← Chapters

လိမ်လည်ခြင်း

Vol. 1 Ch. 5

လိမ်လည်ခြင်း

Vol. 1 Ch. 5

စုချန်း၏ မျက်လုံးများ ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဟူသော သတင်းသည် စုမျိုးနွယ်စု ခြံဝင်းတစ်ခုလုံးသို့ လေမုန်တိုင်း တစ်ခုသဖွယ် ပျံ့နှံ့သွားတော့သည်။ အဆိုပါ သတင်းသည် လူတိုင်း၏ နှုတ်ဖျားတွင် အထူးပင် ရေပန်းစားနေ၏။ "စုချန်း ပြန်ကောင်းလာပြီ စုချန်း ပြန်ကောင်းလာပြီ" စသဖြင့် တစ်ယောက်စကား တစ်ယောက်နားသို့ ရောက်အောင် မမောနိုင် မပန်းနိုင်နှင့် ဖြန့်ဝေကြလေသည်။ ဤသို့နှင့် စုမျိုးနွယ်ဝင်များ အားလုံးသည် အထူးပင် စိတ်လှုပ်ရှားစရာ ရနေကြလေသည်။

လူ့သဘာဝအတိုင်း အဆိုပါ သတင်းအတွက် ပျော်ရွှင်ဝမ်းမြောက် နေသူများ ရှိသလို မလိုတမာ ဖြစ်နေသူ၊ စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြသူများလည်း ရှိကြကုန်၏။

အမှန်တကယ်အားဖြင့် စုချန်း မျက်လုံးကွယ်သွားပြီး နောက်ပိုင်း အိမ်တော်ဝင်း တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်ခဲ့သည်မှာ အချိန်ပင် အတော်ကြာခဲ့ပေပြီ။ ပျော်ရွှင်မှုများ ခန်းခြောက်နေခဲ့ ကြသည်မှာ လပေါင်းများစွာ ကြာညောင်းခဲ့လေပြီ။ ပါးစပ်များ ဆွံ့အံ့နေခဲ့သည်မှာ နှစ်နှစ်ခန့် ကြာမြင့်ခဲ့ပေပြီ။ ယခုတွင်ကား စုချန်း၏ မျက်လုံးများ ပြန်ကောင်းလာပြီ ဟူသော သတင်းသည် သုသာန်တစပြင်ကြီးပမာ တိတ်ဆိတ် ခြောက်ကပ်နေသော အိမ်တော်ကြီးကို ပြန်လည် အသက်ဝင်စေခဲ့၏။ ဤယနေ့တွင်ကား အိမ်တော်ဝင်း တစ်ခုလုံး အလုပ်ကိုယ်စီရှုပ်ကာ ပျားပန်းခတ်မျှ ပွက်လောရိုက်နေ ကြလေသည်။

စုမျိုးနွယ်စု၏ အကြီးအကဲဖြစ်သော၊ လူတိုင်းကြည်ညို လေးစားရသော၊ စုချန်း၏ အဘိုးဖြစ်သော သခင်ကြီး စုချန်ချင်းသည်ပင် ဝမ်းမြောက်ဝမ်းသာနှင့် ၎င်း၏ မြေးရတနာကို လာရောက်တွေ့ဆုံရှာ၏။ သခင်ကြီးစုသည် မြေးဖြစ်သူ စုချန်း၏ လက်အစုံကို နွေးထွေးစွာ ဆုပ်ကိုင်ပြီး ချစ်ခင်ကြင်နာစွာ ဆက်ဆံလေသည်။ သူ၏ အပြုအမူသည် လူအတော် များများကို မှင်သက်သွားစေ၏။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော အပြုအမူမျိုးကို စုချန်ချင်း၏ဘဝ တစ်သက်တာတွင် အတော်လေးပင် လုပ်ခဲလှသောကြောင့် ဖြစ်သည်။ ထို့နောက်တွင်ကား စုမျိုးနွယ်စု အကြီးအကဲများသည် တစ်ယောက်ပြီးတစ်ယောက် စုချန်းဆီသို့ လာရောက် တွေ့ဆုံကြ၏။ စုချန်း၏ ဝမ်းကွဲ ညီအစ်ကိုများမှာလည်း ထိုနည်းလည်းကောင်းပင် တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြလေသည်။

ထိုကဲ့သို့ ရောက်ရှိလာကြသူများထဲတွင် စုခေါ့ကျိလည်း ပါဝင်၏။ သူသည် လက်ဆောင်အများအပြား ယူလာပြီး စုချန်းဆီသို့ ကိုယ်တိုင်လာရောက် တွေ့ဆုံ၏။ စုခေါ့ကျိ၏ စကားလုံးများက ပျားရည်ဆမ်းထားသကဲ့သို့ လွန်စွာ နားထောင်၍ ကောင်းလှသည်။ သူက စုချန်းအတွက် လွန်စွာ ဝမ်းသာကြောင်း အောက်ပါအတိုင်း ပြောဆိုလေ၏။

"ချန်းအာရဲ့ မျက်လုံးတွေ ပြန်ကောင်းလာပြီလို့ ကြားရတော့ ဦးရီးတော်ဖြင့် သိပ်ဝမ်းသာတာပဲ။ ဒီည ဦးရီးတော်ကတော့ ဝမ်းသာတဲ့ အထိမ်းအမှတ်နဲ့ အများကြီး သောက်ပစ်ဦးမယ်ဟေ့"

စုခေါ့ကျိ၏ ရေပေါ်ဆီစကားကို ကြားရသောအခါ စုချန်းက တည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။

"ဒုတိယ ဦးရီးတော်အနေနဲ့ ပြောစရာရှိရင် ပြောသာပြောပါခင်ဗျာ ကျွန်တော့်မျက်နှာရှေ့မှာ လက်တစ်ပြပြနဲ့ လုပ်နေစရာ မလိုပါဘူး"

စုချန်း၏ စကားကို ကြားရသောအခါ စုခေါကျိတစ်ယောက် မိုးကောင်းကင်ကို မော့ကြည့်ရင်း ရှက်ကိုးရှက်ကန်းနှင့် ရယ်မောလိုက်သည်။ ထို့နောက် သူက စုချန်း၏ ပခုံးကို ခင်မင်ရင်းနှီးစွာပုတ်ရင်း ပြောလိုက်၏။

"ကျုပ်ရဲ့ ဂုဏ်သရေရှိတဲ့ တူကလေး ပြန်ကောင်းလာဖို့ သင့်နေပါပြီလေ ကောင်းတယ်ဟေ့ ကောင်းတယ်"

ထိုစကားကို ပြောဆိုပြီးသည်နှင့် စုခေါ့ကျိသည် နေရာမှ ထွက်ခွာသွားလေသည်။ စုခေါ့ကျိ ပြန်သွားသည့်ညက အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့၏။ ထိုအကြောင်းကို နောက်ပိုင်းမှ စုချန်းက ပြန်လည်ကြားသိရခြင်း ဖြစ်သည်။ ၎င်းမှာ စုခေါ့ကျိသည် ထို့နေ့ညက ငယ်ရွယ်သော အစေခံတစ်ယောက်ကို အသက်ပါသွားသည်ထိ ဒေါသတကြီးနှင့် ထိုးကြိတ်ခဲ့ခြင်းပင်။ ကောလဟလ သတင်းများအရ ထိုအစေခံငယ်၏ ပြစ်မှုမှာ သိပ်မကြီးလှ။ ငယ်ရွယ်သဖြင့် အာရုံစူးစိုက်မှု နည်းရှာသော အစေခံငယ်သည် နမော်နမဲ့နှင့် စုခေါ့ကျိ၏ ဖန်ခွက်တစ်လုံးကို နမော်နမဲ့နှင့် ခွဲပစ်မိရာမှ ခေါ့ကျိတစ်ယောက် ဒေါသအိုး ပေါက်ကွဲသွားခြင်း ဖြစ်သည်။

စုခေါ့ကျိသည် အကဲဖြတ်စနစ်ကို ရိုးရှင်းသော ခွန်အားနှင့် ကြံခိုင်မှု အလှပြပုံစံမှ တိုက်ပွဲဝင်ပုံစံသို့ ပြောင်းလဲရန် ကြိုးစားခဲ့သည်။ သို့သော် စုချန်းအန်၏ သဘောတူညီမှုကို မရသောအခါ သူ၏ ရည်မှန်းချက်ကို အလဟသ စွန့်ပစ်ရမည်ကဲ့သို့ ဖြစ်လာ၏ ။ စုခေါ့ကျိသည် အားမလျှော့သေးပဲ ထပ်ခါထပ်ခါ ကြိုးစား အားထုတ်သေးသည်။ မည်မျှပင် ကြိုးစားအားထုတ်ပါစေ၊ နောက်ဆုံးတွင်ကား သူ၏ ကြိုးစားအားထုတ်မှုများ အားလုံးသည် တန်ဖိုးမရှိသကဲ့သို့ အချည်းနှီး ဖြစ်ခဲ့ရ၏။

နှစ်လခန့် အကြာတွင် နှစ်တစ်နှစ်၏ နောက်ဆုံးလတွင် ပြုလုပ်မြဲဖြစ်သည့် အကဲဖြတ် ပြိုင်ပွဲကြီးသည်ကား စတင်ခဲ့ပြီးလေပြီတည်း။ စုချန်း၏ မျက်လုံးများသည် ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်လေရာ ပြိုင်ပွဲတွင် မည်သူဗိုလ်စွဲမည်မှာ မေးခွန်းထုတ်နေစရာ မလိုတော့။ ထိုအခါ စုချန်း၏ အဖိုးက စုချန်းအား "စိမ်းလန်းစိုပြေ ပန်းမာလာအဆီ" များ ထည့်ထားသော ပုလင်းတစ်လုံးကို ဆုအဖြစ် ချီးမြှင့်လိုက်တော့သည်။

စုချန်းတို့ မြို့တော်ကြီး၏ မြောက်ပိုင်းတွင် တောင်ထိပ်ရှစ်ခု ပါဝင်သည့် တောင်ကြီးတစ်တောင် ရှိ၏။ ၎င်းကို ခေါင်းရှစ်လုံးတောင်ဟု ခေါ်သည်။ တောင်ကြီး၏ အမြင့်ဆုံးသော တောင်ထိပ်တွင် အဇူရီပန်းပင်ဟု ခေါ်သော အံ့သြဖွယ်ရာကောင်းသည့် ပန်းပင်တစ်မျိုး ပေါက်ရောက်လေသည်။ တစ်နှစ်ပတ်လည်တွင် တစ်ကြိမ်သာ ဖူးပွင့်သော အဇူရီပန်းပင်များတွင် ထူးခြားသည့် စွမ်းပကားများကို ပိုင်ဆိုင်ထား၏။ အဇူရီပန်း အဆီကို ကိုယ်ခန္ဓာတွင် သုတ်လိမ်းထားပါက သွေးလည်ပတ်မှုကို ကောင်းစေ၏။ ကိုယ်ခန္ဓာကို ကြံ့ခိုင် သန်စွန်းနေ၏။ တစ်နည်းအားဖြင့် အဇူရီပန်း အဆီအနှစ်သည် ရုပ်ပိုင်းဆိုင်ရာကို ကြံ့ခိုင်သန်မာလာစေရုံ သာမက စိတ်ပိုင်းဆိုင်ရာကိုပါ ခွန်အားဖြစ်စေသော ဆေးတစ်မျိုးပင်တည်း။ ထိုအဆီကို လူအများက "စိမ်းလန်းစိုပြေ ပန်းမာလာအဆီ" ဟု ခေါ်ကြလေသည်။

သို့သော် အဇူရီပန်းများ၏ ပန်းပွင့်ချိန်မှာကား တိုတောင်းလှသည်။ ၎င်းသည် တစ်နှစ်လုံးတွင်မှ လဝက်ခန့်သာ ဖူးဝင့်ပြီး ထို့နောက်တွင်ကား အပွင့်များ ကြွေကျကုန်ရာ ကျိုးတိုးကျဲတဲသာ ကျန်ရှာတော့သည်။ ထို့ကြောင့် တစ်နှစ်တွင် စိမ်းလန်းစိုပြေ ပန်းမာလာအဆီ သုံးပုလင်းခန့်သာ ထုတ်လုပ်နိုင်၏။

ခေါင်းရှစ်လုံးတောင်သည် စုမျိုးနွယ်စု၏ ပိုင်ဆိုင်မှု နယ်နိမိတ်ထဲတွင် ပါဝင်၏။ ထို့ကြောင့် သူတို့သည် ပန်းမာလာအဆီများ ထွက်ရှိသော အဇူရီပန်းပင်များကို သိမ်းပိုက်ကာ လက်ဝါးကြီး အုပ်နိုင်ခဲ့လေသည်။ ထို့ကြောင့် စုမျိုးနွယ်စု ရုတ်တရက် အင်အား ကြီးထွားလာခြင်းမှာ အဆိုပါ ပန်းမာလာအဆီများနှင့် နက်ရှိုင်းစွာ ဆက်စပ်နေသည်ဟု ဆိုနိုင်၏။ စုမျိုးနွယ်စုသည် နှစ်စဉ်နှစ်တိုင်း ပန်းမာလာအဆီ နှစ်ပုလင်းကို ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချပြီး ကျန်တစ်ပုလင်းကိုမူ သူတို့မျိုးနွယ်စုမှ ထူးခြားသော ကလေးများအတွက် အသုံးပြုနိုင်စေရန် သိမ်းဆည်း ထားခဲ့လေသည်။

မကြာသေးသော နှစ်ကာလများကပင် စုချန်းသည် စုမျိုးနွယ်စု၏ တတိယမျိုးဆက် ကလေးများအနက် ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ရာ ပန်းမာလာအဆီ အတော်များများကို လက်ခံရရှိခဲ့ပြီး ဖြစ်သည်။ စုချင်းသည် မသန်မစွမ်းဘဝသို့ ကျရောက်ခဲ့ရသော်လည်း ထိုအဆီ၏ စွမ်းပကားကြောင့် ကိုယ်ခန္ဓာ စွမ်းအားများ မွေးမြူရာတွင် တိုးတက်မှုရှိအောင် မွေးမြူနိုင်ခဲ့၏။

စိမ်းလန်းစိုပြေ ပန်းမာလာအဆီ၏ အစွမ်းကို တိကျသေချာစွာ နားလည် သဘောပေါက်ထားသော စုခေါ့ကျိသည် ထိုအဆီကို လိုချင်လှသည်မှာ တစ်ပိုင်းသေမတတ်ပင်။ စုချန်းတစ်ယောက် မျက်လုံးမကွယ်ခင်က စုခေါ့ကျိအဖို့ စုချန်းကို မနာလိုတစ်ဝက် အားကျစိတ်တစ်ဝက်နှင့် ငေး၍သာ ကြည့်နေခဲ့ရသည်။ ဘာမျှမတတ်နိုင်ခဲ့။ တစ်ဖန် စုချန်း မျက်လုံးကွယ်သွားခဲ့ပြီဟု သိလိုက်ရသောအခါ ပန်းမာလာ အဆီများကို စုချင်းအတွက် အသုံးပြုခဲ့ခြင်းသည် အကျိုးမရှိပဲ ဖြုန်းတီးခြင်းသက်သက် ဖြစ်ခဲ့ရပြီဟု ခေါ့ကျိ၏ စိတ်ထဲတွင် ခံစားခဲ့ရသည်။ ထိုအခါ သူသည် စုချန်းအပေါ်တွင် နှစ်ပေါင်းများစွာ အသုံးပြုခဲ့သော ပန်းမာလာ အဆီများကို ပြန်လည်ရယူ၍ သူ့သားအား မပေးနိုင်ခဲ့သည့်အတွက် သူ့ကိုသူ မုန်းတီးစိတ်များပင် ဝင်လာ၏။

သို့သော် သူဘာများကော တတ်နိုင်မည်နည်း။ စီးဆင်းနေသော ရေကို နှစ်ခါပြန်ချိုး၍ မရသလို ဆုံးရှုံးသွားခဲ့သော အရာများသည်လည်း ဆုံးရှုံးသွားခဲ့ပြီး ဖြစ်သည်။ ထိုအရာများကို ပြန်လည်ရယူရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့။ စုချင်းတစ်ယောက် ပန်းမာလာ အဆီပုလင်းကို နောက်တစ်ကြိမ် ရယူလိုက်သည်ကို မြင်ရသောအခါ အဆိုပါ အခွင့်အရေးသည် နောက်ထပ်တစ်ကြိမ် ထပ်မံ ဆုံးရှုံးသွာခဲ့ပြီ ဖြစ်ကြောင်း စုခေါ့ကျိတစ်ယောက် ကောင်းကောင်းကြီး နားလည် သဘောပေါက်လိုက်မိသည်။ သူ့အတွက် အခွင့်အရေး သိပ်အများကြီး မကျန်တော့။

_________________×××________________×××__________×××_______________×××____________×××________

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးနေ၏။ မျက်တောင်တစ်ခတ်စာ မျှသော အချိန်အတွင်းဝယ် လပေါင်းများစွာ ကျော်လွန် ဖြတ်သန်းသွားလေသည်။

နေသာသော နေ့ဖြစ်သည်။ နေရောင်အောက်ဝယ် စုချန်းတစ်ယောက် သိုင်းပညာ လေ့ကျင့်နေ၏။ သူလေ့ကျင့်နေသော သိုင်းကွက်မှာ "မီးလျံကြားက ကျား" အမည်ရှိ လက်သီးကွက်များပင်တည်း။ "မီးလျံကြားက ကျား" လက်သီးသိုင်းကွက်များသည် ဤခြံဝင်းကြီးတွင် အစဉ်တစိုက် နေထိုင်ခဲ့ကြသော စုမျိုးနွယ်စု၏ ဘိုးဘေးအမွေ သိုင်းပညာရပ် တစ်မျိုးဖြစ်သည်။

လက်သီးကွက်များ၏ စွမ်းပကားမှာလည်း နှယ်နှယ်ရရတော့ မဟုတ်။ ခက်ထန်ကြမ်းတမ်းပြီး လွန်စွာ စွမ်းအားပြည့်ဝသော သိုင်းပညာတစ်မျိုးပင်။ "မီးလျံကြားကကျား" လက်သီးကို ပိုမိုတိုးတက်စေရန်နှင့် လက်သီးကွက်၏ စွမ်းပကားကို ပိုမို ဖော်ထုတ်နိုင်စေရန် မျိုးနွယ်စုခေါင်းဆောင် ဘုန်းတော်ကြီးမားသော သခင်ကြီးဘုရား စုချန်ချင်းသည် မီးလျံကျားသွေး ဝိညာဉ်ဆေးဝါး တစ်ပုလင်းကို တန်ဖိုးကြီးမားစွာ ပေး၍ ဝယ်ယူခဲ့၏။ ထို့ကြောင့် သူသည် မီးလျံကျား၏ သွေးဗီဇကို ပိုင်ဆိုင်နိုင်ခဲ့တော့သည်။ ဤနည်းအားဖြင့် သူသည် ယန်ကျင့်စဉ် အဆင့်သို့ ဝင်ရောက်နိုင်ခဲ့ပြီး စုမျိုးနွယ်စု၏ ဂုဏ်ကို ဆောင်နိုင်သူတစ်ယောက် ဖြစ်လာခဲ့တော့သည်။ ဤအဖြစ်သည်လည်း သူ၏ ဘဝမှတ်တိုင်တစ်ခု ဖြစ်လာခဲ့၏။

စုချန်းသည် သူ့ရှေ့တွင် ရှိနေသည့် သစ်သားများ ဖုံးအုပ်ထားသော သံတိုင်ကို အဆက်မပြတ် ထိုးရိုက်နေ၏။ သံတိုင်နှင့် လက်သီး ထိရိုက်မိသည့် အချိန်တိုင်းတွင် အလွန်ပျင်းရိ ငြီးငွေ့စရာကောင်းသော ခပ်အုပ်အုပ် အသံတစ်မျိုး ထွက်ပေါ်လာတတ်သည်။ မျက်မမြင်ဘဝကို ရောက်သွားကတည်းက စုချန်းသည် သူ၏လှုပ်ရှားမှု မှန်သမျှကို အတော်လေးပင် ဂရုစိုက်ကာ နေထိုင်ခဲ့ရသည်။ သူသည် လှုပ်ရှားမှုတိုင်းအတွက် တိကျသော စံချိန်စံညွှန်းများ သတ်မှတ်ပြီး ထိုစံချိန်များအတိုင်း အပြည့်အဝ အားစိုက်ထုတ်ကာ ကြိုးစား လေ့ကျင့်လေ့ရှိသည်။ မျက်မမြင်ဘဝသို့ ရောက်ရှိနေသည့်တိုင် စုမျိုးနွယ်စု၏ ကျန်ကလေးငယ်များ အားလုံးထက်သာသော နေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းမှာ ဤကဲ့သို့ အထပ်ထပ် အခါခါ ကြိုးစားခဲ့သောကြောင့်ပင်။

စုချန်းသည် တောင်ကုန်းပေါ်မှ ခုန်ပေါက် ပြေးဆင်းလာသာ ကျားတစ်ကောင်ကဲ့သို့ သံတိုင်ကို အဆက်မပြတ် ရိုက်ပုတ်နေ၏။ ထိုအခိုက်မှာပင် သူ့နားထဲ၌ ဘုန်းခနဲ အသံတစ်သံကို ကြားလိုက်ရလေသည်။ သံတိုင်ထိပ်တွင် ပြုလုပ်ထားသော မာကျောသည့် သစ်သားအလွှာသည် ဖျတ်ခနဲ ကွဲအက်ကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည့် အသံပင်တည်း။ စုချန်း၏ ပြင်းထန်သော ထိုးနှက်ချက်ကြောင့် သံတိုင်ပေါ်တွင် သူ့လက်သီးရာ ထင်ကျန်ရစ်ခဲ့လေသည် တကား။

"ပြင်းထန်လိုက်တဲ့ လက်သီးချက် ကောင်းတယ်ဟေ့ ကောင်းတယ်"

စုချန်း၏ နောက်ကျောဘက်မှ ချီးကျူးသံ ပေါ်လာ၏။ ထိုအခါ သူက ခပ်ရဲ့ရဲ့ပြုံးရင်း ပြောလိုက်သည်။

"တတိယ ဦးရီးတော်"

ခမ်းနားကြီးကျယ်ဟန် ရှိသော လူတစ်ယောက် ခြံဝင်းအတွင်းသို့ လှမ်းဝင်လာ၏။ ထိုလူသည် သက်လတ်ပိုင်း အရွယ်ခန့်ရှိပြီး တင့်တယ်သော ရုပ်လက္ခဏာရှိပြီး ရည်မွန်သော အမူအရာ ရှိ၏။ ထိုလူ၏ မျက်လုံးများသည် သူများနှင့်မတူပဲ သူမတူအာင် ထူးကဲသော မျက်လုံးမျိုး ဖြစ်သည်။ နှုတ်ခမ်းထောင့်တွင် မဲနက်ပြီး အနည်းငယ် စောင်းနေသော နှုတ်ခမ်းမွှေးများ ပေါက်ရောက်နေ၏။ တင့်တယ်သော နှုတ်ခမ်းမွှေးနှင့် ထူးခြားသော မျက်လုံးသည် အလွန်ပင် လိုက်ဖက်ကြောင်း တွေ့ရှိရလေသည်။

အဆိုပါလူမှာ အခြားလူမဟုတ်။ စုမျိုးနွယ်စု၏ တတိယ အကြီးအကဲ စုဖေးဟူပေတည်း။

စုမျိုးနွယ်စုတွင် ရှိရှိသမျှ လူအားလုံးအနက် စုဖေးဟူသည် စုချန်းအပေါ်တွင် အချစ်ခင်ဆုံးပင် ဖြစ်သည်။ မမျှော်လင့်ပဲ စုချန်းမျက်လုံး ကွယ်သွားသောအခါ ဖေးဟူသည် မြောက်ပိုင်း မြို့တော်တစ်လွှား နာမည်ကျော်ကြားသော သမားတော် ဆယ်ဦးကို ပြန်ပေးဆွဲကာ စုချန်းအား ကုသစေခဲ့၏။ ထိုအဖြစ်အပျက်သည် မြို့တော်တစ်လွှားတွင် ဟိုးလေးတကျော်ကျော် ဖြစ်စေခဲ့ပြီး လူပေါင်း မြောက်များစွာက ဖေးဟူကို မျက်မုန်းကျိုးခဲ့ကြ၏။ ဝိုင်းဝန်း ပြောဆိုခဲ့ကြ၏။ သို့သော် ဖေးဟူသည် ထိုသူတို့ကို အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့လေရာ နောက်ဆုံးတွင်ကား ဝေဖန်သံများမှာ တစ်စစီ ပျောက်ကွယ်သွားခဲ့လေသည်။

စုဖေးဟူသည် စုချန်းဆီသို့ ဦးတည်ရင်း ခြေလှမ်းကျဲကြီးများနှင့် လျှောက်လာ၏။ သူက သူ့တူကို စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဒီအတိုင်းဆိုရင် နတ်ဘုရားကိုယ်ထည် အဆင့်ရှစ်အလွှာထဲကို ဝင်ရောက်ဖို့ သိပ်မလိုတော့ဘူး။ တိုးတက်မှုကတော့ တကယ့်ကို အံ့မခန်းကို မြန်ဆန်နေတာပဲဟေ့"

စုချန်း၏ မျက်နှာပေါ်တွင် အလွန်ခါးသီးသော အပြုံးတစ်မျိုး ပေါ်ပေါက်လာ၏။

"မြန်တယ် ဟုတ်လား ဦးရီးတော်။ တကယ်လို့ ကျွန်တော်သာ ဘာမှမဖြစ်ခဲ့ဘူးဆိုရင် အရမ်းနှေးတယ်လို့ ခံစားမိနေမှာပဲ။ ကျွန်တော့်မျက်လုံးတွေသာ အကောင်းပကတိအတိုင်း ရှိနေခဲ့ရင် ခုလောက်ဆို နတ်ဘုရားကိုယ်ထည် နဝမမြောက် အလွှာထဲ ဝင်ရောက်ပြီးသား ဖြစ်နေလောက်ပြီ။ တကယ်လို့ အဲ့အဆင့်ထိ မရောက်သေးရင်တောင် နီးစပ်နေလောက်ပြီ"

မျက်လုံးကန်းသွားခြင်းသည် သူ့အပေါ် မည်မျှ ထိခိုက်စေခဲ့မှန်း စုချန်းတစ်ယောက် ကောင်းစွာနားလည် သဘောပေါက်ထား၏။ သံတိုင်ပေါ်တွင် လက်သီးရာ ထင်စေခဲ့သည့် ခွန်အားသည် ကောင်းကင်ဘုံမှ တန်ခိုးရှင်တို့ပေးသော လက်ဆောင်မဟုတ်ပေ။ နှစ်နှစ်တာ ကာလအတွင်း ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုမှ ဖြစ်ပေါ်လာသည့် အသီးအပွင့်များသာတည်း။ အဆိုပါ အနေအထားမျိုး ရောက်ရှိရန် သူ့အနေနှင့် မဆုတ်မနစ် ကြိုးစားအားထုတ်ခဲ့ရ၏။

စုဖေးဟူသည် သူ့ချစ်တူငယ်၏ ခံစားချက်ကို ကောင်းစွာနားလည်၏။ သူက စုချန်း၏ ပခုံးကို ကြင်နာစွာ ပွေ့ဖက်ရင်း နှစ်သိမ့်လိုက်သည်။

"ဒီအခြေအနေထိ ရောက်အောင် ကြိုးစားအားထုတ် နိုင်တာကိုကပဲ အရမ်းကို တော်နေပါပြီကွာ။ ဒီလို မျိုးဆက်မျိုးကို ပိုင်ဆိုင်ခွင့်ရတာ စုမျိုးနွယ်စုအတွက် အရမ်းကို ဂုဏ်ယူစရာပါ"

စုချန်းက ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ အားထုတ်မှုက သူတို့ကို မနှစ်သိမ့်ပေးနိုင်တော့မလား။ ဦးလေး ကျွန်တော်ပြောတာ ဟုတ်ရဲ့လားဗျ"

စုချန်း၏ စကားကြောင့် စုဖေးဟူ မှင်သက်အံ့သြသွား၏။

"အော် ငါ့တူလေးက သိထားပြီးသားကိုး"

စုချန်းက သူ့ဦးရီးတော်ကို လွန်စွာ နူးညံ့သိမ်မွေ့သော လေသံနှင့် ပြောလိုက်သည်။

"အမြင်အာရုံ ဆုံးရှုံးပြီးကတည်းက အကြားအာရုံနဲ့ပဲ နေထိုင်ခဲ့ရတာ ကြာခဲ့ပါပြီ ဦးရီးတော်။ ဒါကြောင့် အပြင်မှာ ပျံ့နှံ့နေတဲ့ ကောလဟလတွေ အကြောင်းကို ကျွန်တော် ကောင်းကောင်းကြီး ကြားနေရပါတယ်ဗျာ။ နောက်ဆုံးမှာတော့ သူတို့အားလုံး မစောင့်နိုင်ကြတော့ဘူးပေါ့လေ"

စုချန်းပြောသည့်အတိုင်း စုမျိုးနွယ်စုသည် ဆက်လက် မစောင့်ဆိုင်းနိုင်တော့ပေ။ ယခုနှစ်ဝက် ကာလအတွင်း စုမျိုးနွယ်စုသည် စုချန်း၏ မျက်လုံးများ ပကတိအတိုင်း ပြန်လည် ကောင်းမွန်လာမည့် အချိန်ကို ဆက်လက် စောင့်ဆိုင်းနေခဲ့ကြ၏။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ မျှော်လင့်ချက်များ အားလုံးသည် သဲထဲရေသွန် သကဲ့သို့သာ ဖြစ်ခဲ့ရလေသည်။

မူလကတည်းက စုချန်းအပေါ် အမြင်မကြည်သည့်လူ များစွာရှိလေရာ စုချန်း၏ မျက်လုံးများ ပြန်လည် ကောင်းမွန်လာခြင်း မရှိသောအခါ သူတို့၏ အမြင်တွင် စုချန်းသည် အချိန်မတန်ခင် အဆုံးသတ်သွားရသည့် ပါရမီရှင် တစ်ဦးမှလွဲ၍ ဘာမှမဟုတ်တော့။

စုဖေးဟူ၏ နောက်ထပ် ပြောဆိုလိုက်သော စကားများတွင် ဒေါသသံ အနည်းငယ် ပါဝင်လာ၏။ သူက

"မင်းရဲ့ ဦးရီးတော် စုခေါ့ကျိ ဆိုတဲ့လူဟာ တကယ်မကောင်းတဲ့လူပဲ။ သူဟာ လူကြီးတန်မဲ့နဲ့ အတင်းအဖျင်းတွေ ပြောနေတယ်။ ကောလဟလတွေ ဖြန့်နေတယ်ကွဲ့။ ဒီလူက မင်းဟာ လူတိုင်းကို လိမ်ညာခဲ့တာ။ အစကတည်းက မျိုးနွယ်စုတွေကို လှည့်ဖျားခဲ့တာဆိုပြီး သွားပုတ်လေလွင့်တွေ လျှောက်ပြောနေတယ်။ မျိုးနွယ်စုထဲက လူမိုက်တစ်စုကလည်း သူ့စကားကို ယုံကြည်နေကြတယ်၊ သူ့အဆိုကို ထောက်ခံနေကြတယ်။ သူတို့အားလုံး မင်းအပေါ် တံခါးပိတ် ကြားနာစစ်ဆေးမှုတစ်ခု ပြုလုပ်ချင်နေကြတယ်ကွဲ့"

တံခါးပိတ် ကြားနာစစ်ဆေးမှု ဟူသည်မှာ စုချန်း၏ အမြင်အာရုံကို တရားဝင် စစ်ဆေးသည့် သဘောဖြစ်သည်။ အဆိုပါ စစ်ဆေးခြင်း လုပ်ငန်းစဉ် အတွင်း၌ စစ်ဆေးခြင်း၏ လုပ်ငန်းစဉ်များကို ကျိုးပေါက်ခြင်း မရှိစေရန် စုချန်း၏ အကြားအာရုံမှာ ကန့်သတ်ခြင်း ခံထားရပေလိမ့်မည်။ အဓိပ္ပာယ်မှာ စုချန်း၏ သောတအာရုံကို အသုံးမဝင်အောင် ပြုလုပ်ထားမည့် သဘောပင်။

အမှန်ကတော့ စုချန်းအပေါ် တံခါးပိတ် စစ်ဆေးမှု ပြုလုပ်ရန် လွန်ခဲ့သော လပေါင်း အတော်များများကပင် စုခေါ့ကျိက အကြံပြုခဲ့ပြီး ဖြစ်သည်။ သို့သော် မျိုးနွယ်စုခေါင်းဆောင် ဘုန်တော်ကြီးမြတ်သော သခင်ကြီးဘုရားက စုခေါ့ကျိ၏ အကြံပြုချက်ကို လက်သင့်မခံပဲ ပယ်ချလိုက်၏။ တံခါးပိတ် စစ်ဆေးခြင်းမှာ သိပ်ခက်လှသည်တော့ မဟုတ်။ ပြဿနာမှာ လူအများ၏ အမြင်တွင် စုမျိုးနွယ်စုသည် သူတို့၏ မျိုးဆက်သစ်များ အပေါ်တွင် ယုံကြည်မှုမရှိဟု အထင်ရောက်သွားစေနိုင်သော ပြဿနာပင် ဖြစ်သည်။

စုချန်းသည် မျက်မမြင် ဖြစ်သော်ငြား အနည်းဆုံးတော့ ကိုယ်ကျင့်တရား ပျက်ယွင်းနေသူ မဟုတ်ပေ။ ထို့ပြင် သူ၏ ထူခြားသော အရည်အချင်းများကြောင့် မျိုးနွယ်စု ခေါင်းဆောင်က စုခေါ့ကျိ၏ ဆန္ဒကို ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။ သို့သော် နှစ်ဝက်ခန့် ကြာသည်အထိ စုချင်း၏ အခြေအနေသည် ထူးထူးခြားခြား တိုးတက်မလာသောအခါ ယခင်က တီးတိုးစကား ပြောသံများသည် ပြန်လည်ကျယ်လောင်စ ပြုလာ၏။ ဤတစ်ကြိမ်တွင်တော့ သခင်ကြီးဘုရားက စုခေါ့ကျိ၏ အကြံကို အထူးတလည် ကန့်ကွက်ခြင်း မပြုတော့။

စုချန်းက မေးလိုက်သည်။

"ဦးရီးတော် ပြောတဲ့အတိုင်းဆိုရင် သူတို့တစ်တွေ ကျွန်တော့အပေါ် ဒီစမ်းသပ်မှုကို ပြုလုပ်ဖို့ ဆုံးဖြတ်ထားပြီးပုံ ရတယ်"

စုဖေးဟူက စိတ်မသက်မသာ ဖြစ်နေသော အမူအရာနှင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် ငါ့တူ…။ သူတို့တွေ ဆုံးဖြတ်လိုက်ကြပြီ။ ဦးရီးတော်က ဒီဆုံးဖြတ်ချက်ကို ငါ့တူသိရအောင် လာအကြောင်းကြားတာပဲ"

စုချန်း၏ လက်အစုံသည် တဆတ်ဆတ် တုန်ယင်နေ၏။ တင်းကျပ်သော ဆုပ်ကိုင်မှုကြောင့် သူ့လက်ထဲရှိ သစ်သား အပိုင်းအစလေးသည် ဖြောင်းခနဲ ကျိုးကြေကုန်လေသည်။ သူက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ လှိုင်းထနေသော နှလုံးသားသည် အတော်အတန် ငြိမ်သက်သွားသည်ဟု ထင်ရသည်။ ထို့နောက် သူက ပြောလိုက်၏။

"ဒါဆိုရင် ကျွန်တော်တော့ ကျိန်းသေပေါက် ဒုက္ခရောက်ပြီပဲ။ သူတို့ကို ပြန်ပြီး ပြောပေးပါ ဦးရီးတော်။ တံခါးပိတ် စမ်းသပ်စစ်ဆေးမှု ပြုလုပ်စရာ မလိုတော့ပါဘူးလို့"

"ဘာ"

စုချန်း၏ ဆိုလိုရင်းကို စုဖေးဟူ နားမလည်ပါ။ ထိုအခါ စုချန်းက ရှင်းပြလိုက်သည်။

"အမှန်တော့ အစကတည်းက ကျွန်တော် လိမ်ထားတာပါ။ ကျွန်တော့်မျက်လုံးဟာ ဘယ်တုန်းကမှ ပြန်ကောင်းမလာခဲ့ပါဘူးဗျာ"

All Chapters