မဟုတ်ဘူး မင်းရဲ့အဘိုး ဒုတိယ ဦးရီးတော် တတိယ ဦးရီးတော် စတုတ္ထဒေါ်လေး နောက်..မင်းရဲ့ ဝမ်းကွဲအစ်ကိုတွေ သူတို့အကုန်လုံးကလည်း ဒီလိုပဲ မြင်ကြတယ်"
စုချန်းအန်၏ အသံသည် စိတ်မကောင်းဖြစ်မှုကြောင့် တုန်ယင်နေ၏။ ဤနေရာသို့အရောက်တွင် စုချန်းက ဖခင်ဖြစ်သူ၏ စကားကို အဆက်မခံတော့ပဲ ဖြတ်ပြောလိုက်သည်။
"ဒါပေမဲ့ မထင်မှတ်ပဲ ကျွန်တော်ဟာ ကံဆိုးမိုးးမှောင်ကျပြီး မျက်လုံးကွယ်သွားခဲ့တယ် တကယ်လို့ ကျွန်တော်ဟာ ဘယ်လောက်ပဲ ကိုယ်ခန္ဓာ စွမ်းအားတွေ မွေးမြူနိုင်ရင်တော် အလကားပဲ ကိုယ်ခန္ဓာ အချိုးကျ ရောနှောပေါစပ်ခြင်း တတိယ အလွှာရဲ့ ပြိုင်ဘက်ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး ဒါကြောင့်မို့ ကျွန်တော်ဟာ ဒီမျိုးနွယ်စုကို ဦးဆာင်ဖို့ အရည်အချင်း မရှိတော့ဘူး အဲလို ပြောမလို့မလား အဖေ"
စုချန်းက ဖခင်ဖြစ်သူ ပြောလာမည့်စကားကို ကြိုတင် ခန့်မှန်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။ စိတ်မကောင်းစရာ ဖြစ်သော်လည်း သူ့အသံသည် အသက်ဆယ့်သုံးနှစ်အရွယ် ကလေးတယောက်၏ အသံနှင့် မလိုက်ဖက်အောင် အထူးပင် တည်ငြိမ်လှ၏။ စုချန်း၏ စကားကို စုချန်းအန် မငြင်းပါ။ သူက ခေါင်းညိတ်ပြရင်း ဖြေလိုက်သည်။
"မှန်ပါတယ် ငါ့သား"
စုချန်းက ပြောလိုက်၏။
"ကျွန်တော့ကို အခွင့်အရေး ပေးလိုက်တာဟာ အချည်းနှီး အကျိုးမဲ့ ဖြစ်စေလိမ့်မယ်လို့ ဒုတိယ ဦးရီးတော်က ဘာကြောင့်များ ခံစားနေရတာလဲ အဖေ"
အမှန်က စုချန်းသည် အလွန်တရာ ညဏ်ရည် ထက်မြက်သူ ဖြစ်သည်။ ထိုသို့ ညဏ်ပညာ ထက်မြက်လွန်း၍လည်း ဖခင်ဖြစ်သူက အထူးတလည် ရှင်းပြနေရန် မလိုပဲ လတ်တလော ဖြစ်ပျက်နေသော ယေဘုယျ အခြေအနေကို ချက်ချင်းပင် နားလည် သဘောပေါက်ခဲ့လေသည်။
ထိုအခါ သားဖြစ်သူကို အခြေအတင် ရှင်းပြရလိမ့်မည်ဟု ယူဆထားသော စုချန်းအန်တယောက် အနည်းငယ် စိတ်သက်သာ ရသွား၏။ သို့သော် အတန်ကြာသော ပြုံးစစ မျက်နှာပေးဖြင့် ထုတ်ဖော်မေးမြန်းလိုက်သော စုချန်း၏ မေးခွန်းကြောင့် သူ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အတော်လေး နေမထိ ထိုင်မသာ ဖြစ်သွား၏။
"ကျွန်တော့ရဲ့ ညီအစ်ကိုတွေက သူတို့စိတ်ထဲမှာ တကယ်ပဲ ကျွန်တော့ကို မနိုင်လောက်ဘူးလို့ ထင်နေကြတာလား အဖေ"
စုချန်း၏ မေးခွန်းသည် အတော်လေး အဓိကျသော မေးခွန်း ဖြစ်သည်။ စုချန်းသည် ပင်ကိုယ် ပါရမီပါသူ၊ ထူးချွန် ထက်မြက်သူ၊ ညဏ်ပညာနှင့် ပြည့်စုံသူ ဖြစ်သည်။ ထို့ကြောင့်ပင် လူအများ၏ ကြည်ညို လေးစားမှုကို သူခံရ၏။ လူအများ၏ ချီးကျူးထောပနာပြုမှုကို နားနှင့်မဆံ့အောင် ကြားရ၏။ သို့သော် တကယ့်အကျိုးစီးပွားနှင့် စပ်လျဉ်းလာသော အခါတွင်ကား အထက်ပါ အခြေအနေများသည် ပြောင်းလဲသွားတတ်၏။ လူအများ၏ စဉ်းစားတွေးခေါ်ပုံသည်လည်း ခြားနားသွားတတ်၏။
စုချန်းသည် ယခင်ကကဲ့သို့ သာမာန်ကလေးမျိုး မဟုတ်တော့။ ဒုက္ခိတ ကလေး၊ မျက်ကန်းကလေးတယောက် ဖြစ်သွားခဲ့လေပြီ။ မျက်မမြင်တယောက်သည် သူတို့ ခွဲဝေချပေးသော အရင်းအမြစ်များကို အဘယ်မှာ မျှတစွာ ခွဲဝေသုံးစွဲနိုင်အံ့နည်း။
စုချန်းအန်သည် သူ့သားကလေးကို ကြင်နာစွာကြည့်ရင်း ပြောလိုက်သည်။
"မနေ့က သားရဲ့ ဦးရီးတော် ခေါ့ကျိနဲ့ အဖေဟာ အချိန်အကြာကြီး စကားပြောဖြစ်တယ် ဒါဟာ သူ့ရဲ့သားအတွက် ပြောတဲ့စကား မဟုတ်ဘူးလို့ အဖေကတော့ ယုံကြည်တယ် သားသိတဲ့အတိုင်းပဲ အဖေတို့ စုမျိုးနွယ်စုရဲ့ ဂုဏ်ရောင်ဟာ အရင်ကနဲ့ မတူတော့ပဲ တဖြည်းဖြည်း မှေးမှိန်လာပြီ စုမျိုးနွယ်စုရဲ့ အခြေခံ အုတ်မြစ်တွေဟာလည်း တဖြည်းဖြည်း ယိုင်နဲ့စ ပြုလာပြီ ဒါဟာ ဘာကို မီးမောင်းထိုးပြနေသလဲဆိုတော့ အဖေတို့မျိုးနွယ်စုမှာ မျိုးနွယ်စု ဂုဏ်သိက္ခာကို ပြန်ပြီး ဆယ်တင်ပေးနိုင်မဲ့ ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ်တွေ လိုနေပြီဆိုတာပဲ ဒီမှာတင် သားရဲ့ဦးရီးတော်က ဘာကို ဆန္ဒရှိနေသလဲဆိုတော့ နဂါးလျှို့ဝှက်ကျောင်းတော်ရဲ့ တပည်တယောက် ဖြစ်လာနိုင်မဲ ကလေးတယောက်လောက်တော့ စုမျိုးနွယ်မှာ ပေါ်ပေါက်လာစေချင်တဲ့ ဆန္ဒရှိနေတယ် သူဟာ မူလတုန်းက သားကို ထောက်ခံပေးခဲ့တယ် ဒါပေမဲ့ ခုချိန်မှာတော့...သားဟာ...မျက်ကန်း..."
စုချန်းအန်က သူ့စကားကို ဆုံးအောင် မပြောနိုင်ရှာတော့။ ကြေကွဲဆို့နင့်စွာနှင့် သားဖြစ်သူကို ငေးစိုက်ကြည့်နေရှာတော့သည်။
အကယ်၍ စုခေါ့ကျိသည် ၎င်း၏ သားဖြစ်သူ စုချိန်းအတွက်သာ သဏ္ဍန်လုပ် သရုပ်တူအောင် ဟန်ဆောင်ပြောဆိုနေသည်ဟု ယူဆပါက စုချန်းအန်သည် သူ့ ဒုတိယညီတော်၏ တောင်းဆိုချက်ကို လုံးဝ လက်ခံလိမ့်မည် မဟုတ်ပေ။ သို့သော် စုခေါ့ကျိက ၎င်း၏ စကားများသည် စုမျိုးနွယ်စုအတွက်သာ ဖြစ်သည်ဟု အခိုင်အမာ ဆိုခဲ့သည့်အပြင် ၎င်း၏ တောင်းဆိုချက်နာက်ကွယ်တွင် ရိုးသားသော အကြောင်းပြချက်များ ပါဝင်နေရာ စုချန်းအန်
အဖို့ ငြင်းဆန်ရန် ခက်ခဲခဲ့လေသည်။
အရိုးသားဆုံးပြောရလျင် စုချန်းအန်၏ စိတ်ထဲတွင် စုချင်း၏ အခြေအနေသည် မျှော်လင့်ချက် ကင်းမဲ့နေသော အခြေအနေဖြစ်ရာ ပြိုင်ပွဲတွင် ဝင်မပါတော့ပဲ လက်လျှော့လိုက်သင့်သည်ဟု ယူဆထား၏။ သို့သော် စုချင်း၏ စိတ်ဓာတ်မှာကား ခိုင်မာလှ၏။ သူတောင်းစားအိုကြီး၏ စကားအရ သူ့မျက်လုံးများသည် ပြောင်းလဲခြင်း ခံရမည်ဟု ဆိုထားရာ သူ့အနေနှင့် ဤအခြေအနေဆိုးမှ လွန်မြောက်နိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားလေသည်။ ထို့ကြောင့် သူက အလွယ်တကူနှင့် အလျှော့မပေးနိုင်ပါ။
မူလက ဖခင်ဖြစ်သူ စုချန်းအန်၏ စိတ်ထဲတွင်လည်း ထိုကဲ့သို့ပင် ယုံကြည်ထားခဲ့သည်။ သို့သော် အချိန်သာ နှစ်နှစ်မျှ ကြာသွားသည်။ စုချင်း၏ မျက်လုံးများကား အနည်းငယ်မျှပင် တိုးတက်မလာခဲ့ချေ။ ထိုအခါ စုချင်း၏ စကားသည် သူတောင်းစားကြီးလက်ချက်ကြောင့် မူးမေ့၍ လဲကျင်သွားချိန်တွင် ထင်ယောင်ထင်မှား ကြားလိုက်မိခြင်းသာ ဖြစ်ပေလိမ့်မည်၊ သို့မဟုတ် ဤကလေးငယ်သည် မိမိစိတ်ကိုယ် မိမိ ပြန်လှည့်စားလို၍ ရူးရူးမိုက်မိုက် မုသားစကားဆိုနေခြင်းသာ ဖြစ်လိမ့်မည်ဟု ယူဆရန်မှတပါး စုချန်းအန်အတွက် ရွေးချယ်စရာ မရှိတော့ချေ။
စုချင်းတယောက် ယခုအချိန်ထိ လက်မြှောက် အရှုံးမပေးခြင်းသည် မိမိကိုယ်မိမိ လှည့်စားနေသည်ဟု ယူဆစရာ ဖြစ်လာသောအခါ စုချန်းအန်မှာ စိတ်ပူစ ပြုလာ၏။ ထို့ကြောင့် အဖြစ်မှန်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန် သားဖြစ်သူအား တိုက်တွန်းရမည့် အချိန်ကျရောက်လာပြီဟု စုချန်းအန် သုံးသပ်မိ၏။ ဤသည်မှာ ဤယနေ့ စုချင်းရှိရာသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်လာပြီး တွေ့ဆုံရခြင်း၏ အဖြေပင် ဖြစ်သည်။
စုချင်းတယောက် မည်သည့်စကားမျှ မပြောတော့ပဲ တိတ်ဆိတ်ငြိမ်သက်သွား၏။ အတန်ကြာမှ သူက ဖခင်ဖြစ်သူကို မေးလိုက်သည်။
"ဒီတော့ အဖေ ဒီကနေ့ သားကိုလာရှာတာ ပြိုင်ပွဲက အတင်းအကျပ် ထုတ်ပယ်ပစ်ဖို့လား ဒါမှမဟုတ် ကြင်ကြင်နာနာနဲ့ အကြံပေး နှစ်သိမ့်ရုံပဲလား"
စုချန်းအန်က သားဖြစ်သူ၏ မေးခွန်ကို ကြားရသောအခါ အနည်းငယ်ပြုံးရင် ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။
"ဒီမယ် ငါ့သား အဖေ့အနေနဲ့ကတော့ သားကို ကြင်ကြင်နာနာနဲ့ နှစ်သိမ့်ရုံ အကြံပေးရုံပါပဲကွယ် သားဟာ အဖေ့ရဲ့သားပါ အင်မတန် လိမ္မာလှတဲ့ သားပါ ခုချိန်ထိ သားဟာ အဖေ့အပေါ်မှာရော အမေ့အပေါ်မှာရော အမှားလေးတခုတောင် မရှိသေးပါဘူးကွယ် ဒီတော့ ငါ့သားက စိတ်ရှင်းရှင်းနဲ့သာ ဆုံးဖြတ်ပါ ငါ့သား ဘာပဲ ဆုံးဖြတ် ဆုံးဖြတ် အဖေကတော့ သားရဲ့နောက်မှာ အမြဲတမ်း ရှိနေမှာပါ"
ဖခင်ဖြစ်သူ၏ စကားကို ကြားရသောအခါ စုချင်းက ခေါင်းညိတ်လိုက်သည်။
"ဒီလိုဆိုရင် သိပ်ကောင်းတာပေါ့ အဖေ ဒုတိယဦးရီးတော်ဆီကို သားအတွက် စာတစောင် ပို့ပေးပါ သူတို့အနေနဲ့ ပြိုင်ပွဲမှာ အနိုင်ရချင်တယ်ဆိုရင် ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ပြီး နိုင်အောင်လုပ်ကြပါ သားကို လက်လျှော့ခိုင်းတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလို့ စာထဲမှာ ထည့်ရေးပေးလိုက်ပါဗျာ"
_________________×××________________×××________
ခွမ်း!
လှပသော ဆီးနှင်းများ၊ ဇီးတော်သီးပုံများ ခြယ်သထားသော မိုးပြာရောင် ပန်းအိုးတလုံးသည် အခန်းအပြင်သို့ ပျံ့လွင့်ထွက်လာ၏။ ပျံ့လွင့်လာသော အရှိန်မှာ ပြင်းထန်လှ၏။ ပန်းအိုးနှင့် ကြမ်းပြင် ရိုက်ခတ်သံ "ခွမ်း" ခနဲပေါ်လာပြီး ပန်းအိုးသည် တစစီ ကွဲကြေသွားလေသည်။
"ဒီကလေးဟာ ဘယ်အချိန် လက်လျှော့ရမလဲဆိုတာ တကယ်ကို မသိတာပဲ"
ဒေါသတကြီးနှင့် အခန်းတလျှောက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း စုခေါ့ကျိ၏ ကျယ်လောင်သော မလိုတမာ ရေရွတ်သံ ဖြစ်သည်။
"ငါ ဘယ်သူ့အတွက် လုပ်နေတယ်လို့များ ဒင်းက ထင်နေသလဲမသိဘူး တောက်! ငါဟာ ငါ့မျိုးနွယ်စုအတွက် လုပ်နေတာ မဟုတ်ဘူးလား စုချင်းက အကန်းလေး ဘာမှ မမြင်ရတော့တဲ့ အကန်းလေး ဒီလို အကန်းက သူများတွေထက် သန်မာနေတော့ရော ဘာအကျိုးထူးမှာလဲ ဒီလို အကန်းလေးက ဘယ်လိုလုပ်ပြီး မျိုးနွယ်စု ဂုဏ်ဆောင်နိုတဲ့ မူလ ချီ စွမ်းအားရှင်တယောက် ဖြစ်လာနိုင်မှာလဲ တိုက်ပွဲစဉ်ရဲ့ ဒုတိယအဆင့်ထဲ ဝင်ရောက်သွားတာနဲ့ ဒီအကန်းလေးဟာ မရှုမလှရှုံးနိမ့်ပြီး ပျက်စီးခြင်းမလှ ပျက်စီးသွားမှာပဲ ဒါကိုတောင် ဒင်းက ခေါင်းကြောမာမာနဲ့ အလျှော့မပေးချင်ဘူးတဲ့လား ထွီ ဘယ်လောက်တောင် တကိုယ်ကောင်း ဆန်လိုက်သလဲ ဘယ်လောက်တောင် လောဘကြီးလိုက်သလဲ တောက် ကိုယ့်မျိုးနွယ်စုမျက်နှာကိုတောင် မထောက်ပဲ သွေးအေးအေးနဲ့ ရက်စက်တဲ့ အကောင်"
စုခေါ့ကျိသည် ဒေါသကို မထိန်းနိုင်ပဲ အော်ကြီးဟစ်ကျယ်ပင် ပြောဆိုနေ၏။ တန်ဇူးကျန်းသည် ယခုအချိန်ထိ စကားတခွန်းမှ မဟသေးပဲ ရေငုံနှုတ်ပိတ်ကာ စုခေါ့ကျိ၏ ဒေါသ ပြယ်သွားမည့်အချိန်ထိ စိတ်အေးလက်အေးနှင့် စောင့်ဆိုင်းနေလေသည်။ သူသည် သူ့သခင်၏ ဒေါသအတိမ်အနက်ကို ကောင်းစွာ နားလည် သဘောပေါက်၏။ ဤမျှ ဒေါသထွက်နေသည့်အချိန်တွင် ဖျောင်းဖျနှစ်သိမ့်ခြင်းက ပြင်းထန်စွာ တောက်လောင်နေသော မီးပုံကြီးကို ရေတစက်နှင့် ငြိမ်းသတ်ရန် ကြံစည်သည်နှင့်သာ တူပေလိမ့်မည်။ သူ့စကားသည် ခေါ့ကျိ၏ ဘယ်ဘက်နားက ဝင်ပြီး ညာဖက်နားမှ ပြန်ထွက်သွားလိမ့်မည်ဖြစ်ကြောင်း တန်ဇူးကျန်းက ကောင်းစွာ သဘောပေါက်ထားသည်။
အားရအောင် အော်ဟစ်ဆဲဆိုပြီးနောက် စုခေါ့ကျိ၏ ဒေါသက အတော်အတန် ပြယ်ပျောက်သွား၏။ သူက ဘေးနားတွင် ရပ်နေသော တန်ဇူးကျန်းကို အကြံညဏ် လှမ်းတောင်းလိုက်သည်။
"သိုင်းပညာအကြံပေးကြီး တန် ဒီကိစ္စကို ခင်ဗျား ဘယ်လို ယူဆရသလဲ"
သူ့ခေါင်းထဲတွင် အဖြေကို ကြိုတင် တွေးတောပြီးသား ဖြစ်သော်လည်း အကြံပေးတန်က နာမည်နှင့်လိုက်အောင် လေးလေးနက်နက် ဆင်ခြင်စဉ်းစားဟန် ပြုလိုက်သည်။ ထို့နောက် သူက သူ့ ထင်မြင်ယူဆချက်ကို ပြောလိုက်၏။
"ဒီ ကိစ္စမှာ ပြသနာ ဖြစ်နေတာက စနစ်ပဲ စုမျိုးနွယ်စုရဲ့ အကဲဖြတ်တဲ့ စနစ်ပဲဗျ"
စုခေါ့ကျိက သဘောတူဟန်ဖြင့် ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သည်။
"ခင်ဗျားပြောတာ ကျုပ် သဘောတူတယ် စည်းမျဉ်းအရ သူတို့တတွေဟာ ပုံမှန် တရားဝင် ပြိုင်ဆိုင်မှုကိုပဲ ပြုလုပ်ရမယ် သိုင်းပညာ စွမ်းအားခြင်း ယှဉ်ပြိုင်ခွင့် မရှိဘူး အမှန်ကတော့ ဒီလို ယှဉ်ပြိုင်တာဟာ သူတို့ရဲ့ စွမ်းအားကို အတိအကျ မဖော်ပြနိုင်ဘူးဗျ တိုက်ပွဲတပွဲကို အောင်အောင်မြင်မြင် တိုက်နိုင်ဖို့ဆိုတာ အတွေ့အကြုံ ထိုးထွင်းသိမြင်မှုနဲ့ လျင်မြန်တဲ့ တုံ့ပြန်မှုတွေ လိုတယ်
တခြား မျိုးနွယ်စုတွေကတော့ တိုက်ပွဲကို သူတို့ရဲ့ စံနှုန်းအဖြစ် သတ်မှတ်ကြတယ် နတ်ဆိုးတွေ ဖျက်ဆီးသူတွေ အားလုံးဟာ ဒီအတိုင်းပဲ ဘာမှ အသုံးမဝင်တဲ့ စွမ်းအား ဖော်ထုတ်မှုတွေနဲ့ အောင်မြင်မှုကို မရနိုင်ဘူးဆိုတာ ဒီကောင်တွေ ကောင်းကောင်းသိတယ် စစ်မှန်တဲ့ တိုက်ပွဲတပွဲကသာ အမှန်တရားကို ပြောပြနိုင်လိမ့်မယ်ဗျို့"
အကြံပေးတန်က အေးဆေးသော လေသံနှင့် စကားဆက်သည်။
"သခင်ကြီးက ဒါတွေကို သိရဲ့သားနဲ့ ဘာကြောင့်များ အကဲဖြတ်စနစ်ကို မပြောင်းလဲတာပါလိမ့်"
စုခေါ့ကျိက လက်များကို ဝေ့ယမ်းရင်း ပြောလိုက်သည်။
"ဟာ ဒါကတော့ လုပ်လို့မရဘူးဗျို့ ဘယ်လိုမှ မရဘူး"
ထို့နောက် သူက စကားဆက်သည်။
"ပုံမှန် တရားဝင် ခွန်အားနဲ့ ကြံ့ခိုင်ရေး ပြိုင်ဆိုင်မှုတွေဟာ ကျုပ်ရဲ့ အဖိုး သခင်ကြီးဘုရားကိုယ်တိုင် အတည်ပြုခဲ့တဲ့ စနစ်ဗျ စစ်မြေပြင် တိုက်ပွဲပုံစံနဲ့ သိုင်းပညာ စွမ်းအားတွေ ပြိုင်ဆိုင်ခြင်းဟာ မတရား ဘက်လိုက်မှုတွေနဲ့ ညီရင်းကိုရင်းတွေကြားမှာ သွေးကွဲမှုတွေ ပဋိပက္ခတွေကို ဖြစ်စေလိမ့်မယ်လို့ သခင်ကြီးဘုရားက ယူဆခဲ့တယ် သခင်ကြီးဘုရားဟာ ဘာအကြောင်းပြချက်မှ မရှိပဲနဲ့ ဒီစနစ်ကို ချမှတ်ခဲ့တာတော့ မဟုတ်ဘူးဗျ မျက်စိရှေ့မှာပဲ ကြီးမားတဲ့ မျိုးနွယ်စုတချို့ဟာ အတွင်းရေး ပဋိပက္ခတွေ အချင်းချင်း မညီညွတ်မှုတွေကြောင့် ပြိုလဲပျက်စီးကုန်တာကို မြင်တွေ့ခဲ့ရတာကိုး
အကြံပေးတန်က မသိမသာ ပြုံးလိုက်သည်။ ထို့နောက် သူက တခွန်းချင်း ပြောလိုက်သည်။
"တကယ်လို့ သူတို့ကို လက်နက် မသုံးခိုင်းဘူး အထူးကျွမ်းကျင်တဲ့ သူတွေကို အနီးကပ် စောင့်ကြည့်ခိုင်းထားမယ် ဒါဆိုရင် မတော်တဆဖြစ်မှုတွေ အတော်လေး နည်းသွားလိမ့်မယ် ဒါ့အပြင် ပုံမှန် ရွေးချယ်မှုကို အသုံးပြုခဲ့တယ်ဆိုတာ လူတွေရဲ့ စိတ်ထဲမှ ဒီနည်းလမ်းတွေဟာ အသုံးတည့်တယ် ဒီနည်းလမ်းနဲ့ ထူးချွန်တဲ့ ကလေးတွေကို ရွေးချယ်နိုင်တယ်လို့ ယူဆခဲ့ကြလို့ပါ သခင်ကြီး ခင်ဗျာ ဒါပေမဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးတွေ ပေါ်ပေါက်လာတဲ့အခါ ဥပမာ..စုချင်းရဲ့ အခြေအနေမျိုးတွေ ပေါ်လာတဲ့အခါ ဒီစနစ်ဟာ ပြီးပြည့်စုံတဲ့ စနစ်မဟုတ်ပဲ ဟာကွက် အားနည်းချက်တွေ ရှိနေကြောင်း ပေါ်လွင်နေပါပြီ"
အကြံပေးတန်၏ စကားက အဓိပ္ပါယ်များစွာ ပါဝင်နေ၏။
စုခေါ့ကျိ လန့်ဖြတ်သွားသည်။ သို့သော် အကြံပေးတန်၏ စကားက မှားသည်ဟုတော့ မဆိုသာ။ ဤစနစ်သည် အငြင်းပွားမှုများကို ဖြေရှင်းရန် လုံလောက်သည်ဟု ယူဆသောကြောင့် မျိုးနွယ်စုတခုလုံးက တရားဝင် ခွန်အား ယှဉ်ပြိုင်ခြင်း ကိုသာ အကဲဖြတ်ပြိုင်ပွဲတွင် အသုံးပြုရန် သဘောတူခဲ့ကြသည်။ သို့သော် ယခုအခါတွင်ကား ဤစနစ်သည် သူ့ကိုယ်သူ အလွဲသုံးစား လုပ်ခံခဲ့ရလေပြီ။ စစ်ပွဲအသွင် သိုင်းပညာ ယှဉ်ပြိုင်ရန် မသင့်တော်သူတဦးသည် ကိုယ်ခန္ဓာ စွမ်းအားများ တိုးမြင့်စေရန် ဆက်လက်လေ့ကျင့်ခဲ့၏။ ဤသူငယ်သည် မျိုးဆက်သစ်များထဲ အထူးချွန်ဆုံး ချန်ပီယံ ဖြစ်လာ၏။
ဤအဖြစ်အပျက်က သူတို့ အသုံးပြုနေသော စနစ်တွင် ဟာကွက်၊ အားနည်းချက်များ ရှိနေကြောင်း မီးမောင်းထိုးပြခဲ့လေပြီ။ စနစ်တွင် အားနည်းချက်ရှိက ပြင်ဆင်ရပေလိမ့်မည်။ ထိုအတွေးနှင့် စုခေါ့ကျိက ပြောလိုက်သည်။
" အမှန်ကတော့ ကျုပ်အနေနဲ့ စနစ်ရဲ့ အားနည်ချက်ကို အဖေ့ကို တင်ပြဖို့တော့ သင့်တယ် ဒါပေမဲ့ ဒီစနစ်ကြီး တခုလုံးကို ပြောင်းလဲဖို့ ဆိုတာတော့ လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူးဗျ"
အထက်ပါ စကားကို ပြောပြီးနောက် စုခေါကျိသည် အတော်လေး ပင်ပန်းနွမ်းနယ်သွားဟန် ရှိလေသည်။ တိုင်းပြည်တခုအတွက် ဖြစ်စေ၊ နိုင်ငံသားများအတွက် ဖြစ်စေ၊ မျိုးနွယ်စုတခုအတွက် ဖြစ်စေ အများ သဘောတူ၍ နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့သော စနစ်တခုကို ပြင်ဆင်ဖို့ ဆိုသည်မှာ လွယ်ကူသည့် ကိစ္စမျိုး မဟုတ်။ အကြိတ်အနယ် အခြေအတင် ဆွေးနွေးရမည့် အလွန် ကြီးကျယ်သော ပြသနာမျိုး ဖြစ်သည်။ စနစ်တခုကို တည်ထောင်လိုက်သောအခါ အလွယ်တကူ ပြောင်းလဲရန်မှာ သိပ်မဖြစ်နိုင်ချေ။
အကယ်၍ ထိုစနစ်ကို မကြာခန ပြောင်းလဲမှုများ ပြုလုပ်နေပါက လူအများ၏ ထိုစနစ်အပေါ် ယုံကြည်မှု ကျဆင်းလာပြီး ပေါ့ပေါ့တန်တန် သဘောထားလာကြပေလိမ့်မည်။ ထို့ပြင် ပြောင်းလဲမှုတိုင်းသည် မူလအခြေအတိုင်း ဆက်နေလိုသူများ၊ ပိုနေမြဲ ကျားနေမြဲ အဖွဲ့များအပေါ် စိတ်မသက်မသာ ဖြစ်ပေါ်စေပြီး အကယ်၍ မဖြစ်မနေ ပြောင်းလဲရန် ပြင်ဆင်ပါက ထိုအဖွဲ့များ၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်ရပေလိမ့်မည်။
လက်ရှိ ကြုံတွေ့နေရသော အခြေအနေမျိုးသည်ကားထိုကဲ့သို့သော အခြေအနေမျိုးပင်တည်း။
စုချန်းအန်ဟူသည် စုမျိုးနွယ်စု၏ အကြီးဆုံးသား ဖြစ်ပြီး ဆွေစဉ်မျိုးဆက် ဇယားအရသာမက သူ၏ အရည်အချင်းအရပါ မျိုးနွယ်စုအပေါ် များစွာ သြဇာအာဏာ လွှမ်းမိုးမှုရှိ၏။ ထိုအခြေအနေမျိုးတွင် သူ့ကို ကျော်ဖြတ်ပြီး အပြောင်းအလဲ လုပ်ဆောင်ရန်မှာ အတော်ပင် ခက်ခဲသာ ကိစ္စကြီး ဖြစ်သည်။
ထို့အပြင် တတိယမြောက်အကြီးဆုံး ဖြစ်သော စုဖေးဟူကလည်း ရှိနေပြန်သည်။ သူသည် စုချင်းကို အထူးပင် ချစ်မြတ်နိုး၏။ သူ၏ သားနှင့်သမီးငယ်မှာလည်း အလွန် ငယ်ရွယ်သေးသည် ဖြစ်ရာ စနစ်ပြောင်းလဲသွားသည်ဖြစ်စေ၊ မပြောင်းလဲသည်ဖြစ်စေ ၎င်းတို့အပေါ် အကျိုးသက်ရောက်မှု မရှိလှ။ ထို့ကြောင့် စုခေါ့ကျိသည် သူ့ဆန္ဒကို အလွယ်တကူ အကောင်အထည် ဖော်နိုင်မည် မဟုတ်သည်ကတော့ သေချာလှသည်။
အခြားတဖက်တွင်လည်း စုခေါ့ကျိ၏ အကြံကို လက်မခံကြမည့် မျိုးနွယ်စု အကြီးအကဲ များစွာ ကျန်ရှိနေသေး၏။ ထို့ကြောင့် စုခေါ့ကျိအတွက် မျှော်လင့်ချက်မှာကား အရောင် မှိန်လှချေသည်။
ပညာရှင် အကြံပေးကြီး တန်က စုခေါ့ကျိ၏ အတွေးကို သဘောပေါက်ဟန်တူသည်။ သို့သော် သူက အလွန် အေးဆေးသော လေသံနှင့် ပြောလိုက်၏။
"ဒါကြောင့်မို့ သခင်ကြီးအနေနဲ့ တခြား နည်းလမ်းတွေကို စဉ်းစားရလိမ့်မယ် ကျုပ်လို အဖိုးကြီးဆီမှာ သခင်ကြီးအတွက် အဖိုးတန်မဲ့ အကြံညဏ်တခုတော့ ရှိနေတယ် ဒီအကြံက စုချန်းအန်ရဲ့ သဘောထားကို ပြောင်းလဲကောင်း ပြောင်းလဲနိုင်မယ်လို့ ယူဆရတယ် ဒါပေမဲ့ တခုရှိတာက ဒီအကြံက နည်းနည်းတော့ နှေးကွေးမယ် လာမဲ့နှစ်တိုင်အောင် အကောင်အထည် ပေါ်လာဖို့ မမြင်သေးဘူး"
စုခေါ့ကျိ အံ့သြသွား၏။ သူက မေးလိုက်သည်။
"ဘာ! နောက်နည်းလမ်း ဟုတ်လား အကြံပေးကြီး ဘာနည်းလမ်းလဲဗျ တကယ်လို့ အသုံးသာဝင်မယ်ဆိုရင် နောက်နှစ်ထိ စောင့်ရတော့ကော ဘာအရေးလဲ ပြောမှသာ ပြောစမ်းပါ"
အကြံပေးတန်က ပြုံးလိုက်သည်။ ထို့နောက် အလွန် လေးနက်သော လေသံနှင့် သူ့အကြံကို ထုတ်ဖော် ပြောဆိုလိုက်လေသတည်း။
"စုချန်းအန်မှာ နောက်ထပ် သားတယောက် မွေးဖွားလာစေဖို့ပဲ"
________________×××______________×××___________×××________________×××______________×××_______