← Chapters

ဘယ်တော့မှ အရှုံးမပေးဘူး ၃

Vol. 1 Ch. 4

ဘယ်တော့မှ အရှုံးမပေးဘူး ၃

Vol. 1 Ch. 4

ကံကြမ္မာဆိုသည်မှာ ကြိုတင်မြင်နိုင်သော အရာမျိုးမဟုတ်။ အနာဂါတ်တွင် ဖြစ်ပျက်လာမည့် အရာများကို မည်သူမျှ ကြိုတင် မသိရှိနိုင်။ ထိုသို့ သိရှိထားပါကလည်း လူ့ဘဝ၏ စိတ်လှုပ်ရှားစရာများ လုံးဝ ပျောက်ဆုံးသွားပေလိမ့်မည်။ မည်သို့ဆိုစေ ဖြစ်ပျက်ရမည့်အရာများသည် ဖြစ်ပျက်ရမည့်အချိန်တွင် ဖြစ်ကို ဖြစ်ပျက်ရမည်သာ။

စုခေါ့ကျိနှင့် အကြံပေးတန်တို့ မျှော်လင့်နေသော အဖြစ်အပျက်သည် လျင်လျင်မြန်မြန်ပင် ဖြစ်ပျက်လာတော့သည်။

၎င်းမှာ စုချန်းအန်တယောက် ၎င်း၏ စတုတ္ထမြောက် ဇနီးကို လက်ထပ်လိုက်ပြီး နှစ်လခန့်အကြာတွင် တတိယဇနီးက ကလေးတယောက် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ကလေးငယ်သည် အလွန် ကျန်းမာသန်စွမ်းပြီး တတုံးတခဲကြီး ဖြစ်၏။ ထိုထက် ပို၍ ထူးခြားသည်မှာ ကလေးငယ်သည် ယောကျာ်းလေး ဖြစ်နေခြင်းပင်။

စုချန်းအန်က ကလေးငယ်အား စုမင်ဟု နာမည်ပေးလိုက်လေသည်။ ထိုအဖြစ်အပျက်သည် စုချင်း ကြိုတင်မျှော်တွေးထားသာ အရာဟု စဉ်းစားစရာ ရှိနေ၏။ ထိုနေ့က စုမျိုးနွယ်စု ခြံဝင်းတခုလုံး ဗြောက်အိုး ဖောက်သံများ၊ လင်းကွင်းနှင့် အိုးစည်ဗုံမောင်း တီးသံများ၊ သီဆို ကခုန်သံများနှင့် ဆူညံလျက် ရှိလေရာ အလွန် စိတ်ဓာတ်တက်ကြွစေပြီး ပျော်ရွှင်စရာ မြင်ကွင်းတခုပင် ဖြစ်လေတော့သတည်း။

ထိုနေ့ညမှာပင် စုခေါ့ကျိသည် သူ့အစ်ကိုကြီးဆီသို့ ဂုဏ်ပြုရန် ရောက်ရှိလာခဲ့၏။ သူ့တွင် လက်ဆောင်ပဏ္ဍာများစွာ ပါလာသည်။ ထို့နောက် သူတို့နှစ်ယောက်သည် ပြောစရာများ မကုန်သကဲ့သို့ ကြာမြင့်စွာ စကားပြောဆိုနေခဲ့ကြလေသည်။

__________________×××______________×××______________×××_____________×××____________×××______

တခုသော မနက်ခင်းတွင် စုချင်းတယောက် နိုးထလာ၏။ မနက်မိုးလင်းတိုင်း လူတယောက်အတွက် ပြုလုပ်ရမြဲ တာဝန်တခုဖြစ်သည့် မျက်နှာသစ်၊ ကိုယ်လက် ဆေးကြောသုတ်သင်ခြင်းနှင့်အတူ သူက နေ့သစ်တနေ့ကို အစပြုလိုက်သည်။ ထို့နောက် သူသည် ခြံဝင်းတနေရာတွင် ငြိမ်သက်စွာထိုင်ကာ ကမ္ဘာမြကြီး၏ တေးဆိုသံကို နားထောင်နေ၏။ လေတိုးသံများသည် တစုံတယောက် စိတ်လိုလက်ရ လေချွန်နေသကဲ့သို့ တရွှီရွှီ အသံများ ထွက်ပေါ်နေပြီး သစ်ရွက်ကလေးများ အချင်းချင်း ပွတ်တိုက်သံများသည် တေးဂီတ ဖျော်ဖြေပွဲတခုမှ အသံများကဲ့သို့ သာယာနာပျော်ဖွယ် ကောင်းလှ၏။ သစ်ပင်ပေါ်တွင်ကား ငှက်ကလေးများ တေးဆိုနေကြသည်။ လမ်းမတလျှောက် ကျောက်စရစ်ခဲလေးများ လိမ့်ဆင်းသွားကြသည်။ ပုရွက်ဆိတ်လေးများကား အစာရှာဖွေနေကြလေသည်။ သဘာဝတရားကြီးသည်ကား သူ့သဘောသူဆောင်ကာ သူ့အလုပ်သူ လုပ်နေကြလေသည်တကား။

မျက်မမြင်တယောက်အဖို့ အကြားအာရုံသည်သာ အားကိုးအားထားရာ ဖြစ်သည်။ မျက်လုံးကန်းသွားပြီးကတည်းက စုချင်း၏ အကြားအာရုံသည် ယခင်ကထက် အဆပေါင်းများစွာ ထက်မြက်လာခဲ့၏။ ယခုအချိန်တွင် သူသည် သူများ မကြားနိုင်သည့် အသံပေါင်းစုံကို ကြားနိုင်သည့်အပြင် ၎င်းအသံများသည် မည်သည့်နေရာက ထွက်ပေါ်လာသည့် အသံများဖြစ်ကြောင်း ကောင်းစွာ ခွဲခြားသိမြင်နိုင်လေသည်။

ထိုအခိုက် သူ့နောက်ကျောဆီမှ ခြေသံကို စုချင်း ကြားလိုက်ရ၏။ သူက ခေါင်းကိုငဲ့စောင်းကာ မေးလိုက်သည်။ တဆက်တည်းမှာပင် နောက်ကို လှည့်လိုက်လေသည်။

"အဖေလား"

စုချန်းအန်တယောက် စုချင်း၏ နောက်ကျောမှ ထွက်ပေါ်လာ၏။ သူက

"ခုမှ မနက်စောစောပဲ ရှိသေးတယ် သားရဲ့ တတိယ ဦးရီးတော်ဟာ နေမင်းရောင်ခြည်ဓားသိုင်းကို မလေ့ကျင့်လောက်သေးဘူး ဒါတောင် သားက အဖေမှန်း ဘယ်လိုများ သိလိုက်တာလဲကွဲ့"

စုချင်းက ခပ်သဲ့သဲ့ ပြုံးရင်း ဖြေလိုက်သည်။

"အဖေနဲ့ ဦးရီးတော်ရဲ့ ခြေသံဟာ တကယ့်ကို တူပါတယ် တူတာမှ တထပ်တည်း ဖြစ်လုနီးပါးပါပဲ ဒါပေမဲ့ သားကတော့ အဖေတို့ နှစ်ယောက်ရဲ့ကြားထဲက ကွဲပြားခြားနားချက်ကို ခွဲခြားသိနိုင်ခဲ့ပြီဗျ"

စုချန်းအန် မည်သို့မျှ မပြောပါ။ သူသည် ချစ်စရာ သားဖြစ်သူအား တိတ်ဆိတ်ငြိမ်သက်စွာ စိုက်ကြည့်နေ၏။

စုချင်းသည် အမှန်တကယ်ပင် ထူးချွန်ထက်မြက်လှသော ကလေးဖြစ်သည်။ ကြီးစွာသော ဒုက္ခများနှင့် တွေ့ကြုံခဲ့ရသည့် နောက်ပိုင်း၌ပင် ၎င်းသည် စိတ်ဓာတ်မကျပဲ ပြန်လည် နိုးထလာနိုင်ခဲ့သည်။ သာမာန်ကလေးသာဆိုလျင် ရူးသွားစေလောက်သည့် အဖြစ်မျိုးသည် စုချင်းအတွက်မူ စိတ်ဓာတ်ခွန်အားများ ပေးစွမ်းခဲ့ပုံရသည်။ သူသည် ယခင်ကထက် ပို၍ လုံလစိုက်ကာ ကိုယ်ခန္ဓာ စွမ်းအားများ မွေးမြူခြင်းကို ဆက်လက် လေ့ကျင့်နိုင်ခဲ့၏။ စုချန်းအန်အဖို့ ဤကဲ့သို့သော သားကလေးတယောက် ရရှိသည့်အတွက် များစွာ ဂုဏ်ယူသင့်သည်။ များစွာ ဝမ်းမြောက်သင့်သည်။ သို့သော် လာရင်းကိစ္စကို စဉ်းစားမိသောအခါ စုချန်းအန်၏ စိတ်ထဲတွင် နင့်ခနဲ ခံစားလိုက်ရသည်။ ထိုအခါ သူ့စိတ်ထဲတွင် ဖြစ်ပေါ်နေသော ပျော်ရွှင်ဝမ်းမြောက်မှုများသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားလာ၏။

သူ့စိတ်ထဲတွင်ကား စကားတချို့ကို တီးတိုး ရေရွတ်လိုက်မိလေသည်။

"တကယ်လို့ ငါ့သားဟာ သိပ်ကို ထူးချွန်ထက်မြက်တဲ့ ကလေးတယောက် မဟုတ်ခဲ့ရင် ကောင်းမှာပဲကွာ"

ထိုစဉ် စုချင်းက မေးလိုက်သည်။

"အဖေ ဒီနေ့ သားကို လာရှာတာ အလကားသက်သက်တော့ ဟုတ်ပုံမရဘူး ပြောစရာတခုခု ပါလာပြန်ပီထင်တယ် ဟုတ်ရဲ့လား အဖေ"

စုချန်းအန်က စကားပြန်မပြောသေးပဲ စုချင်းဘေးရှိ ကျောက်တုံးကြီး တတုံးပေါ်တွင် ထိုင်ချလိုက်၏။ ထို့နောက် သူက စကားစသည်။

"မနေ့က မင်းရဲ့ ဒုတိယဦးရီးတော် အဖေ့ကို လာရှာတယ် ငါ့သား"

ဖခင်၏ စကားကြောင့် စုချင်း၏ ရင်အစုံသည် ထိတ်ခနဲ ခုန်သွား၏။

စုခေါ့ကျိအနေနှင့် သူ့အစ်ကိုကြီးဖြစ်သော စုချန်းအန်ဆီသို့ အရင်တခေါက်ကတည်းက လာရောက်တွေ့ဆုံခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ သိပ်ထူးဆန်းသည့် ကိစ္စတော့မဟုတ်။ သို့သော် စုချန်းအန်က သူ့ညီဆီသို့ အလည်သွားလျင်မူ အနည်းငယ် ထူးဆန်းနေပေပြီ။ သူတို့နှစ်ယောက်သည် ပထမတကြိမ် ဆွေးနွေးခဲ့သော ကိစ္စကိုသာ ပြန်လည်ဆွေးနွေးလိမ့်မည်ဟု စုချင်းက ယူဆ၏။ အကယ်၍ ဖခင်ဖြစ်သူသည် စုခေါ့ကျိ၏ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ပြီးရိုးမှန်လျင် စုချန်းအန်အနေနှင့် ယခုကဲ့သို စုချင်းကို တကူးတက လာတွေ့စရာ မလိုတော့။ အရာအာလုံးသည် စဉ်းစားဖွယ်ရာပင်။ မည်သို့ဆိုစေ အခြေအနေကတော့ မကောင်းနိုင်သည်မှာ သေချာနေ၏။

စုချင်း၏ စိတ်ထဲတွင် လှိုင်းတံပိုးကြီးများ ထသကဲ့သို့ အထူးပင် လှုပ်ရှားနေသော်လည်း သူ့ပုံစံမှာကား တည်ငြိမ်ပြီး စိတ်အေးလက်အေး ရှိလှသည်။ သူသည် ဖခင်၏ စကားကို အာရုံစိုက်နေဟန် ပေါ်သည်။ သူ မျက်စိမမြင်ခဲ့သည်မှာ နှစ်နှစ်ပင် ကြာခဲ့လေပြီ။ ကြီးမားလှသော စိတ်ဒုက္ခများကို ကြံ့ကြံ့ခံခဲ့ပြီးနောက် သူသည် ယခင်ကထက် များစွာ တည်ငြိမ်လာ၏။ သူ့စိတ်ထဲတွင် ဖြစ်ပျက်နေသည့် အရာများ၊ ဒဏ်ရာဒဏ်ချက်များ၊ စိတ်လှုပ်ရှားမှုများသည် သူ့မျက်နှာပေါ်တွင် ပေါ်ပေါက်လာခြင်း မရှိတော့။ ၎င်းစိတ်ခံစားချက်များကို စိတ်နှလုံး၏ အနက်ရှိုင်းဆုံးနေရာတွင် မည်ကဲ့သို့ သိမ်းဆည်းထားရမည်ဆိုသည့် နည်းလမ်းကို စုချင်းတယောက် ကောင်းစွာ လေ့လာတတ်မြောက်နိုင်ခဲ့လေပြီ။

ထိုအခါ စုချင်းက ဖခင်ဖြစ်သူကို တည်ငြိမ်စွာ မေးခွန်းထုတ်လိုက်သည်။

"သူက ဘာဖြစ်လို့ အဖေ့ကို လာရှာတာတဲ့လဲ"

စုချန်းအန်က ဖြေလိုက်သည်။

"သားရဲ့ ဦးရီးတော်က နှစ်ကုန် အကဲဖြတ်ပြိုင်ပွဲမှာ သားအနေနဲ့ ဝင်မပြိုင်ပဲ နောက်ဆုတ်ဖို့ အကြံပေးချင်နေတုန်းပဲ"

စုချင်းက

"ဒီတော့ အဖေက ဘာမှ သူ့ကို အဖြေမပေးလိုက်ဘူးမလားဟင်"

စုချန်းအန်က မည်သို့မျှ မပြောပဲ ခေတ္တ နှုတ်ဆိတ်နေ၏ အတန်ကြာမှ သူက စကားဆက်သည်။

"တကယ်လို့ အကဲဖြတ်ပြိုင်ပွဲရဲ့ စနစ်ကို ပြောင်းလဲဖို့ အဖေကသာ သဘောတူမယ်ဆိုရင် သူက စုမင်ကို စုလင်းကိုယ်စား သုံးပွင့်ဆိုင် နွေဦး ရေကန်မှာ နှစ်ခြင်း ခံပေးမယ်လို့ ကတိပေးသွားတယ်ကွဲ့ ဒါဟာ မင်းရဲ့ ညီလေး စုမင်အတွက် အင်မတန် ထူးခြားတဲ့ အခွင့်အရေးပဲ"

သုံးပွင့်ဆိုင် နွေဦးရေကန် ဟူသည်မှာ မြောက်ပိုင်းမျက်နှာမြို့တော်၏ မူလ ချီစွမ်းအား အရင်းအမြစ်များကို သိမ်းဆည်းထားသော ရေကန်များ ဖြစ်သည်။ ၎င်းရေကန်များသည် မူလစွမ်းအင်များကို စုရုံးပေးထားနိုင်သော အစွမ်းရှိပြီး အကယ်၍ တစုံတယောက်သာ ထိုရေကန်တွင် နှစ်ခြင်းပေးခံရပါက ထိုသူသည် မူလ ချီစွမ်းအားများကို သိမြင်နားလည်နိုင်စွမ်း အလိုအလျောက် မြင့်မားလာစေနိုင်၏။ သို့သော်လည်း ၎င်းသည် သုံးနှစ်နှင့် သုံးနှစ်အောက် ကလေးများအပေါ်တွင်သာ အကျိုးသက်ရောက်မှု ရှိလေသည်။

အဆိုပါ သုံးပွင့်ဆိုင် နွေဦးရေကန်ကို ထိန်းချုပ်ထားသူမှာ မြောက်ပိုင်းမျက်နှာမြို့တော်၏ အရှင်သခင်တဦးဖြစ်သည် ယွဲ့ဝေချောင်းပင် ဖြစ်လေသည်။ ပြင်ပမျိုးနွယ်စုများသည် ထိုရေကန်ကို တနှစ်လျင် သုံးကြိမ် အသုံးပြုခွင့် ရှိလေရာ ထိုခွင့်ပြုချက်ကို သခင်ယွဲ့ဝေချောင်းတယောက်တည်းကသာ ခွင့်ပြုနိုင်၏။ ထိုခွင့်ပြုချက်မျိုး ရရန်လည်း မျိုးနွယ်စုအချင်းချင်း အသည်းအသန် ယှဉ်ပြိုင်ရလေ့ရှိသည်။

စုချန်းအန်သည် မျိုးနွယ်စု အကြီးဆုံးသား ဖြစ်လေရာ ထိုပြိုင်ပွဲမျိုးတွင် အနိုင်ရရှိခဲ့ဖူးပြီး စုချင်းငယ်စဉ်ကလည်း သုံးပွင့်ဆိုင် နွေဦးရေကန်တွင် နှစ်ခြင်း ခံဖူးလေသည်။ စုချင်း၏ ကြီးမားသော ဇွဲလုံ့လနှင့် စုမျိုးနွယ်စု၏ ပံ့ပိုးမှုများအပြင် ဤတချက်သည်လည်း စုချင်းတယောက် စွမ်းအားများ မွေးမြူရာတွင် လျင်မြန်ရခြင်း၏ အကြောင်းပြချက် တချက်ဟု ဆိုရမည်။

ယခုအချိန်တွင်ကား စုချန်းအန်၌ ဒုတိယမြောက် သားယောကျာ်းတယောက် ထပ်မံ ရရှိခဲ့လေပြီ။ သို့သော် သူသည် ပထမသားငယ် စုချင်းအတွက် နွေဦး ရေကန်တွင် နှစ်ခြင်း ခံခဲ့ပြီး ဖြစ်လေရာ ယခုတဖန် ဒုတိယသား စုမင်အတွက် ထိုအခွင်အရေးကို ထပ်မံရရှိရန်မှာ အလွန်တရာ ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။

တဖန် စုမျိုးနွယ်စုသည် နောက်ပိုင်းနှစ်များတွင် ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာပြီး ကြီးထွားသည်ထက် ကြီးထွားလာရာ တတိယ မျိုးဆက်အရောက်တွင် မျိုးဆက်သစ်များ၏ အရေအတွက်မှာ မနည်းတော့ပေ။ ဤအခြေအနေတွင် အထက်ပါ အခွင့်အရေးကို စုချန်းအန်ကသာ ထပ်မံ ရရှိခဲ့လျင် အခြားလူများ၏ အမြင်တွင် မတရားဟု ယူဆပေလိမ့်မည်။

စုလင်းဆိုသည်မှာ စုခေါ့ကျိ၏ အငယ်ဆုံး သားကလေး ဖြစ်သည်။ ခေါ့ကျိသည် လွန်ခဲ့သောနှစ်က သားယောကျာ်းလေးတဦး ရရှိခဲ့၏။ ထိုကလေးကို စုလင်းဟု အမည်ပေးလိုက်သည်။ စုခေါ့ကျိသည် သြဇာအရှိန်အဝါ ကြီးမားသူဖြစ်ပြီး စုမျိုးနွယ်စု၏ ဝါရင့်သမ္ဘာရင့်တဦး ဖြစ်လေရာ ယခုအကြိမ် သုံးပွင့်ဆိုင် နွေဦးရေကန် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အခွင့်အရေးသည် သူ့လက်ထဲသို့ ရောက်ရှိလာခဲ့၏။

လူအများစုက သံသယရှိကြသည်မှာ သုံးပွင့်ဆိုင် နွေဦးရေကန်တွင် နှစ်ခြင်းခံယူရန် အခွင့်အရေး စုမျိုးနွယ်စု လက်အတွင်းသို့ နောက်တကြိမ် ပြန်လည်ရရှိရန် စုခေါ့ကျိက ဤကလေးကို ချိန်ကိုက်မွေးဖွားခဲ့သည် ဟူ၏။ အဆိုပါ သံသယ မှန်/မမှန် မည်သူမျှ တပ်အပ်သေချာစွာ မပြောနိုင်သော်လည်း ထိုအခွင့်အရေးကို စုခေါ့ကျိတယောက် မိမိရရ ဖမ်းဆုပ်နိုင်ခဲ့သည်ကတော့ အမှန်ပင်။

စုလင်းဟူသောအမည်သည် အတော်ကလေး ကောင်းမွန်သော နာမည်ဖြစ်သည်။ သို့သော် သူ၏ ကိုယ်ခန္ဓာ တည်ဆောက်ပုံနှင့် ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံး၏ သန်စွမ်း ကြံ့ခိုင်မှုမှာ သိပ်ထူးထူးခြားခြား မရှိလှပဲ သာမာန်ကလေးများနှင့် ထူးမခြားနားသာ ဖြစ်သည်။ ထို့ကြောင့် ဤကလေးသည် ပါရမီရှင်ကလေးတယောက် မဟုတ်နိုင်ပဲ သူ၏ အနာဂါတ် အလားအလာမှာလည်း သမရိုးကျ လမ်းကြောင်းအတိုင်းသာ သွားလိမ့်မည်ဟု စုခေါ့ကျိက ယူဆထားသည်။ သို့သော် ထိုအတွက်ကြောင့်တော့ စုခေါ့ကျိက နွေဦးရေကန် အခွင့်အရေးကို လက်လွတ်ခံလိမ့်မည် မဟုတ်။ သူက ထိုအခွင့်အရေးကို အစားထိုး လဲလှယ်ရန် အသုံးပြုမည် ဖြစ်သည်။

စုချင်း မျက်လုံးကွယ်သွားခြင်းကြောင့် စုချန်းအန်သည် သူ့အရိုက်အရာကို စုချင်းတယောက် ဆက်ခံနိုင်စေရန် မျှော်လင့်ချက်များအားလုံး ပျက်သုန်းခဲ့ရလေသည်။ ထိုအခါ စုချန်းအန်၏ စိတ်ထဲတွင် နောက်ထပ် ကျန်းမာသန်စွမ်းသော ကလေး လိုချင်လာတော့သည်။ ဤတချက်ကြောင့်တော့ စုချန်းအန်ကို အပြစ်မတင်သင့်ပေ။ ဖခင်တယောက်အဖို့ မိမိ၏ အရိုက်အရာကို ဆက်ခံနိုင်မည့် သားယောကျာ်းလေးတယောက် လိုချင်သည်မှာ လွန်စွာ သဘာဝကျသော ကိစ္စပင် မဟုတ်ပါလား။

စုချင်းက မေးလိုက်သည်။

"ဒီတော့ အဖေက ညီလေးမင် နှစ်ခြင်းခံယူခွင့်ရအောင် ဒီပြိုင်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ဖို့ ဆန္ဒရှိနေတယ်ပေါ့ ဟုတ်လား အဖေ"

စုချင်း၏ မေးခွန်းကို စုချန်းအန်က ပြန်လည် ဖြေကြားလိုက်သည်။

"ဒါဟာ စုမင်အတွက် မဟုတ်ဘူး ငါ့သား"

ဖခင်ဖြစ်သူ၏ အဖြေကြောင့် စုချင်းတယောက် ကြက်သေသေသွား၏။ စုချန်းအန်က စကားဆက်ပြန်သည်။

"ရေဆန်လေဆန်ခန်းမဆောင်ရဲ့ သမားတော်ယွမ်က မင်း စတုတ္ထမိခင်ရဲ့ ကိုယ်ဝန်ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ စမ်းသပ်ခဲ့ပြီးပြီ နောက်ထပ် ယောကျာ်းလေးတယောက်ပဲကွဲ့"

စုချင်း၏ ရင်ထဲတွင် ကျင်ခနဲ ဖြစ်သွားသည်။ သူ့စိတ်ထဲတွင်ကား ဖခင်နှင့် သူ့ကြားရှိ ဆက်ဆံရေးသည် တဖြည်းဖြည်း သွေးအေးကာ ဝေးကွာလာသကဲ့သို့ ခံစားလိုက်ရလေသည်။ စုချင်းတယောက် ဖခင်ဖြစ်သူ ပြောဆိုနေသော စကားလုံးများ၏ ရည်ရွယ်ချက်ကို ကောင်းကောင်းကြီး သဘောပေါက်လိုက်ပေပြီ။

မိမိ၏ ဖခင်ဖြစ်သူ စုချန်းအန်သည် မိမိ၏ မမွေးဖွားလာသေးသည့် ဖအေတူ မအေကွဲ ညီလေးအတွက် ကြိုတင် စဉ်းစားနေခြင်းပေတကား။ ဤအတွက် မည်သူ့ကိုများ အပြစ်ဆိုရမည်နည်း။ မိမိ၏ ဖခင်သည် သူ၏ စတုတ္ထဇနီး အသစ်စက်စက်ကို အလွန် ချစ်မြတ်နိုးပြီး နက်ရှိုင်းစွာ ငြိတွယ်နေခဲ့လေရာ သူမ လွယ်ထားသည့် ရင်သွေးငယ်အတွက် စုခေါ့ကျိနှင့် သဘောတူညီမှု ရယူလိုက်ခြင်းပင်။

ဤသည်မှာ စုချန်းအန်၏ ဆုံးဖြတ်ချက်ပေတည်း။ သူသည် စုခေါ့ကျိ၏ ဆန္ဒအတိုင်း အကဲဖြတ်စနစ်ကို ပြောင်းလဲရန် ထောက်ခံပေးမည်။ စုခေါ့ကျိဘက်ကမူ စုလင်းအတွက် သူရယူထားသော သုံးပွင့်ဆိုင် နွေဦးရေကန်၌ နှစ်ခြင်းခံယူခွင့်အတွက် တိုက်ပွဲဝင်ရန် အခွင့်အရေးကို ပြန်ပေးပေလိမ့်မည်။ စုချန်းအန်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်လေရာ စုချင်း သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အရေးမပါတော့။

စုချင်းသည် ဖခင်ဖြစ်သူ၏ စကားကို ကောင်းစွာ ကြားရ၏။ စကားလုံးများ၏ အဓိပ္ပါယ်ကို ကောင်းစွာ နားလည် သဘောပေါက်၏။ သို့သော် မည်သို့မျှ ပြန်လည်တုံ့ပြန် ပြောဆိုခြင်းမရှိပဲ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေလေ၏။ သူသည် ကလေးမျှသာ ဖြစ်သည်။ အသက်အားဖြင့်လည်း လွန်စွာ ငယ်ရွယ်သေး၏။ သူ၏ နောက်ထပ် မွေးနေ့ကို ရောက်ရန်ပင် သုံးလမျှ လိုနေသေးသည်။

သို့သော် သူ့အသက်အရွယ်နှင့်စာလျင် သူ့စိတ်ပိုင်းဆိုင်ရာမှာကား များစွာ ရင့်ကျက်နေခဲ့လေပြီ။ လက်ရှိ ကြုံတွေ့နေရသော ပြသနာသည် သူ့အတွက် ပထမဆုံး ပြသနာမဟုတ်။ လွန်ခဲ့သောနှစ်မှ ကြုံတွေ့ခဲ့ရသော ခါးသက်သည့် အတွေ့အကြုံများသည် သူ့ကိုယ်တွင်း၌ နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့လေပြီ။ သူ့နှလုံးသားသည်ကား မည်သည့် စိတ်ခံစားချက်မျိုးကိုမဆို ခံနိုင်ရည်ရှိလောက်အောင် ရင့်ကျက် မာကျောနေခဲ့လေပြီ။ မှောင်မဲသော လောကကြီးတွင် နေထိုင်ရင်း သူသည် အလင်းရောင် အနည်းငယ်မျှ ကျန်ရှိနေသေးသည့်တိုင်အောင် စောင့်ရှောက်ရန် စိတ်ဆုံးဖြတ်ထား၏။ တခါတရံ ထိုအဖြစ်မှာ မလွယ်လှပါ။ ပုံမှန်မဟုတ်သော နည်းလမ်းတချို့ကိုပင် အသုံးပြုရန် လိုကောင်း လိုလာပေလိမ့်မည်။

စုချင်း တိတ်ဆိတ်နေ၏။ အတန်ကြာမှ သူက စကားစသည်။

"အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ အဖေရယ်.. သားဟာ အဖေ့ကို လိမ်ထားမိတာလေး တခုတော့ ရှိပါတယ်"

စုချန်းအန် မျက်လုံးပြူးသွား၏။ သူက ချက်ချင်းပင် မေးမြန်းလိုက်သည်။

"ဘာများလဲ သားရဲ့"

စုချင်းက ခေါင်းညိတ်လိုက်သည်။

"ကျွန်တော့ရဲ့ မျက်လုံးတွေဟာ လတ်တလောမှာ ပြန်ကောင်းစ ပြုနေပါပြီ အဖေ"

စုချင်း၏ စကားကြောင့် စုချန်းအန် လွန်စွာ အံ့သြသွား၏။ သူသည် ထိုင်နေရာမှ ထရပ်လိုက်ပြီး စက္ကန့်ပေါင်းများစွာ သတိလက်လွတ် မတ်တပ်ရပ်မိနေ၏။ အတန်ကြာမှ သူက သတိဝင်လာပြီး စုချင်းကို ဝမ်းသာအားရနှင့် သိုင်းဖက်လိုက်တော့သည်။

စုချင်း ပြန်ကောင်းလာခြင်းသာ အမှန်ဆိုလျင် ဤသတင်းသည် မင်္ဂလာအရှိဆုံးသော သတင်းပေတည်း။ စုချန်းအန်အနေနှင့် စုမင်နှင့် မမွေးဖွားလာသေးသော ကလေးကို မည်မျှပင် ချစ်မြတ်နိုးသည် ဆိုစေကာမူ စုမျိုးနွယ်စု တခုလုံးတွင် စုချင်း၏ ပါရမီကို လိုက်မှီသူ တယောက်မှ မရှိမှန်း သူကောင်းကောင်းကြီး နားလည် သဘောပေါက်ထား၏။ နဂိုမူလကတည်းက ထူးချွန်ထက်မြက်ပြီးသား ကလေးကို အပြည့်အဝထောက်ပံ့ပေးခြင်းသည် ပါရမီရှင် ဟုတ်မဟုတ် မကွဲပြားသေးသော သို့တည်းမဟုတ် မွေးပင်မွေးမလာသေးသော ကလေးကို ထောက်ပံ့ခြင်းထက် များစွာ ပညာရှိရာကျကြောင်း စုချန်းအန် နားလည်ထား၏။

ခွန်အားနှင့် စွမ်းရည်သတ္တိသည်သာလျင် အခရာဟု ယူဆကြသော ဤကမ္ဘာကြီးဝယ် ထိုအချက်သည် အလိုအလျောက် နားလည် သဘောပေါက်ပြီး ဖြစ်နေရမည့် အချက်ဖြစ်သည်။ စုလင်းအတွက် သုံးပွင့်ဆိုင်နွေဦးရေကန် နှစ်ခြင်းခံယူရန် တိုက်ခိုက်ခွင့် တနေရာစာကို စုခေါ့ကျိ အဘယ်ကြောင့် စုချန်းအန်နှင့် အပေးအယူလုပ်ရန် ကြံစည်သနည်း။

အကြောင်းမှာ စုခေါ့ကျိကိုယ်တိုင် သားဖြစ်သူ စုလင်းကို မယုံရဲသောကြောင့်ပင်။ သုံးပွင့်ဆိုင် နွေဦးရေကန်တွင် နှစ်ခြင်းခံယူပြီးသည့်တိုင် စုလင်း၏ နိမ့်ကျသော ကိုယ်၊ စိတ် ကြံခိုင်မှုအခြေအနေကြောင့် ၎င်းသည် ၎င်း၏ အစ်ကိုကြီးဖြစ်သူ စုချိန်းထက် သာလွန်သွားလိမ့်မည်ဟု သူမယုံသောကြောင့်ပင်။ ထို့ကြောင့် လူတယောက်၏ ဖွံ့ဖြိုးတိုးတက်မှုဟူသည် နွေဦးရေကန်ကြောင့် ဖြစ်လာသော စွမ်းအားတခုတည်းနှင့် ပြီးပြည့်စုံသည်မဟုတ်။ လွှမ်းမိုးနသော တခြားအချက်အလက်များ မြောက်များစွာ ကျန်ရှိနေသေး၏။

မလိုအပ်ပဲ စွန့်စားပြီး တစုံတယောက်အပေါ်တွင် ပုံအော၍ အလောင်းအစား ပြုလုပ်ခြင်းမျိုးသည် အန္တရာယ်များသောအရာ ဖြစ်သည်။ အထူးသဖြင့် မမွေးလာသေးသည့် ကလေးတယောက်အပေါ် ပုံအောခြင်းသည် ပို၍ပင် အလောင်းအစား ဆန်နေ၏။ ဤသဘောတရားကို စုချန်းအန်တယောက် ကောင်းကောင်းကြီး နားလည်သဘောပေါက်ထားသည်။ ပန်းပွင့်များ ဝေဝေဆာဆာနှင့် ပွင့်လန်း ရှင်သန်နေသော ပန်းပင်တပင်အား ရေလောင်းပေါင်းသင်ပေးခြင်းသည် နှင်းဖုံးမြေပေါ်တွင် မီးသွေးများ ကျဲချပြီး ရိပ်သိမ်းနိုင်ရန် မျှော်လင့်နေသည်ထက် အဆပေါင်းများစွာ သင့်တော်မှန်ကန်သော နည်းလမ်းပင် မဟုတ်ပါလား။

အကယ်၍ စုချင်း၏ မျက်လုံးများသာ အမှန်တကယ် ပြန်လည်ကောင်းမွန်လာခဲ့လျင် စုချန်းအန်အနေနှင့် စုချင်းအပါ် မည်သည့် အကြောင်းပြချက်နှင့်မျှ ပစ်ပယ်ရန် မရှိ။ သားဖြစ်သူ၏ စကားကို နားထောင်ရင်း စုချန်းအန်က တုန်ယင်စွာ မေးလိုက်သည်။

"ငါ့သား မင်းတကယ်ပြောနေတာလားကွာ ဘာကြောင့်များ အဖေ့ကို စောစောက မပြောခဲ့တာလဲ"

စုချင်းက ဖြေလိုက်သည်။

"ကျွန်တော့မျက်လုံးက သိပ်အများကြီးတော့ မမြင်ရသေးဘူး အဖေရဲ့ အလင်းရောင် နည်နည်းလောက်ကိုပဲ မြင်ရသေးတာ ဒီတော့ ကျွန်တော်က ပိုပြီး သက်သာလာအောင် နည်းနည်းထပ်စောင့်မလားလို့ ကျွန်တော့စိတ်ထဲမှာ အဖေ့ကို အံ့သြသွားစေချင်လို့ပါ"

စုချန်းအန်တယောက် အလွန် ဝမ်းမြောက်နေ၏။ သူက ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ငါ့သား ပြန်ကောင်းနိင်တယ်ဆိုတာ သိရလို့ အဖေတော့ တကယ်ကို ဝမ်းသာသွားပြီဟေ့"

လွန်ခဲ့သော နှစ်နှစ်တာ ကာလလုံးလုံး စုချင်းသည် မည်သည့် အလင်းရောင်မျှကိုပင် မမြင်နိုင်ခဲ့ပဲ တလောကလုံး အမှောင်အတိသာ ဖုံးနေခဲ့ရ၏။ အကယ်၍ စုချင်းသာ မလိမ်ညာခဲ့လျင် သူ့မျက်လုံးများအတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့ပေပြီ။

စုချင်းက ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျွန်တော့မျက်လုံးတွေ လုံးဝ ပြန်ကောင်းဖို့ဆိုရင် အနည်းဆုံး တနှစ် နှစ်နှစ်လောက်တော့ အချိန်ယူရအုံးမယ် ထင်တာပါပဲ အဖေရယ်"

စုချန်းအန်က ခေါင်းတဆတ်ဆတ်ညိတ်ရင်း ပြောလိုက်သည်။

"တနှစ် နှစ်နှစ် ဟုတ်လား ငါ့သား ပြသနာမရှိပါဘူးကွာ အဓိကက ငါ့သား ပြန်ကောင်းဖို့ပါ ဒီလောက် အချိန်လေးနဲ့ ဘာမှ ဖြစ်မသွားပါဘူးကွ အဖေတို့ စောင့်နိုင်ပါတယ်"

ထိုအခါ စုချင်းက

"ဒါဆိုရင် ဒုတိယ ဦးရီးတော် ပြောတဲ့ ကိစ္စကရော အဖေ"

စုချန်းအန်က ခိုင်မာပြတ်သားသော လေသံနှင့်

"ဘာအရေးလဲကွ အဖေ ငြင်းလိုက်မှာပေါ့"

ထို့နောက် စုချန်းအန်က ခြေလှမ်းအနည်းငယ်ခန့် လျှောက်ပြီး ဖြတ်ခနဲ ရပ်တန့်ကာ သူ၏ ဘယ်ဖက်လက်ကို လှုပ်ရမ်းပြလိုက်သည်ၤ။ စုချင်း၏ အမြင်အာရုံကို စစ်ဆေးလိုက်သည့် သဘောပင်။

စုချင်းက ပြုံးလိုက်သည်။

"အဖေ့ရဲ့ လက်ကို လှုပ်ပြနေတာလား အဖေ သား သေသေချာချာ မမြင်ရဘူးအဖေရဲ့ အရိပ်လောက်ပဲ ဝိုးတဝါး မြင်ရသေးတယ်"

စုချန်းအန် သက်ပြင်းချလိုက်၏။ ထို့နောက် သူက ငြင်သာသော လေသံဖြင့် ပြောလိုက်သည်။

"ငါ့သား အနားယူရအုံးမယ်ကွဲ့"

ပြောပြောဆိုဆို စုချန်းအန်သည် နောက်လှည့်ကာ ထွက်ခွာသွားလေတော့သတည်း။

All Chapters