← Chapters

မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်း

Vol. 1 Ch. 8

မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်း

Vol. 1 Ch. 8

ကုချိန်းလွှာနှင့် တွေ့ဆုံခဲ့ခြင်းသည် စုချန်း၏ ဘဝကို ကြီးမားစွာ ပြောင်းလဲစေခဲ့လေသည်။ အဆိုပါ ဖြစ်ရပ်သည် စုချန်း၏ အမြဲတစေ မှောင်မိုက်နေခဲ့သော ဘဝကို မီးအိမ်ကလေးအဖြစ် အလင်းပေးခဲ့သလို လမ်းပြကြယ်လေးအဖြစ် လမ်းပြပေးခဲ့လေသည်။ ထိုနေ့ ထိုအချိန်မှစ၍ စုချန်းနှင့် ကုချိန်းလွှာသည် ခင်မင်ရင်းနှီးသော သူငယ်ချင်းများ ဖြစ်လာခဲ့ကြလေသည်။ သူတို့၏ ခင်မင်ရင်းနှီးမှုသည် လျှင်မြန်စွာ ကြီးထွားလာပြီး တဖြည်းဖြည်းနှင့် သူတို့နှစ်ယောက်ကြားတွင် မည်သည့် လျှို့ဝှက်ချက်မျှ မရှိတော့သော အခြေအနေသို့ ဆိုက်ရောက်လာ၏။ သို့သော် သူတို့နှစ်ယောက်လုံးသည် သူတို့၏ ခင်မင်ရင်းနှီးမှုကို လျှို့ဝှက်ချက် အဖြစ်ဖြင့်သာ ထားရှိပြီး မည်သူ့ကိုမျှ အသိမပေးရန် သဘောတူညီမှု ယူထားကြလေသည်။

အကြောင်းမှာ ကုချိန်းလွှာသည် လင်းမျိုးနွယ်စု၏ တော်ဝင်ဧည့်သည်တော် ဖြစ်နေသောကြောင့်ပင်တည်း။

လင်းမျိုးနွယ်စုဟူသည် မြောက်ပိုင်းမြို့တော်၏ ကြီးမားသော မျိုးနွယ်စု လေးစုအနက် တစ်စုအပါအဝင် ဖြစ်လေသည်။ မြောက်ပိုင်းမြို့တော်သည် ယိုယွင်းပျက်စီးပြီး ကြမ်းတမ်းလှသော ကမ္ဘာလောကကြီးဝယ် ရှေ့တန်းစစ်မျက်နှာသဖွယ် မဟာဗျူဟာကျကျ တည်ရှိနေသော မြို့တော်ဖြစ်လေရာ အင်အားတောင့်တင်းသော မျိုးနွယ်စုဟူ၍ များများစားစား မရှိလှပဲ သေးငယ်သော သွေးနှောမျိုးနွယ်စု လေးစုသည်သာလျှင် ဤဧရိယာကြီး တစ်ခုလုံးကို ထိန်းချုပ်ထားကြ၏။

မြောက်ပိုင်းဧရိယာသည် ဝေးလံပြီး ကြမ်းတမ်းလှသော ဒေသကြီး ဖြစ်သော်ငြား မျိုးနွယ်စုကြီး လေးစုအကြားတွင်ကား ပြင်းထန်သော ယှဉ်ပြိုင်မှုများ ရှိနေပေသည်။ သူတို့လေးစုသည် တစ်စုကိုတစ်စု စက်ဆုပ်ရွံရှာကြပြီး တစ်စုနှင့်တစ်စု အကြားတွင် ပဋိပက္ခများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ မြောက်ပိုင်းမြို့တော် တစ်ခုလုံးကို ထိန်းချုပ်ခွင့် ရရေးသည် ၎င်းတို့၏ အန္ဓိမ ရည်မှန်းချက်ဖြစ်ပြီး ထိုအခွင့်အရေးကို ရရှိရန် နည်းလမ်းမျိုးစုံနှင့် ကြိုးပမ်းကြကုန်၏။

အထက်ပါ အချက်များကြောင့် စုချန်းနှင့် ကုချိန်းလွှာတို့အကြား ပေါင်းသင်းဆက်ဆံရေးကို မည်သူမျှ မသိစေပဲ လျှို့ဝှက်ထားခြင်းမှာ အကောင်းဆုံးပင် ဖြစ်သည်။ ကုချိန်းလွှာသည် လင်းမျိုးနွယ်စု၏ အထူးဧည့်သည်တော် ဖြစ်လေရာ စုမျိုးနွယ်စုမှ စုချန်းနှင့် ခင်မင်နေခြင်းမှာ အရပ်ရပ် နေပြည်တော် ကြား၍မှ မသင့်တော်လှ။

သို့သော် အနှီမိန်းကလေး၏ အတွင်းစိတ်ထဲဝယ် လူငယ်သဘာဝ တော်လှန် ပုန်ကန်လိုသော စိတ်ကလေး ရှိနေပုံရသည်။ မျိုးနွယ်စုများအကြား ဆက်ဆံရေး၊ ၎င်းတို့၏ အကျိုးစီးပွား စသော ကိစ္စရပ်များသည် ဆယ့်လေးနှစ်အရွယ် မိန်းကလး တစ်ဦးအတွက် နားလည် သဘောပေါက်ရန် ကြီးမားလှသည်။ ထို့ကြောင့် သူမအဖို့ ထိုကိစ္စများကို အလေးအနက်ထား၍ တစ်ခါမျှပင် မစဉ်းစား။ ကုမျိုးနွယ်စု၏ သခင်မလေးဟူသော ဂုဏ်ပုဒ်ကို ဖယ်လိုက်လျင် ကုချိန်းလွှာသည် စိတ်ရင်းကောင်းပြီး ပျော်ရွှင်စွာ နေထိုင်တတ်သော မိန်းကလေး တစ်ဦးမျှသာတည်း။

ကုချိန်းလွှာ၏ အမြင်တွင် စုချန်းသည် အေးဆေးတည်ငြိမ်၏။ နူးညံ့သိမ်မွေ့၏။ အထင်ကြီးစရာ ကောင်း၏။ လူတစ်ဖက်သားအပေါ် အလွန်ထောက်ထား ညှာတာတတ်၏။ ဤအချက်များကြောင့် စုချန်းသည် မိန်းကလေးများအပေါ် သေလောက်သည့် ဆွဲဆောင်မှုတစ်မျိုး ပိုင်ဆိုင်ထားသည်ဟု ဆိုရမည်။ မည်သည့် ဘက်လိုက်မှုမျိုးမှ မပါသည့် တည်ငြိမ်သော စိတ်ထားနှင့် စိတ်အေးလက်အေးသာ နှိုင်းယှဉ်ကြည့်ပါက ရွယ်တူတန်းတူများ ကြားထဲတွင် စုချန်းသည် အလွန် ရင့်ကျက်နေကြောင်း မြင်တွေ့ရသည်။ ဤအချက်မှာ ကြက်သားပေါက်လေးများ အကြားတွင် မတ်တတ်ရပ်နေသော ကြိုးကြာငှက် တစ်ကောင်ကဲ့သို့ ဘွားဘွားကြီး ပေါ်လွင်နေ၏။

မျက်လုံးများက အမှောင်ထုကိုသာ မြင်နိုင်သော်လည်း စိတ်နှလုံးသားမှာမူကား အမှောင်ခွင်းနိုင်သော မီးအိမ်တစ်လုံးကဲ့သို့ တောက်ပနေသည့် လူငယ်ပေတကား။

စုချန်းနှင့် အတူရှိနေသည့် အချိန်များတွင် မျက်မမြင် တစ်ယောက်အပေါ် ကရုဏာသက်နေသည့် ခံစားချက်မျိုး ကုချိန်းလွှာ၏ စိတ်ထဲတွင် မည်သည့်အချိန်ကမျှ ပေါ်မလာခဲ့ဖူးပေ။ ထိုသို့ ဖြစ်ရမည့်အစား စုချန်းကသာ သူမအပေါ် ထောက်ထားညှာတာစွာ ဆက်ဆံခဲ့၏။ ထို့ကြောင့် မျိုးနွယ်စုများအကြား အငြင်းပွားမှုကို ဂရုမစိုက်ပဲ ကုချိန်းလွှာသည် စုချန်းနှင့် သူငယ်ချင်းများ ဖြစ်လာခဲ့လေသည်။ သို့သော်လည်း သူတို့နှစ်ဦးအကြား ခင်မင်ရင်းနှီးမှုမှာကား အကန့်အသတ်နှင့်သာ ဖြစ်လေသည်။

အချိန်အတော် များများတွင် ကုချိန်းလွှာသည် စုမျိုးနွယ်စု၏ နောက်ဘက်ရှိ တောင်ကြီးဆီသို့လာပြီး စုချန်းကို လာရောက် ရှာဖွေလေ့ရှိ၏။ ဤနေရာသည် မြို့နှင့်လည်း ဝေးလှပြီး အလွန်နှစ်သက် ကြည်နူးဖွယ်ရာ ကောင်းသော ရှုမျှော်ခင်းများ ရှိ၏။ ထို့ကြောင့် မြို့တော်ကြီးရှိ လူများ မတော်တဆ တွေ့သွားမည်ကို သူမ အနည်းငယ်မျှ စိတ်မပူပေ။ တောင်ပေါ်စမ်းရေသည် အလွန် လန်းဆန်းစေပြီး ရေချိုးရန် အထူး သင့်လျော်လှပေရာ ကုချိန်းလွှာတစ်ယောက် ထိုနေရာတွင် မကြာခဏ ရေလာချိုးလေ့ရှိသည်။ ပထမတစ်ကြိမ် ရေချိုးမိကတည်းက စမ်းရေချိုးရခြင်းကို သူမအလွန် သဘောကျသွား၏။ ထိုအခါ စုချန်းမှာ အလိုအလျောက်ပင် အစောင့်တစ်ယောက် ဖြစ်လာ၏။ မျက်စိမမြင်ရခြင်းနှင့် ပတ်ဝန်းကျင်ကို အလိုအလျောက် သိရှိနိုင်သော အစွမ်းတို့ကို ပေါင်းစပ်လိုက်သောအခါ စုချန်းသည် အလွန် ထူးချွန်လှသော အစောင့်တစ်ယောက် ဖြစ်လာမည်ကို ယုံမှားနေစရာ မလိုတော့။

ထိုဖြစ်ရပ်ကြောင့် စုချန်း၏ ဘဝတွင် နောက်ထပ် ပျော်စရာတစ်ခုကို ရရှိခဲ့လေသည်။ သူသည် သစ်ပင်၏ ဘေးနားတွင် မတ်တတ်ရပ်ရင်း ရေသံများကို နားထောင်ကာ ကုချိန်းလွှာ၏ ကိုယ်ဟန် အမူအရာကို စိတ်ကူးနှင့် ပုံဖော်နေလေ့ရှိသည်။ ဤယနေ့တွင်လည်း ထိုနည်းနှင်နှင်သာ။ စုချန်းသည် ရေကန်စပ်ရှိ ကျောက်တုံးကြီး တတုံးပေါ်တွင် ထိုင်နေ၏။ ထိုအခိုက်မှာပင် စုချန်း၏ နောက်ကျောမှ လေပြင်းတစ်ချက် တိုက်ခတ်လာလေရာ သစ်ရွက်အို သစ်ရွက်ဆွေးများမှာ တဖြုတ်ဖြုတ် ကြွေကျကုန်ကြလေသည်။ စုချန်း ပြုံးလိုက်၏။ ထို့နောက် သူက နောက်ကို လှည့်မကြည့်ပဲ ရှေ့ဘယ်တစ်စောင်းကို လက်ညှိုးထိုးကာ မေးလိုက်သည်။

"ခင်ဗျား အဲဒီမှာမလား"

ကုချိန်းလွှာ၏ ပုံရိပ်က ဘွားခနဲ ပေါ်လာ၏။ သူမသည် လက်ခုပ်လက်ဝါးတီးကာ ချိုမြိန်သာယာစွာ ရယ်မောနေ၏။

"ခစ် ခစ် ခစ် တော်တယ်ဟေ့ တော်တယ် တော်တယ်။ ဒီတခါလည်း ရှင်နိုင်သွားပြန်ပြီ။ ရှင်ဟာ တကယ်ကော ကန်းနေတာ ဟုတ်ရဲ့လားဟင်"

သူတို့နှစ်ယောက်သည် မကြာခဏဆိုသလို ထိုကဲ့သို့ ကစားလေ့ရှိ၏။ ထိုသို့ ကစားခြင်းသည် စုချန်း၏ မှန်းဆနိုင်စွမ်းအပေါ် မူတည်ပြီး ကစားခြင်း ဖြစ်သည်။ မည်သို့ဆိုစေ ကစားပွဲတွင် စုချန်း ရှုံးနိမ့်သည်က ပို၍ အကြိမ်အရေအတွက် များ၏။ ယေဘုယျအားဖြင့် လူတစ်ယောက်သည် အခြားတစ်ယောက် မမြင်မကြားအောင် ရည်ရွယ်ချက်ရှိရှိ ပုန်းအောင်းနေခဲ့လျှင် အသံမထွက်အောင် ဂရုစိုက်၍ ပုန်းအောင်းလေ့ ရှိရာ စုချန်း၏ အကြားအာရုံသည် မည်မျှပင် ထက်မြက်သည် ဆိုသော်ငြား ကုချိန်းလွှာ၏ တည်နေရာကို ခန့်မှန်းရသည်မှာ ယခုတိုင် သူ့အတွက် ခက်ခဲနေဆဲသာတည်း။

မည်မျှပင် ခက်ခဲသည် ဆိုစေကာမူ စုချန်းသည် အနည်းငယ်မျှပင် စိတ်ဓာတ်မကျခဲ့ချေ။ သူသည် ကုချိန်းလွှာနှင့် အထက်ပါ ကစားနည်းကို ဆက်လက် ကစားခဲ့၏။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ ဟူသော စကားအတိုင်း အားမလျော့ပဲ ဆက်လက် ကြိုးစားခဲ့လေရာ အချိန်အတန် ကြာသောအခါ စုချန်း၏ ခန့်မှန်းချက်များသည် ပစ်မလွဲအောင် မှန်ကန်လာတော့သည်။

ထိုအခါ ကုချိန်းလွှာက ပြောလိုက်သည်။

"ဟေ့ ရှင်ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်တာလဲ။ ဒီသုံးရက်အတွင်းမှာ တစ်ကြိမ်မှ မလွဲအောင် ရှင်မှန်းနိုင်ခဲ့တယ်။ ကျွန်မရဲ့ လှုပ်ရှားမှုတွေဟာ အင်မတန် ဂရုစိုက်ပြီး လှုပ်ရှားတဲ့အတွက် ဘာအသံမှ မထွက်တာကတော့ သေချာတယ်"

စုချန်းက ရှင်းပြလိုက်သည်။

"အဓိကကတော့ နှလုံးခုန်နှုန်းနဲ့ လေစီးကြောင်းပဲဗျ။ ခင်ဗျားက ခြေသံကိုတော့ လုံအောင် ထိန်းနိုင်တယ်။ နှလုံးကျတော့ မခုန်အောင်မှ မတားနိုင်တာကိုး။ ဒါ့အပြင် ခင်ဗျားရဲ့ တည်ရှိမှုဟာ ပတ်ဝန်းကျင် လေစီးကြောင်းကို အများကြီး အကျိုးသက်ရောက် စေတယ်ဗျ။ ဒီနှစ်ချက်ကို ကျွန်တော်ခံစားလို့ ရနေသမျှ ခင်ဗျား ချဉ်းကပ်လာတာကို အလွယ်တကူ သိနေဦးမှာပဲဗျို့"

ကုချိန်းလွှာက အံ့အားတသင့်နှင့် မေးလိုက်သည်။

"ရှင်က ဒါကိုတောင် လုပ်နိုင်နေပြီလားရှင့်"

စုချန်းက မသိမသာပြုံးရင်း ဖြေလိုက်သည်။

"ဆိုပါတော့ဗျာ။ ဒါပေမဲ့ ဒါဟာ ခင်ဗျားရဲ့ ကျေးဇူးတွေပါပဲ။ တကယ်လို့ ခင်ဗျားသာ မကူညီရင် ဒါကို ကျွန်တော် ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူးဗျို့"

စုချန်း၏ စကားကို ကြားသောအခါ ကုချိန်းလွှာသည် သူမရှေ့တွင် မတ်တတ်ရပ်နေသော မျက်မမြင် လူငယ်လေးကို မျက်လုံးရွဲကြီးများနှင့် စိုက်ကြည့်လိုက်သည်။ သူမ၏ အကြည့်တွင် သနားကရုဏာသက်ခြင်း၊ ကြင်နာခြင်း၊ နှစ်လိုခြင်း စသော အဓိပ္ပာယ်မျိုးစုံ ပါဝင်နေ၏။ သို့သော် သူမ၏ အကြည့်ကို စုချန်းတစ်ယောက် မည်သို့မျှ မမြင်နိုင်ရှာ။ သူမ၏ ကရုဏာအပြည့် ပါဝင်သော အကြည့်သည် မျက်မမြင်တစ်ယောက် အပေါ်တွင်ကား မည်သို့မျှ အကျိုးမသက်ရောက် ချေတကား။ သူမသည် စုချန်းကို ကြင်နာစွာ စိုက်ကြည့်ရင်း နူးညံ့စွာ ပြောလိုက်သည်။

"ကျွန်မကို ဘာမှ အထူးတလည် ကျေးဇူးတင်နေစရာ မလိုပါဘူး ရှင်ရယ်။ ဒါဟာ ရှင့်ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ပေါ်ပေါက်လာတဲ့ အသီးအပွင့်တွေပါ"

စကားဆုံးသည်နှင့် ကုချိန်းလွှာသည် ရေကန်ဆီသို့ ဦးတည်၍ လျှောက်သွားလေ၏။ သိပ်မကြာမီ ရေသံများ ထွက်ပေါ်လာကြောင်း စုချန်း ကြားလိုက်ရသည်။ ကုချိန်းလွှာတစ်ယောက် ရေချိုးနေခဲ့လေပြီတည်း။

စုချန်းသည် မျက်မမြင်တစ်ယောက် ဖြစ်သည်။ သို့သော် သူသည် လူ့ကျင့်ဝတ်ကို နားလည်သူတစ်ယောက် ဖြစ်လေရာ မျက်လုံးမမြင်သော်ငြား မည်သည့်အခါမှ ကုချိန်းလွှာ ရေချိုးနေသော ရေကန်အနီးသို့ ပေါ့ပေါ့ဆဆနှင့် ချဉ်းကပ်ခြင်း မပြုပေ။ သူသည် ကျောက်တုံးကြီးပေါ်၌သာ ထိုင်နေရင်း ရေချိုးသံကို ဂရုတစိုက်နှင့် နားထောင်နေရှာ၏။ သူ့အနေနှင့် သူမရေချိုးနေသည်ကို မြင်နိုင်သော အနေအထား ဖြစ်နေသော်လည်း မည်သည့်အရာကိုမျှ မမြင်နိုင်သည်မှာကား ကံဆိုးခြင်းပေတည်း။

သူ့အနေနှင့် ကုချိန်းလွှာ၏ ပုံပန်းသွင်ပြင်ကို မည်သည့်အခါမျှ သိနိုင်တော့မည် မဟုတ်။ ထိုနည်းတူစွာ ရေချိုးနေချိန်ဝယ် ကုချိန်းလွှာ၏ လှပတင့်တယ်သော ကိုယ်ဟန်အနေအထားကို မည်သည့်အခါမျှ မြင်နိုင်စွမ်း မရှိတော့။ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းဟု အမည်တပ်ရမည့် ခံစားချက် တစ်ခုသည် သူ့နှလုံးအိမ် အတွင်းဝယ် ရစ်သိုင်းလွှမ်းခြုံလာပြီး အနှီ ခံစားချက်သည် သူ့အား ပြင်းပြစွာ နာကျင်စေပြီး ဟာလာဟင်းလင်းသော ဝေဒနာ တစ်ရပ်ကို ဖြစ်ပေါ်စေတော့သည်။

အရှုံးမပေးဟု မာန်တင်းထားသော်ငြား မည်သူသည် အမြဲတမ်း စိတ်ဓာတ်ခိုင်မာ နေလိမ့်မည်ဟု အာမခံနိုင်မည်နည်း။ ထိုအခိုက်မှာပင် စုချန်းသည် သန်းခေါင်ကျော် အိပ်မက်ဆိုးမှ ဖြတ်ခနဲ လန့်နိုးလာခဲ့လေသည်။ သူ၏ အပေါ်ဝတ်ရုံ တစ်ခုလုံးမှာကား မျက်ရည်များနှင့် စိုစွတ်နေရှာ၏။ အိပ်မက်မှ လန့်အနိုးဝယ် စုချန်းတစ်ယောက် ကြီးစွာသော စိတ်အားငယ်မှုများ ဖြစ်ပေါ်နေရှာ၏။ သို့သော် အဆိုပါ ခံစားချက်သည် လျင်မြန်စွာပင် ပျောက်ကွယ်သွားလေသည်။

မည်သို့သော ဒုက္ခမျိုး၊ မည်သို့သော စိတ်ဖိစီးမှုမျိုး ကြုံတွေ့နေရစေကာမူ သူ့အနေနှင့် အပတ်တကုတ် ကြိုးစားအားထုတ် နေရမည်သာ။ သူ အရှုံးပေး၍မရ။ တစ်ကမ္ဘာလုံးက သူ့အပေါ် လက်လျှော့ခဲ့သည့် တိုင်အောင် သူ့ကိုယ်သူ မည်သည့်အခါမျှ လက်လျှော့လိမ့်မည် မဟုတ်။

ထိုအခိုက်မှာပင် ကုချိန်းလွှာ၏အသံ ထွက်ပေါ်လာ၏။

"စုချန်း ဟိုတစ်နေ့ကပဲ ကျွန်မကြားခဲ့တယ်။ ရှင်တို့ စုမျိုးနွယ်စုရဲ့ နှစ်ကုန် အကဲဖြတ်ပြိုင်ပွဲ ကျင်းပတော့မယ်ဆို ဟုတ်လား"

စုချန်းက ညင်သာသော လေသံနှင့် ပြောလိုက်သည်။

"ဟုတ်တယ်ဗျ"

ကုချိန်းလွှာက စကားဆက်သည်။

"ကျွန်မ ကြားရသလောက် ရှင်တို့ပြိုင်ပွဲက စည်မျဉ်းစည်းကမ်းတွေ ပြောင်းလဲလိုက်ပြီဆို ပုံမှန်အကဲဖြတ် ပြိုင်ပွဲပြီးရင် စိန်ခေါ်မှုတစ်ခုကို လက်ခံရမယ်ဆို ဟုတ်ရဲ့လားရှင့်"

လွန်ခဲ့သော လများစွာတုန်းက ကုချိန်းလွှာသည် ဤနေရာနှင့် ပတ်သက်၍ အစိမ်းသက်သက်သာ ဖြစ်သည်။ မည်သည့် အကြောင်းအရာကိုမျှ မရင်းနှီးခဲ့ချေ။ စုချန်းနှင့် ရင်းနှီးလာသည့် အချိန်တွင်ကား စုမျိုးနွယ်စုနှင့် မြောက်ပိုင်းမြို့တော် အကြောင်းကို အတော်အတန် သိရှိလာခဲ့ပေပြီ။

စုချန်းက ကုချိန်းလွှာ၏ အမေးကို ပြန်လည် ဖြေကြားလိုက်သည်။

"မှန်ပါတယ်ဗျာ သူတို့ စနစ်ကို ပြောင်းလဲလိုက်ကြပြီ"

ကုချိန်းလွှာက စုချန်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"ဒီတော့ ရှင် ဘယ်လိုလုပ်မလဲ"

စုချန်းက ထိုင်ရာမှပင် မထပဲ ဖြေလိုက်၏။

"ရှောင်လွှဲလို့မရတဲ့ အခြေအနေဆိုတော့ မဖြစ်မနေ တိုက်ရတော့မှာပေါ့ဗျာ။ ကျုပ် တိုက်မှာပါ။ ဒါက ကျုပ်ရင်ဆိုင်ရမဲ့ တိုက်ပွဲပဲ"

ကုချိန်းလွှာ၏ နှလုံးသားမှာ တဒိန်းဒိန်းမြည်အောင် တုန်လှုပ်သွားရှာ၏။ စုချန်းသည် အထက်ပါစကားကို အလွယ်တကူသာ ပြောလိုက်သော်လည်း သူသည် ယခုတိုင် မျက်မမြင်တစ်ယောက် ဖြစ်နေဆဲသာ။ မျက်မမြင် တစ်ယောက်သည် ရင်ဆိုင်တိုက်ပွဲကို မည်သို့မည်ပုံ ကျော်ဖြတ်မည်နည်း။ သူသည် မြောက်များစွာသော အသံများကို ကြားနိုင်သည် ဆိုသော်လည်း ၎င်းအကြားအာရုံသည် မည်သို့မည်ပုံ မျက်လုံးနှစ်လုံး၏ နေရာကို အစားဝင်နိုင်အံ့နည်း။ ရင်ဆိုင်တိုက်ပွဲတွင် စုချန်း၏ ပြိုင်ဘက်သည် မည်သည့် လေတိုးသံမျှ ကြားရအောင် အခွင့်အရေး ပေးလိမ့်မည်မဟုတ်။ အမှားအယွင်း အနည်းငယ်မျှ ဖြစ်ပေါ်လာသည်နှင့် ပြိုင်ဘက်သည် ထိုအမှားအယွင်းကို အခွင့်ကောင်းယူပြီး စုချန်းကို ထိုးနှက်သွားပေလိမ့်မည်။

စိန်ခေါ်ပွဲတွင် စုချန်းအနိုင်ရရန် အနည်းငယ်မျှပင် အခွင့်အရေး မရှိချေတကား။

သို့သော် ကုချိန်းလွှာသည် ထိုစကားများကို စုချန်းသိသွားအောင် မည်သည့်အခါမျှ ထုတ်ဖော် ပြောဆိုလိမ့်မည်မဟုတ်။ သူမသည် စုချန်း၏ ဖခင်မဟုတ်။ ထိုအခါ သူမသည် စုချန်းအပေါ် ယခင်ကထက် နားလည် သဘောပေါက်လာပြီး ယခင်ထက် အဆပေါင်းများစွာ ပို၍ လေးစားလာလေသည်။ ကုချိန်းလွှာသည် စုချန်း၏ အိပ်မက်များကို အနည်းငယ်မျှ စော်ကားလိုစိတ် မရှိသည့်အပြင် သူ၏ မျှော်လင့်ချက်ကိုလည်း ကြေမွပျက်စီးလိုစိတ် မရှိချေ။

ထိုစဉ် စိတ်ကူးတစ်ခု ရလာ၍ ကုချိန်းလွှာက လွှတ်ခနဲ ပြောလိုက်၏။

"ဒီလိုဆိုရင် ကျွန်မက ရှင့်ကို မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်းကို သင်ပေးမယ်လေ"

ကုမျိုးနွယ်စုကို နာမည်ကျော်ကြားစေခဲ့သော သိုင်းပညာရပ် သုံးမျိုးရှိလေရာ ယခု ကုချိန်းလွှာ ပြောလိုက်သည့် "မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်း" ဟူသော သိုင်းပညာသည်လည်း တစ်ခုအပါအဝင် ဖြစ်လေသည်။ ၎င်းသည် လျှို့ဝှက်နက်နဲသော ခြေလှမ်းကွက်များနှင့် အလွန်ထူးဆန်းသော လှုပ်ရှားမှုနှစ်မျိုးကို ပေါင်းစပ်ထားခြင်း ဖြစ်ပြီး အကြင်သူသည် ထိုခြေလှမ်းကွက်ကို အပြည့်အဝ အသုံးပြုခဲ့လျှင် ပြိုင်ဘက်ကင်းလောက်သည့် မြန်ဆန်မှုမျိုး ဖြစ်ပေါ်လာပြီး ဖမ်းမိရန် အလွန်ခက်ခဲသွား၏။ ထို့ကြောင့် "မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်း" ကွက်များ အောက်ဝယ် ရှုံးနိမ့်ခဲ့ရသော ပြိုင်ဘက်ပေါင်း မနည်းလှပေ။

ကုချိန်းလွှာ၏ စကားကို ကြားလိုက်သောအခါ စုချန်း ကြက်သေသေသွား၏။ သူက ကပျာကယာ မေးလိုက်သည်။

"ဘယ်လို ဘယ်လို ခင်ဗျား ဘာပြောလိုက်တာလဲ။ ရယ်စရာများ ပြောနေတာလားဗျာ။ ခင်ဗျားတို့ မျိုးနွယ်စုရဲ့ လျှို့ဝှက်ပညာရပ် တစ်မျိုးကို ဒီလောက်တောင် အလွယ်တကူနဲ့ သင်ကြားဖို့ ခွင့်ပြုထားတာလား"

စုချန်း၏ စကားကို ကြားသောအခါ ကုချိန်းလွှာက ပြုံးလိုက်သည်။ ထို့နောက် သူမက ရှင်းပြလိုက်၏။

"မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်းဆိုတဲ့ ပညာရပ်က သင်ပေးတိုင်း တတ်မြောက်နိုင်တဲ့ ပညာရပ်မျိုး မဟုတ်ဘူးရှင့်။ သူ့ကို ပြည့်ပြည့်ဝဝ ဖော်ထုတ်နိုင်ဖို့ ရှင့်မှာ သူနဲ့သက်ဆိုင်တဲ့ မျိုးရိုးဗီဇ လက္ခဏာမျိုး လိုတယ်။ သွေးမျိုးဆက်ပေါ့ရှင်။ ဒါမျိုးသာ မပါရင် ရှင့်အနေနဲ့ ဘယ်လောက်ပဲ ကြိုးစားသင်ယူတယ် ထားဦး၊ ပိုးသာကုန်လို့ မောင်ပုံစောင်းမတတ် ဆိုသလို သဲထဲရေသွန်သာ ဖြစ်ကုန်မှာပဲ။ ဒါကြောင့် ဒီပညာကို ရှင့်ကို သင်ပေးလိုက်လို့ ကျွန်မအနေနဲ့ ဘာမှ စိတ်ပူစရာတော့ မရှိသေးပါဘူး။ သင်ပေးရင်တောင် အသုံးပြုချင်မှ အသုံးပြုနိုင်မှာကိုး"

စုချန်းတို့ နေထိုင်သော မူလကမ္ဘာကြီးတွင် လူတစ်ဦး၏ အောင်မြင်မှုသည် သူ့တွင်ပါဝင်သော မျိုးရိုးဗီဇ အပေါ်တွင် အများကြီး မှီခိုနေ၏။ လူသားများသည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာတိုင်အောင် ဖွံ့ဖြိုးတိုးတက်ခဲ့သော်လည်း ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူခြင်းဆိုင်ရာ နည်းစနစ်များကို မျိုးရိုးဗီဇ အမွေအနှစ်များ၏ တန်ဖိုးနှင့် တစ်တန်းတည်း အနေအထားသို့ ရောက်လာအောင် ယခုအချိန်ထိ မပြုလုပ်နိုင်ခဲ့သေးပါ။

ဥပမာပြရလျှင် နှစ်ပေါင်းများစွာ တစ်ပင်တစ်ပန်းနှင့် ကိုယ်ခန္ဓာ စွမ်းအားများ မွေးမြူနေခဲ့သော စစ်သည်တော် တစ်ယောက်သည်ပင် တော်ဝင်သွေးဗီဇပါပြီး အပျော်အပါး လိုက်စားနေတတ်သော လူလိမ်လူညစ် တစ်ယောက်ကို တန်ဖိုးခြင်းအားဖြင့် မယှဉ်သာပေ။ တစ်နည်းအားဖြင့် မျိုးရိုးဗီဇ အမွေအနှစ်ဟူသည် ဘုရားပေးသော လက်ဆောင်တစ်မျိုး ဖြစ်နေသည့် သဘောပင်။ ဤကမ္ဘာ လောကကြီးသည် အတော်ပင် မတရားသည့် ကမ္ဘာကြီးဖြစ်ကြောင်း ထိုတစ်ချက်တည်းနှင့်ပင် သိသာနေ၏။

ကုမျိုးနွယ်စု၏ မြူခိုးကြားထဲမှ မြွေရဲ့ခြေလှမ်း ဟူသော ပညာရပ်သည်လည်း အဆိုပါ စည်းမျဉ်း၏ ဘောင်အတွင်းတွင် အတိအကျ တည်ရှိနေသည့် ပညာရပ်မျိုးပင်တည်း။ ဤပညာရပ်တွင် အပိုင်းနှစ်ပိုင်း ပါဝင်၏။ ပထမတစ်ပိုင်းမှာ ခြေထောက်များကို လေ့ကျင့်ခြင်းဖြစ်ပြီး ကျန်တစ်ပိုင်းမှာ အထက်တွင် ဖော်ပြခဲ့သော သွေးမျိုးဆက်ပင် ဖြစ်သည်။ သင်သည် ဤခြေလှမ်းကွက်များကို ပိုင်ဆိုင်ခွင့်ရနိုင်သော သွေးဗီဇပါဝင်ပါမှ ခြေလှမ်းကွက်၏ အနှစ်သာရ၊ စွမ်းအားကို အပြည့်အဝ ဖော်ထုတ်နိုင်ပေလိမ့်မည်။ အကယ်၍ သွေးဗီဇ လက္ခဏာများ မပါရှိသူ တစ်ယောက်က ဤခြေလှမ်းကွက်များကို လေ့ကျင့်ခဲ့လျှင် ဤပညာရပ်၏ စွမ်းအားကို အပြည့်အဝ အသုံးပြုနိုင်မည် မဟုတ်ပဲ အပေါ်ယံမျှကိုသာ ရရှိပေလိမ့်မည်။

ဤသည်မှာပင် စုချန်းအား မြူခိုးကြားထဲမှ မြွေရဲ့ခြေလှမ်းကို သင်ကြားပေးရန် ကုချိန်းလွှာ၏ အကြောင်းပြချက် ဖြစ်လေတော့သည်။ ဤကမ္ဘာတွင် မည်သည့် ပညာရပ်မျှ အထူးတလည် တားမြစ်ထားခြင်း မရှိပေ။ မျိုးရိုးဗီဇအရ လေ့ကျင့်၍ မအောင်မြင်ကြခြင်းသာ ဖြစ်၏။ အထူးတလည် တားမြစ်ထားခြင်း မရှိဟု ဆိုသော်ငြား ကုမျိုးနွယ်စု၏ ပညာရပ်တစ်ခုသည် အလွယ်တကူတော့ ပျံ့နှံ့ရန် မသင့်ပေ။ ထို့ကြောင့် ကုချိန်းလွှာက စုချန်းအား ထိုပညာရပ်ကို မသင်ကြားမီ ကတိတခု တောင်းလိုက်၏။ ၎င်းကတိမှာ အလွန် ခက်ခဲသော၊ မလွဲသာသော အခြေအနေမျိုးနှင့် မကြုံတွေ့ပဲ စုချန်းအဖို့ ဤခြေလှမ်းကွက်များကို အခြားသူများအား အလွယ်တကူ မထုတ်ပြရန်ပင် ဖြစ်လေတော့သတည်း။

All Chapters