နှစ်ကုန် အကဲဖြတ်ပြိုင်ပွဲ ၁
Vol. 1 Ch. 10
သိုင်းပညာ လေ့ကျင့်ရာ ရင်ပြင်အတွင်း၌ သစ်ပင်ကြီးတစ်ပင် ရှိ၏။ စုချန်းသည် ၎င်းသစ်ပင်ကြီ၏ အောက်ဝယ် ကျောက်တုံးကုလားထိုင်ပေါ်၌ ထိုင်ကာ ရေနွေးကြမ်း သောက်နေ၏။ သူ့ဘေး၌ကား အစေခံ ကျန်းစင်းသည် မတ်တတ်ရပ်ပြီး အစီရင်ခံနေလေသည်။
စုချန်း၏ လက်ထဲတွင် ရေနွေးကြမ်းခွက်ကို ကိုင်ထား၏။ သို့သော် အနီးကပ်ကြည့်လျှင် အထိတ်တလန့် ဖြစ်မှုကြောင့် သူ၏ လက်များသည် အကြောသေသကဲ့သို့ တုံ့ဆိုင်းနေကြောင်း တွေ့မြင်ရပေလိမ့်မည်။
ကျန်းစင်းက အကူအညီ ကင်းမဲ့နေသော ဟန်ပန်နှင့် သူ့သခင်လေးကို အစီရင်ခံလိုက်သည်။
"သခင်ကြီးက မှာလိုက်ပါတယ် ခင်ဗျာ။ သခင်လေးကို အရင်တစ်ခေါက်က လုပ်သလို ကချော်ကချွတ် လိမ်ညာလှည့်ဖျားတာမျိုး ထပ်မလုပ်စေချင် တော့ပါဘူးတဲ့။ နှစ်ကုန် အကဲဖြတ်ပြိုင်ပွဲဟာ ဆုံးဖြတ်ပြီးပါပြီ။ ခုချိန်မှာ သခင်လေးရဲ့ မျက်လုံးတွေကလည်း ပြန်ကောင်းမလာသေးဘူး။ တကယ်လို့ မျက်လုံး ပြန်ကောင်းလာရင်တောင် ပြိုင်ပွဲရဲ့ စည်းကမ်းကို ပြင်ဆင်ဖို့ ဆိုတာကတော့ ဘယ်လိုမှကို မဖြစ်နိုင်ပါဘူးတဲ့။ တကယ်လို့ သခင်လေးအနေနဲ့ နိုင်ဖို့ မသေချာဘူးဆိုရင် ဒီနှစ်ပြိုင်ပွဲမှာ ဝင်မပြိုင်ပါနဲ့၊ သူ့အနေနဲ့ သခင်လေးကို ဒုက္ခမရောက်စေချင်ဘူးလို့ မှာကြားလိုက်ပါတယ် ခင်ဗျာ"
စုချန်းသည် မည်သည့် ခံစားချက်မျှ မရှိသော မျက်လုံးအစုံနှင့် စိုက်ကြည့်နေ၏။ သူ့လက်များကမူ ရေနွေးကြမ်းခွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။
"ကျွန်တော် နောက်တစ်ခေါက် ထပ်ပြီး လိမ်လိမ့်မယ်လို့ အဖေတကယ်ပဲ ထင်နေတာလားဗျာ"
ကျန်းစင်းက ဖြေလိုက်သည်။
"ပြီးခဲ့တဲ့ နှစ်တုန်းက သခင်လေးဟာ ပြိုင်ပွဲဝင်ဖို့ ဒီလို လှည့်ကွက်မျိုးကို အသုံးပြုခဲ့ဖူးတယ်။ ဟော ဒီနှစ်ပြိုင်ပွဲလည်း နီးလာပြန်ရော သခင်လေးဟာ ရုတ်တရက် ကျန်းမာလာပြန်ပြီ။ ဒီတော့ လူအတော်များများက သခင်လေးကို မယုံကြည်တာ ဘာများဆန်းသလဲဗျာ"
စုချန်းသည် ကျန်းစင်းကို မြင်တွေ့နိုင်ခြင်း မရှိသဖြင့် သူ၏ အမူအရာကို အကဲဖြတ်နိုင်စွမ်း မရှိ။ သို့သော် ထိုသူ၏ လေသံကို နားထောင်လိုက်ရုံနှင့် ကျန်းစင်း တစ်ယောက်လည်း သူ့ကို မယုံကြည်သူများတွင် ပါဝင်ကြောင်း စုချန်း တပ်အပ်သိလိုက်သည်။ လူတိုင်းလိုလိုက စုချန်းအား ယူဆကြသည်မှာ ဤသူငယ်သည် မည်သည့်အခါမျှ လက်လျှော့လိမ့်မည် မဟုတ်။ လက်လျှော့ရန်အတွက် နည်းလမ်းကိုလည်း မတွေ့ရှိသေး ။ ထို့ကြောင့် ဤနှစ် ပြိုင်ပွဲတွင်လည်း အလားတူ လိမ်ညာခြင်းမျိူး ထပ်မံ ပြုလုပ်လိမ့်မည် ဟူ၍ ဖြစ်သည်။
စုချန်းသည် သူ့ရှေ့တွင် ရပ်နေသော ကျန်းစင်းကို စူးစိုက် ကြည့်ရှုလိုက်၏။ ယခင်က သူ့ကမ္ဘာလောကကြီး တစ်ခုလုံးသည် အမှောင်တိသာ ဖုံးလွှမ်းနေခဲ့ဖူး၏။ ယခုတွင်ကား ပါးလွှာသော အလင်းရောင်၏ အကူအညီနှင့် မပီဝိုးတဝါး အရိပ်တစ်ရိပ်ကို နှင်းတောထဲတွင် မြင်တွေ့ရသကဲ့သို့ ကျန်းစင်းတစ်ယောက် သူ့ရှေတွင် မတ်တတ်ရပ်နေသည်ကို မသဲမကွဲ မြင်တွေ့နေရလေသည်။ သူ့အနေနှင့် အလုံးစုံ မမြင်ရသေးသော်ငြား သူနှင့် နှစ်အတန်ကြာအောင် အသားကျနေခဲ့သော အမှောင်ထုသက်သက် မဟုတ်တော့။ အရေးကြီးဆုံး အရာမှာ သူ့အနေနှင့် မျက်လုံးပြန်မြင်ရန် အခွင့်အရေးတစ်ခု ရှိနေခဲ့ပြီ ဟူသော အချက်ပင်တည်း။
ရယ်စရာကောင်းသည်မှာ ထိုအကြောင်းကို တခြားလူများအား ပြန်လည် ပြောပြသောအခါ မည်သူ တစ်ဦးတစ်ယောက်မျှ သူ့ကို မယုံခြင်းပင်။ သို့ရာတွင် ပြဿနာတော့ မရှိ။ ယခုအချိန်တွင် မယုံသော်လည်း တစ်နေ့ကျလျှင် မုချ ယုံလာစေရမည်။ သူစောင့်နိုင်သည်။ စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းရန် စုချန်း ဆုံးဖြတ်လိုက်၏။ သူ့မျက်လုံးများ အမှန်တကယ် ပြန်ကောင်းလာသော အချိန်ကျမှ တစ်လောကလုံး သိသွားအောင် ကြေညာမောင်းခတ် လိုက်ပေဦးမည်။
နောက်ရက်များတွင်ကား စုချန်းသည် ပုံမှန်အတိုင်း ကိုယ်ခန္ဓာ စွမ်းအားများ မွေးမြူခြင်းကို ဆက်လက် လေ့ကျင့်လေသည်။ ကိုယ်ခန္ဓာ ပုံသွင်းခြင်း နည်းလမ်းရှစ်သွယ်၊ မီးလျှံထဲက ကျားလက်သီးနှင့် မြူခိုးကြားက မြွေခြေလှမ်း သိုင်းပညာရပ်များသည် စုချန်းတစ်ယောက် ပုံမှန် လေ့ကျင့်နေခဲ့သော ပညာရပ်များ ဖြစ်သည်။ သူသည် ပထမအကြိမ် ကြုံတွေ့ခဲ့သော အာရုံခံစားမှုမျိုး ပြန်လည် ကြုံတွေ့စေရန် မကြာခဏ တောင့်တမိ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ အမြင်အာရုံ ပြန်လည် ကောင်းမွန်လာခြင်းနှင့် အဆိုပါ အာရုံခံစားမှုသည် သေချာပေါက် ဆက်စပ်နေလိမ့်မည်ဟု ယုံကြည်ထားခြင်းကြောင့် ပင်တည်း။
သို့သော် မည်မျှပင် ကြိုးစားပန်းစား လေ့ကျင့်နေခဲ့သော်ငြား ကံမကောင်း အကြောင်းမလှစွာပင် ၎င်းနဂါးကြီးသည် စုချန်း၏ အမြင်အာရုံမှ ပုန်းရှောင်နေခဲ့လေပြီ။ အလျံတညီးညီး မီးတောက်နေသော နဂါးကြီးကား ဘယ်ဆီကိုများ ရောက်သွားလေသနည်း။ သို့သော် ကြိုးစားခြင်း၏ အကျိုးကြောင့်ပေလော မသိ၊ နောက်ရက်များတွင် သူ၏ အမြင်အာရုံသည် အမှန်တကယ် ပြန်လည် နားလန်ထူစ ပြုလာ၏။ ပျောက်ကင်းမှု နှုန်းထားမှာ အလွန်တရာ နှေးကွေးသည်ဟု ဆိုနိုင်သော်ငြား စုချန်းအဖို့တော့ တဖြည်းဖြည်း ပျောက်ကင်းစ ပြုလာကြောင်းကို ကောင်းကောင်းကြီး သိရှိခံစား နေရလေသည်။ တစ်နေ့တာ ကုန်လွန်သွားတိုင်း စုချန်း၏ အမြင်အာရုံမှာ ယခင်ကထက် ပို၍ သက်သာလာ၏။
ပထမဆုံး စုချန်း၏ မျက်လုံးထဲတွင် အလင်းရောင် ခပ်သဲ့သဲ့မျှကို မြင်တွေ့စ ပြုလာသည်။ သိပ်မကြာမီ သူ့မျက်လုံးထဲတွင် လူတစ်ယောက်၏ ပုံစံကို အရိပ်တစ်ရိပ်ကဲ့သို့ ဝိုးတဝါး မြင်တွေ့နိုင်စွမ်း ရှိလာ၏။ ၎င်းသည် ပုံသဏ္ဍန် မပီပြင်ပဲ အရိပ်ပမာ ဝိုးတိုးဝါးတားမျှသာ ဖြစ်သော်လည်း ဘာမှ မမြင်ရသည်ထက် စာလျှင်ကား များစွာ တော်လှပေသေးသည်။ သူ၏ အနာဂတ်တွင်ကား မျှော်လင့်ချက် အလင်းရောင် တချို့ကို မြင်တွေ့စ ပြုလာလေပြီ။ သို့သော် စုချန်းအဖို့ ရောင်နီမလာခင်ကား အမှောင်ထဲတွင် သည်းခံ စောင့်ဆိုင်းရပေအုံးမည်။ ဤသည်မှာ လောက၏ သဘာဝတရားပင် မဟုတ်ပါလား။
နှစ်ကုန် အကဲဖြတ်ပြိုင်ပွဲ ကျင်းပမည့် အချိန်မှာကား တစ်စထက်တစ်စ ပို၍ နီးကပ်လာခဲ့ပေပြီ။
***
နှစ်တစ်နှစ်၏ အဆုံးသတ် ရောက်တိုင်းတွင် မျိုးနွယ်စုတိုင်းသည် ပျားပန်းခတ်မျှ ပွက်လောရိုက်ကာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေလေ့ရှိသည်။ နှစ်တစ်နှစ် ကုန်ဆုံးသွားတိုင်း နှစ်သစ်ဟူသည် ရောက်လာတတ်စမြဲပင်။ လူအများသည် နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုကြ၏။ အောင်ပွဲခံကြ၏။ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကြ၏။
ဤအခါသမယ ရောက်တိုင်း မျိုးဆက်သစ်ကလေးများသည် ကျန်လူများထက် ပို၍ စိတ်လှုပ်ရှားလေ့ ရှိကြသည်။ သူတို့ အားခဲထားသော အချိန်ကာလသို့ ဆိုက်ရောက်လာခဲ့ပြီ မဟုတ်ပါလား။ သူတို့သည် နှစ်ဆုံး အကဲဖြတ် ပြိုင်ပွဲများတွင် ဝင်ရောက် အစွမ်းပြနိုင်ရန် ကြိုးစား လေ့ကျင့်ကြကုန်၏။ ထို့ကြောင့် နှစ်ဆုံးအကဲဖြတ် ပြိုင်ပွဲဟူသည် စုမျိုးနွယ်စု တစ်ခုတည်းတွင်သာ ရှိနေသည့် ပြိုင်ပွဲမဟုတ်။ ကမ္ဘာပေါ်ရှိ ထင်ရှားကျော်ကြားသည့် မျိုးနွယ်စုများ အားလုံးလိုလိုကို လွှမ်းမိုးထားသည့် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာ တစ်ရပ်ပင် ဖြစ်လေတော့သတည်း။
ကျယ်လောင်သော စကားသံတစ်သံ ထွက်ပေါ်လာ၏။
"နည်းနည်း ရှည်လိုက်အုံးဟေ့ နည်းနည်း ရှည်လိုက်အုံး"
အသံရှင်မှာ တခြားသူမဟုတ်။ စုခေါ့ကျိပေတည်း။ နေရာမှာ စုမျိုးနွယ်စု၏ ပင်မရင်ပြင်ပေါ်တွင် ဖြစ်သည်။ မျိုးနွယ်စုဝင်များသည် စင်မြင့်တစ်ခုကို ကြိုးစားပမ်းစား ဆောင်လုပ်နေကြ၏။ နောက်ဆုံး ဆောက်လုပ်နေသော စင်မြင့်ကို လက်ညိုးထိုးရင်း စုခါ့ကျိက ဝေဖန်ပြောဆိုနေခြင်း ဖြစ်၏။ သူ၏ ဟန်ပန်အမူအရာမှာ ဝင့်ကြွားလှသည်။ သူ၏ စိတ်ထဲတွင်ကား အလွန်မွှေးကြိုင်ပြီး ချိုမြလှသော ပျားရည်များဖြင့် နှလုံးအိမ်အတွင်း လောင်းချနေသကဲ့သို့ ခံစားနေရလေသည်။
နှစ်နှစ်တာ ကာလမျှ သည်းညည်းခံခဲ့ပြီး နောက်ပိုင်း သူမျှော်လင့်နေခဲ့သော အခိုက်အတန့်သည်ကား ရောက်ရှိလာခဲ့လေပြီ။ သူ့တစ်ကိုယ်လုံးသည် လေထက်ပင် ပေါ့ပါးနေသည်ဟု ခံစားနေရ၏။ သူ၏ လမ်းလျှောက်ပုံမှာကား ပေါ့ပါးလှပြီး လေထဲတွင် လွင့်မြောနေသကဲ့သို့ ထင်ရသည်။
"ဒါဟာ အခွင့်အရေး တစ်ခုလို့ ယူဆနေမယ် ဆိုရင်တော့ သိပ်ကိုမှားနေပြီ ရှက်စရာ ကောင်းလိုက်တာ"
သူ့နောက်ကွယ်မှ သရော်တော်တော် ပြောဆိုလိုက်သော အသံတစ်သံကို စုခေါ့ကျိ ကြားလိုက်ရ၏။ အသံရှင်၏ လေသံမှာ သူ့ကို အတော်လေး အထင်သေးနေဟန် ရှိသည်။ သူက နောက်ကို ချာခနဲ လှည့်ကြည့်လိုက်သည်။ စုခေါ့ကျိ၏ နောက်တွင် မတ်တတ်ရပ်ပြီး ပြောဆိုလိုက်သူမှာကား တခြားသူမဟုတ်။ စုမျိုးနွယ်စု၏ တတိယအကြီးအကဲ စုဖေးဟူပင် ဖြစ်လေသည်။ စုဖေးဟူသည် စုခေါ့ကျိအား ရွံရှာမုန်းတီးဟန်ဖြင့် မျက်လုံးကြီး ပြူး၍ စိုက်ကြည့်နေ၏။
စုဖေးဟူ၏ စကားကို စုခေါ့ကျိက မမှုပါ။ မမှုသည့်အပြင် တဟားဟားပင် ရယ်မောလိုက်သေးသည်။ ထို့နောက် သူက ပြောလိုက်၏။
"တတိယအကြီးအကဲရဲ့ စကားက မှားနေပြီဗျ။ ဒါဟာ နှစ်ဆုံး အကဲဖြတ်ပြိုင်ပွဲပါ။ တတိယ မျိုးဆက်တွေထဲက အထူးချွန်ဆုံးလို့ ဆိုနိုင်မယ့် ကလေးတစ်ယောက်ကပဲ ဒီစင်မြင့်ကြီးပေါ်မှာ မားမားမတ်မတ် ရပ်ပြီး ကျန်နေခဲ့လိမ့်မယ်။ အမှန်ကတော့ ကျုပ်က ဒီစင်မြင့်ကို ဒီထက်မက မြင့်အောင် ဆောက်လုပ်စေချင်သေးတာ။ ဘာလို့လဲဆိုတော့ ဒီနှစ် အကဲဖြတ်ပြိုင်ပွဲရဲ့ အထူးချွန်ဆုံး အထက်မြက်ဆုံးကလေး ဘယ်သူဘယ်ဝါ ဆိုတာကို စုမျိုးနွယ်စုက လူတွေတင်မကပဲ မြောက်ပိုင်းမြို့တော် တစ်မြို့တော်လုံးက လူတွေပါ မြင်တွေ့စေချင်လို့ပဲ"
စုဖေးဟူက စိတ်မဝင်စားသော လေသံနှင့် ပြောလိုက်သည်။
"ဘယ်လောက်ပဲ အမြင့်မှာ ရောက်နေပါစေ ဘာမှ ထူးထူးခြားခြား မလုပ်ပြနိုင်တဲ့ လူစားမျိုးတွေ လောကကြီးမှာ တကယ်ရှိတယ်ဗျ"
ဗလာချီ ခွပ်ထည့်လိုက်သော စကားကြောင့် စုခေါ့ကျိ ဒေါသထွက်လာ၏။ သူက ပါးစပ်ဟကာ တုံ့ပြန်ရန် ဟန်ပြန်လိုက်သည်။ သို့သော် သူက သက်ပြင်းကို မှုတ်ထုတ်ရင်း စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်၏။ ရှိစေတော့။ အချိန်တန်လျှင် နွားပိန်ကန်လိမ့်မည်သာ။ ထို့နောက် သူသည် စုဖေးဟူကို လျစ်လျူရှုကာ နောက်သို့ ချာခနဲလှည့်ရင်း ထွက်ခွာလာခဲ့လေသည်။
***
နက်ဖြန်သည်ကား စုမျိုးနွယ်စု၏ နှစ်ကုန် အကဲဖြတ်ပြိုင်ပွဲ တရားဝင် စတင်ကျင်းပသော နေ့ပင်ဖြစ်သည်။
ပုံမှန်အားဖြင့် ပြိုင်ပွဲ၏ ပထမပွဲစဉ်မှာ ကိုယ်ခန္ဓာ စွမ်းအားများ မွေးမြူခြင်းပင် ဖြစ်သည်။ စုမျိုးနွယ်စု ပင်မခြံဝင်းထဲတွင် ကြယ်စုခေတ်သစ် ကတည်းက တည်ရှိခဲ့သော ကျောက်တုံးတစ်မျိုးကို စိုက်ထူထား၏။ ၎င်းကျောက်တုံးကို မူလကျောက်တုံးဟု ခေါ်လေသည်။ အကယ်၍ တစုံတယောက်သည် ၎င်းတွင်ရှိသမျှ ခွန်အားများကို စုစည်းကာ မူလကျောက်တုံးကို တွန်းထုတ်သည် ဆိုပါစို့။ ထိုအခါ မူလကျောက်တုံးသည် လှုပ်ရှားလာပြီး သူ့အား တွန်းထုတ်သူ၏ ကိုယ်တွင်းတွင် မူလစွမ်းအင် မည်မျှရှိကြောင်း တွက်ချက် ဖော်ထုတ်နိုင်၏။ ထိုစွမ်းအင်ပမာဏကို တွက်ချက်၍ စွမ်းအားမွေးမြူခြင်း အဆင့်မည်မျှရှိမည်ကို သတ်မှတ်နိုင်သည်။ နတ်ဘုရားကိုယ်ထည် အဆင့်မျှသာရှိသော သူတို့သည် မူလစွမ်းအင်ကို တိုက်ပွဲတွင် အသုံးမပြုနိုင်သော်လည်း ၎င်းသည် သူတို့တွင် မူလစွမ်းအင် လုံးဝမရှိဟု မဆိုလိုပေ။
မျိုးနွယ်စု၏ ကလေးငယ်တိုင်းသည် ကိုယ်ခန္ဓာ စွမ်းအားများ မွေးမြူရန်အတွက် အခြေခံ စွမ်းအားစုပ်ယူခြင်း နည်းလမ်းများကို စတင် လေ့ကျင့်ရလေ့ရှိသည်။ ထို့နောက် သူတို့သည် စုပ်ယူထားသော စွမ်းအင်များကို ကိုယ်ခန္ဓာ အတွင်းပိုင်း အရည်အသွေးများအား ပြုပြင် ပြောင်းလဲရာတွင် အသုံးပြုကြ၏။ ဤပုံဤနည်းအားဖြင့် သူတို့သည် တဖြည်းဖြည်း ကြံ့ခိုင်သန်မာလာပြီး စိတ်ပိုင်းဆိုင်ရာ စွမ်းအား မွေးမြူခြင်း ကျင့်စဉ်များကို စတင် လေ့ကျင့်နိုင်သည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ ကြလေသည်။
မူလစွမ်းအင်နှင့် ပတ်သက်၍ လူသားမျိုးနွယ်စုများ စတင် သဘောပေါက်လာကြခြင်းမှာ အထက်ပါ နည်းလမ်းကြောင့် ဖြစ်သည်။ ထိုမှတစ်ဆင့် လူသားတို့သည် တဖြည်းဖြည်းနှင့် ချီလမ်းပြမြေပုံကို ဖော်ထုတ်နိုင်လာခဲ့ပြီး မူလစွမ်းအင်ကို စုပ်ယူ အသုံးပြုနိုင်ခဲ့ကြ၏။ နောက်ပိုင်းတွင်ကား လူသားများသည် ချီရင်းမြစ်ပင်လယ် ကျောင်းတော်ကြီးကို တည်ထောင်ခဲ့ကြကာ မူလချီစွမ်းအား ပညာရှင်များကို အဆင့်လိုက် သတ်မှတ်နိုင်ခဲ့ကြလေသည်။
***
"စုဆင်း"
"ရှိ"
ခေါ်သံနှင့် မရှေးမနှောင်းတွင် စုမျိုးနွယ် ကလေးတစ်ယောက်သည် ရှေ့သို့ လှမ်းထွက်လာရင်း မူလကျောက်တုံးကြီး၏ ဘေးနားတွင် သွားရပ်လိုက်သည်။ ထို့နောက် သူသည် လက်ဖဝါးများကို ဖြန့်ရင်း မူလကျောက်တုံးကို တွန်းလိုက်၏။ ကျောက်တုံးပေါ်တွင် နေပြောက်ထိုးသကဲ့သို့ အဖြူရောင် အစက်အပြောက်ငယ်များ ပေါ်လာပြီး ထိုအစက်အပြောက်များသည် တဖြည်းဖြည်း ကြည်လင်လာလေသည်။
ထိုအစက်အပြောက်များ၏ အရောင်သည် ထိုသူ၏ ကိုယ်ခန္ဓာက ပိုင်ဆိုင်ထားသည့် မူလစွမ်းအားများ၏ သန့်စင်မှုကို ဖော်ပြပြီး အရေအတွက်မှာမူကား မူလစွမ်းအားများ၏ အင်အားနက်ရှိုင်းမှုကို ပြဆိုလေသည်။ စုဆင်းဟုခေါ်သော ကလေးငယ်သည် အဖြူရောင် အစက်အပြောက်မျှသာ ပေါ်ထွက်လာအောင် ပြုလုပ်နိုင်သောကြောင့် နတ်ဘုရားကိုယ်ထည် အဆင့်အနိမ့်ဆုံးဟု သိသာနေ၏။
"အဖြူရောင်ကြယ် ခြောက်ဆယ့်သုံးလုံး နတ်ဘုရားကိုယ်ထည် အဆင့်ခြောက် အလွှာ"
ခုံသမာဓိက ဆုံးဖြတ်လိုက်သည်။ စုဆင်းဟုခေါ်သော လူငယ်လေးသည် မသိမသာ ပြုံးပြီး ပြန်လည် လမ်းလျှောက်လာခဲ့၏။
"စုယွီ အဖြူရောင်ကြယ် ငါးဆယ့်ခြောက်လုံး နတ်ဘုရားကိုယ်ထည် အဆင့်ငါးအလွှာ"
"စုလင်းအာ အဖြူရောင်ကြယ် ခြောက်ဆယ့်တစ်လုံး နတ်ဘုရားကိုယ်ထည် အဆင့်ခြောက်အလွှာ"
ခုံသမာဓိ၏ အသံနှင့်အတူ စုမျိုးနွယ်စု၏ တတိယမျိုးဆက် ကလေးငယ်များသည် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားလိုက် ပြန်ဝင်လိုက်နှင့် ယှဉ်ပြိုင်နေကြ၏။ တစ်ချိန်တည်းမှာပင် မလွဲမရှောင်သာသော ဆွေးနွေးမှုများမှာလည်း အစပြုခဲ့ပေပြီ။
စုလင်းအာဟု ခေါ်သော မိန်းကလေးငယ်သည် လက်ခုပ်သြဘာသံများနှင့် အတူ စင်မြင့်ပေါ်မှ ဆင်းသွားလေ၏။ သူမသည် နတ်ဘုရားကိုယ်ထည် အဆင့်ခြောက် အလွှာမျှသာ ဖြစ်သော်လည်း တတိယမျိုးဆက် တစ်ဦးအနေနှင့်မူ ဂုဏ်ယူသင့်သော ကိစ္စမျိုးပင် ဖြစ်လေသည်။
ခုံသမာဓိ၏အော်သံ ထပ်မံ ပေါ်ထွက်လာပြန်သည်။ ဤတစ်ကြိမ် ယှဉ်ပြိုင်နေသူမှာ အခြားသူမဟုတ်။ စုခေါ့ကျိ၏ သားတော်မောင် စုချိန်းပင် ဖြစ်လေတော့သတည်း။
"စုချိန်း အဖြူရောင်ကြယ် ခုနှစ်ဆယ့်တစ်လုံး နတ်ဘုရားကိုယ်ထည် အဆင့် ခုနှစ်"
ပတ်ဝန်းကျင် တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်၏။ တစ်ခဲနက်နိုင်သော လက်ခုပ်သြဘာသံများ ပေါ်ပေါက်လာလေသည်။ စုချိန်းသည် စင်မြင့်ပေါ်တွင် တည်ငြိမ်စွာ ရပ်နေရင်း သူ့အား ချီးကျူးဂါရဝ ပြုသံများကို ဂုဏ်ယူစွာ လက်ခံနေသည်။ ဤအသက်အရွယ်တွင် နတ်ဘုရားကိုယ်ထည် အဆင့်ခုနှစ်သို့ ရောက်ရှိရန်မှာ မည်သူမျှ ကူညီနိုင်သည့် ကိစ္စမျိုး မဟုတ်ပေ။ ထို့ကြောင့် စုချိန်းအနေနှင့် ဂုဏ်ယူမည် ဆိုပါကလည်း ဂုဏ်ယူထိုက်ပေ၏။
စုချိန်းက ပရိတ်သတ်များအား ဖျတ်ခနဲ ဝေ့ကြည့်လိုက်သည်။ သူ၏ အကြည့်တွင် ဂုဏ်ယူဝင့်ကြွားခြင်း၊ ငါမှာငါဟု ယူဆခြင်း၊ ဂုဏ်မောက်ခြင်း၊ မာန်ထောင်ခြင်း စသည့် အဓိပ္ပာယ်မျိုးစုံ ပါဝင်နေ၏။ စုချိန်း၏ အကြည့်သည် စုချန်းဆီသို့ အရောက်တွင် ရပ်တန့်သွားသည်။ သူ့မျက်နှာပေါ်တွင် အထင်သေး အမြင်သေးသော အပြုံးတစ်မျိုး ပေါ်ပေါက်လာပြီး စင်မြင့်ပေါ်မှ ပြန်လည် ထွက်ခွာသွားလေသည်။
ကြိုတင်စီမံထားသော အစီအစဉ်ပေတည်း။ စုချိန်း ယှဉ်ပြိုင်ပြီးနောက်တွင် စုချန်း ယှဉ်ပြိုင်စေရန် စီမံထားခြင်း ပေတကား။ စုချန်းသည် စင်မြင့်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားရင်း မူလကျောက်တုံးရှေ့ အရောက် မတ်တတ်ရပ်လိုက်၏။ ထို့နောက် သူက ကျောက်တုံးပေါ်တွင် လက်တင်လိုက်လေသည်။ အဖြူရောင် ကြယ်ပုံသဏ္ဍန် အစက်အပြောက်များ ကျောက်တုံးကြီးပေါ်တွင် အရိပ်ထင်လာ၏။ ခုံသမာဓိက ၎င်းတို့ကို ရေတွက်ပြီး ပရိတ်သတ်များအားလုံး ကြားသာအောင် အောင်ဟစ် ပြောဆိုလိုက်သည်။
"အဖြူရောင်ကြယ် ရှစ်ဆယ်သုံးလုံး နတ်ဘုရားကိုယ်ထည် အဆင့်ရှစ်အလွှာ "
သူ့အတွက် မည်သည့် လက်ခုပ်သံမျှ ထွက်ပေါ်မလာ။ လူတိုင်းလူတိုင်းသည် ငြိမ်သက်စွာ ထိုင်ပြီး စုချန်းကို စိုက်ကြည့်နေကြလေသည်။ လူပေါင်းများစွာ၏ အကြည့်တွင် စိတ်ဝင်စားမှု၊ သနားကရုဏာသက်မှု၊ စာနာမှု၊ အထင်အမြင်သေးမှု၊ ကဲ့ရဲ့လှောင်ပြောင်မှု စသည့် အဓိပ္ပာယ်ပေါင်းမျိုးစုံ ရောစပ် ပါဝင်နေသည့်အပြင် မေးခွန်းများလည်း ပါဝင်နေ၏။ ထိုမေးခွန်းများမှာ "မင်း ဒီလောက်ထိ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တော့ကော ဘာများအသုံးဝင်လို့လဲ။ ဒီအားထုတ်မှုဟာ မင်းအတွက် ဘာများ အဓိပ္ပာယ် ရှိနေလို့လဲ။ ဒီတစ်ခါကော ပထမရဦးမယ်လို့ မင်းထင်နေတာလား။ မင်းဟာ တခြားလူတစ်ယောက်ရဲ့ လမ်းမှာ လာပိတ်ရပ်နေတာပဲ" ဟူ၍ပင် ဖြစ်သည်။
ဤနှစ်ပြိုင်ပွဲ၏ ပထမနေရာသည် စုချန်းအတွက် မဟုတ်။ သချာပေါက် စုချိန်းအတွက်သာ ဖြစ်ရမည်။ ဤသို့ဆိုလျှင် စုချန်းအတွက် သူတစ်ခါမျှ မလိုချင်ခဲ့သော၊ စိတ်ပျက်ဖွယ်ရာကောင်းသော ဒုတိယ၊ သို့မဟုတ် တတိယ နေရာများသာ ဖြစ်ဖွယ်ရှိသည်။ ထိုသို့မဟုတ်ပဲ မည်သည့် ဆုတံဆိပ်မျှ မချိတ်သည့် အဖြစ်မျိုးလည်း ဖြစ်ကောင်း ဖြစ်လာနိုင်သည်။ စောင့်ကြရပေအုံးမည်။ မလွဲမရှောင်သာသော အခြေအနေအရ စုချန်းသည် စုချိန်းတစ်ယောက်တည်း၏ တက်လမ်းကို ပိတ်ထားခြင်းမျိုး မဟုတ်တော့ပဲ စုမျိုးနွယ်စု တတိယမျိုးဆက် ကလေးများ အားလုံး၏ တက်လမ်းကို ပိတ်ထားသကဲ့သို့ ဖြစ်နေတော့သည်။