ထိပ်တန်းကြယ်ပွင့် ယွင်ချန်ချန်
Vol. 2 Ch. 116
ထိုလူစုသည် ယွင်ချန်ချန်၏ စားပွဲသို့ ရောက်သည်တွင် ခေါင်းဆောင် ဖြစ်ဟန်ရသော အရပ်ပုပု လူက ယွင်ချန်ချန်အား တစ်စုံတစ်ရာ ပြောဆိုလိုက်သည်။ ယွင်ချန်ချန်က သဘော မကျဟန်ဖြင့် ခေါင်းယမ်းသည်။ ထို့နောက်တွင် ထိုလူစုနှင့် ယွင်ချန်ချန် စတင် အငြင်းပွားတော့သည်။ အရပ်ပုပုနှင့် လူက ယွင်ချန်ချန်၏ လက်မောင်းအား ဆွဲကာ အတင်းအကျပ် ခေါ်သွားရန် ပြုသည်တွင် ယွင်ချန်ချန် ကလည်း သူမ လက်မောင်းအား ထိုလူ့လက်မှ လွတ်ရန် ကြိုးစားရင်း ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။
“ဘယ်လိုတောင်လဲ ... မိန်းကလေး တစ်ယောက်ကို လူကြားထဲမှာ ဆွဲလား ရမ်းလား လုပ်နေတယ်”
လင်းဝေ့ဝေ့သည် သိုင်းပညာ မိသားစုမှ ဆင်းသက်လာခြင်း ဖြစ်ရာ စိတ်ဆတ်ပြီး ဒေါသကလည်း ကြီးသည်။ ယွင်ချန်ချန် အကူအညီ လိုနေသည်ကို မြင်ရတော့ လင်းဝေ့ဝေ့က စားပွဲအား လက်ဖြင့် ရိုက်ကာ အော်လိုက်တာ ဖြစ်သည်။
ယွင်ချန်ချန်အား အတင်းအကျပ် ခေါ်ဆောင်နေသော လူစုမှာ လင်းဝေ့ဝေ့အား လှည့်ကြည့်လာပြီး အထက်တန်း ကျောင်းသူလေးသာ ဖြစ်ကြောင်း သိလိုက် ရသည့်အခါ ဒေါသ ထွက်သွားကြသည်။ သို့သော် လင်းဝေ့ဝေ့နှင့် တစ်စားပွဲတည်း ထိုင်နေသော ထုံရှန်းအား မြင်သောအခါ အနည်းငယ် တွေဝေသွားကြသည်။
ထုံရှန်းအား တစ်ချက်ကြည့် လိုက်ရုံနှင့်တင် အလွန် သန်မာသူ ဖြစ်ကြောင်း သိနိုင်ပြီး ထိုင်နေလျှင်ပင် အလွန် ရှည်နေသော အရပ်နှင့် သာမန်လူ တစ်ယောက်၏ ခါးခန့်ရှိသော လက်မောင်းကြီးများကို သတိထား မိသောကြောင့် ထိုလူစုက တိတ်ဆိတ်သွားသည်။
လူစု၏ ခေါင်းဆောင်သည် မျက်နှာချို သွေးလိုက်ကာ ယွင်ချန်ချန်အား ပြောသည်။
“မမလေးယွင် ကျုပ်တို့က မမလေးကို နာကျင်စေလိုတဲ့ ဆန္ဒ မရှိပါဘူး ဒါပေမဲ့ သူဌေးက စောင့်နေတဲ့ အတွက် အခု ကျုပ်တို့နဲ့ လိုက်ခဲ့ရပါမယ်”
“ကျွန်မ စိတ်မဝင်စားဘူးလို့ ရှင့်ကို ပြောပြီးပြီ”
ယွင်ချန်ချန်က အေးစက်စွာ ပြောသည်။
ချန်းဖန်သည် ထုံရှန်းအား တိတ်တဆိတ် အမိန့်ပေး လိုက်သောကြောင့် ထုံရှန်းက နေရာမှထကာ ယွင်ချန်ချန်တို့ စားပွဲဆီသို့ လျှောက်သွားသည်။ ထုံရှန်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီး မတ်တတ်ရပ် လိုက်သည့်အခါ မျက်နှာကြက်ကိုပင် ထိလုမတတ် ဖြစ်နေပြီး နေရောင်ကြောင့် အခန်းနံရံ တစ်ဖက်တွင် ကြီးမားသော အရိပ်ကြီးက ပေါ်လာသည်။ ယွင်ချန်ချန်အား အတင်းအကျပ် ခေါ်နေသော လူစုလည်း ကြောက်လန့်တကြားနှင့် ပြေးထွက် သွားကြတော့သည်။
ထိုလူများ ထွက်သွားသည့် အခါ ယွင်ချန်ချန်သည် ချန်းဖန်တို့ စားပွဲဘက်သို့ လှည့်ကာ ကျေးဇူးတင်သည့် အကြောင်း ခေါင်းညိတ်ရင်း ပြုံးပြ နှုတ်ဆက်သည်။
“ကျေးဇူးပါပဲရှင်”
“ရပါတယ်”
လင်းဝေ့ဝေ့က လှိုက်လှိုက်လှဲလှဲ ပြန်ပြောလိုက်သည်။
“ညီမသာ အစ်မနေရာမှာ ဆိုရင် အဲဒီကောင်တွေရဲ့ ပေါင်ကြားကို ဆောင့်ကန်ပြီး နောက်ထပ် လာမရှုပ်ရဲအောင် ပညာပေးလိုက်တယ် ဟွန့်”
လင်းဝေ့ဝေ့၏ ဒေါသ ကြီးပုံကြောင့် ယွင်ချန်ချန်ပင် အံ့ဩသွားသည်။
ဝူကျွင်းကျဲ့ကလည်း ဝင်ပြောလိုက်သည်။
“ကျွန်တော်တို့ စားပွဲမှာ လာထိုင်ပါလား ပြီးရင် မိန်းကလေးကို အိမ်ပြန်လိုက်ပို့ ပေးပါ့မယ် ဟိုလူတွေက ဒီနားတစ်ဝိုက်မှာ စောင့်နေပြီး ကျွန်တော်တို့ ထွက်သွားမှ နောက်တစ်ကြိမ် ထပ်ရောက်လာ မလား မသိနိုင်ဘူးလေ”
ယွင်ချန်ချန်က ခဏမျှ တွေးတောပြီးတော့မှ လက်ခံလိုက်သည်။
ယွင်ချန်ချန်သည် ချန်းဖန်တို့ စားပွဲသို့ ကူးပြောင်းလာပြီး နေရာလွတ်က ချန်းဖန်၏ ညာဘက် တစ်နေရာတွင်သာ ရှိတော့သောကြောင့် ထိုနေရာ၌ ဝင်ထိုင်လိုက်သည်။
ထိုအခါမှ စားပွဲရှိ လူအားလုံးလည်း သူမ မျက်နှာအား ကောင်းကောင်းမွန်မွန် မြင်ရတော့သည်။
ယွင်ချန်ချန်သည် အဝါနုရောင် ကုတ်အင်္ကျီနှင့် ဘောင်းဘီရှည်အား စမတ်ကျကျ ဝတ်ဆင်ထားပြီး ဆိုင်အတွင်း ဘက်တွင် မအေးသောကြောင့် ကုတ်အားချွတ်ကာ လက်တစ်ဖက်၌ ကိုင်ထားသည်။ ကုတ်အင်္ကျီ အောက်တွင် အကောင်းစား ဆွယ်တာ အဖြူတစ်ထည်ထား ပနံသင့်စွာ ဝတ်ဆင်ထားသည်။ သူမ၏ ဟန်ပန်မှာ အထက်တန်းလွှာ မြို့ကြီးသူ တစ်ယောက် ဖြစ်ကြောင်း သိသာလှသည်။ သို့နှင့် ယွင်ချန်ချန်အား အကဲခတ်နေရင်း ချန်းဖန်၏ အကြည့်တို့က သူမ လက်ကောက်ဝတ်ရှိ သစ်သား ပုတီးစေ့လေး များဖြင့် ပြုလုပ်ထားသော လက်ပတ်အား မြင်ရသည့်အခါ မျက်မှောင်ကြုတ် သွားသည်။
စားပွဲရှိ လူတိုင်း ယွင်ချန်ချန်၏ ဆွဲဆောင်မှု အောက်တွင် မျောနေကြပြီး စကားတစ်ခွန်းမှ မဆိုဖြစ်ကြ။
ချန်းဖန်ကတော့ တည်တည် ငြိမ်ငြိမ်သာ ရှိနေပြီး မနက်စာ ဆက်စားနေသည်။ ယွင်ချန်ချန်က ချန်းဖန်အား တစ်ချက် ကြည့်ပြီးနောက် ကျန်လူများအား အပြုံး တစ်ခုနှင့် ပြောလိုက်သည်။
“အားလုံး ဘာလို့ ဆက်မစား ကြတာလဲဟင် ... ကျွန်မကြောင့်နဲ့ မရပ်လိုက်ပါနဲ့”
“အာ ... အဲဒါက မိန်းကလေးက အရမ်း ဆွဲဆောင်မှု ရှိနေလို့ပါ”
ဝူကျွင်းကျဲ့က နောက်သလိုလို ပြောင်သလိုလိုနှင့် အတည် ပြောလိုက်သည်။
ပြောပြီးကာမှ ဝူကျွင်းကျဲ့ တစ်ယောက် သူ့စကား သူပြန်ရှက်ကာ ခေါင်းကြီး ငုံ့သွားသည်။ သူ့ဘဝမှာ မိန်းမလှတွေ အများကြီး မြင်ဖူးပါတယ် ... ဘာလို့ ဒီမိန်းကလေးကိုမှ အကြာကြီး ငေးမိသွားတာလဲ ...။
လင်းဝေ့ဝေ့ သည်လည်း ယွင်ချန်ချန်အား လေးစား အားကျစွာ ကြည့်သည်။ မိန်းကလေးတိုင်းက ယွင်ချန်ချန် ကဲ့သို့ ကြော့ကြော့မော့မော့ လှလှပပနှင့် ဆွဲဆောင်မှု ရှိသူများ ဖြစ်လိုကြသည် မဟုတ်ပါလား။
“ဒါနဲ့ ဘာလို့ မနက်စာ စားနေတုန်း မျက်မှန်ကြီး တပ်ထားတာလဲဟင် ...”
လင်းဝေ့ဝေ့က စပ်စုလိုက်သည်။
ယွင်ချန်ချန်သည် မေးခွန်းအား အနည်းငယ် ဖြေရခက် သွားဟန် ရပြီး အတန်ကြာမှ တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ပြန်ဖြေသည်။
“အဲဒါက အကြောင်းလေး ရှိလို့ တပ်ထားရတာပါ မျက်မှန်ကို ချွတ်လိုက်လို့ မရဘူး”
“အဲဒီလိုလား ...”
လင်းဝေ့ဝေ့က အနည်းငယ် စိတ်ပျက်သွားသည်။
“တခြားတော့ မဟုတ်ပါဘူး ဒီမှာလေ ဒီလူရှုပ်ကလေးက အစ်မကို ထိပ်တန်းကြယ်ပွင့် ယွင်ချန်ချန်နဲ့ တူတယ်လို့ ပြောနေလို့”
“နင် ငါ့ရဲ့ နာမည်ပြောင်ကို သူစိမ်းရှေ့မှာ မခေါ်နဲ့လေ”
ဝူကျွင်းကျဲ့က မျက်လုံး လှန်ပြကာ ပြောသည်။ လူရှုပ်ကလေး ဆိုသည်မှာ သူငယ်ငယ်တုန်းက သူငယ်ချင်းများ စနောက်ရင်း ခေါ်ကြသော နာမည်ပြောင် ဖြစ်သည်။
ယွင်ချန်ချန်က ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ပြန်မပြောပေ။
စကားစမြည် ပြောကြဆိုကြရင်း ယွင်ချန်ချန်နှင့် လင်းဝေ့ဝေ့တို့ အုပ်စု အလျင်အမြန်ပဲ ရင်းနှီး သွားကြသည်။
ယွင်ချန်ချန်၏ အတွေးများက ပြေးလွှားနေကြသည်။
စင်စစ်တွင် သူမသည် ထျန်းဟယ်မြို့သူ တစ်ယောက် ဖြစ်သည်။ မထင်မှတ်ပဲ သူမ၏ အလုပ်၌ အနှောင့်အယှက် တချို့ ပေါ်လာသောကြောင့် ဇာတိမြို့သို့ ပြန်လာကာ အနားယူခြင်း ဖြစ်သည်။ သို့သော်လည်း သူမ ပြန်ရောက်နေသည် ဟူသော သတင်းအား ကြားသည်နှင့် ထျန်းဟယ်မြို့ရှိ သူဌေးကြီးများသည် ညစာစားပွဲ တစ်ခု အလျင်အမြန် စီစဉ် လိုက်ကြမည်ဟု ဘယ်သူက ထင်ပါမည်နည်း။ ၎င်းညစာ စားပွဲသည် ဗန်းပြ သက်သက်သာ ဖြစ်ပြီး သူဌေးကြီးများ၏ အဓိက ရည်ရွယ်ချက်မှာ ယွင်ချန်ချန်သာ ဖြစ်သည်။ ယွင်ချန်ချန်ကလည်း Aအဆင့် မင်းသမီး တစ်ယောက် အနေနှင့် ထိုသူဌေးကြီးများအား လုံးဝ စိတ်မဝင်စား။ ထို့ကြောင့် သူမ၏ မန်နေဂျာအား ညစာစားပွဲသို့ လွှတ်ကာ သူမ ကိုယ်တိုင်ကတော့ ထျန်းဟယ်မြို့ အနီးရှိ ဝူတောင် ရေပူစမ်း အပန်းဖြေ စခန်းသို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။
'ဝေ့ချွမ်ခန်းမ'တွင် မနက်စာ စားနေရင်း မမျှော်လင့်ဘဲ ဤထူးဆန်းသော ဆယ်ကျော်သက် အုပ်စုနှင့် ရင်းနှီးခဲ့ရသည်။
ဟုတ်သည်။ ဤဆယ်ကျော်သက်လေး များကား အမှန်ပင် ထူးဆန်းလှသည်။
၎င်းတို့ တစ်အုပ်စုလုံးသည် ပြေပြေလည်လည် မိသားစုများမှ ဖြစ်ကြဟန် တူသည်။ ကျိကျိတက် ချမ်းသာသော မိသားစုများမှတော့ မဟုတ်နိုင်။ ထိုဆယ်ကျော်သက် လေးများ၌ သူမ တွေ့ခဲ့ဖူးသော သူဌေးသား၊ သားသမီး၏ မောက်မာ ဝင့်ကြွားခြင်းမျိုး ရှိမနေသောကြောင့် ဖြစ်သည်။ သို့သော် ဤအုပ်စုထဲတွင် သူမ လုံးဝ ခန့်မှန်း၍ မရသော လူနှစ်ယောက် ရှိသည်။
တစ်ယောက်မှာ ထိုင်ခုံ၌ အမူအရာ ကင်းမဲ့စွာဖြင့် ခပ်တောင့်တောင့် ထိုင်နေသော လူသန်ကြီး ဖြစ်သည်။ ထိုလူ၏ ကြေးနီရောင် တောက်နေသော ကြွက်သားကြီးများက သူမအား အန္တရာယ် အငွေ့အသက်ကို ခံစားရစေသည်။ သူမ၏ သက်တော်စောင့်များ ထဲမှ အတော်ဆုံး တစ်ယောက်ပင် ထိုလူအား ယှဉ်နိုင်မည့်ပုံ မပေါ်။
နောက်တစ်ယောက်မှာ သူမ၏ ဘယ်ဘက်ခြမ်းတွင် ထိုင်နေသော သူမ စရောက်လာ ကတည်းက တစ်ချက်မျှသာ လှမ်းကြည့်ပြီး နောက်ထပ် လုံးဝ ယောင်လို့ပင် လှည့်မကြည့် တော့သည် ခပ်ချောချော လူငယ်လေး ဖြစ်သည်။
ယွင်ချန်ချန်သည် နာမည်ကြီး မင်းသမီးတစ်လက် ဖြစ်သည့်အလျောက် ချောမောသော မင်းသား များစွာအား တွေ့ခဲ့ဖူးသည်။ သို့သော် ယခု သူမဘေးရှိ လူငယ်လေး၏ ချောမောမှုမှာမူ လက်လှမ်း မမီသော ခံစားချက် တစ်ခုအား ပေးသည်။
ထိုလူငယ်လေး၏ မျက်လုံးများ ထဲ၌ ကမ္ဘာပေါ်ရှိ မည်သည့်အရာ သို့မဟုတ် မည်သူ့ကိုမဆို ဂရုမစိုက်သည့် မာနတစ်မျိုး ရှိနေသည်။
ယွင်ချန်ချန်သည် ထိုသို့သော ယုံကြည်မှု မြင့်မားသည့် မာနမျိုးအား တရုတ်ပြည်ရှိ ထိပ်တန်း သူဌေးကြီးများ၏ မျက်လုံးများထဲတွင်သာ တွေ့ခဲ့ဖူးသည်။
ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် ထိုသူဌေးကြီးများ၏ မာနသည်ပင် လူငယ်လေး၏ မျက်လုံးများထဲရှိ တလက်လက် တောက်ပနေသော မာနတရားအား မမီပါ။ ထိုသူဌေးကြီးများ၏ မောက်မာမှုထက် လူငယ်လေးက ပို၍ မောက်မာသည်ဟု သူမ မသိစိတ်က ခံစားရသည်။
'စိတ်ဝင်စားစရာပဲ ဘယ်မိသားစု ကများ ဒီလိုကလေးမျိုး မွေးထုတ်ထားပါလိမ့် ...'
ယွင်ချန်ချန်က တိတ်တဆိတ် တွေးမိ၏။
သို့သော်လည်း ထိုလူငယ်လေးသာ အမှန်တကယ် အင်အားကြီး လျှို့ဝှက် မိသားစု တစ်ခုမှ ဆိုပါက သူမအနေနှင့် မည်သို့ ဖော်ထုတ် နိုင်ပါမည်နည်း။ ထိုသို့ တွေးမိ သွားသောကြောင့် ယွင်ချန်ချန်က ကိုယ့်တုံးအမှုကို ကိုယ့်ဘာသာ ပြန်ရယ်မိသည်။
လူတိုင်း စားသောက် ပြီးစီးကြတော့ ခဏတစ်ဖြုတ် နားပြီး ရေပူစမ်းသို့ သွားရန် စီစဉ်ကြသည်။ ယွင်ချန်ချန်ကိုလည်း မရမက အပါ ခေါ်ခဲ့ကြသည်။
ဝူတောင် ရေပူစမ်း အပန်းဖြေ စခန်းတွင် ဧည့်သည်များအား ဝန်ဆောင်မှု အများအပြား ပေးထားသည်။ ပြင်ပ ရေပူစမ်း၊ ဘူဖေး၊ အနားယူဧရိယာ၊ ဟိုတယ်များ အပြင် ဧည့်သည်သာ ဆန္ဒရှိပါက VIP ရေပူစမ်းတွင် တစ်ကိုယ်တည်း အပန်းဖြေ နိုင်သေးသည်။
ချန်းဖန်တို့ လူစုသည် ရေကူးဝတ်စုံများ လဲလှယ်ပြီးနောက် ပြင်ပ ရေပူစမ်း ရှိရာသို့ ထွက်လာခဲ့ကြသည်။
“ဘုရားသခင်”
ထုံရှန်း၏ အပေါ်ပိုင်း ဗလာကျင်း ထားသော ခန္ဓာကိုယ်အား မြင်မိသူတိုင်း ပါးစပ်မှ ထွက်လာသော စကားဖြစ်သည်။
ကြေးနီရောင် တောက်နေသော ကြွက်သား အမြှောင်းများ၊ ခန္ဓာကိုယ်တွင် နေရာလွတ် မကျန် ရှိနေသော အနာရွတ်များ၊ အထူးသဖြင့် မေးစေ့မှစ၍ ဝမ်းဗိုက်အထိ အစင်းလိုက် ရှိနေသော ကန့်လန့်ဖြတ် အနာရွတ်ကြီးကား အထင်ရှားဆုံး ဖြစ်သည်။ ထုံရှန်းက ရေပူစမ်း အလယ်သို့ ဆင်းသွားသည်တွင် ထိုနေရာ၌ ရှိနေကြသော သူများမှာ ခပ်ဝေးဝေးသို့ ရှောင်သွားကြသည်။ ထုံရှန်း၏ တောင့်တောင့် ဖြောင့်ဖြောင့် ခန္ဓာကိုယ်သည် မိန်းကလေးများ အတွက် စိတ်ကူး ယဉ်ချင်စရာ ဖြစ်သော်လည်း အနာရွတ်ကြီးများက နှောင့်ယှက်နေသည်။
“ရှောင်ဖန် ... မင်းဝမ်းကွဲက အရင်တုန်းက ဘာအလုပ် လုပ်ခဲ့တာလဲ ...”
ဝူကျွင်းကျဲ့က ချန်းဖန်အား တိုးတိုးလေး ကပ်မေးသည်။
“သူက နိုင်ငံခြားမှာ ကြေးစား စစ်သား လုပ်ခဲ့တာလေ ဟိုတလောက စစ်ဆင်ရေး တစ်ခုလုပ်ရင်း ဦးနှောက်ကို နည်းနည်း ထိသွားလို့ မှတ်ဉာဏ်တွေ ပျောက်သွားတယ်”
ချန်းဖန်က ပခုံးတွန့်လျက် ပြန်ဖြေလိုက်သည်။
ထို့နောက်တွင် မိန်းကလေး နှစ်ယောက်သည်လည်း ရေကူးဝတ်စုံ ကိုယ်စီဖြင့် ထွက်လာကြသည်။
“ချီး အရိုင်းအစိုင်းမ နင့်မှာ ဘယ်တုန်းက စပြီး ဒီလို ခန္ဓာကိုယ် လှလှလေး ရှိသွားတာလဲ ...”
ဝူကျွင်းကျဲ့က အလန့်တကြား ထအော်လိုက်သည်။
လင်းဝေ့ဝေ့သည် တစ်ဆက်တည်း ဖြစ်သော ရေကူးဝတ်စုံ အနီလေးအား ဝတ်ထားသည်။ သူမ၏ ခန္ဓာကိုယ် အပေါ်ပိုင်း တစ်ခုလုံးအား ဖုံးကွယ် ထားသော်လည်း သေးသွယ်သော ပုံစံလေးနှင့် ရှည်လျား သွယ်လျသော ခြေထောက်လေးများက အလွန် ဆွဲဆောင်မှု ရှိနေသည်။
သို့သော် လင်းဝေ့ဝေ့၏ ဆွဲဆောင် နိုင်စွမ်းသည် ယခုထက်ထိ နေကာ မျက်မှန်ကြီး တပ်ထားဆဲ ဖြစ်သော ယွင်ချန်ချန်ကိုတော့ မမီသေးပါ။
ယွင်ချန်ချန်သည် အမြင် မရိုင်းသော ဘီကနီ တစ်ထည်အား ဝတ်ဆင်ထားပြီး သူမ၏ သေးသွယ်သော ခါးလေး၊ ချပ်ရပ်နေသော ဗိုက်သားများနှင့်၊ စိတ်ကူးယဉ်ချင် စဖွယ် ခြေတံရှည်တို့အား လှစ်လှပ် ပြသထားသည်။ သူမ၏ မျက်နှာအား နေကာ မျက်မှန်ဖြင့် ဖုံးကွယ် ထားသော်လည်း ယွင်ချန်ချန်သည် ရေပူစမ်းထဲရှိ မိန်းကလေး တိုင်းထက် ဆွဲဆောင်မှု ရှိနေသေးသည်။
ပြင်ပ ရေပူစမ်းအား ရေကန်ငယ်လေး များစွာအဖြစ် ပိုင်းခြားထားသည်။ ထုံရှန်း၏ ကျေးဇူးကြောင့် ချန်းဖန်တို့ လူစုသည် ရေကန် တစ်ခုအား သီးသန့် ရလိုက်ကြသည်။
ရုတ်တရက် ချန်းဖန်က ယွင်ချန်ချန်အား မေးလိုက်သည်။
“မိန်းကလေးယွင် ခင်ဗျားရဲ့ လက်ကောက်ဝတ်က လက်ပတ်ကို တစ်ချက်လောက် ကြည့်လို့ရမလား ...”
ယွင်ချန်ချန်သည် ချန်းဖန်၏ ရုတ်ခြည်းဆန်သော မေးခွန်းအား မျှော်လင့် မထားသောကြောင့် အံ့ဩသွားသည်။
***