← Chapters

အလင်းရောင်ကို မြင်ရပြီ

Vol. 1 Ch. 9

အလင်းရောင်ကို မြင်ရပြီ

Vol. 1 Ch. 9

သစ်ပင်တန်းလေး၏ အောက်ဝယ် နှင်းမှုန်များ တဖွဲဖွဲ ကျနေ၏။ ကျယ်ပြန့်သော ရေကန်ဆီမှ ရေခိုးရေငွေ့များ တလူလူ လွင့်ပျံ့နေသည်။ တသွင်သွင် စီးဆင်းလာသော စမ်းချောင်းလေးသည် ရေကန်အတွင်းသို့ စီးဝင်သွားပြီး ကန်ဘောင်နှင့် ရိုက်ခတ်ကာ မြူခိုးများ ထွက်ပေါ်လာသကဲ့သို့ ထင်ရလေသည်။ တိမ်ထူထပ်သော ကောင်းကင်၊ တောင်၏အရိပ်နှင့် မြူခိုးများ ပေါင်းစပ်လိုက်သောအခါ အရာအားလုံးသည် ဝိုးတိုးဝါးတားနှင့် လွမ်းမောဖွယ်ရာ ကောင်းနေ၏။

ထိုအခိုက်မှာပင် အရိပ်တစ်ရိပ်သည် မီးခိုးငွေ့တန်းကဲ့သို့ အလွန်လျင်မြန်သော အရှိန်အဟုန်နှင့် ရေကန်တစ်လျှောက် ရွေ့လျားသွား၏။ ထိုအရိပ်၏ လျှပ်တပြက် ရွေ့လျားမှု၊ ခုန်ပျံ ကျော်လွှားမှုတို့သည် ကွေ့ကောက် စီးဆင်းနေသော စမ်းချောင်းတစ်လျှောက် ထူးဆန်းသော ပုံပန်းသွင်ပြင် အမျိုးမျိုးတို့ကို ပေါ်ပေါက်လာစေသည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ အမှတ်တမဲ့ မြင်တွေ့ခဲ့လျှင် ကြည်လင်နေသော ရေပြင်ပေါ်ဝယ် ထိုအရိပ်၏ ဆန်းကြယ်သော ဟန်ပန်သည် လေထုထဲတွင် ကခုန်နေသော မြွေတစ်ကောင်နှင့် အလားသဏ္ဍန် တူလှသည်ဟု မှတ်ချက်ချပေလိမ့်မည်။ ထိုအရိပ်မှာ အခြားသူမဟုတ်။ စုချန်းပေတည်း။

သူ၏ လှုပ်ရှားမှုမှာ မြန်ဆန်လှသောကြောင့် မည်သူ တစ်ဦးတစ်ယောက်မျှ သူ့ကို မျက်မမြင်တစ်ဦးဟု ယူဆလိမ့်မည် မဟုတ်။ သူ၏ လှုပ်ရှားမှုမှာ အလွန် လျင်မြန်လှသော မျောက်တစ်ကောင် ကဲ့သို့လည်းကောင်၊ အပြေးသန်လှသော ယုန်သူငယ်တစ်ကောင် ကဲ့သို့လည်းကောင် ဖြိုးဖြိုးဖြတ်ဖြတ်နှင့် လျင်မြန်လှပေ၏။

သို့သော် တစ်ခဏအကြာတွင် ဘေးနား၌ ငြိမ်သက်စွာ မတ်တတ်ရပ်နေသော ကုချိန်းလွှာက အထူးတလည် အဆန်းတကြယ် အမူအရာနှင့် လှုပ်ရှားနေသော စုချန်းကို ဟန်ချက်ပျက်စေသော လုပ်ရပ်တစ်ခုကို ပြုလုပ်လိုက်၏။ အမှန်တကယ်တော့ ကုချိန်းလွှာ၏ လုပ်ရပ်က သိပ်အများတော့ မဟုတ်။ သူမသည် သေးငယ်သော ကျောက်တုံးလေး တချို့ကို ကောက်ယူပြီး စုချန်း၏ ခြေထောက်အောက်သို့ ပစ်ထည့်လိုက်ခြင်းသာ ဖြစ်သည်။ ကျောက်တုံးကလေးများ မြေပြင်နှင့် ထိမိချိန်တွင် အသံများ ထွက်ပေါ်လာသည်ကိုပင် စုချန်းတစ်ယောက် ပီသကြည်လင်စွာ ကြားလိုက်ရ၏။

သို့သော် ထိုအသံကို ကြားလိုက်ရချိန်တွင် စုချန်းအဖို့ ကျောက်တုံးများကို ရှောင်တိမ်းရန် အတော်လေး နောက်ကျသွားခဲ့ပေပြီ။ သူက ခြေထောက်များကို လှည့်ပြီး ကျောက်တုံးများကို ခုန်ရှောင်ရန် ကြိုးစားလိုက်သည်။ ထိုအခိုက်မှာပင် သူ့ကိုယ်ခန္ဓာသည် ဘေးတစ်ဖက်သို့ ပြုတ်ကျသွားခဲ့လေပြီ။ စုချန်းသည် ရေကန်အတွင်းသို့ ခြေပစ်လက်ပစ်နှင့် ပြုတ်ကျသွားပြီး ဗွမ်းခနဲ အသံနက်ကြီး ဖြစ်ပေါ်လာကာ ရေကန်မျက်နှာပြင်တွင် ရေမြှုပ်များ အနှံ့အပြား ပေါ်ပေါက်လာ၏။

မြေကြီးပေါ်သို့ ပြုတ်ကျခြင်းထက် ရေကန်အတွင်းသို့ ပြုတ်ကျခြင်းက ပို၍ အကျသက်သာသည်ဟု ဆိုနိုင်သော်လည်း စုချန်းသည် ရေကန်အတွင်းသို့ ဇောက်ထိုးမိုးမျှော် ပြုတ်ကျသွားခြင်း ဖြစ်လေရာ အတော်လေးတော့ ရုပ်ပျက်ဆင်းပျက် နိုင်လှပေ၏။ ပို၍ အရေးကြီးသည်မှာ ယခုအချိန်သည် ဆောင်းရာသီ ဖြစ်လေရာ ရေကန်အတွင်းရှိ ရေများမှာ ရေခဲတမျှ အေးစက်နေလေသည်။ စုချန်း၏ ကိုယ်ခန္ဓာသည် အလွန်တရာ ကြံ့ခိုင်သည်ဟု ဆိုနိုင်သော်ငြား ရေ၏ အအေးဒဏ်ကြောင့် ခိုက်ခိုက်တုန်သွား၏။ သူသည် ရေကန်အတွင်းမှ ကပျာကယာ တက်လာလေသည်။

ကုချိန်းလွှာက သက်ပြင်းတချက် ရှည်လျားစွာ ချရင်း ပြောလိုက်သည်။

"စုချန်း ရှင်အရမ်းတော်တာပဲ သိရဲ့လား"

ပြောပြောဆိုဆို သူမသည် အနီရောင် ပုတီးတစ်ကုံးအား စုချန်းဆီသို့ လှမ်းပစ်လိုက်သည်။ အဆိုပါ ပုတီးစေ့များသည် အလွန် ရှားပါးသော ယန်ပုတီးစေ့များ ဖြစ်ပြီး အဝတ်စိုများကို အလွန် လျှင်မြန်သော အရှိန်အဟုန်နှင့် ခြောက်သွေ့စေနိုင်သော အစွမ်းသတ္တိမျိုး ရှိ၏။ ၎င်းပုတီးစေ့များသည် လူအများကြီး အသုံးမပြုနိုင်သလို အလွန်ရှားပါးပြီး ဈေးကြီးသော ပစ္စည်းမျိုး ဖြစ်သည်။ ကုချိန်းလွှာကဲ့သို့ မဟာဆီ မဟာသွေးမျိုးများ၌သာ ရှိနိုင်သော အဖိုးထိုက် ရတနာတစ်မျိုးဟုပင် ဆိုနိုင်သည်။ ကုန်ကုန်ပြောရလျင် စုမျိုးနွယ်စု တစ်ခုလုံး၌ လိုက်ရှာလျှင်ပင် အဆိုပါ ပုတီးစေ့မျိုး တစ်စေ့တွေ့ရန် ခဲယဉ်းပေ၏။

ကုချိန်းလွှာက စကားဆက်ပြန်သည်။

"မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်းကို အသုံးပြုတဲ့ နည်းစနစ်၊ ဥပဒေသနဲ့ အနှစ်သာရတွေကို အချိန်တိုအတွင်း နားလည် သဘောပေါက်နိုင်ခဲ့တဲ့ ရှင့်ရဲ့ ပါရမီကတော့ တကယ့်ကို ထူးခြားပေတာပဲ။ ကျွန်မဖြင့် မချီးကျူးပဲကို မနေနိုင်တော့ပါဘူးရှင်။ ဒါပေမဲ့ ရှင့်မှာ ဒီပညာနဲ့ သက်ဆိုင်တဲ့ မျိုးရိုးဗီဇ မပါလာတဲ့အတွက် ရှင်ဟာ ဒီပညာရဲ့ အန္တိမစွမ်းရည်ကို အသုံးချနိုင်မှာ မဟုတ်ဘူး။ ကန့်သတ်ထားတဲ့ စည်းနဲ့ဘောင်ထဲကပဲ အသုံးချနိုင်လိမ့်မယ်။ တကယ်လို့ ဒီပညာကို အသုံးပြုနေတုန်းမှာ အတားအဆီးတွေ အံ့အားသင့်စရာတွေများ ပေါ်ပေါက်လာခဲ့ရင် ခြေလှမ်းကွက်ရဲ့ မြင့်မားတဲ့ အမြန်နှုန်းက ရှင့်ကိုပြန်ပြီး ဒုက္ခပေးမှာမျိုးကို ကျွန်မ စိတ်ပူတယ်ရှင့်။ လာမယ့်ပြိုင်ပွဲမှာ ဒီပညာကို အသုံးပြုဖို့ လိုကောင်းမှ လိုမှာပါလေ။ တကယ်လို့များ မြန်မြန်ဆန်ဆန်သာ အသုံးပြုခဲ့ရင် ရှင်ဒုက္ခရောက်မှာ သေချာသလောက်ပဲ။ ဒုက္ခ... ဒုက္ခ... ခုမှ ကျွန်မ ပြန်တွေးမိလာတယ်။ ဒီပညာရပ်ကို သင်ပေးဖို့ စိတ်ကူးရတာ ကျွန်မ မှားသွားပြီလား မသိဘူး။ ကြည့်ရတာ ဒီပညာက ရှင်နဲ့ သိပ်မသင့်တော်သလိုပဲရှင့်"

စုချန်းက ကုချိန်းလွှာ ပစ်ပေးလိုက်သော အနီရောင် ပုတီးစေ့များကို တစ်ကိုယ်လုံး အနှံ့အပြားတွင် ပွတ်သပ်ရင်း ပြောလိုက်သည်။

"ခင်ဗျားပြောသလောက်လည်း ဆိုးမယ် မထင်ပါဘူးဗျာ။ ဒီခြေလှမ်းကွက်တွေဟာ အံ့သြစရာ ကောင်းလောက်အောင် ထူးခြားဆန်းကြယ်ပေတာပဲ"

အနီရောင် ပုတီးစေ့များ၏ အပူငွေ့ကြောင့် စိုစွတ်နေသော အဝတ်များသည် ချက်ချင်းပင် အငွေ့ပြန်ကာ စုချန်း၏ တစ်ကိုယ်လုံးတွင် မြူခိုးများ ဆိုင်းလာသကဲ့သို့ ထင်ရလေသည်။ သိပ်မကြာမီ စိုစွတ်နေသော သူ့တစ်ကိုယ်လုံးသည် လျင်လျင်မြန်မြန်ပင် ခြောက်သွေ့သွားလေ၏။

သူက စကားဆက်၏။

"ဒီနေရာကို ကြည့်လိုက်ဗျာ၊ ကျွန်တော်တို့ ရောက်နေတာ တောင်ကြောကြီး။ မြေအနေအထားက အင်မတန် ကြမ်းသလောက် လမ်းတွေကလည်း ရှုပ်ရှက်ခတ်နေတာပဲဗျ။ ဒီကြားထဲ လေထုထဲမှာ အမြဲတမ်း မြူဆိုင်းနေပြီးတော့ မြေပြင်က မာကျောသလောက် အင်မတန် ချောမွတ်နေတာ။ ဒီလိုနေရာမှာ အမှားကျူးလွန်ဖို့ဆိုတာ သိပ်ကို လွယ်တာမျိုးပေါ့။ ဒါပေမဲ့ ယှဉ်ပြိုင်တိုက်ခိုက်တဲ့ စင်မြင့်ပေါ်မှာ ဆိုရင်တော့ ဒီစိုးရိမ်မှုတွေက သိပ်ပြီး အခြေအမြစ် မရှိတော့ဘူးလို့ ပြောလို့ရတယ်။ ကျွန်တော်ဟာ မျိုးရိုးဗီဇမရှိလို့ ဒီခြေလှမ်းကွက်တွေကို အပြည့်အဝ အသုံးမချနိုင်ဘူး ဆိုပေမဲ့ သူ့ရဲ့ အပြောင်းအလဲ များလှတဲ့ လှုပ်ရှားမှုတွေက တစ်ဖက်လူကို ဒုက္ခပေးနိုင်မှာကတော့ အမှန်ပဲဗျ။ နောက်တစ်ချက် ရှိတာက ကျွန်တော့်ရဲ့ ပြိုင်ဘက်မှာ စုမျိုးနွယ်စုကလေဗျာ။ သူ့အနေနဲ့ မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်း အကြောင်းကို နကန်းတစ်လုံးတောင် မသိနိုင်ဘူး ဆိုတာကတော့ သိပ်ကို သေချာနေတယ်။ နောက်ဆုံး ပြောရရင်ဗျာ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကို ပြီးမြောက်အောင် ဆောင်ရွက်ရမဲ့ လမ်းကြောင်းဟာ အခက်အခဲတွေ အတားအဆီးတွေ အများကြီး ရှိနေလိမ့်မယ် ဆိုတာတော့ မေးခွန်း ထုတ်နေစရာတောင် မလိုတဲ့ ကိစ္စပဲဗျ။ ဒါပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ။ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားရမှာပေါ့။ လူတိုင်းလူတိုင်းဟာ ခင်ဗျားလို ပန်းခင်းတဲ့ လမ်းပေါ်မှာ သက်တောင့်သက်သာနဲ့ လျှောက်လှမ်းဖို့ ကုသိုလ်ကံမှ ပါမလာတာပဲဗျာ"

သူ့စကားအတိုင်းပင် စုချန်းသည် "မြူခိုးကြားထဲမှ မြွေရဲ့ခြေလှမ်း" သိုင်းကွက်များကို အကန့်အသတ်နှင့်သာ အသုံးပြုနိုင်၏။ သူသည် ထိုပညာ၏ သတ်မှတ်ထားသော အတိုင်းအတာ တစ်ခုအထိသာ အသုံးပြုနိုင်ပြီး သွေးဗီဇလက္ခဏာများ မပါသောကြောင့် ပညာရပ်၏ အနှိုင်းမဲ့ စွမ်းရည်ကို ထုတ်ယူသုံးစွဲနိုင်ခြင်း မရှိပေ။ သို့သော် သူ့ပြိုင်ဘက်သည် ထိုပညာအကြောင်းကို ကြားဖူးနားဝ မရှိသူ ဖြစ်လေရာ လာမည့်ပြိုင်ပွဲတွင် သူ့အတွက် အခွင့်အရေး ရှိနေသည်ဟု စုချန်းက ယူဆထား၏။

သို့သော်ငြား ကုချိန်းလွှာ၏ စိုးရိမ်ပူပန်မှုက အတောမသတ်နိုင်သေးချေ။ သူမက သက်ပြင်းချရင်း ပြောလိုက်သည်။

"ဒီလို အနေအထားမှာတောင် ရှင့်ရဲ့ အနိုင်ရနိုင်ခြေက သုံးပုံပုံရင် တစ်ပုံစာ မရှိသေးဘူးရှင့်"

ကုချိန်းလွှာ၏ စကားကို စုချန်းက သဘောမတူပါ။ သူက ခွန်းတုံ့ပြန်လိုက်၏။

"မဟုတ်သေးဘူးဗျ ခင်ဗျားမှားနေပြီ။ သူတို့ရဲ့ အနိုင်ရနိုင်ချေကမှ ဆယ်ပုံပုံရင် နှစ်ပုံထက် မပိုတာ။ မနေ့ကပဲ စုချိန်းဟာ နတ်ဘုရားကိုယ်ထည် ကျင့်စဉ်ရဲ့ သတ္တမအလွှာထဲ ဝင်ရောက်သွားခဲ့ပြီးပြီ"

အမှန်က စုချန်းသည် နတ်ဘုရားကိုယ်ထည် ကျင့်စဉ် အဌမအလွှာ အတွင်းသို့ လွန်ခဲ့သော နှစ်လခန့်ကပင် ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် မူလကတည်းက သူသည် စုချိန်းထက်စာလျှင် အလွှာနှစ်လွှာခန့် ပို၍ စောနေသည်ဟု ဆိုနိုင်၏။ အကယ်၍ ထိုအချိန် ကတည်းက တိုက်ပွဲသာ ဖြစ်ခဲ့လျှင် သူသည် "မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်း" ကို အသုံးပြုကာ တိုက်ခိုက်ခဲ့ပါက အနိုင်ရနိုင်ချေမှာ ဆယ်ပုံပုံလျှင် သုံးပုံခန့် ရှိပေမည်။

သို့သော် ကံမကောင်း အကြောင်းမလှစွာပင် သူ့ပြိုင်ဘက် စုချိန်းသည် ယမန်နေ့ကပင် နတ်ဘုရား ကိုယ်ထည်ကျင့်စဉ် သတ္တမအလွှာသို့ ဝင်ရောက်သွားခဲ့ပေပြီ။ သို့သော် စုချန်း၏ လက်ရှိ အခြေအနေက စုချိန်းထက် များစွာ သာနေသေးသည်ဟု ဆိုနိုင်၏။ သို့သော် စုချိန်းသည် ပြိုင်ပွဲမစမီ နတ်ဘုရားကိုယ်ထည် အဆင့်တိုးနိုင်ခဲ့လေရာ ပြိုင်ပွဲမစတင်မီ သူတို့နှစ်ယောက်ကြား ကွာဟချက်ကို ကျဉ်းမြောင်းနိုင်စေခဲ့သည်ဟု ဆိုရမည်။ ထိုအတွက်ကြောင့် စုချန်းသည် နတ်ဘုရားကိုယ်ထည် ကွာဟချက်ကိုသုံး၍ စုချိန်းကို အနိုင်ယူရန် အခွင့်အလမ်း နည်းသွားသည်ဟု ဆိုရမည်။

စုချန်း၏ စကားကို ကြားလိုက်ရသောအခါ ကုချိန်းလွှာက မျက်လုံးပြူးသွား၏။

"အခြေအနေက ဒီလို ဖြစ်နေတာတောင် ရှင်က ပြိုင်ပွဲမှာ ပါဝင်ဖို့ စိတ်အားထက်သန် နေတုန်းပဲကိုး"

စုချန်းက မသိမသာ ပြုံးလိုက်သည်။

"တကယ်လို့ ကျွန်တော်ဟာ မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်း ကွက်တွေကို သင်ယူခွင့် မရခဲ့ဘူး ဆိုရင်တောင် ဒီပြိုင်ပွဲမှာတော့ ဝင်ပြိုင်မှာပဲဗျ"

ကုချိန်းလွှာ၏ မျက်နှာက ရှုံ့မဲ့သွား၏။ သူမက ပြောလိုက်သည်။

"ဟင် ဒါပေမဲ့ ရှင့်အနေနဲ့ နိုင်ဖို့မှ မသေချာတာပဲလေ"

စုချန်းက တည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။

"ဒါနဲ့ပဲ ကျွန်တော်က အရှုံးပေးရတော့မှာလားဗျာ"

အထက်ပါစကားကို ကြားလိုက်ရသောအခါ ကုချိန်းလွှာခမျာ မည်သို့မျှ စကားမပြောဆိုနိုင်တော့ပဲ ကျောက်ရုပ်ကြီးပမာ တိတ်ဆိတ် ငြိမ်သက်သွားလေတော့သည်။

အတန်ကြာသောအခါမှ သူမက လှပစွာ ပြုံးရင်း ပြောလိုက်၏။

"ရှင်ပြောတာ မှန်ပါတယ်။ ဒီလောက်နဲ့ကတော့ လက်မြှောက် အရှုံးပေးစရာ မလိုသေးပါဘူးလေ။ တကယ်လို့ ရှုံးသွားရင်တောင် ရှင်ဟာ ဒီအရှုံးကို သတ္တိရှိရှိနဲ့ လက်ခံလိမ့်မယ်ဆိုတာ ကျွန်မ ကောင်းကောင်းကြီး သိပါတယ်လေ။ ရှင့်ရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် ကျွန်မက ရှင့်အတွက် လက်ဆောင်တစ်ခု ပေးလိုက်မယ်"

ပြောပြောဆိုဆို သူမသည် လက်ချောင်းထိပ်ကို ဖျတ်ခနဲ ကိုက်လိုက်၏။ ထိုအခါ သူမ လက်ချောင်းထိပ်မှ သွေးစက်များသည် ပုတီးစေ့လေးများပမာ တစ်စက်ချင်း စီးကျလာတော့သည်။ ၎င်းသွေးစက်များသည် မီးတောက်မီးလျှံများပမာ တဖျပ်ဖျပ် လင်းလက်တောက်ပနေပြီး မှန်သားပြင်ကဲ့သို့ အလွန်ကြည်လင်ပြီး ဖောက်ထွင်း မြင်နေရ၏။ တစ်နည်းအားဖြင့် ပြောရလျှင် သူမ၏ လက်ချောင်းထိပ်တွင် လှပသော ပုလဲပုတီး တစ်ကုံးကို ဝတ်ဆင်ထားသည့်ပမာ ထင်ရလေသည်။

သွေးများ တစ်စက်ချင်း စီးကျနေ၏။ ကုချိန်းလွှာ၏ မျက်နှာသည်ကား မသိမသာ ဖြူဖပ်ဖြူရော် ဖြစ်လာလေသည်။ ထိုအခိုက်မှာပင် သူမသည် သွေးများ စီးကျနေသော လက်ချောင်းကို ကျန်လက်တစ်ဖက်နှင့် ဖိထားပြီး စုချန်း၏ မျက်ခုံးများ ရှိရာသို့ ညွှန်ရင်း ပြောလိုက်သည်။

"ဘာမှမစဉ်းစားနဲ့ နှလုံးသားနဲ့ ခံစားကြည့်ပါ။ ပြီးရင် ဒီစွမ်းအားကို ရှင့် ခန္ဓာကိုယ်တစ်လျှောက် အဆီးအတားမရှိ စီးဆင်းသွားပါစေ"

ကုချိန်းလွှာ၏ စကားကြောင့် စုချန်း မှင်သက်အံ့သြသွား၏။ သူက မေးခွန်းထုတ်ရန် ဟန်ပြင်လိုက်သည်။ ထိုစဉ်မှာပင် နွေးထွေးသော အစိုဓာတ် တစ်မျိုးသည် သူ၏ မျက်ခုံးနှစ်ခုကြားသို့ စီးဝင်လာသကဲ့သို့ ခံစားလိုက်ရ၏။

ကုချိန်းလွှာက သူမ ပြုလုပ်နေသော ဆောင်ရွက်ချက်ကို စုချန်း နားလည် သဘောပေါက်စေရန် ရှင်းပြလိုက်သည်။

"ဒါဟာ ကျွန်မရဲ့ သွေးအဆီအနှစ်တွေပဲ။ ဒီသွေးစက်တွေမှာ ပျံသန်းနေတဲ့မြွေရဲ့ လျှို့ဝှက်ချက် အစစ်အမှန်တွေနဲ့ ပြည့်လျှံနေတယ်လို့ ဆိုနိုင်တယ်။ ကျွန်မအနေနဲ့ ရှင့်ကို မျိုးရိုးဗီဇ ရရှိအောင်တော့ မပြုလုပ်ပေးနိုင်ဘူး။ ဒါပေမဲ့ ပျံသန်းနေတဲ့ မြွေတစ်ကောင်ရဲ့ တကယ့်လှုပ်ရှားမှု အစစ်ဟာ ဘာလဲဆိုတာကိုတော့ အာရုံသိနဲ့ သိသွားအောင် ကူညီပေးနိုင်ပါတယ်ရှင်"

စုချန်း၏ နှလုံးသားမှာ သိမ့်ခနဲ တုန်လှုပ်သွား၏။

အနှီ သွေးစက်ကလေးများသည် အမှန်တကယ် ကုမျိုးနွယ်စု၏ သွေးအဆီအနှစ်များ ဖြစ်သည်။ အလွန်တရာ အဖိုးနဂ္ဂ ထိုက်တန်ပြီး တော်ဝင်သွေးဗီဇ ပိုင်ဆိုင်ထားသော မျိုးနွယ်စုကြီးများ၏ စွမ်းအားအရင်းအမြစ်ဟု ခေါ်လိုက ခေါ်ဆိုနိုင်ပေသည်။ ကုချိန်းလွှာ၏ သွေးတစ်စက်ကြောင့် စုချန်းသည် မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်း ပညာရပ်၏ နက်နဲသိမ်မွေ့လှသော စွမ်းအားကို နက်နက်ရှိုင်းရှိုင်းပင် နားလည် သဘောပေါက်လာခဲ့လေသည်။

စုချန်း၏ ရင်ထဲတွင် အထိအခိုက် မခံနိုင်သကဲ့သို့ ထိရှနာကျင်သော ခံစားချက်များ အလိုအလျောက် ပေါ်ပေါက်လာ၏။ သူက တုန်လှုပ်သော လေသံနှင့် ပြောလိုက်သည်။

"ကုချိန်းလွှာ... ခင်... ခင်ဗျား..."

ကုချိန်းလွှာက လက်ကာပြလိုက်သည်။

"ဟေ့ ဟေ့ သိပ်လည်း စိတ်မလှုပ်ရှားပါနဲ့ရှင်။ ကျွန်မရဲ့ စိတ်ထားက ပြတ်တယ်ရှင့် ပြတ်တယ်။ ရှင်တို့မျိုးနွယ်စုက ရှင့်ကို မျက်စိမမြင်တဲ့ လူညံ့လူဖျင်းလို သဘောထားပြီး အနိုင်ကျင့်ကြမယ့် မြင်ကွင်းကို ကျွန်မ မမြင်ချင်ဘူး။ ခုဆိုရင် ရှင်ဟာ ကျွန်မရဲ့ သွေးအဆီအနှစ်ကို စုပ်ယူခဲ့ပြီးပြီ။ ဘာကြောင့်များ မြူခိုးကြားထဲက မြွေရဲ့ ခြေလှမ်းကွက်တွေကို ပြန်ပြီး မကစားကြည့်တာလဲ။ ဒီလို ကစားကြည့်လိုက်တာနဲ့ ရှင်ဟာ တော်ဝင်မျိုးဆက်သွေး ဗီဇတွေရဲ့ စွမ်းအားကို နားလည် သဘောပေါက်သွားလိမ့်မယ်"

စုချန်းက သက်ပြင်းတစ်ချက် ရှည်လျားစွာ မှုတ်ထုတ်လိုက်၏။ ထို့နောက် သူသည် အပူပေးနေသော ယန်ပုတီးလုံးလေးကို ဘေးသို့ဖယ်ကာ ရေကန်တစ်လျှောက် နောက်တစ်ကြိမ် အရှိန်နှင့် ပြေးလွှားသွားလိုက်လေသည်။

"မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်း" ပညာရပ်သည် အလွန့်အလွန် အစွမ်းထက်သော ပညာရပ်တစ်မျိုး ဖြစ်၏။ ဤပညာရပ်ကို အဆုံးစွန်သည်အထိ လေ့ကျင့်ခဲ့ပြီးလျှင် အကြင်သူသည် မိုးကောင်ကင်ပေါ်သို့ ပျံတက်နိုင်လိမ့်မည်။ လေထဲတွင် လမ်းလျှောက်နိုင်လိမ့်မည် ဟုပင် ဆိုရိုးစကားရှိ၏။ ယုတ်စွအဆုံး ပထမတစ်ဆင့်ကို တတ်မြောက်လျှင်ပင် ရေပြင်ပေါ်တွင် လမ်းလျှောက်နိုင်သော အစွမ်းမျိုးကို ရရှိနိုင်ပေသည်။ သို့သော် ထိုကဲ့သို့ အစွမ်းမျိုးကို ရရှိရန်မှာ လေ့ကျင့်သူသည် သက်ဆိုင်ရာ သွေးဗီဇ၏ စွမ်းအားမျိုး ရှိထားရန် လိုအပ်၏။

ယခုအချိန်တွင် စုချန်း၏ အဆင့်သည် မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်း ပညာ၏ အနိမ့်ဆုံး အဆင့်၌သာ ရှိနေပေသေးသည်။ ဤအဆင့်သည် စုချန်း၏ အမြန်နှုန်းနှင့် ရှောင်တိမ်းနိုင်သော စွမ်းရည်ကို တိုးမြှင့်ပေးလေသည်။ ဤခြေလှမ်းကွက်များမှာ အတော်လေး ထူးခြားဆန်းကြယ်၏။ ၎င်းကို အပြည့်အဝ အသုံးပြုလိုက်သောအခါ အသုံးပြုသူ၏ ကိုယ်ခန္ဓာသည် မြွေလိမ်မြွေကောက် လှုပ်ရှားနိုင်ပြီး အလွန်ချောမွေ့ မြန်ဆန်လာပေရာ ထူးခြားသော ရှောင်တိမ်းမှု စွမ်းရည်တစ်မျိုးကို ဖြစ်ပေါ်လာစေ၏။ ဤပညာ၏ အစွမ်းအစမှာ ဤမျှနှင့် မကသေးပေ။ ၎င်းကို လေ့ကျင့်ခြင်းအားဖြင့် လေ့ကျင့်သူ၏ ခံနိုင်ရည်စွမ်းအားကို တိုးပွားလာစေပြီး တစ်ဖက်ရန်သူ၏ ထိုးနှက်ချက်များကို အားပြယ်သွားစေသော စွမ်းရည်သတ္တိ တစ်မျိုးကို ဖြစ်ပေါ်လာစေ၏။

ထို့ကြောင့် လက်ရှိ စုချန်း၏ အနေအထားသည် လက်နက်များ၊ မူလစွမ်းအင်များ အသုံးပြုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ရသော တိုက်ပွဲမျိုးတွင် ဤပညာရပ်၏ စွမ်းအားကို ပြည့်ပြည့်ဝဝ အသုံးချနိုင်သော အနေအထားသို့ မရောက်သေးသော်လည်း နတ်ဘုရားကိုယ်ထည် ကျင့်စဉ်အဆင့်လောက်နှင့် လူငယ်နှစ်ဦး၏ ပြိုင်ပွဲအတွက်မူကား လိုအပ်သည်ထက်ပင် ပိုနေသေးသည်ဟု ဆိုနိုင်သည်။ ကံမကောင်း အကြောင်းမလှ သည်မှာကား စုချန်းသည် မျက်မမြင်တစ်ဦး ဖြစ်နေခြင်းပင်။ ထိုအချက်ကြောင့် သူသည် ဤပညာ၏ စွမ်းအင်ကို အကန့်အသတ်နှင့်သာ အသုံးပြုနိုင်ပေလိမ့်မည်။

သို့သော်ငြားလည်း စုချန်းသည် မည်သည့်အကြောင်းနှင့်မျှ လက်မလျှော့တတ်သူ ဖြစ်လေရာ သူက စိတ်အားထက်သန်စွာ လေ့ကျင့်နေတော့သည်။ သူသည် မျက်မမြင်တစ်ဦး ဖြစ်လေရာ ပြင်ပကမ္ဘာကြီးတွင် ဖြစ်ပျက်နေသမျှသည် သူ့အား မည်သည့် ခံစားချက်မျိုးမျှ ပေးနိုင်စွမ်းမရှိ။ ထိုအတွက် အကျိုးဆက်မှာ မမျှော်လင့်သော အရာများနှင့် ကြုံတွေ့ရသောအခါ လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်း နည်းပါးသွားခြင်း ဖြစ်သည်။ ထိုအားနည်းချက်သည် တစ်ဖက်တွင် ဆိုးသည်ဟု ဆိုနိုင်သော်လည်း တစ်ဖက်တွင် ကောင်းကျိုးများ ဖြစ်ပေါ်စေခဲ့၏။ အကြောင်းမှာ ထိုကဲ့သို့ ခံစားချက် နည်းပါးခြင်းကြောင့် သူသည် ကိုယ်ခန္ဓာ စွမ်းအားများ မွေးမြူရာတွင် ပို၍ အာရုံစူးစိုက်မှု ကောင်းလာပြီး သိမြင်နိုင်စွမ်း တိုးပွားလာခြင်းပင်တည်း။

စုချန်းသည် ရေကန်တစ်လျှောက်တွင် အလွန်လျင်မြန်စွာ ပြေးလွှားနေ၏။ ထိုသို့ ပြေးလွှားနေရင်းနှင့် သူသည် မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်း ပညာရပ်၏ အနှစ်သာရကို ပို၍ သဘောပေါက်လာတော့သည်။ ကုချိန်းလွှာထံမှ မျှဝေပေးထားသော တော်ဝင်သွေး ဗီဇများသည် သူ၏စွမ်းအင်ကို တဖြည်းဖြည်း ပြသလာခဲ့လေပြီ။

စုချန်းသည် အဆက်မပြတ် ပြေးလွှားနေ၏။ ပြေးလွှားနေရင်းနှင့် စုချန်း၏ စိတ်ထဲတွင် သူ့ကိုယ်သူ နတ်ဆိုးဖန်ဆင်းထားသော မြွေတစ်ကောင်ကဲ့သို့ ခံစားလာရ၏။ သူ၏ ကိုယ်ခန္ဓာသည် လေထုထဲတွင် လွင့်မြောနေ၏။ သူသည် တဖြည်းဖြည်းနှင့် လေထုထဲတွင် အစဉ်အမြဲ ပြွတ်သိပ်နေတတ်သော ပါးလွှာသည့် ရေခိုးရေငွေ့များ၏ အထောက်အပံ့ကို ဆွဲငင်ယူနိုင်စွမ်း ရှိလာကာ ထူးဆန်းသော ပုံသဏ္ဍန် အမျိုးမျိုး အဖုံဖုံကို ပြောင်းလဲ လှုပ်ရှားနေခဲ့လေသည်။

အံ့သြစရာ ကောင်းလှပါဘိတောင်း။

ပျံသန်းနေသော မြွေပေတကား။

ဤသည်မှာပင် ကုမျိုးနွယ်စု၏ တော်ဝင်သွေးဗီဇ အရင်းအမြစ်ပင် ဖြစ်လေတော့သည်။ ၎င်းသည် နတ်ဆိုးမြွေတစ်ကောင် ပိုင်ဆိုင်ထားသည့် စွမ်းအင်မျိုးကို ဖော်ထုတ်ပေးနိုင်၏။ ရေ၏ သဘာဝကို လက်ဝယ်ပိုင်ပိုင် အကန့်အသန်မရှိ ထိန်းချုပ်နိုင်သော စွမ်းအားနှင့် လျှပ်တပြက်အတွင်း အမျိုးမျိုး အထွေထွေသော ပုံစံတို့ကို ပြောင်းလဲနိုင်ခြင်းသည် နတ်ဆိုးမြွေတစ်ကောင်၏ သဘာဝ စွမ်းရည်များပေတည်း။

"မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်း" ကွက်များကို လှုပ်ရှားလေ့ကျင့်ရင်း ပျံသန်းနေသော မြွေ၏ နက်ရှိုင်းသော ဖြစ်တည်မှုကို စုချန်း ခံစားလာရ၏။ စုချန်း၏ စိတ်ထဲတွင် တစ်စုံတရာကို နားလည် သဘောပေါက်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ့ခြေဖဝါးအောက်မှ ထူးခြားသော ပြောင်းလဲမှုတစ်မျိုး ဖြစ်ပေါ်လာတော့သည်။

ထိုအခါ ကုချိန်းလွှာက လှပစွာ ပြုံးရယ်ရင်း ပြောလိုက်သည်။

"နောက်ဆုံးတော့ ဒီအခြေအနေကိုတောင် ရောက်လာခဲ့ပြီပဲ"

ထိုအချိန်တွင် စုချန်း၏ ကိုယ်ခန္ဓာ၌ ဖြစ်ပေါ်နေသော သေးငယ်သည့် ပြောင်းလဲမှုကို ကုချိန်းလွှာတစ်ယောက် ကောင်းကောင်းကြီး သိရှိခံစားနေရလေသည်။ သူ၏ အပြေးနှုန်းသည် လျင်မြန်လာခြင်း မရှိသော်ငြား သူ၏ ပုံသဏ္ဍန် ပြောင်းလဲမှုမှာကား အထူးပင် မြန်ဆန်လာပြီး ပို၍ ထူးဆန်းလာ၏။ ရေကန်တစ်လျောက် လျင်မြန်စွာ ဖြတ်သန်းသွားချိန်တွင် ရေခိုးရေငွေ့ထုကြီးသည် စုချန်း၏ အပေါ်ဝတ်ရုံ အနီးသို့ ပူးကပ်လာ၏။ မူလက သူသည် ရေကန်အတွင်းသို့ ဇောက်ထိုးမိုးမျှော် ပြုတ်ကျသွားသော်ငြား ယခုတွင်ကား သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရေခိုးရေငွ့များသည် ပါးလွှာသည့် မြူခိုးအလွှာ တစ်ခုကဲ့သို့ ဖြစ်ပေါ်နေပြီး ထိုအလွှာသည် ရေမြှုပ်တစ်ခုပမာ စုချန်း၏ ကိုယ်ခန္ဓာကို ရေပေါ်၌ ပေါလောပေါ်နေစေရန် ထိန်းပေးထားလေသည်။

ထိုမြင်ကွင်းသည် သိပ်မထူးဆန်းဟု ထင်ရသော်လည်း ကုချိန်းလွှာကိုမူကား အလွန်အမင်း အံ့သြသွားစေပုံ ရသည်။ သူမသည် အဆိုပါ မြင်ကွင်းကို ပြူးပြဲစိုက်ကြည့်ပြီး တစ်စုံတရာကို သိရှိသွားဟန်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဟာ မြူခိုးအလွှာပါလား ထူးဆန်းလိုက်တာ။ သူဟာ ကိုယ့်ဟာကိုယ် လေ့ကျင့်နေရင်းနဲ့မှ မြူခိုးအလွှာကို ဖော်ထုတ်လိုက်တဲ့ သဘောပါလား"

မြူခိုးအလွှာ ဟူသည်မှာ "မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်း" ပညာစဉ်ကို အဆင့်အတန်း တစ်ခုထိ ရောက်ရှိအောင် လေ့ကျင့်နိုင်သောအခါ ပေါ်ပေါက်လာတတ်သော အလွှာတစ်မျိုး ဖြစ်သည်။ မြူခိုးအလွှာ၏ ထူးခြားသော ဝိသေသလက္ခဏာ တစ်ခုမှာ ပတ်ဝန်းကျင်တွင် တည်ရှိနေတတ်သော ရေခိုးရေငွေ့များသည် အလိုအလျောက် သိပ်သည်းကျုံ့ဝင်လာပြီး လေ့ကျင့်သူ၏ ကိုယ်ခန္ဓာ ပတ်ပတ်လည်တွင် အလွန်ပါးလွှားသော အလွှာတစ်မျိုးအဖြစ် ပေါ်ပေါက်လာတတ်ခြင်း ပင်တည်း။ ထိုအလွှာသည် တစ်ဖက်ရန်သူ၏ တိုက်ခိုက်ထိုးနှက်မှုကို အတိုင်းအတာ တစ်ခုအထိ ခုခံနိုင်သော စွမ်းရည်ရှိ၏။ တစ်နည်းအားဖြင့် ၎င်းသည် "မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်း" ပညာရပ်ရှိ ခုခံကာကွယ်သော စွမ်းရည်ကို ဖြစ်ပေါ်စေသော အဓိကဇစ်မြစ်ပင် ဖြစ်လေ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် "မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်း" ကို လေ့ကျင့်သည်ဟု ဆိုပါစို့။ ထိုသူသည် တော်ဝင်သွေးဗီဇ မပါသော သာမန်သွေးနှော တစ်ယောက်သာ ဖြစ်ပါက မြူခိုးအလွှာ အဆင့်ရောက်ရန် အနည်းဆုံး သုံးနှစ်သုံးမိုးခန့် ပြင်းပြင်းထန်ထန် အားထုတ်လေ့ကျင့်ရန် လိုအပ်ပေသည်။ ကုချိန်းလွှာသည် စုချန်းအား တော်ဝင်သွေးတစ်စက် ချပေးခဲ့သည့်တိုင်အောင် ၎င်းသည် စုချန်းအား ပျံသန်းနေသောမြွေ၏ စွမ်းပကားကို နားလည်သဘောပေါက် စေရုံမျှသာ တတ်နိုင်၏။ ဤမြူခိုး အလွှာအဆင့်သို့ ထုတ်ချင်းပေါက် တတ်မြောက်သွားစေရန် မတတ်နိုင်သည်ကတော့ တိကျသေချာလှသည်။ သူမကိုယ်တိုင်လည်း စုချန်းတစ်ယောက် ထိုအဆင့်သို့ လျင်လျင်မြန်မြန် ရောက်ရှိလာနိုင်လိမ့်မည်ဟု မယူဆထားသည်မှာ အမှန်ပင်။

ကုချိန်းလွှာသည် စုချန်းအပေါ် အထင်ကြီး လေးစားခြင်းကို ဟန်ဆောင်ပန်ဆောင်မျှပင် ထိန်းသိမ်းမထားနိုင်တော့။ သူမက တီးတိုးရွတ်ဆိုလိုက်သည်။

"သူ... သူ... .သူဟာ တကယ့်ကို ပါရမီရှင် တစ်ယောက်ပါလား"

စုချန်းတွင် တော်ဝင်သွေးဗီဇများ မပါလာခဲ့သည်မှာ ကရဏာသက်စရာ ကောင်းလှ၏။ သူသည် မည်မျှပင် ပါရမီရှင်တစ်ယောက် ဖြစ်သည်ဆိုသော်ငြား သူ၏ အောင်မြင်မှုမှာ အကန့်အသတ်ဘောင် တစ်ခုအတွင်း၌သာ ရှိနေသေးလေသည်။ သူသည် ယခုအချိန်ထိ မျက်မမြင် တစ်ယောက်သာ ဖြစ်နေသေးကြောင်း ထူးထူးထွေထွေ ပြောနေစရာ မလိုတော့။

စုချန်းတစ်ယောက်မှာကား ယခုအချိန်ထိ ပြင်းပြင်းထန်ထန် ပြေးလွှားနေဆဲ ဖြစ်သည်။ သူ့စိတ်အာရုံ တစ်ခုလုံးသည် "မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်း" ၏ နည်းပရိယာယ် အထွေထွေကြားဝယ် လုံးဝ ပျော်ဝင်စီးမြော နေခဲ့လေပြီ။ သူ့စိတ်ထဲတွင် ပျံသန်းနေသော မြွေအစစ် တစ်ကောင်သည် သူ့ကိုယ်ခန္ဓာနှင့် ပေါင်းစပ်လိုက်ပြီး သူ့အား မကုန်မခန်းနိုင်သော စွမ်းအားများ ပေးစွမ်းနေသကဲ့သို့ ခံစားနေရရှာသည်။ သို့သော် ဤတစ်ကြိမ်တွင်ကား စုချန်းတစ်ယောက် မည်မျှပင် ပြင်းပြင်းထန်ထန် ကြိုးစားနေစေကာမူ လက်ရှိအခြေအနေမှ တစ်ရွေးသားမျှပင် တိုးတက်မလာတော့။

ဤသည်မှာ တော်ဝင်သွေး မပါသူ တစ်ယောက်အတွက် သဘာဝ၏ ကန့်သတ်ချက်ပေလော။ စုချန်း မတွေးတတ်တော့။ သူသည် ကျွမ်းကျင်မှုကြောင့် ဆင့်ပွား ဖြစ်ပေါ်လာသော စိတ်ကူးစိတ်သန်းများကို ပိုင်ဆိုင်ထားခဲ့လေပြီ။ သို့သော် ၎င်း၏ ဝိညာဉ်ကိုကား မရရှိသေးဟု ဆိုနိုင်၏။ အကယ်၍ ကုချိန်းလွှာက သူ့အား နောက်ထပ် သွေးတစ်စက် ပေးလျှင်ပင် ၎င်းသည် သူ့အား မြွေ၏ လှုပ်ရှားမှုကို မြင်သာစေရုံမျှသာ တတ်နိုင်လေသည်။ မြွေ၏ ဝိညာဉ်ကို ရရှိစေရန်ကား မတတ်စွမ်းနိုင်။ သူသည် သာမန် သွေးနှောတစ်ယောက် နှစ်ပေါင်းများစွာ ကြိုးစားပန်းစား လေ့ကျင့်မှ ရရှိနိုင်မည့် မြူခိုးအလွှာ အဆင့်ကို အချိန်အနည်းငယ်အတွင်း အောင်မြင်အောင် လေ့ကျင့်ခဲ့ပြီး ဖြစ်သော်လည်း ၎င်းကို သူကိုယ်တိုင် မသိရှိသေးပေ။ သူယူဆနေသည်မှာ မျိုးရိုးဗီဇသည် မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်းကို တိုးတက်အောင် လေ့ကျင့်ရာတွင် ကြီးမားသော အတားအဆီး ဟူ၍ ဖြစ်လေသည်။

စုချန်း သက်ပြင်းချလိုက်သည်။ ဤပုံ ဤနည်းနှင့်တော့ သူအရှုံးပေးလိမ့်မည် မဟုတ်။ ရာဇဝင် ရိုင်းသွားပေလိမ့်မည်။

ထိုအခါ စုချန်းသည် အာရုံကို စူးစိုက်ကာ ပြင်းပြင်းထန်ထန် ဆက်လက် လေ့ကျင့်ပြန်သည်။ ပျံသန်းနေသော မြွေ၏ တည်ရှိမှုကို သိရှိနေသော ခံစားချက်သည် သူ၏ စိတ်အာရုံတွင် ယခင်ကထက် ပို၍ မြင့်တက်လာ၏။ ပို၍ နက်ရှိုင်းလာ၏။ ပို၍ လေးနက်လာ၏။ ထိုအခိုက်မှာပင် စုချန်း၏ နားထဲတွင် နဂါးကြီး တစ်ကောင်၏ မာန်သွင်း ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ အဆိုပါ နဂါးသည် အပြင်မှ နဂါးတော့မဟုတ်။ သူ၏ စိတ်အာရုံအတွင်းမှ ထွက်ပေါ် ဖြစ်တည်လာသော နဂါးပင်တည်း။

နဂါး။ ပျံသန်းနေသော နဂါး။

နဂါးကြီးသည် ခေါင်းကို မော့ကာဝင့်ကာနှင့် အလျံတညီးညီး တောက်ပပြီး ရှည်လျားသော မီးတောက်မီးလျှံများကို တရစပ် မှုတ်ထုတ်နေ၏။ စုချန်း၏ အမြင်အာရုံ တစ်ခုလုံးတွင် အဆိုပါ နဂါးကြီး၏ ပုံရိပ်များနှင့်သာ ပြည့်လျှမ်းနေလေသည်။

"အား"

စုချန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် ရေကန်အတွင်းသို့ ဒုတိယအကြိမ် ပြုတ်ကျသွားခဲ့လေပြီ။ သို့သော် ဤတစ်ကြိမ်တွင်ကား သူ့ကိုယ်ခန္ဓာသည် ရေအောက်သို့တိုင် နစ်မြှုပ်သွားခဲ့သလို အပေါ်သို့ ပြန်လည် တက်မလာနိုင်တော့ချေ။

"စုချန်း"

ကုချိန်းလွှာ၏အသံ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ အသံနှင့်အတူ သူမသည် ရေထဲသို့ လျင်မြန်စွာ ခုန်ဆင်းလိုက်ပြီး စုချန်း၏ ကိုယ်ခန္ဓာကို ရေထဲမှ ဆွဲထုတ်လာခဲ့လေသည်။ ရေစိုအဝတ်များသည် ကုချိန်းလွှာ၏ အသားစိုင်များကို ရှင်းရှင်းလင်းလင်း မြင်သာအောင် လှစ်ပြနေသကဲ့သို့ ရှိသည်။ သို့သော် လတ်တလောတွင် သူမက ထိုအချင်းအရာကို ဂရုမစိုက်နနိုင်ရှာသေး။ သူမသည် စုချန်း၏ ပခုံးများကို လှုပ်ရမ်းရင်း ကလေးငယ် တစ်ဦးပမာ အော်ဟစ် ငိုကြွေးလိုက်သည်။

"စုချန်း စုချန်း ဘယ်လိုများ ဖြစ်ရတာလဲရှင်။ မသေကောင်း မပျောက်ကောင်း"

စုချန်းမှာကား မည်သို့မှ ပြန်လည်ပြောဆိုခြင်း မပြုပါ။ သူသည် ကောင်းကင်ကြီးကိုသာ အရူးတစ်ယောက်ပမာ စိုက်ကြည့်နေရှာ၏။ အတန်ကြာမှ စုချန်းတစ်ယောက် စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်လာပုံရသည်။ သူ့မျက်လုံးအိမ် အတွင်း၌ကား မျက်ရည်များနှင့် ပြည့်လျှံနေရှာ၏။ သူက ရုတ်တရက် ထထိုင်လိုက်ပြီး ကုချိန်းလွှာ၏ မျက်နှာကို စမ်းသပ် ကြည့်လိုက်လေသည်။ ကုချိန်းလွှာ စိတ်ရှုပ်သွား၏။ သို့သော် စုချန်း၏ လုပ်ရပ်ကို တားမြစ်ခြင်း မပြုပဲ အသာတကြည်ပင် ခွင့်ပြုပေးလိုက်လေသည်။ ထို့နောက် သူမက မေးလိုက်၏။

"စုချန်း ရှင် ဘာတွေဖြစ်နေတာလဲဟင်"

စုချန်း တစ်ကိုယ်လုံး တုန်လှုပ်နေ၏။ သူက စကားတစ်လုံးတည်းကိုသာ ထပ်ခါထပ်ခါ ရေရွတ်နေလေသည်။

"အလင်းရောင် အလင်းရောင် ကျွန်တော် အလင်းရောင်ကို မြင်နေရပြီဗျ"

ထို့နောက် သူသည် ချုံးပွဲငိုချ လိုက်လေတော့သတည်း။

All Chapters