နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲ ၂
Vol. 2 Ch. 11
စွမ်းအားမွေးမြူမှု အကဲဖြတ်ပြိုင်ပွဲပြီးနောက်ဒုတိယပွဲစဉ်မှာ ခွန်အားကို စမ်းသပ်ခြင်းပင်ဖြစ်သည်။ စွမ်းအားမွေးမြူခြင်းသည်လူတယောက်၏ ခွန်အားအပေါ်တွင်တိုက်ရိုက်လွှမ်းမိုးနေသည်ဟု ဆိုနိုင်သော်လည်း ဤနေရာတွင်အခြား မတူညီသည့်ကွဲပြားခြားနားမှုများ ရှိနေသေး၏။
ယခုနှစ်ပြိုင်ပွဲတွင်လည်း စုချန်းသည်ယခင်နှစ်များကဲ့သို့ပင်ချွင်းချက်မရှိ ထိပ်ဆုံးတွင်နေရာယူထား၏။ စုချန်းသည်အဖြူရောင်ကြယ်ရှစ်ဆယ့်သုံးလုံး ရရှိ၍ စွမ်းအားမွေးမြူခြင်း အကဲဖြတ်ပြိုင်ပွဲ၌ နတ်ဘုရားကိုယ်ထည်အဆင့်ရှစ်ဟု သတ်မှတ်ခြင်း ခံရသော်လည်း ခွန်အားအကဲဖြတ်ခြင်းတွင်ကား မြင်းကိုးကောင်၏ ခွန်အား ရှိသည်ဟု သတ်မှတ်ခံလိုက်ရရာ ထိပ်ဆုံးနေရာသို့ အလိုအလျောက်ရောက်လာခဲ့ခြင်း ဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သည့်ကွဲပြားခြားနားမှုဆိုသည်မှာ ဤသည်ပင်ဖြစ်သည်။ သူသည်နတ်ဘုရားကိုယ်ထည်အဆင့်ရှစ်သာ ရှိသော်လည်း ခွန်အားအရာတွင်ကား မြင်းကိုးကောင်၏ ခွန်အားမျိုး ရှိနေသဖြင့်အလွှာပေါင်း တလွှာလုံးလုံး ခြားနားနေသည့်သဘောပင်။
ဤအချက်သည်လူတိုင်းကို ထိတ်လန့်စေရုံသာမက စုချိန်း၏ အမုန်းတရားကို ပိုမို နက်ရှိုင်းစေခဲ့လေသည်။ နောက်ဆုံး စိန်ခေါ်ပွဲတွင်စုချန်းကို အရှက်တကွဲ အကျိုးနည်းအောင်ပြုလုပ်မည်ဟု စုချိန်းတယောက်လေးလေးနက်နက်ကျိန်ဆိုလိုက်သည်။ သူသည်စုချန်းကို လွန်စွာ မုန်းတီးသွားခဲ့လေပြီတည်း။
နောက်ဆုံးတွင်ခုံသမာဓိက အကဲဖြတ်မှုများ အားလုံးကို စာရင်းချုပ်လိုက်၏။ ပထမရရှိသူမှာ မည်သူမည်ဝါမှန်း ထူးထူးခြားခြား မေးခွန်းထုတ်နေစရာ မလိုတော့။ စုချန်းပင်တည်း။ စုချိန်းမှာမူကား ဒုတိယသာ ရရှိခဲ့လေသည်။ အဆိုပါ ရလဒ်မှာ လူတိုင်း ကြိုတင်သိရှိပြီးသော ရလဒ်များ ဖြစ်ပေရာ မည်သူတဦးတယောက်မျှ ထူးထူးခြားခြား အံ့သြသင့်နေခြင်း မရှိ။ ပြိုင်ပွဲမှာ အဆုံးသတ်ခြင်း မရှိသေးရာ ပရိတ်သတ်များအားလုံး တိတ်တိတ်ဆိတ်ဆိတ်နှင့်ဆက်လက်စောင့်ကြည့်နေကြကုန်၏။ အတန်ကြာသော်ခုံသမာဓိက ကျယ်လောင်သော အသံနှင့်စကားပြောလိုက်သည်။
"ပြိုင်ပွဲရဲ့ ပြောင်းလဲထားတဲ့ စည်းမျဉ်းသစ်အရ ထိပ်ဆုံးသုံးယောက်ဟာ ပထမနေရာအတွက်စိမ်ခေါ်မှု ပြုလုပ်ရလိမ့်မယ်တကယ်လို့ လူနှစ်ယောက်ဟာ တချိန်တည်းမှာပဲ စိန်ခေါ်ခဲ့ရင်ထိပ်ဆုံးလူနဲ့ စိမ်ခေါ်ခွင့်ရဖို့အတွက်သူတို့အချင်းချင်း ပြန်ပြီး တိုက်ခိုက်ရလိမ့်မယ်သူတို့နှစ်ယောက်မှာ အနိုင်ရရှိသူသာလျင်ထိပ်ဆုံးသူနဲ့ ဆက်လက်ယှဉ်ပြိုင်ခွင့်ရလိမ့်မယ်ကဲ စုချိန်း စုတောင်း မင်းတို့နှစ်ယောက်နောက်ဆုံး ယှဉ်ပြိုင်ပွဲကို ဆက်သွားမလား"
စုတောင်းသည်အကြီးဆုံးပုဂ္ဂိုလ်စုချန်ချင်း၏ မြေးဖြစ်သည်။ ၎င်းသည်ခေါင်းညိတ်ခြင်း၊ ခေါင်းခါခြင်း မပြုလုပ်မီ စုချိန်းအား ဖြတ်ခနဲ စောင်းကြည့်လိုက်၏။ ထို့နောက်သူက ပြောလိုက်သည်။
"ကျွန်တော်ပြိုင်ပွဲက နှုတ်ထွက်လိုက်ပါပြီ ဆက်လက်ပြိုင်ပွဲ မဝင်တော့ပါဘူး ခင်ဗျာ"
စုတောင်းသည်လိမ္မာပါးနပ်သူ ဖြစ်သည်။ အကဲဖြတ်ပြိုင်ပွဲ၏ နောက်ဆုံး စိမ်ခေါ်မှုသည်စုချိန်းအတွက်သီးသန့်စီစဉ်ထားမှန်း ကောင်းကောင်း သဘောပေါက်လေရာ သူ့အနေနှင့်စုချိန်း၏လမ်းတွင်ဝင်ရပ်လိုစိတ်အနည်းငယ်မျှ မရှိချေ။ နောက်ဆုံး ပြိုင်ပွဲဝင်သုံးယောက်ရွေးထုတ်ထားခြင်းမှာ လူအမြင်ကောင်းစေရန်နှင့်စုချိန်းအတွက်သီးသန့်စီစဉ်ထားသော ပြိုင်ပွဲမဟုတ်ကြောင်း ပြသရန်သက်သက်သာ ဖြစ်၏။
စုတောင်း၏ နှုတ်ထွက်မှုကို ကြားသောအခါ စုချိန်းက ပြုံးလိုက်သည်။ ထို့နောက်သူက ဆုံးဖြတ်ချက်ကို အများသိအောင်ကြေညာလိုက်၏။
"ကျုပ်စုချိန်းအနေနဲ့ ပြိုင်ပွဲရဲ့ နောက်တဆင့်ကို ဆက်လက်ယှဉ်ပြိုင်ပါ့မယ်ခင်ဗျာ"
ပြောပြောဆိုဆို စုချိန်းက စင်မြင့်ပေါ်သို့ ခုန်တက်ရင်း စုချန်းကို စူးစိုက်ကြည့်ကာ ဝမ်းခေါင်းသံကြီးနှင့်အော်ဟစ်ငေါက်ငမ်းလိုက်လေသည်။
"ဟေ့ စုချန်း မင်း ငါနဲ့ ပြိုင်ဝံ့သလားကွ"
စုချိန်း၏ ကျယ်လောင်သော ဟိန်းဟောက်သံကြောင့်စုမျိုးနွယ်စုခြံဝင်းတခုလုံး ဖိန့်ဖိန့်တုန်သွားသကဲ့သို့ ထင်ရသည်။ သူ၏အသံမှာကား လူတိုင်း၏ နားထဲတွင်ပဲ့တင်ထပ်၍ ကျန်ခဲ့လေ၏။ စုချိန်းသည်သူ့မျိုးနွယ်စုဝင်အားလုံး၏ ရှေ့မှောက်တွင်ကြောက်မက်ဖွယ်ရာ ယုံကြည်မှုကို ပြသလိုက်လေပြီ။ စုချန်းတယောက်မှာကော မည်သို့နည်း။
စုချန်းသည်စုချိန်း၏ စကားကို တလုံးတပါဒမျှ တုံ့ပြန်ခြင်း မရှိပါ။ သူသည်စင်မြင့်အနီးသို့ တလှမ်းချင်း လျှောက်လာ၏။ သို့သော်သူသည်မျက်မမြင်တယောက်မျှသာ ဖြစ်လေရာ ရှေ့လမ်းခရီးကို မြင်နိုင်ခြင်း မရှိ။ ထို့ကြောင့်အတော်ပင်ကြိုးစား၍ လျှောက်လှမ်းနေရသည့်သဘောတွင်ရှိသည်။ သူသည်လှေကားထစ်များအတိုင်း စမ်းတဝါးဝါးနှင့်လှမ်းတက်နေရှာ၏။ အချိန်အတော်လေးကြာမှ သူ့ခမျာ စင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့လေသည်။
စုချိန်းသည်စုချန်းအား ရွံရှာမုန်းတီးစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်းဟာ ဘယ်တော့မှ အမှားအမှန်မသိနိုင်တဲ့ ကောင်စားမျိုးပဲ တကယ်တော့ မင်းဟာ ငါတို့ မျိုးနွယ်စုရဲ့ အရင်းအမြစ်တွေကို အလဟသ ဖြုန်းတီးနေရုံသာ မကဘူး ဒီအရင်းအမြစ်တွေ တခြားလူလက်ထဲ ရောက်သွားမှာက်ိုလည်း မနာလိုဝန်တို မလိုလား ဖြစ်နေတဲ့ကောင်ပဲ ခက်တာက ဒီအရင်းအမြစ်တွေကို ဘယ်လောက်ပဲ အသုံးပြုခွင့်ရရ မင်းဟာ မျက်မမြင်တယောက်ကလွဲပြီး ဘာမှ ထူးခြားမလာဘူး မင်းဟာ ကောက်ရိုးပုံစောင့်တဲ့ ခွေးပဲ မစားရတဲ့အမဲ သဲနဲ့ပက်ချင်တဲ့ ကောင်ငါဟာ အရင်တုန်းက မင်းကို သိပ်ပြီးတော့ သနားဂရုဏာ သက်ခဲ့တယ်ဒါပေမဲ့ ခုချိန်မှာတော့ မင်းကိုငါ အတော်လေး စိတ်ကုန်သွားပြီ"
စုချိန်း၏ စကားက ကြမ်းတမ်းလှသည်။ သို့သော်သူ့စကားသည်စုချန်းအား အနည်းငယ်မျှပင်ထိတ်လန့်တုန်လှုပ်စေပုံမရ။ စုချိန်း၏ စကား ဆုံးသွားသောအခါ စုချန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။ ထို့နောက်သူက တည်ကြည်လေးနက်သော လေသံနှင့်စုချိန်းကို တုံ့ပြန်ပြောဆိုလိုက်သည်။
"မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တဲ့အတွက်ငါတောင်းပန်ပါတယ်ကွာ ဒါပေမဲ့ ငါဟာ သူတပါး အသနားခံဖို့ မွေးဖွားလာတဲ့ ကောင်စားမျိုး မဟုတ်ဘူး လူတိုင်း အထင်ကြီးလေးစားခံဖို့ မွေးဖွားလာတဲ့ကောင်ကွ"
စုချိန်း၏ မျက်နှာ တခုလုံး မဲမှောင်သွား၏။
"ဒါဆိုလဲ သက်သေပြစမ်း"
ပြောပြောဆိုဆို သူက စုချန်း၏ မျက်နှာကို လက်သီးဖြင့်လှမ်းထိုးလိုက်၏။ တိုက်ပွဲကော စလေပြီ။ စုချိန်းသည်တိုက်ပွဲကို လက်သီးတချက်ဖြင့်စဖွင့်လိုက်ခြင်း ဖြစ်သည်။
စည်းမျဉ်းအသစ်ပြောင်းလဲလိုက်သော်လည်း သူတို့အတွက်မည်သည့်လက်နက်ကိုမျှ အသုံးပြုခွင့်မရှိ။ နှစ်ဖက်လုံး ၎င်း၏ လက်သီးများကိုသာ အားကိုးအားထားပြု၍ ထိုးသတ်ရမည်ဖြစ်သည်။ ထိုအခါ လက်နက်မဲ့တိုက်ပွဲဖြစ်နေ၍ ၎င်းတို့၏ လက်သီးထိုးချက်များသည်အားနည်းနေလိမ့်မည်၊ ပျင်းရိစရာ ကောင်းနေလိမ့်မည်ဟု ယူဆပါက မှားယွင်းသွားပေလိမ့်မည်။
စုချိန်းသည်နတ်ဘုရားကိုယ်ထည်အဆင့်ခုနှစ်အလွှာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်လေရာ မြင်းခုနှစ်ကောင်၏ ခွန်အားမျိုးကို ပိုင်ဆိုင်ခဲ့ပြီး ဖြစ်သည်။ တဖန်၎င်းသည်စုမျိုးနွယ်စု မူပိုင်မီးလျံကြားကကျားလက်သီး သိုင်းပညာကို လေ့ကျင့်ထားသူ ဖြစ်၏။ ထို့ကြောင့်သူ၏အဆင့်သည်ပြင်းထန်သော တိုက်ပွဲများတွင်ဝင်ရောက်တိုက်ခိုက်နိုင်သည့်အဆင့်အတန်းမျိုးသို့ မရောက်သေးဟု ဆိုနိုင်သော်ငြား တိုက်ခိုက်ပုံမှာကား မညံ့လှ။ အလွန်ရဲရင့်သော ဟန်ပန်ရှိပြီး ရက်စက်ကြမ်းကြုတ်လှ၏။ သာမာန်လူတယောက်သာဆိုလျင်ပထမ လက်သီးတချက်တည်းနှင့်လွင့်စင်သွားလောက်ပေသည်။ ၎င်းလက်သီးချက်နှင့်သာ ထိထိမိမိ အထိုးခံလိုက်ရလျင်အကြင်သူသည်မသေသည့်တိုင်အောင်သတိလစ်သွားမည်မှာ မုချပင်။ နတ်ဘုရားကိုယ်ထည်အဆင့်ရှစ်အလွှာအတွင်း ရောက်ရှိနေသော စုချန်းပင်လျင်စုချိန်း၏ ထိုးနှက်ချက်ကို ခံနိုင်လိမ့်မည်မဟုတ်။
ထို့ကြောင့်စုချိန်း၏ လက်သီးချက်ဝင်လာသည်နှင့်စုချန်းက နောက်သို့ ဆုတ်လိုက်၏။ သူ့အနေနှင့်စုချိန်းကို မမြင်နိုင်သော်လည်း ၎င်းသည်သူ့ရှေ့တည့်တည့်တွင်မတ်တပ်ရပ်နေကြောင်း သူကောင်းကောင်းကြီး သိရှိထား၏။ ထို့ကြောင့်၎င်း၏ လက်သီးချက်ကို နောက်ဆုတ်ရှောင်တိမ်းလိုက်ခြင်းသည်သာ အကောင်းဆုံးသော နည်းလမ်း ဖြစ်လေသည်။
စုချိန်း၏ လက်သီးချက်သည်လေဟာနယ်ကိုသာ ထိုးမိသွား၏။ သို့သော်သူက အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်း မရှိ။ နောက်ဆုတ်ရှောင်တိမ်းလိုက်သော စုချန်း၏ နောက်သို့ အရိပ်သဖွယ်လိုက်ပါသွားရင်ဘယ်ခြေကို ထုတ်ကာ ကန်ကျောက်လိုက်၏။ မျက်မမြင်တယောက်ကို ဤကဲ့သို့ တိုက်ခိုက်ပြီး အနိုင်ရခြင်းသည်မည်သို့မျှ ဂုဏ်ယူဖွယ်ရာ မရှိသော်လည်း စုချိန်းတယောက်လောဘဇောတိုက်နေလေပြီ။ ဂုဏ်သိက္ခာကို အမှုမထားနိုင်တော့။ စိမ်းလမ်းစိုပြေ ပန်းမြတ်မာလာအဆီသည်မုချ သူ့အတွက်သာ ဖြစ်စေရပေလိမ့်မည်။