စတုတ္ထမယ်တော်ယန့်ဝူရွှန်း
Vol. 2 Ch. 12
ယခုနှစ်၏ နွေဦးရာသီသည်အဆောတလျင်ပင်ကျရောက်လာ၏။ နံနက်ခင်း၏ နေခြည်နုအောက်ဝယ်ဝါရွှေရီပန်းမာလာများသည်အလုအယက်ဖူးပွင့်နေကြရာ မျိုးနွယ်စု ခြံဝင်းတခုလုံးတွင်း အဝါရောင်ပန်းပင်လယ်ကြီးပမာ ဖြစ်ပေါ်စေ၏။ ခြံဝင်းတခုလုံး သင်းသင်းထုံနေသော ပန်းရနံ့များဖြင့်မွှေးကြိုင်လန်းဆန်းနေပေရာ စုမျိုးနွယ်စု အိမ်တော်မဟာကြီးသည်မွှေးရနံ့ ပင်လယ်ကြီးအတွင်း နစ်မြုပ်နေသည်ဟုပင်ခံစားရလေသည်။
အကယ်၍ တစုံတယောက်ကသာ ခြံဝင်းတံခါးများကို ဖွင့်ကြည့်မိပါက ဖူးငုံပွင့်အာခါစ နီရဲရဲအပင်တပင်၏ အောက်တွင်မတ်တပ်ရပ်နေသော လူငယ်လေးတဦးကို မြင်တွေ့ရပေလိမ့်မည်။ ထိုလူငယ်မှာ စုချန်းပေတည်း။ စုချန်းသည်သစ်ပင်အောက်တွင်မတ်တပ်ရပ်ရင်း လေကို နက်ရှိုင်းစွာ ရှုသွင်းလိုက်၏။ သန့်ရှင်းလတ်ဆတ်လှသည့်လေ၊ လေနှင့်အတူပါလာသည့်မွှေးကြိုင်သင်းပျံ့နေသည့်ပန်းရနံ့များ။ သူ့စိတ်အာရုံသည်တမုဟုတ်ချင်း ကြည်လင်လန်းဆန်းလာသည်ဟု စုချန်း ခံစားလိုက်ရသည်။
အသင့်ဖျော်ထားသော လဖက်ရည်ခွက်ကို ကိုင်ထားရင်း စုချန်းက သစ်ပင်အောက်တွင်ထိုင်ချလိုက်၏။ သူ၏ လှုပ်ရှားမှုမှန်သမျှသည်အနည်းငယ်မျှ အင်အားစိုက်ထုတ်၍ လုပ်ကိုင်နေရဟန်မပေါ်ပဲ အလွန်တရာ သဘာဝကျ၏။ အလွန်တရာ ချောမွေ့၏။ အလွန်တရာ ညင်သာပျော့ပြောင်း၏။
ဤယနေ့သည်နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲ ကျင်းပခဲ့သော အချိန်ကာလမှ စ၍ ရေတွက်သော်နှစ်လမျှပင်ကြာမြင့်ခဲ့လေပြီ။ မမျှော်လင့်ပဲ စုချန်း၏ တန်ပြန်တိုက်ခိုက်မှုကြောင့်စုမျိုးနွယ်စုတခုလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။ စုခေါ့ကျိတယောက်ဒေါသထွက်လိုက်သည်မှာကား ပြောဖွယ်ရာပင်မရှိ။ သူ့ဒေါသကိုသာ တိုင်းတာကြည့်ပါက ၁၀မီတာ အမြင့်မျှပင်ရှိပေလိမ့်မည်။ သူ့ဒေါသလမ်းကြောင်းတလျှောက်တွင်ရှိနေသော အစေခံအတော်များများမှာ ဒုက္ခရောက်ကုန်ကြသည်ဟု တချို့က ပြောဆိုကြ၏။
စုချန်းသည်အကဲဖြတ်ပြိုင်ပွဲတွင်မယုံနိုင်ဖွယ်ရာ အနိုင်ရခဲ့၏။ သို့သော်ဖခင်ဖြစ်သူ၏ မျက်နှာသာပေးမှုကိုကား မရခဲ့ချေ။ ထို့အစား မကျေမနပ်ဖြစ်မှု၊ ပြစ်တင်မာန်မဲမှုတို့ကိုသာ စုပြုံရရှိခဲ့လေသည်။ စုချန်းအန်တွင်သူ၏ နောက်ဆုံးသားငယ်စုဟွားကို ရရှိခဲ့ပြီ ဖြစ်လေရာ သူ့အာရုံမှာ စုချန်းအပေါ်တွင်မရှိတော့ပဲ စုဟွားဆီသို့ စုပြုံရောက်ရှိသွားခဲ့လေပြီ။ ယခုတွင်ကား စုချန်းအန်သည်သူ၏ အချိန်အတော်များများကို သူ၏ စတုတ္တမယားနှင့်သာ ဖြုန်းတီးလေ့ရှိတော့သည်။
စုချန်း၏ မိခင်တန်ဟွားယွီနှင့်ဖခင်ဖြစ်သူ စုချန်းအန်တို့ကြားတွင်ကား အဆုံးမရှိနိုင်သော ရန်ပွဲများသာ ဆက်လက်ဖြစ်ပေါ်နေတော့သည်။ ရန်ဖြစ်တိုင်း ပြသနာ၏ အခြေခံမှာ မျက်မမြင်စုချန်းလေးသာ ဖြစ်နေတတ်၏။ ထို့နောက်တွင်ကား တန်ဟွားယွီသည်အချိန်ကြာလာသည်နှင့်စိတ်ကျရောဂါ စွဲကပ်လာ၏။ စိတ်ထောင်းလျင်ကိုယ်ကြေဆိုသကဲ့သို့ သူမတွင်ပြင်းထန်သော ရောဂါတမျိုး စွဲကပ်လာတော့သည်။ နောက်ပိုင်းတွင်သူမခမျာသည်လမ်းပင်ကောင်းကောင်း မလျှောက်နိုင်ရှာတော့။
ကံအားလျော်စွာ စုမျိုးနွယ်စုခေါင်းဆောင်သခင်ကြီးဘုရားသည်ကား ယခုတိုင်စုချန်းအပေါ် ချီးမွမ်းမဆုံး ရှိနေတုန်းပင်။ သို့သော်သူက ချီးမွမ်းလေလေ စုချန်းအဖို့ကား နောင်တရလေလေပင်။
ဤသို့ ဖြစ်ရခြင်းမှာ ပြိုင်ပွဲတွင်အနိုင်ရရှိခဲ့သည့်ညနေခင်းက သခင်ကြီးဘုရား မိန့်ကြားခဲ့သည့်စကားတခွန်းကြောင့်ပင်။ ထိုနေ့ ညနေခင်းက မျိုးနွယ်စုခေါင်းဆောင်သည်စုချန်းအား ခေါ်ယူ၍ ဦးခေါင်းကို ငြင်သာစွာ ပွတ်သပ်ကာ အောက်ပါအတိုင်း ပြောဆိုခဲ့၏။
"မင်းဟာ ဘာမှ ပြောစရာမရှိလောက်အောင်သိပ်ကိုတော်လွန်းတဲ့ ကလေးပဲ ဒါပေမဲ့ နှမြောစရာကောင်းတာက သူမတူအောင်ထူးချွန်ထက်မြက်လွန်းတာဟာ သူမတူအောင်ညံ့ဖျင်းတာနဲ့ အတူတူပဲ သိပ်မကောင်းဘူးကွဲ ဘာကြောင့်လဲဆိုတော့ သိပ်မာလွန်းတဲ့အရာဟာ အလွယ်တကူနဲ့ ကျိုးပဲ့စေနိုင်လို့ပဲ"
သူမတူအောင်ထူးချွန်ထက်မြက်ခြင်းသည်သူမတူအောင်ညံ့ဖျင်းခြင်းနှင့်သ်ိပ်မကွဲပြားလှ။ အဘယ်ကြောင့်ဆိုသော်အလွန်မာသောအရာသည်အလွယ်တကူနှင့်ကျိုးပဲ့စေနိုင်သောကြောင့်ပင်။ အထက်ပါ စကားစုသည်မျိုးနွယ်စု ခေါင်းဆောင်ကြီး၏ သဘောထားကို ထင်ဟပ်မိစေ၏။ ထို့နောက်သခင်ကြီးဘုရားသည်မည်သူတဦးတယောက်မျှ စုချန်းကို တားမြစ်ခြင်း၊ ထောက်ပံ့ခြင်း မရှိရန်နှင့်စုချန်း သဘောအတိုင်း အလိုရှိရာကို လုပ်ဆောင်ခွင့်ရှိကြောင်း အမိန့်တမျိုး ထုတ်ပြန်လိုက်၏။
ထိုနေ့ထိုအချိန်မှစ၍ စုချန်းဟူသော မျက်မမြင်ကလေးငယ်သည်သိုးအဖြူများကြားတွင်တကောင်တည်း ထီးထီး ဖြစ်နေသော သိုးမဲတကောင်၏ ဘဝသို့ ရောက်ရှိသွားလေတော့သည်။ သူ့အား မည်သူမျှ ဆေးဖော်ကျောဖက်မလုပ်ကြတော့။ စုချန်း၏ ဘဝသည်တနေ့တခြား အထီးကျန်ဆန်လာ၏။
နှစ်လတာကလအတွင်းတွင်အချိန်သည်တဖြည်းဖြည်း ကုန်ဆုံးသွား၏။ စုချန်း၏ ဘဝမှာကား မည်သည့်ပြောင်းလဲမှုမျိုးမျှ မရှိပဲ အထီးကျန်ဆန်နေဆဲသာတည်း။ သို့သော်ကံဟူသည်မှာ အမြဲတမ်း ဆိုးနေတတ်သည်တော့ မဟုတ်။ ထိုကာလအတွင်း စုချန်းအတွက်ကံကောင်းမှုတချို့တော့ ရှိနေခဲ့၏။ စုချန်း၏ မျက်လုံးများသည်လျင်လျင်မြန်မြန်ပင်သက်သာလာခြင်း ဖြစ်သည်။
မူလက သူသည်အလင်းရောင်တချို့ကို မြင်ရ၏။ ယခုတွင်ကား အရာဝတ္တုတချို့ကို အရိပ်အဖြစ်ဝိုးတဝါး မြင်ရစပြုပြီ။ မည်သို့ဆိုစေ သူသည်ယခင်ကဲ့သို့ မျက်ကန်းတယောက်မဟုတ်တော့ချေ။ ထိုအခါ စုချန်းတယောက်ပြန်လည်စိတ်ဓာတ်တက်ကြွလာပြန်သည်။ မျိုးနွယ်စုတစုလုံးက လျစ်လျူရှုထားသော သူ့ဘဝလမ်းကြောင်းကို ပြန်လည်သုံးသပ်စပြုလာ၏။
_______________×××______________×××____________×××______________×××____________×××_________
စုချန်းသည်သစ်ပင်နီလေးအောက်တွင်ထိုင်ရင်း လဖက်ရည်ကို တစိမ့်စိမ့်နှင့်သောက်နေ၏။ ထိုအခိုက်မှာပင်အစေခံ ကျန်စင်းတယောက်ရောက်ရှိလာပြီး
"သခင်လေး စတုတ္ထကြင်ယာတော်က သခင်လေးကို သူနဲ့ ခနလာတွေ့ဖို့ အခေါ်လွှတ်လိုက်ပါတယ်ခင်ဗျာ"
ဟု ပြောလိုက်၏။ စုချန်းက မည်သည့်ခံစားချက်မျှ မရှိသည့်ပုံစံနှင့်ပြန်လည်မေးမြန်းလိုက်သည်။
"စတုတ္ထကြင်ယာတော်က ကျွန်တော့ကို တွေ့ချင်တယ်ဟုတ်လားဗျ"
စတုတ္ထကြင်ယာတော်၊ တနည်းအားဖြင့်စုချန်းအန်၏ လေးဦးမြောက်မယားငယ်ယန့်ဝူရွှန်းသည်မျိုးနွယ်မြင့်လှသူ မဟုတ်ချေ။ နွေဦးလဂေဟာဟု အမည်ရသော နာမည်ကြီး ပြည့်တန်ဆာအိမ်မှ ပျော်တော်ဆက်တဦးမျှသာ ဖြစ်သည်။ အနှီ အမျိုသမီး စုမျိုးနွယ်စုသို့ ဝင်ရောက်ခဲ့ချိန်မှစ၍ စုချန်းအဖို့ နှစ်ကြိ်မ်သာ တွေ့ဖူးသေး၏။ ၎င်းနှစ်ကြိမ်မှာပင်မျိုးနွယ်စု ပွဲလမ်းသဘင်များတွင်မလွဲသာ မရှောင်သာ၍ တွေ့ရသည့်သဘောဖြစ်သည်။ ထိုအချိန်မှအပ စုချန်းအဖို့ သူမနှင့်ပတ်သက်စရာအကြောင်း အနည်းငယ်မျှပင်မရှိလှ။
ထို့ပြင်စုချန်းသည်သူမနှင့်ပတ်သက်သော ကောလဟလတချို့ကိုလည်း လျှို့ဝှက်စွာ ကြားသိထား၏။ အများသူငှာ ပြောကြသည်မှာ ထိုအမျိုးသမီးသည်ညဏ်ပညာ ထက်မြက်၏။ အကင်းပါး၏။ ဖြတ်ထိုးညဏ်ကောင်း၏။ စုမျိုးနွယ်စုအတွင်း နောက်ဆုံးမှ ရောက်ရှိလာသူ ဖြစ်သော်ငြား သူမသည်အချိန်တိုအတွင်းတွင်ကျောက်စိမ်းစုပေါင်းလမ်း၏ စီးပွားရေးလုပ်ငန်းဟူသမျှကို လက်ဝါးကြီးအုပ်ထားနိုင်ခဲ့ပြီ ဟူ၏။
ကျောက်စိမ်းစုပေါင်းလမ်းဟူသည်မြောက်ပိုင်းမြို့တော်၏ အထင်ကရ စီးပွားရေး လမ်းမကြီး ဖြစ်သည်။ အဆိုပါလမ်းတွင်စုမျိုးနွယ်စုအနေနှင့်ကုန်စုံဆိုင်ကြီး လေးဆိုင်အထိ ပိုင်ဆိုင်ထားပြီး ထိုဆိုင်များ၏ ကြီးကြပ်ရေးမှုးမှာ စုချန်းအန်ပင်ဖြစ်သည်။ ယခုတွင်ကား အဆိုပါ ဆိုင်ကြီးလေးဆိုင်လုံးသည်ယန့်ဝူရွှန်း၏ အမိန့်အောက်ဝယ်လည်ပတ်နေခဲ့လေပြီ။ အဆိုပါ လက်လွတ်စပယ်ပြုလုပ်မှုနှင့်ပတ်သက်၍ တန်ဟွားယွီနှင့်စုချန်းအန်တို့ကြားတွင်ကြီးမားသော ပဋိပက္ခများ ရှိခဲ့ပြီး တန်ဟွားယွီသည်လည်း အကြီးအကျယ်စိတ်ဆိုးခဲ့၏။ သို့သော်မည်သည့်ပြောင်းလဲမှုမျိုးမှ ဖြစ်ပေါ်မလာခဲ့ပေ။
ဟွားယွီအဖို့ ပို၍ စိတ်တိုစရာကောင်းသည်မှာ အဆိုပါ ဆိုင်များသည်မည်သည့်ပြသနာ၊ မည်သည့်အမှားအယွင်းမျိုးမှ ကြုံတွေ့ခဲ့ရသည်ဟူ၍ မရှိပဲ ယန့်ဝူရွှန်း၏ အုပ်ချုပ်မှုအောက်ဝယ်ကောင်းမွန်စွာ လည်ပတ်နိုင်ခဲ့၏။ ထိုကာလတွင်သူတို့သည်ကြီးမာသော အရောင်းအဝယ်တချို့ကိုပင်ပြုလုပ်နိုင်ခဲ့ကြပြီး ဝေဖန်ကဲ့ရဲ့သူ၊ ပြစ်တင်ပြောဆိုသူ၊ မနာလိုသူများ၏ ပါးစပ်တို့ကို ဆွံ့အစေခဲ့လေသည်။
ဤသည်ကိုကြည့်ယုံနှင့်ယန့်ဝူရွှန်းသည်ပေါ့သေးသေး မိန်းမမဟုတ်ကြောင်း သိသာနေ၏။ ထို့အတူ သူမကို စုချန်းအန်က အလွန်တရာ အလိုလိုက်အကြိုက်ဆောင်ခဲ့သည်မှာလည်း တကယ်တန်း စေ့စေ့ပေါက်ပေါက်တွေးကြည့်လျင်အထူးတလည်အံ့သြသင့်စရာ မဟုတ်တော့။ အဘယ်ကြောင့်ဆိုသော်သူမသည်အလွန်လှပပြီး စီးပွားရေးကျွမ်းကျင်သည့်အပြင်အပြောချို၏။ အပိုဆုအဖြစ်သားတယောက်ပင်မွေးထားသေးသည်မဟုတ်ပါလား။
အနှီအမျိုးသမီးသည်ရုပ်ချောသော်လည်း စီးပွားရေးလုပ်ကိုင်ရာတွင်ကား ရုပ်ရည်နှင့်မလိုက်အောင်ပြတ်သားကာ ရက်စက်လှ၏။ ဆိုင်များကို စတင်အုပ်ချုပ်သည်ကမှ မကြာသေး၊ ကုန်စုံဆိုင်လေးဆိုင်အနက်တဆိုင်မှ အုပ်ချုပ်သုတဦးနှင့်သက်ကြီးဝါကြီး ဝန်ထမ်းသုံးဦးကို သူမက အလုပ်ဖြုတ်ပစ်လိုက်၏။ အကြောင်းပြချက်မှာ သူမအား ရိုသေလေးစားမှု မရှိသောကြောင့်ဟူ၍ ဖြစ်သည်။ ထိုလူများသည်စုမျိုးနွယ်စုအတွက်နှစ်ပေါင်းနှစ်ဆယ်ခန့်အလုပ်အကျွေးပြုခဲ့သော သက်တမ်းရင့်သစ္စာရှိ ဝန်ထမ်းများ ဖြစ်သော်လည်း နောက်မှပေါက်သော ရွှေကြာပင်ကို မလေးမစားလုပ်သည်ဟူသော အကြောင်းပြချက်ကြောင့်အလုပ်ပြုတ်ကြရရှာသည်။
ဤမျှဆိုလျင်ယန့်ဝူရွှန်းဟူသော အမျိုးသမီးသည်မည်သို့သော အမျိုးသမီးဖြစ်ကြောင်း စာရှုသူများ သိလောက်ပေပြီ။ ယခု ထိုအမျိုးသမီးက စုချန်းကို လာရောက်တွေ့ဆုံရန်ခွင့်တောင်းနေ၏။ အဘယ်ကြောင့်ပေနည်း။ စုချန်းတယောက်မည်သို့မျှ နားမလည်နိုင်တော့။ ခေတ္တမျှ စဉ်းစားတွေးတောပြီး စုချန်းက လက်ခံတွေ့ဆုံရန်ဆုံးဖြတ်လိုက်၏။ ထို့နောက်သူက အစေခံအား ပြောလိုက်သည်။
"ကောင်းပြီလေ ခနနစောင့်ပေးပါလို့ ပြောလိုက်ပါဗျာ ကျွန်တော်လာခဲ့ပါ့မယ်"