← Chapters

ရှေးဟောင်းပစ္စည်းများအား လေ့လာခြင်း

Vol. 2 Ch. 14

ရှေးဟောင်းပစ္စည်းများအား လေ့လာခြင်း

Vol. 2 Ch. 14

မျက်မမြင်တယောက်က ရှေးဟောင်းပစ္စည်းများအား မည်သို့မည်ပုံ အကဲဖြတ်ရမည်နည်းဆိုသည့်ရာဖြတ်ပညာကို လေ့လာလိုကြောင်း ကြားရသည်မှာ ဟာသတပုဒ်အား ကြားရသည်နှင့်မခြား အလွန်ရယ်ဖွယ်ရာ ကောင်းနေ၏။ သို့သာ်စုချန်း၏ အမူအရာက ဟာသလုပ်နေသည်နှင့်မတူပဲ လေသံကလည်း လေးနက်လှသည်။ အတည်ပေါက်ပြောနေဟန်တူသော စုချန်း၏ အမူအရာကို မြင်ရသောအခါ တန်ကျင်းက သက်ပြင်းတချက်ကို ရှည်လျားစွာ ချလိုက်၏။ ထို့နောက်သူက ဖြည်းဖြည်းမှန်မှန်နှင့်တလုံးချင်း ပြောဆိုလိုက်သည်။

"သခင်လေးအနေနဲ့ ရာဖြတ်ပညာကို လေ့လာမယ်ဆိုရင်အင်မတန်ပြင်းပြတဲ့ဆန္ဒတော့ ရှိဖို့လိုတယ်သဘာဝကျကျ ပြောရမယ်ဆိုရင်ဒီပညာက ကျွမ်းကျင်မှု အများကြီးလိုတယ်ဒီကျွမ်းကျင်မှုကို ရဖို့အတွက်ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ နည်းလမ်းကျတော့ အလွန်ရှုပ်ထွေးပြီး အရင်းခံ အကြောင်းတရားတွေ အများကြီး ရှိနေတယ်ဗျ တခါတလေကျရင်ဒီစီးပွားရေးကို နှစ်ရှည်လများ လုပ်ကိုင်နေကြတဲ့ လူအိုလူဟောင်းဝါရင့်သမ္ဘာရင့်ကြီးတွေတောင်အကဲဖြတ်တဲ့နေရာမှာ မှန်မှန်ကန်ကန်အကဲမဖြတ်နိုင်ပဲ သတိမမူဂူမမြင်တဲ့ အခါမျိုးတွေ ရှိတတ်တယ်"

တန်ကျင်းက သတိမမူဂူမမြင်ဟူသော စကားလုံးကို သုံးစွဲလိုက်သောအချိန်တွင်သူလေသံသည်အလွန်တရာ လေးနက်လာ၏။ တန်ကျင်း၏ စကားကိုကြားသောအခါ စုချန်းက ပြန်လည်ပြောဆိုလိုက်သည်။

"အုပ်ချုပ်ရေးမှုးကြီးရဲ့ ဆိုလိုရင်းကို ကျုပ်နားလည်ပါတယ်ဗျာ မျက်လုံးမြင်ပြီး သမ္ဘာရင့်နေတဲ့ လူတွေတောင်ရာဖြတ်တဲ့နေရာမှာ အမှားအယွင်းတွေ ရှိနေတယ်ဆိုတော့ ကျွန်တော့လို မျက်မမြင်တယောက်က ဒီပညာကို သင်ယူဖို့ အင်မတန်ခက်တယ်လို့ ဆိုလိုတာမလား ကျွန်တော့ရဲ့ ခံစားချက်ကို ထောက်ထားစာနာလို့သာ ဥပါယ်တံတမျဉ်နဲ့ ပြောဆိုလိုက်တာလို့ ကျွန်တော်သဘောပေါက်မိတယ်ဟုတ်ရဲ့လားခင်ဗျာ"

အဖိုးကြီးတန်ကျင်းက ရှက်ကိုးရှက်ကန်းနှင့်ရယ်မောရင်း စုချန်း၏ စကားကို ပြန်လည်တုံ့ပြန်လိုက်သည်။

"သခင်လေးခင်ဗျာ ကျွန်တော့ရဲ့စကားက တဲ့တ်ိုးကြီး ဆန်သွားပြီး သခင်လေးကို အရိုအသေတန်သလို ဖြစ်သွားတဲ့အတွက်ခွင့်လွှတ်ပေးပါ ဒါပေမဲ့ ဆိုလိုရင်းကတော့ ဒီအတိုင်းပါပဲ ခင်ဗျာ"

အဖိုးကြီးတန်ကျင်း၏ စကားကို ကြားသောအခါ စုချန်းက ရယ်မောလိုက်သည်။

"အုပ်ချုပ်ရေးမှုးကြီး ခုလို ပွင့်ပွင့်လင်းလင်းရှိတာ အင်မတန်ကောင်းပါတယ်ဗျာ ဒီလုပ်ငန်းကို လုပ်ဆောင်ဖို့ ကျွန်တော့ရဲ့မျက်လုံးက ကန့်သတ်ချက်ဖြစ်နေတယ်ဆိုတာ ကျွန်တော်သိထားပြီးသားပါ ရာဖြတ်ပညာကို သင်ယူဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ ကိစ္စကြီး ဖြစ်နေမယ်ဆိုတာကိုလည်း ကျွန်တော်မျှော်လင့်ထားပြီးသားပါ ဒါပေမဲ့ တနေ့မှာ ကျွန်တော့ရဲ့ မျက်လုံးတွေ ပြန်ကောင်းလာမယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်ထားတယ်ဗျ ခုဒီပညာကို သင်ကြားမယ်ဆိုတာ အဲဒီအချိန်ကျရင်အဆင်သင့်ဖြစ်နေအောင်ကြိုတင်ပြင်ဆင်တဲ့ သဘောပဲ အများပြောသလို ကျွန်တော့မျက်လုံးတွေ ပြန်ကောင်းမလာဘူး ဒီမှာ ကျွန်တော်ကောင်းကောင်း မသင်ယူနိုင်ခဲ့ဘူးဆိုရင်တောင်ဒါက အုပ်ချုပ်ရေးမှုးကြီးတို့နဲ့ မဆိုင်သေးဘူး ဒါ့အပြင်ကျွန်တော်ဟာ ဒီဆိုင်ရဲ့ ရှေးဟောင်းပစ္စည်း ရောင်းဝယ်တဲ့ ကိစ္စတွေကို ဝင်စွက်မှာ မဟုတ်ဘူး အုပ်ချုပ်ရေးမှုးကြီးတို့အနေနဲ့ ကိုယ့်အလုပ်ကိုယ်အာရုံစိုက်ပြီး ဖြောင့်ဖြောင့်တန်းတန်း လုပ်လို့ရပါတယ်ကျွန်တော်ဒီကိုလာတဲ့ အဓိက ရည်ရွယ်ချက်ကိုက လေ့လာသင်ယူဖို့ပဲဗျ"

အထက်ပါ စကားများကို ကြားသောအခါ တန်ကျင်းက သက်ပြင်းချရင်း ပြောလိုက်သည်။

"သခင်လေးက ဒီလို သဘောထားတယ်ဆိုတော့ ဘာပြသနာမှ မရှိလောက်တော့ပါဘူးလေ"

စုချန်းက

"ဒီလိုဆိုရင်အရာအားလုံးဟာ အုပ်ချုပ်ရေးမှုးကြီးအပေါ်မှာ မူတည်သွားပြီ ကဲ ကျွန်တော်တို့ ဘယ်က စကြမလဲဗျ"

စုချန်းသည်ဖျတ်လတ်တက်ကြွသော လူငယ်တယောက်မှန်း သိသာသော်လည်း အနည်းငယ်မျှပင်မစောင့်နိုင်တော့ပဲ ချက်ချင်း လေ့လာသင်ယူလိုသည်အထိ စိတ်အားထက်သန်နေလိမ့်မည်ဟုတော့ တန်ကျင်း မျှော်လင့်မထားချေ။ သူက ခေတ္တမျှ စဉ်းစားတွေးတောရင်း စုချန်းကို ပြောလိုက်သည်။

"ကျွန်တော်တို့ ကျောက်စိမ်းနန်းတော်ကနေပဲ စကြရင်မကောင်းဘူးလား သခင်လေး..သခင်လေးဟာ မိသားစုပိုင်အရောင်းဆိုင်ထဲကို ရောက်နေပြီဆိုတော့ ဒီဆိုင်ထဲမှာရှိတဲ့ အခြေအနေအရပ်ရပ်ကို နားလည်သဘောပေါက်ထားတော့ ပိုကောင်းတာပေါ့ ခင်ဗျာ"

စုချန်းက ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ ခင်ဗျာ"

အဖိုးကြီးတန်ကျင်းက ခေါင်းညိတ်ရင်း စကားစသည်။

"စစ်မှန်သော ကျောက်စိမ်းနန်းတော်မှာ ရောင်းအားအကောင်းဆုံး ပစ္စည်းတွေက အလင်းနတ်ဘုရားမင်းဆက်က ဆင်းသက်လာတဲ့ ရှေးဟောင်းပစ္စည်းတချို့ပဲ သခင်လေးရဲ့ တခါတလေကျပြန်တော့လဲ အလွန်တရာ ရှေးကျလှတဲ့ ပစ္စည်းမျိုးတွေကို ရရှိတတ်တယ်ဒါပေမဲ့ အဲလို ပစ္စည်းမျိုးတွေကျရင်တော့ ကျွန်တော်တို့ အနေနဲ့ အတော်လေး သတိထားပြီး ဆန်းစစ်ရတယ်ထိုးထွင်းညဏ်ကိုသုံးပြီး ပိုင်းဖြတ်ရတယ်တကယ်လို့ ဒီပစ္စည်းအကြောင်းကို သေသေချာချာ မသိဘူးဆိုပြီး ပေါ့ပေါ့တန်တန်သဘောထားလို့ မရဘူးခင်ဗျ ကဲကဲ သခင်လေး ကျွန်တော့နောက်လိုက်ခဲ့ပါခင်ဗျာ ကျွန်တော်တို့ ဝယ်ယူထားတဲ့ တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းတချို့ကို ကျွန်တော်လိုက်ပြပါ့မယ်သခင်လေးဟာ မမြင်နိုင်ဘူးဆိုပေမဲ့ ကြားနိုင်တယ်ထိတွေ့နိုင်တယ်အနံ့ခံနိုင်တယ်ဒီအာရုံတွေကို ဘယ်လို အသုံးပြုရမလဲဆိုတာ ကျွန်တော်က သခင်လေးကို ပြောပြပါ့မယ်"

သူပြောသည့်အတိုင်းပင်တန်ကျင်းသည်ရှေးဟောင်းကျောက်စိမ်းတမျိုးကို စုချန်း၏ လက်အတွင်းသို့ ထည့်ပေးပြီး ဆုပ်ကိုင်စေ၏။ ၎င်းသည်သူ့လက်ထဲတွင်နွေးထွေးနေ၏။ ခမ်းနားကြီးကျယ်သော အရှိန်အဝါတမျိုး သူ့လက်ကို လွှမ်းခြုံလာကြောင်း စုချန်း ခံစားလိုက်ရလေသည်။ တန်ကျင်းက ရှင်းပြလိုက်သည်။

"ဒါဟာ အိပ်နေတဲ့နွားတကောင်ရဲ့ပုံကို အရောင်သုံးမျိုးနဲ့ စီခြယ်ထားတဲ့ ရှေးဟောင်းကျောက်စိမ်းတမျိုးပဲ သူ့မှာ အပြာ၊ အနီ၊ အဝါဆိုပြီး အရောင်သုံးမျိုး ပါဝင်တယ်ကွဲ့ ဒီပစ္စည်းဟာ အလင်းနတ်ဘုရားမင်းဆက်ဘုရင်ကြီး ပိုင်လက်ထက်ပြည်နယ်ကိုးခုရဲ့ တရားသူကြီးချုပ်ဝမ်ချီ ပိုင်ဆိုင်တဲ့ ပစ္စည်းပဲ ဒီပစ္စည်းရဲ့ကျောဘက်မှာ သူ့နာမည်ကို ရေးထွင်ထားတာ တွေ့ရတယ်သခင်လေးအနေနဲ့ လက်ဖဝါးတွေကို အသုံးပြုပြီး စမ်းသပ်ကြည့်ရင်တွေ့နိုင်ပါလိမ့်မယ်ဝမ်ချီဆိုတဲ့ပုဂ္ဂိုလ်က ဘုရင်ကြီးကိုယ်တော်တိုင်လေးစားခံရတဲ့ ပဂ္ဂိုလ်ပဲ သူ့ကို ဘုရင်ကြီးက ပြည်နယ်ကိုးခုကို အုပ်ချုပ်ဖို့ တာဝန်ပေးအပ်ခဲ့တဲ့နောက်မှ မရေမတွက်နိုင်တဲ့ မတရားမှုများစွာကို ဖြေရှင်းနိုင်ခဲ့တယ်လို့ ဆိုရိုးရှိတယ်သူဟာ အဲဒီခေတ်အမှောင်ကာလမှာ ကြုံတောင်ကြုံခဲ စိတ်တည်ငြိမ်ပြီး အင်မတန် သဘောထား လေးနက်တဲ့ လူစားမျိုးပဲ ဒီကျောက်စိမ်းဟာ ဝမ်ချီရဲ့လက်ထဲမှာ နှစ်ပေါင်းများစွာ ကြာခဲ့တဲ့နောက်မှာ သူ့ရဲ့ မှန်ကန်ဖြောင့်မတ်တဲ့ စိတ်ဓာတ်စွမ်းအင်တွေ ပူးကပ်ခိုဝင်လာခဲ့တယ်ဒါကြောင့်ဒီသုံးရောင်ခြယ်ကျောက်စိမ်းကိုဆောင်ထားရင်ကံကြမ္မာဆိုးတွေကို ရှောင်လွဲနိုင်မယ်နတ်ဆိုးတွေကို မောင်းထုတ်နိုင်မယ်လို ယုံကြည်ကြတယ်သခင်လေးရဲ့"

ရှေးကျသော အသုံးအဆောင်ပစ္စည်းတို့တွင်အလွန်ထူးဆန်းသော အစွမ်းသတ္တိမျိုး ရှိနေတတ်၏။ ကျောက်စိမ်းနန်းတော်၏ အရောင်းအဝယ်စာရင်းတွင်ပါဝင်ရန်အတွက်အနှီ သုံးရောင်ခြယ်ကျောက်စိမ်းတွင်လည်း ထူးခြားသော အစွမ်းသတ္တိ တမျိုးမျိုး အနည်းနှင့်အများဆိုသလို ရှိနေလိမ့်မည်သာ။ သို့သော်ဤပစ္စည်း၏ နတ်ဆိုးများကို မောင်းထုတ်နိုင်သော စွမ်းရည်မှာ ယေဘုယျမျှသာ ဖြစ်ပြီး သာမာနတ်ဆိုးများကိုသာ မောင်းထုတ်ရန်တတ်စွမ်းနိုင်၏။ ကြမ်းတမ်းပြီး ပရိယာယ်မာယာများလှသော နတ်ဆိုများကို မောင်းထုတ်ရန်မှာကား မစွမ်းသာလှ။ မည်သို့ဆိုစေ သာမာန်လူများအတွက်မူကား သုံးရောင်ခြယ်ကျောက်စိမ်း၏ စွမ်းရည်သည်အံ့သြသင့်လောက်စရာ ဖြစ်နေအုံးမည်သာ။

ရှေးဟောင်းကျောက်စိမ်းကို မိတ်ဆက်ပြီးသည်နှင့်တန်ကျင်းက စုချန်းအား ကောင်တာတခုသို့ ခေါ်ဆောင်သွား၏။ ထို့နောက်အဖိုးအိုက စာအုပ်တအုပ်ကို လက်ညိုးထိုးပြရင်း ပြောလိုက်သည်။

"ဒီစာအုပ်ဟာဆိုရင်အာကင်နစ်လူမျိုးတွေ ပိုင်ဆိုင်တဲ့ စာအုပ်ပဲ အာကင်နစ်လူမျိုးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးထောင်ကာလတုန်းက အလွန်တရာ အင်အားကြီးမားခဲ့တဲ့ လူမျိုးစုတွေပဲ သခင်လေးရဲ့ သူတို့ဟာ မယုံနိုင်စရာကောင်းတဲ့ ဆန်းသစ်တီထွင်မှုပေါင်းများစွာကို ပြုလုပ်ခဲ့ကြတယ်အင်မတန်ကြီးကျယ်တဲ့ တည်ဆောက်မှုတွေနဲ့ အံ့သြဘနန်း ဆန်းသစ်တီထွင်မှုဟာ အဲဒီလူမျိုးတွေဆီကနေ ဆင်းသက်လာတယ်လို့ အဆိုရှိတယ်နှမြောစရာကောင်းတာက တည်ဆောက်မှု အများစုဟာ အဲဒီကာလမှာကတည်းက ပျက်စီးသွားခဲ့တာပဲ"

All Chapters