← Chapters

စနစ်ပြောင်းလဲခြင်း

Vol. 1 Ch. 6

စနစ်ပြောင်းလဲခြင်း

Vol. 1 Ch. 6

ခွေးမသား!!

စုချန်းအန်၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ခန်းမတစ်လျှောက် ပျံ့လွင့်သွား၏။ သူအလွန် ဒေါသထွက်နေ၏။ သူက ထပ်မံ ဟိန်းဟောက်လိုက်ပြန်သည်။

"တောက်!! ခွေးမသား မင်းက ငါ့သားကော ဟုတ်ရဲ့လားကွ။ ဟေ ဖအေကိုတောင် လိမ်ရဲနေပြီပေါ့ ဟုတ်လား"

ပြောပြောဆိုဆို စုချန်းအန်၏ လက်တစ်ဖက်က လေထဲသို့ မြှောက်တက်လာပြီး စုချန်း၏ ပါးပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာ၏။ ထိုအခိုက်မှာပင်

"အို ရှင် ဘာလုပ်တာလဲ"

ကပျာကယာ ဟန့်တားသံ ပေါ်လာပြီး စုချန်း၏ မိခင်ဖြစ်သူ တန်ဟွားယွီသည် ရှေ့သို့ ရုတ်တရက် တိုးထွက်လာပြီး သားဖြစ်သူ၏ ရှေ့မှ ဝင်ရောက် ကာကွယ်လိုက်သည်။

"မင်းက ခုချိန်ထိ သူ့ကို ကာကွယ်နေတုန်းပဲလား"

စုချန်းကို လက်ညိုးငေါက်ငေါက် ထိုးကာ အော်ဟစ် ပြောဆိုနေသော စုချန်းအန်၏ ကိုယ်ခန္ဓာသည် ဒေါသစိတ်ကြောင့် တဆတ်ဆတ် တုန်ယင်နေ၏။ သူက စူးရှကျယ်လောင်သော အသံနှင့် အော်ဟစ်လိုက်ပြန်သည်။

"ဒီကောင်ဟာ ဖအေဖြစ်တဲ့ ကျုပ်ကိုတောင် လိမ်ရဲခဲ့တာပဲ။ သူ့မျက်လုံးဟာ ဘယ်တုန်းကမှ ပြန်မကောင်းလာခဲ့ဘူးတဲ့။ ကိုင်း ကြားလို့မှ ကောင်းကြသေးရဲ့လားကွာ တောက်"

စုချန်းအန်၏ ဒေါသကို တန်ဟွားယီက အနည်းငယ်မျှ ဂရုမစိုက်ပါ။ သူမက ခပ်ရိုင်းရိုင်းပင် ယောကျာ်းဖြစ်သူကို နှုတ်လှန်ထိုးလိုက်၏။

"ဒီတော့ ဘာဖြစ်သလဲ၊ ချန်းအာသာ ဒီလိုမလုပ်ခဲ့ရင် ရှင်က ဟိုဒုတိယ အကြီးအကဲ စုခေါ့ကျိ အကြံပေးတဲ့အတိုင်း စနစ်ပြောင်းလဲဖို့ ထောက်ခံလိုက်မှာပဲမလား"

စုချန်းအန်က အကြောင်းပြချက် ပေးလိုက်၏။

"ကျုပ်က စုမျိုးစုရဲ့ အကျိုးစီးပွားအတွက် လုပ်နေတာကွ"

စုချန်းအန်၏ အကြောင်းပြချက်ကို သူ့ဇနီးက လက်မခံချေ။ သူမသည် ရေခဲကဲ့သို့ အလွန်အေးစက်သော အကြည့်နှင့် စုချန်းအန်ကို ကြည့်ရှုရင်း တခွန်းချင်း ပြောလိုက်သည်။

"အော် ဟုတ်ကောဟုတ်ရဲ့လားရှင် ရှင်လုပ်နေတာ ရှင်အသစ်ထပ်ယူထားတဲ့ စတုတ္ထ မယားငယ်အတွက် မဟုတ်ဘူးလား"

အမှန်တွင် စုချန်းအန်တစ်ယောက် ဒုတိယမယားငယ် ထပ်ယူလိုက်ကတည်းက သူနှင့် တန်ဟွားယွီတို့၏ ချစ်ခြင်းမေတ္တာ တရားသည် အလွန်ပါးလျားသွားခဲ့ပြီ ဖြစ်သည်။ တန်ဟွားယွီ၏ မေးခွန်းကြောင့် စုချန်းအန် ဘာပြန်ပြော၍ ပြောရမှန်းမသိ ဖြစ်သွားရှာသည်။ သို့သော် သူက ချက်ချင်းပင် သတိပြန်ဝင်လာပြီး အသည်းအသန် ငြင်းဆန်လိုက်၏။

"ငါ့အနေနဲ့ မင်းနဲ့ နောက်ထပ် ကလေးလိုချင်ခဲ့တယ်။ ဒါပေမဲ့ မင်းက ဒီလိုသာ ယူလိုက်ရင် ချန်းအာကို ဒုက္ခဖြစ်စေလိမ့်မယ်လို့ ယူဆပြီး ငြင်းဆန်ခဲ့တယ်။ ဒီတော့ ငါ့မှာ တခြားရွေးစရာ ရှိသေးလို့လား"

စုချန်းအန်၏ စကားကြောင့် တန်ဟွားယွီက အကြီးအကျယ် ဒေါသထွက်သွားဟန် ပေါ်သည်။ ထိုအခါ သူမသည် ခင်ပွန်းသည်၏ မျက်နှာကို ဗြောင်ကျကျပင် တံတွေးနှင့် လှမ်းထွေးရင်း ပြောလိုက်၏။

"အဓိပ္ပာယ် မရှိလိုက်တာ။ ရှင်ဟာ နောက်ထပ် ဇနီးမယား သုံးယောက်ပြည့်အောင် ယူချင်နေတာမလား။ တော်တော် တဏှာရာဂ ကြီးတဲ့လူ"

ဇနီးလုပ်သူ၏ ပြင်းထန်လှသော စကားကြောင့် စုချန်းအန်၏ မျက်နှာသည် ဆေးနီနှင့် ဖြန်းပက်လိုက်သကဲ့သို့ ရဲရဲနီသွား၏။ သို့သော် သူက ချက်ချင်းပင် ခွန်းတုံ့ပြန်လိုက်သည်။

"ကြီးမားတဲ့ မျိုးနွယ်စုတစ်စုရဲ့ ကလေးတစ်ယောက်ဆိုတာ နောင်တစ်ချိန်ကျရင် ခေါင်းဆောင်တစ်ဦး ဖြစ်လာမှာ…။ သူဟာ တစ်ချိန်ကျရင် လူအများကြီးကို ဦးစီးဦးဆောင် ပြုလုပ်ရမဲ့အပြင် မျိုးနွယ်စုရဲ့ အကျိုးစီးပွားကို ကာကွယ်ရမယ်။ မျိုးနွယ်စုကြီး ဒီထက်ပိုပြီး ဖွံ့ဖြိုးစည်ပင်လာအောင် လုပ်ဆောင်ရမယ်။ ဒါဟာ သမိုင်းပေးတာဝန်ပဲ။ ချန်းအာဟာ မျက်မမြင်တစ်ယောက် ဖြစ်နေတဲ့အတွက် ဒီလိုကြီးမားတဲ့ တာဝန်တွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ အင်မတန် ခဲယဉ်းတယ်။ အနာဂတ်ရဲ့ မျိုးနွယ်စု ခေါင်းဆောင်ဖြစ်လာမဲ့ ကျုပ်ရဲ့အမွေခံဟာ ထူးချွန်ထက်မြက်ရမယ်၊ စွမ်းရည်သတ္တိ ရှိရမယ်။ ဒါတွေကို ကျုပ် အကြိမ်ကြိမ် ရှင်းပြခဲ့ပြီးပြီ။ မင်းအနေနဲ့ ဘာကြောင့် နားမလည်နိုင်ရတာလဲ"

စုချန်းအန်၏ စကားများက မမှန်ဟုတော့ ပြောရန်ခက်၏။

"သားယောကျာ်း များလေလေ ပို၍ ပျော်ရွှင်လေလေ"

အထက်ပါ စကားလုံးများသည် စိတ်ကူးယဉ်မှုနှင့် စိတ်ခံစားချက်ကြောင့် ဖြစ်ပေါ်လာသော စိတ်ကူးဟု ယူဆစရာ ရှိသော်လည်း ကြီးမားသော မျိုးနွယ်စုများ အားလုံးလိုလို ထိုအတိုင်းပင် လက်ခံထားကြ၏။ သူတို့၏ အကြောင်းပြချက်မှာကား အတော်လေးပင် ရိုးရှင်းလှ၏။ သားယောကျာ်းလေး များစွာထဲမှာ ပါရမီရှင်တစ်ဦးသာ ပေါ်ထွက်လာပါစေ။ ၎င်းသည် မျိုးနွယ်စုကို အထွဋ်အထိပ် အောင်ပွဲဆီသို့ ခေါ်ဆောင်သွားနိုင် ပေလိမ့်မည်။ သားစဉ်မြေးဆက်များထဲမှ ထိုကဲ့သို့ ပါရမီရှင်တစ်ယောက် ရရှိလိုက်ပါက များပြားလှသော မျိုးဆက်များသည် စိတ်ပျက်စရာ၊ အသုံးမကျသူများ ဖြစ်သော်ငြား မည်သူကမျှ စိတ်ဝင်စားတော့မည် မဟုတ်။

ထို့ကြောင့် ရှေးမျိုးဆက်များသည် သူတို့၏ အမွေခံကို ရွေးချယ်သောအခါ သူတို့၏ ရင်နှစ်သည်းချာ သားများထဲမှသာ ရွေးချယ်သည် မဟုတ်ပဲ မျိုးဆက်သစ် ကလေးများ အားလုံးကို ခြုံငုံသုံးသပ်ကာ အတော်ဆုံးလူကို ရွေးချယ်လေ့ ရှိကြလေသည်။ မျိုးနွယ်စု၏ အကြီးဆုံးသားတစ်ယောက် ဖြစ်သည့်အတွက် အမွေဆက်ခံပုံ စည်းမျဉ်းစမ်းကမ်းများအရ စုချန်းအန်တစ်ယောက် အနာဂတ်တွင် သေချာပေါက် မျိုးနွယ်စု ခေါင်းဆောင်ကြီး ဖြစ်လာပေလိမ့်မည်။

သို့သော် ထူးချွန်ထက်မြက်သော အမွေခံသား တစ်ယောက်သာ မရှိပါက ထိုအနာဂတ်သည် နေလာ၍ နှင်းပျောက်ရသည့်ပမာ အလဟသ ဖြစ်သွားဖွယ်ရာ ရှိသည်။ အဘယ်ကြောင့်ဆိုသော် အမွေဆက်ခံရန် မျိုးဆက်မရှိသော စုချန်းအန် ကဲ့သို့သော လူတစ်ယောက်သာ မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာခဲ့ပါက ၎င်းကွယ်လွန်ပြီး နောက်ပိုင်းတွင် အတွင်းရေး ပဋိပက္ခများ၊ သွေးကွဲမှုများ ဖြစ်ပေါ်လာကာ စုမျိုးနွယ်စု တစ်ခုလုံး ပြိုကွဲပျက်စီး သွားနိုင်သောကြောင့်ပင်တည်း။ ထို့ကြောင့် ထိုတစ်ချက်ကို အမွေဆက်ခံခွင့် စည်းမျဉ်းတွင် တင်းကျပ်စွာ ကန့်သတ်ထား၏။ သင်သည် မျိုးနွယ်စုခေါင်းဆောင် ဖြစ်လိုပါက ထူးချွန်ထက်မြက်သော အမွေခံသား တစ်ယောက်တော့ အနည်းဆုံး ရှိရပေလိမ့်မည်။

တန်ဟွားယွီသည် သူမ၏ ခင်ပွန်းသည်ကို ရွံရှာမုန်းတီးစွာ ကြည့်လိုက်၏။

"ရှင်ကတော့ ပြောပြီးရင်း ပြောနေတာပဲ။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ တစ်ကိုယ်ကောင်း ဆန်စိတ်ကိုတော့ ရှင်ဘယ်လိုမှ မဖုံးကွယ်နိုင်ဘူး။ တကယ်တော့ ရှင်ဟာ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့ အတ္တသမားပဲ"

တန်ဟွားယွီ၏ စကားက သူ့ကို မတရားသဖြင့် စွပ်စွဲနေသကဲ့သို့ စုချန်းအန် ခံစားလိုက်ရသည်။

"ဘာကွ ငါက တစ်ကိုယ်ကောင်းသမားပေါ့ ဟုတ်လား၊ လွန်ခဲ့တဲ့ နှစ်နှစ်တာ ကာလလုံးလုံး ဒီကလေးကို မိုးဒဏ်လေဒဏ် သဘာဝတရားရဲ့ ဒဏ်တွေကနေ လွတ်ကင်းအောင် ဒိုင်းကြီးတစ်ခုလို ကာကွယ်ပေးခဲ့တာ ငါမဟုတ်ရင် ဘယ်သူလို့ မင်းက ထင်နေတာတုန်း။ ဒုတိယအကြီးအကဲက စနစ်ကို ပြောင်းလဲချင်နေတာ ကြာလှပြီ။ သူက အကြီးအကဲခြောက်ဆယ် ပါဝင်တဲ့ အုပ်စုကို ဦးဆောင်ပြီး ငါ့ကို အကြိမ်ကြိမ် တွန်းအားပေးခဲ့ပေမဲ့ ဒီကိစ္စကို ငါလုံးဝ လက်မခံခဲ့ဘူး။ ဒါကြောင့်မို့လို့လည်း ချန်းအာဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အကဲဖြတ် ပြိုင်ပွဲနှစ်ခုမှာ ဗိုလ်စွဲနိုင်ခဲ့တာပေါ့"

တန်ဟွားယွီသည် စုချန်းအန်၏ စကားကို အနည်းငယ်မျှ ဂရုမစိုက်ပဲ ရက်ရက်စက်စက်ပင် လှောင်ပြောင် ရယ်မောလိုက်သည်။

"ခစ် ခစ် ခစ် ရှင်ပြောနေတာကတော့ အဟုတ်ကြီးလိုပဲ။ ဒါပေမဲ့ ဒါဟာ ချန်းအာ မျက်လုံးတွေ ပြန်ကောင်းလာပြီလို့ ရှင်သိခဲ့ပြီးတဲ့ နောက်ပိုင်းမှလေ။ ခု ချန်းအာမျက်လုံးတွေ ပြန်မကောင်းသေးဘူး။ ဒီတော့ ခုရှင် ဘယ်လိုလုပ်မလဲ ခစ် ခစ် ခစ်"

ဟွားယွီ၏ စကားကြောင့် စုချန်းအန် တစ်ကိုယ်လုံး အေးခဲသွားသကဲ့သို့ ခံစားလိုက်ရ၏။ တန်ဟွားယွီက စကားဆက်သည်။

"ရှင့် သူ့ဘေးနားမှာ ထပ်ပြီး ရှိမနေတော့ဘူး ဟုတ်တယ်မလား။ ဘာလို့လဲဆိုတော့ သူ့ကို ကာကွယ်နေလို့ ဘာအကျိုးအမြတ်မှ မရှိဘူးဆိုတာ ရှင်ကောင်းကောင်း သိသွားပြီလေ"

စုချန်းအန် ပါးစပ်ပိတ်ထားလိုက်၏။ သူ့မျက်နှာ တစ်ခုလုံးသည်ကား သွေးမရှိတော့သကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေလေသည်။ တန်ဟွားယွီက သူမ၏ ခင်ပွန်းဖြစ်သူကို စိတ်ပျက်လက်ပျက်နှင့် စိုက်ကြည့်လိုက်သည်။

"ဒီမှာ စုချန်းအန် ရှင်နဲ့ကျွန်မနဲ့ ပေါင်းလာတာကြာပြီ။ ရှင့်အကြောင်း အူမချေးခါး မကျန်အောင် ကျွန်မ ကောင်းကောင်းသိတယ်။ ရှင်ဟာ တကယ်တော့ အလွန်တရာ တစ်ကိုယ်ကောင်းဆန်တဲ့ လူစားမျိုး။ ရှင်ဟာ ရှင်မွေးထားတဲ့ သားအရင်းကိုတောင် ရှင့်အတွက် ဘယ်လောက် အသုံးဝင်မလဲဆိုတဲ့ အချက်နဲ့ တိုင်းတာတတ်တဲ့ လူစားမျိုး။ တကယ်လို့ ချန်းအာဟာ ရှင့်အတွက် အသုံးဝင်မယ်ဆိုရင် ရှင်ကသူ့ကို အရမ်းဂရုစိုက်မယ်၊ လေဒဏ် မိုးဒဏ်တွေကနေ ကာကွယ်ပေးမယ်။ အသုံးမဝင်တော့ဘူး ဆိုရင်တော့ သူ့ကို စွန့်ပစ်လိုက်ဖို့ ရှင် ဝန်မလေးဘူး"

"ဟေ့ မင်း မတရားမပြောနဲ့။ ကျုပ်က သူ့ကို ဘယ်တုန်းက စွန့်ပစ်ခဲ့လို့တုန်း”

စကားအချေအတင် ပြောနေရခြင်းကြောင့် စုချန်းအန်၏ စိတ်ထဲတွင် ယခင်ကထက် ပိုမို၍ ဒေါသထွက်လာ၏။ သူက အထက်ပါအတိုင်း တန်ဟွားယွီ၏ စကားကို ငြင်းဆန်ပြီးသည်နှင့် စဉ်းစားလိုက်သည်။ ဤတိရိစ္ဆာန်သည် ဖအေလုပ်သူကိုပင် ဗြောင်လိမ်ရဲ၏။ ထိုအတွက် အပြစ်ပေးမခံ ထိုက်ပေလော။ အရိုက်မခံ သင့်ပေလော။ ရုတ်တရက် စိတ်ထွက်မိ၍ ရိုက်မိသော်ငြား သူ့ပါးစပ်မှ မင်းကို စွန့်ပစ်လိုက်ပြီဟု မပြောမိသလို အဝေးကို ထွက်သွားဟုလည်း မဆိုမိချေ။ မည်သို့ဆိုစေ ချန်းအာတစ်ယောက် စစ်သည်တော်ကောင်း ဖြစ်မလာနိုင်သည်ကတော့ သေချာနေပြီ။

သို့သော် သူက အတွေးကိုဆုံးအောင် ဆက်မတွေးတော့ပဲ သားဖြစ်သူအား စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။

"ချန်းအာ အဖေ့ကိုပြောစမ်း၊ ဘာလို့ ခုချိန်ထိ လက်မလျှော့ချင်ရတာလဲ"

စုချန်းက ပြန်လည် ဖြေကြားလိုက်သည်။

"ကျွန်တော့်မျက်လုံးတွေ ပြန်ကောင်းလာမယ်လို့ ကျွန်တော့်စိတ်ထဲမှာ အခိုင်အမာ ယုံကြည်ထားတယ် အဖေ။ သူတောင်းစားကြီးက ပြောသွားတဲ့ အတိုင်းဆိုရင် သူက ကျွန်တော့်မျက်လုံးတွေကို ပြောင်းလဲပေးခဲ့တာ၊ ဖျက်ဆီးခဲ့တာ မဟုတ်ဘူး။ နောက်ပြီး သူက ပြောသွားသေးတယ်။ တစ်နေ့ကျရင် ကျွန်တော်ဟာ အကန့်အသတ် မရှိတဲ့ စွမ်းအားတွေနဲ့ တောက်ပတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်လာမယ်တဲ့။ ဒီအဓိပ္ပာယ်က တစ်နေ့ကျရင် ကျွန်တော့်မျက်လုံးတွေ ပြန်ကောင်းလာမယ်ဆိုတဲ့ သဘောပဲ"

"တောက်!!! ဘာမဟုတ်တဲ့ ခြေသလုံးအိမ်တိုင် သူတောင်းစား တစ်ယောက်ရဲ့ စကားကို အကြောင်းပြုပြီး မင်းက ငါ့ကို လိမ်ရဲတယ် ဟုတ်လား"

စုချန်း၏ စကားကို နားထောင်ရင်း စုချန်းအန်က ဒေါသကို မထိန်းချုပ်နိုင်သည့်ဟန်ဖြင့် ဝမ်းခေါင်းသံကြီးနှင့် အော်ငေါက်လိုက်သည်။ အမှန်တကယ်တော့ စုချန်းအန်အဖို့ ထိုစကားလုံးများကို ရင်းနှီးပြီးသားပင်။ မျက်လုံးကွယ်ပြီးခါစ စုချန်းတစ်ယောက် အလွန်အမင်း စိတ်ဓာတ်ကျနေသော အချိန်တုန်းက စုချန်းအန်နှင့် တန်ဟွားယီတို့ လင်မယား နှစ်ယောက်သည် သူတောင်းစားကြီး ပြောခဲ့သော စကားများကိုပင် အသုံးပြု၍ စုချန်းကို နှစ်သိမ့်ခဲ့ရဖူးသည်။ ထိုအချိန်တုန်းက စုချန်းအန်ကိုယ်တိုင် သူတောင်းစားကြီး၏ စကားအတိုင်း စုချန်း၏ မျက်လုံးများ ပြန်မြင်လာနိုးနိုး မျှော်လင့်ချက်များ ပေါ်ပေါက်လာခဲ့ဖူးသည်။

သို့သော် အချိန်သာ နှစ်နှစ်ကုန်သွားသည်။ စုချန်း၏ မျက်လုံးများသည်ကား အနည်းငယ်မျှပင် ထူးခြားမလာ။ "ဘယ်မှာတုန်း အကန့်အသတ်မရှိတဲ့ စွမ်းအား၊ ဘယ်မှာတုန်း တောက်ပတဲ့ အနာဂတ်" ဟု နောက်ဆုံးတွင် စုချန်းအန်က ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိသည်။ မည်မျှ အဓိပ္ပာယ်မရှိသည့် စကားလုံးများပေတည်း။ အလိမ်အညာများ ပေတကား။ အရာအားလုံးသည် အလိမ်အညာများချည်းသာ။ ထိုသို့ စဉ်းစားမိသောအခါ စုချန်းအန်သည် တစ်နေ့တွင် စုချန်းမျက်လုံးများ ပြန်ကောင်းလာလိမ့်မည် ဟူသော မျှော်လင့်ချက်ကို စွန့်ပယ်စ ပြုလာသည်။ သူ လက်မြှောက် အရှုံးပေးလိုက်တော့မည်။ သို့သော် တန်ဟွားယွီနှင့် စုချန်းတို့ သားအမိ နှစ်ယောက်မှာကား ယခုတိုင် အနှီမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲ ပေတကား။

သားဖြစ်သူ၏ မျှော်လင့်ချက်ကို သဘောပေါက်လာသော စုချန်းအန်က အလွန် လေးနက်သော လေသံနှင့် စိတ်ပါလက်ပါ ဖျောင်းဖျလိုက်၏။

"ဒီမယ် ချန်းအာ အဖေပြောပြမယ် နားထောင်။ မင်းအခုပြောနေတဲ့ စကားတွေဟာ သူတောင်းစားကြီး ပြောခဲ့တဲ့ စကားတွေ ဆိုပေမဲ့ ဒီလူဟာ တကယ်တမ်း စဉ်းစားကြည့်ရင် မင်းကို ဒုက္ခပေးခဲ့တဲ့လူပဲ။ ဒီလိုလူက အမှန်အတိုင်း ပြောသွားပါ့မလား။ ငါ့သား စဉ်းစားစမ်းကွာ ဒီလူ လိမ်သွားတာပဲဟေ့၊ တကယ်တော့ သူပြောသွားတာဟာ ငါ့သားကို လက်တွေ့မကျတဲ့ အိပ်မက်တစ်ခုနဲ့ ဘဝတစ်ခုလုံး အသက်ရှင် နေထိုင်သွားရအောင် ဒုက္ခပေးသွားတာကွ။ ဒီတော့ ငါ့သား မင်းအနေနဲ့ အမှန်တရားကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့ သင့်ပြီကွ။ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး လှည့်စားမနေပါနဲ့တော့ကွာ"

စုချန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

"ပြီးတော့ကော အဖေ... သိပ်မကြာခင်မှာပဲ အဖေဟာ ကျွန်တော့်အပေါ် ယုံကြည်မှု ပျောက်ဆုံးလာပြီး သေချာပေါက် စွန့်ပစ်ရမယ့် သားတစ်ယောက်လို့ သတ်မှတ်လိုက်မှာပဲမလား"

စုချန်းအန်၏ နှလုံးအိမ်အတွင်း၌ ငလျင်ကြီးတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ တုန်လှုပ်သွား၏။ စုချန်းသည် သူ့နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာတွင် မည်သူမျှ မသိအောင် လျှို့ဝှက် မြှုပ်နှံထားခဲ့သော တစ်ကိုယ်ကောင်းဆန်မှု၊ သားဖြစ်သူအပေါ် အကျိုးအမြတ် တွက်ချက်ထားမှုကို ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။ စုချန်းအန်သည် အလွန်ရှက်သွား၏။ ရှက်လွန်း၍ စုချန်း၏ ရှေ့မှောက်၌ပင် ရပ်မနေချင်တော့ပဲ မြေကြီးအတွင်းသို့ တိုးဝင်သွားလိုစိတ်များ ဖြစ်ပေါ်လာသည်။

ဤသည်မှာ မည်သို့မည်ပုံ ဖြစ်နိုင်ပါအံ့နည်း။ စုချန်းသည် အသက် ဆယ့်လေးနှစ်မျှသာ ရှိသေးသော ကလေးတစ်ယောက် ဖြစ်သည်။ ဤမျှ ငယ်ရွယ်သော ကလေးသည် အဘယ်ကြောင့် လူကြီးတစ်ယောက်၏ အတွင်းစိတ်ကို ရေရေရာရာ သိရှိနေအံ့သနည်း။ သို့သော် စုချန်းအန်သည် အလွန်တရာ လူပီသသူ ဖြစ်လေရာ သူ၏ အရှက်တရားနှင့် ကြောက်ရွံ့မှုသည် သိပ်မကြာခင်မှာပင် ပြင်းထန်သော ဒေါသအဖြစ်သို့ ပြောင်းလဲသွား၏။ အမှန်တကယ်တော့ သူသည် စုချန်း၏ ထိုးထွင်းသိမြင်နိုင်မှုကို ကြောက်ရွံ့ တုန်လှုပ်နေ၏။ ရှက်လည်းရှက်နေ၏။ တစ်ဖန် မနာလိုမှုကလည်း ဖြစ်ပေါ်နေပြန်သည်။ သို့သော် သူသည် ဖခင်တစ်ယောက်ပင် ဖြစ်နေသေးရာ သူ့တွင် ဖြစ်ပေါ်နေသော အတွင်းစိတ်ကို ဖခင်တစ်ယောက်၏ ဒေါသနှင့် ဖုံးအုပ်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

ထိုအခါ စုချန်းအန်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

"တယ်လဲ ရိုင်းစိုင်းတဲ့ အကောင်ပါလားကွ။ မင်းရဲ့ အဖေကို ဘယ်လိုတွေ ပြန်ပြောနေတာလဲကွ ဟေ"

စုချန်း တစ်ခွန်းမှ ပြန်မပြောပါ။ သူသည် သူ့အဖေကို တွေတွေကြီး စိုက်ကြည့်နေရှာ၏။ သူ့မျက်လုံးများသည် ကန်းနေသည်ဟု ဆိုသော်လည်း သာမန်လူများနှင့် မည်သို့မျှ ကွဲပြားမှု မရှိပါ။ သူ့မျက်လုံးများနှင့် သူ၏ ကြည့်ပုံရှုပုံမှာ အလွန်တောက်ပနေပြီး အဓိပ္ပာယ် ပြည့်ဝလှသည်။ စုချန်း၏ အကြည့်တွင် ပါဝင်နေသော ထိုးထွင်းသိမြင်နိုင်မှု၊ အဓိပ္ပာယ် ပြည့်ဝမှုတို့က ဖခင်ဖြစ်သူ စုချန်းအန်ကို နေရထိုင်ရ ခက်စေ၏။ အသက်ရှူကျပ်စေ၏။

စုချန်းအန်က သူ့ကိုယ်သူ စိတ်တည်ငြိမ်မှု ရရှိရန် ကြိုးစားအားထုတ်နေ၏။ သူသည် သူ့နှလုံးသားကို သံမဏိကဲ့သို့ မာကျောစေရန်နှင့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားကြည့်သည်။ သို့သော် မည်သို့မျှ အောင်မြင်မှု မရခဲ့ချေ။ သူ့ခမျာ သားဖြစ်သူ၏ စူးစိုက်ကြည့်ရှုခြင်းကို မခံမရပ်နိုင် ဖြစ်နေရှာ၏။ နောက်ဆုံးတွင် စုချန်းအန်တစ်ယောက် ရှက်ရွံ့တစ်ကြီးနှင့် အဝေးကို ထွက်သွားရန် ဟန်ပြင်လိုက်သည်။

ထိုအခါ စုချန်းက မေးလိုက်သည်။

"အဖေ နောက်ဆုံးမှာ သားဘာအမှား လုပ်မိသလဲဆိုတာ အဖေ ပြောပြနိုင်မလား ခင်ဗျာ"

စုချန်းအန် တိတ်ဆိတ်သွား၏။ အတန်ကြာမှ သူက တုံ့ပြန်လိုက်သည်။

"မင်း ဘာအမှားမှ မလုပ်ထားပါဘူးကွာ။ တကယ်တော့ ငါ့သားဟာ သိပ်တော်တဲ့ ကလေးပါ"

စုချန်းက တောင်းပန်လိုက်သည်။

"ဒါဆိုရင် ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုကို တစ်ခါလောက်တော့ ယုံကြည် ထောက်ခံပေးပါလား အဖေ။ လက်ရှိ အဖေ့ရဲ့ အစီအစဉ်ကို ပြန်စဉ်းစားပေးပါဗျာ"

စုချန်းအန်က သားဖြစ်သူ၏ တောင်းပန်မှုကို တုံ့ပြန်လိုက်သည်။

"ဒီမယ် ချန်းအာ၊ မင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်လိုစိတ်ကတော့ ဘာမှ အပြစ်ပြောစရာ မရှိပါဘူးကွာ။ ဒါပေမဲ့ ငါ့သားရဲ့ လုပ်ရပ်ဟာ တခြားလူတွေရဲ့ တက်လမ်းကို သွားပိတ်ထားသလို ဖြစ်နေပြီကွ"

***

စုချန်း၏ လိမ်လည်မှု ပေါ်ပေါက်ခဲ့ပြီးနောက် မည်သည့် ကန့်ကွက်မှုများမှ ရှိမလာတော့ပဲ စနစ်ကို ပြောင်းလဲခဲ့လေသည်။

ပြောင်းလဲသည် ဆိုရာဝယ် သိပ်အများကြီး ပြောင်းလဲခြင်းတော့ မဟုတ်။ မူလအတိုင်း စွမ်းအားစစ်ဆေးခြင်း လုပ်ငန်းစဉ်များအနက် စိန်ခေါ်မှုတစ်ခု ထပ်တိုးလိုက်ခြင်းသာ ဖြစ်သည်။ နှစ်တစ်နှစ်၏ ချန်ပီယံသည် စိန်ခေါ်မှုတစ်ခုကို လက်ခံရန် တာဝန်ရှိ၏။ စိန်ခေါ်သူကိုမူ ရှုံးနိမ့်သည့် ကလေးများက ရွေးချယ်မည် ဖြစ်သည်။ သို့သော် တစ်ကြိမ်တစ်ခါသာ စိန်ခေါ်ခွင့်ရှိပြီး လက်နက်များကိုမူ အသုံးပြုခွင့် မရှိပေ။

အဆိုပါ ပြောင်းလဲမှုကို အတော်လေး ဂရုစိုက်ကာ ရေးသားခဲ့ရ။ သခင်ကြီး ချန်ချင်းသည် ကလေးငယ်များ ထိခိုက်ဒဏ်ရာရခြင်းနှင့် မတော်တဆ သေဆုံးသွားမည်ကို အထူးပင် စိုးရိမ်လေရာ တော်ရုံတန်ရုံ ကွဲပြားခြားနားချက်ကို မြင်ရလျှင် လုံလောက်ပြီဟု ယူဆခဲ့လေသည်။ ပြောင်းလဲလိုက်သော အချက်ကို ကြည့်ခြင်းအားဖြင့် အဆိုပါ ပြောင်းလဲမှုသည် မည်သူ့ကို ရည်ရွယ်ကြောင်း သိသာနေ၏။ စုချန်းကို ရည်ရွယ်ခြင်းမှတစ်ပါး အခြားမဖြစ်နိုင်တော့။

စုချိန်းတစ်ယောက်ကား အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ သူသည် စိန်ခေါ်ပွဲတွင် စုချန်းတစ်ယောက် အရှက်တကွဲ အကျိုးနည်း မဖြစ်ခင် ယခုအချိန် ကတည်းက လက်လျှော့လိုက်သင့်ကြောင်း၊ လူဘုံအလယ်တွင် အာပေါင်အာရင်း သန်သန်နှင့် ခြိမ်းခြောက် ပြောကြားနေတော့သည်။ သို့သော် သူ၏ ခြိမ်းခြောက်မှုမှာ မည်သို့မျှ အသုံးမဝင်ပဲ အချည်းနှီးသာ ဖြစ်ခဲ့ရလေသည်။

အဘယ်ကြောင့်ဆိုသော် စုချန်းတစ်ယောက် ယခုနှစ် အကဲဖြတ် ပြိုင်ပွဲတွင် သေချာပေါက် ပါဝင်ယှဉ်ပြိုင်လိမ့်မည် ဖြစ်ကြောင်း စုခေါ့ကျိနှင့် စုချိန်းတို့ သားအဖက ကြိုတင် သိရှိထားခဲ့လေပြီတည်း။

All Chapters