← Chapters

မမျှော်လင့်ပဲ တွေ့ဆုံခြင်း

Vol. 1 Ch. 7

မမျှော်လင့်ပဲ တွေ့ဆုံခြင်း

Vol. 1 Ch. 7

စုမျိုးနွယ်စုခြံဝင်း...။

စုမျိုးနွယ်စု ခြံဝင်းသည် မြို့တော်၏ အနောက်ဘက် အစွန်အဖျား၊ တောင်ကြီးတစ်တောင်၏ အခြေတွင် တည်ရှိလေသည်။ တောင်ကြီး၏ တစ်ဖက်တစ်ချက်တွင် အလွန် မြေဆီသြဇာ ကောင်းသော စိုက်ပျိုးမြေများရှိပြီး တောင်ခြေတွင် ကျဉ်းမြောင်းသော မြစ်ကလေးက ရစ်ခွေ စီးဆင်းနေ၏။ တောင်အလယ်တွင်ကား စိမ်းလန်းစိုပြေသော သစ်တောကြီးက ဘာသာဘာဝ ပေါက်ရောက်နေပြန်ရာ အဆိုပါ မြင်ကွင်းများကို ပေါင်းစုလိုက်လျှင် အလွန် ရင်သပ်ရှုမောစရာ ကောင်းသော မြင်ကွင်းတစ်မျိုး ဖြစ်လာလေသည်။

စုချန်းတစ်ယောက် အမြဲတစေ သိုင်းပညာ လေ့ကျင့်လေ့ရှိသော နေရာသည်ကား စုအိမ်တော်၏ အနောက်ဘက်တွင် တည်ရှိ၏။ ခြံဝင်းမှ လမ်းအနည်းငယ် လျှောက်လိုက်လျှင်ကား စုအိမ်တော် အုတ်တံတိုင်း နံရံကြီးသို့ ရောက်ရှိသွားလိမ့်မည် ဖြစ်ပြီး နံရံတစ်နေရာတွင် တံခါးပေါက်လေး တစ်ချပ်ကို တွေ့ရှိရပေလိမ့်မည်။ နံရံအလွန်တွင်ကား ဝါးတောကြီးတစ်တော ရှိလေသည်။ ဝါးတောကြီးမှ ရှေ့ကို ဆက်လျှောက်သွားလျှင် တောင်ကြီး၏ အလယ်ဗဟိုကို ရောက်သွားမည် ဖြစ်သည်။

အားလပ်ချိန်ရောက်တိုင်း စုချန်းသည် တောင်၏ အနောက်ဘက်သို့ အမြဲတမ်းလိုလို လျှောက်သွားလေ့ရှိပြီး အကြောင်းမဲ့သက်သက် သွားထိုင်ကာ ရောက်တတ်ရာရာများ စဉ်းစားတွေးတော နေလေ့ရှိသည်။ ဤယနေ့ညတွင်လည်း ထိုနည်းနှင်နှင်သာ။ စုချန်းသည် တောင်အနောက်ဘက်ရှိ ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ထိုင်နေ၏။ ဤနေ့ညတွင်ကား တောအုပ်ကြီး တစ်အုပ်လုံးသည် အလွန်တရာ တိတ်ဆိတ် ငြိမ်သက်နေလေသည်။ ယုတ်စွအဆုံး ငှက်ကလေးများပင် တေးဆိုခြင်းမရှိ။ ထွက်ပေါ်နေသော အသံဟူ၍ လေတိုးသံများသာ ရှိလေသည်။

သို့သော်ငြားလည်း အနှီသစ်ပင်များသည် မည်သည့်အခါမျှ အမှန်တကယ် အိပ်ပျော်နေလေ့ မရှိကြောင်း စုချန်းတစ်ယောက် ကောင်းကောင်းကြီး သိရှိနေ၏။ မည်မျှပင် တိတ်ဆိတ် ငြိမ်သက်နေသော်ငြား စုချန်းအဖို့ကား အလွန်တရာ တိုးညှင်းသာ အသံလေးများကိုပင် ရှင်းလင်းပီသစွာ ကြားနေရပြီး ၎င်းအသံများသည် သူ၏ အကြားအာရုံကို လေ့ကျင့်ပေးနေသကဲ့သို့ ခံစားနေရလေသည်။ လူသံ၊ စကားပြောသံ၊ ဆူညံသံများ မကြားရသော နေရာတစ်ခုကို ရှာတွေ့ရန်မှာ အလွန်ပင် ခက်ခဲလှ၏။ ထိုအခါ စုချန်း၏ နှလုံးအိမ်အတွင်း၌ ကြည်လင် အေးချမ်းလှသော အရာတစ်မျိုးသည် တဖြည်းဖြည်း ကြီးထွားလာတော့သည်။

ထို့ကြောင့်ပင် စုချန်းအဖို့ အလွန်ဝေးကွားလှသော နေရာမှ အသံများနှင့် ကွဲပြားခြားနားသော အသံများကို ပို၍ ခွဲခြမ်းစိတ်ဖြာ သိရှိနိုင်စွမ်း ရှိလာ၏။ စုချန်းနားထဲတွင် ကြားနေရသော ရေစီးသံများမှာကား တောင်ခြေ စမ်းချောင်းလေး၏ ဖြည်းညင်းစွာ စီးဆင်းနေသော အသံပင်တည်း။

မြင်နိုင်စွမ်း မရှိသော်လည်း စုချန်း၏ စိတ်ထဲတွင် ပတ်ဝန်းကျင် အနေအထားကို ပုံဖော်ကြည့်နေ၏။ တောင်စောင်းပေါ်မှ စမ်းချောင်းကလေးသည် တသွင်သွင် စီးကျနေပြီး တောင်ကျချောင်းကလေး တစ်ခုအဖြစ် ဖြစ်ပေါ်စေသည်။ ၎င်းချောင်းကလေးသည် မတ်စောက်သော ကျောက်ထရံလေးသို့ အရောက်တွင် ဝေါခနဲ ပြုတ်ကျသွားပြီး ရေတံခွန်လေးတစ်ခု ဖြစ်ပေါ်လာတော့သည်။ နှစ်ပေါင်းများစွာ တသွင်သွင် စီးကျနေခြင်းကြောင့် ကျောက်ထရံ၏ အောက်တွင် ရေအိုင်လေးတစ်အိုင် ဖြစ်ပေါ်စေ၏။ ရေအိုင်သည် ရေများ တဖြည်းဖြည်း ပြည့်လာသောအခါ စမ်းချောင်းလေးတစ်ခု ဖြစ်ပေါ်လာပြီး ဝေးလံသော အရပ်ဆီသို့ မြွေတစ်ကောင်ပမာ ရစ်ခွေ စီးဆင်းသွားလေ၏။

စုချန်းသည် ချောင်းလက်တက်လေး၏ ဘေးတွင် ထိုင်နေရင်း ထွက်ပေါ်နေသော အသံဗလံများကို နားထောင်နေ၏။ ထို့နောက် သူသည် လက်များကို ရုတ်တရက် ဆန့်တန်းပြီး စမ်းချောင်းအောက်ဘက်သို့ မျောပါသွားသော ပန်းတစ်ပွင့်ကို ကောက်ယူလိုက်လေသည်။ စုချန်းသည် ပန်းပွင့်ကို ဖြည်းညင်းစွာ ယူပြီး နှာခေါင်းနားတွင် တေ့၍ နမ်းရှုပ်လိုက်၏။ ပန်းပွင့်၏ ဖျော့တော့သော ရနံ့ကို သူရလိုက်သည်။ သူ့မျက်နှာပေါ်တွင် တစ်စုံတစ်ရာကို နှစ်သိမ့်ကျေနပ်သော အပြုံးတစ်မျိုး ပေါ်ပေါက်လာလေတော့သည်။ မျက်လုံးကန်းသွားပြီး ကတည်းက သူ၏ သောတအာရုံမှာ ပိုမို ကောင်းမွန်လာရုံမက ဂန္ဓာအာရုံမှာလည်း ထူးထူးခြားခြားပင် ကောင်းမွန်လာလေသည်။

အာရုံကို လန်းဆန်းသွားစေသော ရနံ့ကြောင့် ထိုပန်းသည် ငိုကြွေးနေသော အနီရောင်ပန်း ဖြစ်ကြောင်း စုချန်း အတပ်သိလိုက်သည်။ အဆိုပါပန်းသည် အထူးပင် လေးလံသော ရနံ့မျိုး ရှိ၏။ အနီရောင် ပန်းများသည် ချောင်းအထက်ပိုင်းမှ စီးဆင်းလာခြင်း ဖြစ်သည်။

စုချန်း၏ စိတ်ထဲတွင် စပ်စုလိုစိတ်များ ပေါ်လာ၏။ ယခုရာသီသည် တောင်ပေါ်တွင် ပန်းများဖူးပွင့်ချိန် ဖြစ်သည်။ အဘယ်ကြောင့် များပြားလှသော အနီရောင်ပန်းပွင့်များ ညှိုးနွမ်း၍ စမ်းချောင်းလေးအတိုင်း စီးဆင်းလာသနည်း။ သူသည် စဉ်းစားတွေးတောရင်း ချောင်းအထက်ပိုင်းသို့ လမ်းလျှောက်သွားခဲ့လေ၏။

သူသည် စမ်းချောင်းလေး အပေါ်ဘက်သို့ လျှောက်လာခဲ့ရင်း ကျောက်ထရံ၏ အခြေနားသို့ ရောက်ရှိလာခဲ့လေသည်။ တသွင်သွင် စီးကျနေသော ရေတံခွန် အသံများကြားတွင် မြစ်အတွင်းမှ သဘာဝမကျသော မွှေနှောက်သံ တစ်မျိုးကို စုချန်း ကြားလိုက်ရသည်။

မည်သို့သော အသံပေနည်း။ တစ်စုံတစ်ယောက်များ ရေထဲတွင် ဆော့ကစား နေသလော။ အံ့သြစရာ ကောင်းလှပါဘိ။

စုချန်းက ချက်ချင်းပင် အသံကို တုံ့ပြန်လိုက်သည်။

"အဲဒီမှာ ဘယ်သူရှိနေသလဲ"

ထိုအခိုက်မှာပင် စုချန်း၏ တစ်ကိုယ်လုံး အေးစိမ့်သော ခံစားချက်များ ပေါ်ပေါက်လာ၏။ အန္တရာယ်နှင့် ကြုံတွေ့ခါနီးတွင် အလိုအလျောက် ဖြစ်ပေါ်လာတတ်သော လူသားတစ်ယောက်၏ ဗီဇစိတ်အရ သူသည် စဉ်းစားတွေးတောခြင်း မရှိပဲ မြေကြီးပေါ်သို့ ရုတ်တရက် ထိုင်ချလိုက်သည်။ ပြင်းထန်သော လေပြင်းတစ်ချက် သူ့မျက်နှာအနီးမှ ဖြတ်သန်းသွား၏။ စုချန်းသည် မြေကြီးပေါ်သို့ ထိုင်ချပြီးသည်နှင့် ရပ်တန့်နေသည်မဟုတ်၊ အဆက်မပြတ် လှိမ့်ချနေခြင်း ဖြစ်သည်။

မာကျောသော အရာဝတ္ထုတစ်မျိုး မြေကြီးပေါ်သို့ အဆက်မပြတ် ထိုးနှက်သံကို သူအတိုင်းသား ကြားနေရလေသည်။ တစ်ချိန်တည်းမှာပင် သူသည် ရေကန်ဘက်ဆီမှ မုန်တိုင်းတိုက်ခတ် သကဲ့သို့ အသံလှိုင်းများ ထွက်ပေါ်လာကြောင်း ကြားနေရသည်။ ထိုလူသည် ရေကန်အတွင်းရှိ ရေများကို အသုံးပြုပြီး စုချန်းကို လှမ်းပစ်နေခြင်းပင်။ သူ့ခန္ဓာကိုယ်ကို မမြင်စေရန် ရည်ရွယ်သည့် သဘောဖြစ်ပုံရသည်။ သို့သော် ထိုလူ၏ လုပ်ရပ်သည် မျက်စိကန်းနေသော စုချန်းအဖို့ကား မည်သို့မျှပင် အကျိုးသက်ရောက်မှု မရှိချေ။

ထိုအခါ စုချန်းသည် မြေကြီးပေါ်တွင် မြန်နိုင်သမျှ မြန်အောင်လှိမ့်ရင်း ကျယ်လောင်စွာ အော်ဟစ် ပြောဆိုလိုက်သည်။

"ကျွန်တော်ဟာ မျက်မမြင် တစ်ယောက်ပါဗျို့၊ မျက်မမြင်တစ်ယောက်ပါ"

မည်သို့ဆိုစေ သူ့စကားက အကျိုးသက်ရောက်မှုတော့ ရှိပုံရသည်။ ရေသံများ၊ ဆူညံသံများသည် ရုတ်ချည်း ရပ်တန့်သွားပြီး သစ်တောကြီး တစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွား၏။ စုချန်းသည် အဆက်မပြတ် လှိမ့်နေခြင်းကို ရပ်တန့်ပြီး မြေကြီးကို လက်ထောက်ကာ ဖြည်းညင်းစွာ ထထိုင်လိုက်သည်။

ထို့နောက် သူက ပြောလိုက်၏။

"အဝတ်အစားတွေ ဝတ်ပြီးပြီ ဆိုရင်လည်း ထွက်သာ ထွက်လာခဲ့ပါတော့ဗျာ"

"ချွင်"

အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံသည် ဓားတစ်လက်ကို ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်သော အသံမှန်း စုချန်း ကောင်းကောင်း သိလိုက်သည်။ စုချန်း၏ နှာသီးဖျားမှ အေးစက်သော အထိအတွေ့ကို ရနေ၏။ သူ့အနေနှင့် မည်သည့်အရာကိုမှ မြင်နိုင်စွမ်း မရှိသော်လည်း အနှီ အမျိုးသမီးသည် ဓားတစ်လက်နှင့် သူ့ကို ချိန်ရွယ်ထားကြောင်း စုချန်း သဘောပေါက်လိုက်သည်။

"ရှင်က တကယ်ပဲ မျက်မမြင် တစ်ယောက်လား"

ပြတ်သားကြည်လင်လှသော မိန်းကလေးတစ်ယောက်၏ အသံပေတည်း။ မိန်းကလေး၏ အသံသည် သာယာလှ၏။ အကယ်၍ ဟာလာဟင်းလင်း ဖြစ်နေသော ဤစမ်းချောင်းတစ်လျှောက် ဆိုတေးသီနေသော တေးဆိုငှက်များ ရှိနေခဲ့လျှင်ပင် အဆိုပါ မိန်းကလေး၏ အသံလောက် နားထောင်၍ ကောင်းပါမည်လော ဝေခွဲရန် ခက်လေသည်။

စုချန်းက ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော့်နာမည် စုချန်းလို့ ခေါ်ပါတယ် ခင်ဗျာ…။ တကယ်လို့ ခင်ဗျား မယုံဘူးဆိုရင် ကြိုက်သလို စမ်းသပ် စစ်ဆေးနိုင်ပါတယ်။ ကျွန်တော်ဟာ တကယ့်ကို မျက်စိမမြင်ရဘူးဆိုတာ ခင်ဗျား သိလာပါလိမ့်မယ်"

ထိုစကားကို ကြားရလျင် တစ်ဖက် မိန်းကလေးသည် သက်ပြင်းတစ်ချက်ချပြီး ဓားကို သူ့မျက်နှာရှေ့မှ အနည်းငယ် ဆုတ်ပေးလိုက်၏။ သာယာသော အသံက ထပ်မံ ထွက်ပေါ်လာပြန်၏။

"မျက်မမြင်လည်း ပြောသေးတယ်၊ ဒီနေရာကို တစ်ယောက်တည်း ဘာကြောင့် လျှောက်လာခဲ့တာလဲ"

စုချန်း ပြုံးလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

"မျက်မမြင်တွေ သူတို့ဟာသူတို့ လမ်းမလျှောက်နိုင်ဘူးလို့ ဘယ်သူတွေ ပြောသလဲဗျ။ ဒီတောထဲမှာ လေတိုက်နေတယ်၊ ဒီလေဟာ သစ်ပင်တွေ ကြားထဲမှာ ဖြတ်သန်း တိုက်ခတ်သွားတဲ့အခါ ပဲ့တင်သံတွေကို ဖြစ်ပေါ်စေတယ်။ ပဲ့တင်သံတိုင်းဟာ မတူဘူး။ အလွန်ပဲ ကွဲပြားတယ်။ ဒီပဲ့တင်သံတွေကို ခွဲခြားနိုင်ရင် ဘယ်နေရာမှာတော့ အတားအဆီးရှိတယ်၊ ဘယ်နေရာမှာတော့ မရှိဘူးဆိုတာ ခင်ဗျား အလွယ်တကူ သိနိုင်လိမ့်မယ်"

တစ်ဖက်လူမှ စုချန်း၏ စကားကို မယုံကြည်သောဟန်ဖြင့် မေးလိုက်သည်။

"အဲလိုလား ဆိုစမ်းပါဦး ရှင်က ဘာကြောင့် ဒီနေရာကို လာရတာလဲ"

စုချန်းက မဲ့ပြုံးပြုံးလိုက်သည်။

"ငပြူးက ပြန်ပြဲနေပြန်ပြီ။ ဒီနေရာဟာ ကျွန်တော်တို့ မျိုးနွယ်စုခြံဝင်းရဲ့ နောက်ကျောမှာ ရှိနေတဲ့ တောင်ခြေတောအုပ်ပဲ။ ဒီတော့ ဒီနေရာကိုလာတာ ကျွန်တော့်အတွက် ဘာမှ မထူးဆန်းဘူးဗျ။ တကယ်တော့ ဒီနေရာနဲ့မဆိုင်တဲ့ ခင်ဗျားကသာ ထူးဆန်းနေတာ"

စုချန်း၏ စကားကြောင့် တစ်ဖက်မှ မိန်းကလေးသည် သူမအဖို့ တခြားမျိုးနွယ်စု၏ ပိုင်နက်နယ်မြေအတွင်း ကျူးကျော် ဝင်ရောက်မိနေကြောင်း သဘောပေါက်လာ၏။ သူမ၏ အသံက ရုတ်တရက် မာထန်လာသည်။

"ဟင့် ဒါဆို ရှင်က စုမျိုးနွယ်စုထဲက လူတစ်ယောက်ပေါ့"

စုချန်းက ဟန်မူရာကင်းမဲ့စွာ ပြောလိုက်သည်။

"ကျွန်တော့်နာမည်ဟာ စုချန်းလို့ စကတည်းက ပြောခဲ့ပြီးပြီလေဗျာ"

မိန်းကလေး၏ မျက်နှာသည် မသိမသာ နီရဲလာ၏။ သူမက ဒေါသတကြီးနှင့် ပြောလိုက်သည်။

"ဒီမယ် စုမျိုးနွယ်ဝင် ညဖက်ကြီး ဒီတောင်နောက်ကျောကို ရှင်ဘာလာလုပ်တာလဲ"

စုချန်းက ဖြေလိုက်သည်။

"မျက်မမြင် တစ်ယောက်အတွက် နေနဲ့ညဆိုတာ ဘာမှ မကွဲပြားပါဘူးဗျာ"

မိန်းကလေးသည် အဆိုပါ အဖြေမျိုးကို မမျှော်လင့်ထားချေ။ သူမ ခေတ္တမျှ အံ့သြသင့်သွား၏။သူမက စုချန်းကို စိုက်ကြည့်လိုက်သည်။ စုချန်း၏ ပုံစံသည် အလွန်တရာ စိတ်အေးလက်အေး ရှိဟန်ပေါ်နေပြီး သူမ၏ ဓားနှင့်ချိန်ရွယ်ခြင်း ခံထားရသော်လည်း အနည်းငယ်မျှပင် ကြောက်ရွံ့ဟန် မပေါ်ချေ။ စုချန်းတစ်ယောက် အမှန်အတိုင်း ပြောဆိုနေခြင်းဟု တဖြည်းဖြည်းနှင့် သူမ၏ စိတ်ထဲတွင် ယုံကြည်စ ပြုလာလေပြီ။ ထိုအခါ ဓားကို ဓားအိမ်ထဲ ပြန်ထိုးရင်း သူမက တောင်းပန်စကား ဆိုလိုက်၏။

"တောင်းပန်ပါတယ်ရှင်။ အမှန်တော့ ကျွန်မက ခရီးသွားပါ။ ဒီနေရာကို အဖြတ်မှာ မမျှော်လင့်ပဲ အင်မတန် သန့်ရှင်းကြည်လင်နေတဲ့ စမ်းချောင်းကို တွေ့မိတော့ ရေချိုးချင်စိတ် ပေါက်လာတာနဲ့ ရေဝင်ချိုးမိပါတယ်။ ဒီနေရာဟာ ရှင်တို့ မျိုးနွယ်စုရဲ့ ပိုင်နက်မှန်း ကျွန်မ တကယ်ကို မသိခဲ့တာပါရှင်"

စုချန်းက ရယ်မောရင်း ဖြေကြားလိုက်သည်။

"ရပါတယ်ဗျာ ပြဿနာမရှိပါဘူး။ အဝေးက လာရတဲ့ ဧည့်သည်တွေအတွက် စုမျိုးနွယ်စုက အမြဲတမ်း အိမ်ရှင်ပီသပြီး ဧည့်ဝတ် ကျေပြွန်တတ်ပါတယ်။ မိန်းကလေးကုသာ ဆန္ဒရှိရင် ကျွန်တော်တို့ဆီမှာ ကြိုက်သလောက် နေလို့ရပါတယ်"

မိန်းကလေး ရုတ်တရက် ထိတ်လန့်သွား၏။ သူမက ကပျာကယာ မေးလိုက်သည်။

"ကျွန်မနာမည်အရင်းကို ရှင်ဘယ်လိုလုပ် သိနေတာတုန်း"

စုချန်းက ဖြေလိုက်သည်။

"ဒါက အလွယ်တကူ ခန့်မှန်းလို့ရတဲ့ ကိစ္စပါ။ တကယ်လို့ ကျွန်တော့်အထင်သာ မမှားဘူးဆိုရင် မိန်းကလေးဟာ ကုမျိုးနွယ်စုရဲ့ သခင်မလေး ကုချိန်းလွှာပဲ ဖြစ်ရမယ်"

ဤတစ်ကြိမ်တွင်တော့ မိန်းကလေးသည် ပထမတစ်ကြိမ်ကထက် ပို၍ ထိတ်လန့် တုန်လှုပ်သွား၏။ အကယ်၍ စုချန်းသည် မြင်နိုင်ခဲ့လျှင် အနှီမိန်းကလေးသည် ပါးစပ်ကို လက်ဝါးဖြင့်ပိတ်ရင်း စုချန်းကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ဟု မြင်ရပေလိမ့်မည်။

"ဟာ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလည်း။ တကယ်လို့ ကျွန်မကို ရှင်မြင်နေရတယ်ပဲ ထားဦး၊ ကျွန်မ ဘယ်သူဘယ်ဝါဆိုတာ ဘယ်လိုမှ သိနိုင်စရာ အကြောင်းမရှိဘူး။ ပြောစမ်းပါဦး ကျွန်မကို ရှင်ဘယ်လိုလုပ် သိသလဲ။ ရှင်ဟာ တကယ်ကော မျက်မမြင်တစ်ယောက် ဟုတ်ရဲ့လားရှင်"

နောက်ဆုံး စကားလုံးများကို ပြောဆိုလိုက်သော အချိန်တွင် မိန်းကလေး၏ အသံသည် ပိုမို မြန်ဆန်ပြီး ပိုမို ခက်ထန်လာ၏။

စုချန်းက ပြုံးပြီး ပြန်လည် ရှင်းပြလိုက်သည်။

"အမှန်တကယ်တော့ ဘယ်သူဘယ်ဝါနဲ့ ဘယ်တုန်းက ဆုံခဲ့၊ သိခဲ့ဖူးတယ် ဘယ်သူဘယ်ဝါကို ဘယ်တုန်းက မြင်ခဲ့ဖူးတယ်ဆိုတာ ကျွန်တော့်လို မျက်မမြင် တစ်ယောက်အတွက် ဘာမှ အရေးမကြီးပါဘူးဗျာ။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ဘယ်နဲ့ညာကို မခွဲနိုင်သလိုပဲ ပုံပန်းသွင်ပြင်တွေကိုလည်း အဓိပ္ပာယ် ဖော်နိုင်စွမ်း၊ ခွဲခြားနိုင်စွမ်း မရှိလို့ပဲ။ ဒါဟာ မျှော်လင့်ချက်မဲ့ပြီး စိတ်ပျက်စရာ ကောင်းတယ်လို့ ထင်ရပေမဲ့ မျက်မမြင် တစ်ယောက်ဟာ လူတွေ သာမန်မျက်လုံးနဲ့ မမြင်ရတဲ့ အရာတချို့ကိုကျတော့ အာရုံခံနိုင်စွမ်း ရှိနေပြန်ရောဗျ"

ကုချိန်းလွှာ၏ မျက်လုံးများသည် အလွန်တရာ သိလိုစိတ် ပြင်းပြလာဟန်ဖြင့် ပြူးကျယ် တောက်ပလာ၏။ သူမက စုချန်းကို စိုက်ကြည့်ပြီး ညင်သာသော လေသံနှင့် ပြောလိုက်သည်။

"ရှင်ဘယ်လို ခန့်မှန်းလိုက်တာလဲ ကျွန်မကို ပြောပြပါလားရှင်"

မိန်းကလေးကု၏ မေးခွန်းကြောင့် စုချန်း ခေတ္တမျှ တုံ့ဆိုင်းသွား၏။ သူ့တွင် ခါးသီးသော အတွေ့အကြုံပေါင်း များစွာ ရှိထားခဲ့ပြီး ဖြစ်သည်။ တောအုပ်အတွင်းရှိ အမြင့်ဆုံး သစ်ပင်သည် ကျန်သော သစ်ပင်များထက် လေပြင်းတိုက်ခတ်မှု ဒဏ်ကို ပို၍ ခံစားရလေ့ရှိသည် (အပင်မြင့်လျှင် လေတိုက်ခံရမည်)။ ထိုအဓိပ္ပာယ်မှာ အကြင်သူသည် သူ၏ အားနည်းချက်ကို အခြားသူများအား မသိမြင်စေပဲ ကြောင်လက်သည်း ဝှက်သကဲ့သို့ လျှို့ဝှက် သိမ်းဆည်းထားရမည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ စဉ်းစားတွေးခေါ်ပုံ နည်းလမ်းများကို အခြားသူများအား အလွယ်တကူ ထုတ်ဖော်ပြသပြီး မိမိ၏အကြောင်းကို သူတစ်ပါး သိရှိသွားစေနိုင်မည့် သဲလွန်စများ ချန်ရစ်ခဲ့လိုစိတ် အနည်းငယ်မျှပင် မရှိတော့ပါ။ ဤသည်မှာ ဘဝကပေးသော သင်ခန်းစာဖြစ်သည်။

ဤတစ်ကြိမ်တွင်ကား အဆိုပါ သင်ခန်းစာသည် စုချန်း၏ စိတ်ဆန္ဒအား တားဆီးနိုင်ပုံမရ။ သူက မည်သို့မည်ပုံ မှန်းဆလိုက်ကြောင်းကို ကုချိန်းလွှာအား ပြောပြလိုစိတ်များ တားမရ၊ ဆီးမရအောင် ပေါ်ပေါက်လာ၏။ ရေရေရာရာ လက်ဆုပ်လက်ကိုင် မပြနိုင်သော၊ ကောင်းကင်ဘုံမှ လာသော အသံတစ်သံက စုချန်းအား ညှို့ယူ ဆွဲဆောင်နေသကဲ့သို့ ခံစားနေရပြီး ထိုအသံ၏ ဆွဲဆောင်မှုကြောင့် သူ၏နှလုံးသား အတွင်းဝယ် ပြင်းပြသော ဆန္ဒတစ်စုံတစ်ရာ ပေါ်ပေါက်လာတော့သည်။

ကုချိန်းလွှာ၏ မျက်နှာကို မမြင်ရသော်လည်း သူမ၏ ချိုမြိန်သာယာသော အသံကြောင့် စုချန်း၏ စိတ်ထဲတွင် "အို မထူးတော့ဘူးကွာ ပြောပြလိုက်တော့မယ်" ဟု ရူးရူးမိုက်မိုက်ပင် ဆုံးဖြတ်မိတော့သည်။ ထို့နောက် သူက ပြောလိုက်၏။

"အစကတည်းက ကျွန်တော့်နာမည်ဟာ စုချန်းပါလို့ ကျွန်တော် မပြောခဲ့ဘူးလား။ တကယ်လို့ ခင်ဗျားဟာ နယ်ခံဆိုရင် စုချန်းဆိုတဲ့ ကျွန်တော်ဟာ မျက်ကန်းတစ်ယောက်မှန်း ခင်ဗျား အစကတည်းက သိခဲ့မှာပဲ။ ဒီလိုသာဆိုရင် ခုနကတည်းက ကျွန်တော် စကားတွေ အများကြီးပြောပြီး ခင်ဗျားကို တောင်းပန်နေစရာ မလိုတော့ဘူးပေါ့ဗျာ "

စုချန်း မျက်လုံးကွယ်သွားသော အဖြစ်အပျက်သည် ထိုအချိန်က မြောက်ပိုင်းမြို့တော်တွင် အလွန် ရေပန်းစားသော သတင်းတစ်ပုဒ် ဖြစ်သည်။ မြို့တော်တစ်ဝှမ်းလုံး ထိုအကြောင်းကို မသိသောသူ မရှိပေ။ ထို့ပြင် သူတို့ရောက်ရှိနေသော နေရာသည် စုမျိုးနွယ်စု ခြံဝင်း၏ အနောက်ဘက်တွင် ဖြစ်သည်။ အကယ်၍ မိန်းကလေးကုသည် ဤနေရာတွင် ရေချိုးနေကျဆိုလျှင် ထိုအကြောင်းကို မသိပဲနေမည် မဟုတ်။ မုချသိမည်သာ။ ဤသို့သာဆိုလျှင် စုချန်းသည် မျက်မမြင် တစ်ယောက်ဖြစ်ကြောင်း အထပ်ထပ် အခါခါ ပြောနေစရာ မလိုတော့။ ထို့ကြောင့်ပင် မိန်းကလေးကုသည် တခြားနေရာမှလာကြောင်း စုချန်းက အတပ်ပြောနိုင်ခြင်း ဖြစ်သည်။

စုချန်း၏ စကားကို ကြားလိုက်ရသောအခါ ကုချိန်းလွှာ၏ စိတ်ထဲတွင် စုချန်းတစ်ယောက် မျက်မမြင်ဖြစ်ကြောင်း လုံးဝဥဿုံ ယုံကြည်သွားတော့သည်။ သူမက ထပ်မံ မေးမြန်းလိုက်သည်။

"ဒီထိကတော့ ဟုတ်ပါပြီ။ ဒါနဲ့ ကျွန်မ ဘယ်သူဘယ်ဝါဆိုတာ ရှင်ဘယ်လိုသိတာလဲ ပြောစမ်းပါဦး"

စုချန်းက ဆက်လက် ရှင်းပြလိုက်သည်။

"ဒါကတော့ လင်မျိုးနွယ်စုရဲ့ ကြေညာချက်အပေါ်မှာ မူတည်တယ်ဗျ။ တစ်လောက သူတို့မျိုးနွယ်စုက ကြေညာချက်တစ်ခု ထုတ်လိုက်တယ်။ အင်မတန် လူသိများတဲ့ ကြေညာချက်ပေါ့။ သူတို့ကြောင့်သာ မဟုတ်ရင် လောင်ချိ ကုမျိုးနွယ်စုရဲ့ ဒုတိယ သခင်မလေး ကုချိန်းလွှာဟာ မြောက်ပိုင်းမြို့တော်ကို အလည်အပတ် လာတယ်ဆိုတာ ကျွန်တော် ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူးဗျို့"

စုချန်း၏ စကားက အဆုံးမသတ်သေးပါ။ သူက မြေကြီးပေါ်တွင် နစ်မြှုပ်နေသည့် အလွန်သေးငယ်သော သစ်ရွက် အပိုင်းအစလေးများကို စိုက်ကြည့်လိုက်သည်။ စုချန်းသည် သစ်ရွက်အပိုင်းလေး တချို့ကို ကောက်ယူလိုက်ပြီး အပိုင်းအစလေးများ ဖြစ်သွားအောင် ချေမွလိုက်သည်။ အဆိုပါ သစ်ရွက်လေးများသည် အလွန် သတိထားရှုကြည့်မှ သိသာနိုင်သော အနံ့အသက်တစ်မျိုး ထွက်ပေါ်နေ၏။ စုချန်းက စကားဆက်သည်။

"ခင်ဗျား အသုံးပြုခဲ့တဲ့ သစ်ရွက်တွေဟာ အစိပ်စိပ် အမွှာမွှာ ကျိုးပဲ့နေတယ်။ ချီစွမ်းအင် မပါဘူး။ ဒါကိုကြည့်ရင် ခင်ဗျားဟာ ချီလမ်းညွှန် အဆင့်ကို မဝင်ရောက်နိုင်သေးဘူး ဆိုတာ သိသာနေတယ်။ ဒါပေမဲ့ ခင်ဗျား အသုံးပြုတဲ့ နတ်ဘုရားကိုယ်ထည် စွမ်းအားကို ကြည့်ရင် ခင်ဗျားဟာ သစ်ရွက်တွေကို မြားတစ်စင်းလို လှစ်ခနဲ ပြေးသွားအောင် သုံးနိုင်တာကို တွေ့ရတယ်။ ဒါကြောင့် ခင်ဗျားဟာ ဒီအရပ်ဒေသက မဟုတ်တဲ့ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ရမယ်။ ဒီအခြေအနေမှာ ကျွန်တော် စဉ်းစားလို့ရတာ ကုအမျိုးနွယ်ရဲ့ ဒုတိယသခင်မလေး ကုချိန်းလွှာ တစ်ယောက်ပဲ ရှိတယ်ဗျ။ ဒါကြောင့် ခင်ဗျားကို ကျွန်တော်က သခင်မလေး ကုချိန်းလွှာဆိုပြီး မှန်းလိုက်တာ မှန်သွားတာဆိုတော့ ကျွန်တော် ကံကောင်းသွားတာပေါ့ ခင်ဗျာ"

All Chapters